အရည်အသွေးမြင့် စားစရာမျိုးစေ့
Vol. 3 Ch. 45
အသားလုံးလေးသည် အမှန်ပင် တွေဝေနေသည့်အတွက် သူသည် သူမလေးအား အလွန်အမင်း အလောသုံးဆယ် မလုပ်စေချင်ခဲ့ပေ။ သူမအား သက်သောင့်သက်သာ မရှိပဲ ပျော်ရွှင်စရာ မကောင်းသည့် ဘဝမျိုး မရောက်စေချင်၍သာ ဖြစ်သည်။
အားယွီလေး အသက်တစ်နှစ်ခန့် ပိုကြီးလာလျှင် သူ့စကားများအား ပိုမို၍ နားလည်နိုင်မည်ဟု သူ တွေးလိုက်မိလေသည်။
အားယွီလေးသည် အဆင့်မြှင့်တင်ခြင်း ဆိုသည်မှာ မည်သည်ကို ဆိလိုသည်အား မသိသဖြင့် သူမ ကြဲချထားသည့် မျိုးစေ့များအား တစ်စေ့ချင်း သေသေချာချာ အနီးကပ်၍ လေ့လာကြည့်ရှုရန် အသားလုံးလေးမှ ပြောလိုက်ခြင်း ဖြစ်သည်။
[ကြည့် မျိုးစေ့တစ်ခုက နည်းနည်း တောက်ပနေတယ် အဲဒါက အဆင့်မြင့်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ]
အားယွီလေးသည် အလျင်အမြန် ထိုင်ချပြီး လိုက်ကြည့်လိုက်လေသည်။ သူမ မျိုးစေ့များကို ကြည့်လိုက်သည်။ မကြာမီ အချိန်မှာပင် တောက်ပနေသော ပဲစေ့ တစ်စေ့အား တွေ့လိုက်ရသည်။
"ဝိုး"
အားယွီလေး၏ ဘယ်ဘက်မျက်လုံးသည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့ကာ ညာဘက်မျက်လုံးသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမ၏ အသက်ရှူသံပင် ပိုမို၍ ပေါ့ပါးသွားသကဲ့သို့ ဖြစ်နေခဲ့သည်။
မျိုးစေ့က တောက်ပနေတယ်.....
"ဒါက ဘာဖြစ်လာမှာလဲ"
အားယွီလေးသည် ပဲစေ့လေး၏ ရှေ့တွင် ထိုင်ချလိုက်သည်။ သူမ ကိုင်ကြည့်ချင်သော်လည်း အလင်းရောင် ပျောက်သွားမည်အား ကြောက်လန့်နေသဖြင့် ပဲစေ့၏ ပတ်လည်တွင် လှည့်ပတ်ကြည့်နေရုံမျှသာ တတ်နိုင်လေသည်။
[အဆင့်မမြင့်သေးဘူး စိတ်ဝိညာဉ်စမ်းရေ ထပ်လောင်းပေးလိုက်ဦး]
အားယွီလေးသည် အသားလုံးမှ ပြောသည့်အတိုင်း လုပ်ပေးလိုက်ပြီးနောက် စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့သည်။ ပဲစေ့မှ ထွက်ပေါ်လာသော အလင်းရောင် အနည်းငယ် ပိုမို၍ အားကောင်းလာခဲ့ကာ ထိပ်ပိုင်းသည် ဖြည်းဖြည်းချင်း အက်ကွဲလာခဲ့သည်။
"အာ"
အားယွီလေး ထိတ်လန့်သွားခဲ့သည်။ သူမလေးသည် ပဲစေ့အား နှမြောတသစွာ ကြည့်ပြီးနောက် အသားလုံးလေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူမ အလွန်အမင်း စိုးရိမ်ပူပန်နေလေသည်။
"ကွဲသွားပြီ"
[မဟုတ်ဘူး အညှောက်ပေါက်တော့မှာ]
သန့်စင်သော စိတ်ဝိညာဉ်စမ်းရေ၏ အကျိုးကျေးဇူးကြောင့် ပဲမျိုးစေ့သည် အထူး လျင်မြန်စွာ ကြီးထွားလာခဲ့လေသည်။ ထို့အပြင် ၎င်းသည် အဆင့်မြှင့်တင်နေဆဲ ဖြစ်သည်။ ဆယ်မိနစ်မပြည့်မီ အတွင်းရှိ အစိမ်းရောင် အဖူးအညှောင့်များအား မြင်တွေ့လိုက်ရသည်။
အားယွီလေးသည် အညှောက်ပေါက်နေသည့် ပဲစေ့အား စောင့်ကြည့်ချင်နေသည့်တိုင်အောင် အပြင်ဘက်တွင် သူမအား ခေါ်နေသူ ရှိကြောင်း အသားလုံးလေးမှ အလျင်အမြန် သတိပေးလိုက်သဖြင့် နေရာလွတ်ထဲမှ မလိုလားဘဲ ထွက်ခွာလိုက်ရတော့သည်။
သူမ၏ အသိစိတ် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်နှင့် တပြိုင်နက် မျက်လုံးဖွင့်ကြည့်လိုက်ရာ လျိုရှီသည် ကုတင်ရှေ့တွင် ပြုံးလျက် ရပ်နေသည်အား တွေ့လိုက်ရသည်။
"ဒေါ်လေးက အရသာရှိတဲ့ ရစ်ငှက်သား ချက်ထားတယ် ထတော့"
လျိုရှီမှ ပြောရင်း အားယွီလေး၏ ဘေးတွင် ရှိသည့် ကုတ်အင်္ကျီအသေးစားလေးအား သွားယူလိုက်တော့သည်။ အဒေါ်မာသည် အထည်ညှပ်ပြီးနောက် အစအနများသာ ကျန်တော့လေသည်။ သူမသည် အားယွီလေးအတွက် ကုတ်အင်္ကျီတစ်ထည် အရင် ချုပ်ပေးလိုက်ခြင်း ဖြစ်သည်။
ကလေးအတွက် ကုတ်အင်္ကျီသည် ချုပ်ရလွယ်ကူ ရိုးရှင်းကာ ၁၅ မိနစ်မပြည့်မီ ချုပ်ပြီးသွားခဲ့သည်။ သို့သော် ၎င်းသည် အရောင်တစ်ရောင်တည်းသာ ဖြစ်ပြီး ပုံစံများစွာ မပါရှိပေ။
သူမသည် သေးငယ်လှကာ သူမ၏ လက်မောင်းလေးများအား အင်္ကျီထဲသို့ ထိုးထည့်လိုက်သည်။ သူမအတွက် အနေတော်ပင် ဖြစ်သည်။ သူမလေးသည် ဤကုတ်အင်္ကျီအသစ်အား အလွန်နှစ်သက်လေသည်။
လျိုရှီသည် အားယွီလေးအား အဝတ်အစားနှင့် ဖိနပ်များ ဝတ်ပေးရသည်ကို နှစ်သက်သဖြင့် အားယွီလေး ကုတင်ပေါ်တွင် လိမ္မာစွာ ထိုင်နေခဲ့ပြီး ခြေထောက်လေးများအား တွဲလောင်းချကာ ညင်သာစွာ လှုပ်ရမ်းနေခဲ့သည်။
"မေမေ ~"
အားယွီလေးမှ ပြုံးပြပြီးနောက် ခေါ်လိုက်လေသည်။
"ဟင်"
လျိုရှီသည် သူမလေးအား ဖိနပ်စီးပေးပြီးနောက် အဝတ်အစားများ သပ်ရပ်အောင် ကူညီပေးလိုက်သည်။
"မေမေ သမီး မေမေစားဖို့အတွက် အရသာရှိတဲ့ အစားအစာတွေ အများကြီး စိုက်ပေးချင်တယ်"
အားယွီလေးမှ ပြောလိုက်သည်။ လျိုရှီ သည် ရယ်စရာကောင်းသည်ဟု ထင်သော်လည်း ကောင်မလေး၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာလေးအား မြင်သောအခါ သူမလေး၏ စိတ်အားထက်သန်မှုအား မဖျက်ဆီးလိုချေ။ သူမ နှာခေါင်းလေးအား ညင်သာစွာ ကုတ်ခြစ်ပေးလိုက်ပြီးနောက် ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီ မေမေ စောင့်နေမယ်"
အားယွီလေး ပို၍ပင် ပျော်ရွှင်သွားခဲ့သည်။ သူမသည် ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ကာ လျိုရှီ၏ ပေါင်အား ဖက်လိုက်သည်။
"မေမေ ချီ ..."
လျိုရှီသည် သူမလေးအား ပွေ့ချီလိုက်ကာ ခန်းမဆောင်ထဲသို့ ခေါ်သွားခဲ့သည်။ ဝမ်မိသားစုမှ အမျိုးသမီးများသည် ချက်ပြုတ်ရာတွင် အလွန် တော်ကြသည်။ သူတို့အားလုံးကို အဘွားအိုဝမ်မှ အခြေခံကျကျ သင်ပေးထားခြင်း ဖြစ်သည်။ ဟင်းခတ်အမွှေးအကြိုင် သိပ်မရှိလျှင်ပင် သူတို့သည် အရသာရှိသည့် အစားအစာများအား ဖန်တီးနိုင်ပေသည်။
အဘွားအိုဝမ်၏ အဆိုအရ ဝမ်မိသားစုသည် မူလကတည်းမှ ကောင်းကောင်း မစားခဲ့ရပေ။ အစားအသောက်ကသာ အရသာမရှိလျှင် ဒုက္ခပေါ် ဒုက္ခဆင့်သလို ဖြစ်ရာ ရောက်မည် ဖြစ်သည်။
အဘွားအိုဝမ်သည် ရစ်ငှက် သုံးကောင်လုံးအား မစားရက်သော်လည်း ရစ်ငှက်များသည် တောရိုင်းတိရစ္ဆာန်များ ဖြစ်သည်။ ထို့အပြင် ဖမ်းမိပြီးနောက် အစာငတ်ခံ ဆန္ဒပြကြကာ သုံးရက်မပြည့်မီ သေဆုံးသွားတတ်ကြသည်။
ထို့ကြောင့် အဘွားအိုဝမ်မှ ရစ်ငှက် နှစ်ကောင်အား သတ်ခိုင်းလိုက်လေသည်။ အဒေါ်ဖန်၏ ဟင်းချက်လက်ရာသည် ကောင်းမွန်လှကာ ဟင်းပွဲနှစ်ပွဲ ဖန်တီးလိုက်တော့သည်။ တစ်ပွဲမှာ ရစ်ငှက်သား အစပ် ဖြစ်ကာ နောက်တစ်ပွဲမှာ တောမှိုနှင့် ပြုတ်ထားသည့် ရစ်ငှက်သားစွပ်ပြုတ် ဖြစ်လေသည်။ အားလုံးသည် အလွန် အရသာရှိလှသည်။
ထို့အပြင် ငှက်ပျောဖူးများကိုလည်း ခူးဆွတ်ကာ ကြော်ထားသေးသည်။
ရစ်ငှက်သားဟင်း အစပ်သည် စားချင်စဖွယ် ကောင်းလှကာ အလွန် ခံတွင်းမြိန်စေသည်။ အကြိမ် အနည်းငယ် စားပြီးနောက် စပ်လွန်းသဖြင့် တံတွေး နှပ်နှင့် မျက်ရည်များ ကျလာခဲ့တော့သည်။ သို့သော် ဝမ်မိသားစုသည် ကျေနပ်အားရသည်ဟု ပြောနေကြဆဲပင် ဖြစ်သည်။
ဝမ်မိသားစု၏ မြေးများသည် မီးဖိုချောင်သို့ အကြိမ်ကြိမ် ပြေးကာ သစ်သားရေမှုတ်ဖြင့် ရေသောက်နေကြသည်။ ဝမ်ဝူလန်သည် သစ်သားရေမှုတ်ဖြင့် ရေသောက်ပြီး မလုံလောက်ဟု ခံစားရသေးသဖြင့် သူသည် သစ်သားရေမှုတ်အား အားယွီလေးထံ ယူလာပြီးနောက် အလွန်ရိုသေသော လေသံဖြင့် ပြောလိုက်လေသည်။
"ညီမလေး အားယွီ ကိုကို့ ကို ရေတစ်မှုတ်လောက် ပေးပါ နင် ယူလာတဲ့ ရေက ချိုတယ်"
အားယွီလေးသည် အဘွားအိုဝမ်ဘေးတွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပန်းကန်လုံးထဲတွင် ဟင်းသီးဟင်းရွက် ပေါက်စီနှင့် ရစ်ငှက်သားစွပ်ပြုတ် ရှိနေလေသည်။ စပ်လွန်းမည်အား စိုးရိမ်ကြသဖြင့် သူမလေးအား ရစ်ငှက်သား အစပ်အား မထည့်ပေးထားကြချေ။
အားယွီလေးသည် ချက်ပြုတ်ထားသည့် ရစ်ငှက်ခြေထောက်အား ဝါးနေခဲ့သည်။ ဝမ်ဝူလန်၏ စကားအား ကြားချိန်တွင် သူမလေးသည် ရစ်ငှက် ခြေထောက်အား ချလိုက်ကာ သစ်သားရေမှုတ်အား ယူရန် ပြင်လိုက်စဉ် အဘွားအိုဝမ်မှ လုယူလိုက်လေတော့သည်။
"နင် အဲ့လောက် ကျွမ်းကျင်နေရင် ဘာလို့ နင့် ညီမလေးကို ရေလာ ခပ်ခိုင်းနေရတာလဲ နင်က ညီမလေးကို ခွံ့ကျွေးခိုင်းချင်နေတာလား"
အဘွားအိုဝမ်သည် လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်ကာ ဝမ်ဝူလန်အား တွန်းထုတ်လိုက်လေတော့သည်။ သူမသည် အထင်သေးစွာ ပြောဆိုလိုက်သည်။
"နင် မစားနိုင်ရင် မစားနဲ့လေ နင့်မျက်လုံးတွေ ရောင်နေပြီ"
ထိုသို့ ပြောဆိုပြီးနောက် သူမသည် ရေမှုတ်အား ဝမ်ချွမ်းယွမ်၏ ရှေ့သို့ ပစ်ချလိုက်ရာ သူသည် ထိတ်လန့်သွားသောကြောင့် ပါးစပ်ထဲမှ ရစ်ငှက်ရိုးသည် လည်ချောင်းထဲ ဝင်လုနီးပါး ဖြစ်သွားခဲ့ကာ သီးသွားလေတော့သည်။
"နင့်သားကို ကြည့်ထားဦး"
အဘွားအိုဝမ်မှ ဒေါသတကြီး ပြောလိုက်လေသည်။ ဝမ်ချွမ်းယွမ်သည် အလွန် နစ်နာသည်ဟု ခံစားလိုက်ရသည်။ သူသည် တိတ်တဆိတ် အေးချမ်းစွာဖြင့် ထမင်းစားနေရုံသာ ဖြစ်သည်။ သူ မည်သူ့အား စော်ကားမိလိုက်လေသနည်း။
သူသည် ဖခင်ဖြစ်သူအား လှည့်ကြည့်လိုက်မိသည်။ အဘိုးအိုဝမ်သည် မမြင်ချင်ယောင် ဆောင်နေခဲ့လေသည်။ သူသည် ခေါင်းငုံ့လျှက် ပန်းကန်ပြားထဲမှ ရစ်ငှက်သား တစ်တုံးအား ယူကာ စကားတစ်ခွန်းမှ မပြောဘဲ အဘွားအိုဝမ်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်လေသည်။
စဉ်းစားနေခြင်း မရှိပဲ အဘွားအိုဝမ်သည်လည်း ပန်းကန်လုံးထဲမှ အသားအား ယူကာ အားယွီလေး၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်လေတော့သည်။
သူမ၏ စူးရှသော မျက်လုံးများဖြင့် ဝေ့ဝဲ ကြည့်လိုက်လေရာ အမျိုးသမီးများသည် အသား သိပ်မယူကြသည်ကို သတိပြုမိလိုက်လေသည်။ သူတို့သည် ငရုတ်သီး သို့မဟုတ် တောမှိုရိုင်းများကိုသာ စားနေကြသည်။ သူတို့ ရစ်ငှက်ပေါင်းရည် ပန်းကန် တစ်ဝက်လောက်တောင် ထည့်မသောက်ရက်ကြပေ။
"နင်တို့ ဘယ်သူ့အတွက် လုပ်ပြနေတာလဲ မသိတဲ့သူတွေက ငါ့ကို ယောက္ခမဆိုးကြီးလို့ ထင်သွားကြလိမ့်မယ် အိမ်မှာ ငါကကျ အသားစားပြီး ချွေးမတွေကို ဟင်းသီးဟင်းရွက်ပဲ ကျွေးတယ်ပေါ့လေ"
အမျိုးသမီးများ ထိတ်လန့်သွားကြကာ ရှင်းပြချင်ကြသော်လည်း အဘွားအိုဝမ်မှ ဆက်ပြောသည်ကို ကြားလိုက်ရသည်။
"အသားရှိရင် အသားစား ဟင်းသီးဟင်းရွက်ရှိရင် ဟင်းသီးဟင်းရွက်စား ကိုယ့်ကိုယ်ကိုယ် အောက်ကျခံပြီး မလုပ်ကြနဲ့ ဟိုလူ့အတွက် ဒီလူ့အတွက် ချန်ထားဖို့လည်း မစဉ်းစားကြနဲ့"
. . .
"နေ့တိုင်း ရစ်ငှက်သား စားရတာမှ မဟုတ်တာ သူများတွေအတွက် ချန်ထားပေးချင်နေတာလား လုပ်လေ နောက်တစ်ခါ ထပ်ရရင် မချက်တော့ဘူး လွှတ်ပေးလိုက်မယ် ကုသိုလ်တောင် ရသေးတယ်"
"နင်တို့ အဝတ်အစားတွေကိုလည်း သူများအတွက် ပေးပြီးပြီ အခု အသားတောင် မစားကြတော့ဘူးလား သူတို့က အရမ်းကိုမှ သြဇာအာဏာရှိနေရင်တော့ နင်တို့ရဲ့ သခင် ဖြစ်လာလိမ့်မယ်"
အမျိုးသမီးများ - ". . ."
ကောင်လေးများ - ". . ."
အဘိုးအိုဝမ် - ". . ."
သူ့လက်ထဲမှ အသားသည် ရုတ်တရက် အရသာ မရှိတော့သကဲ့သို့ ဖြစ်သွားတော့သည်။ အိမ်ထဲမှနေ၍ အဒေါ်ကျန်းသည် ထိုစကားအား ကြားချိန်တွင် သူမ အော်ပြောလိုက်လေသည်။
"အမေ ကျွန်မ စားနိုင်တယ် ကျွန်မ စားနိုင်တယ် ကျွန်မကို ပေး"
သူမ ကြက်ပေါင်းရည် တစ်ပန်းကန်နှင့် ရစ်ငှက်သားပြုတ် အနည်းငယ်သာ ရရှိကာ အခြားသော ဟင်းများသည် ဟင်းသီးဟင်းရွက်များသာ ဖြစ်သည်။ သူမ ပိုစားချင်မိလေသည်။
(ရစ်ငှက်သား အစပ်ချက်ရယ် ရစ်ငှက်ပြုတ်ရည်ရယ် လို့ အစပိုင်းမှာပြောပြီးတော့ ကြက်သားက ဘယ်ကနေ ပါလာလဲတော့ မသိဖူး မူရင်းအတိုင်း ပြန်ထား လိုက်တာပါနော်)
"နင်က ဝက်လေ စားနိုင်တာပေါ့"
အဘွားအိုဝမ်မှ သူမအား လုံးဝ မျက်နှာသာ မပေးခဲ့ချေ။
အဒေါ်ကျန်း - ". . ."
နောက်ဆုံးတွင် အမျိုးသမီး သုံးဦးသည်လည်း အသားအနည်းငယ်အား စတိအနေဖြင့်သာ ယူလိုက်ကြကာ အများကြီး မစားရက်ကြပေ။
မိသားစုသည် ရစ်ငှက်သား နှစ်ပန်းကန်အား ပြောင်စင်အောင် စားလိုက်ကြလေတော့သည်။ နောက်ဆုံးတွင် ပန်းကန်ပြားများပေါ်၌ ငရုတ်ကောင်းစေ့ ပုံတစ်ပုံသာ ကျန်ရှိခဲ့တော့သည်။
. . .
ညစာစားပြီးနောက် လူတိုင်းသည် ဆေးကြောသန့်စင်ကာ အနားယူကြတော့သည်။ အဘွားအိုဝမ် အိမ်ထဲသို့ ဝင်သွားပြီးနောက် တံခါးပိတ်လိုက်လေသည်။ သူမသည် အဘိုးအိုဝမ်အား မေးလိုက်သည်။
"ငှက်ပျောပင်အောက်မှာ ကျွန်မ ထားခဲ့တဲ့ မစင်ပုံးကို ဘယ်သူ ယူသွားတာလဲ"
အဘိုးအိုဝမ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
"မစင်ပုံး ဟုတ်လား စတုတ္ထသား ဖြစ်မယ် ဒီမနက် သူ လယ်ထဲဆင်းတော့ မစင်ပုံး သယ်သွားတာ နေမှာပေါ့"
"အထဲက ရေရော"
"ဘာရေ ရှိလို့လဲ"
အဘိုးအိုဝမ် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ သူသည် ယနေ့ လယ်ထဲ မဆင်းဘဲ ဝါးခြံစည်းရိုး ယက်ကာ ပြင်ဆင်နေခဲ့သည်။ သူ မည်ကဲ့သို့ အများကြီး သိနိုင်မည်နည်း။
"ထားလိုက်တော့ ရှင့်ကို အားကိုးလို့ မရမှန်း ကျွန်မသိပါတယ်"
အဘွားအိုဝမ်သည် မနက်ဖြန် မနက်ကျလျှင် ဝမ်ချွမ်းမန်အား မေးရန် စီစဉ်ထားလိုက်သည်။ ထို သားငတုံးသည် ဉာဏ်မကောင်းလှပေ။ သူမ ရေအား သွန်ပစ်လိုက်နိုင်ပေသည်။ သူမ အိမ်ကနေ၍ ခွာလို့ မရနိုင်ချေ။ သူမ အိမ်ကနေ ခွာလိုက်သည်နှင့် တပြိုင်နက် ပြဿနာ တစ်ခုခု သေချာပေါက် တက်တော့သည်။
အဘိုးအိုဝမ် - ". . ."
‘ပြောချင်ရင် ပြောလေ တခြားသူတွေကို ဆဲတာတော့ မင်းအမှားပဲ’
အဘိုးအိုဝမ် ဒေါသထွက်သွားခဲ့ကာ အိမ်ထောင်ဦးစီးသည် မည်သူ ဖြစ်သည်အား ပြရန်အတွက် ဤအဘွားကြီးအား လစ်လျူရှုထားရန် ဆုံးဖြတ်လိုက်လေသည်။
"ရှင် အိပ်ရာမဝင်တော့ဘူးလား"
"လာပြီ လာပြီ"
အဘိုးအိုဝမ်သည် စောင်အောက်သို့ အလျင်အမြန် ဝင်လိုက်လေသည်။ အားယွီလေးသည် ဝမ်ချွမ်းမန် လျိုရှီတို့နှင့်အတူ မိုးလင်းသည်အထိ အိပ်စက်နေခဲ့သည်။
အသားလုံးလေးသည် သူမအား နှိုးကာ နေရာလွတ်ထဲတွင် အလုပ်မခိုင်းရက်ချေ။ မနက်ခင်း သူမ အလိုအလျောက် နိုးလာမှသာလျှင် နေရာလွတ်ထဲသို့ ဝင်ကြည့်ခိုင်းမည် ဖြစ်သည်။
[ကလေးလေး မနေ့က ပဲအဆင့်မြှင့်တင်တာ ပြီးသွားပြီ အထဲမှာ အရည်အသွေးမြင့် မျိုးစေ့အသစ် တစ်ခု စိုက်ထားတယ် အဘွားဆီ နည်းနည်း ယူသွားလိုက်]
အားယွီလေးသည် မူလတွင် အိပ်ချင်မူးတူး ဖြစ်နေခဲ့သေးသည်။ ထိုစကားအား ကြားလိုက်သောအခါ သူမသည် အိပ်ချင်စိတ် ပျောက်သွားခဲ့ကာ သူမ၏ အသိစိတ်အား နေရာလွတ်ထဲသို့ တိုက်ရိုက် နှစ်မြှုပ်လိုက်လေတော့သည်။
သူမ၏ ရှေ့မှ မြင်ကွင်းအား မြင်လိုက်ရသောအခါ အားယွီလေးမှာ မှင်သက် အံ့သြသွားခဲ့သည်။