အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
အခန်း(၄၃၆) ၆မျိုးသောအရောင်
ရှောက်ရွှမ်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားပါသည်။ သို့သော် ကျိကျွီရောက်လာသောအခါ ရှောက်ရွှမ်သည် အိပ်ရာမှ နိုးလာပါသည်။
အရင်တုန်းက လာရောက်သူများဆိုလျှင် စိတ်တွေလှုပ်ရှားပြီး ဂဏှာမငြိမ်ဖြစ်လေ့ရှိကြပါသည်။ ရှောက်ရွှမ်လို အိပ်ပျော်သွားသူကတော့ ရှားရှားပါးပါးပင် ဖြစ်သည်။
သူနှစ်ပေါင်းများစွာ လိုချင်လာခဲ့သော အဖြေကို ရပြီးသောအခါ၊ ကျိကျွီသည် စိတ်ကောင်းဝင်နေပါသည်။ ကျိကျွီ သည် ပြုံးလိုက်ပြီး “အိပ်မက်မက်နေတာလား” ဟုမေးလိုက်ပါသည်။
“ကျွန်တော် ဆန်ပြုတ်ပြုတ်နေတာပါ” ရှောက်ရွှမ်ကပြောလိုက်ပါသည်။ ခြံထဲတွင် အပင်များဆီမှ မွှေးပျံ့သော ရနံ့များထွက်နေပြီး၊ သာသာယာယာ
ရှိပါသည်။ ရှောက်ရွှမ်သည် အိပ်မက်ထဲတွင် ဆန်အဖြူများနှင့် ဆန်ပြုတ်ပြုတ်နေခြင်း ဖြစ်ပါသည်။
မဟုတ်သေးပါ…။
“အဖြူရောင်ဆန်လား…အဖြူရောင်ဆန်ပြုတ်လား” ရှောက်ရွှမ်တွေးလိုက်မိပါသည်။
အိပ်မက်ထဲမှ ဆန်စေ့သည် ဝိုင်းစက်နေကြောင်းမှတ်မိလိုက်သည်။ သူတို့မျိုးနွယ်စု စိုက်ပျိုးခဲ့သော ခရမ်းရောင်သီးနှံများနှင့် အနည်းငယ်တူပါသည်။
ကျိကျွီသည် ထိုင်လိုက်ပြီး၊ ရေတစ်ခွက်ကို ငှဲ့လိုက်ပါသည်။ ထို့နောက် “ဘာတွေ တွေးမိလို့လဲ” ဟုရှောက်ရွှမ်ကို မေးလိုက်ပါသည်။
“အိပ်မက်ထဲက ဆန်ပြုတ်အိုးအကြောင်းကို ပြန်တွေးနေတာပါ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
ကျိကျွီသည် ပျော်ရွှင်နေသဖြင့်၊ ရှောက်ရွှမ်၏ စကားကို အတည်မယူပါ။ ရှောက်ရွှမ်သည် ဗိုက်ဆာနေသောကြောင့် ထိုသို့ပြောနေခြင်း ဖြစ်မည်ဟု ကျိကျွီက ထင်သွားသည်။ စားစရာများနေရာအနှံ့တွင် ရှိနေသောကြောင့်၊ ဆန်အကြောင်းအိပ်မက် မက်သည်မှာ မထူးဆန်းပါ။
“မင်းပြောမှ၊ ငါသတိရတယ်…နှစ်ပေါင်းများစွာ ငါမဖြေဆိုနိုင်တဲ့ မေးခွန်းတစ်ခုရှိတယ်…ငါတို့ ဘိုးဘေးတွေရဲ့မှတ်တမ်းတွေထဲမှာ ထောင်ချီရွှေကောက်ပဲသီးနှံအကြောင်း ပါတယ်…ထောင်ချီရွှေကောက်ပဲသီးနှံ စိုက်ပျိုးနည်းကို အဲဒီမှတ်တမ်းတွေထဲက ရလာတာ”
ထောင်ချီရွှေကောက်ပဲသီးနှံစိုက်ပျိုးနည်းကို သိချင်သဖြင့်၊ ကျိကျွီသည် ကျိမိသားစု၏ မှတ်တမ်းစာအုပ်များကို လေ့လာခဲ့သည်။ ကျိမိသားစုဝင်များက ထိုသီးနှံကို “ ထောင်ချီရွှေကောက်ပဲသီးနှံဟု မခေါ်ဘဲ “ရွှေကောက်ပဲသီးနှံ”ဟုသာ ခေါ်ကြ
သည်။ ကျိကျွီသည် အချိန်ကုန်ခံပြီး အပင်စိုက်ပျိုးနည်းကို လေ့လာခဲ့သည်။ ထို့နောက် စိုက်ပျိုးနည်းများကို ထပ်မံအဆင့်မြှင့်ခဲ့သည်။ မြေဩဇာဖော်စပ်နည်းကိုလည်း ပြောင်းလဲပစ်ပြီး၊ သူ့ကိုယ်ပိုင်မြေဩဇာကို ဖန်တီးနိုင်ခဲ့သည်။
သို့သော် မှတ်တမ်းများထဲတွင် “ရွှေ၏ အရောင်ငါးမျိုး”ဟု ဖော်ပြထားပါသည်။ သို့သော် မှတ်တမ်းသည် မပြည့်စုံသဖြင့်၊ ကျိကျွီသည် ပြီးအောင် မဖတ်လိုက်ရပါ။ သူသည် ရွှေ၏အရောင်ငါးမျိုးဆိုသော စာကြောင်းကို အခုထိနားမလည်ပါ။ ရှောက်ရွှမ်က ပြောလိုက်မှ နားလည်သွားခြင်း ဖြစ်သည်။
“ထောင်ချီရွှေကောက်ပဲသီးနှံ” ဆိုတဲ့ စကားမှာပါတဲ့ ရွှေဆိုတာ အရောင်တစ်ရောင်ထဲကို ဆိုလိုတာ မဟုတ်ဘူး” ကျိကျွီက ရှင်းပြနေပါသည်။ “စိုက်တဲ့ နေရာရယ်၊ စိုက်တဲ့လူအပေါ်ရယ်မူတည်ပြီးတော့ ရွှေရဲ့အရောင်ငါးမျိုးက တမျိုးစီပြောင်းနေတယ်…စိုက်တဲ့နေရာ…စိုက်တဲ့လူ…စိုက်တဲ့နည်းလမ်းတွေ မတူရင် အရောင်တွေလည်း တူတော့
မှာ မဟုတ်ဘူး…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ စိုက်တာ ခရမ်းရောင်ဖြစ်ပေမယ့် ငါ့စိုက်ခင်းတွေကတော့ ခရမ်းရောင်ထွက်ချင်မှ ထွက်လိမ့်မယ်”
“စိုက်တဲ့မြေနဲ့ လူပေါ်မူတည်ပြီး ပြောင်းလဲတယ် ဟုတ်လား…ဒါဆို အာနိသင်တွေလည်း မတူတော့ဘူးပေါ့” ရှောက်ရွှမ်က မေးလိုက်သည်။
“မဆိုးဘူး” ကျိကျွီက ခဏရပ်လိုက်ပြီး ဆက်ပြောသည် “အရောင်တွေမတူတဲ့အတွက် အာနိသင်တွေလည်း တူတော့မှာမဟုတ်ဘူး…ငါ့အမြင်ပြောရရင် မင်းတို့မျိုးနွယ်စုစိုက်တဲ့ အပင်တွေကို ငါတို့တောင်ကုန်းပေါ်မှတွေ့ခဲ့တဲ့ မူရင်းအပင်တွေနဲ့ တူတော့မှာ မဟုတ်ဘူး…မင်းတို့မျိုးနွယ်စုက စိုက်တဲ့အတွက် မင်းတို့မျိုးနွယ်စုနဲ့ကိုက်ညီအောင် ပြောင်းလဲသွားလိမ့်မယ်”
“ဒါပေမဲ့ မင်းတို့မျိုးနွယ်စုက ရွာက စွန့်ခွာသွားဖြစ်တယ်ဆိုပါတော့…နှစ်၁၀၀၀ကြာသွားလည်း အဲဒီအပင်က သေမှာမဟုတ်ဘူး…အချိန်တွေကြာ
တာနဲ့ အမျှ ပြောင်းလဲနေတဲ့ အပင်တွေက မူရင်းအပင်တွေလို ပြန်ဖြစ်သွားမှာပဲ” ကျိကျွီက ရွှေအိုရောင်သီးနှံများကို ရှောက်ရွှမ်အား ပြလိုက်သည်။
“အခုလို ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှောက်ရွှမ်က လေးနက်စွာ ပြောလိုက်သည်။
“မင်းတို့ရဲ့ ခရမ်းရောင်သီးနှံတွေကို သေချာဂရုစိုက်ပါ…တစ်ချိန်ချိန်မှာတော့ တန်ဖိုးရှိလာမှာ ကျိန်းသေတယ်…ဒီလောကကြီးမှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းတရားတွေ ရှိတယ်…ထောင်ချီရွှေကောက်ပဲသီးနှံ အရောင်၅မျိုးရှိတယ်လို့ ပြောကြတယ်…မင်းတို့မျိုးနွယ်စုက လိုအပ်နေတာ ခရမ်းရောင်မျိုး ဖြစ်လို့နေမယ်…အဲဒီလိုပဲ…ငါအပင်တွေကလည်း ငါလိုအပ်နေတဲ့ အရောင်အတိုင်း သီးပွင့်လာလိမ့်မယ်” ကျိကျွီက သက်ပြင်းချလိုက်ပါသည်။
ကျိကျွီသည် ရှောက်ရွှမ်ကို မနာလိုဖြစ်နေသေးသော်လည်း၊ စိတ်ကို တည်ငြိမ်အောင် ထိန်းထား
လိုက်သည်။ သူလိုအပ်သော အရောင်မှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ပိုင်ဆိုင်ထားသော အရောင် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သို့သော် သူ့အပင်များသည် ကြီးထွားနှုန်းနှေးလှပါသည်။
ထောင်ချီရွှေကောက်ပဲသီးနှံပင်များကို သီးပွင့်ဝေဆာအောင် စိုက်ပျိုးနိုင်သည့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူကြားထားဖူးသလို အရိုင်းအစိုင်းများ မဟုတ်ကြပါ။ မျိုးနွယ်စုအပေါ်ထားသော သူ့အမြင်များပြောင်းလဲသွားပြီ ဖြစ်သည်။
ကျိကျွီသည် ရှောက်ရွှမ်နှင့် ခရမ်းရောင်သီးနှံများအကြောင်းကို ဆွေးနွေးချင်နေပါသေးသည်။ ထိုအချိန်တွင် စားပွဲပေါ်တွင် သီးနှံတစ်စေ့ပျောက်သွားကြောင်း သူသတိထားလိုက်မိသည်။
သူမှတ်မိသလောက်ဆိုလျှင် သီးနှံ၃စေ့ယူလာခြင်းဖြစ်သည်။ တစ်ခုက အခွံချွတ်ပြီးသား ဖြစ်ပြီး၊ နောက်၂စေ့ကတော့ အခွံ့မချွတ်ရသေးပါ။
“နောက်သီးနှံ၂စေ့ဘယ်ရောက်သွားတာလဲ”
ရှောက်ရွှမ်သည် တံခါးအပြင်ဘက်ကို ညွှန်ပြလိုက်သည်။
တံခါးဝတွင် နွားရိုင်းကြီး၏ ဦးခေါင်းကြီးပေါ်လာပါသည်။
သီးနှံစေ့၂စေ့ကို နွားရိုင်းကြီးက စားလိုက်ခြင်းဖြစ်သောကြောင့် ကျိကျွီသည် ဘာမှ သိပ်မပြောတော့ပါ။ သူ့သီးနှံများအကြောင်းစဉ်းစားမိသောအခါ၊ မနေနိုင်တော့ဘဲ ပြုံးပြုံးကြီး ဖြစ်လာပါသည်။ “ရှောက်ရွှမ်…ငါအပင်တွေကကော ဘာရောင်ထွက်မယ်ထင်လဲ”
“အဖြူရောင်” ရှောက်ရွှမ်ကပြောလိုက်ပါသည်။ ရှောက်ရွှမ်သည် အိပ်မက်ထဲက ဆန်ပြုတ်အိုးအကြောင်းကို ကျိကျွီအား မတော်တဆ ပြောမိသွားသည်။
ကျိကျွီသည် အံ့ဩသွားပြီး “ဘာလို့အဲဒီ
လောက် သေချာနေတာလဲ” ဟုမေးလိုက်ပါသည်။
“ခန့်မှန်းကြည့်တာပါ” ရှောက်ရွှမ်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။
ကျိကျွီသည် ရှောက်ရွှမ်ကို ကြည့်နေသော်လည်း မယုံကြည်ဟုတော့ မပြောပါ။ ကျိကျွီသည် စားပွဲကို လက်ဖြင့်ပွတ်နေပြီး “ငါ့အပင်တွေ မကြာခင် ဒုတိယအတားအဆီးကို ဖြတ်ကျော်ရတော့မယ်…မင်းဒီမှာ ခဏနေပြီး ငါ့အပင်တွေ အတားအဆီးကို ဘယ်လိုဖြတ်ကျော်လဲ ကြည့်သွားပါလား” ဟုပြောလိုက်ပါသည်။
ရှောက်ရွှမ်သည် တွက်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်ကာ “ကျွန်တော့်ထက် အတွေ့အကြုံရှိတဲ့ လူတစ်ယောက် စိုက်ပျိုးတာကို ကြည့်ချင်နေတာပါ…ဒါပေမဲ့ ဦးလေးရဲ့လျှို့ဝှက်ချက်တွေ ကျွန်တော်သိသွားမှာ မစိုးရိမ်ဘူးလား” ဟုပြောလိုက်ပါသည်။
ကျိကျွီက “မစိုးရိမ်ပါဘူး” ဟုပြောလိုက်ပါ
သည်။ သူ့စိုက်ပျိုးနည်း၏ အဓိကသော့ချက်မှာ ဓာတ်မြေဩဇာဖြစ်သည်။ ဓာတ်မြေဩဇာကို သူတွက်ချက်ပြီး၊ အပင်များကို ထည့်ပေးပြီးသားဖြစ်သည်။ ထို့ကြောင့် အပင်များကို အခုအချိန်တွင် တခြားလူများလာကြည့်သော်လည်း၊ သူမစိုးရိမ်တော့ပါ။
ချင်းမန်အဆောင်သို့ ပြန်ရောက်လာသောအခါ၊ ကျိကျွီက သူတို့ကို အစားအစာများ ကျွေးပါသည်။ စားသောက်ပြီးသောအခါ ရှောက်ရွှမ်တို့သည် ဘေးပေါက်တစ်ခုမှ ဖြတ်ပြီး စိုက်ခင်းများထဲမှ ထွက်ခွာသွားပါသည်။ မိန်းဝင်ပေါက်တွင် လူများဝိုင်းအုံနေသဖြင့်၊ ထိုအပေါက်မှ ထွက်လျှင် သူတို့ကို သတိထားမိသွားမည် ဖြစ်သည်။
“နောင်တခါ မိန်းတံခါးဝမှာ လူတွေများနေရင် ဒီတံခါးကို သုံးပါ…ဒီတံခါးက ထွက်လိုက်ရင် ကျိကျွီဆီကို တန်းရောက်လိမ့်မယ်”
နောက်တစ်ခါဆိုလျှင် အစောင့်များက ရှောက်ရွှမ်၏ မျက်နှာကို မှတ်မိနေမည် ဖြစ်ပြီး၊ ရှောက်ရွှမ်
ရောက်လာသောအခါ ကျိကျွီဆီသို့ တခါတည်းခေါ်သွားနိုင်မည် ဖြစ်သည်။
ကျိကျွီသည် ၎င်းတို့အတွက် ရထားလုံးတစ်စီးနှင့် သီးနှံ၁၀အိတ်ကို စီစဉ်ထားပါသည်။
စိုက်ခင်းမြေပြင်သည် ကျယ်ဝန်းလှပြီး၊ ဘေးတံခါးများ ရှိနေခြင်းကြောင့် ခရီးလမ်းတလျှောက် ဘာအခက်အခြမှ၎င်းမရှိသလို၊ ၎င်းတို့ကို မည်သူကမျှ မမြင်ရပါ။
ဝက်ဝံနက်က ပီတီတွေ ဖြစ်နေပါသည်။ သီးနှံ၁၀အိတ်တောင် ဖြစ်သည်။ ရှောက်ရွှမ်အတွက် ထည့်ပေးလိုက်ခြင်း ဖြစ်သော်လည်း၊ သူလည်း၁အိတ်၂အိတ်တော့ ပိင်ဆိုင်ခွင့်ရှိသည် မဟုတ်ပါလား။ သူသည် ရှောက်ရွှမ်နှင့် ညှိနှိုင်းရန် စဉ်းစားနေပါသည်။
လမ်းတွင် ရှောက်ရွှမ်သည် ကွမ်းယီကို စကားပြောလာပါသည်။ သူသည် ဘုရင့်မြို့တော်တွင် မနေချင်ပါက၊ ဝက်ဝံနက်၏ လူတချို့နှင့်
လိုက်သွားပြီး အန်းဘမြို့တော်သို့ ပြန်နိုင်သည်ဟု ရှောက်ရွှမ်က ကွမ်းယီကို ပြောလိုက်သည်။
သို့သော် ကွမ်းယီက ရှောက်ရွှမ်ကို တစ်ယောက်တည်း ထားခဲ့ပြီး မပြန်ချင်ပါ။ သူ့တာဝန်မှာ ရှောက်ရွှမ်ကို ကာကွယ်ရန်ဖြစ်သည်ဟု သောခန်က သူ့ကိုမှာထားခဲ့သည်။ ကွမ်းယီသည် သူတို့မျိုးနွယ်စု၏ ဝါစဉ်ကြီးပုဂ္ဂိုလ်ကို ဘုရင့်မြို့တော်တွင် မထားခဲ့နိုင်ပါ။
ဘုရင့်မြို့တော်ကို ရောက်သောအခါ၊ သူတို့သည် ဝက်ဝံနက်၏ စခန်းကို သွားကြပါသည်။ ရှောက်ရွှမ်နှင့် ကွမ်းယီတို့အတွက် နေရာပြင်ဆင်ပေးရန် ဝက်ဝံနက်က သူ့လူများအား ခိုင်းလိုက်ပါသည်။
“နောက်၂ရက်လောက်နေရင်…ကျွန်တော်မြို့ထဲကို ဈေးဝယ်ထွက်ချင်တယ်” ဟုရှောက်ရွှမ်ကပြောလိုက်ပါသည်။ ရှောက်ရွှမ်သည် ဝက်ဝံနက်ပေးသော ပစ္စည်းများကို မသုံးနိုင်တော့ပါ။ လိုအပ်သောပစ္စည်းများကို ဝယ်ရမည် ဖြစ်သည်။
“ကောင်းပြီလေ…မင်းနဲ့အတူ မောင်တာ့ကို ထည့်ပေးလိုက်မယ်” မျိုးနွယ်စု၏အကြီးအကဲ၊ ကုန်သည်အဖွဲ့၏ ခေါင်းဆောင်၁ယောက်အနေနှင့်၊ ဝက်ဝံနက်သည် အလွန်အလုပ်များပါသည်။နောက်၂ရက်နေလျှင် ကျိကျွီဆီသို့ ပြန်သွားမည်ဆိုလျှင်တော့၊ ဝက်ဝံနက်သည် စီစဉ်စရာရှိသည်များကို စီစဉ်ရမည် ဖြစ်ပါသည်။
“နောက်၂ရက်မှ သွားမယ်ဆိုရင် ဘာလက်ဆောင်ယူသွားရင် ကောင်းမလဲ” ဝက်ဝံနက်က စဉ်းစားနေပါသည်။
မောင်တာ့က ရှောက်ရွှမ်နှင့် ကွမ်းယီတို့ကို ၎င်းတို့အတွက် ပြင်ဆင်ပေးထားသောနေရာသို့ ခေါ်လာပါသည်။
“မနက်ဖြန်ဘာဝယ်ချင်တာလဲ…ဒီနေရာကတော့ ကျွန်တော့်အပိုင်ပဲ…ဝယ်ချင်တာသာ ပြောလိုက် အကောင်းဆုံးရစေရမယ်” မောင်တာ့သည် ရှောက်ရွှမ်ဈေးဝယ်ချင်သည့် အကြောင်းကို ဝက်ဝံ
နက်ဆီမှ သိထားပြီးပြီဖြစ်သည်။ မောင်တာ့အတွက်တော့ ရှောက်ရွှမ်သည် ငွေတုံးငွေခဲကြီး ဖြစ်နေပါသည်။ ထို့ပြင်ရှောက်ရွှမ်သည် သူ့ကို သဘောကျပါက၊ နောက်တစ်ခါ ထောင်ချီရွှေကောက်ပဲသီးနှံစိုက်ခင်းသို့သွားလျှင် သူပါလိုက်ပါခွင့်ရမည် မဟုတ်ပါလား။ စိတ်ကူးနေရင်းနှင့် မောင်တာ့ စိတ်လှုပ်ရှားလာပါသည်။
“အခြေအနေကြည့်ကြသေးတာပေါ့…အချိန်ရမယ်ဆိုရင်တော့ မိတ်ဆွေတစ်ယောက်ဆီသွားချင်တယ်…ဒါပေမဲ့ သူဘယ်မှာနေလဲ ကျွန်တော် မသိဘူး” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
လက်ဆောင်အကြောင်းကို စဉ်းစားနေသော ဝက်ဝံနက်က ရှောက်ရွှမ်၏ စကားကို နားစွင့်ထားလိုက်ပါသည်။
“မင်းသူငယ်ချင်းနာမည် ဘယ်လိုခေါ်လဲ…ငါလူလွှတ်ပြီး ရှာခိုင်းလိုက်မယ်” မောင်တာ့ပြောလိုက်ပါသည်။
“ကုန်းကျားမိသားစုဘယ်မှာနေလဲ ခင်ဗျားသိလား”
“သိတယ်…သိတယ်…မနက်ဖြန်ကျရင်…”
“နေဦး…”
မောင်တာ့၏ စကားမဆုံးခင် ဝက်ဝံနက်က ဖြတ်ပြောလိုက်သည်။ ဝက်ဝံနက်သည် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာပါသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် ၎င်း၏မျက်နှာကြီးမှာ နီရဲနေပါသည်။
“ရုတ်တရက် စိတ်ကူးပေါ်လာလို့ပါ…မနက်ဖြန်ကျရင် ငါကိုယ်တိုင်မင်းကို လိုက်ပို့ရင် ကောင်းမလားလို့…ကုန်းကျားမိသားစုထဲမှာ ငါ့အသိနည်းနည်းရှိပါတယ်” ဝက်ဝံနက်က ပြောသည်။
မောင်တာ့ကတော့ “ငါလိုက်ပို့မယ်လေ…”ဟု စိတ်ထဲမှသာ တွေးလိုက်တော့သည်။
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၃၇) ကုန်းကျားဟုန်
ကျိကျွီနှင့်တွေ့ဆုံပြီးကတည်းက၊ ရှောက်ရွှမ်သည် မိတ်ဆွေဟောင်းဟုပြောလိုက်လျှင် ဝက်ဝံနက်သည် အလွန်ပင် သတိထားပါသည်။
ရွှေကောက်ပဲသီးနှံစိုက်ခင်းရှိရာ ဝင်ပေါက်မှာတုန်းကတော့ ဝက်ဝံနက်သည် ရှောက်ရွှမ်၏စကားများကို သိပ်အလေးမထားပါ။ သို့သော် အဖြစ်အပျက်များက ရှောက်ရွှမ်၏စကားမှန်ကန်ကြောင်းကို သက်သေပြနေပါသည်။ မနေ့ကအဖြစ်အပျက်ဆိုလျှင် အိပ်မက်ဆန်လွန်းလှပါသည်။
ထို့ကြောင့် ရှောက်ရွှမ်က ကုန်းကျားမိသားစုဆီသွားမည်ဟု ပြောသောအခါ၊ ဝက်ဝံနက်၏ ရတနာကိုမက်မောစိတ်များ နိုးကြားလာပါသည်။
သို့သော် ရှောက်ရွှမ်ပြောနေသည့်သူကို သိ
အောင် အရင်လုပ်ရမည် ဖြစ်သည်။”ကုန်းကျားမိသားစုဝင်တွေဆိုတာ ဘုရင့်မြို့တော်မှာ အခွင့်ထူးခံလူတန်းစားတွေပဲ… မြို့ကြီး၆မြို့မှာ မင်းမျိုးမင်းနွယ်တွေက အဆင့်အမြင့်ဆုံးပဲ… ကျန်တဲ့သူတွေက အရေးမပါတဲ့ မှူးမတ်တွေ…ဒါပေမဲ့ ကုန်းကျားမိသားစုကတော့ တမျိုး… မင်းမျိုးမင်းနွယ်တွေတောင် ကုန်းကျားမိသားစုနှင့်ဆက်ဆံရင် လေးလေးစားစားဆက်ဆံရတယ်…” ဝက်ဝံနက်က ရှင်းပြသည်။
“သူတို့တွေက ပန်းပဲပညာကို ကျွမ်းကျင်လို့လား” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“ဟုတ်တယ်…”
ကုန်ကျားမိသားစုင်များသည် လောဘသမားများ မဟုတ်ကြပါ။ သူတို့သည် ဘဝတလျှောက်လုံးနီးပါ ပန်းပဲထုခြင်းသာလုပ်လာကြပြီး၊ တခြားအလုပ်များကို မလုပ်ကြပါ။ လောဘကြီးသူအနည်းငယ်သာရှိပါသည်။ ကုန်း
ကျားမိသားစု၏ ပင်မမိသားစုဝင်များသည် အာဏာပါဝါများကို မက်မောခြင်းမရှိပါ။ ထို့ကြောင့် အားလုံးက သူတို့ကို ယုံကြသည်။ ထို့ပြင် ကုန်းကျားမိသားစုဝင်များသည် အရည်အချင်းရှိသူများဖြစ်သဖြင့်၊ လူတိုင်းက လေးစားစွာ ဆက်ဆံကြသည်။
“ငါတို့ ကုန်သည်အဖွဲ့က လက်နက်အများစုက ကုန်းကျားမိသားစုက လုပ်တဲ့လက်နက်တွေလေ…ဒါပေမဲ့ အလုပ်သင်တပည့်လေးတွေလုပ်တာပေါ့… ပန်းပဲဆရာတွေ လုပ်တဲ့လက်နက်တွေကိုတော့ ရဖို့မလွယ်ဘူး…မင်းမိတ်ဆွေနာမည်က ဘယ်သူလဲ…ပြောပြပါလား”
“သူ့နာမည်က ကုန်းကျားဟုန်”
ဝက်ဝံနက်နှင့် မောင်တာ့တို့ တိတ်ဆိတ်သွားသည်။
မောင်တာ့သည် ဝက်ဝံနက်ကို ကြည့်လိုက်ပြီး ပြေးဖက်လိုက်ကာ “ ကျွန်တော်တော့ ဂရုမစိုက်
တော့ဘူးဆရာ…သူ့ကို မနက်ဖြန်ကျရင်ခေါ်သွားလို့ရတယ်လို့ ဆရာပြောထားတယ်နော်”
ဝက်ဝံနက်သည် မောင်တာ့ကို အရေးမလုပ်ဘဲ ရှောက်ရွှမ်ကို ထပ်မေးလိုက်သည် “မင်းပြောတာ ကုန်းကျားမိသားစုရဲ့ နောက်ဆုံးအဖွဲ့ဝင် မဟုတ်လား”။
“ဟုတ်မယ်ထင်တယ်…ဘုရင့်မြို့တော်မှာ ကုန်းကျားဟုန်ဘယ်နှယောက် ရှိလို့လဲ” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“တစ်ယောက်ပဲ ရှိတာပါ…ကုန်းကျားဟုန်က ကုန်းကျားတောင်တန်းက ပြန်လာပြီလို့ ကြားထားတယ်…ထွက်သွားတာ နှစ်၂၀လောက်ကြာတယ်…ပြန်ရောက်လာတော့ မိသားစုထဲမှာ အဆင့်အမြင့်ဆုံး ပန်းပဲဆရာ ဖြစ်လာတယ်…လူတိုင်းက သူလုပ်တဲ့လက်နက်ကို လိုချင်ကြတယ်…ဒါပေမဲ့ ကုန်းကျားဟုန်က အပြင်မထွက်ဘဲ လက်နက်တွေလုပ်နေတယ်လို့ ငါကြားထားတယ်”
နားထောင်ရင်းနှင့် ရှောက်ရွှမ် ခေါင်းငြိမ့်ပြလိုက်သည် “ဟုတ်တယ်…သူပဲ”။
ဝက်ဝံနက်သည် အသက်ကိုဝအောင် ရှူလိုက်ပြီး “စိတ်မပူပါနဲ့…မနက်ဖြန် မင်းကို ငါကိုယ်တိုင် လိုက်ပို့မယ်” ဟုပြောလိုက်သည်။
“ဆရာ…ကျွန်တော်” မောင်တာ့က တောင်းဆိုနေသည်။ နောက်ဆုံးတွင်တောင်းဆိုလွန်းသဖြင့် လိုက်လျောလိုက်ပသည်။
နောက်တစ်နေ့တွင် ရှောက်ရွှမ်နှင့် ကွမ်းယီတို့ထွက်ခွာသွားသောအခါ၊ ဝက်ဝံနက်နှင့် မောင်တာ့တို့က လမ်းပြများအဖြစ် လိုက်ပါသွားကြသည်။ ဝက်ဝံနက်အဖွဲ့ဝင်များကတော့ အံ့ဩနေကြပါသည်။ ရွှေကောက်ပဲသီးနှံစိုက်ခင်းတွင် ဖြစ်ခဲ့သော အဖြစ်အပျက်ကို အရေးပါသော အဖွဲ့ဝင်တချို့ကိုသာ ပြောပြထားပသည်။ ထို့ကြောင့် ဝက်ဝံနက်နှင့် မောင်တို့က ရှောက်ရွှမ်တို့ကို မျက်နှာသာပေးပြီး ဆက်ဆံနေခြင်းကို တချို့က နားမလည်ခြင်းဖြစ်ပါသည်။ ရှောက်ရွှမ်တို့ထွက်
ခွာသွားသောအခါ၊ ကျန်ခဲ့သူများသည် ငြင်းခုန်နေကြပါသည်။ မောင်ကျင်းက တုတ်ဖြင့်လိုက်ရိုက်ပြီး၊ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ခိုင်းရပါသည်။
မောင်ကျင်းသည်လည်း စိတ်မကြည်ပါ။ သူသည် အဖြစ်အပျက်ကို သိထားပြီး၊ လိုက်သွားလိုသော်လည်း အဖွဲ့ကို စောင့်ရှောက်ရန် တာဝန်ကျပါသည်။
ရှောက်ရွှမ်တို့သည် လမ်းတလျှောက် ခရီးဆက်လာကြသည်။ သူတို့လာသော လမ်းသည် သားရဲကြီးများဖြတ်သန်းသွားနိုင်လောက်အောင် ကျယ်ပါသည်။ ရှောက်ရွှမ်သည် သူမမြင်ဖူးသော သားရဲကြီးများကို တွေ့နေရပါသည်။ သို့သော် သားရဲကြီးများမှာ လူယဉ်နေပြီ ဖြစ်ပါသည်။ အကောင်ကြီးများ ထွာကြိုင်းသော်လည်း နူးညံ့သိမ်မွေ့ကြပါသည်။ ခက်ထန်ကြမ်းတမ်းသည့် အမူအရာမရှိပါ။
လမ်း၏တစ်ဖက်တချက်တွင် ဖွင့်ထားသော ဆိုင်များမှာလည်း အထူးဖွင့်လှစ်ထားခြင်း
ဖြစ်သည်။ အစားအသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ ရွှံ့ထည်ပစ္စည်းများ၊ ကြေးထည်ပစ္စည်းဆိုင်များ စသည်ဖြင့် စုံလင်လှပါသည်။
ရှောက်ရွှမ်နှင့် ကွမ်းယီတို့သည် ကြေးထည်ပစ္စည်းများကို စိတ်ဝင်စားနေကြပသည်။ ကြေးနှင့်လုပ်ထားသောလက်နက်များသာမက၊ ကိရိယာတန်ဆာပလာများ၊ အလှဆင်ပစ္စည်းများကိုလည်းတွေ့ရပါသည်။ သို့သော် သူတို့သည် ကြည့်ရုံသာကြည့်ပြီး မဝယ်ကြပါ။ ထိုပစ္စည်းများသည် သူတို့အတွက် အသုံးမဝင်သောကြောင့် ဖြစ်ပါသည်။
ဝယ်ယူရန် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေသော သူများကို တွေ့သောအခါ၊ ကြေးထည်ပစ္စည်းဆိုင်ပိုင်ရှင်သည် မျက်နှာတည်သွားပါသည်။ သူသည် ရှောက်ရွှမ်တို့ကို ရွာမှတက်လာသူများဆိုပြီး အထင်သေးသွားပါသည်။ “ဒီလိုအဖိုးတန်ပစ္စည်းတွေကို ရွာသားတွေက ဘယ်လို ဝယ်နိုင်မှာလဲ”
ဆိုင်ရှင်များ၏ အကြည့်တို့ကို မသိကျိုးကျွန်
ပြုရင်း၊ ရှောက်ရွှမ်သည် သစ်သားချင်းထိခိုက်ရာမှ ဖြစ်ပေါ်လာသော စည်းချက်သံများကို ကြားလိုက်ရသည်။
“ဟိုဘက်လမ်းမှာ ဘာရှိနေတာလဲ”
ဝက်ဝံနက်က ပြောမည်ဟန်ပြင်လိုက်သော်လည်း မောင်တာ့က ဖြတ်ပြောလိုက်သည် “ အဲဒါဂမ္ဘီရပညာရှင်တွေပဲ…အဲဒီလူတွေက ရီမိသားစုက ဆင်းသက်လာတဲ့လူတွေ…ဒါပေမဲ့ အရေးကြီးတဲ့လူတွေ မဟုတ်ပါဘူး…တကယ်အစွမ်းထက်တဲ့ ယိမိသားစုဝင်က ဒီနေရာကို မလာဘူး…ဒါပေမဲ့ တခါတလေ သူ့မိသားစုတွေနဲ့လာလည်လေ့ရှိတယ်…အဲဒီလိုဖြစ်ရင် လူတွေဝိုင်းအုံလာကြရော”။
“ဂမ္ဘီရပညာရှင် ဟုတ်လား” ရှောက်ရွှမ်စိတ်ဝင်စားသွားပါသည်။
မြို့ကြီး၆မြို့မှ ယိမိသားစုသည် ဂမ္ဘီရပညာကျွမ်းကျင်သည်ဟု ကျော်ကြားပါသည်။ ကုန်
ကျားတောင်ကြားတွင်ရှိခဲ့စဉ်က ရီမိသားစုအကြောင်းကို နံရံပေါ်မှ စာများထဲတွင် ဖတ်ခဲ့ရပါသည်။ ရှောက်ရွှမ်သည် သူသုံးသော ဂမ္ဘီရကြိုးထုံးပညာအကြောင်းကို တွေးမိသောအခါ၊ ထိုလမ်းထဲသို့ဝင်ရန် ဆုံးဖြတ်လိုက်ပါသည်။
ဝက်ဝံနက်နှင့် မောင်တာ့တို့က ကုန်းကျားအိမ်တော်ကို သွားချင်နေပြီဖြစ်သော်လည်း၊ ရှောက်ရွှမ်က ထိုလမ်းထဲသို့ဝင်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ဝက်ဝံနက်တို့လည်း ဘာမှမတတ်နိုင်ပါ။ ဝက်ဝံနက်သည် မောင်တာ့ကို ကြည့်လိုက်ပြီး “တော်တော်လျာရှည်တဲ့ကောင်ပဲ…မင်းမပြောရင် ရှောက်ရွှမ်သွားမှာ မဟုတ်ဘူး”ဟုတွေးနေပါသည်။
“အဲဒီမှာ လူသိပ်မရှိပါဘူး…မင်းသိချင်လည်း ဖြေမယ့်လူရှိမှာ မဟုတ်ဘူး…မေးခွန်းတွေ ဖြေမယ့်လူတွေရှိတဲ့အချိန်မှ သွားပါလား” ဝက်ဝံနက်က အကြံပေးလိုက်သည်။
ရှောက်ရွှမ်ကတော့ စကားနားမထောင်ဘဲ ထို
လမ်းဘက်သို့ ထွက်သွားပါသည်။ ကြိုးထုံးခြင်းနှင့်ပတ်သက်ပြီး သူသိလိုသည့် အကြောင်းအရာ ရှိနေပါသည်။
ထိုလမ်းထဲတွင် ဗေဒင်လာမေးသော ကုန်သည်များနှင့် တိုင်းရင်းသားများရှိပါသည်။ လမ်းထဲတွင်ရှိသူများသည် ယိမိသားစုနှင့် လေးဝမ်းကွဲလောက်သာ အမျိုးတော်သူများဖြစ်သော်လည်း ဗေဒင်လာမေးသူများကတော့ ရှိနေပါသည်။
လမ်းထဲတွင် ရှောက်ရွှမ်မျှော်လင့်ထားသည်ထက် စည်ကားနေပါသည်။ လမ်းပေါ်တွင်လူသိပ်မရှိဘဲ၊ ဗေဒင်မေးသူများသည် ဆိုင်ခန်းများထဲသို့ ရောက်နေပါသည်။
ရှောက်ရွှမ်သည် လမ်းလျှောက်ရင်း နားစွင့်နေပါသည်။ သို့သော် လူများက ကျယ်လောင်စွာ ပြောဆိုနေကြသဖြင့် တကူးတက နားစွင့်နေရန် မလိုပါ။ တချို့လူများသည် သူတို့မေးမည့်အကြောင်းအရာများကို လျှို့ဝှက်ထားကြပါသည်။ အပြင်လူများကြားသွားမည်စိုးရိမ်
သဖြင့် မျက်လုံးများက ဂဏှာမငြိမ်ဖြစ်နေကြပါသည်။
ပတ်ဝန်းကျင်ကို အကဲခတ်ပြီးသောအခါ၊ ရှောက်ရွှမ်သည် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်သည်။ ဆိုင်ထဲတွင် ဆံပင်များဖြူဖွေးနေသော အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရပါသည်။
အဖိုးအိုသည် သားရေခုံပေါ်တွင် ခြေထောက်ချိတ်ပြီး ထိုင်နေပါသည်။ သူ့ရှေ့တွင် လျော်ကြိုးတစ်ခုဖြင့် သီထားသော သစ်သားတုံးလေးများရှိပါသည်။ သစ်သားတုံးများပေါ်တွင် သာမန်လူများ နားမလည်နိုင်သော သင်္ကေတများကို ရေးဆွဲထားပါသည်။
ရှောက်ရွှမ် ဝင်သွားချိန်သည် လူတစ်ယောက်ထွက်လာသောအချိန် ဖြစ်နေပါသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် တန်းစီစရာမလိုတော့ဘဲ၊ စားပွဲလေးဆီရောက်သွားပါသည်။
“အရှင်ဘာကို မေးချင်ပါသလဲ” အဖိုးအိုသည်
ရှောက်ရွှမ်ကို အရှင်သခင်တစ်ယောက်ပမာ ဆက်ဆံလိုက်ပါသည်။
ရှောက်ရွှမ်သည် စားပွဲပေါ်မှ သစ်သားတုံးများကို ကြည့်လိုက်ပြီး၊ ဘာမှမပြောပါ။ မောင်တာ့က “ဒီနေ့ကံကောင်း၊မကောင်း မေးကြည့်ပါလား” ဟုပြောပါသည်။
အဖိုးအိုသည် သစ်သားတုံးများကို လက်ညှိုးထိုးပြပြီး “ကြိုးကိုဆွဲလိုက်ပါ…စည်းကမ်းတွေကို အရှင်သိတယ်မဟုတ်လား”
“သိတယ်…သိတယ်” မောင်တာ့သည် အရေးမကြီးသည့်ဟန်နှင့် ဖြေလိုက်ပါသည်။ သူသည် အရင်တုန်းကလည်း ဗေဒင်မေးဖူးသူတစ်ယောက် ဖြစ်ပါသည်။
နတ်စွမ်းအင်မထုတ်ဘဲ၊ မောင်တာ့သည် ကြိုးကို ဆွဲလိုက်ပါသည်။ ထိုအခါ သစ်သားတုံးလေးများ စားပွဲပေါ်တွင် ပြန့်ကျဲသွားပါသည်။
အဖိုးအိုသည် ပြန့်ကျဲသွားသော သစ်သားတုံးလေးများကို ကြည့်ပြီးနောက် ပိုမိုသေးငယ်သော သစ်သားတုံးတစ်တုံးကို ထုတ်ယူလိုက်ပါသည်။ ထို့နောက် စားပွဲပေါ်မှ သင်္ကေတများကို ကြည့်ပီး တီးတိုးရေရွတ်နေပါသည်။
၁၀မိနစ်လောက်ကြာသောအခါ၊ အဖိုးအိုသည် တိတ်ဆိတ်သွားပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ကာ “သတင်းကောင်းပဲ”ဟု ပြောလိုက်ပါသည်။
မောင်တာ့ပျော်ရွှင်သွားပါသည်။ “ရှောက်ရွှမ်…ခင်ဗျားဘာမေးချင်တာလဲ…မြန်မြန်မေးဗျာ” မောင်တာ့က ပြောလိုက်ပါသည်။
“ဗေဒင်ဟောတာက အဲဒါပဲလား…ပြီးပြီလား” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“ပြီးပြီ” အဖိုးအိုက ခေါင်းငြိမ့်ပြသည်။
ရှောက်ရွှမ်သည် အဖိုးအိုကိုကြည့်လိုက်ပြီး “ဂမ္
ဘီရကြိုးထုံးပညာကို ခင်ဗျားတတ်လား” ဟုမေးလိုက်ပါသည်။
အဖိုးအိုက ရယ်လိုက်ပါသည်။ “ဂမ္ဘီရကြိုးထုံးပညာဟုတ်လား…အဲဒီပညာပျောက်ကွယ်သွားတာ နှစ်ထောင်ချီနေပြီ…အခုခေတ်မှာ ရှိတဲ့ ဂမ္ဘီရကြိုးထုံးပညာရှင်တွေဆိုတာ လူလိမ်တွေချည်းပဲ…နောက်တခါ တစ်ယောက်ယောက် အဲဒီပညာအကြောင်း လာပြောရင် မယုံနဲ့နော်” အဖိုးအိုက ရှောက်ရွှမ်ကို သတိပေးနေပါသည်။
“လွန်ခဲ့တဲ့ နှစ်၁၀၀၀လောက်တုန်းကတော့ တကယ်ရှိခဲ့တာပေါ့ ဟုတ်လား” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“ရှိတယ်…အဲဒါ ယိမိသားစုရဲ့ ဂမ္ဘီရပညာ၃မျိုးထဲက တစ်မျိုးပဲ…မိသားစုထဲမှာ အပြောင်းအလဲတွေ ဖြစ်ပြီး၊ အဲဒီပညာပျောက်သွားတာကတော့ စိတ်မကောင်းစရာပဲ…ဂမ္ဘီရကြိုးထုံးပညာမရှိတော့ပေမယ့် ငါတို့ ရီမိသားစုမှာ တခြား ပညာရပ်တွေ အများကြီးရှိတယ်…ဒီနှစ်တွေအတွင်းမှာ ရီ
မိသားစုက ဂမ္ဘီရပညာအသစ်တွေကို တီထွင်နိုင်ခဲ့တယ်” အဖိုးအိုက ဂုဏ်ယူစွာ ပြောနေပါသည်။ သူသည် မိသားစုအတွင်းသာမန်လူမျှသာ ဖြစ်သော်လည်း၊ သူ့ကိုယ်သူ ယိမိသားစုဝင်၏ မကြာခဏထုတ်ဖော်ပြောပါသည်။
အဖိုးအိုသည် ကြိုးထုံးဗေဒင်အကြောင်းကိုတော့ ဘာမှသိပ်မပြောပါ။
“ကြိုးထုံးဗေဒင်က ကြိုးတစ်ချောင်းထဲနဲ့ ဟောရတာလား” မောင်တာ့က သိချင်နေသည်။
အဖိုးက မောင်တာ့ကို အထင်သေးစွာဖြင့် “ကြိုးထုံးဗေင်အကြောင်း မင်းဘာသိလို့လဲ” ဟုမေးလိုက်သည်။
“ကျုပ်ကို အထင်မသေးပါနဲ့ဗျ…ခင်ဗျားကကော ဘာသိလို့လဲ” မောင်တာ့က မခံဘဲ ပြန်ပြောပါသည်။
“ငါက ဘာမှမသိဘူး ဟုတ်လား” အဖိုးအိုက ပြော
လိုက်ပါသည် “ကြိုးနဲ့သီထားတဲ့ သစ်သားထုံးတွေကို သုံးပြီးဗေဒင်ဟောတာက ဂမ္ဘီရကြုံးထုံးပညာနဲ့အတူတူပဲကွ…ငါ့နည်းလမ်းက ပိုတောင်တိကျသေးတယ်…ဒီနေ့ ငါ့ကံကိုငါ ခန့်မှန်းကြည့်တော့ သေရေး၊ရှင်ရေးဖြစ်ရပ်တစ်ခုနဲ့ ကြုံရမယ်လို့ အဖြေထွက်တယ်…”
“သေရေးရှင်ရေးသာပြောတယ်…ပြောတဲ့ပုံကလည်း အရေးမကြီးတာကို ပြောနေတဲ့အတိုင်းပဲ…ခင်ဗျားမကြောက်ဘူးလား”မောင်တာ့က အဖိုးအိုကို မယုံပါ။
“ဘာလို့ ကြောက်ရမှာလဲ…ဖြစ်မယ့်ကိစ္စက ဖြစ်ချိန်တန်ရင် ဖြစ်မှာပဲ” အဖိုးအိုက တည်ငြိမ်စွာဖြင့် “ငါပြောတာကို မယုံရင် စောင့်ကြည့်ပေါ့” ဟုပြောလိုက်ပါသည်။
မောင်တာ့ မျက်မှောင်ကြုံ့သွားသည်။ “ခင်ဗျားရဲ့သေရေး ရှင်ရေးက ကျုပ်နဲ့ ဘာဆိုင်လို့လဲ…ခင်ဗျားသေတာကို ထိုင်စောင့်နေမယ်အစား ကုန်းကျားအိမ်တောမှာ ဓားတွေ သွားကြည့်မှာပေါ့”
မောင့်တာ့ တွေးနေသည်။
“သွားမယ်…ရှောက်ရွှမ်…ကုန်ကျားအိမ်တော်ကို သွားကြမယ်…အဲဒီမှာ ဓားတွေ စမ်းနေတယ်လို့ ကြားတယ်” မောင်တာ့က စိတ်မရှည်တော့ပါ။
မသွားခင်၊ ရှောက်ရွှမ်က အဖိုးအိုကို “ဒီမှာ တနေကုန်ထိုင်နေရတာ မပင်ပန်းဘူးလား…အပြင်လေးဘာလေးထွက်ပြီး နေထွက်တဲ့ဘက်ကို လမ်းလျှောက်ပေး” ဟုပြောလိုက်ပါသည်။
“သွားပြောလည်း အလကားပဲ…ယိမိသားစုဝင်တွေက သူတို့ကိုယ်သူတို့ပဲ ယုံကြတာ” ဝက်ဝံနက်ကပြောလိုက်ပါသည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် လက်ထဲက တစ်စုံတရာကို လွှတ်ပစ်လိုက်သည်ကို ဝက်ဝံနက် တွေ့လိုက်ရပါသည်။ ကြိုးစလေးတစ်စကို လုံးချေပြီး လွှတ်ပစ်လိုက်ခြင်းဖြစ်ပါသည်။
ရှောက်ရွှမ်တို့ထွက်ခွာသွားသောအခါ၊ အဖိုးအိုသည် ရှောက်ရွှမ်ပြောသွားသည်ကို ပြန်စဉ်းစား
နေပါသည်။
“ငါသွားရင်ကောင်းမလား…ဒီနေရာကို ယိမိသားစုက ပိုင်တာပဲ…လူတွေအများကြီးလည်း ရှိနေတော့ ဘယ်သူမှလာလုမှာမဟုတ်ဘူး”
သူထိုင်နေသည်မှာ ကြာလှပြီဖြစ်သည်။
အဖိုးအိုသည် မတ်တပ်ရပ်လိုက်ပြီး၊ ဆိုင်ပြင်ကို ထွက်သွားသည်။ ခြေ၂လှမ်းလောက် လှမ်းပြီးသောအခါ၊ ပြန်စဉ်းစားနေပြန်သည်။ထို့နောက် အဖိုးအိုသည် နေထွက်ရာဘက်သို့ လျှောက်သွားပါသည်။
သူသည် ခြေလှမ်း၁၀၀လောက်လှမ်းပြီးသောအခါ၊ ပြန်လှည့်ရင် ကောင်းမလား စဉ်းစားမိပါသည်။ ထို့နောက် မွှေးရှည်ဆင်ကြီးတစ်ကောင်၏ ကျယ်လောင်လှသော အော်သံကြီးကို ကြားလိုက်ရပါသည်။
ဆင်ကြီးတစ်ကောင်သည် မုန်ယိုပြီး၊ ထွက်ပြေး
လာပါသည်။ အဖိုးအို၏ ဆိုင်ခန်းလေး၊အပါအဝင် အခြားဆိုင်ခန်းများသည် ဆင်တိုးသဖြင့် ပြိုကျကုန်ပြီ ဖြစ်သည်။
“ဝှစ်…ဝှစ်…ဝှစ်”
ဆင်ကြီးဆီသို့ ချွန်ထက်သော မြားများသည် မုန်တိုင်းတစ်ခုပမာ ပြေးဝင်သွားပါသည်။
“ဖောက်…”
သွေးများထွက်လာပါသည်။
၁စက္ကန့်လောက်ကြာသောအခါ၊ ဆင်ကြီး၏ တကိုယ်လုံး မြားတံများနှင့် ပြည့်သွားပြီး၊ ဖြူတစ်ကောင်နှင့် တူသွားပါသည်။ သွေးနံ့များက လေထဲတွင် ပျံ့လွင့်သွားသည်။
လမ်းပေါ်မှလူများကတော့ ရပ်ကြည့်နေကြပါသည်။ ထိုကဲ့သို့ ဖြစ်ရပ်မျိုးသည် ဖြစ်နေကျသာ ဖြစ်သည်။ ကံမကောင်းလျှင် အသက်
သေဆုံးမည် ဖြစ်သည်။ အဆောက်အဦီးပြိုကျခြင်း၊ ဆင်အနင်းခံရခြင်း၊ မြားမှန်ခြင်း စသည့်အကြောင်းရင်း အမျိုးမျိုးကြောင့် အသက်ထွက်နိုင်ပါသည်။
အဖိုးအိုကတော့ သူ့နားမှ စကားသံများကို မကြားရပါ။ အရင်တုန်းက သူ့ဆိုင်နေရာလေးကို စိုက်ကြည့်နေ၏။ အခုတော့ သစ်သားချောင်းတစ်ခုပင် မကျန်တော့ပေ။ သွေးများကတော့ နေရာအနှံ့ပင်။
အဖိုးအို စဉ်းစားမိသည် “ဟိုချာတိတ်လေးပြောသွားတာမှန်နေပြီလား”…။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၃၈) ဓားစမ်းခြင်း
လမ်းပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သာအခါ၊ ရှောက်ရွှမ်တို့သည် ထိုနားတွင်သာ ရှိနေပြီး၊ ဆူညံသံများကို ကြားနေရသည်။ အဖြစ်အပျက်ကို မမြင်နိုင်သော်လည်း၊ ဝက်ဝံနက်နှင့် မောင်တာ့တို့ကတော့ အခြေအနေကို ရိပ်စားမိပါသည်။
“ဆင်ကြီးတစ်ကောင်မုန်ယိုနေတာဖြစ်ရမယ်” မောင်တာ့က ပြောလိုက်ပါသည်။ သူသည် အမွှေးရှည်ဆင်ကြီး၏ အသံကို ကြားနေရပါသည်။ မြို့တော်မှ အစောင့်များကတော့ ဆင်ကြီးကို တားဆီးကြမည်ဖြစ်ပါသည်။
“ငါတို့ စောစောထွက်လာတာ ကောင်းသွားတယ်…မဟုတ်ရင် ငါတို့ပါ ပါနေမှာ” ဝက်ဝံနက်က ရေရွတ်လိုက်သည်။ ထို့နောက် ဝက်ဝံနက်သည် ဆိုင်က ထွက်လာတုန်းက ရှောက်ရွှမ် ပြောထားသော စကားများကို ပြန်စဉ်းစားကြည့်နေသည်။
ဝက်ဝံနက်သည် ရှောက်ရွှမ်ကို ကြည့်ရင်းစဉ်းစားနေပါသည်။
အတိတ်တုန်းကဆိုလျှင်တော့ မောင်တာ့သည် ထွက်သွားမည် ဖြစ်သော်လည်း၊ အခုတော့ ကုန်းကျားမိသားစုနှင့် ပတ်သက်နေသဖြင့် သည်းခံနေရသည်။ “သွားကြမယ်…ကုန်းကျားတွေရဲ့နေရာကို သွားကြမယ်…ကုန်းကျားဟုန်ကဘယ် ကုန်းကျားအိမ်တော်မှာ နေတာလဲ” မောင်တာစဉ်းစားနေမိသည်။ သူသည် ဘုရင့်မြို့တော်ကို အခုမှ ရောက်လာခြင်းဖြစ်ပြီး၊ ကုန်းကျားဟိန်းအကြောင်းကိုလည်း မြို့ထဲက လူများပြောမှ ကြားဖူးခြင်း ဖြစ်ပါသည်။
“အဲဒီဘက်ကို ငါရောက်ဖူးတယ်” ဝက်ဝံနက်က ပြောပြောဆိုဆိုနှင့် အရှေ့မှဦးဆောင်သွားသည်။
ကုန်းကျားမျိုးနွယ်စုဝင်များသည် တစ်နေရာထဲတွင်သာ နေထိုင်လေ့ရှိပါသည်။ ရွာကို ကြီးမားသော တံတိုင်းကြီးဖြင့် ကာရံထားသည်။
အခြားလူမျိုးများရှိသော်လည်း၊ အရေအတွက် အလွန်နည်းပါသည်။ လူဦးရေအလွန်များပြားသည့်အတွက် တံတိုင်းကြီး၏ အရပ်မျက်နှာလေးဖက်တွင် တံခါး၄ပေါက် ထားထားရသည်။
သူတို့အနေဖြင့် တံခါးပေါက်မှားသွားမည်ကို စိုးရိမ်နေစရာမလိုပါ။ ကုန်းကျားဟိန်းကြောင့် အပြင်တွင် လူပေါင်းများစွာ ရောက်နေပါသည်။
“ဘာလဲ…မင်းတို့က ဓားစမ်းဖို့ ရောက်လာကြတာလား” ဝက်ဝံနက်ကို သိသော လူတစ်ယောက်က မေးလိုက်သည်။
“အင်း” ဝက်ဝံနက်က စကားသိပ်မပြောပါ။ ကုန်းကျားဟုန်ကို ရှာနေပါသည်ဟု ပြောမိပါက၊ ထိုလူများသည် ဝက်ဝံနက်ကို သွားခွင့်ပေးတော့မည် မဟုတ်ပါ။
တံတိုင်းနားသို့ရောက်သောအခါ၊ တံခါးပေါက်ကို မမြင်ရပါ။ တံခါးပေါက်နားတွင် လူအုပ်ကြီး ဝိုင်းအုံနေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရ
ပါသည်။ တချို့က ဓားစမ်းသပ်လို၍ လာကြခြင်းဖြစ်ပြီး၊ တချို့ကတော့ ပွဲကြည့်လို၍ လာကြခြင်း ဖြစ်ပါသည်။
“သွားပြန်ပြီကွာ…”
“ဓားကျိုးသွားပြန်ပြီ…ရမှာမဟုတ်ပါဘူးကွာ”
“အရင်တချောင်းလောက် မကောင်းဘူးကွာ,,,ဒီနေ့ဓားဘယ်နှချောင်း ကျိုးသွားပြီလဲ”
“၂၁ချောင်း…၁ချောင်းပဲ စမ်းသပ်မှုကို အောင်မြင်တယ်…အောင်မြင်သွားတဲ့ဓားကို မြို့ကြီး၆မြို့က ဖုန်းမျိုးနွယ်စုက ပိုင်တယ်ပြောတယ်”
လူအုပ်ထဲမှ လူတစ်ယောက်သည် စိတ်ပျက်လက်ပျက်ဖြစ်နေပါသည်။ လူများက သူ့အကြောင်းကို ပြောဆိုနေကြပါသည်။ ထိုသူသည် ဓားစမ်းသပ်မှုကို မအောင်မြင်သော လူဖြစ်ပါသည်။
“လူတွေအများကြီးပဲ” လူများလွန်းသဖြင့် တံခါးပေါက်ကိုပင် မမြင်ရပါ။ ရှောက်ရွှမ် သက်ပြင်းချလိုက်မိသည်။
“ဒီလိုပဲ ဖြစ်မှာပဲ…ကုန်းကျားဟုန် ပြန်ရောက်လာရင် လူတွေ ပိုတောင်များလာဦးမယ်…အရင်တုန်းကတော့ ကုန်းကျားဟုန်က မိသားစုထဲမှာ အဆင့်မြင့်တဲ့လူ မဟုတ်ဘူး…ကုန်းကျားတောင်တန်းက ထွက်သွားတုန်းကဆို လူတွေက သူ့ကို အောင်မြင်မယ်မထင်ဘူး…ကုန်းကျားဟုန်ကလည်း တောင်တန်းက ထွက်သွားပြီးကတည်းက တခါမှ ပြန်မလာဘူး…တချို့လူတွေကတော့ အလားအလာရှိတဲ့လူငယ်တွေ အဖြစ်ပြန်ရောက်လာကြတယ်…ကုန်းကျားဟုန်ကတော့ သာမန်လူတစ်ယောက်ပဲဆိုတော့ အားလုံးက သူ့ကို သေသွားပြီလို့ပဲ ထင်နေကြတာ”
သို့သော် ကုန်းကျားဟုန်သည် မသေဘဲ ပြန်ရောက်လာရုံသာမက ဘိုးဘေးများ၏ နည်းစနစ်များကို ကုန်းကျားတောင်တန်းများမှ တတ်မြောက်လာခဲ့သည်။
ကုန်းကျားဟုန်ပြန်ရောက်လာသောအခါ ကုန်းကျားမိသားစုထဲတွင်သာမဟုတ်၊ ဘုရင့်မြို့တော်တွင်ပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါသည်။ လက်နက်များလုပ်ပေးရန် လူများက တောင်းဆိုကြသည်။ အာဏာပိုင်များက ဓားကောင်းများကို မျက်စိကျသဖြင့်၊ အများစုသည် ဓားများလုပ်ပေးရန် လာတောင်းဆိုကြသည်။
သို့သော် ကုန်းကျားဟုန်သည် မိသားစု၏ အဆင့်မြင့်မိသားစုဝင်တစ်ယောက်ဖြစ်သွားသဖြင့်၊ အာဏာပိုင်များကို ငြင်းဆိုနိုင်သွားပြီ ဖြစ်ပါသည်။ သူနှင့်တွေ့ချင်သူများ အလွန်များပြားနေသော်လည်း၊ ကုန်ကျားဟုန်သည် စိတ်အနှောင့်အယှက်တစ်စုံတရာ မဖြစ်ဘဲ၊ စမ်းသပ်ပွဲတစ်ခုကိုပြုလုပ်ပေးပါသည်။ စမ်းသပ်မှုကို အောင်မြင်သွားသူသည် ကုန်းကျားဟိန်းနှင့် အလုပ်အကြောင်း ဆွေးနွေးခွင့်ရမည် ဖြစ်ပါသည်။ အပြင်တွင် လူပေါင်းများစွာ စောင့်ဆိုင်းနေကြပါသည်။
ဓားများကို စမ်းသပ်ရန်အတွက် ကုန်းကျားဟုန်သည် ကျောက်တုံးများကို ပြင်ဆင်ထားပါသည်။ အခြားလက်နက်များကိုလည်း ပြင်ဆင်ထားပါသည်။ ကြိုက်နှစ်သက်ရာ လက်နက်နှင့် ကျောက်တုံးကို ထက်ခြမ်းကွဲအောင် ခုတ်နိုင်သူသည် စမ်းသပ်မှုကို အောင်မြင်မည် ဖြစ်သည်။ ရွေးချယ်ထားသော လက်နက် အနည်းငယ် ပဲ့သွားသည်နှင့်၊ ရှုံးနိမ့်မည် ဖြစ်ပါသည်။
လူများ၏ စွမ်းရည်ကို စမ်းသပ်ခြင်းလည်း ဖြစ်ပါသည်။ ကုန်းကျားဟုန်သည် သုံးရမည့် လက်နက်များကို ရွေးချယ်ပေးထားသလို၊ ကျောက်တုံးများကိုလည်း စမ်းသပ်မှုအတွက် သေချာရွေးချယ်ထားခြင်း ဖြစ်ပါသည်။ ကျောက်တုံးသည် ထက်ခြမ်းမကွဲသော်လည်း၊ လိုအပ်ချက်နှင့်ကိုက်ညီပြီး၊ လက်နက်မကျိုးပဲ့လျှင် စမ်းသပ်မှုကို အောင်မြင်မည် ဖြစ်ပြီး၊ စာရင်းပေးသွင်းနိုင်ခွင့်ရှိမည် ဖြစ်သည်။
အများစုကတော့ စမ်းသပ်မှုကို မအောင်မြင်ကြပါ။ သို့သော် လူအများက ကုန်းကျားဟုန်၏
စမ်းသပ်မှုကို နားလည်ကြပါသည်။ စမ်းသပ်မှုပြုလုပ်သင့်သည်ဟု အားလုံးက သဘောတူကြပါသည်။ ကုန်းကျားဟုန်လိုလူမျိုးသည် တွေ့ကရာ လူအတွက် ဓားပြုလုပ်ပေးရမည့် လူမျိုးမဟုတ်ပါ။
စမ်းသပ်မှုစတင်သောအခါ၊ လူပေါင်းများစွာရောက်လာကြသည်။ အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ၊ ရှုံးနိမ့်သူအရည်အတွက်က ပိုပိုများလာပါသည်။ တချို့လူများသည် စမ်းသပ်မှုမအောင်မြင်မည်ကို မကြောက်သော်လည်း၊ လက်နက်များကျိုးပဲ့မည်ကို စိုးရိမ်နေပါသည်။ ထိုလူများသည် ကုန်းကျားဟုန်၏ စမ်းသပ်မှုကို အောင်မြင်မည် မဟုတ်တော့ပါ။
ကုန်းကျားမိသားစုထဲမှ ပန်းပဲဆရာများသည် ကုန်းကျားဟုန်၏ လမ်းစဉ်အတိုင်းသာ လိုက်ကြပါသည်။ ကုန်းကျားဟုန်က လူတစ်ယောက်ကို လက်နက်လုပ်ပေးဖို့ ငြင်းဆိုလိုက်လျှင် ကျန်သူများကလည်း လိုက်ငြင်းမည် ဖြစ်ပါသည်။
ရှောက်ရွှမ်ရောက်လာသောအခါ၊ လူတစ်ယောက်သည် ကျောက်တုံးကို ဓားနှင့် ခုတ်လိုက်ပါသည်။ သို့သော် ထိုသူ၏ဓားထက်ပိုင်းကျိုးသွားသည်ကို ရှောက်ရွှမ်တွေ့လိုက်ရပါသည်။ မအောင်မြင်သူများကို စာရင်းမှ ချက်ခြင်းထုတ်ပယ်ပစ်ပါသည်။ ထို့ကြောင့် ဓားကျိုးသွားသူသည် စိတ်ပျက်လက်ပျက်ဖြစ်နေပါသည်။ နောင်တချိန်တွင် ကုန်းကျားမိသားစုမှ ဓားကို လိုချင်ပါက၊ ကုန်းကျားဟုန်လောက်မတော်သော ပန်းပဲဆရာ၏ ဓားကိုသာ ဝယ်ယူနိုင်တော့မည် ဖြစ်ပါသည်။
ဝက်ဝံနက်သည် သံချပ်ကာကားကြီးတစ်စီးလို လူအုပ်ထဲဝင်တိုးလိုက်ပါသည်။ နောက်မှ၃ယောက်ကလည်း ဝက်ဝံနက်၏ နောက်မှ လိုက်ပါသွားကြပါသည်။
ဝင်တိုက်ခံရသောသူများက လှမ်းအော်ရန် ပါးစပ်ပြင်လိုက်သော်လည်း၊ ဝက်ဝံနက်ကို မြင်သောအခါ ပါးစပ်ပိတ်သွားကြသည်။ မနိုင်လျှင် ပါးစပ်ပိတ်ထားခြင်းက အကောင်းဆုးဖြစ်
ပါသည်။
လူအုပ်ထဲသို့ အတင်းတိုးဝင်နေသော်လည်း၊ မည်သူကမျှ မပြောရဲကြပါ။ ၎င်းတို့က ထိုအခွင့်အရေးကိုယူကာ ရှေ့သို့တိုးလာပါသည်။
“စမ်းသပ်မှုလုပ်ချင်တဲ့လူရှိသေးလား” လူအုပ်ထဲမှ လူတစ်ယောက် အော်လိုက်ပါသည်။
“မြန်မြန်လုပ်…စမ်းသပ်မှုပြီးသွားရင် တစ်ခုခုစားရအောင်…ငါဗိုက်ဆာနေပြီ” တစ်ယောက်က အော်ပြောလိုက်ပြန်သည်။
စမ်းသပ်မှုကို ပြပွဲတစ်ခုလို သဘောထားနေကြသလို ဖြစ်နေပါသည်။
ဝက်ဝံနက်ရောက်သွားသောအခါ၊ လူအများစု၏ မျက်လုံးများ အရောင်လက်သွားပြီး၊ ခန္ဓာကိုယ်များ တောင့်တင်သွားကြပါသည်။ ကြံ့ခိုင်ပြီး ယောက်ျားပီသသော ဝက်ဝံနက်ကြီး ရောက်လာသဖြင့် ပွဲကတော့ ကြည့်ကောင်းတော့
မည် ဖြစ်သည်။
ဝက်ဝံနက်က စမ်းသပ်မှု ပြုလုပ်မည်ဟု စိတ်ကူးလိုက်ပါသည်။ ဝက်ဝံနက်သည် ထိုစမ်းသပ်ပွဲအကြောင်းကို ကြားထားပြီး၊ လာရောက်စမ်းသပ်မှုပြုလုပ်မည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်ပါသည်။ ရှောက်ရွှမ်လည်း ရှိနေသဖြင့်၊ ပို၍ပင် စမ်းသပ်ချင်သွားသည်။ မအောင်မြင်လျှင်တောင်၊ ရှောက်ရွှမ်အားကိုးနှင့် ကုန်းကျားဟိန်းကို စိတ်ပြောင်းသွားအောင် လုပ်မည်ဟုလည်းတွေးထားသသည်။
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မရှိသော ဝက်ဝံနက်ကို ဘယ်သူကမှ အပြစ်မတင်ပါ။ လူတို့၊ ဟင်းသီးဟင်းရွက်တို့ကို ခုတ်ခိုင်းလျှင်တော်ပါသေးသည်။ အခုတော့ ကျောက်တုံးကို ဓားနှင့်လာခုတ်ခိုင်းနေသည်။
ဆုံးဖြတ်ပြီးသွားသောအခါ၊ ဝက်ဝံနက်သည် ရှောက်ရွှမ်ဘက်သို့ လှည့်လာပြီး “မင်းဒီမှာ စောင့်နေ…ငါစမ်းသပ်မှုလုပ်လိုက်ဦးမယ်”
စမ်းသပ်မှုစတင်ရန် ပြင်နေစဉ်မှာပင်၊ လူအုပ်ထဲ ခဲရောင်ဝတ်ရုံဝတ်ဆင်ထားသော လူတစ်ယောက် ထွက်လာပါသည်။ ဆံပင်ကို အဝတ်စတစ်ခုနှင့် စည်းထားပြီး၊ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပါသည်။ သူ့ကိုကြည့်ရသည်မှာ လူသာမန်တစ်ယောက်နှင့်သာ တူနေပါသည်။
ဝက်ဝံနက်က ရှောက်ရွှမ်ကို စကားပြောတုန်းရှိသေးသည်၊ ထိုလူက ကျောက်တုံးဆီသို့ လျှောက်သွားနေပြီ ဖြစ်သည်။ ထိုသူက အရင်ရောက်သူဖြစ်သဖြင့်၊ ဝက်ဝံနက်က စောင့်ရမည် ဖြစ်သည်။ ဝက်ဝံနက်သည် အနည်းငယ်စိတ်ပျက်သွားပါသည်။
မီးခိုးရောင်ဝတ်စုံနှင့်လူသည် စားပွဲပေါ်မှ လက်နက်များကို ကြည့်နေပါသည်။ ဓားမြောင်များ၊ ဓားရှည်များ၊ ပုဆိန်များ အစရှိသည့် လက်နက်မျိုးစုံကို တင်ထားပါသည်။ ထိုလူသည် သိပ်စဉ်းစားမနေဘဲ ဓားရှည်တစ်ချောင်းကို ရွေးချယ်လိုက်ပါသည်။ ထို့နောက် ဖရဲသီးကြီး
တစ်လုံးလောက်ရှိသော ကျောက်တုံးကြီးကို ဓားနှင့် ခုတ်ချလိုက်ပါသည်။
ဘာပညာမှ မပါဘဲ၊ ရိုးရိုးလေးခုတ်ချလိုက်ချင်းဖြစ်သည်။ သို့သော် အရှိန်ကတော့ လျင်မြန်လှသည်။
“ချွင်”
ကျောက်တုံးပေါ်တွင် ဓားရာကြီးတစ်ခုထင်သွားသော်လည်း၊ ထက်ခြမ်းတော့ကွဲ မသွားပါ။ ဓားကိုကြည့်လိုက်သောအခါ၊ ဓားသွားနည်းနည်းပဲ့သွားသည်ကို တွေ့လိုက်ရပါသည်။
လူအုပ်ထဲမှ စကားပြောသံများ ထွက်လာသည်။ ထိုလူကိုသနားနေကြခြင်းတော့ မဟုတ်ပါ။ တချို့လူမျိုးဆိုလျှင် မအောင်မြင်သည့်အတွက် ပျော်ပင်ပျော်နေကြသေးသည်။
ထိုလူသည် လူအုပ်ကြီး၏ စကားသံများကို အရေးမလပ်ပါ။ ဓားကိုအလျားလိုက်ကိုင်လိုက်
ပြီး၊ လက်ချောင်းတစ်ချောင်းကို ဓားသွားပေါ်တွင် ကန့်လန့်ဖြတ်တင်ထားလိုက်သည်။ ထို့နောက် ဓားသွားပေါ်မှ ပဲ့သွားသောနေရာကို နှမြေတသစွာ ကြည့်နေပါသည်။ ထို့နောက် ကျောက်တုံးပေါ်မှ ဓားရာကြီးကို ကြည့်လိုက်ပါသည်။ ထို့နောက် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တံခါးဝကို ဦးညွှတ်လိုက်ပြီး “သင်ခန်းစာအတွက် ကျေးဇူးတင်ပါတယ်”
စမ်းသပ်မှုပြုလုပ်ပြီးသောအခါ၊ ထိုသူသည် ဓားကိုချထားလိုက်ပြီး၊ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသားပါသည်။ ထိုလူ၏ ကိုယ်အရိပ်ကို ကြည့်ရသည်မှာ ဒဏ္ဍာရီလာ သူရဲကောင်းတစ်ယောက်၏ ပုံရိပ်နှင့်တူနေပါသည်။
ထိုသူ၏ စွမ်းဆောင်ရည်ကြောင့် အားလုံး အံ့ဩသွားကြသည်။
“ခဏနေပါဦး…ဓားသွားက ပဲ့ရာကိုကြည့်ပြီး ဘာကို သဘောပေါက်သွားတာလဲ…ခင်ဗျားကို ကြည့်ရတာ ဘဝရဲ့အဓိပ္ပါယ်ကို သိသွားသလိုပဲ”
“တစ်ခွက်လောက် တူတူသောက်ပြီး၊ ဘဝအကြောင်းတွေ ပြောကြရအောင်”
တချို့လူများက ထိုသူ့နောက်မှ လိုက်သွားပြီး၊ မေးခွန်းများ မေးနေကြသည်။ သို့သော် နာမည်မရှိသော ထိုသူက စကားတစ်ခွန်းမှမပြောပါ။ လမ်းမတလျှောက် တိတ်ဆိတ်စွာ ထွက်ခွာသွားပါသည်။
ထိုသူသည် ပညာရှိတစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မည်။ လူ့လောကမှ ပညာရှိများ၏ အတွေးအခေါ်များသည် အများနှင့် မတူကြပါ။ သူတို့၏ အတွေးအခေါ်များသည် ယုတ္တိဗေဒတန်ချင်မှတန်လိမ့်မည် ဖြစ်သည်။ ထိုသူသည် အနာဂတ်တွင် ကျော်ကြားလာမည့် သူရဲကောင်းတစ်ယောက်များလား။
ဝက်ဝံနက်ကတော့ ထိုသူကို ဂရုစိုက်မနေပါ။ သူသည် စိတ်လှုပ်ရှားနေပြီဖြစ်သည်။ မျက်စိအောက်တွင် လူတစ်ယောက် ရှုံးနိမ့်သွားသည် မဟုတ်ပါလား။
“ဘယ်လိုလက်နက်မျိုး ရွေးရင် ကောင်းမလဲ”
“ဓားရှည်ပဲ ကောင်းမယ်ထင်တယ်…ကုန်းကျားမျိုးနွယ်စုဝင်တွေက ဓားရှည်တွေ ပိုလုပ်တယ်ပြောတယ်…အဲဒီတော့ ဓားရှည်က တခြားလက်နက်တွေထက် ပိုမာကြောလိမ့်မယ်” မောင်တာ့က ပြောလိုက်ပါသည်။
ဝက်ဝံနက်သည် ရှောက်ရွှမ်ဘက်သို့ လှည့်လာသည်။
“ခင်ဗျားအဆင်ပြေမယ့်လက်နက်ကိုက်ပါ၊ ခုတ်လိုက်တဲ့အချိန်ကျရင် ကျောက်တုံးကို ကြောက်မက်ဖွယ်သားရဲတစ်ကောင်လိုသဘောထားလိုက်…တခြားဘာအကြောင်းမှ မတွေးနဲ့” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
ဝက်ဝံနက်က ခေါင်းညိတ်လိုက်သည်။ ဝက်ဝံနက်ကလည်း ထိုကဲ့သို့ပင် စဉ်းစားထားခြင်းပင်။ ကိုယ်နှင့် အဆင်ပြေသော လက်နက်ကို ကိုင်
ဆောင်ခြင်းသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူလက်စွဲတော်လက်နက်ကတော့ ပုဆိန်ဖြစ်သည်။
ဝက်ဝံနက်က ရှေ့ကို တိုးထွက်လာသောအခါ၊ ရှောက်ရွှမ်က ခပ်တိုးတိုးလှမ်းပြောလိုက်သည်။ ဝက်ဝံနက်၏ မျက်လုံးများ တောက်ပသွားပြီး၊ ခေါင်းညိတ်ပြလိုက်ပါသည်။
ဝက်ဝံကြီးတစ်ကောင်လောက် ကြံ့ခိုင်သော၊ ကုန်သည် အဖွဲ့ခေါင်းဆောင်သည် ပုဆိန်ကို မလိုက်ပါသည်။ ထို့နောက် ထက်၊မထက် သိရရန် လက်ဖျားနှင့် ပုဆိန်သွားကို စမ်းကြည့်လိုက်ပါသည်။ ကျောက်တုံးကိုတော့ မရင်းနှီးသော်လည်း၊ သူသည် ပုဆိန်များအကြောင်းကိုတော့ သိပါသည်။
ရှောက်ရွှမ်၏ စကားများကို ပြန်စဉ်းစားကြည့်ရင်း၊ ဝက်ဝံနက်သည် ကျောက်တုံးနားသို့ လှမ်းလာပါသည်။ သူသည် တခြားလူမျိုးလို ကျောက်တုံးကို တည့်တည့်ရင်မဆိုင်ပါ။ အနည်းငယ်
စောင်း၍ ရင်ဆိုင်လိုင်ပါသည်။ ထို့နောက် ရှောက်ရွှမ်ကို လှမ်းကြည်လိုက်သည်။ ရှောက်ရွှမ်က ခေါင်းအသာငြှိမ့်ပြလိုက်သောအခါ၊ ဝက်ဝံနက်သည် အသက်ကိုဝအောင်ရှူလိုက်ပြီး၊ စိတ်အာရုံများကို စုစည်းလိုက်ပါသည်။ သူ့ကိုတိုက်ခိုက်ခဲ့ဖူးသော သားရဲတစ်ကောင်းအကြောင်းကို ပြန်တွေးနေပါသည်။ ကြောက်မက်ဖွယ်သားရဲနှင့် ရင်ဆိုင်ရလျှင်၊တွန့်ဆုတ်နေ၍ မဖြစ်ပါ။ ဝက်ဝံနက်သည် ကျယ်လောင်စွာ ဟစ်ကျွေးလိုက်ပြီး၊ လက်နှစ်ဖက်ကို မြှောက်ကာ၊ ပုဆိန်ကြီးဖြင့် ကျောက်တုံးကို ခုတ်ချလိုက်ပါသည်။
ဝက်ဝံနက်ကို မြင်လိုက်ရသူများ ကျောချမ်းသွားကြပါသည်။
“ဝုန်း”
အခုတစ်ခေါက်သည် ယခင်စမ်းသပ်မှုများနှင့် မတူပါ။
ကျောက်တုံးသည် ထက်ခြမ်းကွဲသွားသလို၊
ပုဆိန်သွားမှာ အောက်ကသစ်သားထဲသို့ စိုက်ဝင်သွားပါသည်။
ပရိတ်သတ်က ဝက်ဝံနက်ထက်ပင် စိတ်လှုပ်ရှားနေပြီး “ကောက်ကြည့်လိုက်လေ၊ ပုဆိန်သွား ပဲ့သွားလားကြည့်လိုက်”ဟု ဝိုင်းအော်နေကြပါသည်။
ထိုအခါ ဝက်ဝံနက်သည် သတိပြန်ဝင်လာပါသည်။ အခုတော့ သူသည် စိတ်လှုပ်ရှားနေပြီဖြစ်ပါသည်။ အားကုန်သုံးလိုက်ကာ၊ သစ်သားပုံထဲမှ ပုဆိန်ကို ဆွဲနှုတ်လိုက်ပါသည်။
“ဘာမှမဖြစ်ဘူးလား…”
“ဘာမှမဖြစ်ဘူး..,”
“အောင်မြင်သွားပြီကွ” မောင်တာ့သည် စိတ်လှုပ်ရှားစွာ ပြေးလာပါသည်။ လက်ဝါး၂ဖက်ကိုပွတ်ရင်းနှင့်၊ သူလည်း စမ်းကြည့်မည်ဟု တွေးနေပါသည်။
ရှောက်ရွှမ်က ဝက်ဝံနက်ကို ချီးကျူးရန်၊ အနားသို့ ရောက်သွားပါသည်။
“ပြီးသွားပြီမလား…သွားကြတော့” ဂုဏ်ပြုသံများကြားမှ အော်ငေါက်သံတစ်ခု ထွက်ပေါ်လာပါသည်။
ထိုအသံသည် ဝက်ဝံနက်၏ အပျော်စိတ်များကို မောင်းထုတ်လိုက်သလို ဖြစ်သွားပါသည်။ မျက်နှာပေါ်မှ အပြုံးများပျောက်ကွယ်သွားပြီး “အခုပဲ တွေးနေတာ…လင်လုပါလား” ဟုပြောလိုက်ပါသည်။
လင်လုမျိုးနွယ်စု…။ ရှောက်ရွှမ်သည် ထိုမျိုးနွယ်စုကို သိပါသည်။ မနေ့က ကျိကျွီဆီသွားစဉ်က စီးခဲ့သော ရထားလုံးမှာ လင်လုမျိုးနွယ်စုပိုင်ဆိုင်ခြင်း ဖြစ်ပါသည်။ လင်လုမျိုးနွယ်စုသည် ကျိမိသားစုကို ဖားပြီး၊ ဘုရင့်မြို့တော်တွင် မှုးကြီးမတ်ရာများ ဖြစ်လာခြင်း ဖြစ်သည်။