← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉) လုမိသားစုဝင်များ

လူ၁၀ယောက်လောက်သည် လူအုပ်ရှေ့သို့ တိုးထွက်လာသည်။ အဝတ်အစားများကို ကြည့်ပြီး၊ ၎င်းတို့သည် တစ်ဖွဲ့တည်းမှန်း သိသာပါသည်။ သို့သော် ၎င်းတို့၏ ပုံစံများသည် ထူးဆန်းနေသည်။ သူတို့သည် တိုင်းရင်းသားများဖြစ်သော်လည်း၊ မင်းမျိုးမင်းနွယ်များဝတ်သည့် ပိုးထည်များကို ဝတ်ဆင်ထားပါသည်။အထဲတွင် ပိုးအင်္ကျီကိုခံဝတ်ပြီး၊ အပေါ်မှ သားရေအင်္ကျီလက်ပြတ်ကို ထပ်ဝတ်ထားသည်။

၎င်းတို့၏ အဝတ်အစားများနှင့် အရပ်အမောင်းများကြောင့်၊ လူအများက သူတို့ကို စိတ်ဝင်စားသွားကြသည်။

ရှောက်ရွှမ်တို့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည်လည်း အရပ်ရှည်ပါသည်။ သို့သော် ဝက်ဝံနက်တို့၏ မျိုးနွယ်စုက အနည်းငယ် ပိုမြင့်

ပါသည်။ ပိုမိုပြီး ကြံ့ခိုင်တောင့်တင်းသလို ကြောက်မက်ဖွယ်အသွင်များကို ပိုင်ဆိုင်ထားကြပါသည်။ အခုတော့ ဝက်ဝံနက်ပင်လျှင် သူရှေ့မှလူထက် ခေါင်းတစ်လုံးလောက်နိမ့်နေ၏။

ထိုလူ၏ လက်မောင်းတစ်ဖက်မှာ ကျောက်တိုင်ကြီးလို ကြံ့ခိုင်လှပါသည်။ ထိုသူကို ကြည့်ရသည်မှာ ကြက်အုပ်ထဲရောက်နေသော ငှက်ကျားကဲ့သို့ဖြစ်နေပါသည်။ ကျန်သူများ၏အရပ်သည် ထိုသူ၏ ရင်ဘတ်လောက်သာ ရှိပါသည်။ အရပ်မြင့်ရုံသာမက၊ ခန္ဓာကိုယ်မှာလည်း ကြံ့ခိုင်တောင့်တင်းပါသည်။ ကြောက်တတ်သူများဆိုလျှင် ထိုသူ၏ ရှေ့ကို ရောက်လျှင် တုန်နေမည် ဖြစ်ပါသည်။ ထိုသူသည် ဆန္ဒရှိပါက လူတစ်ယောက်ကို တစ်ချက်ထဲနှင့် အသေသတ်နိုင်လောက်ပါသည်။

နည်းနည်းပါးနပ်သောသူများကတော့ ထိုသူဘယ်သူလဲ ရိပ်စားမိကြပါသည်။

“လင်လုမျိုးနွယ်စုက လုမိသားစုလား…အဲဒါခေါင်းကြီ လုပီမဟုတ်လား

“လုပီလား…ဝက်ဝံတစ်ကောင်ကို တင်းပုတ်တစ်ချက်တည်းနဲ့ အသေသတ်လိုက်တယ်ဆိုတဲ့ လုပီလား”

ထိုစကားများကို ကြားသောအခါ၊ ဝက်ဝံနက်နှင့် မောင်တာ့တို့ မယုံကြပါ။

“ဘာလဲကွ…ဒီကောင်တွေက ငါတို့ကို လာစိန်ခေါ်နေတာလား”

“ဒါဆို အဲဒါလုပီပေါ့” လူတချို့က စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် လုပီကို လူကိုယ်တိုင်မြင်ရသဖြင့် ပျော်ရွှင်နေကြသည်။

လုပီသည် လင်လုမျိုးနွယ်စု၏ အလားအလာအရှိဆုံး လူတစ်ယောက်အဖြစ် နာမည်ကျော်ပါသည်။ မြင့်မားသောအရပ်နှင့် နတ်ဘုရားတစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်သည်ဟု ပြောကြ

သည်။ လုပီကိုင်ဆွဲရန် တင်းပုတ်တစ်ခုပြုလုပ်ရန်၊ လင်လုမျိုးနွယ်စုသည် ကျီမိသားစုမှ ပန်းပဲဆရာတစ်ယောက်ကို ငှားရမ်းရသည်။ ဝက်ဝံတစ်ကောင်ကို တင်းပုတ်တစ်ချက်တည်းနဲ့ သတ်နိုင်သည်ဟု ဒဏ္ဍာရီဆန်ဆန် ပြောဆိုကြသည်။

လင်လုမျိုးနွယ်စုသည် ဘုရင့်မြို့တော်သို့ ပြောင်းရွှေ့လာပြီးနောက်၊ ၎င်းတို့၏ မိသားစုကို နာမည်ကျော်လာစေရန်၊ သူတို့အစွမ်းထက်ကြောင်းများကို ဖော်ကြူးထားသည့် သတင်းများကို လွှင့်ပါသည်။ လုပီ၏နာမည်ကို အားလုံးက သိနေကြပြီး၊ သူ့ကို လူကိုယ်တိုင် မြင်တွေ့ချင်နေကြပါသည်။ နတ်ဆိုးတစ်ကောင်လို သန်မာမလား…အိမ်လောက်ကြီးသော တင်းပုတ်ကြီးကို ကိုင်ဆွဲထားမလား သိချင်နေကြသည်။ သို့သော် သူတို့သည် လုပီကို လူကိုယ်တိုင်မမြင်ဖူးကြပါ။ လင်လုမျိုးနွယ်စုမှ အဖွဲ့ဝင်အားလုံး ရောက်မလာကြသေးသောကြောင့် ဖြစ်ပါသည်။

သို့သော် လုမိသားစုမှ အဓိကမိသားစုဝင်မှန်

သမျှ ဘုရင့်မြို့တော်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း အားလုံးသိထားကြသည်။ ပေမီခေါ်ဝက်ဝံနက်ကြီးထက် အရပ်မြင့်သူမှာ နာမည်ကျော် လုပီပင်ဖြစ်ပါသည်။

စိတ်ကူးနှင့် လက်တွေ့တွင် ကွာခြားမှုများ ရှိသော်လည်း၊ တူသည့်အချက်များလည်းရှိပါသည်။ လုပီကို လူကိုယ်တိုင်မြင်ဖူးလိုက်ရသဖြင့်၊ မြို့တော်သူ မြို့တော်သားများသည် ပြော၍ဆုံးတော့မည် မဟုတ်ပါ။

လုပီသည် ကြေးနှင့်ပြုလုပ်ထားသော တင်းပုတ်ကြီးကို ကိုင်ထားပါသည်။ တင်းပုတ်ကြီး၏ လက်ကိုင်မှာ ရှည်လျားပြီး၊ ဦးခေါင်းမှာ ဖရဲသီးနှင်တူပါသည်။ တင်းပုတ်ကြီးပေါ်တွင် တိုက်ပွဲများကြောင့် ဖြစ်ပေါ်ခဲ့သော ဒဏ်ရာဒဏ်ချက်များ ရှိနေပါသည်။ တင်းပုတ်ကြီးကို ကြည့်လိုက်ရုံနှင့်၊ လုပီမှာ ရင်ဆိုင်ရန် ခက်မည့် လူတစ်ယောက် ဖြစ်ကြောင်း သိနိုင်ပါသည်။ သူ့တင်းပုတ်ကြီးသည် အိမ်တစ်လုံးလောက် မကြီးမားသော်လည်း၊ ထီးရွက်တစ်ခုစာလောက်

တော့ ရှိပါသည်။ ထိုကဲ့သို့ တင်းပုတ်တစ်ခုကို လက်နက်အနေနှင့် အသုံးချရန် မလွယ်ကူပါ။

ရှောက်ရွှမ်နှင့် ကွမ်းယီတို့သည် ကြံ့ခိုင်တောင့်တင်းသူများ ဖြစ်ကြသည်။ သို့သော် လုပီနှင့် သူ့လူများရှေ့ရောက်သောအခ၊ ပိန်လှီသယောင်ထင်ရပါသည်။ ကျန်သောလူများကတော့ လုပီတို့နှင် ယှဉ်လျှင် မီးခြစ်ဆံနှင့် တူနေပါသည်။

သို့သော် စကားစပြောသူမှာ လင်လုမဟုတ်ဘဲ၊ ပိုမိုသားနားသော လူငယ်တစ်ယောက်ဖြစ်ပါသည်။ သူသည် အားလုံးကို သရော်သလို ကြည့်နေပါသည်။ လေသံကလည်း မောက်မာနေပါသည်။

ဝက်ဝံနက်က သူတို့ကို လင်လုမျိုးနွယ်စုဟုခေါ်သည့်အတွက် မကြိုက်ကြပါ။ ဝက်ဝံနက်ရှေ့တွင်ရပ်နေသော လူငယ်သည် အေးစက်သောမျက်လုံးများဖြင့် ကြည့်နေပါသည်။

သူတို့အတွက်တော့ “မျိုးနွယ်စု”ဆိုသော

စကားလုံးသည် ခေတ်နောက်ကျနေပြီ ဖြစ်သည်။ အခုဆိုလျှင် လင်လုမိသားစုဝင်အားလုံးသည် မြို့ကြီး၆မြို့မှ မင်းမျိုးမင်းနွယ်များလို လိုက်လံ ပြုမူကြသည်။ မျိုးနွယ်စုဟုနာမည်ခံမည့်အစား၊ မိသားစုဟုနာမည် ခံကြသည်။ သူတို့သည် မင်းမျိုးမင်းနွယ်များဖြစ်လာရန် အစွမ်းကုန်ကြိုးစားကြသည်။ ဘုရင့်မြို့တော်တွင် မျိုးနွယ်စုများက သူတို့ကိုယ်သူတို့ မျိုးနွယ်စုဟု မခံယူဘဲ မိသားစုဟုသာခံယူကြပါသည်။ သူတို့ကို မျိုးနွယ်စုဟုခေါ်လိုက်ခြင်းမှာ စော်ကားသည်နှင့် အတူတူပင် ဖြစ်ပါသည်။

“ခင်ဗျားတို့ ကုန်သည်တွေက အလကားပါဗျာ…ဘာရည်ရွယ်ချက်မှ မရှိဘူး…အရိုင်းအစိုင်းတွေ” လူငယ်က‌ ရေရွတ်လိုက်သည်။

ဝက်ဝံနက်က နှာခေါင်းရှုံ့လိုက်ပြီး “ ဟုတ်တယ်…မင်းတို့တွေက တော်တော် ရည်မှန်းချက်ကြီးတဲ့ကောင်တွေပါ…ဘုရင့်မြို့တော်မှာ လာပြီး ကျွန်ခံနေကြတယ် မဟုတ်လား…မြို့တော်အပြင်မှာ သီးနှံတွေ ရင့်မှည့်နေပြီ… ရိတ်သိမ်းဖို့လူလိုနေ

တယ်… မင်းတို့ ဝင်လုပ်ကြည့်ပါလား…လစာလည်းမဆိုးပါဘူး…ထမင်းနှစ်နပ်တော့ စားလို့ရမှာပါ”

အခြေအနေများက တင်းမာလာပြီး၊ ပေါက်ကွဲထွက်တော့မလို ဖြစ်နေပါသည်။

လူအုပ်ကြီးသည် တိတ်ဆိတ်သွားပါသည်။ ထွက်ခွာသွားသောလူများသည် မိတ်ဆွေသူငယ်ချင်းများကို ခေါ်၍ ပြန်ရောက်လာကြသည်။ သူတို့သည် လုပီကိုလာကြည့်သလို တိုက်ပွဲဖြစ်လာလျှင်လည်း ကြည့်မည် ဖြစ်သည်။ အခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်ပါ။

ဝက်ဝံနက်ကုန်သည်အဖွဲ့နှင့် လင်လုမျိုးနွယ်စုမှ လုမိသားစုတို့ တိုက်ခိုက်လျှင် မည်သူနိုင်မည်နည်း။ ဝက်ဝံနက်တို့က ၄ယောက်၊ လုမိသားစုက ၁၀ယောက် ဖြစ်ပါသည်။

တချို့လူများက လောင်းကြေးများပင်ထပ်နေကြသည်။

“ဘာလဲ…မင်းတို့လဲ ဓားစမ်းသပ်ပွဲကိုလာတာမဟုတ်ဘူးလား…မင်းတို့ သတ္တိမရှိဘူးလား” ဝက်ဝံနက်က ပြောလိုက်ပါသည်။

လူငယ်က မျက်နှာကို မော့လိုက်ပြီး “မဆိုးပါဘူး” ဟုမေပြာလိုက်သည်။ သူသည် ဓားစမ်းသပ်မည့် နေရာနားသို့ လျှောက်သွားပြီး ပရိတ်သတ်ကို ကြည့်လိုက်ကာ “လုမိသားစု လုမင်ပါ…ဓားစမ်းသပ်ဖို့လာတာပါ” ဟုပြောလိုက်ပါသည်။

လုမင်၏ ဘေးမှ နောက်တစ်ယောက်ထွက်လာပြီး “လုမိသားစုက လုဖုန်းပါ…ဓားစမ်းသပ်ဖို့ လာတာပါ” ဟုပြောလိုက်ပါသည်။

ထို့နောက် လုပီသည် တင်းပုတ်ကြီးကို ထမ်းရင်း “လုမိသားစု လုပီပါ…ဓားစမ်းသပ်ဖို့ လာတာပါ” ဟုပြောလိုက်ပါသည်။

လူ၁၀ယောက်သည် နာမည်များကို ဆက်တိုက်ကြေညာသွားပါသည်။ နာမည်များကို စာရင်းပေး

သွင်းခြင်းမဟုတ်ဘဲ၊ ပရိတ်သတ်သိအောင် ကြေညာနေသလို ဖြစ်နေပါသည်။

“မင်းတို့ ဝက်ဝံနက်အဖွဲ့ကကောင်တွေ ပြီးသွားရင် သွားတော့ကွာ…ပြီးပြီး မပြီးပြီး…အခု ငါတို့အလှည့်ရောက်ပြီ” လုမင်က ဝက်ဝံနက်ကို ကြည့်ပြီး ပြောလိုက်သည်။

၂ကြိမ်တိုင် မောင်းထုတ်ခံလိုက်ရသဖြင့် ဝက်ဝံနက် ဒေါပွသွားသည်။ တခြားနေရာမှာဆိုလျှင်တော့ ဒေါသအလျှောက် ပြုမူမိမည် ဖြစ်သည်။ သို့သော် သူသည် ကုန်းကျားမိသားစု၏ အိမ်တော်တွင် ရောက်နေခြင်းဖြစ်ပါသည်။ သူသည် စမ်းသပ်မှုကို အောင်မြင်သွားပြီး ၊ ကုန်းကျားဟုန်က သူ့အတွက် လက်နက်လုပ်ပေးတော့မည် ဖြစ်သည်။ လုမိသားစုဝင်များနှင့် ရန်ဖြစ်နေပါက၊ ကုန်းကျားဟုန် စိတ်ပျက်သွားလိမ့်မည်။ အခွင့်အရေးလွတ်သွားမည်စိုးသဖြင့် ဝက်ဝံနက်သည် ရန်မရှာရန် ဆုံးဖြတ်လိုက်ပါသည်။

နောက်ပြီးတော့ ဝက်ဝံနက်သည် ရှောက်ရွှမ်နှင့်

လိုက်လာခြင်းဖြစ်သည်။ သူ့ပြဿနာတွင် ရှောက်ရွှမ်ကို ဝင်မပါစေချင်ပါ။ ရှောက်ရွှမ်သည် နောက်တစ်နေ့တွင် ကျီကျွီဆီသွားရမည်ဖြစ်သည်။ ရှောက်ရွှမ်သာ ဒဏ်ရာရသွားပါက၊ သူတို့၏ အကြံအစည်များ ပျက်စီးကုန်မည် ဖြစ်သည်။

ဝက်ဝံနက်သည် ဒေါသများကို မျိုသိပ်ထားလိုက်ရပါသည်။ သူသည် စူးရှသော မျက်လုံးများဖြင့် လုမိသားစုဝင်များကို စိုက်ကြည့်လိုက်သည်။

ရှောက်ရွှမ်သည် လင်လုမိသားစုဝင်များ၏ လှုပ်ရှားမှုများကို အကဲခတ်နေပါသည်။ ထိုသူ၁၀ယောက်မှာ ဓားစမ်းသပ်ရန် လာကြခြင်းမဟုတ်ကြောင်း ရှောက်ရွှမ်ခန့်မှန်းမိလိုက်ပါသည်။ သို့သော် ထိုသူများသည် ဝက်ဝံနက်ကို မြင်ပြီးသောအခါ စိတ်ပြောင်းသွားပါသည်။

ဝက်ဝံနက်သည် စမ်းသပ်မှုကို အောင်မြင်ထားသူဖြစ်၍ ထိုသူ၏အပြုအမူများမှာ ရူးမိုက်ရာကျနေပါသည်။ ထိုသူများသည် ဝက်ဝံနက်ကို စိတ်ဆိုးလာအောင် ဆွပေးနေခြင်းလား။

ရှောက်ရွှမ်သည် လူသားများနှင့် တိရစ္ဆာန်များ၏ အငွေ့အသက်များကို ခံစားနိုင်ပါသည်။ လုမိသားစုဝင်များသည် လူကောင်းများမဟုတ်ကြောင်း သူအာရုံခံမိပါသည်။ ထိုသူများသည် တိုက်ခိုက်ရန် ရောက်လာကြသူများ ဖြစ်သည်။

ရှောက်ရွှမ်၏ ခန့်မှန်းချက် မှန်ပါသည်။ သူတို့သည် အစကတော့ စမ်းသပ်ပွဲကို လာရောက်ခြင်းဖြစ်သော်လည်း ဝက်ဝံနက်ကို မြင်သောအခါ စိတ်ပြောင်းသွားကြသည်။ ဝက်ဝံနက်တွင် လူလေးယောက်သာပါလာပြီး၊ အခြားဝက်ဝံနက် အဖွဲ့ဝင်များ ပါမလာကြပါ။ သူတို့လုမိသားစုတွင်တော့ လူ၁၀ယောက်ပါလာပါသည်။

ဘုရင့်မြို့တော်ကဲ့သို့နေရာမျိုးတွင် နေရာတစ်နေရာရလိုပါက၊ သန်မာပြီး အစွမ်းထက်ကြောင်း သက်သေပြရသည်။ အခုတော့ ဝက်ဝံနက်ကို လှေကားထစ်လို အသုံးချပြီး သူတို့၏ စွမ်းရည်များကို ပြသခွင့်ရပြီဖြစ်သည်။

လုမင်၏ အကြည့်များသည် ထူးဆန်းနေပါသည်။ သူတို့သည် ဝက်ဝံနက်ကို လှေကားထစ်လို နင်းပြီး နာမည်ကြီးအောင် ပြုလုပ်ကြမည် ဖြစ်ပါသည်။

လုဖုန်းနှင့် ကျန်သူများက ဝက်ဝံနက်ကို ဆက်လက် လှောင်ပြောင်နေသည်။ မောင်တာ့ပင် စိတ်ဆိုးလာပြီ ဖြစ်သည်။ လုမိသားစုဝင်များက သူတို့ကို တမင်ရန်စနေသည်ကို သိသော်လည်း၊ အခုတော့ သူတို့မျိုးနွယ်စုကို စော်ကားနေခြင်း ဖြစ်သည်။

ဝက်ဝံနက်သည် ရှောက်ရွှမ်နှင့် ကျန်သူများကို နောက်ဆုတ်နေရန် အချက်ပြလိုက်ပြီး၊ ကြေးနှင့်ပြုလုပ်ထားသော ဓားကြီးတစ်ချောင်းကို ဆွဲထုတ်လိုက်ကာ “ဒီလောက်တောင် သေချင်နေတဲ့ကောင်တွေ…ငါနဲ့တွေ့ကြသေးတာပေါ့”

လုမင်၏ မျက်လုံးများသည် အရောင်လက်သွားပါသည်။ သူနှင့်ပါလာသော လူ၉ယောက်က ရှေ့သို့တိုးလာပါသည်။

လူ၁၀ယောက်ကို အုပ်စုလေးစုခွဲလိုက်ပါသည်။ လူ၃ယောက်ပါဝင်သော အဖွဲ့၃ဖွဲ့နှင့် တစ်ယောက်တည်းက တစ်ဖွဲ့ဖြစ်ပါသည်။

လုပီသည် ဝက်ဝံနက်နှင့်တိုက်ခိုက်မည်ဟု အားလုံးကထင်ထားကြသည်။ ထိုသူတစ်ယောက်သာ ဝက်ဝံနက်ကို အနိုင်ယူနိင်ချေရှိပါသည်။ သို့သော် မမျှော်လင့်ဘဲ၊ လုပီသည် သူ၏တင်းပုတ်ကြီးနှင့် ရှောက်ရွှမ်ကို တိုက်ခိုက်လိုက်ပါသည်။

တောထဲတွင် မုဆိုးများအမဲလိုက်လျှင် အားအနည်းဆုံးသော သားကောင်ကို အရင်တိုက်ခိုက်ကြသည်။

ထိုသို့ပြုလုပ်ခြင်းမှာ အနိုင်ကျင့်ခြင်းမဟုတ်…နည်းဗျူဟာတစ်ခုသာဖြစ်ပါသည်။

နှစ်ဖက်စလုံးက ခွန်အားချင်းတူနေလျှင်တောင်၊ နှာတဖျားသာသည့်ဘက်က သောင်ပြိုကမ်းပြိုအနိုင်ရသွားမည် ဖြစ်သည်။ နှာတဖျား

အသာရရန် အားအနည်းဆုံးရန်သူကို အရင်တိုက်ခိုက်ရခြင်း ဖြစ်သည်။

လင်လုမိသားစုဝင်များ၏ အကြံအစည်သည် အားအနည်းဆုံးရန်သူကို တိုက်ခိုက်ရန်ဖြစ်သည်။ ဝက်ဝံနက်ကို တိုက်ခိုက်ရန် မဟုတ်ပါ။ မောင်တာ့က ဝက်ဝံနက်၏ လက်ထောက်ဖြစ်သဖြင့် ခေသူမဟုတ်ပါ။ ကျန်သော ၂ယောက်တွင် ၊ ၁ယောက်က သူတို့ကို စားမလို၊ဝါးမလို ကြည့်နေသော အဖိုးကြီးတစ်ယောက်ဖြစ်သည်။ အဖိုးကြီးမှာ အားနည်းပုံမပေါ်ပါ။ တစ်ယောက်သာကျန်တော့သည်။ သိပ်အထင်ကြီးစရာမလိုသော ချာတိတ်လေးဖြစ်သည်။ ထိုချာတိတ်လေးကို နောက်ဆုတ်နေရန် ဝက်ဝံနက်က မှာလိုက်သည် မဟုတ်ပါလား။

ထိုချာတိတ်လေးသည် ဝက်ဝံနက်၏ အဖွဲ့ထဲတွင် အားအနည်းဆုံးသူ ဖြစ်ရမည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၄၀) တင်းပုတ်ကြီးနှင့် ရန်သူတော်

စကားတစ်ခွန်းမှ မပြောဘဲနှင့်၊ လုမင်တို့သည် နတ်စွမ်းအင်များကို နှိုးထလိုက်ကာ၊ အတွင်းအားကို အစွမ်းကုန်ထုတ်လိုက်သည်။ ထွက်ပေါ်လာသော အတွင်းအားလှိုင်းများကြောင့် လေတိုးသံများ ထွက်ပေါ်လာသည်။ ဘေးတွင်ရပ်ကြည့်နေသောသူများပင် အတွင်းအားလှိုင်းများကို ခံစားလိုက်ရလေသည်။

လုမိသားစုဝင်၁၀ယောက်ထဲတွင် ၇ယောက်မှာ အဆင့်မြင့်စစ်သည်တော် ဖြစ်ကြသည်။ ကျန်၃ယောက်မှာ အဆင့်နိမ့်သော်လည်း၊ အတွဲညီညီတိုက်ခိုက်နိုင်ကြသည်။ သုံးယောက်ပေါင်းပြီး လူတစ်ယောက်ကို ကောင်းကောင်း ဇီဝိန်ချွေနိုင်ပါသည်။

ဝက်ဝံနက်၊မောင်တာ့၊ကွမ်းယီတို့ရှေ့တွင် အဆင့်မြင့်စစ်သည်တော်၂ယောက်နှင့် အလတ်

တန်းအဆင့် စစ်သည်တော်၁ယောက်ရပ်နေပါသည်။ ကြိုတင်ကြံစည်လာခြင်း ဖြစ်သဖြင့်၊ သူတို့သည် အကွက်ကျကျ လှုပ်ရှားနေကြပါသည်။

ကွမ်းယီသည် ရှောက်ရွှမ်ကို ကူညီချင်သော်လည်း အငယ်တန်း၃ယောက်က သူ့ဆီဝင်လာပါသည်။ ကွမ်းယီသည် စဉ်းစားနေရန် အချိန်မရတော့ဘဲ၊ အငယ်တန်း၃ယောက်၏ ဓားများကို သူ့ဓားဖြင့် ခုခံလိုက်ရသည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဓားချင်းထိခိုက်သံထွက်ပေါ်လာပါသည်။

တစ်ချက် ထိမိလိုက်ပြီးနောက်၊ တစ်ခုခုမှားနေသည်ကို ကွမ်းယီသတိထားလိုက်မိသည်။ ကွမ်းယီ၏ ဓားသွားပဲ့သွားပြီ ဖြစ်ပါသည်။

မီးတောက်ဦးချိုရွာသို့ ကုန်းကျားဟုန်လာလည်တုန်းက ဓား၁၀ချောင်း လက်ဆောင်ပေးခဲ့သည်။ ထိုစဉ်တုန်းက ကုန်းကျားဟုန်၏ဓားများကို သူ

နှင့် သိပ်အသားမကျဟု ဆိုပြီး၊ မယူခဲ့ပါ။ လူငယ်များကိုသာ ပေးလိုက်ပါသည်။ သုန့်ကန်းက သူ့ဓားကို ကွမ်းယီအားပေးလိုက်ချင်သော်လည်း၊ ကွမ်းယီက လက်မခံပါ။ သုန့်ကန်းက အဖွဲ့ကို ဦးဆောင်ရဦးမည် ဖြစ်သည်။ သူကတော့ ရှောက်ရွှမ်၊ဝက်ဝံနက်တို့နှင့်အတူ ရှိနေသဖြင့် သိပ်ကိစ္စမရှိပါဟု တွက်ဆခဲ့သည်။

ထို့ကြောင့် ကွမ်းယီ၏ဓားသွားပဲ့သွားခြင်း ဖြစ်ပါသည်။ သူကိုင်ထားသော ဓားမှာ မနက်ကယူလာခဲ့သော သာမန်ဓားတစ်ချောင်းသာဖြစ်သည်။ ထို့ပြင် ထိုဓားနှင့် သူအသားမကျသေးပါ။ သူကိုင်နေကျ လက်စွဲတော်ဓားကောက်ကြီးက ကျိုးသွားပြီ ဖြစ်သည်။ လက်ရှိသူသုံးနေသော ဓားမှာ သူနှင့် အသားမကျသေးပါ။

ကုန်းကျားဟုန်ကို သူ့အတွက် ဓားကောက်တစ်ချောင်းလုပ်ခိုင်းမည်ဟု ရှောက်ရွှမ်က ပြောပါသည်။ သို့သော် ကုန်းကျားဟုန်နှင့်မတွေ့ခင်၊ တိုက်ပွဲနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

သူ့ပြိုင်ဘက်၏ဓားမှာ သူ့ဓားထက် ပိုကောင်းပါသည်။ ကွမ်းယီသည် အငယ်တန်း၃ယောက်ကို အချိန်တိုအတွင်း အနိုင်ယူနိုင်မည့်ပုံမပေါ်ပါ။

ကွမ်းယီ၏ ပြိုင်ဘက်များမှာလည်း အခြေအနေမကောင်းပါ။ ကွမ်းယီနှင့် ဓားချင်းယှဉ်ခုတ်ပြီးသောအခါ၊ လက်မောင်းများ ထုံကျင်သွားပြီး အရိုးမျာ ကျိုးသွားမတတ် ခံစားလိုက်ရပါသည်။

ဝက်ဝံနက်နှင့် မောင်တာ့တို့သည်လည်း ၎င်းတို့၏ ရန်သူများကို အချိန်တိုအတွင်း အနိုင်မယူနိုင်ပါ။ ထို့ကြောင့် ရှောက်ရွှမ်ကို အကူအညီမပေးနိုင်ကြပါ။

လုမင် ပြုံးလိုက်ပါသည်။ အားလုံးသည် သူတွက်ချက်ထားသလို ဖြစ်လာခဲ့ပြီ။ ဝက်ဝံနက်အဖွဲ့သည် ရင်ဆိုင်ရလွယ်ကူသော ပြိုင်ဘက်မဟုတ်ပါ။ အချိန်နှင့် လက်နက်သာ လုံလုံလောက်လောက်ရပါက၊ သူ့လူ၁၀ယောက်ကို အနိုင်တိုက်ရန် မလွယ်ကူပါ။

လုပီသည် ချာတိတ်လေးကို တင်းပုတ်တစ်ချက်တည်းနှင့် အနိုင်ယူနိုင်မည်ဟု အားလုံးက ယုံကြည်ထားကြသည်။ ထိုချာတိတ်လေးမရှိတော့လျှင် ဝက်ဝံနက်အဖွဲ့တွင် လူ၃ယောက်သာကျန်တော့မည် ဖြစ်သည်။ ထိုအခါ လုပီက ဝက်ဝံနက်ကို ဝိုင်းတိုက်နိုင်မည် ဖြစ်သည်။ ယခုတစ်ခါတော့ သူတို့မရှုံးနိုင်တော့ပါဟု လုမိသားစုဝင်များက ယုံကြည်နေကြသည်။

လုပီသည် လျှပ်စီးလက်သလို ပြေးလာပါသည်။ သူ၏အရှိန်နှုန်းသည် မျှော်လင့်ထားသည်ထက် ပိုမြန်နေပါသည် သူသည် အမြောက်ဆံကြီးတစ်ခုပမာ ပစ်မှတ်ဆီသို့ ပြေးဝင်သွားပါသည်။

မျက်စိတမှိတ်အတွင်း၊ လုပီသည် ရှောက်ရွှမ်၏ ရှေ့သို့ ရောက်သွားပါသည်။ သူသည် တင်းပုတ်ကြီးကို ဝှေ့ယမ်းပြီး၊ ရှောက်ရွှမ်၏ထွက်ပေါက်အားလုံးကို ပိတ်ထားလိုက်ပါသည်။ ရှောက်ရွှမ်၏တကိုယ်လုံးကို တင်းပုံရိပ်

များ လွှမ်းခြုံသွားပါသည်။

လုပီသည် လင်လုမျိုးနွယ်စု၏ အတော်ဆုံးစစ်သည်တော်ဟု နာမည်ကျော်ခြင်းမှာ အလကားနာမည်ကျော်ခြင်း မဟုတ်ပါ။

“ချွင်…”

သတ္တုများ၏ တုန်ခါသံများ ထွက်ပေါ်သွားသည်။ ရပ်ကြည့်နေသော ပရိတ်သတ်မှာ တင်းပုတ်ကြီးက သူတို့နှလုံးသားကို ထုနှက်လိုက်သလို ခံစားလိုက်ရသည်။

ရှောက်ရွှမ်သည် ဓားရိုးကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး၊ နောက်လက်တစ်ဖက်က ဓားသွားကို ကိုင်၍ တင်းပုတ်ကြီးကို ခုခံလိုက်ပါသည်။ ခြေ၂ချောင်းက မြေပြင်ပေါ်တွင် မြဲမြံစွာ ရပ်လိုက်ပါသည်။ တင်းပုတ်ကြီး၏ အရှိန်ကြောင့်၊ ရှောက်ရွှမ်ခြေထောက်အောက်မှ မြေပြင်မှာ ကွဲအက်သွားပြီး၊ ဖုန်များ၊ ကျောက်ခဲများ လေထဲတွင် လွင့်စင်ကုန်ပါသည်။

ရှောက်ရွှမ်၏ လက်ညှိုးနှင့် လက်မကြားမှ သွေးများယိုစီးကျလာသည်။ သို့သော် လုပီ၏ တင်းပုတ်ကို ကာကွယ်နိုင်လိုက်ပါသည်။

လုပီတစ်ယောက်တုန်လှုပ်သွားသော်လည်း၊ တုန့်ဆိုင်းမနေပါ။ တင်းပုတ်ကြီးကို လွှဲပြီး နောက်တစ်ကြိမ်ထုချလိုက်သည်။ တင်းပုတ်ကြီးသည် လေးညှို့မှ ထွက်လာသော မြားတစ်ချောင်းပမာ ရှောက်ရွှမ်ဆီသို့ ဝင်သွားပါသည်။

ဓားသွားက နေရောင်ခြည်အောက်တွင် လက်ခနဲ ဖြစ်သွားပါသည်။

“ ချွင်…”

သတ္တုချင်းထိခိုက်မိသံက အားလုံးကို နားမကွဲတတ်ဖြစ်သွားစေပါသည်။ မီးစများ ပွင့်ထွက်လာသဖြင့် ကြည့်နေသူများ မျက်စိများကျိန်းသွားပါသည်။

ရှောက်ရွှမ်သည် သူ၏ဓားဖြင့် တင်းပုတ်ကို နောက်တကြိမ်ကာကွယ်လိုက်ပါသည်။

တင်းပုတ်ချက်ကို ပယ်လိုက်ပြီးသောအခါ၊ ရှောက်ရွှမ်သည် နောက်သို့အနည်းငယ်ဆုတ်လိုက်ပြီး၊ တင်းပုတ်ကြီးဆီပါလာသော အတွင်းအားများကို သူ့ခြေထောက်အောက်မှ မြေကြီးထဲသို့ လွှဲပြောင်းပေးလိုက်သည်။ ခြေထောက်အောက်တွင် ပေါက်ကွဲသံများထွက်ပေါ်လာပြီး မြေကြီးများ၊ ကျောက်ခဲများ ဖွာလန်ကြဲသွားပါသည်။

ရှောက်ရွှမ်၏ လက်ပေါ်မှ ဒဏ်ရာသည် လက်ညှိုးနှင့် လက်မကြားမှ လက်ကောက်ဝတ်ဆီသို့ ရောက်သွားပြီး သွေးများစီးကျနေပါသည်။

နောက်တစ်ကြိမ် ခုခံလိုက်ခြင်းဖြစ်သည်။

အားလုံးပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။

လုပီကတော့ အံ့ဩရုံသာမက၊ ကြောက်လည်း

ကြောက်ရွံ့သွားပါသည်။

သူတို့ အားအနည်းဆုံးဟု ယူဆခဲ့သော ချာတိတ်လေးသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းနေမည်ဟု သူမထင်ထားပါ။ ထိုချာတိတ်လေး၏ ပုံစံမှာ ကြည့်လျှင်တော့ အထင်ကြီးစရာ မရှိပါ။ သို့သော် ထိုချာတိတ်လေးကပင် သူ့တိုက်ခိုက်မှုများကို ၂ကြိမ်ကာကွယ်သွားပြီ ဖြစ်သည်။

လုပီသည် ထိုချာတိတ်လေးကို ကြည့်လိုက်သောအခါ၊ ခန္ဓာကိုယ်ပေါ်တွင် နတ်အမှတ်အသားများထွက်ပေါ်နေသည်ကို တွေ့လိုက်ရပါသည်။

ထိုချာတိတ်လေးသည် ဝက်ဝံနက်အဖွဲ့မှမဟုတ်ပါ။

“သူဘယ်သူလဲ”

သူ့ပြိုင်ဘက်ပြုံးလိုက်သည်ကို လုပီတွေ့လိုက်ရပါသည်။ ထိုအပြုံးသည် ကြောက်မက်ဖွယ်

ကောင်းနေသဖြင့်၊ လုပီကျောချမ်းသွားပါသည်။

လုပီထပ်မံမလှုပ်ရှားနိုင်ခင်၊ အတွင်းအားလှိုင်းကြီးတစ်ခုက သူ့တင်းပုတ်လက်ကိုင်ရိုးပေါ် ကျရောက်လာသည်။ လုပီသည် မြေပြင်ကို ခြေ၂ချောင်းဖြင့် ကျားကန်၍ ရပ်နေလိုက်ရသည်။

တင်းပုတ်လက်ကိုင်ရိုးပေါ်ကျရောက်လာသော အတွင်းအားလှိုင်းက မြန်ဆန်လွန်းသဖြင့်၊ လုပီဘာမှလုပ်ချိန်မရပါ။

“တိုက်ရမယ်…တိုက်ရမယ်…”

လုပီ၏ခြေထောက်အောက်မှ မြေပြင်သည် ကွဲအက်ကုန်ပါသည်။

ထိုအခါ လုပီသည် နောက်သို့ဆုတ်သွားပါသည်။ သူ့ပြိုင်ဘက်၏ အတွင်းအားလှိုင်းကို ရင်မဆိုင်နိုင်တော့ပါ။

လုပီ၏ မျက်နှာပေါ်တွင် မယုံနိုင်သော ဟန်ပန်များ ပေါ်လာပါသည်။ တင်းပုတ်ကြီးကို ကိုင်ထားသော လက်၂ဖက်စလုံး ယောင်ယမ်းနေပြီ ဖြစ်သည်။

သို့သော် အတွင်းအားလှိုင်းကတော့ ပိုပို ပြင်းထန်လာသည်။

ရှောက်ရွှမ်၏ ကိုယ်ထဲမှ အတွင်းအားများက လှိုင်းလုံးကြီးများလို ထွက်ပေါ်နေပါသည်။ ကုန်ကျားတောင်တန်းမှ ပြန်လာပြီးနောက်၊ သူ၏ အတွင်းအားများ တိုးတက်လာသည်ကို ရှောက်ရွှမ်သတိထားမိပါသည်။

အတွင်းအားများသည် သွေးများ၊ကြွက်သားများ၊ သွေးကြောများ၊ အရိုးများမှတဆင့် အရှိန်အဟုန်ပြင်းစွာ စီးဆင်းထွက်ပေါ်နေပါသည်။

လုပီ၏လက်များ တုန်ခါနေပါသည်။ သူသည် အတွင်းအားလှိုင်းကို ခုခံလိုသော်လည်း မခုခံနိုင်

တော့ပါ။ မြေကြီးထဲနစ်ဝင်နေသော ခြေထောက်၂ချောင်းမှာ နောက်သို့‌ ရွေ့သွားပါသည်။

သူ့ဖနောင့်အောက်တွင် နွားရိုင်းတစ်ကောင် လယ်ထွန်ထားသလို စွပ်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာပါသည်။ မြေကြီးနှင့် ပွတ်တိုက်မိခြင်းကြောင့်၊ သူ့ဖနောင့်များ ပူခြစ်နေပါသည်။

သူနှင့်ရင်ဆိုင်နေရသည်မှာ လူမဟုတ်၊ သားရဲကြီးတစ်ကောင်ဟု လုပီခံစားလိုက်ရပါသည်။

ကျန်သူများအားလုံးမှာ ကျောက်ရုပ်ကြီးများလို ငြိမ်သက်နေကြပါသည်။

ရပ်ကြည့်နေသော ပရိတ်သတ်မှာလည်း မျက်လုံးများ ပြူးထွက်လာကြပါသည်။

ရှောက်ရွှမ်သည် အတွင်းအားကို အစွမ်းကုန်ထုတ်လိုက်ပြီး၊ တင်းပုတ်ကို ဓားနှင့် ခတ်ထုတ်လိုက်သည်။

လုပီ၏ လက်မောင်းတလျှောက် ထုံကျင်သွားပြီး၊ ပုခုံးများမှာ အဆစ်များ ပြုတ်ထွက်သွားသလိုခံစားလိုက်ရပါသည်။ အခု သူ့လက်ထဲတွင် ဘာမှမရှိတော့ပ။

လုပီ ဘာမှတောင်မလုပ်ရသေး၊ ပြိုင်ဘက်က သူ့တင်းပုတ်ကို လုယူသွားပြီ ဖြစ်သည်။

လုပီသည် တင်းပုတ်ကို ပြန်ယူရန် ပြင်လိုက်သော်လည်း ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရပါသည်။ ဓားသွားသည် သူ့လည်မျိုဆီကို ဝင်လာသဖြင့်၊ နောက်သို့ ခုန်ရှောင်ပေးလိုက်ရသည်

ရှောက်ရွှမ်က ဓားကိုပြန်ရုတ်သိမ်းလိုက်ပါသည်။ လက်တစ်ဖက်က တင်းပုတ်ကြီးကို ကိုင်ထားပါသည်။ တင်းပုတ်ကြီးသည် လုပီအတွက် ပြုလုပ်ထားခြင်း ဖြစ်သဖြင့်၊ လက်ကိုင်မှာ ကြီးမားလှပြီး၊ ရှောက်ရွှမ်၏လက်ချောင်းများနှင့် ကွက်တိမဖြစ်ပါ။ သို့သော် ကိုင်ထား၍တော့ ရ

ပါသည်။

ရှောက်ရွှမ်သည် တုန်လှုပ်နေသော လုပီကို ကြည့်လိုက်ပါသည်။ ထို့နောက် လုပီ၏ ဂုဏ်သိက္ခာကိုပင် မငဲ့ညှာတော့ဘဲ၊ တင်းပုတ်ကြီးကို ဝှေ့ယမ်းလိုက်ပါသည်။

တိုက်ပွဲဖြစ်ပေါ်နေသော အသံများကြောင့် လူများရောက်လာပြီး ကြည့်နေကြပါသည်။

“ဘယ်သူနဲ့ ဘယ်သူချနေကြတာလဲ” တစ်ယောက်က မေးလိုက်သည်။

“ တစ်ဖက်က လုမိသားစု…နောက်တစ်ဖက်က…နေပါဦး…အဲဒါဘယ်သူလဲ…နတ်မှတ်အသားတွေနဲ့ ချာတိတ်ကို ကြည့်ရတာ ဝက်ဝံနက်အဖွဲ့က လူနဲ့ မတူပါဘူး”

“လုမိသားစုကို ပြောနေတာလား…ဘုရင့်မြို့တော်ကို ပြောင်းလာတာ မကြာသေးတဲ့ လင်လုမျိုးနွယ်စုလား” တစ်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်

သည်။

“လင်လုမျိုးနွယ်စုလား…လုပီလက်နက်က တင်းပုတ်ကြီးလို့ ငါကြားဖူးတယ်…တင်းပုတ်ကြီးနဲ့လိုက်ထုနေတဲ့လူက နာမည်ကျော် လုပီလား”

“မဟုတ်ဘူး…လုပီက တင်းပုတ်ကြီးနဲ့ လိုက်ထုခံနေရတဲ့လူကွ…”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၄၁) တင်းမာလာသောအခြေအနေ

ရန်ပွဲကို လာကြည့်နေသူများ အံ့ဩသွားကြသည်။

ကုန်းကျားအိမ်တော်အပေါက်ဝမှ အစောင့်များပင် အံ့ဩသွားကြပါသည်။

ဝက်ဝံနက်တို့နှင့်တိုက်ခိုက်နေသော လင်လုမျိုးနွယ်စုဝင်များမှာ ကြောက်ရွံ့သဖြင့် ခြေထောက်များပျော့ခွေ ကုန်ပါသည်။

အစကတည်းက တစ်ခုခုလွဲနေပြီဟု လုမင်ခံစားခဲ့ရပါသည်။ ဝက်ဝံနက်သည် သူတို့ကို အန္တရာယ်ပေးနိုင်သူဖြစ်သဖြင့်၊ လုမင်သည် ဝက်ဝံနက်ကို အာရုံစိုက်နေရသည်။ ထို့ကြောင့် လုပီဘာဖြစ်သွားလဲ သူမမြင်လိုက်ရပါ။ လုမင်သည် သူတို့အစီအစဉ် အောင်မြင်မည် ဟုသာ ထင်နေပါသည်။

သို့သော် ထွက်ပေါ်လာသော အသံမှာ လုမင်ထင်ထားသလိုမဟုတ်ပါ။ ထိုသို့ ဖြစ်မည် ထင်မထားသဖြင့်၊ လုမင် ကြောင်တောင်တောင် ဖြစ်သွားပါသည်။

လုပီသာပါမလာဘူးဆိုပါက၊ သူတို့သည် ဝက်ဝံနက်ကို ပြိုင်ဘက်အဖြစ် ရွေးချင်မှ ရွေးလိမ့်မည်။ လုပီသည် ချာတိတ်လေးကို အချိန်ခဏအတွင်းရှင်းပစ်နိုင်ပြီး၊ သူတို့ကို လာကူညီလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် လုပီက သူတို့အဖွဲ့တွင် ပထမဆုံး ရှုံးနိမ့်သူ ဖြစ်သွားပါသည်။ သူတို့၏ အကြံအစည်များ ပျက်ကုန်ပြီ ဖြစ်သည်။

“ချာတိတ်လေးကို တင်းပုတ်တစ်ချက်တည်းနဲ့ သတ်ပစ်မှာ မဟုတ်ဘူးလား…ဘာတွေ ဖြစ်ကုန်တာလဲ”

လုပီသည် ထိုချာတိတ်လေးကိုပင် မနိုင်ပါ၊ ဝက်ဝံနက်ကို ဘယ်လိုနိုင်မည်နည်း။

လုမင်သည် တိုက်ခိုက်နေရင်း အတွေးလွန်သွားသဖြင့်၊ ဝက်ဝံနက်၏ ဓားက သူ့ကို ထိုးခွဲသွားမတတ် ဖြစ်သွားပါသည်။ ဝက်ဝံနက်၏ဓားကို သူ၏ ဓားဖြင့်ကာကွယ်လိုက်သော်လည်း၊ လက်မောင်းများထုံကျင်သွားပါသည်။ ဝက်ဝံနက်၏ အတွင်းအားသည် ကြောက်ခမန်းလိလိပင် ဖြစ်နေပါသည်။ ဝက်ဝံနက်သည် လုမင်ကို ဓားနှင့် ခုတ်ချလိုက်ပါသည်။

ဝက်ဝံနက်၏ ဓားချက်ကို ကာလိုက်နိုင်သော်လည်း၊ ရင်ဘတ်ကို အကန်ခံလိုက်ရပါသည်။ လုမင်သည် နောက်သို့ လွင့်ထွက်သွားပြီး သွေးများအန်ထွက်ကုန်ပါသည်။ မတ်တပ်ရပ်ရန် အားမရှိတော့သဖြင့် မြေပေါ်လဲကျသွားပါသည်။

ရှောက်ရွှမ်သည် တင်းပုတ်ကြီးကို ကိုင်ပြီး အဝေးသို့ လွင့်စင်ထွက်သွားသော လုပီကို ကြည့်နေပါသည်။

လုပီသည် နာကျင်မှုများကို ဂရုမထားဘဲ၊ ပြန်ထလိုက်သည်။ ရှောက်ရွှမ်သည် သူ့ဆီမှ တင်းပုတ်ကို လုယူနိုင်မည်ဟု သူလုံးဝ ထင်မထားပါ။ အခုတော့ သူ့ပြိုင်ဘက်က တင်းပုတ်ကြီးကို ကျွမ်းကျင်စွာ အသုံးချနေပြီ ဖြစ်သည်။

လုပီမျက်နှာ ရှုံ့မဲ့သွားသည်။ မျက်နှာတွင် ဖုန်များ၊ သဲများပေကျံနေသောကြောင့်၊ လုပီသည် ညစ်ပတ်ပေရေနေပါသည်။ သနားစရာလည်း ကောင်းပါသည်။

ကျန်သူများသည် လုပီကို ကူညီရန် ပြင်လိုက်သော်လည်း၊ ဝက်ဝံနက်တို့က အရှိန်မြှင့်တိုက်ခိုက်လိုက်ပါသည်။

လုမင်တစ်ယောက် အကန်ခံလိုက်သည်ကို မြင်ပြီးသောအခါ၊ လင်လုမျိုးနွယ်စုဝင်များ နောက်ဆုတ်သွားပါသည်။ အနားတွင်ရှိသော လုမိသားစုဝင်တချို့က စစ်ကူခေါ်ရန်ထွက်သွားပါသည်။ ထိုအခါမှ သူတို့အနည်းငယ် စိတ်သက်သာရာရသွားသည်။ စစ်ကူများ

ရောက်လာလျှင်၊ ဝက်ဝံနက် ဘာမှတတ်နိုင်တော့မည် မဟုတ်ပါ။

ကွမ်းယီသည် အသွားပဲ့နေသော ဓားကို ကိုင်ရင်း ရှောက်ရွှမ်ဘေးတွင် ရပ်နေပါသည်။ ကွမ်းယီသည် ရှောက်ရွှမ်၏ စွမ်းဆောင်မှုကို အကျေနပ်ကြီး ကျေနပ်နေပါသည်။ အခုတော့ ပရိတ်သတ်ကြီးသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အစွမ်းကို သိသွားပြီ မဟုတ်ပါလား။

ရှောက်ရွှမ် ဘာမှ မဖြစ်သည်ကို မြင်သောအခါ၊ ဝက်ဝံနက်သည် လင်လုမိသားစုဝင်များကို ကြည့်လိုက်ပါသည်။

လင်လုမိသားစုဝင်များ၏ နည်းဗျူဟာကို ဝက်ဝံနက်က ခန့်မှန်းမိသွားပြီ ဖြစ်ပါသည်။ ဝက်ဝံနက်သည် တချက်ပြုံးလိုက်ပြီး လင်လုမိသားစုဝင်များကို ကြည့်လိုက်ကာ “ ရှောက်ရွှမ်ကိုမှ ရွေးပြီးတိုက်ရသတဲ့ကွာ…တော်တော်ရူးမိုက်တဲ့ ကောင်တွေ” ဟုပြောလိုက်ပါသည်။

တနည်းအားဖြင့်တော့ ရှောက်ရွှမ်သည် ဝက်ဝံနက်ကို ကူညီလိုက်ခြင်း ဖြစ်ပါသည်။ ရှောက်ရွှမ်နေရာတွင် တခြားသူတစ်ယောက်ဆိုပါက အခြေအနေတစ်မျိုး ဖြစ်သွားနိုင်ပါသည်။ လင်လုမျိုးနွယ်စုဝင်များ သူ့ကိုဆက်ဆံခဲ့ပုံများကို ပြန်စဉ်းစားမိသောအခါ၊ ဝက်ဝံနက် ဒေါသထွက်လာပြန်ပါသည်။

လင်လုမျိုးနွယ်စုတွင် လူဘယ်နှယောက်ရှိလဲ အရေးမကြီးပါ။ ဝက်ဝံနက်အဖွဲ့၏ ခေါင်းဆောင်ကို တိုက်ခိုက်ခြင်းသည် ဝက်ဝံနက်မျိုးနွယ်စုကို စော်ကားခြင်း ဖြစ်သည်။ သူသာ ယနေ့ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားပါက၊ တိုက်ပွဲသည် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ အရေးပါတော့မည် မဟုတ်ပါ။ သူ၏ရှုံးနိမ့်မှုသည် နောင်တချိန်တွင် ဖျက်၍မရသော အမည်းစက်တစ်ခုဖြစ်ကျန်နေခဲ့တော့မည် ဖြစ်သည်။

ထိုလူများသည် ဉာဏ်နည်းကြသဖြင့် ရှောက်ရွှမ်ကို ရွေးချယ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ရှောက်ရွှမ်သည် အန်ဘမြို့တော်တွင် ဒယ်အိုးကြီး

ကို လက်တစ်ဖက်တည်းနှင့် မနိုင်ခဲ့သလို၊ တင်းပုတ်ကြီးကိုလည်း ကျွမ်းကျင်စွာ အသုံးချနိုင်ခဲ့သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အင်မတန်ပင် အစွမ်းထက်ကြပါသည်။

ဝက်ဝံနက်သည် လင်လုမိသားစုဝင်များကို စိုက်ကြည့်လိုက်ပြီး ရှေ့တိုးလာပါသည်။ မျက်နှာပေါ်နှင့် လက်မောင်းပေါ်တွင် အနက်ရောင်နတ်အမှတ်အသားများ ပေါ်ထွက်လာပါသည်။ သူ၏မျက်လုံးများသည် စူးရှတောက်ပနေပြီး၊ အေးစက်စက်ဖြစ်နေပါသည်။ တကိုယ်လုံးမှ ကြွက်သားကြီးများသည်လည်း အကြောပြိုင်းပြိုင်းထနေပါသည်။

ဝက်ဝံနက်သည် ဝက်ဝံတစ်ကောင်လို ကျယ်လောင်စွာ ဟိန်းဟောက်လိုသဖြင့်၊ လူများသည် သူတို့ နားရွက်များကို လက်ဖြင့်အုပ်ထားရပါသည်။ သူ၏ ဟိန်းဟောက်သံက အဝေးသို့ပင် ပျံ့နှံ့သွားပါသည်။

အစောင့်များသည် ထိုအော်သံကို ကြား

သောအခါ၊ အပြေးရောက်လာကြပါသည်။ အဖြစ်အပျက်ကိုတွေ့မှ ရန်ပွဲဖြစ်နေကြောင်း သိသွားပါသည်။ အစောင့်များသည် သားရဲကြီးတစ်ကောင် သောင်းကျန်းနေသည်ဟု ထင်သွားခြင်း ဖြစ်ပါသည်။

သာမာန်ရန်ပွဲများတွင်တော့ အစောင့်များဝင်မပါကြပါ။ ကြီးကြီးမားမား ထိခိုက်မှု မရှိသေးသရွေ့ လွှတ်ပေးထားပါသည်။ ရန်ပွဲများတွင် အရေးမကြီးသောသူများ သေဆုံးပါက၊ အစောင့်များသည် သိပ်အရေးလုပ်မည် မဟုတ်ပါ။ ရန်ပွဲပြီးလျှင်တော့၊ ရန်ပွဲတွင် ပါဝင်သူများသည် လျော်ကြေးပေးရမည် ဖြစ်ပါသည်။

သူတို့မြင်လိုက်ရသည်မှာ တိရစ္ဆာန်တစ်ကောင် မဟုတ်သည်ကို သိသွားသောအခါ၊ အစောင့်များ ရပ်သွားပါသည်။

“သွားကြမယ်…လုမိသားစုနဲ့ ဝက်ဝံနက်တို့ ရန်ဖြစ်နေကြတာ…ငါတို့နဲ့ ဘာမှ မဆိုင်ဘူး” အစောင့်က တချက်ကြည့်ပြီး ထွက်ခွာသွားသည်။

“နေပါဦး…လုမိသားစုက လုပီဆိုတာ အားအရမ်းကြီးတယ်တဲ့…ဒါပေမဲ့ ငါမြင်ရတာတော့ အဲဒီလို မဟုတ်ပါဘူး”

“ လုမိသားစုက ဖန်တီးထားတဲ့ အလိမ်အညာတွေ ဖြစ်မှာပေါ့ကွာ…ဘုရင့်မြို့တော်မှ အစွမ်းထက်တဲ့ လူတွေ အများကြီးရှိပါတယ်…မိသားစုထဲမှာ တော်တယ်ဆိုရုံနဲ့ ဒီကလူတွေကို လာယှဉ်လို့မရဘူး…လုမိသားစုဝင်တွေက သူတို့အစွမ်းပြချင်လို့ ဝက်ဝံနက်ကို ရွေးချယ်တိုက်ခိုက်တာပဲ…ဒါပေမဲ့ ဝက်ဝံနက်ဆိုတာ သူတို့ရန်ဖြစ်ရမယ့် လူမဟုတ်ဘူး…လာပါကွာ…သွားကြမယ်…သူတို့ဟာသူတို့ ရှင်းလိမ့်မယ်” အသက်နည်းနည်းပို ကြီးသော အစောင့်က ပြောလိုက်ပါသည်။ “နောက်ပြီးတော့ ဒီနေရာက ကုန်းကျားမိသားစုပိုင်နက် ဖြစ်နေတယ်…ကုန်းကျားအိမ်တော် အစောင့်တွေရှိတယ်…ငါတို့မြို့တော်အစောင့်တွေ ဘာမှလုပ်စရာမလိုဘူး…သွားကြရအောင်…ငါတို့ သတ်လိုက်တဲ့ အမွှေးရှည်ဆင်ကြီးက တော်တော် စားလို့ ကောင်းတယ်…နောက်တခါ ဘာကောင်သတ်ရဦးမလဲ မ

သိဘူး”

အခြားအစောင့်များသည် ထိုအကြောင်းကို မတွေးမိကြပါ။ ပရိတ်သတ်ကတော့ ရန်ပွဲများဆိုလျှင် သဘောကျကြမည်သာ ဖြစ်သည်။ ဆက်နေပါက သူတို့ပါ ရန်ပွဲထဲ ဝင်ပါရတော့မည် ဖြစ်သည်။ ထို့ကြောင့် အစောင့်များသည် လျင်မြန်စွာ ထွက်ခွာသွားကြပါသည်။

လင်လုမိသားစုဘက်မှ စစ်ကူများ ရောက်လာကြသလို၊ သူတို့ခေါင်းဆောင်၏ ဟစ်ကြွေးသံကို ကြားလိုက်ရသော ဝက်ဝံနက် အဖွဲ့ဝင်များသည်လည်း အိမ်ထဲမှ အလျှိုလျှိုထွက်လာကြပါသည်။

အဖွဲ့၂ဖွဲ့ ရင်ဆိုင်မိသောအခါ ၊ အခြေအနေက တင်းမာလာပါသည်။ ကြည့်ရသည်မှာ တိုက်ပွဲတစ်ခု ဖြစ်တော့မည်နှင့် တူပါသည်။

ကြည့်နေသူများအားလုံး နောက်ဆုတ်သွားကြသော်လည်း ထွက်တော့ မသွားကြပါ။ ဤကဲ့သို့ ရန်ပွဲမျိုးကို မြင်ရခြင်းမှာ ကြုံတောင့်ကြုံခဲ့

အခွင့်အရေး ဖြစ်ပါသည်။

တံခါးဝမှ အစောင့်များကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ ရန်ဖြစ်သူများသည် အိမ်တော်ထဲသို့ ဝင်မလာမချင်းဘာမှ မလုပ်ရန် သူတို့ကို အထက်က အမိန့်ပေးထားပါသည်။ အိမ်အပြင်တွင် စိတ်ကြိုက်ရန်ဖြစ်၍ ရပါသည်။ ဓားစမ်းသပ်ပွဲများတွင် ရန်ပွဲများဖြစ်ပေါ်သည်မှာ အဆန်းမဟုတ်ပါ။ ရန်ပွဲပြီးလျှင်တော့ ပျက်စီးမှုများအတွက် အလျော်တောင်းရမည် ဖြစ်သည်။

ကုန်းကျားအိမ်တော်အတွင်းတွင်၊ သတ္တုစားပွဲဝိုင်းတစ်ခုရှိပါသည်။ ထိုစားပွဲနားတွင် ကောင်းမွန်စွာ ဝတ်စားထားသော လူငယ်တစ်ယောက်ထိုင်နေပါသည်။ သူ့ကို ကြည့်ရသည်မှာ ဉာဏ်ပညာနှင့် ပြည့်စုံသည်တစ်ယောက်နှင့် တူပါသည်။

လူငယ်သည် မျက်မှောင်ကြုံ့ထားပါသည်။ မျက်နှာပေါ်တွင် ဒေါသထွက်သည့် အရိပ်အယောင်ကို မပြသော်လည်း၊ သူစိတ်ရှုပ်နေ

ကြောင်း အစောင့်များက ခံစားသိရှိပါသည်။

“ဘာတွေဖြစ်နေကြတာလဲ” လူငယ်က မေးလိုက်သည်။

အစောင့်များသည် ခဏစဉ်းစားလိုက်ပြီး “အပြင်မှာ ရန်ပွဲဖြစ်နေလို့…ဓားစမ်းသပ်ဖို့လာတဲ့ ဝက်ဝံနက်အဖွဲ့ဝင်တွေနဲ့ လုမိသားစုဝင်တွေ တိုက်နေကြတာ…လူတွေတော့ ပိုပိုများလာပြီ…ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်ရင်တော့ ဒုက္ခပဲ” ဟုပြောလိုက်ပါသည်။

လူငယ်လေးသည် စိတ်ရှုပ်သွားသဖြင့် မျက်မှောင်ကြုံ့သွားပါသည်။ အပြင်က ဆူညံသံများကြောင့် သူလုပ်လက်စအလုပ်ကို ဆက်လုပ်လို့ မရတော့ပါ။

“မြို့တော်က အစောင့်တွေရော…”

“ရောက်လာပြီး…ပြန်သွားကြတယ်” အစောင့်က ခေါင်းငုံ့ထားသည်။

လူငယ်သည် မြို့တော်အစောင့်များ၏ အကျင့်ကို သိထားပြီး ဖြစ်ပါသည်။

“မြို့ပြင်မှာ သွားတိုက်ခိုက်ကြလို့ ပြောလိုက်…”

“သူတို့က လူတွေအများကြီး…” မြို့တော်အစောင့်မှာ ခေါင်းပိုငုံ့သွားပါသည်။ သူသည် အစီရင်ခံရန်နှင့် အစောင့်အင်အားထပ်မံတောင်းခံရန် လာခဲ့ခြင်း ဖြစ်ပါသည်။

“ပြီးတော့…” လူငယ်သည် တစ်စုံတရာကို ပြောရန် ဟန်ပြင်လိုက်သော်လည်း၊ ပန်းပဲခန်းထဲမှ အသံတစ်ခုကို ကြားလိုက်ရသည်။ လူငယ်သည် ရောက်လာသော သူအား လျင်မြန်စွာ နှုတ်ဆက်လိုက်သည် “အရှင်ဟုန်…နေကောင်းပါရဲ့လား”။

ကုန်းကျားဟုန်သည် ပန်းပဲခန်းထဲမှ ထွက်လာသောအခါ မောပန်းနေပါသည်။ မျက်နှာပေါ်မှ ချွေးများကို သုတ်ပစ်လိုက်ပြီး၊ ခေါင်းခါလိုက်ပါသည်။

ထို့နောက် လူငယ်သည် ဆုံးဖြတ်ထားသောလေသံ ဖြင့်ပြောလိုက်ပါသည်။ “အဲဒီလိုဆိုရင် ဆက်ရှာမယ်…အောင်မြင်အောင်ကြိုးစားမယ်…ရှာလို့မတွေ့ဘူးဆိုရင်…”။

ကုန်ကျားဟုန်သည် သက်ပြင်းချလိုက်ပြီး “ ဓားတစ်ချောင်းအတွက်နဲ့ ဘာလို့ အဲဒီလောက် ဒုက္ခခံမှာလဲ”

ကုန်းကျားဟုန် စားပွဲပေါ်မှ ရေနွေးတစ်ခွက် ငှဲ့သောက်လိုက်သည်။ ထို့နောက် အစောင့်ကို ကြည့်လိုက်ကာ “အခုကော ဘာတွေဖြစ်ကုန်ပြီလဲ”

အပြင်တွင် တစ်ခုခုဖြစ်နေ၍သာ အစောင့်သည် သူ့ဆီရောက်လာခြင်းဖြစ်သည်။ ကုန်းကျားဟုန်သည် ထိုကဲ့သို့ အစီရင်ခံမှုမျိုးကို ရိုးနေပြီဖြစ်သည်။ သို့သော် အများအားဖြင့် သူသည် ပန်းပဲခန်းတွင်သာ နေလေ့ရှိပြီး၊ အပြင်က ကိစ္စများတွင် ဝင်ပါလေ့မရှိပါ။

အစောင့်က ခုနကစကားကိုသာ ထပ်ပြောလိုက်သည်။

ကုန်းကျားဟုန်သည် စိတ်မရှည်တော့ဘဲ အော်ပြောလိုက်၏။ “အကုန်ထွက်သွားခိုင်းလိုက်ကွာ”

All Chapters