နဂါးဝိညာဉ် ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း
Vol. 11 Ch. 101
ကျန်းယွီချွန်းနှင့် ယန်ကျွယ်တိန်တို့ ငြင်းခုံနေကြသည်ကို လီချင်းချိုး တားဆီးခြင်း မရှိပေ။ တကယ်တမ်းတွင် သူတို့နှစ်ဦး ပိုမို ပြောဆိုဆွေးနွေးကြပြီး အကောင်းအဆိုး ဒွန်တွဲနေမှုများကို ရှင်းလင်းစွာ သုံးသပ်စေလိုသည်။
ကျန်းယွီချွန်း၏ စကားများက လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့၏ ခံယူချက်နှင့် ထပ်တူကျနေသည်။ သူတို့က ကမ္ဘာလောကကြီး တစ်ခုလုံးထက် ချင်းရှောင်တောင်ပေါ်ရှိ လူများကို ကာကွယ်ရန် ပိုမို ဂရုစိုက်ကြသည်။
လီစစ်ဖုန်းကမူ ပုံမှန်မဟုတ်ဘဲ ယန်ကျွယ်တိန်ကို ထောက်ခံနေသည်။ အိမ်ရှေ့စံမင်းသားကို နန်းတင်ပေးခြင်းက ကုသိုလ်တရားကြီးမားသော လုပ်ရပ်ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းကို တမိုးအောက် အနှိုင်းမဲ့ ဂိုဏ်းဖြစ်လာစေလိမ့်မည်ဟု သူ ယုံကြည်နေသည်။
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ကတော့ တိတ်ဆိတ်ငြိမ်သက်နေပြီး ရလဒ်ကို စောင့်ဆိုင်းနေကြသည်။
အချိန်အတန်ကြာသောအခါ...
ကျန်းယွီချွန်းနှင့် ယန်ကျွယ်တိန်တို့ အမောဆို့သည်အထိ ငြင်းခုံပြီးနောက် ကျန်းယွီချွန်းက ထိုင်ချလိုက်ပြီး လီချင်းချိုးဘက်သို့ လှည့်ကာ ….
"အစ်ကိုကြီး... တစ်ခုခု ပြောပါဦး... အစ်ကိုကြီးက ကယ်ချင်တဲ့ဘက်မှာလား မကယ်ချင်တဲ့ဘက်မှာလား..."
ယန်ကျွယ်တိန်ကလည်း သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး လီချင်းချိုးကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
လီချင်းချိုး တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက်…..
"ခန်းမသခင်ကျန်းက အိမ်ရှေ့စံကို ကယ်ဖို့ ကြိုးစားရင်း မအောင်မြင်ခဲ့ရင် ချင်းရှောင်ဂိုဏ်း အန္တရာယ်ကျရောက်မှာကို စိုးရိမ်နေတာ... တကယ်လို့ ငါတို့တွေ ရုပ်ဖျက်ပြီး သွားကယ်ရင်ရော... အိမ်ရှေ့စံနိုင်ရင် ငါတို့ ဆုတ်ခွာမယ်... အိမ်ရှေ့စံ အန္တရာယ် ကြုံလာရင် ချင်းရှောင်ဂိုဏ်းမှန်း မသိသာအောင် ရုပ်ဖျက်ပြီး ဝင်ကူညီမယ်..."
ကျန်းယွီချွန်းကတော့ သူ့အစ်ကိုကြီး ဘာတွေးနေလဲ ဆိုတာ သူ နားလည်လိုက်ပြီ ဖြစ်သည်။
ယန်ကျွယ်တိန်ကလည်း သဘောတူကြောင်း ပြသလိုက်သည်။ သူသည် ကမ္ဘာလောကကို ဂရုစိုက်သော်လည်း မိသားစု တစ်ခုလုံးကို အန္တရာယ်တွင်းထဲသို့ ဆွဲချလိုခြင်း မရှိပေ။
"ဘယ်သူ သွားမလဲ... အဲဒီနေရာက ဧကရာဇ်မြို့တော်နော်... ကျွမ်းကျင်သူတွေ ပြည့်နှက်နေတဲ့နေရာ... ရှင်တို့ တစ်ခု နားလည်ထားရမှာက မြို့တော်က ကျွမ်းကျင်သူတွေက သိုင်းလောကက လူတွေထက် သေချာပေါက် ပိုစွမ်းအားကြီးတယ် ဆိုတာပဲ... လူတိုင်းက ဂုဏ်ဒြပ်နဲ့ စည်းစိမ်ဥစ္စာနောက်ကို လိုက်နေကြတာ... နန်းတွင်းအာဏာက ကမ္ဘာပေါ်မှာ အသန်မာဆုံး လူတွေကို စုစည်းပေးထားနိုင်တယ်..."
ကျူးယန်က လေးလေးနက်နက် သတိပေးလိုက်ခြင်းဖြစ်သည်။ လီချင်းချိုး အိမ်ရှေ့စံကို ကယ်တင်လိုစိတ်ရှိသည်ကို သူမ ဝမ်းသာမိပြီး လူမှန်ကို ရွေးချယ်မိပြီဟု ခံစားလိုက်ရသည်။
"ကျွန်တော် သွားမယ်..."
"ကျွန်မ သွားမယ်..."
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ပြိုင်တူ ပြောပြီးသည်နှင့် သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြပြီး မည်သူမျှ အလျှော့ပေးလိုစိတ် မရှိကြပေ။
သူတို့နှစ်ဦး စကားပြောလာသည်ကို ကြားသောအခါ ကျူးယန် အပါအဝင် ခန်းမသခင်များ အားလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့ထဲက တစ်ယောက်ယောက် သွားလျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိကြသူများ ဖြစ်သည်။
လီချင်းချိုးက ပြုံးလိုက်ပြီး….
"နှစ်ယောက်စလုံး အတူတူ သွားကြ... အခြေအနေကို ကြည့်ပြီး လှုပ်ရှား... အိမ်ရှေ့စံကို ကာကွယ်ဖို့က အဓိကပဲ... .. ကိုယ့်အထောက်အထားကို မဖော်ပြမိစေဖို့ အထူးသတိထားပါ…”
ရွှီနင်းက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းကျောက်ရှားကမူ တစ်စုံတစ်ရာ ပြောချင်သော်လည်း မျိုသိပ်လိုက်သည့်ဟန်ဖြင့် တွန့်ဆုတ်နေသည်။
"မင်းတို့နှစ်ယောက်က ချင်းရှောင်ဂိုဏ်းရဲ့ အထက်မြက်ဆုံး ဓားတွေပဲ... မင်းတို့ အတူတူသွားမှ ငါ စိတ်ချနိုင်မယ်... ဒါ့အပြင် ဒါက မင်းတို့နှစ်ယောက် ပထမဆုံးအကြိမ် ပူးပေါင်းတာပဲ... မြို့တော်ထဲမှာ မိစ္ဆာတွေ သရဲတွေ ပုန်းအောင်းနေရင်တောင် မင်းတို့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မယ်လို့ ငါ ယုံကြည်တယ်..."
ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ခေါင်းညိတ်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
လီစစ်ဖုန်းကတော့ ထောင့်တစ်နေရာတွင် ထိုင်ရင်း ရင်ခွင်ထဲမှ တီရွှမ်းဓားကို ငုံ့ကြည့်ကာ ရုတ်တရက် စိတ်မသက်မသာ ဖြစ်မိလိုက်သည်။ အကယ်၍ သူသာ တီရွှမ်းဓားကို ကျန်းကျောက်ရှား သို့မဟုတ် ရွှီနင်းကို ပေးလိုက်ပါက သူတို့၏ စွမ်းအား အဆမတန် တိုးတက်လာပြီး မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်လိမ့်မည်ဟု ခံစားနေရသည်။
သို့သော် ယခု တီရွှမ်းဓားက သူ့လက်ထဲတွင် ရှိနေပြီး အစ်ကိုကြီးက သူ့ကို တစ်ယောက်တည်း တာဝန်ထမ်းဆောင်ခွင့် ပေးရန် စိတ်မချ ဖြစ်နေသည်။
"ပိုပြီး သန်မာချင်လား... ဒါဆို ငါ့ကို ကိုင်စွဲလိုက်... ငါ့ကို အမှန်တကယ် ကိုင်စွဲလိုက်စမ်းပါ..."
အက်ကွဲပြီး ရှေးကျသော အသံတစ်သံ လီစစ်ဖုန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသဖြင့် သူ မူးဝေသွားသည်။ တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်မှသာ သတိပြန်ဝင်လာသည်။
"ဘာတွေ တွေးနေတာလဲ... စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ..."
လီစစ်ကျင်က မျက်မှောင်ကြုတ်ကာ လီစစ်ဖုန်းကို စိုက်ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
လီစစ်ဖုန်း အသိပြန်ဝင်လာပြီး လီချင်းချိုးကလည်း သူ့ကို ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ ကျန်လူများမှာမူ ထွက်ခွာသွားကြပြီ ဖြစ်သည်။
"ဘာမှ မဟုတ်ပါဘူး... ဓားသိုင်းအကြောင်း စဉ်းစားနေတာပါ..."
ထိုသို့ ပြောပြီးသည်နှင့် မတ်တတ်ရပ်ကာ လင်းရှောင်ခြံဝင်းထဲမှ ထွက်ပြေးသွားတော့သည်။
ခန်းမကြီး ၇ ခုစလုံး ပိုမို အလုပ်များလာသဖြင့် ခန်းမသခင် အများစုမှာ လုပ်စရာများလွန်းသဖြင့် သက်ဆိုင်ရာ ခန်းမများ၌သာ ညအိပ်လေ့ ရှိကြသည်။
"အစ်ကိုကြီး... ကျွန်မ အစ်ကိုတကယ်ပဲ အဆင်ပြေရဲ့လား..."
လီစစ်ကျင်က မေးလိုက်တော့ လီချင်းချိုးက ပြုံးလိုက်ပြီး ..။
"ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်... ဒါပေမဲ့ ကောင်းတဲ့ကိစ္စပါ..."
သူ မတ်တတ်ရပ်ပြီး အခန်းဆီသို့ လျှောက်သွားလိုက်သည်။ ထိုစကားကို ကြားသောအခါ လီစစ်ကျင် စိတ်သက်သာရာ ရသွားသည်။ အစ်ကိုကြီးက ထပ်မပြောသော်လည်း သူမစိတ်ထဲနှလုံးသားထဲကနေ အစ်ကိုကြီး၏ ဆုံးဖြတ်ချက်ကို ယုံကြည်သည်။
နောက်တနေ့ နေမင်း ထွက်ပေါ်လာသောအခါ ….
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ မနက်စောစောတွင် မာယုနောက်သို့ လိုက်ကာ တောင်အောက်သို့ တိတ်တဆိတ် ဆင်းသွားကြသည်။
အိမ်ရှေ့စံကို ကယ်တင်ရန် လီချင်းချိုးက ဤလူနှစ်ယောက်ကို စေလွှတ်လိုက်ကြောင်း သိရသဖြင့် မာယု အလွန် စိတ်လှုပ်ရှားနေသည်။ သူသည် မြို့တော်တွင် ရှိနေသော်လည်း ချင်းရှောင်ဂိုဏ်းအကြောင်း ကြားဖူးလေသည်။ ကျန်းကျောက်ရှားနှင့် ရွှီနင်းဟူသော အမည်နာမများကိုလည်း ကြားဖူးသည်။
ဤနှစ်ယောက်က သေချာပေါက် လက်ရှိ သိုင်းလောက၏ ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ပါရမီရှင်ဟူသော ဂုဏ်ပုဒ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လူသိများသည်။
သူတို့သုံးဦး၏ လှုပ်ရှားမှုများကို ကောင်းစွာ ဖုံးကွယ်ထားသဖြင့် အခြား ချင်းရှောင်ဂိုဏ်းသားများ မသိရှိလိုက်ကြပေ။
လီချင်းချိုး တောင်ထိပ်ပေါ်တွင် သိုင်းကျင့်နေပြီး ကျောက်ကျိန်းနှင့် ယွမ်လီတို့က သူ့နောက်တွင် တရားထိုင်နေကြသော်လည်း စိတ်ထဲကနေ ဂိုဏ်းအတွင်းရှိ တိုက်ခိုက်ရေး အင်အားများကို တွက်ချက်နေမိသည်။
ရှန်ယွဲ့၏ သစ္စာရှိမှုက ပုံမှန် တိုးတက်နေပြီး လက်ရှိတွင် အမှတ် ၈၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တိုက်ခိုက်ရေး စွမ်းရည်အရ ဆိုလျှင် သူသည် မူလအားဖြည့်နယ်ပယ် ဆဌမအဆင့်နှင့် ယှဉ်နိုင်ပြီး သတ္တမအဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
လီချင်းချိုးကို ရှန်ယွဲ့ ရှုံးနိမ့်ခဲ့ခြင်းက မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်ကြောင့် သက်သက် မဟုတ်ပေ။ လီချင်းချိုးတွင် အကြိမ်တစ်ရာ သန့်စင်ခြင်း နတ်ဆိုးခန္ဓာနှင့် အဆတစ်ရာပိုသော မူလချီ ပိုင်ဆိုင်ထားခြင်းကြောင့်လည်း ဖြစ်သည်။
ဒုတိယ အနေဖြင့် လီစစ်ဖုန်းလည်း ရှိသေးသည်။ ဒီကောင်လေးလဲ မကြာသေးမီကမှ အဆင့်တက်သွားခဲ့ပြီဖြစ်သည်။ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်နှင့် တီရွှမ်းဓားကို ပိုင်ဆိုင်ထားသဖြင့် သူ့ရဲ့ စွမ်းအားကို ခန့်မှန်းရန် ခက်ခဲလှသည်။
ဝူမန်အာနှင့် ရွှယ်ကျင်းတို့သည်လည်း မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေကြပြီ။ နှစ်ယောက်စလုံးတွင် မြင့်မားသော တိုက်ခိုက်ရေး ပါရမီ ရှိကြပြီး အဓိက တိုက်ခိုက်ရေး အင်အားစုများ ဖြစ်လာနိုင်သည်။ သို့သော်လည်း ရွှယ်ကျင်းကတော့ လက်ရှိတွင် တောင်အောက်၌ တာဝန်ထမ်းဆောင်နေသည်။
ကျောက်ကျိန်းနှင့် ကျိယာတို့၏ ကျင့်ကြံခြင်း အဆင့်များလည်း လျင်မြန်စွာ တိုးတက်နေသော်လည်း သူတို့က ငယ်ရွယ်လွန်းသဖြင့် ဂိုဏ်းထဲတွင် နေရန်သာ သင့်တော်သေးသည်။
သို့သော်လည်း လီချင်းချိုးက သူနှင့် ကျန်းကျောက်ရှားတို့ ဆယ်ကျော်သက် အရွယ်ကတည်းက ရန်သူများကို စတင် တိုက်ခိုက်ခဲ့သည်ကို ပြန်လည် တွေးတောမိပြီး မျိုးဆက်သစ် လူငယ်များကို လျှော့မတွက်နိုင်ကြောင်း ခံစားလိုက်ရသည်။
"လူအင်အား မလုံလောက်သေးဘူး... ဆက်လုပ်ရဦးမယ်..."
ချင်းရှောင်ဂိုဏ်းအနေဖြင့် ကျူကျိုးပြည်နယ် သိုင်းလောက တစ်ခုလုံးကို တစ်ဦးတည်း အနိုင်ယူနိုင်မှသာ စစ်မှန်သော သိုင်းလောက၏ အထွတ်အထိပ် ဂိုဏ်း ဖြစ်လာမည်ဟု လီချင်းချိုး တိတ်တဆိတ် တွေးတောနေမိသည်။
အင်မော်တယ်ကျင့်ကြံခြင်းဂိုဏ်းတစ်ခု၏ အဆင့်အတန်း ရရှိရန်အတွက် လူ့လောကကို စွန့်ခွာရန် မလိုအပ်ပေ။ သိုင်းလောကကို ကျော်လွန်သွားခြင်းသာ ဖြစ်ပြီး လောကီရေးရာများနှင့် ကင်းကွာသွားခြင်း မဟုတ်ချေ။
မနက်ခင်း လေ့ကျင့်ခန်း ပြီးဆုံးသောအခါ တပည့်များကို စစ်ဆေးရန် ဓားဂိုဏ်းသို့ လီချင်းချိုး သွားရောက်ခဲ့သည်။
ဓားဂိုဏ်း၏ ပထမဆုံး တပည့်အသုတ်တွင် လူတစ်ရာကျော် ရှိသည်။ လီချင်းချိုး ဓားဂိုဏ်းကျောင်းဆောင် အတွင်းသို့ ဝင်ရောက်လာသောအခါ ရှန်ယွဲ့က သူတို့ကို ဓားသိုင်း သင်ပေးနေသည်ကို တွေ့လိုက်ရသည်။ လူတစ်ရာစလုံး စနစ်တကျ တန်းစီ၍ ဓားများကို တပြိုင်နက် ဝှေ့ယမ်းနေကြသည်မှာ အလွန် ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်သည်။
လီစစ်ဖုန်းလည်း ရောက်ရှိနေသည်ကို လီချင်းချိုး သတိပြုမိလိုက်သဖြင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဂိုဏ်းချုပ် ရောက်လာပြီ..."
တစ်စုံတစ်ယောက်က အာမေဋိတ်သံ ပြုလိုက်ရာ လူတိုင်း၏ အာရုံက လီချင်းချိုးထံ ရောက်ရှိလာသည်။ သူတို့အားလုံး ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး သူ့ဆီသို့ ချက်ချင်း ပြေးဝင်လာချင်နေကြသည့်အလား ဖြစ်နေကြသည်။
"အာရုံစိုက်ထား..."
ရှန်ယွဲ့၏ အသံက လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားပြီး လက်တွေ့ဘဝသို့ ပြန်လည် ဆွဲခေါ်လိုက်သည်။
ယန်လင်းနှင့် သူမ၏ သူငယ်ချင်းလေးယောက်စလုံး လီချင်းချိုးကို မြင်သောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေကြသည်။ သူတို့ တစ်ယောက်ချင်းစီကို ဆေးအိုးထဲမှ လီချင်းချိုးကိုယ်တိုင် ဆွဲထုတ် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က မျက်လုံးဖွင့်လိုက်၍ လီချင်းချိုးကို မြင်လိုက်ရသော ခံစားချက်ကို သူတို့ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။
သူတို့တွေက ငယ်ရွယ်သော်လည်း ကျေးဇူးသိတတ်သော နှလုံးသား ပိုင်ဆိုင်ထားကြပြီး လီချင်းချိုးအတွက် ရေမီးမရှောင် ဆောင်ရွက်ပေးရန် ဆန္ဒရှိကြသည်။
လီချင်းချိုး ဝေ့ကြည့်လိုက်ရာ လူတိုင်း အဆင်ပြေနေသည်ကို တွေ့ရသဖြင့် ကျေနပ်သွားသည်။ ယွမ်ချီနှင့် သူ့နောက်လိုက်များက အမှားအယွင်း မရှိဘဲ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြပေသည်။
ကျန်းကျောက်ရှား၏ တပည့် ဟန်လန်သည်လည်း အလားတူပင် စိတ်လှုပ်ရှားနေပြီး သူ့ဓားသိုင်းက ဂိုဏ်းချုပ်ကို စိတ်ပျက်စေမည်ကို စိုးရိမ်နေသည်။
ချင်းရှောင်ဂိုဏ်း အတွင်းတွင် မည်သူ့တပည့် ဖြစ်စေကာမူ ဂိုဏ်းချုပ်အပေါ် အကြွင်းမဲ့ ကိုးကွယ်ယုံကြည်မှု ရှိကြသည်။ သူတို့မျက်လုံးထဲတွင် ဂိုဏ်းချုပ်က အပြစ်အနာအဆာ ကင်းမဲ့ပြီး ပြီးပြည့်စုံသော၊ အစွမ်းထက်သော၊ နူးညံ့သိမ်မွေ့သော်လည်း သန်မာသော ပုဂ္ဂိုလ် ဖြစ်ပြီး သူတို့အားလုံး ဂိုဏ်းချုပ်လို လူမျိုး ဖြစ်ချင်ကြသည်။
လီချင်းချိုးက ခဏကြာအောင် ကြည့်ရှုပြီးနောက် ရှန်ယွဲ့၏ သင်ကြားမှုကို မနှောင့်ယှက်တော့ဘဲ ပြန်လှည့်ထွက်လာခဲ့သည်။
ထိုအဖြစ်ကို မြင်သောအခါ ရှန်ယွဲ့ ကျေနပ်သွားသည်။ ဤဂိုဏ်းချုပ် လူငယ်လေးက တကယ်ပင် ထူးခြားသည်။ အကယ်၍ လီချင်းချိုးသာ စကားများများ ပြောပြီး သူ့သင်ကြားမှုကို နှောင့်နှေးစေခဲ့လျှင် သူ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ သူ့စီနီယာအစ်ကိုကြီး ဂိုဏ်းတည်ထောင်စဉ်ကမူ ထိုကဲ့သို့ အသုံးမကျသော မိန့်ခွန်းများ ပြောရသည်ကို နှစ်သက်ခဲ့သည်။
ဓားဂိုဏ်းကျောင်းဆောင်မှ ထွက်ခွာပြီးနောက်လီစစ်ကျင်၏ ဆေးဥယျာဉ်သို့ သွားရောက်ခဲ့သည်။
ချန်ဟွေ့လန်နှင့် သူမ၏ ဖခင် ချန်ယွီတို့ကို ကျင့်ကြံခြင်းခန်းမသို့ ပြောင်းရွှေ့ပေးလိုက်ပြီး ဆေးဥယျာဉ်တွင် လီစစ်ကျင်အတွက် အလုပ်လုပ်ရန် စီစဉ်ပေးထားသည်။ လီစစ်ကျင် လက်အောက်တွင် ယခုအခါ တပည့် ၁၈ ဦး ရှိနေပြီ ဖြစ်ပြီး ဆေးဥယျာဉ်လည်း ကျယ်ဝန်းလာသည်။
ချန်ဟွေ့လန်တို့သားအဖိက ဝိညာဉ်ဆေးပင်များအပေါ် အလွန် စိတ်ဝင်စားကြပြီး လီစစ်ကျင်နှင့်အတူ ဝိညာဉ်ဆေးပင်များ၏ သဘောတရားကို လေ့လာနေကြသည်။
ချန်ဟွေ့လန်၏ သစ္စာရှိမှု အဆင့်သည်လည်း အမှတ် ၈၀ သို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူမကို ဟွမ်ယွမ်ကျမ်းစာ ပထမအဆင့်၏စိတ်စွမ်းအား ကျင့်စဉ်ကို သင်ပေးလိုက်သည်။ သူမ၏ ဖခင်ကိုမူ ထပ်မံ စုံစမ်းစစ်ဆေးရန် လိုအပ်သေးသည်။
လီချင်းချိုး တစ်နေ့လုံး ခန်းမကြီး ၇ ခုစလုံးကို လှည့်လည် စစ်ဆေးခဲ့သည်။ တပည့်များကလည်း သူ့ကို မြင်ရသဖြင့် အလွန် စိတ်လှုပ်ရှားနေကြသည်။လီချင်းချိုးက တပည့်များ၏ အလုပ်ကို စစ်ဆေးရန် လမ်းလျှောက်ရုံသာ ရှိသော်လည်း သစ္စာရှိမှု အဆင့် ၉၀ ရှိသော တပည့်အသစ် ၂၀ နီးပါးကို ဖန်တီးနိုင်ခဲ့သည်။
ရံဖန်ရံခါ ခန်းမအသီးသီးကို လိုက်လံ စစ်ဆေးခြင်းက အသုံးဝင်ပုံ ရသည်...
...
ဆောင်းရာသီ နှင်းများ ကျဆင်းလာချိန်တွင်….
လီရန် ခြံဝင်းထဲ၌ လှံသိုင်းကစားနေသည်။သူသည် ယခုအခါ မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် မိသားစုပိုင် လှံသိုင်းကို ထပ်မံ ထုတ်ဖော်လိုက်ရာ ယခင်ကထက် များစွာ သာလွန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ် ပတ်လည်တွင် ချီစွမ်းအင်များ ဝန်းရံနေပြီး နဂါးတစ်ကောင်နှင့် တူသယောင် ရှိသဖြင့် ပိုမို လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုံစံ ပေါက်နေသည်။
နဂါးဝိညာဉ်စတင် ပေါ်ပေါက်လာပြီပဲ...
ကျောက်လင်းလုံ ခြံဝင်းထဲသို့ အလျင်စလို ဝင်လာကာ ကျောက်စားပွဲနားသို့ လျှောက်လာပြီး….
"အစ်ကို... မြို့တော်မှာ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်...ဒါကြောင့်မို့ လီမိသားစုက ညီမတို့ကို ပြန်ခေါ်နေပြီ.."
လီရန်က လှုပ်ရှားမှုကို မရပ်တန့်ဘဲ..
"ဘာကိစ္စလဲ..." ဟုသာ ခပ်ပြတ်ပြတ်မေးလိုက်သည်။
"အိမ်ရှေ့စံဘက်က ပုန်ကန်ဖို့လုပ်နေပြီ... နန်းတော်ကို ပိတ်ဆို့ထားပြီး မှူးမတ်တွေက သူ့ကို ရက်ရက်စက်စက် လုပ်ဖို့ တိုက်တွန်းနေကြပေမဲ့ သူက တုံ့ဆိုင်းနေတုန်းပဲ..."
ကျောက်လင်းလုံ၏ စကားကို ကြားသောအခါ လီရန် ရပ်တန့်သွားသည်။
"အိမ်ရှေ့စံက ဘာလို့ ပုန်ကန်ချင်ရတာလဲ... ရာဇပလ္လင်က မကြာခင် သူ့အပိုင် ဖြစ်လာမှာ မဟုတ်ဘူးလား..."
“ဧကရာဇ်က မသေမျိုးလမ်းစဉ်ကို လိုက်စားနေတယ်ဆိုတာ မမေ့နဲ့ဉီး..."
လီရန် တိတ်ဆိတ်သွားသော်လည်း ထိုစကားကို ကြားသောအခါ သူ့မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ကုကျိုးစီရင်စုတွင် ဖြစ်ပျက်ခဲ့သော ကြောက်မက်ဖွယ် မြင်ကွင်းများကို ပြန်တွေးမိတိုင်း သူ ဒေါသထွက်နေဆဲပင်…
"ငါတို့ လီမိသားစုက ဘယ်သူ့ကို ထောက်ခံမှာလဲ..."
လီရန် မေးလိုက်တော့ ကျောက်လင်းလုံ တစ်ခဏမျှ တွန့်ဆုတ်နေပြီးမှ ပြန်ဖြေလိုက်သည်။
"အိမ်ရှေ့စံ ဖြစ်လောက်တယ်... လီမိသားစုတင်မဟုတ်ဘူး... တခြား မိသားစုကြီးတွေလည်း ပါတယ်... ဧကရာဇ်က တဖြည်းဖြည်း ပိုပြီး ရက်စက်ကြမ်းကြုတ်လာတာကြောင့် မိသားစုကြီးတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာတယ်... ဒီတစ်ခါ သူတို့ ပူးပေါင်းပြီး နန်းတွင်းကို ဖြုတ်ချပြီး အမိန့်သစ် တစ်ခု တည်ထောင်ချင်နေကြတာ... ဒါကြောင့် အစ်ကို့ကို ပြန်ခေါ်နေကြတာ... ဒါက နာမည်ရဖို့ တစ်သက်မှာ တစ်ခါရတဲ့ အခွင့်အရေးပဲလေ..."
ထိုစကားကို ကြားပြီးနောက် လီရန်က
"ဂိုဏ်းချုပ်နဲ့ ဆွေးနွေးဦးမယ်..."ဟုသာ ပြော၍ ငွေရောင်လှံကို ကောက်ကိုင်ပြီး ခြံဝင်းတံခါးဝဆီသို့ လျှောက်သွားလိုက်သည်။ ကျောက်လင်းလုံ လှည့်ကြည့်လိုက်ရာ မျက်လုံးထဲတွင် စိုးရိမ်မှုများ ပေါ်လာသည်။ သူမ အစ်ကိုနှင့် တဖြည်းဖြည်း ဝေးကွာလာသည်ကို ခံစားနေရချေပြီ။ လီရန်က ယခုဆို ကြီးကျယ်သော အောင်မြင်မှုများ အကြောင်း မပြောတော့ဘဲ ချင်းရှောင်ဂိုဏ်းနှင့် ဂိုဏ်းချုပ်အကြောင်းကိုသာ အမြဲ ပြောနေတော့သည်။
ချင်းရှောင်ဂိုဏ်းချုပ်က လီရန်အပေါ် ဘယ်လိုပြုစားလိုက်တာလဲ သူမ သိချင်နေမိသည်။
နာရီဝက်ခန့် ကြာပြီးနောက် လိုက်လံ မေးမြန်းပြီးမှ သစ်တောအုပ်တစ်ခုထဲတွင် ချိုင်ယွင်ရှန်းကို သိုင်းသင်ပေးနေသော လီချင်းချိုးကို လီရန်တွေ့လိုက်ရသည်။
"ဂိုဏ်းချုပ်..."
လီရန် အဝေးမှ လှမ်းခေါ်လိုက်တော့ လီချင်းချိုး လှည့်ကြည့်ပြီး လက်ပြလိုက်မှသာ သူ အမြန် လျှောက်သွားလိုက်ပြီး ကျောက်လင်းလုံ ပြောပြသမျှကို ပြန်ပြောပြလိုက်ပြီး မေးလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်တော် ပြန်သွားသင့်တယ်လို့ ထင်လား..."
ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ကို လေ့ကျင့်နေသော ချိုင်ယွင်ရှန်း ချက်ချင်း လှည့်ထွက်သွားပြီး သူတို့နှင့် ခပ်ဝေးဝေးသို့ သွားကာ တစ်ယောက်တည်း ဆက်လက် လေ့ကျင့်နေလိုက်သည်။
လီချင်းချိုးက လီရန်၏ မျက်လုံးများကို စိုက်ကြည့်ပြီး….
"ငါ့ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရဆိုရင်တော့ မင်း ဒီမှာပဲ ဆက်နေသင့်တယ်လို့ ထင်တယ်... နန်းတွင်းအာဏာလုပွဲက ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူတွေကတော့ ခံစားကြရမှာပဲ... ကွာခြားချက်က ခံစားရမယ့် အချိန်ကာလ အတိုအရှည်ပဲ ရှိတာ... ချင်းရှောင်ဂိုဏ်း အနေနဲ့ လောလောဆယ် ကမ္ဘာသူကမ္ဘာသားတွေကို မကာကွယ်ပေးနိုင်ပေမဲ့ ထိုက်ခွန်းတောင်တန်း အနီးက လူတွေကိုတော့ ကာကွယ်ပေးနိုင်တယ်..."
လီရန်က ခေါင်းညိတ်လိုက်ပြီး ….
"ဒါဆို ကျွန်တော် ဆက်နေမယ်...ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ နဂါးဝိညာဉ်က ပိုပိုပြီး သန်မာလာတယ်... အကြံဉာဏ် လမ်းညွှန်ချက်လေးများ ပေးနိုင်မလား..."