တောရိုင်းထဲမှ ဓားသိုင်း
Vol. 11 Ch. 103
ကျင်းဝူအစောင့်တပ်သားများ အမှောင်ထဲမှ ထွက်ပေါ်လာသည်ကို မြင်သောအခါ ယန်လန် တည်ငြိမ်နေဆဲ ဖြစ်သလို သူ့နောက်မှ အရာရှိများလည်း တည်ငြိမ်နေကြသည်။
အမတ်အို တစ်ယောက်က ရှေ့တိုးလာပြီး….
"အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ ကျင်းဝူအစောင့်တပ်က သန်မာပေမဲ့ သူတို့ အရေအတွက်က အကန့်အသတ် ရှိပါတယ်... အခု နန်းတော်ကို သိမ်းပိုက်ပြီးပြီဖြစ်တဲ့အတွက် အရှင်မင်းကြီး ခုခံမှုကို စွန့်လွှတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်... အရှင်မင်းကြီး အနေနဲ့ ဧကရာဇ်ဟောင်း ဖြစ်မယ့်အစား အနားယူထားတဲ့ ဧကရာဇ် ဖြစ်လာနိုင်ပါတယ်..."
သူ့မျက်ခုံးမွေးရှည်ကြီးများက မျက်လုံးများကို ဖုံးအုပ်ထားသဖြင့် သူ့အကြည့်ကို မမြင်ရသော်လည်း သူ့စကားလုံးများက သူ့ရည်မှန်းချက်ကို ဖော်ပြနေသည်။
"မင်းတို့ အဘိုးကြီးတွေ... မင်းတို့ အားလုံးက သင်္ချိုင်းကုန်းကိုခြေတဖက်လှမ်းနေကြပြီကို ဘာလို့ မင်းတို့ရဲ့ ရည်မှန်းချက်တွေက ကြီးထွားနေသေးတာလဲ..."
ဧကရာဇ်၏ အသံက ရှေ့မှ ထွက်ပေါ်လာသော်လည်း လေသံထဲ၌ဒေါသ သို့မဟုတ် သတ်ဖြတ်လိုစိတ် အရိပ်အယောင် မပါဘဲ အိပ်ရာမှ နိုးကာစ လူတစ်ယောက်၏အသံမျိုးဖြစ်နေသည်။
နောက်ထပ် အမတ်ကြီး တစ်ဦးကလည်း….
"တိုင်းပြည် တည်ငြိမ်ပြီး ပြည်သူတွေ ငြိမ်းချမ်းသာယာဝပြောနေရင် ကျွန်တော်တို့ ဘာလို့ ဒီအရာရှိ ဝတ်ရုံတွေကို ဝတ်နေရဦးမှာလဲ... ကျောက်ကျိ... ခင်ဗျားက ဧကရာဇ် ကျောက်ယန်ဆီကနေ ထီးနန်းကို လုယူခဲ့တာ... တကယ်လို့ ခင်ဗျား တိုင်းပြည်ကို ကြိုးကြိုးစားစား အုပ်ချုပ်ခဲ့ရင် ကိစ္စမရှိပါဘူး... ဒါပေမဲ့ အခု ခင်ဗျားက ရက်စက်ကြမ်းကြုတ်တဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့တယ်... ခင်ဗျား တမလွန်ရောက်ရင် မဟာဘိုးဘေးဧကရာဇ်ကို ဘယ်လို မျက်နှာပြမှာလဲ..."
ထိုစကားကို ကြားသောအခါ ယန်လန်၏ မျက်လုံးများ အေးစက် စူးရှသွားပြန်သည်။
ဒီနေ့ သူ့လုပ်ရပ်တွေက နောင်လာနောက်သားတွေရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံရမှာ သေချာပေမဲ့ ပြည်သူတွေအတွက် ဒီနာမည်ဆိုးကို ခံယူဖို့ သူ ဆန္ဒရှိနေပါတယ်...
"တမလွန်ကို သွားရမယ် ဟုတ်လား... ဟားဟားဟား..."
ဧကရာဇ်က ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ဟားတိုက်ရယ်မောနေသည်။ အမှောင်ထဲတွင် သူ့ခန္ဓာကိုယ်က ရယ်မောမှုကြောင့် ပြင်းထန်စွာ တုန်ခါနေသော်လည်း သူ့ရှေ့တွင် ရပ်နေသော လျှို့ဝှက်မြို့စားမင်းကတော့ မလှုပ်မယှက် ရှိနေပြီး မျက်နှာဖုံး နောက်ကွယ်မှ မျက်လုံးများက ကလဲ့စားချေလိုသော တစ္ဆေတစ်ကောင်၏ မျက်လုံးများကဲ့သို့ ယန်လန်နှင့် အခြားသူများကို ငုံ့ကြည့်နေသည်။
"ငါက မသေမျိုး ဖြစ်ဖို့ ကံပါလာတာလေ ဘယ်လိုလုပ် တမလွန်ကို ရောက်မှာလဲ... ငါက တာ့လီမင်းဆက်ရဲ့ ထာဝရဧကရာဇ် ဖြစ်လာမှာ... လာမယ့် ရှည်လျားတဲ့နှစ်ပေါင်းများစွာမှာ ငါက တာ့လီမင်းဆက်ကို မကြုံစဖူး သာယာဝပြောအောင် ဦးဆောင်မှာ... နောင်လာနောက်သားတွေရဲ့ မျက်လုံးထဲမှာ ဒီနှစ်တွေအတွင်းက ရှုပ်ထွေးမှုတွေက ဘာမှ မဟုတ်တော့ဘူး... သူတို့က ငါ့ရဲ့ ကြီးမြတ်မှုကိုပဲ ချီးကျူးကြလိမ့်မယ်... မင်းတို့ကိုကျတော့ မသေမျိုးဧကရာဇ်ကို ဟန့်တားခဲ့တဲ့ ရည်မှန်းချက်ကြီးသူတွေ အနေနဲ့ပဲ မြင်ကြလိမ့်မယ်... မင်းတို့ ထာဝရ နာမည်ဆိုးနဲ့ပဲသမိုင်းတွင်လိမ့်မယ်....."
ဧကရာဇ်သက ရူးသွပ်စွာ ရယ်မောလိုက်သဖြင့် လူတိုင်း ကျောချမ်းသွားကြသည်။
ခန်းမထဲရှိ မှူးမတ်များ အားလုံး မျက်မှောင်ကြုတ်သွားကြပြီး ဧကရာဇ် ရူးသွားပြီဟု ထင်လိုက်ကြ၏။
"လျှို့ဝှက်မြို့စားမင်း ဘယ်မှာလဲ..."
"ကျွန်တော်မျိုး ရှိပါတယ်..."
"အိမ်ရှေ့စံကလွဲရင် ကျန်တာ အကုန်သတ်... တစ်ယောက်မှ အကောင်းတိုင်း မကျန်စေနဲ့..."
"ဟုတ်ကဲ့ပါ..."
လျှို့ဝှက်မြို့စားမင်းက ပြောပြီးသည်နှင့် ညာလက်ကို မြှောက်လိုက်ရာ ကျင်းဝူအစောင့်တပ်သားများ အားလုံး လက်နက်များကို ဆွဲထုတ်ပြီး ကောင်းကင်ကာကွယ်ရေး အစောင့်တပ်၊ မှူးမတ်များ၊ ကိုယ်ရံတော်များနှင့် အစောင့်များထံသို့ ပြေးဝင်သွားကြသည်။
ကန်ဝူနန်းဆောင်၏ တံခါးခုံမှ သွေးများ လျင်မြန်စွာ ပန်းထွက်လာချေပြီ…
ကန်ဝူနန်းဆောင် အတွင်းမှ ဓားရိပ်များ လက်သွားပြီး အရိပ်များ ကခုန်နေကြသည်။ အသက်ရှူချိန် ဆယ်ကြိမ်အတွင်း လူအချို့ ခန်းမထဲမှ ကြောက်လန့်တကြား ထွက်ပြေးလာကြပြီး ထိုလူများထဲတွင် ကျာယီလည်း ပါဝင်သည်။
သူ့မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ရှည်လျားသော အဖြူရောင် ကျောက်သား လှေကားထစ်များပေါ်မှ အမြန် ပြေးဆင်းလာကာ ကိုယ်ဖော့ပညာကို အသုံးပြု၍ ရှေ့ဆက်သွားနေသည်။ လမ်းတစ်လျှောက်ရှိ အခြား ကောင်းကင်ကာကွယ်ရေး အစောင့်တပ်သားများ၏ ခေါ်သံကို လစ်လျူရှုထားပြီး ကမ္ဘာပေါ်တွင် အကြောက်မက်ဖွယ် အကောင်းဆုံး အရာနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ အသည်းအသန်ပြေးလွှားနေရသည်။
...
ချလွင်...
ဓားတစ်လက် ယန်လန်၏ ခြေရင်းသို့ လျှောကျလာပြီး သူ့နောက်မှ အမတ်အို တစ်ယောက်က လည်ပင်းကို အုပ်ထားသော်လည်း ပန်းထွက်နေသော သွေးများကို မတားဆီးနိုင်ပေ။ နောက်ဆုံးတွင် ကျင်းဝူအစောင့်တပ်သား တစ်ဦးက သူ့ခြေထောက်များကို ဖြတ်လိုက်သဖြင့် ညည်းတွားသံနှင့်အတူ အမတ်အိုကြီး သွေးအိုင်ထဲသို့ လဲကျသွားပြီး ဘယ်တော့မှ ပြန်မထလာနိုင်တော့ချေ။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ယန်လန်ကို အပိုင်းပိုင်း ပြတ်နေသော အလောင်းများဖြင့် ဝန်းရံခံထားရပြီး ကျင်းဝူအစောင့်တပ်သားများက သူ့ကို ဝိုင်းထားကြသည်။
ယန်လန် ဝတ်ရုံလက်စထဲမှ လက်များကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်ကာ ကြောက်ရွံ့နေသော မျက်လုံးများ ပြန်လည် တည်ငြိမ်သွားသည်။
အမှောင်ထဲတွင် ပုန်းအောင်းနေဆဲ ဖြစ်သော ဧကရာဇ်ကို သူ ကြည့်လိုက်ပြီး….
"သူတို့ အားလုံးက ပြောကြတယ်... ကျွန်တော်က စိတ်သဘောထား နူးညံ့လွန်းလို့ ဖခင်ကို မသတ်ရက်ဘူးတဲ့... တကယ်တော့ ကျွန်တော် မသေချာခဲ့လို့ပါ... ဒါပေမဲ့ ခမည်းတော်က ကျွန်တော့်ကို ဖိအားပေးနေတယ်... သူတို့ကလည်း ကျွန်တော့်ကို ဖိအားပေးနေတယ်... ကျွန်တော့်မှာ ဆုတ်ခွာစရာ နေရာ မရှိတော့ဘူး..."
"အဲဒီ လူမိုက်တွေက သူတို့ရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက် အောင်မြင်ခါနီးပြီလို့ ထင်နေကြတာ... မင်းကျတော့ အမြင်ရှင်းတယ်... ငါ့သား ဖြစ်ရတာနဲ့ တန်ပါတယ်... အခု ဒူးထောက်လိုက်... ဒါဆို မင်းကို သိက္ခာရှိရှိ သေခွင့်ပေးမယ်..."
ယန်လန်က အမှောင်ထဲမှ ဖခင်ကို စိုက်ကြည့်ပြီး ပြတ်သားသောလေသံနှင့် တုံ့ပြန်လိုက်သည်က….
"ခမည်းတော်... မိစ္ဆာတွေ ပူးကပ်နေတာလား... ဒါမှမဟုတ် တကယ်ပဲ မသိနားမလည်တာလား... မသေမျိုး ဖြစ်ခြင်းကို တကယ် ယုံကြည်နေတာလား... ပြည်နယ်ကိုးခုနဲ့ နယ်မြေတစ်ဆယ့်လေးခုမှာ နှစ်ပေါင်း ၇၀၀၀ သမိုင်း ရှိခဲ့ပေမဲ့ ကမ္ဘာပေါ်မှာ ထာဝရ အသက်ရှင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး..."
"တခြားသူတွေ မလုပ်နိုင်တာနဲ့ ငါ မလုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး... အစက မင်းကို ထာဝရ အိမ်ရှေ့စံ ဖြစ်စေချင်ခဲ့တာ... ကံဆိုးတာက မင်းရဲ့ လုပ်ရပ်တွေက ငါ့ကို အရမ်း စိတ်ပျက်စေတယ်... ကိစ္စမရှိပါဘူး... သားတွေဆိုတာ ငါ လိုချင်သလောက် ရနိုင်တယ်... ငါ့ကို ဆန့်ကျင်တဲ့သူ ဘယ်သူမဆို သေရမယ်..."
ဧကရာဇ်၏ အသံက ပုံမှန်မဟုတ်ဘဲ အေးစက်သွားပြီး အကန့်အသတ်မဲ့ သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်လိုက်သည်။
ထိုစကားကို ကြားပြီးနောက် ယန်လန် တိတ်ဆိတ်သွားသည်။ ထပ်ပြောနေလို့ အကြောင်းမထူးနိူင်ကြောင်း နားလည်လိုက်သည်။
ထို့ကြောင့် ခါးမှ ဓားကို ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်ပြီး ဧကရာဇ်ကို ချိန်ရွယ်လိုက်သည်။ ဒါဇင်ပေါင်းများစွာသော ကျင်းဝူအစောင့်တပ်သားများ ဝိုင်းရံထားသဖြင့် ဧကရာဇ်ကို သူ မသတ်နိုင်သော်လည်း မသေခင် သူ့သဘောထားကို ပြသချင်နေသည်။
"လျှို့ဝှက်မြို့စားမင်း... သူ့ဒူးတွေကို ရိုက်ချိုးပြီး ဒူးထောက်ခိုင်းလိုက်..."
"ဟုတ်ကဲ့..."
လျှို့ဝှက်မြို့စားမင်းက လက်ဝှေ့ယမ်းကာ ကျင်းဝူအစောင့်တပ်သားများကို ဖယ်ခိုင်းလိုက်သည်။
ကလဲ့စားချေလိုသော နတ်ဆိုးတစ်ကောင်နှင့် တူသည့် လျှို့ဝှက်မြို့စားမင်းကို ကြည့်ရင်း ယန်လန် ကြောက်ရွံ့ခြင်း မရှိပေ။
"ကျိန်းအာ... မင်း ကြီးပြင်းလာတာကို အဖေ ကြည့်ခွင့်ရတော့မှာ မဟုတ်ဘူး..."
ဝုန်း...
အိမ်ရှေ့စံ၏ စိတ်ထဲ၌ ထိုသို့တွေးနေစဉ်ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာပြီး လျှို့ဝှက်မြို့စားမင်း ရှေ့သို့ ခုန်တက်ကာ သူ့ကို ကန်ကျောက်ရန် ပြင်လိုက်သဖြင့် သူ့မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားသည်။
ချလွင်...
ပြတ်သားသော ဓားမြည်သံ ထွက်ပေါ်လာပြီး ယန်လန်၏ မျက်နှာထား ပြောင်းလဲသွားကာ ပါးစပ် အလိုအလျောက် ဟသွားသည်။
လျှို့ဝှက်မြို့စားမင်း၏ ကန်ချက်ကို ကာကွယ်ရန် ဓားနှစ်လက် သူ့ရှေ့တွင် ကြက်ခြေခတ် ပိတ်ဆို့လိုက်သည်။ လျှို့ဝှက်မြို့စားမင်း၏ အင်အားမှာ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပြီး လေပြင်းများ တိုက်ခတ်လာသဖြင့် သူ့ဝတ်ရုံများ လွင့်ပျံသွားပြီး ဆံပင်များ နောက်သို့ လွင့်သွားသည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ဘေးတစ်ဖက်တစ်ချက်စီတွင် လူတစ်ယောက်စီ ရပ်နေပြီး လျှို့ဝှက်မြို့စားမင်းကို ကာကွယ်ရန် ဓားဖြင့် ထောက်ထားသည်ကို တွေ့လိုက်ရသည်။
လျှို့ဝှက်မြို့စားမင်း၏ မျက်လုံးအိမ်များ ကျယ်သွားပြီး ရုတ်တရက် နောက်သို့ ခုန်ဆုတ်ကာ လှေကားထစ် ရှေ့တွင် ပြန်လည် ဆင်းသက်လိုက်ပြီး အနက်ရောင် ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူနှစ်ဦးကို ကြည့်ပြီး အသံနက်ကြီးဖြင့် မေးလိုက်လေသည်။
"မင်းတို့က ဘယ်သူတွေလဲ... သိုင်းလောကမှာ မင်းတို့လောက် စွမ်းရည်ရှိတဲ့သူ သိပ်မရှိဘူး... မင်းတို့က သေချာပေါက် နာမည်မရှိတဲ့သူတွေ မဟုတ်ဘူး..."
ကျန်းကျောက်ရှားက အခြားလက်တစ်ဖက်ကို မြှောက်၍ ယန်လန်၏ ပခုံးကို ဆွဲကာ လေထဲသို့ ခုန်တက်လိုက်ပြီး ယန်လန်ကို ကန်ဝူနန်းဆောင်ထဲမှ ခေါ်ထုတ်ရန် ကြိုးစားလိုက်သည်။
ထိုအခါ လျှို့ဝှက်မြို့စားမင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်း လက်ဝှေ့ယမ်းလိုက်ရာ ဒါဇင်ပေါင်းများစွာသော ကျင်းဝူအစောင့်တပ်သားများ ရှေ့သို့ ပြေးထွက်သွားကြသည်။
ရွှီနင်းကတော့ ရပ်နေဆဲ ဖြစ်ပြီး ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်လေရာ ဓားချီစွမ်းအင်များ ဘေးပတ်လည်သို့ လှိုင်းဂယက်ထသွားပြီး ဒါဇင်ပေါင်းများစွာသော ကျင်းဝူအစောင့်တပ်သားများကို အတင်းအဓမ္မ ရပ်တန့်စေနိုင်ခဲ့သည်။
လျှို့ဝှက်မြို့စားမင်းကလည်း ကျင်းဝူအစောင့်တပ်သား နှစ်ဦးကြားမှ တစ္ဆေတစ်ကောင်အလား ဖြတ်သန်းသွားပြီး ရွှီနင်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
ရွှီနင်းက ဓားကို မြှောက်ကာ ကာကွယ်လိုက်ရာ နှစ်ယောက်စလုံး တစ်ဖက်လူ၏ အင်အားကြောင့် နောက်သို့ လွင့်သွားကြသည်။ထိုအခါ ရွှီနင်းက ထိုအရှိန်ကို အသုံးပြု၍ ကန်ဝူနန်းဆောင်ထဲမှ ပျံထွက်သွားပြီး တောက်ပသော လရောင်အောက်တွင် ပြီးပြည့်စုံသော မျဉ်းကွေးတစ်ခု ရေးဆွဲကာ အဖြူရောင် ကျောက်သား လှေကားထစ်များ အောက်သို့ ဆင်းသက်လိုက်သည့်အခါ ကျန်းကျောက်ရှားနှင့် ယန်လန်တို့က သူမ၏ နောက်တွင် ရှိနေသည်။
ရှေ့ရှိ နန်းတော်တံခါးများကို ကျင်းဝူအစောင့်တပ်သားများ ပိတ်ဆို့ထားတာကြောင့် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နေရာတိုင်းရှိ နန်းတော်မြို့ရိုးများပေါ်တွင် ကျင်းဝူအစောင့်တပ်သားများ ပြည့်နှက်နေသည်။ သူတို့အားလုံး အနက်ရောင် ပိုးသားဝတ်ရုံများကို ဝတ်ဆင်ထားပြီး နတ်ဆိုးမျက်နှာဖုံးများ တပ်ဆင်ကာ လက်နက်မျိုးစုံ ကိုင်ဆောင်ထားကြသည်။ အမှောင်ထဲတွင် သူတို့အားလုံးက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော မိစ္ဆာများကဲ့သို့ ရှိနေသည်။
လျှို့ဝှက်မြို့စားမင်း အဖြူရောင် ကျောက်သား လှေကားထစ်များပေါ်တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာပြီး ကျန်းကျောက်ရှားတို့ကို ငုံ့ကြည့်ပြီး အေးစက်သော အသံဖြင့်….
"ဒီည မင်းတို့ ဘယ်သူမှ ထွက်မသွားရဘူး..."
ထိုသို့ ပြောပြီးသည်နှင့် လေထဲသို့ ခုန်တက်လိုက်ပြီး ညာဘက်လက်ဝါးကို မြင့်မြင့်မြှောက်ကာ နှစ်ရာချီသော အတွင်းအားများကို လက်ဝါးထဲသို့ စုစည်းလိုက်ရာ မီးတောက်များ ဖြာထွက်လာပြီး ပြိုင်ဘက်ကင်း လွှမ်းမိုးမှုကို ပြသနေသည်။
...
ကောင်းကင်နှင့် မြေကြီးကြားတွင် နှင်းများ အဆုံးမရှိ ကျဆင်းနေသော်လည်း ကောင်းကင်တွင် တောက်ပသော နေမင်းကြီး ထွန်းလင်းနေသဖြင့် ရေခဲနှင့် နှင်းဖုံးနေသော ရှုခင်းကိုပင် နွေးထွေးနေသယောင် ထင်ရစေသည်။
ထိုနေ့ နေ့လယ်ပိုင်းတွင် ရွှယ်ကျင်းနှင့် ဓားသမား ၁၂ ဦးတို့ ပြန်ရောက်လာပြီး လီချင်းချိုးနှင့် သီးသန့် တွေ့ဆုံခဲ့သည်။
"ကျွန်တော်တို့ တပည့်တွေကို တိုက်ခိုက်ဖို့ လူလွှတ်တာ ကျန်းယန်က ဖေမိသားစုပါ... သူတို့ ပိုက်ဆံဘယ်လောက် သုံးခဲ့လဲ၊ လူဘယ်နှယောက် ငှားခဲ့လဲ မသိပါဘူး... ဒီဘေးဒုက္ခကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက ဖေမိသားစုကို မျိုးဖြုတ်ပစ်ဖို့ပဲ... ကျေးဇူးပြုပြီး ဂိုဏ်းချုပ် အမိန့်ပေးပါ... ကျွန်တော်တို့ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့က ကျန်းယန်မြို့ကို သွားပြီး ဖေမိသားစု တစ်ခုလုံးကို သတ်ဖြတ်ဖို့ ဆန္ဒရှိပါတယ်..."
ရွှယ်ကျင်းက လျင်မြန်စွာ ပြောလိုက်ပြီး သူ့လေသံတွင် ရက်စက်သော အငွေ့အသက်များ ပါဝင်နေသည်။
ထိုစကားကို ကြားသောအခါ လီချင်းချိုးက…
"ငါ့မှာ ပိုကောင်းတဲ့ အကြံမရှိဘူး... မင်းက ချင်းရှောင်ဂိုဏ်းကို မိသားစုလိုက် မျိုးဖြုတ်ပစ်တတ်တဲ့ နတ်ဆိုးဂိုဏ်းလို့ ထင်နေတာလား..."
ရွှယ်ကျင်း တိတ်ဆိတ်နေပြီး စိတ်ထဲတွင် တွေးလိုက်မိသည်က…
ချင်းရှောင်ဂိုဏ်းက အင်အားစုတွေကို အပြတ်ရှင်းပစ်တာ မလုံလောက်သေးလို့လား...
"ကျန်းယန်မြို့က မင်းထင်သလောက် မရိုးရှင်းဘူး... သိုင်းလောကမှာ ပြဿနာရှာလို့ရပေမဲ့ ဧကရာဇ်မြို့တော်မှာတော့ သတိထား... လမ်းကြားထဲမှာ မြို့တော်က ကျွမ်းကျင်သူတွေသတ်တာ မခံရစေနဲ့..."
…ငါ ရွှယ်ကျင်းကို ကောင်းကောင်း ပြောပြရဦးမယ်... ဒီကောင်လေးက မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရောက်သွားတာနဲ့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာ... အဲဒီလို လုပ်လို့ မရဘူး……
ရွှယ်ကျင်း ပါးစပ်ဟလိုက်သော်လည်း ဂိုဏ်းချုပ်ကို ပြန်မငြင်းရဲပေ။
"မင်းတို့ အခု သွားနားကြတော့... မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် မရောက်မချင်း တောင်အောက်ဆင်းမယ့် အဖွဲ့ကို ဦးဆောင်ခွင့် မပေးတော့ဘူး..."
"ဒါဆို ဖေမိသားစုကို ဘာမှ မလုပ်တော့ဘူးလား... သူတို့က ကျွန်တော်တို့ ဂိုဏ်းသားတွေကို သတ်နေတုန်းပဲ..."
"ငါ ဘာမှ မလုပ်ဘူးလို့ ဘယ်သူ ပြောလဲ... တခြားလူကို လုပ်ခိုင်းလိုက်မှာပေါ့..."
ထိုစကားကို ကြားသောအခါ ဂိုဏ်းချုပ် စိုးရိမ်ပူပန်နေမည်ကို စိုးရိမ်နေခဲ့သော ရွှယ်ကျင်း ချက်ချင်း စိတ်သက်သာရာ ရသွားသည်။
ကံကောင်းထောက်မစွာဖြင့် ဂိုဏ်းချုပ်က သူ လေးစားသော ပုံစံအတိုင်း ရက်စက်ပြတ်သားဆဲ ဖြစ်သည်။
"မင်းဆရာ မရှိဘူး... သွားတွေ့စရာ မလိုဘူး... သွားနားတော့..."
"ဟုတ်ကဲ့..."
ရွှယ်ကျင်း ဦးညွှတ်ပြီး ထွက်ခွာသွားသည်နှင့် လီချင်းချိုးလည်း တောင်နောက်ဘက်သို့ ဦးတည်သွားခဲ့သည်။ထို့နောက် ကျောက်ကမ်းပါး အစွန်းသို့ ရောက်သောအခါ ခုန်ဆင်းလိုက်ပြီး ကောင်းကင်သက်တံဓား ပျံထွက်လာသဖြင့် ဓားကို ရှေ့တွင် ထားကာ စီးနင်းလျက် တောင်တန်းများကြားနှင့် ကျယ်ပြောသော နှင်းမြူများကြားတွင် ပျံသန်းသွားလေသည်။
ဤသည်မှာ ကျန်းကျောက်ရှား ဖန်တီးခဲ့သော ဓားပျံပညာ ဖြစ်ပြီး လီချင်းချိုးက မွမ်းမံထားခြင်း ဖြစ်သည်။
ဓားပေါ်တွင် ရပ်၍ ပျံသန်းခြင်းက သေချာပေါက် ကြည့်ကောင်းသော်လည်း ဓားကို ရှေ့တွင် ထား၍ ဓားချီစွမ်းအင်ဖြင့် ဆွဲခေါ်သွားခိုင်းခြင်းက အားကုန်သက်သာပြီး ပိုမြန်သည်။
သူ့လက်ရှိ မူလချီ ပမာဏဖြင့်ဆိုလျှင် ရှောင်ပါးကို စီးနင်းရန် မလိုအပ်တော့ပေ။ ရှောင်ပါးက သူ့လောက်ပင် မြန်မြန် မပျံနိုင်ချေ။
လေထဲတွင် ပျံသန်းနေမှသာ စိတ်ထဲ၌ ကျင့်ကြံသူ တစ်ဦးကဲ့သို့ အမှန်တကယ် ခံစားရသည်။
ဂိုဏ်းသားအားလုံး ဓားပျံပညာကို ဘယ်တော့လောက် တတ်မြောက်မလဲ ဆိုတာ သူ သိချင်နေမိသည်။
တပည့်ထောင်ပေါင်းများစွာ ဓားပျံစီးပြီး အတူတူ ပျံသန်းကြရင် ဘယ်လောက် ခမ်းနားမလဲ ဆိုတာ စိတ်ကူးကြည့်လိုက်...
မကြာမီ လှိမ့်ဝင်နေသော အဆိပ်မြူများ အတွင်းသို့ ပျံသန်းဝင်ရောက်သွားပြီး ဝိညာဉ်တစ်ထောင် မင်္ဂလာနယ်မြေသို့ ရောက်ရှိသွားခဲ့သည်။ သူ ကောင်းကင်မှ ဆင်းသက်လာပြီး ဝိညာဉ်တစ်ထောင်သစ်ပင် ရှေ့ရှိ နှင်းပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ကောင်းကင်သက်တံဓားက သူ့ကို နှစ်ပတ် ပတ်ပြီးမှ ဓားအိမ်ထဲသို့ ပြန်ဝင်သွားသည်။
ဤမြင်ကွင်းကြောင့် ကျောက်ကျိန်း၏ မျက်လုံးများ အရောင်လက်သွားပြီး….
"ဆရာ... အဲဒီကွက်က အရမ်း မိုက်တာပဲ... ကျွန်တော့်ကို သင်ပေးလို့ ရမလား..."
"မင်းရဲ့ စွမ်းရည် မလုံလောက်သေးဘူး..."
လီချင်းချိုးက ပေါ့ပေါ့ပါးပါးပင် ငြင်းလိုက်သည်။ ထိုအချိန်တွင် ဝိညာဉ်တစ်ထောင်သစ်ပင် အောက်၌ ကျောက်ကျိန်း၊ ယွမ်လီနှင့် ကျိယာတို့သာ ရှိနေသဖြင့် သူ ဒီအထိ ပျံသန်းလာရဲခြင်း ဖြစ်သည်။
အကယ်၍ အခြားတပည့်များ ရှိနေပါက လမ်းတစ်ဝက်ရှိ တောအုပ်ထဲတွင် ဆင်းသက်ပြီး လမ်းလျှောက်လာမည် ဖြစ်သည်။
လီချင်းချိုး သစ်ပင်နားသို့ လျှောက်သွားပြီး တရားထိုင်လိုက်သည်။ သူလည်း ကျင့်ကြံလိုပြီး မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် ကြိုးစားနေသည်။
သူ မျက်လုံးမှိတ်လိုက်သည်နှင့် အချိန်များ ကုန်ဆုံးသွားသည်ကို ဂရုမပြုမိတော့ပေ။
အချိန်အတော်ကြာသည့်အခါ ကျောက်ကျိန်းနှင့် ကျိယာတို့ ထလာပြီး စတင် လက်ရည်စမ်းကြလေသည်။
အပြင်လူ မရှိသဖြင့် ကျိယာက တောင်သခင် နတ်ဘုရားမန္တန်ကို ချန်လှပ်မထားဘဲ ထုတ်သုံးလိုက်ရာ နှစ်ကျန်းမြင့်သော ခမ်းနားထည်ဝါသည့် တောင်သခင် (ကျား) တစ်ကောင် ပေါ်ထွက်လာသည်။
ထိုအဖြစ်ကို မြင်သောအခါ ကျောက်ကျိန်း ပြုံးလိုက်ပြီး လေထဲသို့ ခုန်တက်ကာ နတ်နဂါးအသွင်ပြောင်းခြင်း ပညာကို အသုံးပြုလိုက်သဖြင့် မူလချီများက သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေသော နဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး ကျိယာအပေါ်သို့ ခုန်အုပ်လိုက်သည်။
နဂါးနှင့် ကျားတို့ လေထဲတွင် တိုက်ခိုက်ကြပြီး လေပြင်းများ အဆက်မပြတ် ဖန်တီးနေသဖြင့် သစ်ပင်အောက်တွင် ထိုင်နေသော ယွမ်လီကို အားကျသွားစေသည်။
လီချင်းချိုး မျက်လုံးဖွင့်ကြည့်လိုက်ရာ ယွမ်လီ၏ အမူအရာကို မြင်လိုက်ရသည်။ ယွမ်လီ၏ မပျက်စီးနိုင်သော အာဏာရှင်ခန္ဓာကိုယ် နိုးထလာအောင် မည်သို့ ကူညီရမည်ကို မနေနိုင်ဘဲ စဉ်းစားလိုက်မိသည်။
သူ့ကို စိတ်လှုပ်ရှားမှု တစ်ခုခု ပေးလိုက်ရင် ကောင်းမလား...
မကြာသေးမီက ဝိညာဉ်ပညာရပ်ကို လေ့လာနေပြီး တိုးတက်မှု အချို့ ရရှိထားသည်။ သူသည် ဝိညာဉ်ချုပ်ကျိန်စာကို အသုံးပြု၍ ယွမ်လီကို လက်တွေ့နှင့် စိတ်ကူးယဉ် မခွဲခြားနိုင်သော ပုံရိပ်ယောင် တစ်ခုထဲသို့ ထည့်ထားနိုင်သည်။