ကမ္ဘာလောကကြီး တုန်ဟီးခြင်း
Vol. 11 Ch. 104
လီချင်းချိုး၏ အမြင်အရ မနိုးထသေးသော ခန္ဓာကိုယ်တစ်ခုက ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု တစ်မျိုးမျိုး လိုအပ်သော်လည်း လှုံ့ဆော်မှု အတိုင်းအတာကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။
သို့သော်လည်း ယွမ်လီ ငယ်ရွယ်သေးသည်ကို မြင်သောအခါ သူ မလုပ်ရက်ပေ။
ထားလိုက်ပါတော့...
လက်ရှိ ဆုတ်ယုတ်မှုသည်လည်း သူ့စိတ်ဓာတ်ကို စမ်းသပ်မှု တစ်ခု ဖြစ်သည်။ ဆရာသခင်ရဲ့နှလုံးသားနှင့် ကြံ့ခိုင်သော ကံကြမ္မာတို့က သူ့ကို လမ်းမှန်ပေါ်တွင် ဆက်ရှိနေစေပြီး လမ်းလွဲမသွားစေရန် ကူညီပေးလိမ့်မည်ဟု လီချင်းချိုး ယုံကြည်သည်။
အဋ္ဌမအဆင့်က နီးသည်ထက် နီးလာပြီဖြစ်သဖြင့် လီချင်းချိုး မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံနေလိုက်သည်။
...
ညရောက်သောအခါ လီစစ်ဖုန်းတယောက် တီရွှမ်းဓားကို သယ်ဆောင်လျက် လင်းရှောင်ခြံဝင်းသို့ ပြန်ရောက်လာသည်။ တစ်နေ့တာ ကျင့်ကြံမှုကြောင့် သူ့ မူလချီနှင့် အားအင်များလည်း ကုန်ခမ်းနေပြီ ဖြစ်သည်။
ပင်ပန်းနေသော်လည်း သူ အတော်လေး ကျေနပ်နေသလို ခံစားနေရသည်။ နေ့တိုင်း ပိုသန်မာလာသော ခံစားချက်မှာ အလွန် ကောင်းမွန်လှပေသည်။
အရင်တုန်းက ဘာလို့ တန်ဖိုးမထားမိခဲ့တာလဲ...
ငါတို့ နိုးထလာဖို့အတွက် မျှော်လင့်ချက်မဲ့တာကို ကြုံတွေ့ရမှ ဖြစ်မှာလား...
ဒီနေ့ မွန်းလွဲပိုင်းက သူ ဓားသိုင်းကစားနေတာကို ကြည့်ပြီး ချန်ရှို့ရဲ့ လေးစားအားကျတဲ့ အကြည့်ကို တွေးမိတော့ လီစစ်ဖုန်း အောင်မြင်မှု တစ်ခုခု ရလိုက်သလို ခံစားလိုက်ရသည်။
တကယ်လို့ ငရဲချီလင်သာ အချိန်မီ မရောက်လာခဲ့ရင် သူ သေဆုံးရုံသာမက ချန်ရှို့တို့မောင်နှမနှစ်ယောက်စလုံး သေဆုံးသွားမှာ... တွေးမိရင် ကြက်သီးထစရာပဲ...
သူ မော့ကြည့်လိုက်ရာ အစ်ကိုကြီး စားပွဲရှည်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့်….
"အစ်ကိုကြီး... ဒီလောက် ညဉ့်နက်နေပြီ... ဘာလို့ မနားသေးတာလဲ..."
လီစစ်ဖုန်း လျှောက်သွားပြီး ပြုံး၍ မေးလိုက်တော့ လီချင်းချိုးကလည်း ဖက်လက်စ စာအုပ်ကို ချလိုက်ပြီး ….
"မင်းကို စောင့်နေတာ... မင်းကို တာဝန်တစ်ခု ပေးစရာ ရှိလို့..."
ထိုစကားကို ကြားသောအခါ လီစစ်ဖုန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဘာတာဝန်လဲ..."
"မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်ကို အမြန်ဆုံး ရောက်အောင်လုပ်... ပြီးရင် ဖေမိသားစုကို သွားရှင်းပစ်..."
လီချင်းချိုး၏ လေသံက အလွန်အင်မတန် တည်ငြိမ်နေသည်။
ဖေမိသားစုဆိုသော စကားလုံးကို ကြားလိုက်ရသဖြင့် လီစစ်ဖုန်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
သူ ဖေမိသားစုကို အရိုးထဲကနေ မုန်းတီးနေတာ... လီချင်းချိုး မပြောရင်တောင် ဖေမိသားစုနဲ့ တိုက်ခိုက်မယ့်နေ့က ရောက်လာဦးမှာပဲ...
"ကောင်းပြီ..."
"ပုံမှန်ဆိုရင် ငါတို့ ဖေမိသားစုနဲ့ ဘာမှ ပတ်သက်စရာ မရှိဘူး... ဒါပေမဲ့ သူတို့လိုချင်တဲ့ တီရွှမ်းဓားကို မင်း မျက်စိကျခဲ့လို့ တိုက်ခိုက်မှုတွေ ဖြစ်ပြီး ငါတို့ သူတို့နဲ့ ရန်သူကြီးတွေ ဖြစ်သွားခဲ့တာ... ဒီကိစ္စကြောင့် ငါတို့ ဂိုဏ်းသားတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်... ငါ မင်းကို အပြစ်တင်နေတာ မဟုတ်ဘူး... ရတနာ ဆိုတာ စွမ်းရည်ရှိတဲ့သူနဲ့ပဲ ဆိုင်တာ... တီရွှမ်းဓားက ဖေမိသားစုပိုင်တာ မဟုတ်ဖူး... ငါ မျှော်လင့်တာက အနာဂတ်မှာ မင်း တစ်ခုခု မလုပ်ခင် အကောင်းအဆိုးကို အရင် စဉ်းစားစေချင်တာ... မင်း ကြီးပြင်းလာပြီပဲ... ရင့်ကျက်ဖို့ အချိန်တန်ပြီ..."
ထိုစကားကို ကြားပြီးနောက် လီစစ်ဖုန်း ရှက်ရွံ့သွားပြီး ဒီတစ်ခါ သူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုခြင်း မပြုတော့ပေ။
"သွားနားတော့..."
လီစစ်ဖုန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကို လေးလေးနက်နက် ခေါင်းညိတ်ပြကာ လှည့်ထွက်သွားပြီး အခန်းထဲ ပြန်ဝင်သွားသည်။
...
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ထွက်ခွာသွားပြီး ရက် ၂၀ အကြာတွင် ပြန်ရောက်လာကြသည်။ သို့သော် ယန်လန်ကို မတွေ့ရပေ။ ထိုနှစ်ယောက်စလုံး မျက်နှာ မကောင်းသည်ကို သတိပြုမိသဖြင့် တစ်စုံတစ်ရာကို သံသယ ဝင်လာသည်။
လီချင်းချိုးက ကျန်းကျောက်ရှားနှင့် ရွှီနင်တို့ နှစ်ယောက်တည်းကို စကားပြောလိုသဖြင့် ကျောက်ကျိန်း၊ ယွမ်လီနှင့် အခြားသူများကို ပြန်လွှတ်လိုက်သည်။
အခြားသူများ ထွက်ခွာသွားပြီးနောက် လီချင်းချိုး သူတို့နှစ်ဦးကို ထိုင်ခိုင်းပြီး စကားပြောလိုက်သည်။
"အိမ်ရှေ့စံ သေသွားပြီ..."
ကျန်းကျောက်ရှား၏ ပထမဆုံး စကားလုံးများကြောင့် လီချင်းချိုး မျက်မှောင်ကြုတ်သွားသည်။ ခန်းမှန်းမိသော်လည်း အမှန်တရားကို သိလိုက်ရသောအခါ စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ဒဏ်ရာမရသည်ကို မြင်သောအခါ သူ မနေနိုင်ဘဲ မေးလိုက်သည်။
"မင်းတို့ အချိန်မီ မရောက်ဘူးလား..."
"ရောက်ပါတယ်... ကျွန်တော်တို့ သူ့ကို နန်းတော်ထဲကနေတောင် ကယ်ထုတ်လာနိုင်ခဲ့တာ... ဒါပေမဲ့ မြို့ပြင်ရောက်တော့ သူ ရုတ်တရက် အဆိပ်မိပြီး သေသွားတယ်... အဆိပ်က သူ့ကိုယ်ထဲမှာ အနည်းဆုံး လဝက်လောက် ပုန်းအောင်းနေခဲ့တာ... ဆိုလိုတာက သူ မပုန်ကန်ခင်ကတည်းက တစ်ယောက်ယောက်က သူ့ကို အဆိပ်ခတ်ထားတာပဲ... ဒီအဆိပ်က အရမ်း ပြင်းထန်ပြီး ကျွန်တော်တို့ရဲ့ ဟွမ်ယွမ်ကျမ်းစာ စွမ်းရည်နဲ့တောင် ထုတ်လို့ မရဘူး... သူက နေရစ်ခဲ့ပြီး အသေခံဖို့ ရွေးချယ်လိုက်တယ်... ကျွန်တော်တို့ နှစ်ယောက်ကို ထွက်ပြေးခွင့် ပေးလိုက်တာ..."
ကျန်းကျောက်ရှားက မျက်နှာပျက်လျက် ပြောလိုက်သည်။ ဤသည်မှာ သူ့အတွက် ပထမဆုံး တာဝန်မအောင်မြင်မှု ဖြစ်သဖြင့် စိတ်အခြေအနေ အလွန် ဆိုးရွားနေသည်။
ရွှီနင်းလည်း ထိုနည်းတူပင် ဖြစ်သည်။ အပြန်လမ်းတွင် နှစ်ယောက်သား စကားတစ်ခွန်းမျှ မပြောဖြစ်ကြချေ။
"ဒါဆို မင်းတို့ သူ့ကို ဒီအတိုင်း လွှတ်ပေးခဲ့တာလား..."
"ဘယ်ဟုတ်မလဲ... ကျွန်တော်တို့ သူ့ကို ပြန်ခေါ်လာပြီး ဂိုဏ်းချုပ်ဆီမှာ ကုသမှုခံယူစေချင်တာ... ဒါပေမဲ့ သူက ဘယ်လိုမှ လက်မခံဘူး... သူ မပြေးနိုင်ဘူးတဲ့... သူ ပြေးရင် ကျောက်ကျိန်းနဲ့ ချင်းရှောင်ဂိုဏ်း ဒုက္ခရောက်လိမ့်မယ်တဲ့... သူ မြို့တော်မှာပဲ သေရမယ်တဲ့... သူ စကားနည်းနည်းပဲ ပြောပြီး အဆိပ်မိ သေဆုံးသွားတယ်... ကျွန်တော်တို့ သူ့အလောင်းကို ထားခဲ့ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး..."
ရွှီနင်းကလည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်လိုက်ပြီး…
"သူ ပြောတာ ဟုတ်တယ် ... တကယ်လည်း အဲဒီအတိုင်းပါပဲ..."
လီချင်းချိုး တခဏလောက် တိတ်ဆိတ်သွားခဲ့သည်။
သူ ယန်လန်နှင့် သိကျွမ်းသည်မှာ မကြာသေးသလို ဆက်ဆံရေးလည်း သိပ်မနက်ရှိုင်းလှပေ။ သို့သော် ယန်လန်က ကျောက်ကျိန်း၏ ဖခင် ဖြစ်ပြီး ယန်လန်၏ သေဆုံးမှုကြောင့် ကျောက်ကျိန်း၏ စိတ်နေသဘောထား ပြောင်းလဲသွားမည်ကို သူ စိုးရိမ်မိသည်။
"ဒါ့အပြင် နန်းတော်ထဲက ကျွမ်းကျင်သူတွေက ရိုးရှင်းမနေဘူး... လျှို့ဝှက်မြို့စားမင်းလို့ခေါ်တဲ့ လူတစ်ယောက် ရှိတယ်... သူ့သိုင်းပညာက ရှန်ယွဲ့ထက် မနိမ့်ဘူး... ကျွန်တော်တို့ နှစ်ယောက်ပေါင်းရင် သူ့ကို သတ်နိုင်မယ်လို့ ယုံကြည်ပေမဲ့ သူ့လက်အောက်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်... တစ်ယောက်ချင်းစီက ကျွမ်းကျင်မှု မြင့်မားပြီး ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ကြတယ်... ကျွန်တော်တို့က အိမ်ရှေ့စံကို ကာကွယ်ရဦးမှာ ဆိုတော့ ထွက်ပြေးရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး..."
ကျန်းကျောက်ရှားက ဆက်ပြောလိုက်ရင်း လျှို့ဝှက်မြို့စားမင်း အကြောင်း ပြောသောအခါ သူ့မျက်နှာထား လေးနက်သွားသည်။
ရွှီနင်းက….
"လျှို့ဝှက်မြို့စားမင်းရဲ့ စွမ်းရည်က ဓားနတ်ဘုရားထက် အများကြီး သာလွန်တယ်... ဒါပေမဲ့ ဓားနတ်ဘုရားက ကိုယ်ပိုင် ဓားဆန္ဒ ရှိတာကြောင့် သူ့ထက် အားနည်းချင်မှ နည်းမှာပါ... ကျွန်မတို့ စိုးရိမ်တာက ဒါဟာ နန်းတော်ထဲက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ဖြစ်နေမှာကိုပါ... ဘာလို့လဲဆိုတော့ လျှို့ဝှက်မြို့စားမင်းက ကျွန်မတို့ကို လိုက်ဖမ်းနိုင်တယ်ဆိုတော့ နန်းတော်ထဲမှာ ဧကရာဇ်ကို ကာကွယ်ဖို့ သူ့ထက် မညံ့တဲ့သူ တစ်ယောက် ကျန်ခဲ့နိုင်တယ်..."
"နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက ဧကရာဇ်က လျှို့ဝှက်မြို့စားမင်းထက် ပိုသန်မာချင် သန်မာလိမ့်မယ်... မဟုတ်ရင် လျှို့ဝှက်မြို့စားမင်းကို နန်းတော်ထဲမှာ ထားမှာ မဟုတ်ဘူး... ပြီးတော့ ဧကရာဇ်က သိုင်းဒဏ္ဍာရီရဲ့ အတွင်းပိုင်း အမြုတေကို သောက်သုံးထားသေးတယ်..."
သူမ ဆက်မပြောသော်လည်း လီချင်းချိုး နားလည်လိုက်သည်။
ဒီဧကရာဇ်ရဲ့ စွမ်းရည်တွေက အခုဆို ခန့်မှန်းလို့ မရနိုင်တော့ဘူး... လျှော့တွက်လို့ မဖြစ်ဘူး...
လီချင်းချိုး မော့ကြည့်လိုက်ရာ ကောင်းကင်တွင် မသိလိုက်ဘာသာ တိမ်မည်းများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသဖြင့် သူ တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
"မိုးရွာတော့မယ် ထင်တယ်..."
………
အိမ်ရှေ့စံ ပုန်ကန်ပြီး ဧကရာဇ်၏ လက်အောက်ခံ ကျင်းဝူအစောင့်တပ် လက်ချက်ဖြင့် အသတ်ခံလိုက်ရသည့် သတင်းက ပြည်နယ်ကိုးခု ကမ္ဘာလောက တစ်ခုလုံးကို ဟာရီကိန်းမုန်တိုင်း အလား ဖြတ်သန်းသွားပြီး ကမ္ဘာလောကကို တုန်လှုပ်စေကာ သာမန်ပြည်သူများနှင့် သိုင်းလောကတွင် ပြောစမှတ် ဖြစ်လာခဲ့သည်။
အမတ်များနှင့် မိသားစုကြီး အများအပြားကို စုံစမ်းစစ်ဆေးရန် ဧကရာဇ်က အမိန့်ပေးလိုက်သဖြင့် နေ့စဉ် လူရာပေါင်းများစွာ ခေါင်းဖြတ်ခံနေရပြီး ကျန်းယန်ဧကရာဇ်မြို့တော်ရှိ ကွပ်မျက်စင်အောက်တွင် သွေးများ မြစ်ချောင်းအလား စီးဆင်းနေသည်။
ထိုသတင်း ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာသောအချိန်က နွေဦးပွဲတော် ကာလနှင့် တိုက်ဆိုင်နေသည်။
တပည့်များ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြစဉ် တောင်ပေါ်သို့ ရောက်လာသော ဘုရားဖူးများက ထိုကိစ္စကို ပြောပြလိုက်ကြခြင်း ဖြစ်သည်။ တပည့်များကြားတွင် ထိုသတင်း ပျံ့နှံ့သွားပြီး မကြာမီ ဂိုဏ်းတစ်ခုလုံးအတွက် ဆွေးနွေးစရာ ဖြစ်လာသည်။
ခုရီနှင့်ခုအာတို့က ကျောက်ကျိန်း စိတ်လိုက်မာန်ပါ လုပ်မိမည်ကို စိုးရိမ်သဖြင့် သူ့ကို ဆက်သွယ်လိုက်ကြသည်။
သို့သော် ကျောက်ကျိန်းက တောင်ထိပ်ပေါ်တွင် တရားထိုင်နေပြီး ဝိညာဉ်စွမ်းအင်များ ဝန်းရံနေသည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကျောက်ကျိန်းကို မနှောင့်ယှက်လိုသော်လည်း မဆင်မခြင် လုပ်မိမည်ကို စိုးရိမ်သဖြင့် မထွက်ခွာဘဲ စောင့်နေလိုက်ကြသည်။
လင်းရှောင်ခြံဝင်း အတွင်းတွင် ……
လီချင်းချိုးက ခန်းမသခင်များကို ဆွေးနွေးရန် ဆင့်ခေါ်လိုက်သည်။
"ဒီအချိန်ကစပြီး ကျောက်ကျိန်းရဲ့ အထောက်အထားက ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ... ဘယ်သူ့ကိုမှ ထုတ်မပြောရဘူး..."
လီချင်းချိုးက လူတိုင်းကို ဝေ့ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
ကျူးယန်က နေမကောင်းဖြစ်နေပုံ ရသဖြင့် လီချင်းချိုး သူမ၏ အမူအရာကို သတိပြုမိသဖြင့် မနေနိုင်ဘဲ မေးလိုက်ရသည်။
"ခန်းမသခင်ကျူး... ဘာဖြစ်လို့လဲ..."
ကျန်လူများကလည်း ကျူးယန်ကို ကြည့်လိုက်ကြသည်။ အိမ်ရှေ့စံ သေဆုံးမှုက သူတို့ကို ဖိအား ဖြစ်စေပြီး ဧကရာဇ် နောက်ထပ် ပြဿနာ ရှာတော့မည်ဟု ကြိုတင် ခံစားနေကြရသည်။
သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး….
"ကျွန်မ မိသားစုက ဒီတလော သတင်းလာမပို့တော့ဘူး... သူတို့ ပါဝင်ပတ်သက်နေမှာ စိုးရိမ်တယ်..."
"ခင်ဗျားနဲ့ ဆုမိန်းကလေးတို့ ပြန်သွားကြည့်ဖို့ လိုမလား..."
"တကယ်လို့ တစ်ခုခု ဖြစ်ရင်တောင် ကျွန်မတို့ ပြန်သွားလို့လဲ ဘာမှမထူးပါဘူး... ချင်းရှောင်ဂိုဏ်းမှာပဲ နေပြီး စောင့်ကြည့်တာ ပိုကောင်းပါတယ်... တကယ်လို့ ကျွန်မတို့ ကျူးမိသားစုက ဘက်မှား ရွေးမိရင်တောင် သွေးမျိုးဆက် ကျန်နေပါသေးတယ်... ကျွန်မ လုပ်ရမှာက အဲဒီ သွေးမျိုးဆက်ကို ကာကွယ်ဖို့ပါပဲ..."
"တကယ်လို့ ဂိုဏ်းချုပ်က ကျွန်မတို့ကို ရှောင်ထွက်စေချင်ရင် ကျွန်မတို့ ချက်ချင်း တောင်အောက် ဆင်းပေးပါ့မယ်..."
လီချင်းချိုးက သက်ပြင်းချလိုက်ပြီး …
"အိမ်ရှေ့စံရဲ့ သားကိုတောင် ငါတို့ လက်ခံထားရဲတာ... ခင်ဗျားတို့ကို လက်ခံထားဖို့ ဘာကြောက်စရာရှိလဲ..."
ထိုစကားကို ကြားသောအခါ ကျူးယန် ပြုံးလိုက်မိသည်။
လီချင်းချိုးကလည်း တာအိုမျိုးဆက်စနစ်ကို ဖွင့်ပြီး သူမ၏ သစ္စာရှိမှုကို စစ်ဆေးလိုက်သည်။
အင်း... ၁ မှတ် တိုးလာတာ မဆိုးပါဘူး...
"အစ်ကိုကြီး... ကမ္ဘာ့အခြေအနေ ပြောင်းလဲလာတာကို ကျွန်မတို့ ဘယ်လို ကိုင်တွယ်မလဲ..."
လီတုန်းယွဲ့က မေးလိုက်တော့ ကျန်းယွီချွန်းက လီချင်းချိုးထက်ဉီးအောင် ပြန်ဖြေလိုက်သည်။
"ဒါက အာဏာလုပွဲဆိုတော့ ငါတို့နဲ့ မဆိုင်ဘူး... တတိယညီလေးနဲ့ တူလေရွှီတို့ သူတို့အထောက်အထားကို ထုတ်မပြောသရွေ့ ကုကျိုးစီရင်စု ဂိတ်တွေရဲ့ အခြေအနေကို စောင့်ကြည့်ထားရုံပဒ... ငါ အကုန် စီစဉ်ထားပြီးပြီ... တစ်ခုခု ဖြစ်တာနဲ့ ငါ့ဆီ သတင်းတွေ ချက်ချင်း ရောက်လာမှာပါ..."
အိမ်ရှေ့စံ သေဆုံးမှုက သူ့ကို စိတ်သက်သာရာ ရစေခဲ့သည်။
အကယ်၍ ကျန်းကျောက်ရှားတို့ အိမ်ရှေ့စံကို ချင်းရှောင်ဂိုဏ်းသို့ တကယ် ခေါ်လာခဲ့လျှင် သူ ဘာလုပ်ရမှန်း သိမည် မဟုတ်ပေ။ သေချာသည်မှာ ဧကရာဇ်က လွယ်လွယ် လွှတ်ထားမည် မဟုတ်။ သူတို့ မည်မျှပင် ဖုံးကွယ်ထားစေကာမူ လျှို့ဝှက်ထား၍ မရတော့မည့် နေ့တစ်နေ့ ရောက်လာပေမည်။
သူ့အတွေးများက တစ်ကိုယ်ကောင်းဆန်ကြောင်း ဝန်ခံသော်လည်း သူ့အတွက်တော့ ချင်းရှောင်ဂိုဏ်းကသာ အရေးအကြီးဆုံး ဖြစ်သည်။
ကျောက်ကျိန်းက သူ စုဆောင်းထားသော တပည့် မဟုတ်ပေ။ ချင်းရှောင်ဂိုဏ်းက ကျောက်ကျိန်း၏ ဖခင်အတွက် ဂိုဏ်းတစ်ခုလုံးကို စတေးစရာ အကြောင်းပြချက် မရှိပေ။
အခြားသူများလည်း ထိုနည်းတူပင် ဖြစ်သည်။ မလှုပ်မရှား နေခြင်း၊ မိမိကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းနှင့် ကမ္ဘာ့အခြေအနေ ပြောင်းလဲမှုကို စောင့်ကြည့်ခြင်း ဆိုသည့် သဘောထားကို လက်ခံလိုက်ကြသည်။
နားထောင်ပြီးနောက် လီချင်းချိုးလည်း ဤကိစ္စနှင့် ပတ်သက်၍ များများစားစား မပြောတော့ပေ။
"နှစ်သစ် ရောက်လာပြီ... ဒီနှစ်က ငါ ဂိုဏ်းချုပ် ဖြစ်တာ ၈ နှစ်မြောက်ပဲ... ဒီနှစ် ရည်မှန်းချက်ကတော့ လုပ်သားတပည့် မပါဘဲ ဂိုဏ်းတစ်ခုလုံးမှာ တပည့် ၃၀၀၀ ကျော်နဲ့ တပည့်ရင်း ၄၀၀ ကျော်ရှိဖို့ပဲ... ဒီရည်မှန်းချက် ပြည့်မီဖို့အတွက်ဆို အောင်မြင်မှုအတွက် လောဘမကြီးဘဲ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်တယ်..."
သူသည် ခန်းမကြီး ၇ ခုနှင့် ဓားဂိုဏ်းအတွက် ကြီးမားသော ရည်မှန်းချက်များကို ဆက်လက် ပြောကြားခဲ့ပြီး ခန်းမသခင်များကလည်း လိုက်လံ မှတ်သားထားကြသည်။
ညနေစောင်းချိန်တွင် ကျောက်ကျိန်း ရှိနေသော ကျောက်ကမ်းပါးသို့ လီချင်းချိုး ရောက်လာခဲ့သည်။ သူက ခုရီနှင့်ခုအာတို့ကို ဆုတ်ခွာခိုင်းလိုက်ပြီး ကျောက်ကျိန်းအနားသို့ တစ်ယောက်တည်း လျှောက်သွားလိုက်သည်။
"ဘာလို့ ဒီမှာ တစ်ယောက်တည်း ကျင့်ကြံနေတာလဲ..."
လီချင်းချိုး မေးလိုက်တော့ ကျောက်ကျိန်း မျက်လုံးဖွင့်ပြီး ဆရာဖြစ်သူကို လှည့်ကြည့်လိုက်သည်။
"ဆရာ... ကျွန်တော့်အတွက် စိတ်ပူစရာ မလိုပါဘူး... နှစ်သိမ့်ပေးစရာလည်း မလိုပါဘူး... တကယ်တော့ ကျွန်တော့်အဖေက ကျွန်တော့်ကို ချင်းရှောင်ဂိုဏ်း မပို့ခင်ကတည်းက ပြောဖူးတယ်... သူက ရောဂါနဲ့ ဖြစ်ဖြစ်၊ အဘိုးလက်ချက်နဲ့ ဖြစ်ဖြစ် သေဖို့ ကံပါလာပြီးသားတဲ့..."
ထိုစကားကြောင့် လီချင်းချိုး အံ့အားသင့်သွားခဲ့သည်။ ယန်လန်က ကျောက်ကျိန်းကို ပြောပြထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုအချိန်က ကျောက်ကျိန်း အသက်အရမ်းငယ်သေးသော်လည်း ဤကိစ္စကြောင့် စိတ်ဓာတ်ကျမသွားခဲ့ပေ။
ကျောက်ကျိန်းက ယခုမှ ၈ နှစ်သာ ရှိသေးသည်။ ဖခင် သေဆုံးသည့် သတင်းကို ကြားသောအခါ သူ မငိုခဲ့ပေ။ ထို့ကြောင့် လီချင်းချိုး သူ့ကို ဘယ်လို နှစ်သိမ့်ရမလဲ မသိ ဖြစ်နေသည်။
"အဖေ ပြောဖူးတယ်... ရောဂါနဲ့ သေမယ့်အစား သူ့သေဆုံးမှုကို အဓိပ္ပာယ် ရှိစေချင်တယ်တဲ့... တကယ်လို့ သူသာ အဘိုးလက်ချက်နဲ့ သေရင် ကမ္ဘာလောကကြီး တုန်လှုပ်သွားပြီး ပြည်သူတွေက အဘိုးရဲ့ အရည်အချင်းမရှိမှုကို ပြစ်တင်ရှုတ်ချကြလိမ့်မယ်... နန်းတွင်းအာဏာ ဘယ်လောက်ပဲ ကြီးပါစေ နောက်ဆုံးကျရင် ပြည်သူ့နှလုံးသားဆီပဲ ရောက်သွားမှာပါ..."
လီချင်းချိုးက လက်မြှောက်ပြီး ကျောက်ကျိန်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး….
"ငါ မင်းရဲ့ တတိယဦးလေးနဲ့ အစ်မရွှီနင်းကို လွှတ်ပြီး မင်းအဖေကို ကယ်ခိုင်းခဲ့တယ်... ဒါပေမဲ့ သူက အဆိပ်မိနေပြီးသားဖြစ်လို့ ငါတို့ ပြန်မခေါ်လာနိုင်ခဲ့ဘူး... မသေခင် သူ့ရဲ့ နောက်ဆုံးဆန္ဒက မင်းနဲ့ ချင်းရှောင်ဂိုဏ်း ဒုက္ခမရောက်အောင် မြို့တော်မှာပဲ သေချင်တယ်ဆိုတာပဲ..."
ထိုစကားကို ကြားသောအခါ ကျောက်ကျိန်းက ပြုံးလိုက်ပြီး …
"ဆရာ... ကျွန်တော့်အဖေက ရုပ်ပိုင်းဆိုင်ရာ အားနည်းပေမဲ့ သူ့လုပ်ရပ်တွေက စစ်မှန်တဲ့ လူကြီးလူကောင်း တစ်ယောက်ရဲ့ လုပ်ရပ်တွေ မဟုတ်ဘူးလား..."
"ဒါပေါ့... သူက ကမ္ဘာပေါ်မှာ ပထမတန်းစား အမျိုးသား တစ်ယောက်ပါ... ဖခင်ကောင်း တစ်ယောက်လည်း မမှားနိုင်ဘူး...."
ကျောက်ကျိန်း ပိုမို တောက်ပစွာ ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရာ သူ့အပြုံးတွင် ယန်လန်၏ ဆွဲဆောင်မှုမျိုး ပါဝင်နေသည်။
"ကျွန်တော် သိုင်းပညာကို ကြိုးကြိုးစားစား လေ့ကျင့်ပြီး အဖေ စိတ်ပျက်အောင် မလုပ်ပါဘူး..."
ကျောက်ကျိန်း၏ တိုက်ခိုက်လိုစိတ်ကို မြင်သောအခါ အကြောင်းတစ်ခုခုကြောင့် ကျိုးပဲ့လွယ်သော ကံကြမ္မာ ဆိုသည်ကို ရုတ်တရက် သတိရလိုက်မိသည်။
ဧကရာဇ်က ဒီမြေးကိုရော ရှင်းပစ်မှာလား…..