အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
အခန်း (၄၄၂) ဟိန်းသခင်လေး
“ဟုတ်ကဲ့” အစောင့်သည် ခြေ၂လှမ်း လှမ်းလိုက်ပြီးမှ တစ်စုံတရာကို သတိရသွားပြီး၊ နောက်ပြန်လှည့်လာသည်။ “ပြောစရာကျန်သေးလို့ပါ၊ ဓားသွားပေါ်မှာ တိမ်ပုံဆွဲထားတဲ့ ဓားတစ်ချောင်းကို လူငယ်လေးတစ်ယောက် ကိုင်ထားတယ်…အဲဒီတိမ်ပုံက သခင်လေးရဲ့လက်မှတ်နဲ့တူနေပါတယ်” အစောင့်က ပြောလိုက်ပါသည်။
လူငယ်လေးက သူ၏ရွှေရောင်ဓားကို ထုတ်လိုက်သောအခါ အစောင့်များက သတိထားမိသွားပါသည်။ သူတို့သည် ကုန်းကျားအိမ်တော်တွင် အစောင့်လုပ်လာသည်မှာ ကြာပြီ ဖြစ်သဖြင့်၊ ဓားများအကြောင်းကို နားလည်ကြပါသည်။ ထို့ကြောင့် တိမ်ပုံသဏ္ဍာန်ပါသော လက်နက်များဆိုလျှင် ၎င်းတို့က သတိထားမိကြပါသည်။
“အဓိပ္ပါယ်မရှိတာ…ငါဘယ်တုန်းက တိမ်ပုံစံပါတဲ့
ဓားလုပ်ဖူးလို့လဲ” ကုန်းကျားဟုန်သည် ဘုရင့်မြို့တော်သို့ ရောက်လာသောအခါ၊ ကုန်းကျားမိသားစု၏ ခေါင်းဆောင်များနှင့် စကားသိပ်မပြောပဲ၊ သူ့အလုပ်သူသာ အာရုံစိုက်၍ လုပ်ကိုင်လာခဲ့ပါသည်။ သူလုပ်ထားသော ဓားမျာကို အပြင်သို့ မထုတ်ပါ၊ ပန်းပဲခန်းထဲတွင် ထားပါသည်။
“မဟုတ်သေးပါဘူး”
ကုန်းကျားဟုန်သည် တစုံတရာကို သတိရသွားပြီး “နေဦး…နေဦး…မင်းတို့ပြောနေတဲ့ လူငယ်လေးဆိုတာ ဘယ်လိုပုံစံလဲ” ဟုမေးလိုက်သည်။
အစောင့်များက ဓားကိုသာအာရုံစိုက်နေကြသဖြင့်၊ ရှောက်ရွှမ်ဘယ်လိုပုံစံလဲ သတိမထားမိကြပါ။
“တော်တော်အထင်ကြီးစရာကောင်းတဲ့ လူငယ်ပဲ…လုပီဆီက တင်းပုတ်ကို လုပြီး လုပီကို သူ့
တင်းပုတ်နဲ့သူ့ပြန်လိုက်ထုတာ…ကြည့်ရတာတော့ တိုင်းရင်းသားတစ်ယောက်နဲ့တူတယ်…ကိုယ်ပေါ်မှာ မီးတောက်နတ်အမှတ်အသားတွေရှိတယ်”
“သူ့ကို မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်လားလို့ မေးကြည့်လိုက်…ဟုတ်တယ်ဆိုရင် ငါ့ဆီကို ခေါ်လာခဲ့”
ကုန်းကျားဟုန်နားတွင်ရပ်နေသော လူငယ်သည် လုပီ၏အဖြစ်ကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားပါသည်။ ထို့နောက် ဟုန်သခင်လေး၏ စကားကို ကြားလိုက်ရသောအခါ ပိုမိုအံ့ဩသွားပါသည်။
“မီးတောက်ဦးချို…ရှောက်ရွှမ်…အဲဒီနာမည်တွေကို အရင်က မကြားဖူးပါဘူး…ဟိန်းသခင်လေးက သူ့ကို သိလို့လား…သူ့အတွက် အရင်တုန်းက ဓားလုပ်ပေးဖူးလို့လား” လူငယ်က မေးလိုက်ပါသည်။
ကုန်းကျားဟုန်က ခေါင်းညိတ်လိုက်ပြီး “ အဲဒီချာတိတ်လေးက ရှောက်ရွှမ်ဆိုရင်၊ သူသုံးနေတဲ့
ဓားက ငါပေးထားတာ” ပြောရင်းနှင့် ကုန်းကျားဟုန်သည် မျိုးနွယ်စုများကြားတွင် အရှက်ကွဲခဲ့ပုံကို ပြန်သတိရသွားပါသည်။ ထိုအကြောင်းကို ဘယ်သူ့ကိုမှ ပြောပြ၍ မဖြစ်ပေ။
“မီးတောက်ဦးချို…အဲဒီနာမည်ကို ကြားဖူးတယ်” လူငယ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အဲဒါ သူ့နာမည်မဟုတ်ဘူး…အဲဒါမျိုးနွယ်စုနာမည်…မီးတောက်ဦးချိုမျိုးနွယ်စုလို့ ခေါ်တယ်” ဟုန်က ပြောလိုက်ပါသည်။
“ဪ…သူတို့ကို” လူငယ်သည် မှတ်မိသွားပါသည်။ “မီးတောက်ဦးချိုအကြောင်းကို လူကြီတွေ ပြောပြတာတော့ ကြားဖူးပါတယ်…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရောက်လာရင် ရန်ပွဲဖြစ်တော့တာပဲလို့ ပြောကြတယ်…သူတို့တွေ ဘုရင့်မြို့တော်ကို မလာတာ ကြာလှပါပြီ…မြို့တော်ကို သူတို့လာတဲ့အချိန်တုန်းကဆိုရင် ကျွန်တော်တို့ မွေးတောင်မမွေးသေးဘူးနော်”
ထို့နောက် လူငယ်သည် ဆက်လက်ပြီး “ဒါဆို မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက နာမည်ကျော်တဲ့အတိုင်းအစွမ်းထက်ကြတာပေါ့နော်…လုပီကိုတောင် သူ့တင်းပုတ်နဲ့ သူ့ပြန်လိုက်ထုတယ်ဆိုပါလား…အဲဒီအကြောင်းကတော့ မြို့ထဲမှာ ပြောလို့ ပြီးတော့မှာ မဟုတ်ဘူး”
ကုန်းကျားဟုန်သည် ရှောက်ရွှမ်ကို မျှော်နေပါသည်။ ချာတိတ်လေး သူ့ဆီရောက်အောင်လာနိုင်ပါ့မလား သူတွေးပူနေသည်။
“ကျီဖုန်း…မင်းကဒီမှာ ထိုင်နေတာဆိုတော့ အသံကြားလိုက်မှာပေါ့…တော်တော်ကျယ်လား” ဟုန်က စိတ်ပူနေပါသည်။
ကျီဖုန်းက ခဏတွေးနေလိုက်ပြီး “တော်တော်ကျယ်တယ်”
ဟုန်သည် ပိုစိတ်ပူသွားပါသည်။ သို့သော် အစောင့်မရှိတော့သဖြင့် သူ့ကို အသေးစိတ်အစီရင်ခံမည့်သူမရှိတော့ပါ။ “ရှောက်ရွှမ်
ဘယ်တုန်းက ရောက်နေတာလဲ…သူ့ရဲ့ ထောင်ချီရွှေကောက်ပဲသီးနှံတွေ ရင့်မှည့်ပြီလား” ကုန်းကျားဟုန်သည် ထိုအကြောင်းကို သိချင်နေပါသည်။
ဟုန်သခင်လေးက စဉ်းစားနေသောကြောင့်၊ ကျီဖုန်းသည် ထပ်မမေးတော့ပေ။ မျိုးနွယ်စု၏နာမည်ကို အလွတ်မှတ်ထားလိုက်သည်။ ထိုမျိုးနွယ်စု၏ အကြောင်းကို တခြားသူများဆီမှ မေးရမည်။ ဟုန်သခင်လေးသည် ထိုချာတိတ်လေးနှင့် ရင်းနှီးပုံပေါ်ပါသည်။
ဟုန်သခင်လေး၏ အမိန့်ကိုရလာသော အစောင့်ကတော့ ဂိတ်ပေါက်ဆီသို့ ပြန်ရောက်လာပြီ ဖြစ်သည်။
ဝက်ဝံနက် အဖွဲ့ဝင်၃၀၀နှင့် လင်လုမျိုးနွယ်စုဝင်များ ရင်ဆိုင်ရပ်နေကြပါသည်။ ခေါင်းဆောင်၂ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မီးတောက်မတတ် မျက်လုံးများနှင့် စိုက်ကြည့်နေကြပါသည်။ သူတို့ကို ကြည့်ရသည်မှာ
အချိန်မရွေးတိုက်ခိုက်တော့မည့် ပုံပေါ်နေပါသည်။
အစောင့်များရောက်လာသောအခါ နှစ်ဖက်စလုံး ငြိမ်သက်သွားပါသည်။ ထို့နောက် ကုန်းကျားမိသားစုက သူတို့ကို စိတ်ဆိုးသွားမလား စိုးရိမ်သွားကြပါသည်။ သူတို့အနေနှင့် ကုန်းကျားအိမ်တော်နားတွင် ရန်မဖြစ်သင့်ပါ။
အားလုံးတိတ်ဆိတ်သွားကြပါသည်။ အစောင့်သည် ဝက်ဝံနက်တို့အဖွဲ့ဆီ ပြေးသွားပါသည်။ ဝက်ဝံနက်၏ လူများက အစောင့်ကို လမ်းဖယ်ပေးလိုက်ကြပါသည်။
သို့သော် အစောင့်သည် ဝက်ဝံနက်ကို စကားမပြောဘဲ၊ ရှောက်ရွှမ်ရှေ့ကို ရောက်သွားပါသည်။
“နောင်တော်…ခင်ဗျားက မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်လား”ဟုမေးလိုက်ပါသည်။ အေးစက်မာကြောနေသော လေသံပျောက်ကွယ်သွားပြီး ယဉ်ကျေးစွာမေးလိုက်ခြင်း ဖြစ်ပါသည်။
“ဟုတ်ပါတယ်.” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။
“ခင်ဗျားကို ဟုန်သခင်လေးက ခေါ်ခိုင်းလိုက်လို့ပါ”
ဝက်ဝံနက်အဖွဲ့ဝင်များသည် ရှောက်ရွှမ်ကို မနာလို ဖြစ်သွားကြသည်။
ဝက်ဝံနက်သည် မောင်တာ့နားသို့ကပ်ပြီး တစ်စုံတရာတီးတိုးပြောလိုက်သောအခါ မောင်တာ့က ခေါင်းကို အလျင်အမြန်ငြှိမ့်လိုက်သည်။ ထို့နောက် ဝက်ဝံနက်သည် သူ၏ဓားကို သိမ်းလိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို ပွတ်နေပါသည်။ ဝက်ဝံနက်သည် လင်လုမိသားစုဝင်များကို အရေးမလုပ်တော့ဘဲ၊ ရှောက်ရွှမ်ဘက်သို့ လှည့်လာပါသည်။ အစောင့်က သူ့ကို စကားမပြောသော်လည်း သူတွန့်ဆုတ်နေ၍ မဖြစ်ပါ။
ဝက်ဝံနက် ထွက်ခွာသွားသည်နှင့် မောင်တာ့
သည် သူ့လူများကို ပြန်ခေါ်လိုက်ပါသည်။ ဝက်ဝံနက်က သူတို့ကို ကုန်းကျားမိသားစုကို တောင်းပန်ရန် အမိန့်ပေးသွားပါသည်။ ကုန်းကျားအိမ်တော်နားတွင် ရန်ဖြစ်မိ၍၊ တောင်းပန်ရမည် ဖြစ်သည်။ သို့မှသာ နောင်တချိန်တွင် ကုန်းကျားအိမ်တော်က သူတို့ကို ဓားများ လုပ်ပေးမည် မဟုတ်ပါလား။
လင်လုမျိုးနွယ်စုကတော့ ကုန်းကျားမိသားစုကို အရေးမလုပ်ပါ။
ဝက်ဝံနက်ကလည်း လင်လုမိသားစုဝင်များကို အရေးလုပ်မနေတော့ပါ။
လူအုပ်ထဲတွင် တီးတိုးပြောသံများ ထွက်ပေါ်လာသည်။ အားလုံးသည် အစောင့်၏ စကားကို ကြားလိုက်ရပါသည်။
လူများပြောဆိုနေကြသည်များကို ရှောက်ရွှမ်ကနားမထောင်ပါ။ အိမ်တော်ထဲသို့ ဝင်လိုက်သောအခါ၊ အသံများတိတ်ဆိတ်သွားပါသည်။ရှောက်ရွှမ်သည် လက်ထဲမှ တင်းပုတ်ကြီးကို
အစောင့်အားပေးလိုက်ပါသည်။ တင်းပုတ်ကြီးကိုင်၍ အိမ်တော်ထဲ ဝင်ရောက်ရန် မသင့်တော်ပါ။
ကုန်းကျားဟုန်နှင့် ရှောက်ရွှမ်မတွေ့ရသည်မှာ ကြာလှပြီ ဖြစ်ပါသည်။ ကုန်းကျားဟုန်သည် အတော်လေးပြောင်းလဲသွားပါသည်။
“ရောက်လာပြီလား” ကုန်းကျားဟုန်က မတ်တပ်ရပ်ပြီး နှုတ်ဆက်လာသည်။
“ဟုန်သခင်လေး အလုပ်ရှုပ်သွားရင် စိတ်မရှိပါနဲ့” ရှောက်ရွှမ်က ပြုံးပြလိုက်သည်။
“ရပါတယ်…ကိစ္စမရှိပါဘူး” ကုန်းကျားဟုန်က ရှောက်ရွှမ်ကို တွေ့ရသဖြင့် ပျော်ရွှင်နေ၏။ “လုမိသားစုက လုပီကို အနိုင်ယူလာတယ်ဆိုဟုတ်လား”
“သူက အရင်ရန်စတာပါ…ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူးလေ” ရှောက်ရွှမ်က ပြောလိုက်သည်။
“ဘုရင့်မြို့တော်မှာ မင်းနေစရာနေရာရှိရဲ့လား…ဆန္ဒရှိရင် ဒီမှာနေလို့ရတယ်နော်”
ရှောက်ရွှမ်သည် ဘုရင့်မြို့တော်မှ အာဏာရှိသူများနှင့် ပြဿနာတက်မည်ကို ကုန်းကျားဟိန်းက စိတ်ပူနေပါသည်။ ကုန်းကျားအိမ်တော်တွင်နေလျှင် ရှောက်ရွှမ်အတွက် ပိုစိတ်ချရပါသည်။
ရှောက်ရွှမ်က ကုန်းကျားဟုန်၏ သဘောထားကို နားလည်သော်လည်း ငြင်းလိုက်သည်။
စကားကောင်းနေကြသဖြင့် ဝက်ဝံနက်က ဘာမှမပြောသေးပါ။ ရှောက်ရွှမ်က သူ့ကို ကုန်းကျားဟုန်နှင့် မိတ်ဆက်ပေးသည်။
“ဝက်ဝံနက် ကုန်သည်အဖွဲ့က ပေ့မီပါ…တွေ့ရတာဝမ်းသာပါတယ် ဟုန်သခင်လေး”
“အင်း…” ဝက်ဝံနက်သည် ရှောက်ရွှမ်နှင့်ပါလာသူဖြစ်သဖြင့် ကုန်းကျားဟုန်က ရိုင်းရိုင်းပျပျ မ
ဆက်ဆံပါချေ။
ကုန်းကျားဟုန်က အနားတွင်ရှိသော ကျီဖုန်းကို မိတ်ဆက်ပေးလိုက်သည် “ဒါကတော့ သခင်ကြီးရဲ့သား ကျီဖုန်းပါ”။
မျိုးနွယ်စုများအတွက်တော့ သခင်ကြီး၏ သားသည် အကြီးအကဲ၏သားနှင့် အတူတူပင် ဖြစ်သည်။
ရှောက်ရွှမ်သည် ဟုန်သခင်လေးကို ထောင်ချီကောက်ပဲသီးနှံအနည်းငယ်ပေးပြီး၊ ဓားတစ်ချောင်းတောင်းဆိုရန် ရောက်လာခြင်းဖြစ်သည်။
“လာပါ…အထဲမှာ သွားပြောကြမယ်” ကုန်းကျားဟုန်က သူတို့ကို ပန်းပဲခန်းနားမှ အခန်းတစ်ခန်းထထဲသို့ ခေါ်သွားသည်။ ထိုအခန်းသည် ဧည့်သည်များကို ဧည့်ခံသည့်နေရာဖြစ်သည်။ ပန်းပဲများကိုတော့ အပြင်လူများ ဝင်ခွင့်မရှိပါ။
ကုန်ကျားမိသားစုဝင်များအတွက်တော့၊ အိမ်
တစ်အိမ်တွင် အိပ်ခန်းထက် ပန်းပဲခန်းက ပိုအရေးကြီးပါသည်။ ပန်းပဲခန်းဆိုသည်မှာ လျှို့ဝှက်ချက်များစွာရှိပြီး၊ အရေးကြီးသောနေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် အပြင်လူများကို ဝင်ခွင့်မပြုပါ။ သခင်ကြီး၏သားဖြစ်သူ ကျီဖုန်းပင် ဓားလိုချင်ပါက၊ ပန်းပဲခန်းအပြင်တွင် ထိုင်စောင့်ရသည်။
ရှောက်ရွှမ်သည် ကွမ်းယီအသုံးပြုခဲ့ဖူးသော ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ပိတ်ဖြူစတစ်ခုပေါ်တွင် တင်ထားလိုက်သည်။ ကုန်းကျားဟုန်က ရှောက်ရွှမ်အလိုရှိသည်ကို နားလည်လိုက်ပါသည်။ သို့သော် ရှောက်ရွှမ်က မြို့တော်တွင် နေဦးမည် ဖြစ်သောကြောင့် အလျင်လိုစရာ မလိုပါ။ အချိန်ရလျှင် ဓားတစ်ချောင်း သွန်းလုပ်ပေးထားမည် ဖြစ်သည်။
“အေးပါ…ငါနားလည်ပါတယ်…စိတ်မပူနဲ့…လုံးဝစိတ်ကျေနပ်သွားစေရမယ်…မကြိုက်သေးရင် ပြန်ပြင်ပေးမယ်…မင်းရဲ့ဓားရောပြင်ဦးမလား” ကုန်းကျားဟုန်က မေးလိုက်ပါသည်။
“အင်း…ပြင်ရမယ်” ရှောက်ရွှမ်သည် သူ့ဓားကို ဆွဲထုတ်လိုက်ပါသည်။ လုပီ၏ တင်းပုတ်ချက်ကို ကာလိုက်သောကြောင့်၊ ဓားမှာ အနည်းငယ်ကွေးသွားပါသည်။
“စားပွဲပေါ်တင်ထားလိုက်…ငါပြင်ပေးမယ်”
နောက်တစ်နေ့တွင် ကုန်းကျားဟုန်က ရှောက်ရွှမ်ကို သူနှင့်အတူသောက်ရန် ဖိတ်ခေါ်ပါသည်။ သူပန်းပဲဆရာဖြစ်လာတုန်းက၊ လက်ဆောင်ရထားသော ယမကာများစွာရှိပါသည်။
“မနက်ဖြန်တော့ သောက်လို့မရဘူး…ကျွန်တော် ချိန်းထားတာလေး ရှိလို့ပါ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
“ဘယ်သူလဲ…ငါ့ထက်အရေးကြီးတဲ့လူရှိသေးလို့လား” ကုန်းကျားဟုန်က မာနသံဖြင့် ပြောလိုက်ပါသည်။
“ကျွန်တော် မနက်ဖြန်ကျရင် ကျိကျွီဆီကို သွားမလို့ပါ”
“အဲဒါဆိုလည်းသွားလေ…”
ကုန်းကျားဟုန်သည် ကျိကျွီနှင့် နှိုင်းယှဉ်လျှင် အသက်လည်းကွာသလို၊ ကျိကျွီလောက်လည်း အဆင့်မမြင့်ပါ။ ကုန်းကျားမိသားစုဝင်များသည် ပန်းပဲဆရာဖြစ်ရသည်ကို ဂုဏ်တက်ကြသော်လည်း၊ ကျိကျွီ၏ အောင်မြင်မှုများကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်ပါ။ လွန်ခဲ့သောနှစ်၂၀လောက်က ရွှေကောက်ပဲသီးနှံများကို စားသောက်ဖူးသွားပြီး၊ ကုန်းကျားဟုန်သည် ကျိကျွီနှင့် ရင်းနှီးသွားခြင်း ဖြစ်သည်။
ထွက်သွားရန်ပြင်နေသော ကျီဖုန်းသည် ပြန်ထိုင်လိုက်ပြီး ကုန်းကျားဟုန်တို့ ပြောနေသည်ကို နားထောင်နေပါသည်။
သို့သော် ရှောက်ရွှမ်က စကားသိပ်မပြောပါ။ စကားအနည်းငယ်ပြောပြီးသောအခါ၊ ရှောက်ရွှမ်
သည် သားရေအိတ်လေးတစ်လုံးကို ကုန်းကျားဟိန်းအားပေးအပ်ပြီး၊ ထွက်ခွာသွားပါသည်။
ရှောက်ရွှမ်ထွက်ခွာသွားသောအခါ၊ ကျီဖုန်းသည် ကုန်းကျားဟုန်လက်ထဲက သားရေအိတ်ကို လှမ်းယူလိုက်ပါသည်။ ထိုအိတ်သည် ကျိကျွီ၏လျှို့ဝှက်ချက်နှင့် ဆက်နွယ်နေမလား သူသံသယဖြစ်နေပါသည်။
သို့သော် ကုန်းကျားဟုန်က သားရေအိတ်ကို ခန္ဓာကိုယ်နောက်တွင် ဝှက်ထားလိုက်သည်။ “မင်းကြည့်လို့မရဘူး”
ရှောက်ရွှမ်က မသွားခင် ကုန်းကျားဟုန်ကို မျက်လုံးနှင့် စကားပြောသွားပါသည်။ အိတ်ထဲတွင် ပါသော ပစ္စည်းကို အပြင်လူများ မြင်သွား၍ မဖြစ်ပေ။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၄၃) သီးနှံများလက်ဆောင်ပေးခြင်း
ရှောက်ရွှမ်နှင့်ကွမ်းယီတို့၏ ဓားများကို ကုန်းကျားဟုန်ဆီတွင် ပြင်ရန် ထားခဲ့ပါသည်။ ကုန်းကျားဟုန်သည် ဓားကို ကြည့်ပြီးအနည်းငယ် ကြောက်ရွံ့နေပါသည်။ အခုဆိုလျှင် ကုန်းကျားဟုန်သည် ထိုဓားကိုလုပ်တုန်းကထက် ပညာများ တိုးတက်လာပြီဖြစ်သလို အတွေ့အကြုံလည်း ပိုများလာပြီ ဖြစ်သည်။ သူ့လက်ရာများတွင် ပြောင်းလဲမှုများစွာရှိပါသည်။
ကွမ်းယီ၏ ဓားကတော့ ကုန်းကျားဟုန်အတွက် အသုံးမဝင်ပါ။ ဟုန်သခင်လေးသည် ကွမ်းယီ၏ ဓားကို ကြည့်ပင် မကြည့်ပါ။
ကုန်းကျားဟုန် အိမ်တော်မှ ထွက်ခွာလာသောအခါ၊ ရှောက်ရွှမ်နှင့် ကွမ်းယီတို့သည် ကုန်းကျားဟုန်ပေးလိုက်သော ဓား၂ချောင်းကို ယာယီအသုံးပြုရန် ယူလာခဲ့ပါသည်။ ထိပ်တန်းဓားများ
မဟုတ်သော်လည်း၊ ကွမ်းယီသုံးနေသော ဓားထက်တော့ အရည်အသွေးကောင်းပါသည််။
ဝက်ဝံနက်သည် သူ့ဓားကို ပြင်ပေးရန် ကုန်းကျားဟုန်အားတောင်းဆိုလိုသော်လည်း အခြေအနေမပေးပါ။ နောက်တစ်ကြိမ် အခွင့်အရေးရသည်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။သို့သော် ဝက်ဝံနက်သည် ဓားစမ်းသပ်မှုကို အောင်မြင်ထားကြောင်း ရှောက်ရွှမ်က ပြောပေးပါသည်။ ထို့ကြောင့် ကုန်းကျားဟုန်သည် ဝက်ဝံနက်ကို သိသွားပြီ ဖြစ်ပါသည်။ ဝက်ဝံနက်အနေနှင့် နောက်တခါလာလျှင်၊ ကုန်းကျားဟုန်အား လက်နက်လုပ်ခိုင်းနိုင်မည် ဖြစ်ပါသည်။
အိမ်တော်အပြင်တွင်တော့ ဝက်ဝံနက်၏လူများနှင့် လင်လုမျိုးနွယ်စုမှ လူများ ရှိနေပါသေးသည်။ နှစ်ဖက်စလုံးသည် ပျက်စီးသွားသည်များကို လိုက်ပြင်ဆင်နေပါသည်။ အတင်းမာဆုံးသော အခြေအနေတွင် တိုက်ပွဲမဖြစ်ဘဲ၊ ငြိမ်ငြိမ်သက်သက် ပြန် ဖြစ်သွားကြသည်။ အခုတော့ သူ
တို့သည် မတိုက်ခိုက်ချင်ကြတော့ပါ။
နှစ်ဖွဲ့စလုံးသည် ကုန်းကျားမိသားစုအတွက် လက်ဆောင်များ ပို့ပေးကြပါသည်။ လင်လုမျိုးနွယ်စုသည် နောက်တစ်ရက်မှ လက်ဆောင်ပေးမည်ဟု စိတ်ကူးထားသော်လည်း၊ မောင်တာ့တို့ လက်ဆောင်တပွေ့တပိုက်နှင့် ပြန်လာသည်ကို မြင်ရသောအခါ၊ နောက်တစ်ရက်အထိမစောင့်နိုင်ကြတော့ပါ။ ဘုရင့်မြို့တော်သို့ ရောက်လာလျှင် ကုန်းကျားမိသားစု၏ အကူအညီကို တချိန်မဟုတ် တစ်ချိန်တွင် လိုလာမည် ဖြစ်သည်။
ဝက်ဝံနက်ကတော့ စိတ်မပူပါ။ ဟုန်သခင်လေးနှင့် ရှောက်ရွှမ်တို့ ခင်မင်ရင်းနှီးသည်ကို တွေ့ပြီးသောအခါ၊ ဝက်ဝံနက်သည် စိတ်သက်သာရာ ရသွားပါသည်။ အန်ပါ့မြို့တော်တွင် ကူညီခဲ့ဖူးသောကြောင့်၊ ကုန်းကျားမိသားစုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ပြန်လည် ကူညီခြင်း ဖြစ်ပါသည်။ ကံကောင်း၍ ကုန်းကျားမိသားစု၏ အကူအညီကို ရရှိခြင်း မဟုတ်ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ဘုရင့်မြို့တော်
သို့ မလာသည်မှာ ၁၀နှစ် လောက်ရှိပြီ ဖြစ်သည်။ သို့သော် မလာတာကြာပြီဖြစ်သော်လည်း၊ ရောက်လာချိန်တွင်တော့ ကျိကျွီ၊ ဟုန်သခင်လေးတို့နှင့် ရင်းနှီးနေပြီ ဖြစ်သည်။
ယနေ့တွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သော မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်းကို လူအများက ပြော၍ဆုံးတော့မည် မဟုတ်ပါ။
ဟုန်နှင့်တွေ့ဆုံပြီးသောအခါ၊ ရှောက်ရွှမ်သည် အဝတ်အစားတချို့ကို ဝယ်လိုက်ပါသည်။ ကျိကျွီပေးလိုက်သော သီးနှံများထဲမှ ၂အိတ်ကို ဝက်ဝံနက်ထံတွင် ရောင်းချလိုက်သဖြင့် ရွှေရွက်လွှာများ ရရှိလာပါသည်။
နောက်တစ်နေ့တွင် ရှောက်ရွှမ်၊ ကွမ်းယီ ၊ ဝက်ဝံနက်တို့သည် ရွှေကောက်ပဲသီးနှံစိုက်ခင်းများသို့ သွားကြပါသည်။
ဒီတစ်ခေါက်တွင်တော့ ရှောက်ရွှမ်သည် စိုက်ခင်းများတွင် ရက်အတန်ကြာနေမည်
ဖြစ်သည်။ ကျိကျွီထံတွင် ၅ရက်လောက်နေပြီး စိုက်ပျိုးရေးနည်းစနစ်များကို လေ့လာမည် ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် အဝတ်အစားအပိုများ ထည့်လာခြင်း ဖြစ်သည်။
ဝက်ဝံနက်ကတော့ ရှောက်ရွှမ်၏မျက်နှာနှင့် ရိတ်သိမ်းပြီးစ သီးနှံများ ရလိုရငြား လိုက်လာခြင်းဖြစ်သည်။ ကျိကျွီက သူ့ကို မဖိတ်ခေါ်ထားသဖြင့်၊ သူသည် အချိန်ကြာကြာ နေ၍ ရမည် မဟုတ်ပါ။ ထိုအချက်ကို သူနားလည်ပါသည်။ ကျိကျွီ၏ အိမ်တော်ထိန်းဆီမှ သူလိုချင်သည်များကို ရပြီးသွားသောအခါ၊ ဝက်ဝံနက်သည် ပျော်ရွှင်စွာ ပြန်သွားပါသည်။
ကျိကျွီကတော့ ကုန်ဖလှယ်မှုများကို စိတ်မဝင်စားပါ။ ကိစ္စတိုင်းတွင် သူလိုက်ပါနေရလျှင်၊ အိမ်တော်ထိန်းများခန့်ထားခြင်းမှာ ဘာအသုံးကျတောမည်နည်း။ ကျိကျွီသည် စိုက်ပျိုးရေးသာ လုပ်ကိုင်ပြီး၊ ကုန်ဖလှယ်မှုများကို အိမ်တော်ထိန်းများနှင့် လွှဲအပ်ထားသည်။ ထို့ကြောင့် ကျိကျွီထံမှ ကုန်ပစ္စည်းလိုချင်လျှင် သူ၏အိမ်တော်ထိန်း
များကို ဖားရမည် ဖြစ်ပါသည်။
ဆောင်းရာသီမှာ သီးနှံများ ရိတ်သိမ်းချိန်ဖြစ်ပါသည်။ ရိတ်သိမ်းမှုများကို တခြားရာသီများတွင်လည်း လုပ်ဆောင်ကြပါသည်။ နှစ်တစ်နှစ်၏ အခုလိုအချိန်တွင်၊ အနည်းဆုံးတစ်ကြိမ်တော့ ရိတ်သိမ်းပြီးပြီ ဖြစ်ပါသည်။မရိတ်သိမ်းရသေးသော သီးနှံများမှာ ရင့်မှည့်နေပြီ ဖြစ်ပါသည်။ ထိုအချိန်တွင် သီးနှံများကို ရိတ်သိမ်းနေရသောကြောင့် အစောင့်များမှာ အလွန်အလုပ်များပါသည်။
ထောင်ချီရွှေကောက်ပဲသီးနှံပင်အတွင် အတားအဆီးတိုင်းက အရေးကြီးပါသည်။ အတားအဆီးတစ်ခုကို ကျော်ဖြတ်ပြီးသွားလျှင်၊ ကြီးထွားနှုန်းက ပိုတိုးတက်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် ထောင်ချီရွှေကောက်ပဲသီးနှံပင်များကို အထင်သေး၍မရပါ။ ဒုတိယအတားအဆီးကို ဖြတ်ကျော်ပြီးသွားလျှင် ပိုလျင်မြန်လာမည် ဖြစ်သည်။ တတိယအတားအဆီးကို ဖြတ်ကျော်ပြီးသွားလျှင်တော့ သီးနှံများ ရရှိလာမည်
ဖြစ်သည်။ ထိုအချိန်အထိ ရှောက်ရွှမ်ရှိနေတော့မည် မဟုတ်သောကြောင့် ကျိကျွီက စိတ်မကောင်း ဖြစ်နေပါသည်။ ကျိကျွီသည် သူ့အပင်များကို ကြွားလိုသော်လည်း၊ ရှောက်ရွှမ်က ဆောင်းမဝင်ခင် ပြန်ရမည် ဖြစ်ပါသည်။ မျိုးနွယ်စုတိုင်း၏ ထုံးစံပင်ဖြစ်ပါသည်။ သီးနှံများ ရိတ်သိမ်းပြီးချိန်ထိနေမည်ဆိုလျှင်၊ ဆောင်းကုန်တွင် ကျင်းပမည့် ရိုးရာအခမ်းအနားပွဲကို မီတော့မည် မဟုတ်ပါ။
ထောင်ချီရွှေကောက်ပဲသီးနှံ စိုက်ခင်းကို တာဝန်ယူထားရသော အစောင့်များ၊ ဓာတ်မြေဩဇာလောင်းထည့်သည်ကို ကျိကျွီကြည့်နေပါသည်။ ထိုဓာတ်မြေဩဇာများမှာ ကျိကျွီကိုယ်တိုင် ဖော်စပ်ထားသော ဓာတ်မြေဩဇာများဖြစ်သည်။ အပင်များကို မကျွေးမီ၊ ထိုဓာတ်မြေဩဇာများတွင် ပါဝင်ပစ္စည်းနောက်တစ်မျိုးကို ရောရပါသေးသည်။
စက်ရုံများတွင် ဆေးဝါးများ ပြုလုပ်သလို၊ သူတို့သည် ပါဝင်ပစ္စည်းတစ်ခုစီတိုင်းကို နာမည်
အညွှန်းများ တပ်ထားကြပါသည်။ ဓာတ်မြေဩဇာလိုအပ်သောအခါ အညွှန်းအတိုင်း ပါဝင်ပစ္စည်းများကို ရောစပ်လိုက်ရုံပင် ဖြစ်သည်။
ကျိကျွီသည် သူ၏ဓာတ်မြေဩဇာများတွင် ပါဝင်သော ပစ္စည်းများကို မည်သူ့ကိုမှ ပြောပြမည် မဟုတ်ပါ။ ကျွန်များနှင့် အိမ်တော်ထိန်းများသည် ဓာတ်မြေဩဇာရောစပ်နည်းကို သိသော်လည်း၊ မူလပါဝင်ပစ္စည်းများကို မသိကြပါ။
“မင်းတို့မျိုးနွယ်စုက စိုက်ထားတဲ့ အပင်မျိုးဆိုရင်…” ကျိကျွီက ခဏလောက် စဉ်းစားနေပြီး “နောက်နှစ်မှာ ထပ်စိုက်မယ်ဆို၊ အပင်ကို ကျွေးမယ့်အသားကို နည်းနည်းအပုပ်ခံလိုက်…မြေကြီးထဲမှာ အရိုးမြှုပ်ပေး…အရိုးက အလုပ်မဖြစ်ဘူးဆိုရင် ရိုးတွင်းချဉ်ဆီကို သုံး” ဟုအကြံပေးပါသည်။
“ဦးလေးက အဲဒီအတိုင်းလုပ်တာလား” ရှောက်ရွှမ်အံ့ဩသွားပါသည်။
“အင်း” ကျိကျွီက အင်းဟုသာ ဖြေဆိုလိုက်ပါသည်။
ထိုနည်းလမ်းများသည် လျှို့ဝှက်နည်းလမ်းများဖြစ်ကြောင်း သိလိုက်ရသဖြင့်၊ ရှောက်ရွှမ်သည် မေးခွန်းများ ထပ်မမေးတော့ပါ။ ကျိကျွီအကြံပေးသမျှကိုသာ လိုက်လံမှတ်သားနေပါသည်။
ကျိကျွီက နောက်ထပ်အကြံများ ပေးပါသည်။ ရှောက်ရွှမ်က သူ့ကို ထောင်ချီရွှေကောက်ပဲသီးနှံစိုက်ပျိုးခဲ့သည်အကြောင်း မချွင်းမချန်ပြောပြသည်ကို ကျိကျွီသိပါသည်။ ထို့ကြောင့် အပြန်အလှန်အနေနှင့်၊ ကျိကျွီက အကြံဉာဏ်များ ပေးခြင်း ဖြစ်ပါသည်။ အကြံဉာဏ်များအပြင် အပင်များကြိုက်တတ်သော ပတ်ဝန်းကျင်များ၊ အရေးကြီးသော နည်းလမ်းများအကြောင်းလည်းပြောပြပါသည်။
ကျိမိသားစုဝင်များက သူတို့သည် ကောက်ပဲသီးနှံအမျိုး၁၀၀ ထိန်းသိမ်းရမည့်သူများ ဖြစ်သည်ဟု ဆိုကြပါသည်။ သို့သော် သူ
တို့တွင် အမျိုး၁၀၀ ပြည့်မပြည့်တော့ ဘယ်သူမှ မသိပါ။ ရှောက်ရွှမ်သည် အပင်အမျိုး၃၀လောက်ကို ကျိကျွီ၏ စိုက်ခင်းများတွင် မြင်ဖူးပြီးပြီ ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနေသော ရွာ၏ ပထဝီအနေအထားနှင့် ရာသီဥတုအခြေအနေကို ရှောက်ရွှမ်က ပြောပြလိုက်သောအခါ၊ ကျိကျွီသည် ထိပ်တန်းသီးနှံမျိုးစေ့များကို ထုတ်ပေးပါသည်။
မျိုးနွယ်စုများအနေနှင့် ပိုက်ဆံရှိလျှင်တောင်၊ ကျိကျွီ့စိုက်ခင်းများမှ ကောက်ပဲသီးနှံများကို ဝယ်ယူရရှိနိုင်မည် မဟုတ်ပါ။ သူတို့ရွာများသည် ဘုရင့်မြို့တော်နှင့် အလွန်အလှမ်းကွာပါသည်။ ရှောက်ရွှမ်သည် ကျိကျွီကို ကျေးဇူးတင်စကားဆိုလိုက်ပြီး၊ ကောက်ပဲသီးနှံများကို သေချာသိမ်းလိုက်ပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အမဲလိုက်ခြင်းကို အဓိက ထားကြသူများ ဖြစ်ကြသော်လည်း၊ နောင်တစ်ချိန်တွင် မည်သို့ပြောင်းလဲနေမလဲ မည်သူမျှမပြောနိုင်ပါ။ သမုဒ္ဒရာတစ်ဖက်
ကမ်းကို ထိုမျိုးစေ့များသယ်ဆောင်ပြီး ပြန်သွားနိုင်မည်ဆိုပါက၊ အခြေအနေများ ပြောင်းလဲသွားနိုင်ပါသည်။
ရိတ်သိမ်းရာမှ ရလာသော အကောင်းဆုံးသီးနှံများကို အိမ်တော်ထိန်းများအား သူ့ဆီသို့ ယူလာစေပါသည်။ ထို့နောက် သီးနှံများကို ဘူးလေးများထဲသို့ ထည့်ပါသည်။ ကျိကျွီက ရွေးချယ်ပြီးသွားသောအခါ၊ အိမ်တော်ထိန်းက ဘူးလေးများကို လာယူသွားပါသည်။
“ အဲဒီသီးနှံတွေက ဘာလုပ်ဖို့လဲ” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“အရေးကြီးတဲ့ ကုန်ပစ္စည်းတွေ လုပ်ရမယ်”
“အရေးကြီးတဲ့ ကုန်ပစ္စည်းတွေ ဟုတ်လား…ဘယ်သူ့အတွက်လဲ”
“ငါ့အတွက်ပေါ့” ကျိကျွီက ပြောလိုက်ပါသည် “ကျိမိသားစုဝင်တွေ သေရင် သီးနှံတွေကို ထည့်
မြှုပ်ကြတယ်…ဟိုးအရင်တုန်းက သဘာဝဘေးရန်တွေ၊ စိုက်ပျိုးမြေမရတာတွေ ကြောင့် ကျိမိသားစုဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့ဖူးတယ်…ဒါပေမဲ့ ငါတို့ ကျိမိသားစုဝင်တွေက ဘိုးဘေးတွေရဲ့ အုတ်ဂူတွေထဲမှာ မြှုပ်ထားတဲ့ သီးနှံတွေကို ရရှိပြီး အငတ်ဘေးကို ကျော်လွှားနိုင်ခဲ့တယ်…ငါသေတဲ့အခါကျရင် ထည့်မြှုပ်ဖို့ အကောင်းဆုံးကောင်ပဲသီးနှံတွေကို ရွေးနေတာပါ…ဒီလိုနည်းနဲ့ဆိုရင် ငါ့ရဲ့နောင်လာနောင်သားတွေကို လက်ဆင့်ကမ်းပြီးသား ဖြစ်သွားတာပေါ့…သူတို့ဒုက္ခရောက်ရင်လည်း ကူညီပြီးသား ဖြစ်သွားတာပေါ့” ဟုပြောလိုက်ပါသည်။
“သေမယ့်နေ့အထိ ပြင်ဆင်ထားတာပဲ” ရှောက်ရွှမ်က ရေရွတ်လိုက်မိသည်။
ကျိမိသားစုဝင်များသေဆုံးလျှင် ထိုသို့ ပြုလုပ်သည်မှာ ထုံးစံဖြစ်သည်။ ခန္ဓာကိုယ်များကို မီးမသင်္ဂြိုဟ်ကြပါ။ ရိုးရာထုံးတမ်းအစဉ်အလားအနေနှင့် အလောင်းများကို ဂူသွင်းမြှပ်နှံကြသည်။
သတ္တုဘူးကို မသုံးဘဲ၊ ရွှံ့စေးဘူးကို သာသုံးခြင်းမှာ၊ သတ္တုဘူးသည် အချိန်ကြာလာလျှင် သံချေးတတ်မည် ဖြစ်သည်။ ထို့ကြောင့် ကျိမိသားစုဝင်များက ရွှံ့ထည်ပစ္စည်းများကိုသာ အသုံးချခြင်း ဖြစ်သည်။ အခြားလူများအတွက်တော့ သတ္တုပစ္စည်းများက အရေးကြီးသော်လည်း၊ ကျိမိသားစုဝင်များအတွက်တော့ သူတို့အုတ်ဂူများထဲမှ ကောက်ပဲသီးနှံများသာ အရေးအကြီးဆုံးဖြစ်သည်။ လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီး၊ ကောက်ပဲသီးနှံများကို ဘူးထဲတွင် အလုံပိတ်ထားခြင်း ဖြစ်သဖြင့်၊ ရာစုနှစ်ချီပြီး ကြာသွားလျှင် သီးနှံများက လတ်ဆတ်နေမည် ဖြစ်ပါသည်။ တချို့ဘူးများကတော့ အဖုံးမပါပါ၊ ထိုဘူးထဲမှ သီးနှံများကိုတော့ သေသူများ စားသုံးရန် ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
နောင်လာနောင်သားများက ဘိုးဘေးများ၏ အုတ်ဂူသို့ လာချိန်တွင်၊ ဆွေးမြေ့နေသော သီးနှံများကို တွေ့ရပါက၊ ကောက်ပဲသီးနှံအသစ်များကို ထပ်ဖြည့်ပေးသွားမည် ဖြစ်သည်။
တချို့လူများက ထိုအုတ်ဂူများကို ဖောက်ထွင်းရန် ကြံစည်ကြပါသည်။ သို့သော် ထိုအုတ်ဂူများ၏ တည်နေရာကို မည်သူမှ မသိကြပါ။ အုတ်ဂူများကို လိုက်ရှာသူများလည်း ပြန်ရောက်မလာကြပါ။
ရိတ်သိမ်းချိန်ရောက်ပြီဆိုလျှင် ဘေးအန္တရာယ်မကျရောက်စေရန်၊ ကျွန်ပိုင်ရှင်များသည် မြို့ပြင်က လမ်းများကို ပိတ်ဆို့လိုက်ပါသည်။ ထိုအခါ စိုက်ခင်းများထဲတွင် လူမရှိတော့ပါ။
ရှောက်ရွှမ်သည် စိုက်ခင်းတစ်ခုထဲမှ ထွက်လာသောအခါ၊ နောက်စိုက်ခင်းတစ်ခုတွင် သီးနှံများ ပိုများနေကြောင်းတွေ့လိုက်ရသည်။ ထိုစိုက်ခင်းထဲတွင် လူတစ်ယောက်အရပ်လောက် မြင့်သော ပြောင်းဖူးပင်များ ပေါက်နေပါသည်။ အရင်တုန်းကတော့ ထိုအပင်များကို တောထဲတွင် ပေါက်နေသည်ကို မြင်ဖူးပါသည်။ လူသားများက စိုက်ပျိုးခြင်းကို အခုမှ မြင်ဖူးခြင်းသာဖြစ်ပါသည်။
“အဲဒီစိုက်ခင်းတွေက ဘယ်သူ့စိုက်ခင်းတွေလဲ” ရှောက်ရွှမ်က လက်ညှိုးထိုးပြပြီး မေးလိုက်ပါသည်။
“အဲဒါ ယိမိသားစုရဲ့စိုက်ခင်တွေပဲ…ဘယ်တစ်ယောက်လဲတော့ ငါမမှတ်မိတော့ဘူး” ကျိကျီက စိတ်မဆိုးပါ။ ရှောက်ရွှမ်ညွှန်ပြနေသော စိုက်ခင်းမှာ သာမန်သီးနှံပင်များ စိုက်ပျိုးထားသော စိုက်ခင်းတစ်ခုသာ ဖြစ်ပေသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၄၄) ယိမိသားစု
ယိမိသားစု၏ စိုက်ခင်းများသည် ကျိကျွီ၏ ရွှေကောက်ပဲသီးနှံစိုက်ခင်းများနှင့် သိပ်မဝေးပါ။ စိုက်ခင်းများကို လူတရပ်စာလောက် ခြံစည်းရိုးများ ကာရံထားပါသည်။ အထဲကို ကြည့်ချင်လျှင် ခြေဖျားထောက်ပြီး ကြည့်နိုင်သလို ခြံစည်းရိုးကြားမှ ချောင်းကြည့်၍လည်း ရပါသေးသည်။ ခြံစည်းရိုးများမှာ အဖြစ်ဆောက်လုပ်ထားခြင်း ဖြစ်သည်။
ယိမိသားစု၏ စိုက်ခင်းများမှာသေးငယ်သဖြင့် လူအများက စိတ်မဝင်စားကြပါ။ စိုက်ခင်း၏ အရွယ်အစားကို လိုက်ပြီး လူများက စိတ်ဝင်စားကြခြင်း ဖြစ်သည်။ ခြံကွက်သေးသေးလေး ဖြစ်နေလျှင်၊ ခြံရှင်မှာ အရေးပါသူ မဟုတ်ကြောင်း သိနိုင်သည်။ ထိုအခါ မည်သူကမှ ထိုစိုက်ခင်းကို စိတ်ဝင်စားတော့မည် မဟုတ်ပါ။ စိုက်ခင်းထဲကို ကြည့်လိုက်မည်ဆိုလျှင်လည်း သီးနှံများမှာ
အခြေအနေမကောင်းပါ။
ကျိကျွီသည် ရုတ်တရက် ထိုစိုက်ခင်း၏ ပိုင်ရှင်ကို မမှတ်မိပါ။ စိုက်ခင်းထဲမှ အပင်များမှာ မသန်စွမ်းကြပါ။ ရောင်းလျှင်လည်း ဈေးကောင်းရမည် မဟုတ်ပါ။ မသေရုံတမယ်စားမည် ဆိုလျှင်တော့ စား၍ ရနိုင်ပါသည်။
ထိုစိုက်ခင်းကို ယိမိသားစုက ပိုင်ဆိုင်ကြောင်း ကျိကျွီ မှတ်မိသွားပါသည်။ သူမှတ်မိသလောက်ဆိုလျှင် ထိုစိုက်ခင်းမှာ ပိုင်ရှင်ခဏခဏပြောင်းပါသည်။ စိုက်ခင်းထဲတွင် ရေတွင်း၂တွင်း ရှိကြောင်းကို သူမှတ်မိပါသည်။ ရေတွင်းတစ်ခုမှာ ရေခမ်းခြောက်နေပြီ ဖြစ်ပြီး၊ ရေတွင်း၁တွင်းထဲက ရသောရေမှာ စိုက်ခင်းအတွက် မလုံလောက်ပါ။ ယခုနှစ်သည် အပူချိန်ပိုများသဖြင့်၊ သီးနှံများမှာ မဖွံ့ဖြိုးကြပါ။ ထို့ကြောင့် ထို စိုက်ခင်းသည် ပိုင်ရှင်များ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေခြင်း ဖြစ်ပါသည်။ အခုတော့ ထိုစိုက်ခင်းပိုင်ရှင်မှာ မည်သူဖြစ်မည်နည်း။
“ယိမိသားစုဝင်တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်” ကျိကျွီသည် ခေါင်းခါလိုက်ပါသည်။ ကျိကျွီသည် ဘာမှသိပ်မပြောသော်လည်း ရှောက်ရွှမ်က နားလည်လိုက်သည်။
ကျိကျွီအတွက်တော့ ယိမိသားစုသည် စိုက်ပျိုးရေးနှင့် မသင့်တော်ပါ။ သူတို့သည် အနာဂတ်ကို ခန့်မှန်းခြင်း၊ ဗေဒင်ဟောခြင်းများတွင် ကျွမ်းကျင်သော်လည်း၊ စိုက်ပျိုးရေးတော့ မကျွမ်းကျင်ပါ။ ထို့ပြင် သူတို့မိသားစုထဲတွင် စိတ်မနှံ့သူများ ရှိပါသည်။ တချို့လူများကျတော့ အင်အားချိနဲ့သူများ ဖြစ်နေပါသည်။ တခါတုန်းကဆိုလျှင် ယိမိသားစုဝင်တစ်ယောက်သည် တစ်ညလုံးမအိပ်ဘဲ၊ ကောင်းကင်ကြီးကို မော့ကြည့်နေသဖြင့်၊ နောက်တစ်နေ့တွင် အအေးမိပြီး သေမလို ဖြစ်ခဲ့ပါသည်။ သူ့လိုအားနည်းသူတစ်ယောက်သည် အအေးဒဏ်ကို ခံနိုင်မည် မဟုတ်ကြောင်း သူမသိရှာပါ။ မြို့ကြီး၆မြို့တွင် အတုံးအဆုံးသောလူများမှာ ယိမိသားစုထဲမှ ထွက်ပေါ်လာသောသူများ ဖြစ်
ပါသည်။
ကျိကျွီသည် ထိုအကြောင်းများကို စဉ်းစားမိသောအခါ၊ ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်ပါသည်။
သို့သော် ယိမိသားစုသည် မင်းမျိုးမင်းနွယ် ဖြစ်လာရခြင်းမှာ အကြောင်းရှိပါသည်။ သူတို့သည် ကာယဗလတွင် အားနည်းသဖြင့်၊ ဥာဏ်ကို အသုံးပြုကြသည်။ တချို့ယိမိသားစုဝင်များက ရာသီဥတုကို ခန့်မှန်းနိုင်သည်။ တချို့က ကံကြမ္မာကို ခန့်မှန်းနိုင်သည်။ တချို့က ဂမ္ဘီရပညာများ တတ်မြောက်ကြသည်။ ယိမိသားစုဝင်များသည် လူတစ်ယောက်ကို သတ်လိုပါက၊ ဓားတစ်ချောင်းနှင့် သတ်စရာမလိုပါ။ ထို့ကြောင့် ယိမိသားစုကို အများက ကြောက်ကြခြင်း ဖြစ်သည်။
သို့သော် ကျိကျွီကတော့ မကြောက်ပါ။ပညာများကို တကယ် တတ်ကျွမ်းသူများမှလွဲ၍ ကျန်သူများကို သူဂရုမစိုက်ပါ။ ယိမိသားစုဝင်
များသည် တခြားလူများကိုသာ ခြောက်လှန့်၍ ရမည်။ သူ့ကိုတော့ မရပါ။
“ယိမိသားစုအကြောင်းသိချင်လို့လား” ကျိကျွီက မေးလိုက်ပါသည်။ မြို့နှင့် အလှမ်းဝေးသော နေရာများတွင် နေထိုင်သော တိုင်းရင်းသားများသည် ယိမိသားစုဝင်များအကြောင်းကို သိချင်ကြပါသည်။
“နည်းနည်းပါ…သူတို့ကို ကြည့်ရတာ ထူးဆန်းနေသလားလို့ပါ”
“ထူးဆန်းတယ်ဟုတ်လား…အလကား ဟန်လုပ်နေကြတာပါ” ကျိကျွီကတော့ စိတ်မဝင်စားပေ။
ထိုနေရာကို ယိမိသားစုက ပိုင်ဆိုင်သောကြောင့်၊ ရှောက်ရွှမ်သည် ယိမိသားစုအကြောင်းကို သိချင်ခြင်း မဟုတ်ပါ။ စိုက်ခင်း၏ အခြေအနေကို ကြည့်မိသောကြောင့်၊ ယိမိသားစုအကြောင်းကို သိချင်နေခြင်း ဖြစ်ပါသည်။
ယခုရာသီသည် ရိတ်သိမ်းချိန်ဖြစ်သည်။ စိုက်ခင်းလေးမှာ သေးငယ်သောလည်း၊ သီးနှံအထွက်နှုန်းတော့ မဆိုးလှပါ။
စိုက်ခင်းထဲတွင် ကျွန်များသည် သီးနှံများ အပြည့်ထည့်ထားသော အိတ်များကို သယ်ဆောင်နေကြသည်။ သစ်သားခုံတစ်လုံးပေါ်တွင် ဝတ်ရုံအနက်ခြုံထားသော လူတစ်ယောက်ထိုင်နေပါသည်။ ပုံစံကိုကြည့်လိုက်ရုံနှင့် ထိုသူမှာ ပညာတတ်တစ်ယောက် ဖြစ်ကြောင်း သိနိုင်ပါသည်။ ဝတ်ရုံနက်နှင့်လူသည် ငယ်ရွယ်ပြီး၊ အိမ်တော်ထိန်းတစ်ယောက်နှင့် မတူပါ။ သူသည် အဝတ်စများပေါ်တွင် စာများ ရေးနေပါသည်။
ကျွန်များသည် သီးနှံအိတ်များကို သယ်လာပြီး ထိုလူ့ကို အစီရင်ခံရသည်။ ထို့နောက် သီးနှံအိတ်များကို ဂိုဒေါင်သို့ သယ်ဆောင်သွားကြပါသည်။ သူသည် ကုန်ပစ္စည်းများကို စာရင်းမှတ်နေခြင်း ဖြစ်သည်။
ရှောက်ရွှမ်သည် ထိုသူ၏ လက်တစ်ဖက်ကို စိတ်ဝင်စားနေပါသည်။ ထိုသူသည် လက်ချောင်းလေးချောင်းကို ကွေးလိုက်ပြီး လက်မထိပ်ကို အနည်းငယ် လှုပ်လိုက်ပါသည်။ ထို့နောက် လက်မထိပ်ဖျားဖြင့် အခြားလက်ချောင်းများ၏ အဆစ်များကို တို့ထိနေပါသည်။
“သူတို့ ဘာတွေစိုက်ထားလဲ သွားကြည့်ရအောင်”
ကျိကျွီသည် စိုက်ခင်းထဲမှ သီးနှံများကို မြင်သောအခါ၊ အပင်များကို သနားသွားပါသည်။ ယနေ့တော့ ကျိကျွီသည် စိတ်ကောင်းဝင်နေသဖြင့်၊ ထိုစိုက်ခင်းပိုင်ရှင်ကို နည်းလမ်းကောင်းနည်းနည်း သွားပြောပြရန် စိတ်ကူးလိုက်ပါသည်။
ဝတ်ရုံနက်နှင့်လူသည် စာရင်းများကို တွက်ချက် မှတ်သားပြီးနောက်၊ သက်ပြင်းချလိုက်ပါသည်။ ထို့နောက် သူသည် သတိဝင်လာပြီး၊ ဧည့်သည်များကို အပြေးအလွှား လာနှုတ်ဆင်ပါသည်။
“ယိမိသားစုက ယိရှီပါ…ဘာအလိုရှိပါသလဲ…ဆရာ” ယိရှီသည် ကျိကျွီကို တလေးတစား ဦးညွတ်လိုက်ပါသည်။ ထို့နောက် ကျိကျွီကို အံ့ဩသင့်စွာ ကြည့်နေပါသည်။
“ဘာလဲ…လာလည်လို့မရဘူးလား”
“မဟုတ်ပါဘူးခင်ဗျာ…လာလည်လို့ရပါတယ်” ယိရှီသည် ကျိကျွီအတွက် ခုံတစ်လုံးကို အလျင်အမြန်ယူပေးလိုက်သည်။
“နေပါစေ…ငါခဏပဲနေမှာ” ကျိကျွီက လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် စိုက်ခင်းထဲမှာ သီးနှံများကို ကြည့်ရင်း ဒေါသများထွက်လာပါသည်။ “မင်းဘာတွေ လျှောက်စိုက်နေတာလဲ…မင်းအပင်တွေကို ကြည့်ချင်စိတ်တောင် မရှိတော့ဘူးကွာ” ကျိကျွီတွေးနေမိပါသည်။
“ငါ့အပင်တွေကို ကျိကျွီဘယ်တုန်းက စိတ်ဝင်စားသွားတာလဲ” ယိရှီလည်း တွေးနေမိပါသည်။
ကျိကျွီသည် စကားစပြောသောအခါ၊ စကားစမပြတ်တော့ပါ။
“အပင်တွေက တပင်နဲ့တပင် အရမ်းနီးလွန်းတယ်…ဒီနေရာက ရေဓာတ်အရမ်းနည်းတယ်…ဒါမြေကြီးကောဟုတ်ရဲ့လားကွာ…မာလိုက်တာ ကျောက်တုံးကျနေတာပဲ”
ယိရှီကတော့ ခေါင်းငုံ့ပြီး ကျိကျွီပြောသမျှကို နားထောင်နေပါသည်။
ကျိကျွီ စကားစပြတ်သွားသောအခါ၊ ယိရှီသည် စိတ်နာနာနှင့် ပြုံးလိုက်ပြီး “အပင်တွေက လိုအပ်ချက်တွေ ရှိနေပါသေးတယ်” ဟုပြောလိုက်ပါသည်။ သို့သော် သူသည် ထိုစိုက်ခင်း၏ တာဝန်ခံမဟုတ်ပါ။ သူ့အဖေက တာဝန်ခံဖြစ်ပါသည်။ ယိရှီက စာရင်းများမှတ်ပေးရန် ရောက်လာခြင်း ဖြစ်ပါသည်။
စိုက်ခင်းအခြေအနေမကောင်းခြင်းမှာ ရေဓာတ်နည်းသောကြောင့်သာ မဟုတ်ပါ၊ စိုက်ခင်း၏
မြေဆီလွှာမှာလည်း အရည်အသွေးညံ့လှသည်။ မြေဆီလွှာများဘာကြောင့်ခမ်းခြောက်ကုန်လဲ သူတို့လည်း မသိပါ။ ကျိမိသားစု၏ အကြံဉာဏ်များကို ရယူပြီး စိုက်ပျိုးခဲ့သော်လည်း၊ ရိတ်သိမ်းမှုက အခြေအနေမကောင်းပါ။ ရလာသော သီးနှံများမှာ မသေရုံတမယ်သာ စား၍ရမည် ဖြစ်ပါသည်။
ယိရှီက လွယ်လွယ်နှင့် လက်လျှော့သွားသည်ကို မြင်ရသောကြောင့် ကျိကျွီ စိတ်တိုသွားသည်။သို့သော် ယိရှိသည် ကျိမိသားစုဝင်မဟုတ်သဖြင့်၊ သိပ်ပြောမနေတော့ပါ။ ထိုသူသာ ကျိမိသားစုဝင် ဖြစ်ပါက၊ သူသည် စိတ်ဆိုးလွန်းသဖြင့် နှလုံးရောဂါ ရနိုင်ပါသည်။
ကျိကျွီသည် စိတ်ဆိုးသွားသဖြင့် စကားမပြောတော့ပါ။ ယိရှီကို သူ့အလုပ်သူ ဆက်လုပ်ရန် အချက်ပြလိုက်ပြီး၊ အနားတွင် ရှိသော ရေတွင်းဆီကို လျှောက်သွားပါသည်။
ရှောက်ရွှမ်လည်း ရေတွင်းကို သွားကြည့်ပါသည်။
“ရေတွင်းထဲမှာ ရေခမ်းနေပြန်ပြီ” ကျိကျွီက စိတ်ပူသွားပါသည်။ နောက်နှစ်များဆိုလျှင် ရေပိုနည်းလာတော့မည် ဖြစ်သည်။ မိုးခေါင်ရေရှားအပင်များပင်လျှင် ရေဓာတ်ကို လိုအပ်ကြပါသည်။
“ပြန်ပြည့်လာမှာပါ” ရှောက်ရွှမ်က ဖြေသိမ့်လိုက်သည်။
“မပြည့်ဘူးကွ…မင်းဘာမှနားမလည်ပါဘူး” ကျိကျွီသည် စိုးရိမ်စွာဖြင့် “ မကောင်းတာ တစ်ခုခုဖြစ်လာတော့မယ်လို့ ငါ့စိတ်ထဲမှာ ထင်နေတယ်…ကောင်းကင်နဲ့ မြေကြီးမှာ တစ်ခုခုပြောင်းလဲရင် မကောင်းတာတွေ ဖြစ်လာတတ်တယ်…ပြီးတော့…”
ကျိကျွီသည် ဆက်မပြောတော့ပါ။ ယိမိသားစုတွင် သူသိသော သူတစ်ယောက်ရှိပါသည်။ တညလုံးအိမ်ပြင်ထွက်နေသောကြောင့် အအေးမိသော သူဖြစ်ပါသည်။ ထိုသူပြောသော စကားကို ကျိကျွီမှတ်မိနေပါသည် “ စည်းလုံးမှုတွေ ပြိုကွဲရမယ်…ပြိုကွဲမှုတွေ စည်လုံးရမည် ဆိုသော စကား
ဖြစ်သည်။
ထိုဖြစ်ရပ်ပြီးသောအခါ ကျိကျွီက ထိုသူကို သတင်းမေးသော်လည်း၊ ထိုသူက ဘာမှပြန်မပြောပါ။ ဘာစကားမှ မပြောဘဲ ပြုံးရုံသာ ပြုံးပြပါသည်။
ကျိမိသားစုသည် ထိုဖြစ်ရပ်နောက်ပိုင်းတွင် သတိဝီရိယအပြည့်ဖြစ်သွားကြပါသည်။ ပုန်ကန်မည့် အရိပ်လက္ခဏာတွေ့လျှင် ရက်စက်စွာ နှိမ်နင်းပါသည်။ ယနေ့လိုအခြေအနေမျိုးရောက်လာအောင် သူတို့သည် ခက်ခက်ခဲခဲ ကြိုးစားလာရခြင်း ဖြစ်သည်။ လူတစ်ယောက်ကြောင့် သူတို့၏ အောင်မြင်မှုများ အပျက်စီးမခံနိုင်ပါ။ ထို့ကြောင့် ကျိမိသားစုသည် အခြားမိသားစုကြီး၆ခုကို စောင့်ကြည့်နေပါသည်။
ထိုအချိန်တွင် စိုက်ခင်းဝင်ပေါက်မှ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာပါသည်။
“ရှီသခင်လေး…”
ပိုးထည်များဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးကို ရှောက်ရွှမ်တွေ့လိုက်ရပါသည်။ သူမ၏ ကောက်ကြောင်းများမှ လှပပါသည်။ သူမသည် ပြုံးပြပြီး လျင်မြန်စွာလျှောက်လာပါသည်။ ခြေလှမ်းများမှာ အလှမ်းစိတ်သော်လည်း သွက်လက်နေပါသည်။
အမျိုးသမီးသည် လက်တစ်ဖက်ဖြင့် သူမ၏ နှုတ်ခမ်းများကို ဖုံးအုပ်ပြီး၊ ယိရှီနားသို လျှောက်လာပါသည်။ သူမသည် ပြုံးပြီး၊ စကားပြောရန် ပြင်လိုက်သော်လည်း၊ ကျိကျွီကို တွေ့လိုက်ရသဖြင့် နှုတ်ဆိတ်သွားပါသည်။သူမသည် ထိုနေရာတွင် ကျိကျွီကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပါ။ ကျိကျွီကို တွေ့သောအခါ သူမသည် ကိုယ်နေဟန်ထားကို မတ်လိုက်ပြီး၊ ရိုသေစွာ ဦးညွတ်လိုက်ပါသည်။ ထို့နောက် သူမသည် စာရွက်လိပ်တစ်လိပ်ကို ယိရှီကိုပေးလိုက်ပြီး၊ သူမအတွက်ခုံတစ်လုံး ယူလာပေးရန် ကျွန်များအား ခိုင်းစေလိုက်သည်။
ကျွန်များသည် ထိုအမျိုးသမီးကို သိနေကြသဖြင့်၊ သူမ၏ ဟန်ပန်အမူအရာများကို ကြည့်ပြီး အံ့ဩမနေကြတော့ပါ။
ရှောက်ရွှမ်သည် သူမဝတ်စုံပေါ်မှ ပုံများကို ကြည့်နေပါသည်။ဝက်ဝံနက် ပြောပြထားသော မင်းမျိုးမင်းနွယ်များ၏ အကြိုက် ပန်းချီပုံများကို ရှောက်ရွှမ် မှတ်မိသွားပါသည်။ ဝတ်စုံပေါ်မှ ပုံများကို ကြည့်ပြီးနောက်၊ အမျိုးသမီးသည် မုမိသားစုမှဖြစ်မည်ဟု ခန့်မှန်းလိုက်ပါသည်။
ကျိကျွီသည် ထိုကောင်မလေး၏ အမူအရာကို သိပ်သဘောမကျသော်လည်း ဘာမှတော့ မပြောပါ။ သူ့အတွက်တော့ ကျိမိသားစုဝင်မဟုတ်လျှင် စိတ်မဝင်စားပါ။
မုမိန်းကလေး၏ အဝတ်လိပ်ပေါ်တွင် ရိတ်သိမ်းမှုမှတ်တမ်းများ ပါဝင်ပါသည်။ သူမသည် ယိရှီကို ကူညီပြီး ကိန်းဂဏန်းများကို ပြန်စစ်ပေးမည် ဖြစ်ပါသည်။ သို့သော် ထိုသို့ စစ်ဆေးခြင်းမှာ ရက်အတော်ကြာမည် ဖြစ်သဖြင့်၊ သူမ စိတ်မရှည်
တော့ပါ။ တွက်ချက်မှုများလည်း မှားနိုင်သဖြင့်၊ ယိရှီကို တာဝန်ပေးလိုက်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ယိရှီသည်လည်း စကားသိပ်မပြောပါ။ လုပ်လက်စအလုပ်များကို ရပ်ထားလိုက်ပြီး၊ မုမိန်းကလေးပေးသော အဝတ်စကို ဖြန့်လိုက်ပါသည်။
လိပ်ထားသော အဝတ်စပေါင်း၂၀ရှိပါသည်။ အဝတ်စတစ်ခု၏ အရွယ်အစားမှာ အလျား၁မီတာ၊ အနံမှာ လက်၂ဝါးစာလောက်ရှိပါသည်။ အဝတ်စများပေါ်တွင် သေးငယ်သော လက်ရေးများကို တွေ့ရပါသည်။
ယိရှိသည် စာရင်းများကို ကြည့်ပြီး လျင်မြန်စွာ တွက်ချက်စစ်ဆေးနေပါသည်။
အဝတ်စတစ်စကို စစ်ဆေးရန် ယိရှီအတွက် အချိန်၁မိနစ်သာကြာကြောင်း ရှောက်ရွှမ်သတိထားလိုက်မိပါသည်။ အဝတ်စအခု၂၀လုံး
ကို စစ်ဆေးပြီးသွားသောအခါ၊ နောက်ဆုံးရလာဒ်ကို အဝတ်စတစ်ခုပေါ်တွင် ရေးလိုက်ပါသည်။ အလုပ်အားလုံး ၁၅မိနစ်အတွင်း ပြီးသွားပါသည်။
အားလုံးပြီးသွားသောအခါ၊ အဝတ်စများကို မုမိန်းကလေးကို ပြန်ပေးလိုက်ရင်း “ဝမ်းသာပါတယ်…သီးနှံအထွက်ကောင်းတဲ့နှစ်တစ်နှစ်ပဲ”
မုမိန်းကလေးက ရယ်လိုက်ပါသည်။ ထိုအခါ သူမ၏ ပါးပြင်ပေါ်တွင် ပါးချိုင်းလေ့များ ထွက်ပေါ်လာပါသည်။ သီးနှံအထွက်ကောင်းသဖြင့် မုမိန်းကလေးသည် စိတ်ကောင်းဝင်နေပါသည်။ သို့သော် ကိန်းဂဏန်းများကို ဖတ်ကြည့်ပြီးသောအခါ၊ မျက်နှာအမူအရာပြောင်းလဲသွားပါသည်။ နူးညံ့သော ပိုးစလေးတစ်ခုမှ၊ အေးစက်မာကြောသော ဓားတစ်ချောင်းအသွင် ဖြစ်သွားပါသည်။
“တော်တော်အသုံးမကျတဲ့ ကျွန်တွေ…စာရင်းတွေမှားပို့ထားတာ”
တစ်မျက်နှာတွင် အမှားမဆိုစလောက် ပါနေပါသည်။သို့သော် မဆိုစလောက်သော အမှားများ စုပုံလာသောအခါ အချုပ်စာရင်းသည် တကယ်ရှိရမည့် တန်ဖိုးနှင့် ကွာခြားနေပါသည်။ မုမိန်းကလေးသည် သူမ၏ ကျွန်များ အစီရင်ခံခဲ့သော အချုပ်စာရင်းကို ယိရှီကို မပြောပါ။ သူမသည် တော်တော် ဒေါသထွက်နေပြီဖြစ်ပါသည်။
အရင်တုန်းကဆိုလျှင်တော့ တကယ်ရှိရမည့်တန်ဖိုးထက် စာရင်းတွင် နည်းနေသောအခါများတွင် သူမသည် အထူးတလည် အရေးယူမနေပါ။ သို့သော် အခုတော့ ထိုလူများသည် တရားလွန်လာပြီဖြစ်သည်။ အရေးမယူပါက ပိုဆိုးလာတော့မည် ဖြစ်သည်။
“မနက်ဖြန်ကျရင်…ကျွန်မလူတွေလွှတ်ပြီး လက်ဆောင်ပစ္စည်း ပို့ခိုင်းလိုက်ပါ့မယ်”
ထို့နောက် မုမိန်းကလေးသည် စာရင်းများကို ယူပြီး ထွက်ခွာသွားပါသည်။ သူမသည် စိတ်ဆိုးလွန်းသဖြင့် သွေးဆူနေပါသည်။
ယိရှီက ကူညီတွက်ချက်ပေးလိုက်ခြင်းဖြစ်သည်ကို ရှောက်ရွှမ်နားလည်သွားပါသည်။ တော်တော်ကောင်းသည့် ဦးနှောက်ပင် ဖြစ်ပါသည်။ ယိရှီလူသားဂဏန်းပေါင်းစက်၁လုံးနှင့်ပင် တူနေပါသည်။
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်