← Chapters

အဋ္ဌမအဆင့်၊ ဒုတိယမြောက် ဝိညာဉ်ကျွန်

Vol. 11 Ch. 105

အဋ္ဌမအဆင့်၊ ဒုတိယမြောက် ဝိညာဉ်ကျွန်

Vol. 11 Ch. 105

"လုံးဝ အဓိပ္ပာယ် မရှိဘူး... လုံးဝ အရည်အချင်း မရှိဘူး... လုံးဝ ယုတ်မာလွန်းတယ်..."

ဧည့်ရိပ်သာ အတွင်း၌….

ဟွမ်ရှန်း၊ ယွီလင်းနှင့် အခြားသော 'ချင်းရှောင်၏ သားတော်ခုနှစ်ပါး' အဖွဲ့ဝင်များ အခန်းထဲတွင် ညစာ စားနေကြစဉ် ပြတင်းပေါက် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ ထိုအခါ ယွီလင်းနှင့် အမျိုးသမီး တပည့်တစ်ဦးတို့ မတ်တတ်ရပ်လိုက်ပြီး ပြတင်းပေါက်နားသို့ သွားကာ အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။

လမ်းမပေါ်တွင် ယာယီ သစ်သားစင်မြင့် တစ်ခု ဆောက်လုပ်ထားပြီး စာပေပညာရှင်တစ်ဦးက လက်ထဲတွင် ရှေးဟောင်းစာအုပ် တစ်အုပ်ကို ကိုင်ဆောင်လျက် စင်မြင့်ပေါ်တွင် ရပ်နေသည်။ သူ့မျက်နှာတပြင်လုံး နီရဲနေပြီး လည်ပင်းမှ သွေးကြောများ ထောင်ထနေကာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီနေသည်။

"ပြည်နယ်ကိုးခုနဲ့ နယ်မြေတစ်ဆယ့်လေးခုရဲ့ နှစ်ပေါင်း ခုနစ်ထောင် သမိုင်းကြောင်းမှာ ပညာရှိတဲ့ မင်းကောင်းမင်းမြတ်တွေ အများကြီး ရှိခဲ့သလို မိုက်မဲတဲ့ မင်းဆိုးမင်းညစ်တွေလည်း အများကြီး ရှိခဲ့ပါတယ်... ဒါပေမဲ့ ခေတ်အဆက်ဆက်မှာ လက်ရှိ ဧကရာဇ်လောက် ယုတ်မာတဲ့ ဘုရင်မျိုး တစ်ပါးမှ မရှိခဲ့ပါဘူး... သူက ထီးနန်းရဖို့ သူ့အစ်ကိုအရင်းကို သတ်ခဲ့တယ်... သူ့ဒေါသကို ဖြေဖျောက်ဖို့ သူ့သားအရင်းကို သတ်ခဲ့တယ်... ပြီးတော့ မသေမျိုး ဖြစ်ဖို့အတွက် မှော်ဆရာတွေကို နန်းတွင်းထဲ ဝင်ခွင့်ပေးပြီး တိုင်းပြည်ကို ဖျက်ဆီးစေခဲ့တယ်... ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ခဲ့တယ်..."

စာပေပညာရှင်က အလွန် စိတ်လှုပ်ရှားနေပြီး သူ့အသံ ကျယ်လောင်မှုကြောင့် သာမန်ပြည်သူများနှင့် ကုန်သည်များ ပိုမို စုဝေးရောက်ရှိလာကြသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်က ကုကျိုးစီရင်စု လူသတ်ပွဲကြီးမှာ ပြည်သူဘယ်နှယောက် အသတ်ခံခဲ့ရလဲ... စစ်သည် ဘယ်နှယောက် အစအနမကျန် ပျောက်ဆုံးခဲ့ရလဲ... နတ်ဆိုးဂိုဏ်း ဆိုတာကြီးက ပျက်စီးသွားလိုက် ပြန်ပေါ်လာလိုက်နဲ့... ခင်ဗျားတို့ မထူးဆန်းဘူးလား..."

"အဲဒီ နတ်ဆိုးဂိုဏ်းက ကျောက်ကျိရဲ့ လက်နက်ပဲ... သူ့အတွက် လူငယ်လေးတွေကို ဖမ်းဆီးပေးနေတာ... ဒီလို လုပ်ရပ်တွေက လုံးဝ ကိုယ်ကျင့်တရား ကင်းမဲ့ပြီး လွန်လွန်းအားကြီးတယ်... ငါတို့ တာ့လီမင်းဆက်က ပြည်သူတွေသာ မထကြွဘူးဆိုရင် သေချာပေါက် ကပ်ဘေး ဆိုက်ရောက်လာတော့မှာ... တာ့လီမင်းဆက် အန္တရာယ်ကြီးကြီးမားမား ကြုံတွေ့ရတော့မယ်..."

စာပေပညာရှင်၏ စကားလုံးများက ထိမိလွန်းသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများ မျက်လုံးများ နီရဲလာကြသည်။

"ဒီကမ္ဘာလောကကြီးက ပြည်သူတွေ ပိုင်တာ... ကျောက်ကျိ တစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူး... ကျောက်ကျိက သီလသမာဓိရှိတဲ့ အိမ်ရှေ့စံကိုတောင် သတ်ရဲတယ်... ပြီးတော့ ပုန်ကန်ပါတယ်ဆိုပြီး စွပ်စွဲသေးတယ်... အနာဂတ်မှာ သူက ငါတို့ သားမယားတွေကို ဖမ်းဆီးပြီး ငါတို့ မိဘတွေကို သတ်ဖြတ်တဲ့အခါကျရင် ငါတို့တွေကိုလည်း လူဆိုးတွေလို့ စွပ်စွဲဦးမှာလား..."

ထိုစကားကို ကြားသောအခါ လူထုကြီး လုံးဝ ပေါက်ကွဲသွားကြပြီး ဧကရာဇ်၏ ပြစ်မှုများကို ဒေါသတကြီး ရှုတ်ချကြတော့သည်။

ဧည့်ရိပ်သာ ဒုတိယထပ် ပြတင်းပေါက်နားတွင် ရပ်နေသော ယွီလင်းက ဟွမ်ရှန်းဘက်သို့ လှည့်ကြည့်ပြီး ….

"စီနီယာအစ်ကို... အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီ... ကျွန်တော်တို့ ဆက်စုံစမ်းသင့်သေးလား..."

ဟွမ်ရှန်းက ထမင်းစားတူကို ချလိုက်ပြီး စဉ်းစားလိုက်ပြီးမှ….

"ပြန်သွားပြီး ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်ကို စောင့်တာ ပိုကောင်းမယ်... ချင်းရှောင်ဂိုဏ်းလည်း အန္တရာယ် ရှိလာနိုင်တယ်..."

ကျန်ခြောက်ယောက်လည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း ပြန်ချင်နေသည်မှာ ကြာပြီ ဖြစ်သည်။

"အဲဒီ ဧကရာဇ်အဘိုးကြီးက တကယ် ရက်စက်ပြီး ရူးသွပ်နေတာပဲ... သူ့သားအရင်း အိမ်ရှေ့စံကိုတောင် သတ်ရက်တယ်... ကျန်တဲ့ မင်းသားတွေကလည်း အသုံးမကျဘဲ ပျော်ပါးဖို့လောက်ပဲ သိကြတာ... ဧကရာဇ်အဘိုးကြီး သေသွားရင်တောင် ဒီလောကကြီးက နေလို့ကောင်းမှာ မဟုတ်ဘူး..."

"ဟုတ်တယ်... တောင်ပိုင်းက အရိုင်းအစိုင်းတွေကလည်း တောင်ပေါ်က ပြန်ဆင်းလာပြီး တာ့လီမင်းဆက်က ပြည်သူတွေကို သတ်ဖြတ်နေကြပြီ... ဧကရာဇ်က ဒီကိစ္စကို လစ်လျူရှုထားပြီး မသေဆေး ဖော်ဖို့လောက်ပဲ စိတ်ဝင်စားနေတာ... ဒါက တိုင်းပြည်ပျက်မယ့် နိမိတ်ပဲ..."

"ပျက်စီးသွားတာ ကောင်းပါတယ်... ကျွန်တော် တာ့လီမင်းဆက်မှာ မွေးလာကတည်းက ငြိမ်းချမ်းပြီး ပျော်ရွှင်ရတဲ့ နေ့ရက်ဆိုတာ မရှိခဲ့ဖူးဘူး..."

"တကယ်လို့ တာ့လီမင်းဆက် ပြိုလဲသွားရင် နောက်ဆက်တွဲ ဖြစ်လာမယ့် ဖရိုဖရဲ ကာလက ရာစုနှစ် တစ်ခုလောက် ကြာသွားနိုင်တယ်..."

တာ့လီမင်းဆက်၏ မဟာဘိုးဘေးဧကရာဇ်က ထူးကဲသော ပါရမီနှင့် ရည်မှန်းချက်များဖြင့် နယ်မြေများကို သိမ်းပိုက်ခဲ့ပြီး နှစ်ငါးရာအတွင်း ပြိုင်ဘက်ကင်းသော အောင်မြင်မှုများကို တည်ဆောက်ခဲ့သော်လည်း ထိုကဲ့သို့သော သားဆိုးသားမိုက်ကို မွေးဖွားခဲ့မိလေသည်။

"တကယ်လို့ အိမ်ရှေ့စံသာ လက်ရှိ ဧကရာဇ်လက်ချက်နဲ့ မသေခဲ့ရင် တာ့လီမင်းဆက်က သေချာပေါက် ပိုပြီး စည်ပင်ဝပြောလာမှာ..."

ဟွမ်ရှန်းကတော့ ဂျူနီယာညီလေး၊ ညီမလေးများ၏ ဆွေးနွေးမှုတွင် ပါဝင်ခြင်း မရှိပေ။ သူ့စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ဤကဲ့သို့သော မြို့ငယ်လေးမှာပင် လူထုက ဒေါသထွက်နေကြလျှင် အခြားမြို့ကြီးများတွင် အခြေအနေ မည်သို့ ရှိမည်နည်း... ကမ္ဘာလောကကြီး မည်မျှ ဖရိုဖရဲ ဖြစ်လာမည်နည်း...

...

နေရောင်ခြည်က တံခါးမကြီးမှတဆင့် ကန်ဝူနန်းဆောင် အတွင်းသို့ ဖြာကျနေသည်။

လျှို့ဝှက်မြို့စားမင်းနှင့် ကျင်းဝူအစောင့်တပ်သား တစ်စုတို့ ခန်းမထဲတွင် ရပ်နေကြသည်။ သူတို့အားလုံး မျက်နှာဖုံးများ တပ်ဆင်ထားသဖြင့် မျက်နှာထားကို မမြင်ရဘဲ မျက်လုံးများကိုသာ မြင်တွေ့နေရသော်လည်း ယခုချိန်တွင် မျက်လွှာချထားကြပြီး ဧကရာဇ်နှင့် အကြည့်ကို မဆုံရဲကြချေ။

လှေကားထစ်များ အပေါ်တွင်…

ဧကရာဇ် ကျောက်ကျိက ပွယောင်းသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များ ဖရိုဖရဲနှင့် သပ်ရပ်မှု မရှိဘဲ နဂါးပလ္လင်ပေါ်တွင် မှီထိုင်နေသည်။ လက်တစ်ဖက်တွင် အဝါရောင်သန်းနေသော အဖြူရောင် ဆေးလုံး တစ်လုံးကို ကိုင်ထားပြီး သေချာ စစ်ဆေးကြည့်ရှုနေသည်။

"ကျင်းဝူအစောင့်တပ်... လူအင်အား ၃၆၅ ယောက်... အားလုံးက သိုင်းလောကက နယ်ပယ်ဝင် သိုင်းသမားတွေချည်းပဲ... မင်းတို့ထဲက တစ်ယောက်လောက်ဆိုရင်တောင် ဂိုဏ်းပေါင်းစုံကို အလွယ်တကူ ရှင်းလင်းပစ်နိုင်တယ်.... လျှို့ဝှက်မြို့စားမင်း... မင်းဆိုရင် တမိုးအောက် အနှိုင်းမဲ့လို့တောင် ကြွေးကြော်ထားတာ... ဒါပေမဲ့ မင်းလက်ထဲကနေ လူလွတ်သွားတယ်... ရက်ပေါင်းများစွာ ကြာတဲ့အထိ သူတို့သတင်း အစအန မရသေးဘူး..."

ဧကရာဇ် ကျောက်ကျိ ဖြည်းဖြည်းချင်း ပါးစပ်ဟ ပြောလိုက်သဖြင့် သူ့အသံမှာ အက်ကွဲနေပြီး မြွေတစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲမှုများ ပါဝင်နေသည်။

လျှို့ဝှက်မြို့စားမင်း ဒူးထောက်လိုက်ရာ ကျင်းဝူအစောင့်တပ်သားများလည်း လိုက်ပါ ဒူးထောက်လိုက်ကြသည်။

"အရှင်မင်းကြီး... အဲဒီ နှစ်ယောက်က သိုင်းပညာမှာ ယုံကြည်နိုင်လောက်အောင် ကျွမ်းကျင်ကြပါတယ်... ကျွန်တော်တို့ သူတို့ကို တားဆီးဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး... ဒါက တာ့လီမင်းဆက်မှာ ပါရမီရှင်တွေ အများကြီး ရှိနေတယ်ဆိုတာကို ပြသနေတာပါ..."

"ဒါဆို ဒီအတိုင်း ထားလိုက်တော့မှာလား..."

ကျောက်ကျိက သူ့ကို တစ်ချက်ကြည့်ပြီး အပြုံးမပီသော မျက်နှာဖြင့် မေးလိုက်တော့…..

"ကျင်းဝူအစောင့်တပ်က ဆက်လက် စုံစမ်းနေမှာပါ... ဒီကိစ္စကို လက်လျှော့မှာ မဟုတ်ပါဘူး..."

လျှို့ဝှက်မြို့စားမင်းကလည်း ပြတ်သားသော အသံဖြင့် ပြန်ဖြေလိုက်သည်။

ထိုအဖြေကြောင့် ကျောက်ကျိ၏ မျက်နှာထား ပျော့ပျောင်းသွားခဲ့သည်။

"ရွှမ်ချင်း... မင်းက ငါ ငယ်ငယ်ကတည်းက ငါ့ကို ကာကွယ်ပေးခဲ့တာ... ငါ နန်းတက်နိုင်ဖို့အတွက် မင်း အများကြီး စွမ်းဆောင်ပေးခဲ့တယ်... မင်းက ငါ အယုံကြည်ရဆုံး လူပဲ... တကယ်လို့ ငါ မသေမျိုး ဖြစ်လာရင် မင်းကိုလည်း မသေဆေး ပေးသနားမှာပါ... မှူးမတ်တွေ အားလုံးထဲမှာ မင်းကိုပဲ ငါ ယုံကြည်တယ်... အရင်လိုပဲ ဆက်လုပ်ပေးပါ... ငါ့ကို စိတ်ပျက်အောင် ဘယ်တော့မှ မလုပ်ပါနဲ့..."

"ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်..."

"သိုင်းဒဏ္ဍာရီရဲ့ စွမ်းရည်က အထင်ကြီးစရာ ကောင်းပေမဲ့ ဒါက မသေမျိုး ဖြစ်စေတဲ့ ဆေးလုံး မဟုတ်သေးဘူး... ဓာတ်ကူပစ္စည်း အနေနဲ့ သိုင်းလောကက ဆရာသခင်တွေ ပိုလိုတယ်... နောက်ပိုင်းကျရင် နတ်ဆိုးဂိုဏ်းကို သိုင်းလောက တစ်ခုလုံး ရှင်းလင်းခိုင်းလိုက်... သုံးနှစ်အတွင်း မသေဆေးကို ငါ ပိုင်ဆိုင်ရမယ်..."

"အမိန့်တော်အတိုင်းပါ..."

ကျောက်ကျိ တစ်စုံတစ်ရာကို သတိရသွားပုံဖြင့် ….

"ကုကျိုးစီရင်စုက ချင်းရှောင်ဂိုဏ်းကရော ဘယ်လိုလဲ... အဲဒီဂိုဏ်းက သေးငယ်ပေမဲ့ နတ်ဆိုးဧကရာဇ်ကို သတ်နိုင်ခဲ့တယ်ဆိုတော့ ဂိုဏ်းချုပ်က သိုင်းပညာ တော်တော် ကျွမ်းကျင်မှာပဲ... မင်း အဲဒီကို ရောက်ဖူးတယ် မဟုတ်လား... သူ့ကို ကြိုဖမ်းထားသင့်တယ်လို့ ထင်လား..."

"ချင်းရှောင်ဂိုဏ်းက သိုင်းသမားတွေက အရမ်း ငယ်လွန်းပါသေးတယ်... သူတို့က ပါရမီက မြင့်မားတာ မှန်ပေမဲ့ သူတို့ကို နောက်ဆုံးမှ ဖမ်းဖို့ အကြံပြုလိုပါတယ် အရှင်မင်းကြီး... နောက်ထပ် သုံးနှစ်ဆိုရင် သူတို့ရဲ့ စွမ်းရည်တွေ ပိုမြင့်လာမှာပါ... အဲဒီကျမှ ဖမ်းရင် အကျိုးအမြတ် ပိုများပါလိမ့်မယ်... အဲဒီအချိန်ကျရင် ချင်းရှောင်ဂိုဏ်းချုပ်ကို ဖမ်းဖို့ ကျွန်တော်ကိုယ်တိုင် တောင်ပေါ်တက်ပါ့မယ်..."

"အင်း... ဒါလည်း ဟုတ်တာပဲ..."

ကျောက်ကျိက ဆေးလုံးကို လက်ဝါးထဲတွင် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

လျှို့ဝှက်မြို့စားမင်းကလည်း မတ်တတ်ရပ်ပြီး သူ့ကို ဦးညွှတ်ကာ ကျင်းဝူအစောင့်တပ်သားများနှင့်အတူ ထွက်ခွာသွားသည်။

သူတို့ ကန်ဝူနန်းဆောင်ထဲမှ ထွက်ခွာသွားသောအခါ ကျောက်ကျိ ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ သူ့အကြည့်များမှာ ရေခဲအလား အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

...

ဖေဖော်ဝါရီလတွင် ချင်းရှောင်၏ သားတော်ခုနှစ်ပါး ပြန်ရောက်လာကြသည်။ သူတို့ စုံစမ်းသိရှိရသည်များကို နားထောင်ပြီးနောက် လီချင်းချိုးက သူတို့ကို ခေတ္တ အနားယူစေပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ခိုင်းလိုက်သည်။

နောက်ပိုင်း အချိန်များတွင် ကျန်းယွီချွန်း၏ တပည့်များက နေရာအနှံ့မှ သတင်းအချက်အလက်များကို ဆက်လက် စုဆောင်းခဲ့ကြသည်။ ပြည်သူလူထုက ဒေါသ ပေါက်ကွဲနေပြီး ဧကရာဇ်အပေါ် မကျေနပ်မှုများ ပြင်းထန်နေကြသည်။ အချို့ဆိုလျှင် ပြဿနာရှာရန် စီရင်စုမြို့တော်သို့ လူစုလူဝေးဖြင့် သွားရောက်ကြသည်။

အိမ်ရှေ့စံကို ကူညီမှုဖြင့် မိသားစုကြီးများ ဆက်တိုက် အသတ်ခံနေရသဖြင့် မိသားစုဝင် အများအပြား သိုင်းလောကထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြရာ သိုင်းလောကတွင် သွေးထွက်သံယိုပွဲများ ဖြစ်ပေါ်စေခဲ့သည်။

…………….

လီချင်းချိုးတယောက် မြေအောက် ဝိညာဉ်ရေကန်တွင် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ နောက်ဆုံးတွင် ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်။

ဤမင်္ဂလာနယ်မြေတွင် သူတစ်ယောက်တည်း ရှိနေပြီး အကြိမ်တစ်ရာ သန့်စင်ခြင်း နတ်ဆိုးခန္ဓာ၏ ထူးခြားမှုကြောင့် အဆင့်တက်ပြီးနောက် ကျင့်ကြံမှု တည်ငြိမ်စေရန် သုံးရက်ခန့် အချိန်ယူလိုက်ရသည်။ယခုအခါ သူ့ မူလချီများ လှိုင်းထနေပြီး လျှံကျတော့မတတ် ခံစားနေရသည်။

အဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ကွာခြားချက်မှာ တစ်ဆင့်တည်းဟု ထင်ရသော်လည်း လက်တွေ့တွင် မိုးနှင့်မြေလို ကွာခြားလှသည်။

ထို့အပြင် ဝိညာဉ်အာရုံ တည်ရှိမှုကိုလည်း စတင် နားလည်လာပြီ ဖြစ်သည်။

ဝိညာဉ်အာရုံ ဆိုသည်မှာ တတိယမျက်လုံး ပွင့်လာသည်နှင့် တူညီသော ဝိညာဉ်စွမ်းအား တစ်မျိုး ဖြစ်ပြီး စွမ်းအားသစ် တစ်ခုလည်း ဖြစ်သည်။

မှော်ရတနာများကို ဖောက်ထွင်းမြင်နိုင်ခြင်းနှင့် ကန့်သတ်ချက်များ ထည့်သွင်းခြင်း လုပ်ငန်းစဉ်က ဝိညာဉ်အာရုံ၏ ရှုထောင့်မှ ကနဦး တွေ့ကြုံခံစားမှု တစ်ခု ဖြစ်သည်။

ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာအရ မူလအားဖြည့်နယ်ပယ် အထက်တွင် ဝိညာဉ်အာရုံနယ်ပယ်ရှိသဖြင့် ဝိညာဉ်အာရုံနယ်ပယ်ကို များစွာ မျှော်လင့်ထားသည်။

မူလချီ အသုံးပြုပုံက သိုင်းပညာရှင်များ၏ အတွင်းအားနှင့် ဆင်တူသော်လည်း ဝိညာဉ်အာရုံမှာမူ လုံးဝ ကွဲပြားခြားနားသည်။ ၎င်းသည် ရန်သူကို မမြင်ရဘဲ သတ်ဖြတ်နိုင်ပြီး မှော်ရတနာများ အသုံးပြုရာတွင် ပိုမို ဆန်းကြယ်လာမည် ဖြစ်သည်။

အဋ္ဌမအဆင့်တွင် အဆတစ်ရာ တိုးပွားလာသော မူလချီကြောင့် လီချင်းချိုး၏ အခြေခံ ချီစွမ်းအင်များ လှိုင်းထနေပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် ပိုင်နင်းအာဆီမှ ရရှိထားသော ကြေးမုံပြင်ကို ထုတ်ယူလိုက်သောအခါ ကြေးမုံပြင်ထဲတွင် တစ္ဆေတစ်ကောင် ပုန်းအောင်းနေသော်လည်း ယခင်က ကြေးမုံပြင်ထဲမှ ဝိညာဉ်နှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သဖြင့် ဘေးဖယ်ထားခဲ့ရခြင်း ဖြစ်သည်။

ယခု မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဝိညာဉ်ချုပ်ကျိန်စာကို အသုံးပြုပြီး ထိုတစ္ဆေကို ထိန်းချုပ်နိုင်မလား စမ်းသပ်ကြည့်ချင်သည်။

လူသားတစ္ဆေနတ်ဘုရားနှင့် အကြိမ်တစ်ရာ သန့်စင်ခြင်း နတ်ဆိုးခန္ဓာ ကံကြမ္မာတို့၏ အထောက်အပံ့ဖြင့် ဝိညာဉ်ချုပ်ကျိန်စာ အသုံးပြုခြင်းကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။

မနီးမဝေးတွင် လွင့်မျောနေသော လင်းချွမ်က လီချင်းချိုး ကြေးမုံပြင်ကို ထုတ်ယူလိုက်သောအခါ တစ်စုံတစ်ရာ အာရုံခံမိပုံရပြီး ခေါင်းလှည့်ကာ အမြန် ရောက်ရှိလာသည်။

လီချင်းချိုး သူ့ကို လစ်လျူရှုထားပြီး ကြေးမုံပြင်ထဲမှ တစ္ဆေကို ဂါထာမန်းမှုတ်လိုက်သည်။

အမှောင်ထုထဲတွင် အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသမီး တစ္ဆေတစ်ကောင် လဲလျောင်းနေ၏…

သူမ တစ်စုံတစ်ရာ အာရုံခံမိပြီး ရုတ်တရက် ခေါင်းမော့လိုက်တော့ ဖြူဖပ်ဖြူရော် မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် တွန့်လိမ်နေပြီး မျက်လုံးများက သွေးရောင် လွှမ်းနေ၏။

ထိုစဉ် ကြေးမုံပြင်ထဲမှ ဆိုးယုတ်သော အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာပြီး အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးလည်း တစ္ဆေပုံစံ ပြောင်းလဲသွားသည်။ သူမက အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်ကာ လီချင်းချိုးထံသို့ ခုန်အုပ်လိုက်သည်။

လင်းချွမ် တားဆီးလိုသော်လည်း လီချင်းချိုး လက်မြှောက်လိုက်သည်ကို မြင်သောအခါ ရပ်တန့်လိုက်ရသည်။

အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး တစ္ဆေက လီချင်းချိုးကို ဖမ်းဆွဲရန် ပြင်လိုက်စဉ်မှာပင် တစ်ကိုယ်လုံး တုန်ရီသွားပြီး ရှေ့ဆက်မတိုးနိုင်ဘဲ နေရာမှာပင် တောင့်တင်းသွားသည်။

ထိုအချိန်တွင် လီချင်းချိုး၏ မျက်လုံးက ခရမ်းရောင် ပြောင်းလဲသွားပြီး ဂါထာမန္တန်များကို ရွတ်ဆိုလိုက်သည်။ မကြာမီ အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး တစ္ဆေ၏ မျက်လုံးများ မှိတ်ကျသွားသည်။

အာဏာရှင် မူလချီနှင့် လူသားတစ္ဆေနတ်ဘုရားတို့၏ အကူအညီဖြင့် အမျိုးသမီး တစ္ဆေနှင့် ဝိညာဉ်ချင်း အလွယ်တကူ ချိတ်ဆက်မိသွားပြီး သူမ၏ မှတ်ဉာဏ်များကို စတင် ဖတ်ရှုလိုက်သည်။

နန်ကုန်းအာဟု အမည်ရသော ဤအမျိုးသမီးက ဝေမင်းဆက်၏ မင်းသမီးတစ်ပါး ဖြစ်သည်။

ဝေမင်းဆက်ဆိုသည်မှာ တာ့လီမင်းဆက် မတိုင်မီက မင်းဆက် ဖြစ်သည်။ ပြည်နယ်ခြောက်ခုကိုသာ သိမ်းပိုက်နိုင်ခဲ့သော်လည်း နှစ်ပေါင်း ၃၀၀ ကြာ ရှည်ကြာခဲ့ပြီး သမိုင်းတွင် နက်ရှိုင်းသော အမှတ်အသား ထင်ကျန်ခဲ့သည့် အင်အားကြီး မင်းဆက်တစ်ခု ဖြစ်သည်။

နန်ကုန်းအာက အသက် ၁၆ နှစ်အရွယ်တွင် သေဆုံးခဲ့သူဖြစ်သည်။ ထိုအချိန်က နန်းတွင်းအာဏာ မတည်မငြိမ် ဖြစ်နေပြီး တစ်စုံတစ်ယောက်က ဧကရာဇ်ကို နန်းစွန့်ခိုင်းနေသည်။ သူမ၏ ဖခင်က အခြေအနေကို ပြောင်းပြန်မလှန်နိုင်မှန်း သိသဖြင့် သူမ အလှပြင်နေစဉ် လည်ပင်းညှစ်သတ်ခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် သူမ၏ မကျွတ်လွတ်သော ဝိညာဉ်သည်လည်း ကြေးမုံပြင်ထဲတွင် ပိတ်မိနေခဲ့သည်။

နောက်ပိုင်း ဧကရာဇ် သေဆုံးပြီးနောက် မိန်းမစိုးများက သူမ၏ နန်းဆောင်ကို ဖောက်ထွင်းကာ ရတနာများကို ခိုးယူပြီး နန်းတော်အပြင်ဘက်သို့ ထုတ်ယူသွားခဲ့ကြသည်။ နှစ်ပေါင်း တစ်ရာကျော် လှည့်လည်သွားလာပြီးနောက် နောက်ဆုံးတွင် ဓားပြစခန်းတစ်ခုသို့ ရောက်ရှိသွားပြီး လီစစ်ဖုန်းနှင့် ပိုင်နင်းအာတို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သနားစရာကောင်းတဲ့ လူတစ်ယောက်ပဲ...

သူမ မသေခင်ကရော သေပြီးနောက်မှာပါ မကောင်းမှု မလုပ်ခဲ့သည်ကို တွေ့ရသဖြင့် သူမကို လင်းချွမ်ဆီ ကျွေးပစ်ရန် ရည်ရွယ်ချက် မရှိတော့ပေ။

ဒါဆိုလည်း သူ့ရဲ့ ဒုတိယမြောက် ဝိညာဉ်ကျွန် ဖြစ်လာစေလိုက်မယ်...

ဝိညာဉ်ကျွန်က အသုံးဝင်ပါသေးတယ်... အခု လင်းချွမ်က ချင်းရှောင်ဂိုဏ်း တစ်ခုလုံးကို သွားလာနိုင်ပြီး သူ့အတွက် ကိစ္စများစွာကို တိတ်တဆိတ် လုပ်ဆောင်ပေးနိုင်နေပြီ... နောက်ထပ် ဝိညာဉ်ကျွန် တစ်ကောင် ရှိတာ သေချာပေါက် ကောင်းတဲ့ကိစ္စပဲ...

နာရီဝက်ခန့် ကြာပြီးနောက်….

နန်ကုန်းအာ နိုးလာသောအခါ သူမ၏ အာဃာတ တရားများ သိသိသာသာ လျော့နည်းသွားပြီး ဆင်ခြင်တုံတရား ပြန်လည် ရရှိလာသည်။

သူမ လီချင်းချိုးကို ကြည့်လိုက်ပြီး သူမ၏ သခင် ဖြစ်လာကြောင်း သိလိုက်သည်။ထို့ကြောင့် အလိုအလျောက် ကြောက်ရွံ့သွားပြီး အလွယ်တကူ မတိုးကပ်ရဲပေ။

"အခုကစပြီး ငါ့နောက်လိုက်ခဲ့... တစ်နေ့နေ့မှာ ကျွတ်လွတ်စေတဲ့ နည်းလမ်းကို သိလာရင် မင်းကို သံသရာထဲ ဝင်ရောက်နိုင်အောင် ကူညီပေးမယ်..."

လီချင်းချိုး ပါးစပ်ဟပြီး ရယ်မောလိုက်ရာ နန်ကုန်းအာခင်မျာ ကြောက်ရွံ့စွာ ဒူးထောက်လိုက်ပြီး ပြန်မပြောရဲပေ။

ထိုအဖြစ်ကို မြင်သောအခါ လီချင်းချိုး ဘာမှ ထပ်မပြောတော့ပေ။ထို့နောက် ကြေးမုံပြင်ကို ကောက်ကိုင်ပြီး ဝိညာဉ်ရေကန် ထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

မင်းသမီး နန်ကုန်းအာကို အောက်မေ့သောအားဖြင့် ကြေးမုံပြင်ကို နန်ကုန်းကြေးမုံဟု အမည်ပေးလိုက်သည်။

နန်ကုန်းအာက လီချင်းချိုး နောက်မှ သတိထား၍ လိုက်ပါလာသဖြင့် လင်းချွမ်က ရံဖန်ရံခါ နောက်လှည့်ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။

ဝိညာဉ်ကျွန် တစ်ကောင် အနေဖြင့် လီချင်းချိုး၏ အမိန့်မပါဘဲ သူ နန်ကုန်းအာကို ဝါးမြိုမည် မဟုတ်ပေ။

ထို့အပြင် နန်ကုန်းအာကို မဝါးမြိုရဲပေ။ အဘယ်ကြောင့်ဆိုသော် နန်ကုန်းအာဆိုသည့် တစ္ဆေက အန္တရာယ်ရှိကြောင်း ခံစားရသောကြောင့် ဖြစ်သည်။

သစ်တောအုပ်ကို ဖြတ်သန်းသွားရာတွင် တောက်ပသော နေရောင်ခြည် အောက်၌ပင် လင်းချွမ်နှင့် နန်ကုန်းအာတို့ ထိခိုက်မှု မရှိကြပေ။ ဤသည်မှာ ဝိညာဉ်ကျွန် ဖြစ်ရခြင်း၏ အကျိုးကျေးဇူး ဖြစ်သည်။

နန်ကုန်းအာက လမ်းတစ်လျှောက်ရှိ သစ်ပင်များကို လှုပ်ခါနိုင်ကြောင်း လီချင်းချိုး အံ့သြစွာ တွေ့ရှိလိုက်ရသည်။

ဒါ တော်တော် အံ့သြစရာ ကောင်းတာပဲ... လင်းချွမ်က ညဘက်မှပဲ ရုပ်ဝတ္ထုပစ္စည်းတွေကို ထိတွေ့နိုင်တာ... နန်ကုန်းအာကျတော့ နေ့ခင်းဘက်တောင် လုပ်နိုင်တယ်...

ဒီအတိုင်းဆို တိုက်ပွဲမှာ ပါဝင်ကူညီနိုင်မလား...

All Chapters