← Chapters

မေးပါရစေ ဂိုဏ်းချုပ်... ခင်ဗျား ပုန်ကန်ချင်လား

Vol. 11 Ch. 106

မေးပါရစေ ဂိုဏ်းချုပ်... ခင်ဗျား ပုန်ကန်ချင်လား

Vol. 11 Ch. 106

လီချင်းချိုးက မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိပြီးနောက် ချင်းရှောင်တောင်ကို စတင် လှည့်လည် စစ်ဆေးခဲ့သည်။ သုံးနာရီခန့် လျှောက်သွားပြီးနောက် လင်းရှောင်ခြံဝင်းသို့ ပြန်ရောက်လာသည်။

ကျန်းယွီချွန်းက ထိုနေရာတွင် သူ့ကို စောင့်ဆိုင်းနေရှာသည်။

"အစ်ကိုကြီး... လင်းရှောင်ခြံဝင်းကို ပြုပြင်မွမ်းမံဖို့ လိုနေပြီ..."

လင်းရှောင်ခြံဝင်းက ချင်းရှောင်ဂိုဏ်း၏ အကြီးတန်း ခေါင်းဆောင်များ နေထိုင်ရာနှင့် အရေးကြီး ကိစ္စရပ်များ ဆွေးနွေးရာ နေရာ ဖြစ်သော်လည်း အပြင်အဆင်နှင့် ပရိဘောဂများကတော့ အခြား ခြံဝင်းများနောက်တွင် ကျန်ရစ်နေသည်။

လီချင်းချိုးက ဒါတွေကို စိတ်ထဲမထားပေမယ့် လက်အောက်ငယ်သားများ၏ ဖိအားကို မခံနိုင်ပေ။

ဂိုဏ်းချုပ်ရဲ့ နေအိမ်ကတောင် လုံလောက်အောင် မခမ်းနားရင် ခန်းမသခင်တွေ၊ အကြီးအကဲတွေနဲ့ စစ်မှန်သောတပည့်တွေက ဘယ်လိုလုပ် သက်တောင့်သက်သာ နေရဲကြမှာလဲ...

ထို့ကြောင့် လူအများအပြား ကျန်းယွီချွန်းထံ လာရောက်ပြီး လင်းရှောင်ခြံဝင်းကို ပြုပြင်မွမ်းမံရန် အကြံပြုကြရာ ကျန်းယွီချွန်းကလည်း ပြုပြင်ရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။

"ဒါဆို ပြင်လိုက်ပါ... ငါ စစ်ကျင်ရဲ့ ဆေးဥယျာဉ်မှာ ခဏ သွားနေလိုက်မယ်..."

လီချင်းချိုးက ပေါ့ပေါ့ပါးပါးပင် သဘောတူလိုက်သည်။

ချင်းရှောင်ဂိုဏ်းက ယခုဆို လူအရေအတွက် တိုးပွားလာရုံသာမက ကြွယ်ဝချမ်းသာမှုလည်း တိုးပွားလာသည်။ သို့သော်လည်း လီချင်းချိုးက ကုန်ကျစရိတ် ကာမိသရွေ့ ငွေကြေးကို သိပ်တန်ဖိုးမထားပေ။

သူသည် တပည့်များ၏ ကျင့်ကြံခြင်း အဆင့်နှင့် ဂိုဏ်းပိုင်ဆိုင်သော ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ပိုမို ဂရုစိုက်သည်။

မကြာသေးမီက ဝိညာဉ်ကျောက်တွင်းရှိ ဝိညာဉ်ကျောက်တုံး အရေအတွက်ကို တွက်ချက် မှတ်တမ်းတင်ရန် ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များကို တာဝန်ပေးထားပြီး ဖြန့်ဝေပေးရန် စီစဉ်နေသည်။

တပည့်ရင်းတိုင်း ဝိညာဉ်ကျောက်တုံးကို ခံစားခွင့် ရရှိကြသည်။ ၎င်းသည် ကျင့်ကြံရာတွင် အထောက်အကူ ပြုရုံသာမက မူလချီကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းပေးနိုင်သည်။

ကိုယ့်ဘာသာကိုယ် ချီစွမ်းအင် အသုံးပြုပြီး ကောင်းကင်နှင့် မြေပြင်ကနေရတဲ့ ဝိညာဉ်ချီများကို ဝိညာဉ်ကျောက်တုံး ပမာဏလောက် ရအောင် ဖိသိပ်မယ် ဆိုရင်တောင် အနည်းဆုံး ခုနစ်ရက်လောက် ကြာမှာ... ဝိညာဉ်ချီ ရှားပါးတဲ့ နေရာတွေမှာဆိုရင် အဲဒီလောက် မူလချီ ပမာဏ ရဖို့ ပိုတောင် ကြာဦးမယ်...

စကားအနည်းငယ် ပြောပြီးနောက် ကျန်းယွီချွန်း ပြန်လည် ထွက်ခွာသွားလေသည်။

လီချင်းချိုးလည်း အခန်းထဲသို့ ပြန်ဝင်လာပြီး စာရွက်နှင့် စုတ်တံကို ကောက်ကိုင်ကာ ပြီးခဲ့သည့် အဆင့်တက်စဉ်က အတွေ့အကြုံများကို စတင် ရေးသားလိုက်သည်။

တပည့်များ အဆင့်တက်ရာတွင် ပိုမို လွယ်ကူစေရန်အတွက် အဆင့်တက်တိုင်းတွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံများနှင့် နည်းစနစ်များကို ချရေးထားရန် ဆုံးဖြတ်လိုက်ပြီး တပည့်များ အခွင့်အလမ်း ရှာတွေ့နိုင်စေရန် ရည်ရွယ်ထားသည်။

လီချင်းချိုး မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိခြင်းက ချင်းရှောင်ဂိုဏ်းအတွက် အလွန် အရေးပါသော်လည်း သူကလွဲပြီး မည်သူမျှ မသိကြပေ။

သူ နာမည်ကြီးတာထက် တပည့်တွေ နာမည်ကြီးတာကို ပိုလိုလားပြီး ဂိုဏ်းသားတွေကို ပြုစုပျိုးထောင်ပေးနေတာကလည်း ဂိုဏ်းအတွက် လုံခြုံရေး ပိုက်ကွန် ဖြန့်ထားသလိုပါပဲ...

...

တောက်ပသော နေရောင်ခြည်အောက်တွင် ချင်းရှောင်ဂိုဏ်းသားများနှင့် ဘုရားဖူး အများအပြား စင်မြင့်ရှေ့တွင် စုဝေးနေကြပြီး ရံဖန်ရံခါ အော်ဟစ်အားပေးနေကြသဖြင့် သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်ကို ဖန်တီးနေသည်။

စင်မြင့်ပေါ်တွင် လီစစ်ဖုန်းက တီရွှမ်းဓားကို ကိုင်ဆောင်လျက် ဓားသမား တစ်ဦးနှင့် တိုက်ခိုက်နေသည်။ ဤဓားသမားက ချင်းရှောင်ဂိုဏ်းမှ မဟုတ်ဘဲ တီရွှမ်းဓားကို လာရောက် ယှဉ်ပြိုင်လုယူသော ကျန်းဟူလောကမှ နာမည်ကြီး သိုင်းသမား တစ်ဦး ဖြစ်သည်။ လီစစ်ဖုန်းကလည်း စိန်ခေါ်မှုကို ကိုယ်တိုင် လက်ခံခဲ့ခြင်း ဖြစ်သည်။

"ခန်းမသခင်လီရဲ့ ဓားသိုင်းက ရိုးရှင်းမနေဘူး... ထက်မြက်ပြီး လျင်မြန်တယ်..."

"ခန်းမသခင်လီက လေ့ကျင့်ဖို့ ဓားဂိုဏ်းကို ခဏခဏ သွားတယ်လို့ ကြားတယ်... ဓားနတ်ဘုရားက တစ်ချိန်တုန်းက ကျန်းဟူလောကကို တုန်လှုပ်စေခဲ့တဲ့ ဓားသိုင်းတစ်ခု သင်ပေးလိုက်တယ်တဲ့..."

"ဟေ... ဘာဓားသိုင်းလဲ..."

"ဒီလူက တုန်းလင်းစီရင်စုရဲ့ ကောင်းကင်အဆင့် သိုင်းစာရင်းမှာ ထိပ်ဆုံးသုံးယောက် ဝင်ထားတဲ့သူလေ... ဒါပေမဲ့ ခန်းမသခင်လီရဲ့ ပြိုင်ဘက် မဟုတ်ဘူး..."

"ဒီလောက် သိုင်းပညာ အဆင့်နဲ့ ထိပ်ဆုံးသုံးယောက် ဝင်နိုင်တယ် ဟုတ်လား... ကျန်းဟူလောကဆိုတာ ငါထင်သလောက် အန္တရာယ် မများဘူး ထင်တယ်..."

တပည့်အများစုက ချင်းရှောင်ဂိုဏ်းမှတဆင့် သိုင်းလောကနှင့် ပထမဆုံး ထိတွေ့ဖူးကြခြင်း ဖြစ်သည်။ ဂိုဏ်းတူ ညီအစ်ကို မောင်နှမများ၏ သိုင်းပညာ စွမ်းရည်ကြောင့် သိုင်းလောကအပေါ် အထင်အမြင် လွဲမှားနေကြသည်။

သူတို့အမြင်တွင် သိုင်းလောကမှ ဆရာသခင်များက သူတို့၏ စီနီယာ အစ်ကို၊ အစ်မများထက် ပိုမို စွမ်းအားကြီးရမည်ဟု ထင်မှတ်ထားကြသည်။ သို့သော် လာရောက် စိန်ခေါ်သူ များပြားလာသည်နှင့်အမျှ ဓားနတ်ဘုရားလို ပြိုင်ဘက်ကင်း ဆရာသခင်များမှာ ရှားပါးပြီး နာမည်ကြီး ဆရာသခင်ဆိုသူများက ထင်သလောက် မစွမ်းကြောင်း တွေ့ရှိလာကြသည်။

ယခုလိုပင် လီစစ်ဖုန်းဘက်က ဓားချီစွမ်းအင် သုံးစရာပင် မလိုဘဲ ဓားသိုင်းကွက် သက်သက်ဖြင့် ပြိုင်ဘက်ကို အသာစီး ရယူထားနိုင်သည်။

လူအုပ်ထဲတွင် ရပ်နေသော လီစစ်ကျင်ကတော့ အစ်ကိုဖြစ်သူ ကြွားလုံးထုတ်နေသည်ကို ကြည့်ပြီး နှုတ်ခမ်းဆူလိုက်မိပြီး ဒီကို မလာသင့်ကြောင်း ခံစားလိုက်ရသည်။

သူမ လာခဲ့ရခြင်းမှာ လီစစ်ဖုန်း အနိုင်ကျင့်ခံရမည်ကို စိုးရိမ်၍ ဖြစ်သော်လည်း ယခု ကြည့်ရသည်မှာ သူမ အတွေးလွန်နေခြင်းသာ ဖြစ်သည်။

အခြားတပည့်တွေလိုပဲ သူမလည်း သိုင်းလောကကို အထင်လွဲနေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်...

"အာဏာရှင်ဓားသိုင်း... လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ဓားသမား တစ်ယောက်က အာဏာရှင်ဓားသိုင်းနဲ့ ကမ္ဘာပေါ်က ဓားဂိုဏ်းတွေ အားလုံးကို လှည့်လည် တိုက်ခိုက်ခဲ့ဖူးတယ်... ဒါပေမဲ့ နောက်ဆုံးတော့ ဓားနတ်ဘုရား လက်ချက်နဲ့ ရှုံးနိမ့်သွားခဲ့တယ်... အဲဒီအချိန်တုန်းက သူ့ကို ကမ္ဘာ့ဒုတိယအကောင်းဆုံး ဓားသမားအဖြစ် လူသိများခဲ့တယ်... ဓားနတ်ဘုရားကို ရှုံးနိမ့်ပြီးနောက် သူ ပျောက်ကွယ်သွားခဲ့တယ်...အာဏာရှင်ဓားသိုင်း ကျန်းဟူလောကမှာ ပြန်ပေါ်လာပါ့မယ်လို့ မထင်ထားခဲ့ဘူး...."

ဘေးမှ ခံစားချက်ပါသော အသံတစ်သံ ထွက်ပေါ်လာသဖြင့် လီစစ်ကျင် ခေါင်းလှည့်ကြည့်လိုက်ရာ ချူကျင်း သူမ ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ... အတွေ့အကြုံရှာဖို့ တောင်အောက် ဆင်းသွားတယ်လို့ ကြားတယ်... ဒီရက်ပိုင်း ကမ္ဘာလောကကြီးက ရှုပ်ထွေးနေတာ... ရှင် တောင်အောက် ခဏခဏ မဆင်းတာ ကောင်းမယ်..."

ချူကျင်းက ရယ်မောလိုက်ပြီး..

"လေ့ကျင့်ရေးလို့ ခေါ်ပေမဲ့ တကယ်တော့ အိမ်ပြန်ပြီး မိသားစုကို သွားတွေ့တာပါ... တာဝန်ကို ဖုံးကွယ်ဖို့ လေ့ကျင့်ရေးဆိုတဲ့ ခေါင်းစဉ် တပ်လိုက်တာ... ဒါပေမဲ့ တာဝန် ပြီးမြောက်ခဲ့ပါတယ်..."

လီစစ်ကျင်က ခေါင်းညိတ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။

"အာဏာရှင်ဓားသိုင်းကို ရှင် ဘယ်လိုလုပ် သိတာလဲ..."

"ကျန်းဟူလောကက သူဌေးတစ်ယောက်နဲ့ တွေ့ဖူးပြီး သူက ကျွန်တော့်အဖေကို အာဏာရှင်ဓားသိုင်း အကြောင်း ပြောပြနေတာ ကြားဖူးခဲ့တယ်... ကမ္ဘာ့ဒုတိယအကောင်းဆုံး ဓားသမားရဲ့ ဓားသိုင်းဆိုတော့ ကျွန်တော် သဘောကျမိတယ်... အာဏာရှင်ဓားသိုင်းရဲ့ ထူးခြားချက်က ဘယ်လိုဓားမျိုးကိုမဆို လက်ထဲရောက်ရင် လေးလံတဲ့ လက်နက်ကြီးကို သယ်ထားရသလို ခံစားရစေတာပဲ... ဒါပေမဲ့ လှုပ်ရှားမှုတွေကတော့ မနှေးကွေးဘူး..."

ချူကျင်း ရှင်းပြလိုက်တော့ လီစစ်ကျင် စင်မြင့်ပေါ်သို့ လှည့်ကြည့်လိုက်ရာ တကယ်ပင် ထိုအတိုင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လီစစ်ဖုန်းက တီရွှမ်းဓားကို လေးလံသော တူကြီး တစ်လက်ကဲ့သို့ ကိုင်ဆောင်ထားပြီး ထူးဆန်းသော ပုံစံဖြင့် ရှေ့နောက် ဝှေ့ယမ်းနေသည်။ တီရွှမ်းဓားက မပါးလွှာသော်လည်း လေးလံပုံ မပေါ်ပေ။

ချူကျင်းက လီစစ်ကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်က….

"ကျွန်တော့်ဆီမှာ လျှို့ဝှက်သိုင်းကျမ်း တစ်အုပ်ရှိတယ်... ဒါပေမဲ့ ကျွန်တော့်ဉာဏ်ပညာက နားလည်ဖို့ မလုံလောက်ဘူး... ခန်းမသခင် သင်ယူချင်လား..."

လီစစ်ကျင် သူ့ကို အကြည့်လွှဲလိုက်ပြီး တွန့်ဆုတ်နေဟန်ဖြင့်….

"မသင့်တော်ပါဘူး... ကျွန်မက ခန်းမသခင်လေ... ရှင်လို တပည့်တစ်ယောက်ဆီက လျှို့ဝှက်သိုင်းကျမ်းကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ..."

ချူကျင်းက ဘေးပတ်ဝန်းကျင်မှ လူများ မြင်တွေ့မည်ကို မကြောက်ဘဲ အိတ်ကပ်ထဲမှ လျှို့ဝှက်သိုင်းကျမ်း တစ်အုပ်ကို ထုတ်ယူပြီး လီစစ်ကျင်ထံ ကမ်းပေးလိုက်သည်။

လီစစ်ကျင် ယူကြည့်လိုက်ပြီး အသံထွက် ဖတ်လိုက်လေသည်။

"နက်ရှိုင်းသောယင်.."

"အသံထွက် မဖတ်ပါနဲ့... ဒီလျှို့ဝှက်သိုင်းကျမ်းက သာမန်စာအုပ် မဟုတ်ဘူး..."

ချူကျင်းက သတိပေးလိုက်တော့ လီစစ်ကျင် သံသယ ဖြစ်နေသော်လည်း မငြင်းဆန်ပေ။

"ကောင်းပြီ... ကျွန်တော် ပြန်လေ့ကျင့်တော့မယ်... ခန်းမသခင်ရဲ့ ကျေးဇူးကို မှတ်ထားပါ့မယ်... နောက်ပိုင်း တစ်ခုခု လိုအပ်ရင် ပြောပါ..."

ဘေးပတ်ဝန်းကျင်ရှိ တပည့်များခင်မျာ မကြားချင်ယောင် ဆောင်နေကြရသည်။ ဂိုဏ်းအတွင်း၌ လီစစ်ကျင်၏ အဆင့်အတန်းက ရိုးရှင်းမနေပေ။ သူမက ဂိုဏ်းချုပ်နှင့် ခန်းမသခင်များ၏ အချစ်ဆုံး လူတစ်ယောက် ဖြစ်သည်။ သူမ တပည့်များထံမှ အကျိုးခံစားခွင့်များ လက်ခံလျှင်ပင် မည်သူမျှ တိုင်တန်းရဲမည် မဟုတ်ပေ။

ထိုနေ့ညနေတွင် လီစစ်ကျင်က လီချင်းချိုးကို သွားတွေ့ပြီး နက်ရှိုင်းသောယင်ပညာရပ် ကို ပေးအပ်လိုက်ပြီး လျှို့ဝှက်သိုင်းကျမ်း၏ ဇစ်မြစ်ကို ရှင်းပြလိုက်သည်။

လီချင်းချိုး စစ်ဆေးကြည့်ရာ လျှို့ဝှက်သိုင်းကျမ်းမှာ အဆင်ပြေကြောင်း၊ စိတ်စွမ်းအား ကျင့်စဉ် ပြီးပြည့်စုံပြီး ထူးခြားသော ယုတ္တိနှင့် ပုံစံများ ပါရှိကြောင်း တွေ့ရှိလိုက်ရသည်။

ကျူးယန် ပြောပြဖူးသော နက်ရှိုင်းသော ယင်ပညာရပ်ကို သူ သတိရလိုက်သည်။ ၎င်းသည် မူလတည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းအနက် တစ်ခုဖြစ်သော လီယင်းဂိုဏ်း၏ ထူးခြားသော ပညာရပ် ဖြစ်သည်။ထိုပညာရပ်၌ သေသပ်လှပသော စိတ်စွမ်းအားကျင့်စဉ်အပြင် မိမိ၏ စွမ်းအားကို အခြားသူများထံ လွှဲပြောင်းပေးနိုင်သည့် စွမ်းရည်လည်း ပါရှိသည်။

ချူကျင်းက ဘယ်သူလဲ...

ဘာလို့ လီစစ်ကျင်ကို လျှို့ဝှက်သိုင်းကျမ်း ပေးရတာလဲ...

ထူးဆန်းသည်မှာ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ချူကျင်း၏ သစ္စာရှိမှုက ပုံမှန် တိုးတက်နေပြီး ယခုအခါ ၆၀ ကျော်သွားပြီ ဖြစ်သည်။

"ဒီချူကျင်းက သာမန်လူ မဟုတ်ဘူး..."

လီချင်းချိုးက လီစစ်ကျင်ကို လေးလေးနက်နက် ပြောလိုက်ပြီး ချူကျင်း၏ အသက်နှင့် စွမ်းရည်အဆင့်ကို ထုတ်ဖော် ပြောပြလိုက်သည်။ ဤစကားလုံးများကို ကျန်းယွီချွန်းကို ပြောပြစဉ်ကလည်း အသုံးပြုခဲ့သည်။

ထိုစကားကို ကြားသောအခါ လီစစ်ကျင်က သံသယ မဝင်သော်လည်း အလွန် အံ့အားသင့်သွားပြီး ရုတ်တရက် သဘောပေါက်သွားသည်။

"ဒါကြောင့် သူ့အနားမှာနေရင် နေရခက်တယ်လို့ ခံစားရတာကိုး... သူက ငယ်ရွယ်တဲ့ပုံ ပေါက်နေရုံပဲ..."

"အစ်ကိုကြီး... သူ တပည့်ဖြစ်လာပြီးကတည်းက တစ်ခုခု အမှား လုပ်ဖူးလား..."

"လောလောဆယ်တော့ မရှိသေးဘူး..."

"ဒါဆို ဆက်စောင့်ကြည့်ရအောင်... သူက လူဆိုး မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်... အနည်းဆုံးတော့ ကျွန်မနဲ့ ဂိုဏ်းသားတွေအပေါ် မကောင်းတဲ့ သဘောထား မပြဖူးဘူး... သေချာတာပေါ့... အစ်ကိုကြီး စိတ်ပူရင် သူ့ကို အခုပဲ ခေါ်လာလိုက်လို့ ရပါတယ်..."

သူမ ချူကျင်းကို သဘောကျမိသည်။ တွေ့ဆုံသည့်နေ့က ဝိညာဉ်ဆေးပင်များ စတင် စိုက်ပျိုးခါစ ဖြစ်သောကြောင့် သာမက ချူကျင်းက သူမနှင့် စကားပြောရာတွင် အလွန်အကျွံ ယဉ်ကျေးမနေဘဲ သူငယ်ချင်းချင်း စကားပြောသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းပိုမို အင်အားကြီးမားလာသည်နှင့်အမျှ တပည့်များသည်လည်း သူမနှင့် ရင်းနှီးရန် မဝံ့ရဲကြပေ။ ထို့ကြောင့် ချူကျင်း၏ သဘောထားက သူမကို ကွဲပြားခြားနားစွာ ခံစားရစေသည်။

လီချင်းချိုးက စဉ်းစားလိုက်ပြီးမှ…..

"ဒါဆို စောင့်ကြည့်ကြတာပေါ့... မင်းလည်း မသိချင်ယောင်ဆောင်ပြီး သူ့အသက်နဲ့ စွမ်းရည်အဆင့်ကို မသိသလို နေလိုက်..."

"စိတ်မပူပါနဲ့... ဒုတိယအစ်ကိုကြီးထက် ပိုကောင်းအောင် လုပ်ပြမယ်..."

လီစစ်ကျင် စိတ်လှုပ်ရှားစွာ ပြောလိုက်သော်လည်း ဒီကိစ္စက အတော်လေး ရယ်စရာကောင်းသည်ဟု ထင်မြင်မိသည်။

"ခန်းမကိစ္စတွေ အပြင် ကျင့်ကြံဖို့လည်း မမေ့နဲ့ဦး..."

"နားလည်ပါပြီ အစ်ကိုကြီး..."

လီစစ်ကျင် ပခုံးတွန့်ပြပြီး လှည့်ထွက်သွားပြီးနောက် လီချင်းချိုးက စားပွဲပေါ်ရှိ လျှို့ဝှက်သိုင်းကျမ်းကို ကြည့်ရင်း ချူကျင်း၏ အထောက်အထားမှန်ကို တွေးတောနေမိသည်။

အကယ်၍ ချူကျင်းသာ လျှို့ဝှက်ချက်များကို ပေါက်ကြားစေရန် တောင်အောက်ဆင်းခဲ့လျှင် ချင်းရှောင်ဂိုဏ်း ယခုအချိန်တွင် ဒုက္ခရောက်နေလောက်ပြီ ဖြစ်သည်။ ထို့ပြင် တိုးပွားလာသော သစ္စာရှိမှုက ချူကျင်း ချင်းရှောင်ဂိုဏ်းကို ပိုမို လက်ခံလာကြောင်း ပြသနေသည်။

သူ့မှာ ထုတ်မပြောချင်တဲ့ အတိတ် ရှိနေတာများလား...

သို့သော်လည်း ချူကျင်းထံတွင် သစ္စာဖောက်ကံကြမ္မာ ပါရှိသောကြောင့် သူ့ကို မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။

အနည်းဆုံးတော့ ချူကျင်းမှာ အရာရှိ ရာထူး ရှိရမယ်... အရာရှိ တစ်ယောက် အနေနဲ့ သိုင်းဂိုဏ်းကို လာပြီး သိုင်းပညာ ဘာလို့ သင်ချင်ရတာလဲ...

လင်းချွမ်ကို အသုံးပြု၍ သူ့ကို စောင့်ကြည့်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ လူသားတစ္ဆေနတ်ဘုရား ကံကြမ္မာက တစ္ဆေများကို ဟန့်တားနိုင်သော အာနိသင် ရှိသော်လည်း လင်းချွမ်အဖို့ သူ့အနား ကပ်စရာ မလိုဘဲ လှုပ်ရှားမှုများကိုသာ စောင့်ကြည့်ရန် လိုအပ်သည်။

...

အိမ်ရှေ့စံ သေဆုံးပြီးနောက် တိုင်းပြည် အနှံ့အပြားတွင် မကျေနပ်မှုများ ထွက်ပေါ်လာသည်။ စာပေပညာရှင်များက လူထုကို လှုံ့ဆော်ကြပြီး အရာရှိများက နန်းတွင်းသို့ အသနားခံစာများ တင်သွင်းကြသည်။ သို့သော် ဧကရာဇ်က မည်သည့် အမိန့်တော်မျှ ထုတ်ပြန်ခြင်း မရှိဘဲ ပြည်သူ့ဆန္ဒကို လစ်လျူရှုထားသည်။ လတိုင်းတွင် မိသားစုကြီးများ အသတ်ခံရပြီး အချို့ဖြစ်ရပ်များတွင် မျိုးဆက် ကိုးဆက်တိုင်အောင် မျိုးဖြုတ်သတ်ဖြတ်ခြင်း ခံရသည်။

ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ တစ်ခုပြီးတစ်ခုဖြစ်ပွားနေပြီး ကမ္ဘာလောကကို တုန်လှုပ်စေသည်။ ဧကရာဇ်က ပြည်သူများကို ဆန့်ကျင်ရန် ဆုံးဖြတ်ထားပုံ ရသည်။ လူထုက သူ့ကို ကျိန်ဆဲလေ သူ ပိုမို ရက်စက်လေ ဖြစ်သည်။

ဧပြီလ ရောက်သောအခါ ကျန်းဟူလောကတွင် နတ်ဆိုးဂိုဏ်းပြန်လည် ပေါ်ထွက်လာပြီး ကျန်းဟူဂိုဏ်း တစ်ခုကို သတ်ဖြတ်လိုက်ရာ လူတစ်ထောင်ကျော် သေဆုံး ဒဏ်ရာရရှိခဲ့သည့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ် ဖြစ်ပွားခဲ့သော်လည်း နန်းတွင်းက ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ ထို့ကြောင့် သိုင်းလောကကြီး ဖရိုဖရဲ ဖြစ်ကာ သွေးချောင်းစီးခဲ့ရသည်။

မေလတွင် နတ်ဆိုးဂိုဏ်းက ကျန်းဟူ မျိုးနွယ်စု ခြောက်ခုကို သတ်ဖြတ်ခဲ့ပြန်သည်။ ထိုအချိန်တွင် အကျဉ်းသားများ တင်ဆောင်လာသော လှည်းများ ဧကရာဇ်မြို့တော်သို့ ဝင်ရောက်လာရာ ပြည်သူများ၏ ဝေဖန်မှုများကို ဆက်တိုက် ခံခဲ့ရပြီး နတ်ဆိုးဂိုဏ်းက ဧကရာဇ်၏ လက်နက် ဖြစ်ကြောင်း ယုံကြည်သူ ပိုမို များပြားလာသည်။

ဇွန်လတွင် မြောက်ပိုင်း အရိုင်းအစိုင်း စစ်တပ်က ချန်ကျိုးကို ကျူးကျော်ဝင်ရောက်လာပြီး တာ့လီမင်းဆက်၏ နယ်ခြားစောင့်တပ်များကို ဖြိုခွင်းကာ ပြည်သူများကို လုယက်ခဲ့သည့် သတင်း အခြား ပြည်နယ်ရှစ်ခုသို့ ပျံ့နှံ့သွားသည်။

ပြည်တွင်း ပြည်ပ ပြဿနာများ ဝိုင်းရံနေသဖြင့် သာမန်ပြည်သူများပင် ကပ်ဘေး ဆိုက်ရောက်တော့မည်ကို ခံစားမိကြသည်။

ဇူလိုင်လ အစောပိုင်းတွင် အပူချိန် မြင့်တက်လာချေပြီ….

လင်းရှောင်ခြံဝင်းသစ် မွန်းမံခြင်း ပြီးစီးသွားပြီ ဖြစ်သည်။ ခြံဝင်းသုံးခုကို ထပ်ခိုးများအဖြစ် ပြောင်းလဲလိုက်ပြီး ပရိဘောဂ အများအပြား ဖြည့်စွက်လိုက်သဖြင့် ယခင်ကထက် ပိုမို ခမ်းနားထည်ဝါလာသည်။

ခြံဝင်း အတွင်း၌ လီချင်းချိုးက သီးသန့်ထားရှိသော စားပွဲရှည်တွင် ထိုင်ကာ တပည့်သစ်များ၏ အချက်အလက်များကို စစ်ဆေးနေသည်။

ထိုစဉ် ကျန်းယွီချွန်း ရောက်လာပြီး….

"အစ်ကိုကြီး... လင်းချွမ်က ချွေ့မိသားစုက ချိုက်လျန်လို့ ခေါ်တဲ့ လူတစ်ယောက် စေလွှတ်လိုက်ပါတယ်... ချိုက်မိသားစုရဲ့ သားအကြီးဆုံးပါ... အစ်ကိုကြီးကို တွေ့ချင်နေပါတယ်..."

ထိုစကားကို ကြားသောအခါ လီချင်းချိုး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

လင်းချွမ်တွင် လီ၊ ထန်၊ ချွေ့၊ ချိုက် ဟူသော မိသားစုကြီး လေးခု ရှိသည်။ တာ့လီမင်းဆက် တစ်ခုလုံးကို ကြည့်လျှင် ထိုမိသားစုလေးခုက ထိပ်တန်း မိသားစုကြီးများ ဖြစ်ကြပြီး အဖွဲ့ဝင်များက နန်းတွင်း ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသဖြင့် သူတို့၏ လွှမ်းမိုးမှုက စိတ်ကူး၍ မရနိုင်လောက်အောင် ကြီးမားသည်။

သူတို့က ချင်းရှောင်ဂိုဏ်းကို ဆန့်ကျင်တဲ့ ဖေမိသားစုလောက်တော့ မနိမ့်ကျဘူး...

"သူ့ကို ဝင်ခိုင်းလိုက်..."

ကျန်းယွီချွန်း ချက်ချင်း လှည့်ထွက်သွားပြီး မကြာမီ ချိုက်လျန်နှင့်အတူ ပြန်ရောက်လာသည်။

ချိုက်လျန် တစ်ယောက်တည်း လာခြင်း ဖြစ်သည်။ သူသည် အသက် ၃၀ ကျော်ခန့် ရှိပုံရပြီး အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ မိသားစုကြီးမှ အဖွဲ့ဝင် တစ်ဦး၏ အမူအရာကို ဖော်ပြနေသည့် သိမ်မွေ့ပြီး စာပေပညာရှင် ဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုသူက လီချင်းချိုး အနားသို့ ရောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သော ပထမဆုံး စကားလုံးများကြောင့် လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့၏ မျက်နှာထား ပြောင်းလဲသွားသည်။

"ကျွန်တော်က ချိုက်မိသားစုက ချိုက်လျန်ပါ... မေးပါရစေ ဂိုဏ်းချုပ်... ခင်ဗျား ပုန်ကန်ချင်လား..."

All Chapters