← Chapters

သာမန်လူ၊ ကောင်းကင်ကိုဆန့်ကျင်၍ ကံကြမ္မာပြောင်းလဲခြင်း

Vol. 11 Ch. 107

သာမန်လူ၊ ကောင်းကင်ကိုဆန့်ကျင်၍ ကံကြမ္မာပြောင်းလဲခြင်း

Vol. 11 Ch. 107

ချိုက်လျန်ဆိုသည်က အစကတည်းက ဤမျှ တိုက်ခိုက်လိုစိတ် ပြင်းထန်လိမ့်မည်ဟု ကျန်းယွီချွန်း မထင်ထားခဲ့ပေ။ လီချင်းချိုး စကားမပြောနိုင်ခင် ကျန်းယွီချွန်းက အမြန်ဝင်ဟန့်လိုက်ရသည်။

"အစ်ကိုချိုက်... ဒါ ပထမဆုံး တွေ့ဆုံမှုလေဗျာ... ဘယ်လိုလုပ် ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောရတာလဲ... ဘာမှ မကြားလိုက်သလိုပဲ သဘောထားလိုက်မယ်..."

ချိုက်လျန်ကတော့ မလှုပ်မယှက် ရှိနေပြီး လီချင်းချိုးကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ဧကရာဇ်က အရည်အချင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်တယ်... ကမ္ဘာပေါ်က ဘယ်သူရဲကောင်း၊ ဘယ်မိသားစုကြီးကမှ သူ့ကို သည်းမခံနိုင်တော့ဘူး... ဂိုဏ်းချုပ် ငြင်းဆန်ရင်တောင် ကိစ္စက ပြီးပြတ်နေပါပြီ... ကျွန်တော်က ချင်းရှောင်ဂိုဏ်းကို အခွင့်အရေး လာပေးတာပါ..."

ကျန်းယွီချွန်းခင်မျာ လီချင်းချိုးကို မကြည့်ဘဲ မနေနိုင်တော့ပေ။

လီချင်းချိုးက စိတ်တည်ငြိမ်သွားပြီးမှ ချိုက်လျန်ကို ကြည့်ကာ မေးလိုက်သည်က…..

"မေးပါရစေ... ချိုက်မိသားစုရဲ့ ရည်ရွယ်ချက်က ဘာလဲ... ဘာလို့ ချင်းရှောင်ဂိုဏ်းကို ရှာဖွေရတာလဲ..."

"မိသားစုကြီး ကိုးခု ပူးပေါင်းပြီး ကျောက်မိသားစုရဲ့ မျိုးဆက်တစ်ယောက်ကို ရာထူးတိုးပေးဖို့ လုပ်ဆောင်နေကြတယ်... အမိန့်သစ် တစ်ရပ်မှာ ချိုက်မိသားစုက ပိုပြီး အာဏာရဖို့ လိုတယ်... ချင်းရှောင်ဂိုဏ်းက နတ်ဆိုးဂိုဏ်းကို အနိုင်ယူပြီး ကုကျိုးစီရင်စုကို ကယ်တင်ခဲ့တယ်... ထိုက်ခွန်းတောင်တန်းမှာ သူရဲကောင်းဆန်မှုကြောင့် နာမည်ကြီးတယ်... ကမ္ဘာလောကအတွက်တော့ ခင်ဗျားတို့က ဂုဏ်သိက္ခာရှိပြီး ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ... ခင်ဗျားတို့ရဲ့ သိုင်းပညာကိုလည်း သိုင်းလောကသားတွေက အသိအမှတ်ပြုထားကြတယ်... ကျွန်တော် ခင်ဗျားတို့ အကူအညီ လိုတယ်... ချိုက်မိသားစုရဲ့ ရည်မှန်းချက်က ဒုတိယအဆင့် ရောက်ဖို့ပဲ..."

ချိုက်လျန်က လေးလေးနက်နက် ပြောလိုက်ပြီး လီချင်းချိုး၏ အကြည့်ကို ရင်ဆိုင်လိုက်သည်။

ထို့နောက် လီချင်းချိုးနှင့် အခြားသူများ မမေးနိုင်ခင်မှာ သူကပဲ ဆက်ပြောလိုက်ပြန်သည်။

"တကယ်လို့ အောင်မြင်ခဲ့ရင် ချိုက်မိသားစုက ချင်းရှောင်ဂိုဏ်းကို မူလတည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်း နေရာမှာ အစားထိုးပြီး သိုင်းလောကရဲ့ ခေါင်းဆောင် ဖြစ်လာအောင် ကူညီပေးပါ့မယ်..."

လီချင်းချိုး စဉ်းစားခန်း ဝင်နေသဖြင့်ကျန်းယွီချွန်းက အတင်းဟန်ဆောင် ပြုံးလိုက်ပြီး ….

"အစ်ကိုချိုက်... ဒီကိစ္စက အရမ်း အရေးကြီးတယ်... ကျွန်တော်တို့ လွယ်လွယ်ကူကူ သဘောတူနိုင်မယ်လို့ ထင်နေတာလား..."

"ကျွန်တော် ချင်းရှောင်ဂိုဏ်းမှာ တစ်ညအိပ်မယ်... မနက်ဖြန် အဖြေပေးပါ... ငြင်းဆန်ရင်တောင် ချိုက်မိသားစုက ချင်းရှောင်ဂိုဏ်းကို အခက်တွေ့အောင်မလုပ်ပါဘူး ..."

လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး..

"ဒါဆို အစ်ကိုချိုက် တည်းခိုဖို့ အရင် စီစဉ်လိုက်ကြတာပေါ့... ယွီချွန်း... သူ့ကို ကောင်းကောင်း ဧည့်ခံလိုက်ပါ..."

"နားလည်ပါပြီ..."

ကျန်းယွီချွန်း ခေါင်းညိတ်လိုက်ပြီး ချိုက်လျန်ကို လိုက်ခဲ့ရန် အချက်ပြလိုက်သဖြင့် ချိုက်လျန်ကလည်း စကားထပ်မပြောတော့ဘဲ လှည့်ထွက်သွားသည်။

လီချင်းချိုးကတော့ စားပွဲတွင် ထိုင်ရင်း နက်နက်နဲနဲ တွေးတောနေမိသည်။

အိမ်ရှေ့စံ သေဆုံးမှုက အာဏာလုပွဲကြောင့် မဟုတ်ဘဲ အိမ်ရှေ့စံက ယဇ်ကောင် တစ်ကောင်သာ ဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။ စစ်မှန်သော တိုက်ပွဲက ဧကရာဇ်နှင့် အင်အားကြီးမားသော မိသားစုကြီးများကြားတွင်သာ ဖြစ်သည်။

သို့သော် လောကီရေးရာ တိုက်ပွဲများကို သူ စိတ်မဝင်စားတော့ပေ။

ချင်းရှောင်ဂိုဏ်း အင်အားကြီးမားသရွေ့ မင်းဆက်ကို ကျော်လွန်နိုင်သည်။ မင်းဆက်ကို မည်သူ အုပ်ချုပ်သည် ဖြစ်စေ ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်သရွေ့ သူ ဂရုမစိုက်ပေ။

မှန်ပါတယ်... လီချင်းချိုးက အခုဆိုရင် ပြည်နယ်ကိုးခုနဲ့ နယ်မြေ ၁၄ ခုကို သူ့ပိုင်နက် အဖြစ် သတ်မှတ်ထားပြီးပြီ... အနာဂတ်မှာ ဝိညာဉ်ကျောက်တွင်း၊ ဝိညာဉ်သွေးကြော၊ ဝိညာဉ်ရေကန်နဲ့ ဝိညာဉ်တစ်ထောင်သစ်ပင်လိုမျိုး ကောင်းကင်နှင့်မြေပြင် ရတနာတွေကို ရှာဖွေဖို့ ကမ္ဘာလှည့် ခရီးထွက်ရမှာ သေချာတယ်...

သူ့မှာ မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်ရှိတဲ့ တပည့်ရင်း အယောက် ၁၀၀ ရှိနေသရွေ့ မိသားစုကြီးတွေနဲ့ နန်းတွင်းအာဏာကို ကြောက်စရာ မလိုတော့ဘူး...

ရည်မှန်းချက်က ဝေးကွာနေသေးပေမဲ့ မျှော်လင့်ချက်ကို မြင်နေရပြီ...

ထိုသို့တွေးပြီးနောက် တပည့်သစ်များ၏အခြေနေကို စနစ်မှတဆင့် ဆက်လက် စစ်ဆေးလိုက်သည်။

မှတ်ပုံတင်ထားသော တပည့် အရေအတွက် နှစ်ထောင်ကျော်သွားပြီ ဖြစ်သော်လည်း အထူးကံကြမ္မာ ပါရှိသူ တစ်ယောက်မှ မတွေ့ရသေးပေ။ ပါရမီ အကောင်းဆုံး တပည့်သည်ပင် ရွှယ်ကျင်း အဆင့်လောက်သာ ရှိသည်။

ရုတ်တရက်...

လီချင်းချိုး မျက်ခုံးပင့်လိုက်မိသည်။ အထူးကံကြမ္မာ ပါရှိသော တပည့်တစ်ယောက်ကို နောက်ဆုံးတွင် တွေ့လိုက်ရပြီ ဖြစ်သည်။

[အမည်- ကျန်းဖိန်]

[လိင်- ကျား]

[အသက်- ၁၆]

[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း)- ၈၁/၈၉ (အများဆုံး ၁၀၀)]

[ပါရမီ-သာမန်]

[ဉာဏ်ပညာ- သာမန်]

[ကံကြမ္မာ- သာမန်လူ၊ ကံကောင်းခြင်းကိုရှာဖွေ၍ ဘေးဒုက္ခကိုရှောင်ရှားခြင်း၊ ကောင်းကင်ကိုဆန့်ကျင်၍ ကံကြမ္မာပြောင်းလဲခြင်း]

[သာမန်လူ - သာမန်မွေးဖွားခြင်း၊ သာမန်ရုပ်ရည်၊ သာမန်စိတ်နေသဘောထား၊ သတိမထားမိလောက်အောင် သာမန်ဆန်ခြင်း]

[ကံကောင်းခြင်းကိုရှာဖွေ၍ ဘေးဒုက္ခကိုရှောင်ရှားခြင်း - ဒုက္ခနှင့် အန္တရာယ် ကြုံတွေ့ရသောအခါ ရှောင်ရှားရန် အမြဲ တွေးတောတတ်သဖြင့် ကံကောင်းမှု အတိုင်းအတာ တစ်ခု ရှိပြီး မသေချာသော အရာများကို မလုပ်တတ်ပါ]

[ကောင်းကင်ကိုဆန့်ကျင်၍ ကံကြမ္မာပြောင်းလဲခြင်း -သင့်ဘဝတွင် ကံကြမ္မာပြောင်းလဲရန် အခွင့်အရေး သုံးကြိမ် ရရှိလိမ့်မည်]

...

အထူးကံကြမ္မာ နှစ်ခု!

တိတိကျကျ ပြောရလျှင် အထူးကံကြမ္မာ သုံးခု ရှိသည်။ သာမန်လူများအတွက် အားနည်းချက်ဟု ထင်ရသော်လည်း ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် အားသာချက် ဖြစ်နိုင်သည်။

သတိမထားမိလောက်အောင် သာမန်ဆန်ခြင်းဆိုတော့... နယ်ပယ် သတ်မှတ်မထားတဲ့အတွက် ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေတောင် သူ့ကို အလွယ်တကူ လစ်လျူရှုမိနိုင်တယ် မဟုတ်လား...

အဲဒါဆိုရင်တော့ ဒါက နတ်ဘုရား စွမ်းရည်ပဲ...

ကံကောင်းခြင်းကို ရှာဖွေ၍ ဘေးဒုက္ခကို ရှောင်ရှားခြင်း ဆိုသည့် အချက်ကလည်း ပြဿနာရှိသည်ဟု လီချင်းချိုး ခံစားရသည်။ ဤကောင်လေးက သူ ယုံကြည်မှုရှိသော အရာများကိုသာ လုပ်ဆောင်တတ်သဖြင့် သူ့ကို စွန့်စားခိုင်း၍ မရပေ။ ဖိအားများလွန်းပါက ဂိုဏ်းကို သစ္စာဖောက်သွားနိုင်သည်။

ဒါဆိုရင် သူ့အလုပ်တွေကို လျှော့ချပြီး သူ့ကို ပျိုးထောင်ဖို့ အာရုံစိုက်ရမယ်... အရင်းအမြစ်တွေ ပိုပေးရမယ်...

အကယ်၍ ကောင်းကင်ကိုဆန့်ကျင်၍ ကံကြမ္မာပြောင်းလဲခြင်းကံကြမ္မာသာ မပါရှိပါက ကျန်းဖိန်သည် ဂိုဏ်းအတွက် သိပ်အသုံးဝင်မည် မဟုတ်ဟု လီချင်းချိုး ထင်ကောင်းထင်မိလိမ့်မည်။ သို့သော် ဤကံကြမ္မာ ပါရှိနေခြင်းက အရာအားလုံးကို ကွဲပြားသွားစေသည်။

မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ရှိသော ကျန်းဖိန်က ပဉ္စမအဆင့် တာဝန်များကို ထမ်းဆောင်နိုင်ပြီး ဝိညာဉ်အာရုံနယ်ပယ်သို့ ရောက်သောအခါ မူလအားဖြည့်နယ်ပယ်၏ ပြဿနာများကို ဖြေရှင်းနိုင်ပေမည်။

သူ မြန်မြန် ကြီးထွားလာလေလေ သူ ယုံကြည်မှု ရှိတဲ့ အရာတွေ ပိုများလာလေလေ ဖြစ်မှာ...

ခဏကြာသောအခါ ကျန်းယွီချွန်း ခြံဝင်းထဲသို့ အမြန် ဝင်လာပြီး လီချင်းချိုး ဘေးတွင် ဝင်ထိုင်ကာ အသံတိုးတိုးဖြင့်….

"အစ်ကိုကြီး... ဒီကိစ္စကို ဘယ်လိုမြင်လဲ... ချိုက်လျန်ရဲ့ စကားလှလှလေးတွေကို မယုံနဲ့နော်... ကျွန်တော်တို့ ငြင်းလိုက်ရင် သူတို့ သေချာပေါက် မကျေမနပ် ဖြစ်ကြမှာ... အခု လက်တုံ့ပြန်မှု မလုပ်ရင်တောင် သူတို့ ရည်မှန်းချက် အောင်မြင်သွားတဲ့အခါ ချင်းရှောင်ဂိုဏ်းကို စာရင်းရှင်းဖို့ ပြန်လာကြမှာ သေချာတယ်...

"ဟုတ်တယ်... သူက အရမ်း မောက်မာတယ်... တစ်ယောက်တည်း လာတယ်... လိုရင်းကို ပြောတယ်... လှည့်ကွက်တွေ သုံးမနေဘူး... လင်းချွမ်က ချိုက်မိသားစုက တကယ်ပဲ အထင်ကြီးစရာ ကောင်းပါတယ်..."

"ဒါဆို ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သင့်လဲ..."

"ငြင်းရမှာပေါ့... ချင်းရှောင်ဂိုဏ်းသားတွေက သိုင်းကျင့်ဖို့ အလုပ်ရှုပ်နေကြတာ... သူတို့နဲ့ အာဏာလုဖို့ အချိန်မရှိဘူး..."

"အဲဒီနောက်ပိုင်း ဘာဖြစ်မလဲ..."

"ဖေမိသားစုကို စော်ကားပြီးပြီ... ချိုက်မိသားစုကိုပါ ထပ်ပြီး ရန်စချင်တာလား..."

လီချင်းချိုး မတ်တတ်ရပ်လိုက်သဖြင့် ကျန်းယွီချွန်း အလိုအလျောက် မော့ကြည့်လိုက်မိသည်။

နေရောင်ခြည်က လီချင်းချိုး၏ ခေါင်းပေါ်သို့ တည့်တည့် ကျရောက်နေသဖြင့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"ဒုတိယညီလေး... ငါတို့ ဘာရွေးရွေး တစ်ယောက်ယောက်ကတော့ ငါတို့ကို ပြဿနာ လာရှာနေမှာပဲ..."

လီချင်းချိုးက ပုံမှန်မဟုတ်ဘဲ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်ရာ ကျန်းယွီချွန်း စိတ်မသက်မသာ ဖြစ်သွားသည်။

"ငါတို့ ကိုယ်တိုင် အာဏာယူမှပဲ လက်ရှိ ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး..."

ကျန်းယွီချွန်း နားမလည် ဖြစ်သွားပြီး အလိုအလျောက် မေးလိုက်မိသည်။

"ဘယ်လို ဆုံးဖြတ်ချက် ချမလဲ..."

ချင်းရှောင်ဂိုဏ်းက သိုင်းဂိုဏ်း တစ်ခုပဲ... ဘယ်လောက်ပဲ ကြီးထွားလာပါစေ မင်းဆက်ရဲ့ လွှမ်းမိုးမှုကို ယှဉ်နိုင်မှာ မဟုတ်ဘူး... လူသန်းပေါင်းများစွာ ရှိတဲ့ မင်းဆက်ထက် ဘယ်တော့မှ ပိုမကြီးမားနိုင်ဘူး...

ချက်ချင်း ဆိုသလိုပင် အစ်ကိုကြီးထံမှ သူ ဘယ်တော့မှ မေ့နိုင်တော့မည့် စကားလုံးများကို ကြားလိုက်ရသည်။

"ထီးနန်းအာဏာဆိုတာ နတ်ဘုရားတွေ ပေးသနားထားတာ..."

……………

ချင်းရှောင်ဂိုဏ်းက ချိုက်မိသားစု၏ ပုန်ကန်ရန် ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်သည့် သတင်း ပျံ့နှံ့ခြင်း မရှိပေ။ ချိုက်လျန်က အေးစက်သော မျက်နှာထားဖြင့် ထွက်ခွာသွားသော်လည်း ကျန်းယွီချွန်းကတော့ ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေပြီး ဂိုဏ်းကို ပိုမို ကြိုးစား တည်ဆောက်နေသည်။

လီချင်းချိုးက ချိုက်မိသားစုကို အလေးမထားပေ။

ထိုလမှာပင် ကျန်းကျောက်ရှား မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီး လီချင်းချိုးကို ချက်ချင်း အသိပေးလိုက်ရာ လီချင်းချိုး အလွန် ဝမ်းသာသွားသည်။

မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ နှစ်ဦးရှိနေပြီ ဖြစ်ရာ တာ့လီမင်းဆက် အတွင်းရှိ မည်သည့် အင်အားစုကိုမျှ လီချင်းချိုး မကြောက်တော့ပေ။

ဒါကြောင့်လည်း လီချင်းချိုးက ချိုက်မိသားစုကို ရဲရဲတင်းတင်း ငြင်းဆန်ရဲတာပေါ့...

ထိုနေ့တွင် လီချင်းချိုးက ဓားနတ်ဘုရား ရှန်ယွဲ့၊ ကျန်းယွီနှင့် ချန်ချန်းဟိုင် အပါအဝင် ခန်းမသခင် အားလုံးကို ဆင့်ခေါ်လိုက်ပြီး ကျန်းကျောက်ရှား သတ္တမအဆင့်သို့ ရောက်ရှိသွားသည့် သတင်းကို ပြောပြလိုက်ရာ လူတိုင်း အံ့သြဝမ်းသာ ဖြစ်သွားကြသည်။

"မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်... ကြောက်စရာ ကောင်းလိုက်တာ..."

ကျူးယန်က ထိုသို့မှတ်ချက်ချလိုက်သည်။

သူမသည်လည်း ဟွမ်ယွမ်ကျမ်းစာကို စတင် ကျင့်ကြံနေပြီ ဖြစ်ရာ ချင်းရှောင်ဂိုဏ်း အဘယ်ကြောင့် ဤမျှ စွမ်းအားကြီးမားနေရသနည်း ဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။ဤသို့စွမ်းအားကြီးရခြင်းမှာလည်း အခြားဂိုဏ်းများ မယှဉ်နိုင်သော ထူးခြားသည့် သိုင်းပညာကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

သို့သော် ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံသောကြောင့် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ဆိုတာ ဘာကို ကိုယ်စားပြုသလဲ ဆိုတာကို သူမ ပိုမို နားလည်လာသည်။

တမိုးအောက် အနှိုင်းမဲ့!

မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် နှစ်ယောက်နှင့် ခန့်မှန်းရခက်သော လီချင်းချိုး ရှိနေသဖြင့် ထျန်းကုန်းခန်းမ၏ ခေါင်းဆောင် ဖြစ်လာသော ကျူးယန်ပင်လျှင် တိတ်တဆိတ် ထိတ်လန့်နေမိသည်။

လူမှုအဆင့်အတန်း ဘယ်လိုပဲ ရှိရှိ ချင်းရှောင်ဂိုဏ်းကို ရန်စရဲသူ ဘယ်သူမဆို သေလမ်းရှာတာပဲ...

လီချင်းချိုး အခုလို ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသရခြင်းမှာ လူတိုင်းကို ယုံကြည်မှု ပေးရန် သက်သက် မဟုတ်ဘဲ ကျူးယန်ကို သတိပေးရန်လည်း ဖြစ်သည်။

မိသားစုကြီးများ ပုန်ကန်ရန် ပြင်ဆင်နေကြပြီ ဖြစ်ရာ ကျူးမိသားစုလည်း ပါဝင်ပတ်သက်နိုင်ပေသည်။ကျူးယန်ကို ချင်းရှောင်ဂိုဏ်း၏ အင်အားအကြောင်း ရှင်းရှင်းလင်းလင်း မြင်စေလိုပြီး မှားယွင်းသော ဆုံးဖြတ်ချက် သို့မဟုတ် ရွေးချယ်မှု မပြုလုပ်စေလိုပေ။

ရှန်ယွဲ့က မုတ်ဆိတ်မွေးကို သပ်ရင်း တည်ငြိမ်နေပုံ ပေါက်သော်လည်း တကယ်တမ်းတွင် စိတ်မငြိမ်သက်ပေ။

သူသည် အသက်ကြီးနေပြီ ဖြစ်သော်လည်း ကျန်းကျောက်ရှား ကျော်တက်သွားသည်ကို မလိုလားပေ။

သူသည်လည်း ယခုဆို မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကျင့်ကြံမှု လျင်မြန်စွာ တိုးတက်နေသော်လည်း သတ္တမအဆင့် ဆိုသည်မှာ သူ့အတွက် အလှမ်းဝေးနေသေးသည်။

ချန်ချန်းဟိုင်နှင့် ကျန်းယွီတို့လည်း ထိတ်လန့်နေကြသည်။ ပထမလူမှာ မူလအားဖြည့်နယ်ပယ် တတိယအဆင့်တွင်သာ ရှိသေးပြီး နောက်လူမှာ ပထမအဆင့်တွင်သာ ရှိသေးသည်။

"နယ်ပယ် အဆင့်သတ်မှတ်ချက် စနစ်တစ်ခု စတင်တော့မယ်... အခုကစပြီး မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်ကို ရောက်တဲ့ ပထမဆုံး တပည့် ၁၀ ယောက်ကို ဝိညာဉ်ကျောက်တုံး အရေအတွက် အမျိုးမျိုး ဆုချီးမြှင့်မယ်... ဒါကို တပည့်ရင်းတွေကိုပဲ အသိပေးမှာပါ..."

လီချင်းချိုး ဆက်ပြောလိုက်တော့မှာ လူတိုင်းသတိပြန်ဝင်လာခဲ့သည်။

ယန်ကျွယ်တိန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး….

"ကျွန်တော် တစ်ခုခု လွတ်သွားတာလား... ဂိုဏ်းထဲမှာ ပါရမီရှင်တွေ အဲဒီလောက် များနေတာလား... ကျွန်တော်ဆို အခုမှ မူလအားဖြည့်နယ်ပယ် တတိယအဆင့်ပဲ ရှိသေးတာ..."

သူ တတိယအဆင့်သို့ ရောက်ရှိနိုင်ခြင်းမှာ ခန်းမသခင် အဆင့်အတန်းကြောင့် ဖြစ်သည်။ အကယ်၍ သာမန်တပည့် တစ်ယောက်သာဆိုလျှင် ယခုအချိန်၌ ဒုတိယအဆင့်ကို မနည်း ကပ်နေရဦးမည် ဖြစ်သည်။

ကျန်လူများလည်း လန့်သွားကြသည်။ ရှိနေသူ ထက်ဝက်ခန့်မှာ မျှော်လင့်ချက် မမြင်ကြပေ။

"ဒီနည်းလမ်း ကောင်းတယ်... တပည့်ရင်းတွေကို ပိုပြီး ကြိုးစားကျင့်ကြံဖို့ တွန်းအားပေးနိုင်တယ်... သူတို့ရဲ့ အဓိက တာဝန်က ကျင့်ကြံဖို့ပဲ... တခြား တိုလီမိုလီ ကိစ္စတွေကို အမည်ခံတပည့်တွေနဲ့ လုပ်သားတပည့်တွေကပဲ ကိုင်တွယ်ပေးရမှာ.."

ကျန်းယွီချွန်းသည် ကုန့်လင်ခန်းမ၏ခန်းမသခင်ဖြစ်ပြီး တပည့်စာရင်းကို ကိုင်တွယ်ရသူဖြစ်သောကြောင့် ဂိုဏ်းအတွင်းရှိ တပည့်များ၏ နယ်ပယ် အဆင့်ကို ကောင်းစွာ သိရှိသည်။

နယ်ပယ် အဆင့်ဆိုသည်က လစဉ် ခံစားခွင့်နှင့် သက်ဆိုင်သဖြင့် တပည့်အများစုက သူတို့၏ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်မထားကြပေ။ အဆင့်တက်သည်နှင့် ကုန့်လင်ခန်းမတွင် စာရင်းပေးသွင်းပြီး နောက်တစ်ဆင့် စိတ်စွမ်းအား ကျင့်စဉ်ကို ရယူကြသည်။

"တပည့်တွေရဲ့ နယ်ပယ် အခြေအနေကို ပြောပြပါဦး..."

လီချင်းချိုးက မေးလိုက်တော့ ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်ပြီး….

"လက်ရှိ တပည့်ရင်း အရေအတွက်က ၂၀၀ ရှိပါတယ်... အဲဒီအထဲမှာ တပည့် ၃၀ ကျော်က မူလအားဖြည့်နယ်ပယ် တတိယအဆင့်ကို ရောက်နေပြီး ၃ ယောက်က စတုတ္ထအဆင့်ကို ရောက်နေပါပြီ..."

ဤအစီရင်ခံစာတွင် အဆင့်မြင့် အရာရှိများကို မထည့်သွင်းထားပေ။

"အဲဒီလောက် များတာလား... မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့် ဆိုရင်ပဲ ကျန်းဟူလောကက ထိပ်တန်း သိုင်းသမားတွေနဲ့ ယှဉ်လို့ရနေပြီ... ဒါဆို ကျွန်တော်တို့ဆီမှာ ထိပ်တန်း သိုင်းသမား ၂၀၀ ကျော် ရှိနေတာပေါ့... ပြီးတော့ တပည့်တွေက အရမ်း ငယ်သေးတယ်..."

ယန်ကျွယ်တိန် အံ့သြတကြီး ရေရွတ်လိုက်သည်။

သူသည် သိုင်းကျင့်ခြင်းမှလွဲ၍ ကျန်အချိန်များကိုညကွမ်းယွမ်ခန်းတွင်သာ ကုန်ဆုံးလေ့ ရှိသည်။ ချင်းရှောင်ဂိုဏ်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း သူ သိသော်လည်း ဤမျှ အံ့မခန်း ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လီစစ်ဖုန်းလည်း မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘယ်လိုလုပ် မူလအားဖြည့်နယ်ပယ် တတိယအဆင့် တပည့် ၃၀ ကျော် ရှိနေရတာလဲ... ဘာလို့ ကျွန်တော့်ရဲ့ ရှီးလျန့်ခန်းမမှာ တစ်ယောက်မှ မရှိရတာလဲ..အစ်ကိုတို့ ပါရမီရှင်တွေကို ဖွက်ထားပြီး ကျွန်တော့်ကို မပေးဘဲ နေတာလား..."

လီတုန်းယွဲ့က ပြုံးလိုက်ပြီး ..

"ဆဌမဂျူနီယာမောင်လေး... အစ်မတို့ လင်းစိူင်ခန်းမမှာ မူလအားဖြည့်နယ်ပယ် တတိယအဆင့် တပည့် ၃ ယောက် ရှိတယ်..."

လီစစ်ဖုန်း ထပ်ခါတလဲလဲ ညည်းတွားလိုက်ရာ ကျန်လူများ ရယ်မောလိုက်ကြသည်။

လူတိုင်း ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကြောင့် အံ့အားသင့်နေကြပြီး လီချင်းချိုးက သူတို့ကို စဉ်းစားချိန် ပေးလိုက်သည်။

ခဏကြာသောအခါ လီချင်းချိုး မတ်တတ်ရပ်လိုက်သည်။

ထိုအဖြစ်ကို မြင်သောအခါ အခြားသူများလည်း မတ်တတ်ရပ်လိုက်ကြပြီး သူ့ကို ကြည့်လိုက်ကြသည်။

လီချင်းချိုး လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး….

"ဖရိုဖရဲ ကာလ ရောက်လာတော့မယ်... ချင်းရှောင်ဂိုဏ်းက ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကိုပဲ ဦးစားပေး ဆက်လုပ်သွားမယ်... အခုကစပြီး ထိုက်ခွန်းတောင်တန်း တစ်ခုလုံးမှာရှိတဲ့ အရာအားလုံးကို ငါတို့ပိုင်တယ်... ငါတို့ ပတ်ဝန်းကျင်က လူတွေကို ငါတို့ ကာကွယ်ပေးမယ်... နားလည်လား..."

ဤစကားလုံးများက လူအုပ်ကြီး၏ သွေးများကို ဆူပွက်သွားစေသည်။

ကျူးယန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဤဂိုဏ်းချုပ်တွင် ကြီးမားသော ရည်မှန်းချက်များ ရှိကြောင်း သူမ သံသယ ဝင်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ရှန်ယွဲ့ကမူ ပို၍ စူးစမ်းလိုစိတ် ဖြစ်နေသည်။ ဤမျှကြီးမားသော ရည်မှန်းချက်ဖြင့် ဂိုဏ်းချုပ် ဘာလုပ်ချင်တာလဲ...

ကျန်းဟူလောကကို စုစည်းချင်တာလား...

ဒါမှမဟုတ် ပိုကြီးမားတဲ့ ရည်မှန်းချက် ရှိနေတာလား…

All Chapters