ဖရိုဖရဲ ကမ္ဘာလောက
Vol. 11 Ch. 108
အဆင့်ငါးဆင့် သတ်မှတ်ချက် စနစ်ကို တပည့်ရင်း အားလုံးထံ လျင်မြန်စွာ အသိပေးလိုက်ရာ အားလုံ စိတ်လှုပ်ရှားသွားကြသည်။
လက်ရှိ ချင်းရှောင်ဂိုဏ်းတွင် တပည့်ရင်းများက အသိုင်းအဝိုင်း တစ်ခု ဖွဲ့စည်းထားပြီး တပည့်ရင်းတိုင်း မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိကြကာ သူတို့သည် ပါရမီရှင်များ ဖြစ်ပြီး အခြားသူများကို ကျော်တက်နိုင်သည်ဟု ယုံကြည်ထားကြသည်။
တပည့်ရင်းများ၏ ကြိုးစားအားထုတ်မှုက အတွင်းစည်းတပည့်၊ အပြင်စည်းတပည့်နှင့် အမည်ခံတပည့်များ၏ တိုက်ခိုက်လိုစိတ်ကိုပါ နှိုးဆွပေးလိုက်ပြီး အကျိုးဆက် အနေဖြင့် အတွေ့အကြုံရှာရန် တောင်အောက်ဆင်းသူ အရေအတွက် လျော့နည်းသွားသည်။
သိုင်းလေ့ကျင့်ရေးကွင်း တည်ထောင်လိုက်ခြင်းကြောင့် သိုင်းလောကဆိုသည်မှာ ထင်သလောက် စွမ်းအားမကြီးကြောင်း တပည့်အများအပြား သဘောပေါက်လာကြသည်။ ချင်းရှောင်ဂိုဏ်း၏ သိုင်းပညာကသာ သိုင်းလောကတွင် အကောင်းဆုံး ဖြစ်ပြီး ဓားနတ်ဘုရား ရှန်ယွဲ့က အကောင်းဆုံး သက်သေပင် ဖြစ်သည်။
လုပ်သားတပည့်များရှိနေခြင်းကြောင့် တပည့်များ ကျင့်ကြံခြင်းတွင် အချိန်ပိုပေးသော်လည်း ဂိုဏ်း၏ လည်ပတ်မှုကို ထိခိုက်ခြင်း မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့် လုပ်သားတပည့်များ ငွေရှာရန်နှင့် သိုင်းပညာ သင်ယူခွင့် ရရှိရန် အခွင့်အလမ်းများ ပိုမို ရရှိစေသည်။
လီချင်းချိုးက သွေးအေးသူ မဟုတ်ပေ။ လုပ်သားတပည့်များကို အလကား အလုပ်လုပ်ခိုင်းမည် မဟုတ်။ ကျန်းယွီချွန်းကို လုပ်သားတပည့်များအတွက် လိုအပ်သော တာဝန်များ ချပေးခိုင်းသည်။ ထို့နောက် လုပ်သားတပည့်များ ဆန္ဒရှိပါက ကုသိုလ်မှတ် စုဆောင်းရန်အတွက် အလုပ်ပို လုပ်နိုင်သည်။
ချင်းရှောင်ဂိုဏ်းတွင် လူတိုင်း၌ မျှော်လင့်ချက်ရှိသဖြင့် လူတိုင်း တိုက်ခိုက်လိုစိတ် ပြည့်ဝနေကြသည်။
ကျန်းယွီချွန်းက ဓားဂိုဏ်းသားများကို ငှားရမ်း၍ ထိုက်ခွန်းတောင်တန်း တစ်ဝိုက်တွင် လှည့်လည်ကာ ချင်းရှောင်ဂိုဏ်း အကြောင်း ကြော်ငြာပြီး အနာဂတ်တွင် ပြဿနာ ကြုံတွေ့ရပါက ချင်းရှောင်ဂိုဏ်းထံ အကူအညီ တောင်းခံနိုင်ကြောင်း ပြည်သူများကို ပြောပြစေသည်။
ဤသည်မှာ လီချင်းချိုး၏ မဟာဗျူဟာ ဖြစ်သည်။ ရှေးဦးစွာ ပြည်သူများအတွက် အလုပ်လုပ်ပေးပြီး ကုသိုလ်ယူပါ၊ ထို့နောက်မှ ပြည်သူများက ချင်းရှောင်ဂိုဏ်းကို အကျိုးပြုရန် စဉ်းစားပါ။
ဤလုပ်ငန်းစဉ်အတွင်း ချင်းရှောင်ဂိုဏ်းက တောင်ပေါ်ဓားပြအဖွဲ့ နှစ်ဖွဲ့ကို ရှင်းလင်းပစ်လိုက်သဖြင့် သူတို့၏ သူရဲကောင်းဆန်သော ဂုဏ်သတင်းများ ထပ်မံ ပျံ့နှံ့သွားသည်။
ဩဂုတ်လတွင်…….
ဝေကျိုးစီရင်စုမှ ဝေမင်းသား ကျောက်ချီက အမြင့်ဆုံးသို့ တက်လှမ်းလာပြီး မကောင်းဆိုးဝါးများကို အပြစ်ပေးရန်၊ အိမ်ရှေ့စံ ကျောက်လန်၏ နာမည်ဂုဏ်သတင်းကို ပြန်လည် ဆယ်ယူပြီး ကလဲ့စားချေရန်၊ ပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးရရှိရန်နှင့် သားသမီး ဆုံးရှုံးလိုက်ရသော မရေမတွက်နိုင်သည့် လူများအတွက် တရားမျှတမှု ဖော်ဆောင်ရန် စစ်တပ်ကို စုဆောင်းလိုက်သည်။
ထိုလမှာပင် လင်းချွမ်ဒေသကလီမိသားစုနှင့် ချိုက်မိသားစုတို့ကလည်း ဝေမင်းသား ကျောက်ချီ၏ တပ်ဖွဲ့များနှင့် ပူးပေါင်းလိုက်ကြသည်။ လကုန်တွင် ကျန်းယန်မှ ဖေမိသားစု၊ ဝမ်မိသားစုနှင့် လုမိသားစုတို့က သူတို့၏ အခြွေအရံများကို ဦးဆောင်၍ ဧကရာဇ်မြို့တော်ကို သိမ်းပိုက်လိုက်ကြသည်။
စက်တင်ဘာလ အစောပိုင်းတွင် ဧကရာဇ်က ကျန်းယန်ဧကရာဇ်မြို့တော်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ဖေမိသားစု၊ ဝမ်မိသားစုနှင့် လုမိသားစုတို့မှ အရာရှိများနှင့် သူတို့၏ မိသားစုဝင်များကို လူသိရှင်ကြား ကွပ်မျက်လိုက်ရာ ဧကရာဇ်မြို့တော်တွင် သွေးချောင်းစီးခဲ့ရသည်။
ကမ္ဘာပျက်မည့် အရိပ်အယောင်များ ပိုမို ပြင်းထန်လာချေပြီ……
ပူအိုက်သော နွေရာသီ နေ့တစ်နေ့တွင် …..
မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော လီစစ်ဖုန်းက လီချင်းချိုးကို လာရောက် တွေ့ဆုံသည်။
"အစ်ကိုကြီး... ကျွန်တော် ဖေမိသားစုကို ကလဲ့စားချေဖို့ တောင်အောက် ဆင်းတော့မယ်... ကျွန်တော် ပဉ္စမအဆင့် ရောက်နေပြီ... အာဏာရှင်ဓားသိုင်းကိုလည်း ကျွမ်းကျင်နေပြီ... ဖေမိသားစုကို သွေးကြွေး ပြန်ဆပ်ခိုင်းမယ်..."
ကျန်းယွီချွန်းက လီချင်းချိုးနှင့် ဂိုဏ်းတွင်းကိစ္စများကို ဆွေးနွေးနေစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ မေးလိုက်လေသည်။
"ခဏလောက် ရွှေ့ဆိုင်းလိုက်ရင် မကောင်းဘူးလား... ဖေမိသားစုက နန်းတွင်းအာဏာကို ပုန်ကန်နေပြီး ကမ္ဘာလောကမှာ သစ္စာရှိပြီး ရဲရင့်တဲ့ မိသားစုအဖြစ် နာမည်ကြီးနေတာ... အခုအချိန်မှာ ဖေမိသားစုကို လက်တုံ့ပြန်ရင် မသင့်တော်ဘူး မဟုတ်လား..."
"ဘာလဲ... သူတို့က အခု ပုန်ကန်မှုကို အကြောင်းပြနေလို့ ကျွန်တော်တို့က ကလဲ့စားမချေရတော့ဘူးလား... သေသွားတဲ့ တပည့်တွေကရော ဘယ်လိုလုပ်မလဲ... ဒီအငြိုးအတေးကို ဒီအတိုင်း လွှတ်ထားလိုက်ရမှာလား..."
"လက်တုံ့မပြန်ဖို့ ပြောနေတာ မဟုတ်ပါဘူး... အချိန်အခါ ရွေးဖို့ ပြောတာပါ... လောလောဆယ် ဖေမိသားစုက ငါတို့ကို လက်တုံ့ပြန်ဖို့ အစီအစဉ် မရှိသေးဘူး..."
လီစစ်ဖုန်းက လက်မခံနိုင်ဘဲ လီချင်းချိုးဘက်သို့ လှည့်ကြည့်လိုက်သည်။
လက်ထဲရှိ တပည့်စာရင်းကို ကြည့်ရင်း လီချင်းချိုးက…..
"ယွီချွန်း... အတွေ့အကြုံမရှိတဲ့ တပည့်ရင်း ၇ ယောက် ရွေးပြီး သူ့နောက် လိုက်ခိုင်းလိုက်... သူတို့က မူလအားဖြည့်နယ်ပယ် တတိယအဆင့် ရှိရမယ်..."
ကျန်းယွီချွန်း မျက်လုံးများ ပြူးကျယ်သွားသည်။ သူ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် စကားလုံးတစ်လုံးတည်းသာ ပြောနိုင်တော့သည်။
"ဟုတ်ကဲ့..."
လီစစ်ဖုန်းက ကျန်းယွီချွန်းကို ဂုဏ်ယူစွာ ကြည့်လိုက်ပြီး လီချင်းချိုးကို ကတိပေးလိုက်သည်က….
"ဒီတစ်ခါ ကျွန်တော် လုံးဝ မဆင်မခြင် မလုပ်ပါဘူး... တပည့်တွေကိုလည်း ထိခိုက်မှု မရှိစေရဘူး... ကလဲ့စားချေပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်..."
"ကောင်းပြီ... သွားပြင်ဆင်တော့... မနက်ဖြန် ထွက်ခွာမယ်..."
"ဟုတ်ကဲ့..."
လီစစ်ဖုန်း စိတ်လှုပ်ရှားစွာ ထွက်ခွာသွားတော့မှ ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။
"အစ်ကိုကြီး... အခုအချိန်က တကယ်ပဲ သင့်တော်လို့လား..."
"ချင်းရှောင်ဂိုဏ်းက သင့်တော်တယ်လို့ ထင်တဲ့ အချိန်တိုင်းက သင့်တော်တဲ့ အချိန်ပဲ... စိတ်မပူပါနဲ့... ဖေမိသားစု တစ်ခု ပျောက်သွားတာနဲ့ ကမ္ဘာ့ရေစီးကြောင်းက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး..."
"ဟုတ်လို့လား..."
"သူရဲကောင်းတွေက ဖရိုဖရဲ ကာလမှာ ပေါ်ထွက်လာတာ... သူရဲကောင်းဆိုတာ ဂုဏ်သတင်း လိုအပ်တယ်... တခြား မိသားစုတွေက သူရဲကောင်း ဖန်တီးဖို့ အလုပ်ရှုပ်နေကြတာ... ပျက်စီးပြီးသား ဖေမိသားစုကို ကမ္ဘာ့အာရုံစိုက်မှု ရယူခွင့် ပေးမှာ မဟုတ်ဘူး..."
လီချင်းချိုး၏ စကားကြောင့် ကျန်းယွီချွန်း အမှန်တရားကို သဘောပေါက်သွားပြီဖြစ်သည်။
"ကျင်းဝူအစောင့်တပ်က ဆဌမဂျူနီယာညီလေးရဲ့ တီရွှမ်းဓားကို မျက်စိကျနေမလား... တတိယဂျူနီယာညီလေး ပြောပြချက်အရ ကျင်းဝူအစောင့်တပ်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်တဲ့..."
"ဖြစ်ချင်လည်း ဖြစ်မယ်... မဖြစ်ချင်လည်း မဖြစ်ဘူး... တောင်အောက်ဆင်းရင် အပြောင်းအလဲတွေက အမြဲ ရှိနေမှာပဲ... ကဲ... မင်း ဂိုဏ်းကိစ္စတွေကိုပဲ စဉ်းစားသင့်တယ်... စစ်ဖုန်း ကြီးပြင်းလာပြီပဲ... သူ့ကို ယုံကြည်လိုက်ပါ..."
လီချင်းချိုး၏ အဖြေကြောင့် ကျန်းယွီချွန်း တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်က….
လီစစ်ဖုန်းရဲ့ စိတ်နေသဘောထားနဲ့ဆိုရင် တကယ်ပဲ ယုံကြည်လို့ ရပါ့မလား...
လီချင်းချိုး ယုံကြည်သည်မှာ လီစစ်ဖုန်းကို မဟုတ်ဘဲ တီရွှမ်းဓားထဲရှိ ဓားဝိညာဉ်ဖြစ်ကြောင်း သူ မသိရှာပေ။
ကျန်းယွီချွန်းကလည်း သူ့အကျင့်ဟောင်း ပြန်ပေါ်လာကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ သူသည် ချင်းရှောင်ဂိုဏ်း၏ တာဝန် အားလုံးကို အမြဲတမ်း ယူထား၍ မရသလို မဖြစ်သေးသော ကိစ္စများအတွက် စိုးရိမ်ပူပန်နေ၍လည်း မရပေ။
"ဒီတပည့်တွေကို အာရုံစိုက်ဖို့ မှတ်သားထားလိုက်..."
လီချင်းချိုး၏ စကားကြောင့် ကျန်းယွီချွန်း၏ မျက်နှာထား လေးနက်သွားပြီး စုတ်တံနှင့် စာရွက်ကို အမြန် ယူကာ ချရေးလိုက်သည်။
အစ်ကိုကြီး၏ ဆုံးဖြတ်ချက်ကို ကျန်းယွီချွန်း သံသယ မဝင်ပေ။ အစ်ကိုကြီးတွင် လူအကဲခတ်တတ်သော စွမ်းရည်ရှိသည်ဟု မထင်ဘဲ ကောင်းကင်မျက်လုံး ပွင့်နေသည်ဟုသာ ထင်မြင်မိသည်။
ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက မသေမျိုးဆီကနေ အိပ်မက်ရပြီး လမ်းညွှန်မှုခံယူခဲ့ရတာ ဆိုတော့ နားလည်ပေးလို့ ရပါတယ်...
...
ဆောင်းဦးရာသီ အစောပိုင်း ကာလတွင်…..
တောင်တန်းများကြားတွင် ချူကျင်းက ကုန့်လင်ခန်းမမှ တပည့် ၅ ဦးကို ဦးဆောင်၍ ချင်းရှောင်တောင်ဘက်သို့ ဦးတည်သွားနေသည်။ ကျန်းယွီချွန်း၏ အမိန့်အရ ချင်းရှောင်ဂိုဏ်း အကြောင်း ဖြန့်ဝေရန် ရွာတစ်ရွာသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
"စီနီယာအစ်ကိုချူကျင်း... လက်ရှိ အခြေအနေကို ဘယ်လို မြင်လဲ... ဝေမင်းသား နိုင်မလား..."
သာမန် ရုပ်ရည်ရှိသော လူငယ်လေး တစ်ယောက် ချူကျင်း အနားသို့ အမြန် ရောက်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
သူ့နာမည်က ကျန်းဖိန် ဖြစ်သည်။ ကျန်းယွီချွန်းက သဘောကျသဖြင့် ကုန့်လင်ခန်းမ၏ အဖွဲ့ဝင် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ကျန်းယွီချွန်းနှင့် ဂိုဏ်းချုပ်ပြီးလျှင် တပည့်များက ချူကျင်းကို အလေးစားဆုံး ဖြစ်သည်။
ချူကျင်းက ကမ္ဘာ့ရေးရာများကို နက်နက်ရှိုင်းရှိုင်း နားလည်ပြီး ကြင်နာတတ်သော ပညာရှင် တစ်ဦး ဖြစ်သဖြင့် ကျန်းဖိန်၏စိတ်ထဲ၌ ချုကျင်းနှင့် အတူရှိမှသာ စိတ်သက်သာရာ ရလေ့ ရှိသည်။
"မနိုင်နိုင်ဘူး..."
ချူကျင်းက ထိုသို့ ခပ်ပြတ်ပြတ်ပြတ်ဖြေပြီး ရှေ့ကို စိုက်ကြည့်နေရင်း အတွေးများ လွင့်မျောနေသည်။
"သူ့ကို ထောက်ခံတဲ့လူတွေ အများကြီး ရှိတာ... ဘယ်လိုလုပ် မနိုင်မှာလဲ... ရွာသားတွေတောင် ဝေမင်းသားကို လူကြိုက်များတဲ့ ရွေးချယ်မှုလို့ ချီးကျူးနေကြတာ..."ဟု ကျန်းဖိန် နားမလည်နိုင်စွာ မေးလိုက်သည်။
"ဧကရာဇ်ရော သူ့မိသားစုကြီးတွေရောက သူ့ကို နိုင်ခွင့်ပေးမှာ မဟုတ်ဘူး... သူက ဖရိုဖရဲ ကာလရဲ့ နယ်ရုပ် တစ်ကောင် သက်သက်ပဲ..."
ချူကျင်းက ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်သော်လည်း ကျန်းဖိန်ခင်မျာ အလေးနက် တွေးတောနေမိပြီး ကမ္ဘာလောကကြီး ရှုပ်ထွေးလွန်းသည်ဟု ခံစားလိုက်ရသည်။
သူသည် ချင်းရှောင်ဂိုဏ်းသို့ မဝင်မီက နာမည်ကျော်ကြားလိုပြီး မိသားစုအတွက် ကောင်းမွန်သော ဘဝတစ်ခု ဖန်တီးပေးလိုခဲ့သည်။ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် တပည့်များစွာနှင့် တွေ့ဆုံခဲ့ရသည်။ ထိုတပည့်များက နောက်ခံ အမျိုးမျိုးမှ လာကြသူများဖြစ်ပြီး အချို့မှာ သူ့လိုပင် ကျေးလက်ဒေသမှ ဖြစ်ပြီး အချို့မှာ ကုန်သည် သားသမီးများ ဖြစ်ကာ အချို့မှာ အရာရှိ မိသားစုကြီးများမှ လာကြသည်။
ချင်းရှောင်ဂိုဏ်းရှိ နေ့ရက်တိုင်းက သူ့အမြင်ကို ကျယ်ပြန့်စေပြီး ဂိုဏ်းတူ ညီအစ်ကို မောင်နှမများ၏ သိုင်းလောကနှင့် ကမ္ဘာ့ရေးရာ ဇာတ်လမ်းများမှတစ်ဆင့် လူ့သဘောသဘာဝကို ပိုမို နက်ရှိုင်းစွာ နားလည်လာခဲ့သည်။
ချူကျင်း အတွေးထဲမှ ပြန်လည် နိုးထလာပြီး ကျန်းဖိန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူ မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။
"အရမ်းကြီး မတွေးနဲ့... မိသားစုကြီးတွေ အတွင်းက အာဏာလုပွဲက သဘာဝအရကို အန္တရာယ်များတယ်... မင်းကို ထိခိုက်မှာ မဟုတ်ဘူး... ပုံပြင်တစ်ပုဒ်လိုပဲ သဘောထားလိုက်..."
ကျန်းဖိန်က အရမ်း ရိုးလွန်းတယ်... ကျန်းဖိန်ရဲ့ အပြစ်ကင်းစင်မှုကို သူ မဖျက်ဆီးချင်ဘူး...
နန်းတွင်းရှိ ပူးပေါင်းကြံစည်မှုများနှင့် ညီအစ်ကိုချင်း သတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ရပြီးနောက် ချင်းရှောင်ဂိုဏ်းမှ တပည့်များနှင့် ဆက်ဆံရသည်မှာ အလွန် အေးချမ်းသည်ဟု ခံစားရသည်။ ထို့ကြောင့် လက်ရှိ အခြေအနေကို ပျော်ရွှင်စွာ လက်ခံထားပြီး ချင်းရှောင်ဂိုဏ်းအပေါ် အလွန်အကျွံ လုပ်ကြံကြံစည်မှုများ မရှိပေ။
သေချာတာပေါ့... ချင်းရှောင်ဂိုဏ်းက သူ့အစီအစဉ်ထဲက လက်နက် တစ်ခု ဖြစ်နေတုန်းပဲ... ဒါပေမဲ့ အသုံးပြုဖို့ အချိန်မတန်သေးတာပါ...
"စီနီယာအစ်ကိုချူကျင်း... အနာဂတ်အတွက် စီနီယာအစ်ကိုရဲ့ ရည်မှန်းချက်က ဘာလဲ..."
ကျန်းဖိန်က ချူကျင်းနှင့် ယှဉ်တွဲ လျှောက်ရင်း မော့ကြည့်ကာ မေးလိုက်ပြန်သည်။
"နိုင်ငံတော် စာမေးပွဲ အောင်ပြီး ပြည်သူတွေအတွက် တစ်ခုခု လုပ်ပေးနိုင်မလားဆိုတာ ကြည့်ချင်တယ်... မင်းကရော..."
"ကျွန်တော် ချင်းရှောင်ဂိုဏ်းကို လာတာ သိုင်းပညာ သင်ပြီး အနာဂတ်မှာ လစာကောင်းတဲ့ အလုပ်တစ်ခု ရှာဖို့ပါပဲ... အခုတော့ တပည့်ရင်း ဖြစ်ချင်တယ်... တပည့်ရင်းရဲ့ လစဉ် လစာက အရာရှိ တစ်ယောက်ထက် ပိုများတယ်... ကျွန်တော် ဘယ်တော့လောက်မှ တပည့်ရင်း ဖြစ်လာမလဲ မသိဘူး..."
ဤသို့အစချီ၍ သူ့မိသားစုအကြောင်း တတွတ်တွတ် ပြောပြနေလေတော့သည်။
ချူကျင်းက အာရုံစိုက် နားထောင်နေပြီး ကျန်းဖိန် တပည့်ရင်း ဖြစ်လာရန် မဖြစ်နိုင်လောက်ဘူးလို့ ခန့်မှန်းလိုက်လေသည
ချင်းရှောင်ဂိုဏ်း၏ တပည့်ရင်း အစီအစဉ်က သတ်မှတ်ချက်များကို ဆက်လက် မြှင့်တင်နေမည် ဖြစ်ပြီး ကျန်းဖိန်၏ လက်ရှိ ပါရမီနှင့် ဆိုလျှင် ထိုတိုးမြှင့်မှုနှုန်းကို လိုက်မီရန် ခက်ခဲပေလိမ့်မည်။
ထိုအချိန်မှာပင် ချူကျင်း ခြေလှမ်း ရပ်တန့်လိုက်သဖြင့် ကျန်းဖိန် သူ့အကြည့်နောက် လိုက်ကြည့်လိုက်ရာ ရှေ့ရှိ တောင်ကုန်းပေါ်တွင် ကောက်ရိုးခမောက် ဆောင်းထားပြီး ဓားအိမ်ကို ကိုင်ဆောင်ထားကာ ကျန်းဟူ ခရီးသွား တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သူတယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအဖြစ်ကို မြင်သောအခါ ကျန်းဖိန် တိတ်တဆိတ် ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။
နောက်မှ ပါလာသော တပည့် ၄ ဦးကတော့ ထိုအဖြစ်ကို မြင်သောအခါ ခြေလှမ်း အရှိန်မြှင့်ပြီး ရှေ့သို့ တက်လာကြသည်။
...
တောင်ပေါ်ရှိ မြက်ခင်းပြင် တစ်ခုတွင် လီရန်က ငွေရောင်လှံကို ကိုင်ထားပြီး မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် လီချင်းချိုးကို ကြည့်နေကာ ကျောက်ကျိန်းလည်း သူ့ဘေးတွင် ရပ်နေသည်။
ယနေ့ ယွမ်ချီက သူ့ကို ရှာတွေ့ပြီး ဂိုဏ်းချုပ်က ကျင့်ကြံမှုနှင့်ပတ်သတ်ပြီး လမ်းညွှန်ပေးချင်သည်ဟု ပြောသဖြင့် သူ အလွန် ပျော်ရွှင်နေသည်။
လီရန်သည်လည်း မကြာသေးမီကမှ အဆင့်တက်ထားပြီး မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်နှင့် ကောင်းကင်လျှပ်စီးခြေလှမ်း တို့ကို ကျွမ်းကျင်ပိုင်နိုင်ထားရာ လီချင်းချိုး၏ ညွှန်ကြားမှုကို မျှော်လင့်စောင့်စားနေသည်။
လီချင်းချိုးကတော့ သူတို့ကို ကျောခိုင်းထားပြီး အဝေးကို ငေးကြည့်နေသည်။
"ဒီမှာပဲ လုပ်ကြတာပေါ့... ကျိန်းအာ... သူ့ကို နတ်နဂါးအသွင်ပြောင်းခြင်း သင်ပေးလိုက်... မင်းရဲ့ သင်ကြားနိုင်စွမ်းကို ငါ ကြည့်ချင်တယ်..."
"ဟုတ်ကဲ..."
ကျောက်ကျိန်း လီရန်အနားသို့ လျှောက်သွားလိုက်တော့ လီရန် ကြောင်သွားပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။
"သူ့ကို သင်ခိုင်းမှာလား..."
ကျောက်ကျိန်းက သူ့ကို စိုက်ကြည့်ပြီး….
"ကျွန်တော့်ကို လျှော့မတွက်နဲ့... ကျွန်တော်က မကြာခင် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် ရောက်တော့မှာ... ဒီ နတ်နဂါးအသွင်ပြောင်းခြင်းကို အများကြီး မွမ်းမံထားတယ်... ခင်ဗျားသာ ကျွမ်းကျင်သွားရင် ကျန်းဟူလောကကို လွှမ်းမိုးဖို့ လုံလောက်တယ်..."
ကျောက်ကျိန်းက အိမ်ရှေ့စံ၏ သားဖြစ်ကြောင်း လီရန် မသိသော်လည်း ရွှီနင်းထက်ပင် ပိုမို စွမ်းအားကြီးသော ပါရမီရှင်ဟု ချီးကျူးခံရသည့် ကျောက်ကျိန်း၏နာမည်ကို သူ ရင်းနှီးသည်။
ကျောက်ကျိန်း၏ မကြာခင် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် ရောက်တော့မည်ဟူသော စကားကို ကြားလိုက်ရသဖြင့် လီရန် အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
အသက် ၈ နှစ်နဲ့ ကောင်းကင်ကို ဆန့်ကျင်နေတာလား...
"ဒါဆို နတ်နဂါးအသွင်ပြောင်းခြင်း ကို ွ သရုပ်ပြနိုင်မလား..."
နတ်နဂါးအသွင်ပြောင်းခြင်းဆိုတာ နာမည်ကတော့ တော်တော် ဆန်းကြယ်သား...
ကျောက်ကျိန်းက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် အတွင်းအားများကို လှည့်ပတ်လိုက်သည်။ မူလချီ လည်ပတ်လိုက်သည်နှင့်အမျှ စွမ်းအင်များ သူ့ခြေရင်းမှ မြင့်တက်လာပြီး မြက်ပင်စများကို လွင့်ပျံစေကာ လီရန်၏ ဝတ်ရုံများကို တဖျပ်ဖျပ် လွင့်သွားစေသည်။
လီရန် မျက်မှောင်ကြုံ့လိုက်ပြီး ဤသိုင်းကွက်က ရိုးရှင်းခြင်း မရှိကြောင်း အာရုံခံမိလိုက်ပြီ ဖြစ်သည်။
ကျောက်ကျိန်း လေထဲသို့ ခုန်တက်လိုက်ရာ သူ့စွမ်းအင်များ ပတ်လည်တွင် ဝဲပျံနေပြီး ရွှေရောင်နဂါး ခန္ဓာကိုယ်တစ်ခုအဖြစ် ပေါင်းစည်းသွားကာ သူ့အသားအရေပေါ်တွင် ကပ်ငြိသွားသည်။
၎င်းသည် ငါးကျန်းခန့် (၁၆ ပေခန့်) ရှည်လျားသော ရွှေရောင်နဂါး တစ်ကောင် ဖြစ်ပြီး ခမ်းနားထည်ဝါကာ စွမ်းအားကြီးမားပြီး ရွှေရောင် အလင်းတန်းများ တောက်ပနေသဖြင့် လီရန် စကားမပြောနိုင် ဖြစ်သွားသည်။
ဒါက... သိုင်းပညာလား...
ကျောက်ကျိန်းက လီရန်၏ထိတ်လန့်နေသောအမူအရာကို အလွန် ကျေနပ်သွားပြီး ဂုဏ်ယူစွာ ပြုံးလိုက်ကာ ရွှေနဂါးကို ရှေ့ဆက်တိုးရန် ထိန်းချုပ်လိုက်သည်။
ရွှေနဂါးကြီးက မြက်ခင်းပြင်ပေါ်တွင် ရွှေရောင် လျှပ်စီးအလား လျင်မြန်စွာ ရွေ့လျားသွားပြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြက်ပင်များ ပေါက်ကွဲထွက်သွားကာ နဂါးဟိန်းသံများ ဆက်တိုက် ပဲ့တင်ထပ်နေသည်။ ထို့နောက် လီရန်ကို တစ်ပတ် ပတ်လိုက်ရာ ဖုန်မှုန့်များ လွင့်ပျံလာသည်။
လီရန် ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး ရုတ်တရက် သူ့ရှေ့မှ ဖုန်မှုန့်များ ကွဲထွက်သွားကာ ရွှေနဂါး တစ်ကောင် ထွက်ပေါ်လာပြီး သူ့ထံသို့ ပြေးဝင်လာနေသည်ကိုမြင်လိုက်ရသည်။ နဂါးလက်သည်းများက သူ့ခေါင်းထက် ကြီးမားပြီး သူ့မျက်နှာနှင့် ၃၀ စင်တီမီတာ (တစ်ပေ) အကွာလောက်တွင် ရှိနေသဖြင့် သူ့ဆံပင်ရှည်များကို နောက်သို့ လွင့်သွားစေသည်။
ရုတ်တရက် ဖြစ်ရပ်ကြောင့် လီရန် လန့်ဖျပ်သွားပြီး သူ့နဂါးဝိညာဉ်ကို ထုတ်သုံးလုနီးပါး ဖြစ်သွားသည်။
သို့သော်လည်း အင်မော်တယ်တစ်ပါးနှင့် တူသော ရွှေနဂါးအတွင်းရှိ ကျောက်ကျိန်းကို မြင်လိုက်ရပြီး သူ့မျက်လုံးများ ချက်ချင်း တောက်လောင်လာသည်။
တကယ် စွမ်းအားကြီးတဲ့ သိုင်းကွက်ပဲ...
သူ သင်ချင်တယ်!