← Chapters

ဂိုဏ်းချုပ်၏ ထူးခြားသော စွမ်းရည်များ

Vol. 11 Ch. 109

ဂိုဏ်းချုပ်၏ ထူးခြားသော စွမ်းရည်များ

Vol. 11 Ch. 109

ညနေစောင်းချိန်တွင် ကျောက်ကျိန်းနှင့်အတူ လီချင်းချိုးလည်း လင်းရှောင်ခြံဝင်းသို့ ပြန်လာခဲ့သည်။ ကျောက်ကျိန်းကတော့ သူ့ဘေးမှ လိုက်ပါလာရင်း စကားမပီကလာ စကားဖောင်ဖွဲ့နေရှာသည်။ ယနေ့တွင် လီရန်ကို နတ်နဂါးအသွင်ပြောင်းခြင်း ပညာသင်ကြားပေးခဲ့ရာ အလွန် ချောမွေ့ခဲ့သဖြင့် ကျောက်ကျိန်း အလွန် ဂုဏ်ဆာနေသည်။

သို့သော် လီချင်းချိုး၏ အမြင်တွင် ကျောက်ကျိန်း သင်ပေးတာ ကောင်းလို့ မဟုတ်ဘဲ လီရန်၏ ဉာဏ်ပညာ မြင့်မားလွန်းသောကြောင့် ဖြစ်သည်။

ဒါဟာလည်း နဂါးဝိညာဉ်၏ လွှမ်းမိုးမှုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပြီး လီရန်က နတ်နဂါးအသွင်ပြောင်းခြင်း ပညာကို ကျင့်ကြံရန် အလွန် သင့်တော်တာကြောင့်လည်းဖြစ်နိုင်သည်။

ကျန်းယွီချွန်းက ခြံဝင်းထဲတွင်ထိုင်နေပြီး သူတို့ကို စောင့်ဆိုင်းနေသည်။ ကျောက်ကျိန်း သူ့ကို တွေ့သောအခါ သူတို့ စကားပြောတာကို မနှောင့်ယှက်လိုသဖြင့် ချက်ချင်း ထွက်ခွာသွားသည်။

"ဒီနေ့ တောင်ခြေမှာ တပည့် ၅ ယောက် တိုက်ခိုက်ခံလိုက်ရတယ်... ကံကောင်းလို့ ရန်သူကို ဖမ်းမိလိုက်ပေမဲ့ တောင်ပေါ်ခေါ်လာတဲ့ လမ်းမှာ အဆိပ်သောက်ပြီး သတ်သေသွားလို့ သဲလွန်စ ပျောက်သွားတယ်..."

ထိုကဲ့သို့သော အခြေအနေများကို ရှောင်လွှဲမရနိုင်မှန်း သိသော်လည်း ဖြစ်ပျက်တိုင်းက ကျန်းယွီချွန်းကို အလွန် စိုးရိမ်ပူပန်စေသည်။

"အလောင်းကို သယ်လာခဲ့... ငါ ကြည့်ချင်တယ်..."

ကျန်းယွီချွန်း ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ထွက်သွားလေသည်။

လီချင်းချိုးက စားပွဲရှည်တွင် ဝင်ထိုင်လိုက်ပြီး တာအိုမျိုးဆက်စနစ်ကို ဖွင့်ကာ ပုံမှန်အတိုင်း စစ်ဆေးကြည့်ရှုလိုက်သည်။

နေ့တိုင်း တပည့်သစ်များ တိုးပွားနေသဖြင့် တပည့်သစ်များကို စစ်ဆေးသည့်အပြင် တပည့်ပုံရိပ်များ ပျောက်ဆုံးသွားခြင်း ရှိမရှိကိုပါ စစ်ဆေးလေ့ ရှိသည်။

ခဏကြာ စောင့်ဆိုင်းပြီးနောက် ကျန်းယွီချွန်း ဦးဆောင်သော အဖွဲ့ ခြံဝင်းထဲသို့ ဝင်ရောက်လာပြီး ကုန့်လင်ခန်းမမှ တပည့်နှစ်ဦးက ထမ်းစင်ကို သယ်ဆောင်လာကြသည်။ ထမ်းစင်ပေါ်ရှိ အလောင်းကို အဖြူရောင် အဝတ်ဖြင့် ဖုံးအုပ်ထားသည်။

လီချင်းချိုး ခေါင်းလှည့်ကြည့်လိုက်ရာ အလောင်းအပေါ်တွင် ဝဲပျံနေသော ဝိညာဉ်ကို တွေ့လိုက်ရသည်။

လူတစ်ယောက် သေဆုံးပြီးနောက် ထိုဝိညာဉ်သည် သံသရာထဲသို့ မဝင်ရောက်မီ ခုနစ်ရက် စောင့်ဆိုင်းရသည်။

တပည့်နှစ်ဦး ထမ်းစင်ကို ချလိုက်ပြီးနောက် လီချင်းချိုး မတ်တတ်ရပ်ကာ အလောင်းနားသို့ လျှောက်သွားလိုက်ပြီး ဝိညာဉ်ချုပ်ကျိန်စာကို ချက်ချင်း အသုံးပြုလိုက်ရာ သူ့မျက်လုံးများ ခရမ်းရောင် ပြောင်းလဲသွားသည်။

ဒီတစ်ခါတော့ တပည့်နှစ်ဦးသာမက ကျန်းယွီချွန်းပါ အံ့အားသင့်သွားကြသည်။

လီချင်းချိုးကလည်း ဝိညာဉ်ချုပ်ကျိန်စာကို တမင်တကာ ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ ယခင်က ချင်းရှောင်ဂိုဏ်း အင်အားမကြီးသေးကြောင်း ခံစားရသဖြင့် ဖုံးကွယ်ထားခဲ့ပြီး ဝိညာဉ်ဂါထာ တစ်ခုတည်းသာ တတ်မြောက်သည်ဟု ထင်စေခဲ့သည်။

ယခု အခြေအနေ ကွာခြားသွားပြီ… ချင်းရှောင်ဂိုဏ်းက ပိုမို အင်အားကြီးမားလာပြီး သူသည်လည်း လူသားတစ္ဆေနတ်ဘုရား ကံကြမ္မာကို ရရှိထားသည်။ အားလပ်ချိန်များတွင် သူပိုင်ဆိုင်သော ဝိညာဉ်အမျိုးအစား ဂါထာများကိုပင် ဖန်တီးခဲ့သေးသည်။

အချက်အလက် တစ်ခုကို ချင်းရှောင်ဂိုဏ်းသားများ ဖြည်းဖြည်းချင်း သတိပြုမိလာစေရန် ရည်ရွယ်ထားပြီး ထိုမှတဆင့် တပည့်များ၏ စိတ်နေသဘောထားကို ပြောင်းလဲစေလိုသည်။

ချင်းရှောင်ဂိုဏ်းဆိုတာ သိုင်းဂိုဏ်း တစ်ခု မဟုတ်ဘူး... အင်မော်တယ်ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု...

သူသည် တပည့်များ၏ ရည်မှန်းချက်ကို ဂုဏ်ဒြပ်နှင့် စည်းစိမ်ဥစ္စာမှ အင်မော်တယ်လမ်းစဉ်သို့ ပြောင်းလဲစေလိုပြီး ထိုမှသာ သူတို့၏ စိတ်နှလုံးသားက ချင်းရှောင်ဂိုဏ်းနှင့် အမြဲတမ်း ရှိနေမည် ဖြစ်သည်။

သေချာတာပေါ့... ဒီလုပ်ငန်းစဉ်က အရမ်း မြန်ဆန်လို့ မရဘူး... တစ်ဆင့်ချင်း သွားရမယ်...

သစ္စာရှိမှု အဆင့် ၉၀ ကျော်တဲ့ ကုန့်လင်ခန်းမက တပည့်တွေလိုမျိုး သစ္စာရှိသူတွေကို အရင်ဆုံး ထုတ်ပြရမယ်…

လီချင်းချိုး၏ မျက်လုံးများကို စိုက်ကြည့်ရင်း ကျန်းယွီချွန်း၏ စိတ်ထဲတွင် ဗောင်းဆန်နေသည်။ အင်မော်တယ်တပါးထံမှ လီချင်းချိုး အိပ်မက်ရရှိခဲ့သည်ဟု သူ ယုံကြည်ထားသော်လည်း မျက်လုံးများ၏ ထူးခြားသော ပြောင်းလဲမှုက သူ့ကို ထိတ်လန့်သွားစေသည်။

ဤသည်မှာ မသိနားမလည်သော အရာအပေါ် လူသားတို့၏ ပင်ကိုယ် ကြောက်ရွံ့မှု ဖြစ်သည်။

ကုန့်လင်ခန်းမမှ တပည့်နှစ်ဦးလည်း ခေတ္တမျှ အံ့သြသွားပြီးနောက် လီချင်းချိုးကို ပြင်းပြသော စိတ်ဆန္ဒများဖြင့် ကြည့်လိုက်ကြသည်။

ဂိုဏ်းချုပ်က မသေမျိုးထံမှ အိပ်မက်ရရှိခဲ့သည် ဆိုသော ဒဏ္ဍာရီမှာ ဂိုဏ်းအတွင်း ပျံ့နှံ့နေသည်မှာ ကြာပြီ ဖြစ်သည်။ တပည့်အများအပြားက ထိုကောလဟာလကို မယုံကြည်ကြသော်လည်း အချို့ကတော့ ယုံကြည်ကြသည်။ ဂိုဏ်းချုပ်၏ စွမ်းအားနှင့် လုပ်ရပ်များက ထိုဒဏ္ဍာရီ မှန်ကန်နိုင်ကြောင်း အမြဲ သက်သေပြနေသည်။

ယခု ဂိုဏ်းချုပ်ကို ကြည့်ပြီးနောက် ဤအရာက သိုင်းပညာ မဟုတ်ကြောင်း သူတို့ သေချာသွားကြသည်။

မကြာမီ လီချင်းချိုး၏ မျက်လုံးများ ပုံမှန် ပြန်ဖြစ်သွားပြီး ခရမ်းရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်။

"ဒီလူက ထိုက်ဝူဂိုဏ်းကလာတာ... ငါတို့ရဲ့ ဟွမ်ယွမ်ကျမ်းစာကို လိုချင်လို့ ရောက်လာတာပဲ..."

ထိုက်ဝူဂိုဏ်းဆိုသော အမည်ကို ကြားလိုက်ရသဖြင့် ကျန်းယွီချွန်း ချက်ချင်း မျက်မှောင်ကြုတ်မိလိုက်သည်။

ထိုက်ဝူဂိုဏ်းသည် မူလတည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းအနက်တစ်ခု ဖြစ်ပြီး ကုကျိုးစီရင်စုတွင် ယခင်က ကျော်ကြားခဲ့သော ဂိုဏ်းကြီး ၇ ဂိုဏ်းထက် များစွာ သာလွန်သော စစ်မှန်သည့် ဂိုဏ်းကြီး ဖြစ်သည်။

ထိုအခါ တပည့်တစ်ဦးက မနေနိုင်ဘဲ မေးလိုက်လေတော့သည်။

"ဂိုဏ်းချုပ်... သူ့ရဲ့ နောက်ခံနဲ့ ရည်ရွယ်ချက်ကို ဘယ်လို သိတာလဲ... ခုနက ဂိုဏ်းချုပ်ရဲ့ မျက်လုံးတွေက..."

လီချင်းချိုးက ပြုံးလိုက်ပြီး….

"ငါ့မျက်လုံးတွေက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်တယ်... ဒါက မှော်ပညာ တစ်မျိုးပဲ... တစ်နေ့ကျရင် ငါ ဒီပညာကို မင်းတို့နဲ့ တခြားတပည့်တွေကို လက်ဆင့်ကမ်းပေးမယ်... ဒါပေမဲ့ အဲဒီအချိန် မရောက်ခင် ငါ့အတွက် လျှို့ဝှက်ထားပေးနိုင်မလား..."

ကုန့်လင်ခန်းမမှ တပည့်နှစ်ဦး အလွန် စိတ်လှုပ်ရှားသွားကြပြီး ထုတ်မပြောပါဘူးဟု အမြန် ကတိပေးလိုက်ကြသည်။

ကျန်းယွီချွန်းစိတ်ထဲ၌ လီချင်းချိုး၏ ရည်ရွယ်ချက်ကို တွေးတောနေမိသည်။ အစ်ကိုကြီး ဂိုဏ်းချုပ် ဖြစ်လာကတည်းက သူ လုပ်သမျှ အရာတိုင်းတွင် ရည်ရွယ်ချက် ရှိသည်။ သူသည် အစ်ကိုကြီးထံမှ သင်ယူရန် ကြိုးစားနေသော်လည်း အစ်ကိုကြီးကို ဘယ်တော့မှ ဖောက်ထွင်းမမြင်နိုင်ပေ။

"ကောင်းပြီ... အလောင်းကို သယ်သွားပြီး မြှုပ်နှံဖို့ နေရာရှာလိုက်..."

လီချင်းချိုး ညွှန်ကြားလိုက်ရာ ကုန့်လင်ခန်းမမှ တပည့်နှစ်ဦး ချက်ချင်း ဦးညွှတ်ပြီး အလောင်းနှင့်အတူ ထွက်ခွာသွားကြသည်။

ထိုအခါမှသာ ကျန်းယွီချွန်းက….

"အစ်ကိုကြီး... လူလွှတ်ပြီး ထိုက်ဝူဂိုဏ်းကို သွားရှင်းခိုင်းဖို့ မစဉ်းစားထားဘူး မဟုတ်လား..."

"မင်းအစ်ကိုကြီးကို လူသတ်စက်ရုပ်လို့ ထင်နေတာလား... အနာဂတ်မှာ ဒီလိုကိစ္စမျိုးတွေက ရှောင်လွှဲလို့ မရဘူး... ဟွမ်ယွမ်ကျမ်းစာကို လိုချင်တဲ့လူတွေ အမြဲ ရှိနေမှာပဲ... ဟွမ်ယွမ်ကျမ်းစာ မပေါက်ကြားအောင် ဘယ်လို ကာကွယ်မလဲဆိုတာ မင်း စဉ်းစားရမယ့် အလုပ်ပဲ..."

ပြောပြီးသည်နှင့် လီချင်းချိုး စားပွဲရှည်ဆီသို့ ပြန်သွားပြီး ထိုင်လိုက်သည်။

ချင်းရှောင်ဂိုဏ်းက လက်ရှိတွင် ပေါ်ပေါ်ထင်ထင်ရော တိတ်တဆိတ်ပါ ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရပြီး အင်အားစု အသီးသီးကလည်း စောင့်ကြည့်နေကြသည်။ ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်မှု မရှိသရွေ့ လီချင်းချိုး ပျင်းရိနေပြီး အခြား ခန်းမသခင်များကို ကိုင်တွယ်ဖြေရှင်းစေသည်။ ဤသည်မှာ သူတို့၏ အရည်အချင်းကို သွေးပေးရာ ရောက်သော အခွင့်အရေး တစ်ခုလည်း ဖြစ်သည်။

ကျန်းယွီချွန်းကလည်း အပြုံးတစ်ခုဖြင့် လီချင်းချိုးကို ကြည့်လိုက်သည်။ ဒီတစ်ခါတော့ အစ်ကိုကြီး၏ ရည်ရွယ်ချက်ကို သူ ရိပ်မိလိုက်ပြီ။ ယုံကြည်ခံရသဖြင့် စိတ်လှုပ်ရှားမိသလို မိမိကိုယ်ကို သက်သေပြရန်လည်း စိတ်အားထက်သန်နေမိသည်။

"ဒါနဲ့... အဲ့လူကို ဖမ်းမိခဲ့တဲ့ တပည့် ၆ ယောက်ကို ဆုချရမယ်... ဒါပေမဲ့ ဘယ်လို ဆုချမလဲ ဆိုတာ မင်းပဲ ဆုံးဖြတ်လိုက်..."

လီချင်းချိုး ရုတ်တရက် မော့ကြည့်ပြီး ပြောလိုက်ရာ ကျန်းယွီချွန်း မျက်မှောင်ကြုတ်သွားသည်။

ဆုချီးမြှင့်ရတာ နည်းနည်း ခက်ခဲမယ်လို့ သူ ခံစားလိုက်ရတယ်... ဘာလို့လဲဆိုတော့ အဲဒီတပည့် ၆ ယောက်ထဲက တစ်ယောက်က ချူကျင်း ဖြစ်နေလို့ပဲ...

…….

ပုန်ကန်မှုက တောမီးအလား ပျံ့နှံ့သွားပြီး ထိုပုန်ကန်မှုကို ဝေမင်းသား ကျောက်ချီက ဦးဆောင်နေသည်။ ကျူကျိုးဒေသ အသီးသီးတွင် ဥပဒေမဲ့သူများ ထကြွလာကြပြီး မိသားစုကြီးများကသာ အာဏာသိမ်းပိုက်ထားကြသည်။

စက်တင်ဘာလ ကုန်ပိုင်းတွင် ကုကျိုးစီရင်စု၌ ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်ခဲ့သည်။

မြို့စားမင်းအိမ်တော် အတွင်း၌…..

မြို့စားမင်း ဖန်ရှီးက ခန်းမထဲတွင် ထိုင်နေပြီး မျက်နှာ မည်းမှောင်နေကာ လက်ဖက်ရည်ခွက် ကိုင်ထားသော လက်များ တုန်ရီနေသည်။

ဝုန်း...

ခြံဝင်းထဲမှ တံခါးကို ကန်ဖွင့်သံ ထွက်ပေါ်လာပြီးနောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ဖန်ရှီး လန့်ဖျပ်သွားသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ ဓားကိုင်ထားသော အနက်ရောင် ဝတ်စုံနှင့် လူများ ခြံဝင်းထဲသို့ ဝင်ရောက်လာပြီး ခန်းမမကြီးဆီသို့ လျင်မြန်စွာ ရောက်ရှိလာကာ တံခါးဝတွင် စောင့်ကြပ်လိုက်ကြသည်ကို တွေ့လိုက်ရသည်။

ထို့နောက် အဝါရောင် ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦး ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသည်ကို တွေ့လိုက်ရသည်။ အဘိုးအိုကို မြင်သောအခါ ဖန်ရှီး မျက်မှောင်ကြုတ်သွားပြီး အံကြိတ်ကာ အော်ဟစ်လိုက်လေသည်။

"ချင်မန်... ခင်ဗျားပဲ... ခင်ဗျား ကျန်းယန်ကို လာဘ်ထိုးလိုက်တာလား..."

ချင်မန်ဟုခေါ်သော အဝါရောင် ဝတ်စုံနှင့် အဘိုးအိုက ပြုံးလိုက်ပြီး …

"မြို့စားမင်းဖန်... ခင်ဗျားက မာနကြီးပြီး ငွေမမက်ပေမဲ့ ငွေမက်တဲ့လူတွေ အမြဲ ရှိနေတာပဲ... သေချာတာပေါ့... သူတို့က ခင်ဗျားထက် ပိုပါးနပ်တယ်... ဖရိုဖရဲ ကာလရောက်လာတော့မယ် ဆိုတာ သူတို့ သိကြပြီး ကိုယ့်စည်းစိမ်ကို တည်ဆောက်ဖို့ လိုတယ်လေ... ခင်ဗျားကျတော့ ဘယ်ကမှန်းမသိ ရောက်လာတယ်... အရင်းအမြစ် မလုံလောက်ဘူး... ငွေမရှိဘူး... တပ်မရှိဘူး... ဒီရာထူးမှာ ထိုင်နေရတာ သက်တောင့်သက်သာ ရှိရဲ့လား..."

ဖန်ရှီးက အသက်ပြင်းပြင်း ရှူလိုက်ပြီး….

"ဖရိုဖရဲ ကာလ ရောက်လာမယ်လို့ ခင်ဗျား ဘယ်လို သေချာနေတာလဲ... တကယ်လို့ ဧကရာဇ်က နေရာအနှံ့က ပုန်ကန်မှုတွေကို နှိမ်နင်းလိုက်ရင် ခင်ဗျားတို့ ချင်မိသားစု ပြန်လှည့်ဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး..."

ချင်မန် လက်မြှောက်လိုက်ရာ ဓားရှည်ကိုင်ဆောင်ထားသော အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် ဝင်လာပြီး ဖန်ရှီးအနားသို့ တိုးကပ်သွားသည်။

"ငါလည်း မသေချာပါဘူး... ဒါပေမဲ့ ဒါက ရှားပါးတဲ့ အခွင့်အရေး ဆိုတာတော့ သိတယ်... အပေါ်တက်ချင်ရင် သတ္တိရှိရမယ်... မြို့စားမင်းဖန်... ခင်ဗျားမှာ မှာစရာ စကား မရှိတော့ဘူး ဆိုတော့ သေလိုက်ပါတော့..."

ချင်မန်က လှောင်ပြောင်လိုက်ပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ဖန်ရှီး မျှော်လင့်ချက်မဲ့နေချေပြီ။ သူ့အဖြစ်က သိုင်းပညာ မတတ်သဖြင့် မြို့စားမင်းအိမ်တော်ထဲမှ လွတ်မြောက်ရန် လမ်းမရှိတော့ပေ။

"ဒါနဲ့... ချင်းရှောင်ဂိုဏ်းချုပ်ကို လုပ်ကြံဖို့ လူငှားခဲ့တဲ့ ကိစ္စကို ဒီနေ့မှ ဖြေရှင်းလိုက်ရတယ်လို့ ချင်းရှောင်ဂိုဏ်း ခေါင်းဆောင် ကျန်းယွီချွန်းက ခင်ဗျားကို ပြောခိုင်းလိုက်တယ်..."

ချင်မန်က တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ ပြုံးစစဖြင့် ပြောလိုက်သဖြင့် ဖန်ရှီး မျက်လုံးများ ပြူးကျယ်သွားသည်။ သို့သော် သူ စကားမပြောနိုင်ခင် အနက်ရောင် ဝတ်စုံနှင့် လူတယောက် သူ့ထံ ပြေးဝင်လာသည်။

ရွှပ်...

နံရံပေါ်ရှိ ပန်းချီကားများပေါ်သို့ သွေးများ စင်သွားပြီးနောက် တံခါးအပြင်ဘက်တွင် အလင်းနှင့် အရိပ်များ ရွေ့လျားသွားပြီး မိုးခြိမ်းသံများ မြည်ဟည်းနေသည်။

အဝေးရှိ ခေါင်မိုးပေါ်တွင် အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားပြီး နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသော လူတစ်ယောက် သူ့ကို စိုက်ကြည့်နေသည်ကို ချင်မန် သတိမထားမိပေ။

ထိုသူကား လျှို့ဝှက်မြို့စားမင်းဆိုသူပင် ဖြစ်သည်။

လိမ့်တက်လာသော မိုးတိမ်တိုက်များ အောက်တွင် လျှို့ဝှက်မြို့စားမင်း၏ နတ်ဆိုးမျက်နှာဖုံးမှ အေးစက်သော အလင်းရောင် ပြန်ဟပ်နေပြီး သူ့မျက်လုံးများက အလွန်အမင်း ဂရုမစိုက်ဟန် ပေါ်နေသည်။ ချင်မန် လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် လျှို့ဝှက်မြို့စားမင်း၏ ပုံရိပ် ခေါင်မိုးပေါ်မှ လေထဲတွင် ပျောက်ကွယ်သွားသည်။

...

လင်းရှောင်ခြံဝင်း အတွင်း၌ လီချင်းချိုး စားပွဲရှည်တွင် ထိုင်ကာ လက်ဖက်ရည် ငှဲ့နေစဉ် ယွမ်ချီက မာယုနှင့် ကျာယီ တို့ကို ခေါ်ဆောင်လာသည်။

လီချင်းချိုးကို မြင်သောအခါ ကျာယီ ချက်ချင်း ခြေလှမ်းသွက်လိုက်ပြီး စားပွဲရှည်ရှေ့တွင် ဒူးထောက်လိုက်လေသည်။

"ဂိုဏ်းချုပ်... ကျွန်တော့်ကို ကယ်ပါဦး... ကျင်းဝူအစောင့်တပ်တွေ ကျွန်တော့်ကို လိုက်ဖမ်းနေကြတယ်... ပြေးစရာ မြေ မရှိတော့ဘူး... ဂိုဏ်းချုပ်ကိုပဲ အားကိုးရတော့မယ်..."

လီချင်းချိုးက သူ့ကို မကြည့်ဘဲ မာယုကိုသာ ကြည့်လိုက်သည်။

မာယုကလည်း နားလည်ပြီး ရှေ့တိုးကာ စာကို ပေးလိုက်သည်။

ယွမ်ချီက ကျာယီကို ကြည့်ပြီး ရင်းနှီးနေသလို ခံစားလိုက်ရသော်လည်း ခြံဝင်းထဲတွင် အချိန်ဆွဲမနေဘဲ တိတ်တဆိတ် ထွက်ခွာသွားသည်။

ကျာယီ ပြန်မထဘဲ နဖူးနှင့် ကြမ်းပြင် ထိသည်အထိ ဦးညွှတ်ထားဆဲပင်…

ဖုန်းသိုက်၏ စာကို ဖတ်ပြီးနောက် ဖုန်းသိုက် အန္တရာယ် မရှိကြောင်း သိလိုက်ရသဖြင့် လီချင်းချိုး ပိုမို ကျေနပ်သွားသည်။

ဒီလူ့မှာ လှည့်ကွက်လေးတွေ ရှိသားပဲ...

စာထဲတွင် ကျန်းယန်မြို့၏ အခြေအနေကိုလည်း ဖော်ပြထားသည်။ကျန်းယန်ဧကရာဇ်မြို့တော်ကို ဧကရာဇ် ပြန်လည် ထိန်းချုပ်ပြီးနောက် ညတိုင်း ကျင်းဝူအစောင့်တပ်များ ကင်းလှည့်နေကြသည်။ သာမန်ပြည်သူများ၏ ကလေးငယ် အများအပြား ပျောက်ဆုံးသွားပြီး အပျိုစင် မိန်းကလေးများပင် အိပ်ခန်းထဲမှ ပျောက်ဆုံးသွားသဖြင့် ဧကရာဇ်မြို့တော်တွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်။ ဖုန်းသိုက်က ဧကရာဇ်နှင့် သက်ဆိုင်သည်ဟု ခန့်မှန်းပြီး အရာရှိအဖြစ် နန်းတွင်းသို့ ဝင်ရောက်ရန် နည်းလမ်းရှာနေသည်။

ဖုန်းသိုက်က ကျာယီကို လက်ခံပြီးနောက် ကျင်းဝူအစောင့်တပ်က ကျာယီ၏ ပုံတူပန်းချီကားဖြင့် စုံစမ်းနေကြောင်း သိရှိလိုက်ရသဖြင့် သူ့ကို ထွက်သွားစေရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

စာဖတ်ပြီးနောက် လီချင်းချိုးက မာယုကို လက်ယပ်ခေါ်လိုက်ပြီး ထိုင်၍ လက်ဖက်ရည် သောက်ရန် အချက်ပြလိုက်သည်။

ခဏတာ တွန့်ဆုတ်နေပြီးနောက် မာယု စားပွဲသို့ ရောက်လာပြီး လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။

လီချင်းချိုးက ဒူးထောက်နေသော ကျာယီဘက် လှည့်ကြည့်ပြီး….

"ဒီနှစ်တွေအတွင်း မင်းမှာ ကလေး ရပြီလား..."

ကောင်းကင်ကာကွယ်ရေး အစောင့်တပ် အဆင့်အတန်း ပျောက်ဆုံးသွားပြီးနောက် ကျာယီ၏ တစ်ခုတည်းသော တန်ဖိုးမှာ မသေမျိုးဧကရာဇ်၏ ဘိုးဘေးဟူသော ကံကြမ္မာသာ ဖြစ်သည်။

ကျာယီက မော့ကြည့်လိုက်ပြီး…..

"ဒီနှစ်တွေအတွင်း ကျွန်တော် ကြောက်ရွံ့မှုတွေနဲ့ နေထိုင်ခဲ့ရလို့ ကလေး မယူရဲပါဘူး..."

"အိမ်ထောင်မပြု ကလေးမမွေးရင် မင်းစိတ် ဘယ်လို အေးချမ်းမှာလဲ... ပြီးတော့ ငါကရော မင်းကို ဘယ်လို စိတ်ချရမှာလဲ..."

"ကျွန်တော့် ဇာတိမှာ စီစဉ်ထားတဲ့ လက်ထပ်ပွဲရှိပါတယ်... မိဘတွေကို ကျင်းဝူအစောင့်တပ်တွေ ဒုက္ခမပေးအောင် သွားခေါ်ဖို့ စီစဉ်နေတာပါ... အဲ့အခါကျရင် သေချာပေါက် လက်ထပ်ပြီး မိန်းမကို ချင်းရှောင်ဂိုဏ်းဆီ ပြန်ခေါ်လာပါ့မယ်... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ ဂိုဏ်းချုပ်..."

ကျင်းဝူအစောင့်တပ်၏ ရက်စက်မှုကို မြင်တွေ့ပြီးနောက် သူ အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ချင်းရှောင်ဂိုဏ်းသာလျှင် ဘေးကင်းသည်ဟု ခံစားရပြီး သူကိုယ်တိုင်လည်း ချင်းရှောင်ဂိုဏ်းချုပ်၏ ကျိန်စာသင့်နေသဖြင့် ကျိန်စာဖြေရန် ပုံမှန် လာတွေ့ရမည် ဖြစ်ရာ ကမ္ဘာမြေအဆုံးထိ ထွက်ပြေး၍ မရနိုင်ကြောင်း သိထားသည်။

"ကောင်းပြီ... သွားတော့..."

လီချင်းချိုး ပြောလိုက်ပြီး စကားပြောနေရင်း ငွေအပ်နှစ်ချောင်းကို ပစ်လွှတ်လိုက်ရာ ကျာယီ၏ နဖူးထဲသို့ စိုက်ဝင်သွားသည်။ ကျာယီ ကြောက်လွန်းသဖြင့် မလှုပ်ရဲဘဲ ဖြစ်နေစဉ် ခန္ဓာကိုယ် အနှံ့ အေးမြသော ခံစားမှုတစ်ခု ပျံ့နှံ့သွားသည်။

လီချင်းချိုးက သူ့ကျိန်စာကို သက်သာအောင် လုပ်ပေးနေသည်ဟု ကျာယီ ထင်မှတ်ပြီး ဝမ်းသာသွားသည်။ လီချင်းချိုးက အပ်များကို အဝေးမှ ပြန်လည် ရုပ်သိမ်းလိုက်မှသာ သူ ဒူးထောက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးပြုပြီး စောင့်နေပါ ဂိုဏ်းချုပ်လီ... အများဆုံး ခြောက်လအတွင်း မိသားစုနဲ့အတူ ပြန်လာခဲ့ပါ့မယ်..."

ကျာယီ မတ်တတ်ရပ်လိုက်ပြီး ဦးညွှတ်ကာ အမြန် ထွက်ခွာသွားသည်။

မာယုကတော့ နားမလည်နိုင် ဖြစ်နေသည်။ လီချင်းချိုး ဘာကြောင့် ကျာယီကို အပ်စိုက်ကုပေးသလဲ ဆိုတာ စဉ်းစားမရပေ။ သို့သော် လီချင်းချိုး အပ်များကို အဝေးမှ ပြန်လည် ရုပ်သိမ်းလိုက်သော နည်းစနစ်ကြောင့် အံ့အားသင့်သွားပြီး သင်ယူချင်စိတ် ပေါက်သွားသည်။

လီချင်းချိုးက မာယုကို ကြည့်ပြီး…

"ဖုန်းသိုက်က စာထဲမှာ ခင်ဗျားကို စောင့်ရှောက်ပေးဖို့ ပြောထားတယ်... ချင်းရှောင်ဂိုဏ်းမှာ နေချင်လား..."

ထိုစကားကို ကြားသောအခါ မာယု၏မျက်နှာထား ပြောင်းလဲသွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

"သခင်က ကျွန်တော့်အသက်ကို ကယ်ခဲ့တာ... ဘယ်လိုလုပ် သူ့ကို စွန့်ပစ်ခဲ့ရမှာလဲ... ဂိုဏ်းချုပ်လီရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... နှုတ်ဆက်ပါတယ်..."

ထိုသို့ ပြောပြီးနောက် သူ လက်မြှောက်၍ လီချင်းချိုးကို ဦးညွှတ်ကာ ကျာယီထက်ပင် ပိုမို လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

All Chapters