လျှို့ဝှက်မြို့စားမင်းနှင့် ချူကျင်း
Vol. 11 Ch. 110
ဆောင်းဦးရာသီ ကုန်ဆုံး၍ ဆောင်းရာသီ ရောက်ရှိလာပြီး ကောင်းကင်အနှံ့ နှင်းများ ကျဆင်းနေသည်။
ကျောက်ကမ်းပါးပေါ်တွင် ရပ်ရင်း ခမ်းနားထည်ဝါသော နှင်းရှုခင်းကို လီချင်းချိုး ငုံ့ကြည့်နေသည်။ ဒီနှစ်က သူ့အတွက်တော့ လျင်မြန်စွာ ကုန်ဆုံးသွားသည့်နှစ်တနှစ်ဖြစ်ခဲ့သည်။ နှစ်အစပိုင်းတွင် သူ အဆိုပြုခဲ့သော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း သတ်မှတ်ချိန်ထက် စော၍ ပြီးစီးသွားသဖြင့် အလွန် စိတ်ကျေနပ်နေသည်။ဒါ့ကြောင့်လည်း ဒီနေ့တွင် အထူးတလည် လာရောက်ပြီး ဘာမှမလုပ်ဘဲ နှင်းရှုခင်းကို ခံစားနေခြင်း ဖြစ်သည်။
ကံဆိုးစွာဖြင့် သူ အနားယူချင်လျှင်ပင် တစ်စုံတစ်ယောက်က သူ့ကို လာရှာနေဆဲ ဖြစ်သည်။
ကျူးယန်က ထူထဲသော အဖြူရောင် သားမွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး နောက်ဘက်မှ လျှောက်လာနေသည်။သူမမျက်နှာပေါ်တွင် မိတ်ကပ် အနည်းငယ် လိမ်းခြယ်ထားပြီး ဆံပင်ရှည်များကို ထိပ်တွင် စုစည်းထားကာ လက်နှစ်ဖက်ကို ရှေ့တွင် ယှက်ထားပြီး သိက္ခာရှိသော ကိုယ်ဟန်အနေအထား ရှိနေသည်။
"ဂိုဏ်းချုပ်... ကျွန်မ လူတွေက လျှို့ဝှက်မြို့စားမင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ စုဆောင်းရရှိထားပါတယ်..."
ကျူးယန်က လီချင်းချိုး အနားသို့ ရောက်လာပြီး တိုးတိုးလေး သတင်းပို့လိုက်သည်။
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ လျှို့ဝှက်မြို့စားမင်း အကြောင်း ပြောသည်ကို ကြားပြီးနောက် လီချင်းချိုး ထိုလူအပေါ် စိတ်ဝင်စားသွားပြီး လျှို့ဝှက်မြို့စားမင်းကို စုံစမ်းရန် ကျူးယန်ကို တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
ချင်းရှောင်တောင်ပေါ်တွင် ရှိနေသော်လည်း ကျူးယန်ကတော့ ကမ္ဘာလောကကို စောင့်ကြည့်နိုင်သေးသည်။ ဤသည်မှာ မိသားစုကြီးများ၏ အင်အားပင် ဖြစ်သည်။
"ပြောပြပါဦး..."
လီချင်းချိုးက ကျယ်ပြန့်သော နှင်းပြင်ကြီးကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်တော့ ကျူးယန် သူ့ဘေးသို့ ရောက်လာပြီး….
"လျှို့ဝှက်မြို့စားမင်းက အလွန် လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ပါ... သူ့နာမည်ရင်း၊ ဇာစ်မြစ်နဲ့ နောက်ခံကို မသိရပါဘူး... ဧကရာဇ် နန်းမတက်ခင် ကတည်းက ဧကရာဇ်အတွက် အလုပ်လုပ်ပေးခဲ့သူပါ... ဧကရာဇ်အတွက် ရန်သူအများအပြားကို တိတ်တဆိတ် ရှင်းလင်းပေးခဲ့တယ်လို့ ပြောကြတယ်... အိမ်ရှေ့စံဟောင်း ကျောက်ယန် လေ့ကျင့်ပေးထားတဲ့ သိုင်းလောက ကျွမ်းကျင်သူ အများစုကိုလည်း သူပဲ ကိုင်တွယ်ခဲ့တာ... ကျောက်ကျိ နန်းတက်ပြီးနောက် သူက နာမည်ကို လျှို့ဝှက်မြို့စားမင်းလို့ ပြောင်းလိုက်ပြီး အရိပ်ထဲမှာ ပုန်းအောင်းနေခဲ့တယ်... ကျင်းဝူအစောင့်တပ်က ကျွမ်းကျင်သူ အများစုကို လျှို့ဝှက်မြို့စားမင်း လေ့ကျင့်ပေးထားတာပါ..."
"လျှို့ဝှက်မြို့စားမင်းရဲ့ သိုင်းပညာ စွမ်းရည်က ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပါတယ်... သူ တစ်ယောက်တည်းနဲ့ မူလတည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းကို ဝင်စီးခဲ့ဖူးတယ်... အဲဒီအချိန်ကစပြီး ဂိုဏ်းသုံးဂိုဏ်းစလုံး ကျောက်ကျိကို ဦးညွှတ်ပြီး သူ့နောက်လိုက် ဖြစ်သွားကြတာ..."
"ကျောက်ကျိ နန်းတက်စတုန်းက မြောက်ပိုင်း အရိုင်းအစိုင်း စစ်တပ်က တောင်ဘက်ကို ချီတက်လာပြီး ကျွန်မတို့ စစ်တပ်တွေ တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာခဲ့ရတယ်... နောက်ဆုံးမှာ မြောက်ပိုင်း အရိုင်းအစိုင်း စစ်သူကြီး လုပ်ကြံခံလိုက်ရပြီး စစ်ပွဲအခြေအနေ ပြောင်းလဲသွားတယ်... အဲဒါကို လုပ်ခဲ့တဲ့သူက ဒီလျှို့ဝှက်မြို့စားမင်းပဲလို့ ပြောကြတယ်..."
ကျူးယန်၏ စကားကို ကြားသောအခါ လီချင်းချိုး မနေနိုင်ဘဲ ချူကျင်းကို သတိရလိုက်သည်။
သူက ထူးကဲသော သိုင်းပညာ စွမ်းရည် ပိုင်ဆိုင်ထားတယ်... အသက်ကြီးနေပြီ... ပြီးတော့ နန်းတွင်းမှာ အလုပ်လုပ်တယ်...
ချူကျင်းက လျှို့ဝှက်မြို့စားမင်း မဟုတ်လျှင်ပင် လျှို့ဝှက်မြို့စားမင်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိရပေမည်။
ချူကျင်းသည် သစ္စာဖောက်နှင့် လူဆိုး ဖြစ်ရန် ကံပါလာသူပင် ဖြစ်သည်။
သေချာ စဉ်းစားကြည့်ရင် အဲဒီတုန်းက အိမ်ရှေ့စံ ကျောက်ယန်က လူတိုင်း မျှော်လင့်ထားတဲ့ နောက်ထပ် ဧကရာဇ်လောင်းပဲ... ဒါပေမဲ့ ကျောက်ကျိက ရုတ်တရက် အာဏာရလာတယ်... ဒါ ချူကျင်း နောက်ကွယ်ကနေ ကြိုးကိုင်ပြီး နန်းတွင်းကို ဖရိုဖရဲ ဖြစ်အောင် လုပ်ခဲ့တာများလား...
နတ်ဆိုးဂိုဏ်းကို ချူကျင်း တည်ထောင်ခဲ့တာလည်း ဖြစ်နိုင်တယ်...
အကယ်၍ ထိုသို့သာ ဖြစ်ပါက ချူကျင်း၏ သစ္စာရှိမှု တိုးတက်နေလျှင်ပင် လီချင်းချိုး သူ့ကို သတ်ရပေလိမ့်မည်။
သူသည် တရားမျှတမှုအတွက် ချူကျင်းကို သတ်ခြင်း မဟုတ်ဘဲ ဆရာသခင်နှင့် လင်းချွမ်အတွက် ကလဲ့စားချေခြင်း ဖြစ်သည်။ သူ့ဂျူနီယာညီလေး၊ ညီမလေးများ မိဘမဲ့ ဖြစ်သွားရခြင်းသည်လည်း ချူကျင်းနှင့် သက်ဆိုင်ကောင်း သက်ဆိုင်နိုင်သည်။
"ဒီရှုထောင့်က ကြည့်ရင် ဒီလျှို့ဝှက်မြို့စားမင်းသာ မရှိရင် ဧကရာဇ်ရဲ့ ရာဇပလ္လင် တည်မြဲမှာ မဟုတ်ဘူး... ဧကရာဇ် မသေဆေး လိုက်ရှာနေတာက ဒီလျှို့ဝှက်မြို့စားမင်းနဲ့ ပတ်သက်နေမလား..."
လီချင်းချိုးက မေးလိုက်တော့ ကျူးယန် ပြန်ဖြေလိုက်သည်က…
"မသိပါဘူး... ဒါပေမဲ့ ကျွန်မလူတွေ သိရသလောက်တော့ လျှို့ဝှက်မြို့စားမင်းနဲ့ ဧကရာဇ်က မသေဆေးကိစ္စနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ငြင်းခုံခဲ့ကြတယ်... ကျင်းဝူအစောင့်တပ်က မှော်ဆရာ အများအပြားကို တိတ်တဆိတ် သတ်ဖြတ်ခဲ့လို့ ဧကရာဇ် မကျေမနပ် ဖြစ်ခဲ့တယ်..."
ထိုစကားကို ကြားသောအခါ လီချင်းချိုး တွေးတောနေမိသည်။
လျှို့ဝှက်မြို့စားမင်းက ဧကရာဇ်ရဲ့ မကောင်းမှုတွေနဲ့ တိုက်ရိုက် မပတ်သက်ဘဲ အမိန့်နာခံရုံ သက်သက်များလား...
ဒါလည်း ဖြစ်နိုင်တာပဲ... တကယ်လို့ လျှို့ဝှက်မြို့စားမင်းက ချူကျင်းသာ ဆိုရင် သူ သစ္စာဖောက် ဖြစ်လာရတဲ့ အဓိက ရည်ရွယ်ချက်က ယခင် မင်းဆက်ကို ပြန်လည် အသက်သွင်းဖို့ပဲ...
တကယ်လို့ တာ့လီမင်းဆက်သာ တိုင်းတစ်ပါးသားတွေရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရရင် ချူကျင်းက ဘယ်လိုလုပ်ပြီး တာ့ဝေမင်းဆက်ကို ပြန်လည် အသက်သွင်းနိုင်မှာလဲ...
သေချာတာပေါ့... ဒါတွေ အားလုံးက ထင်ကြေးတွေပဲ... ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ လိုအပ်သေးတယ်...
"ခင်ဗျားလူတွေကို လျှို့ဝှက်မြို့စားမင်းနဲ့ နတ်ဆိုးဂိုဏ်းရဲ့ ဆက်ဆံရေးကို စုံစမ်းခိုင်းလိုက်..."
"ကောင်းပါပြီ..."
လီချင်းချိုး နှင်းရှုခင်းကို ဆက်လက် ခံစားနေသော်လည်း ကျူးယန် ထွက်မသွားသေးပေ။
"ပြောစရာရှိရင် ပြောပါ... ငါတို့ အတူတူ အလုပ်လုပ်လာတာ ကြာပါပြီ... ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး..."
ကျူးယန်က ထျန်းကုန်းခန်းမတွင် ဝီရိယရှိပြီး စေ့စပ်သေချာစွာ လုပ်ကိုင်လေ့ ရှိသလို မိသားစု အင်အားကို အသုံးပြု၍ ချင်းရှောင်ဂိုဏ်းအတွက် သတင်းအချက်အလက်များစွာ စုဆောင်းပေးခဲ့သည်။ ကျန်းယွီချွန်းသည်ပင် သူ့အစီအစဉ်များတွင် သူမ၏ အကူအညီကို မကြာခဏ ရယူလေ့ ရှိသည်။ လီချင်းချိုး သူမအပေါ် အလွန် ကျေနပ်သဖြင့် သူမ၏ တောင်းဆိုမှု အချို့ကို ဖြည့်ဆည်းပေးရန် ဝန်မလေးပေ။
သေချာတာပေါ့... အရေးအကြီးဆုံးက ကျူးယန်ရဲ့ သစ္စာရှိမှုက ၉၀% ကျော်သွားပြီ...
ထူးဆန်းတာက သူ ကျူးယန်နဲ့ ပုဂ္ဂိုလ်ရေးအရ သိပ်မဆက်ဆံဖူးသလို သူတို့ ဆက်ဆံရေးကလည်း သိပ်မနက်ရှိုင်းပေမဲ့ ကျူးယန်ရဲ့ သစ္စာရှိမှုက ဆက်တိုက် မြင့်တက်နေတယ်...
အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် သစ္စာရှိမှု တိုးလာတာ ကောင်းတဲ့ကိစ္စပါပဲ...
ကျူးယန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်လုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေပြီး ခဏတာ တွန့်ဆုတ်နေပြီးမှသာ….
"ကျွန်မ အဖေက ဂိုဏ်းချုပ်ကို အကူအညီ တစ်ခု တောင်းချင်လို့ပါ... သူက ကျူးမိသားစုဝင် တစ်စုကို သိုင်းပညာ သင်ဖို့ ချင်းရှောင်ဂိုဏ်းကို ပို့ချင်နေပါတယ်... ဂိုဏ်းချုပ်... ဒီကိစ္စကို သေချာ စဉ်းစားပေးပါ... ကျွန်မ မိသားစုကို အပြည့်အဝ မထိန်းချုပ်နိုင်ပါဘူး... မိသားစုကြီး အတွင်းမှာ ပြည်တွင်းစစ်တွေ အမြဲ ရှိနေတတ်ပါတယ်... ကျွန်မ ဒီကိစ္စကို တင်ပြလိုက်ရင် အနည်းဆုံးတော့ သူတို့ကို အဖြေတစ်ခု ပေးလို့ ရသွားတာပေါ့... သဘောတူတာ မတူတာက ဂိုဏ်းချုပ် သဘောပါ..."
"ဒါဆို လွှတ်လိုက်လေ... ကျူးမိသားစုကို ငါတို့အတွက် အလကား အလုပ်လုပ်ခိုင်းနေလို့ မဖြစ်ဘူး... နန်းတွင်းထဲမှာ လျှို့ဝှက်မြို့စားမင်း အကြောင်း သတင်းစုံစမ်းရတာ အန္တရာယ် များတယ်..."
လီချင်းချိုး အလွယ်တကူ သဘောတူလိုက်သည်။ ချင်းရှောင်ဂိုဏ်းထဲတွင် မိသားစုကြီးများမှ အဖွဲ့ဝင် အနည်းငယ် ရှိနေပြီး ဖြစ်ရာ သူ တားဆီး၍ မရနိုင်ပေ။ ထို့အပြင် သာမန်ပြည်သူများနှင့် မိဘမဲ့များကိုသာ အမြဲတမ်း လက်ခံနေ၍ မရနိုင်ပေ။
ထို့အပြင် ချင်မိသားစုနှင့် ကျူးမိသားစုတို့လို မိသားစုကြီးများတွင်လည်း သူတို့၏ အားသာချက်များ ရှိပြီး ချင်းရှောင်ဂိုဏ်းကို ကိစ္စများစွာတွင် ကူညီပေးနိုင်သည်။
လီချင်းချိုး ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု ကျူးယန် မထင်ထားသဖြင့် အံ့အားသင့်သွားသည်။
"ကျူးမိသားစုက နေရာ ဘယ်လောက် ရမလဲ..."
"လောလောဆယ်တော့ လူ ၃၀ ပေါ့... ခင်ဗျား တာဝန်ယူရမယ်... ကျွန်တော်က အချက်နှစ်ချက်ကိုပဲ ဂရုစိုက်တယ်... သဘောထားနဲ့ စရိုက်လက္ခဏာ... တစ်ခုခု ထူးချွန်ရင် လက်ခံလို့ ရတယ်..."
"ကောင်းပါပြီ... ကျွန်မ သေချာ ရွေးချယ်ပါ့မယ်..."
"ကောင်းပြီ... သွားတော့..."
ကျူးယန် နှုတ်ဆက်လိုက်ပြီး လှည့်ထွက်သွာသော်လည်း လီချင်းချိုး၏ အတွေးများ လွင့်မျောသွားပြီး လျှို့ဝှက်မြို့စားမင်း အကြောင်း ဆက်လက် တွေးတောနေမိသည်။
လီချင်းချိုးက ချူကျင်း၏ ပါရမီနှင့် ကံကြမ္မာကို အလွန် မနာလို ဖြစ်နေဆဲ ဖြစ်ပြီး သူ့ကို စုဆောင်းရန် အမြဲ ရည်ရွယ်ထားခဲ့သည်။
အကယ်၍ ချူကျင်းသာ လျှို့ဝှက်မြို့စားမင်း အမှန်တကယ် ဖြစ်ပြီး နတ်ဆိုးဂိုဏ်းနှင့် တိုက်ရိုက် ကံကြမ္မာ ဆက်နွယ်မှု ရှိပါက လီချင်းချိုး သူ့ကို သေချာပေါက် သတ်ပစ်မည် ဖြစ်ပြီး ကျားတစ်ကောင်ကို ဒုက္ခပေးခွင့် ပြုမည် မဟုတ်ပေ။
နှင်းရှုခင်းကို တစ်နာရီခန့် ငေးမောကြည့်ရှုပြီးနောက် ပြန်လာခဲ့ပြီး ကျန်းယွီချွန်းနှင့် စကားပြောရန် ကုန့်လင်ခန်းမသို့ သွားရောက်ခဲ့သည့်အခါ ချူကျင်း ပြန်မရောက်သေးကြောင်း သိလိုက်ရသည်။ ဒီကောင်လေး တောင်အောက်ဆင်းသွားသည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်သည်။
ကျူးယန် ရရှိထားသော သတင်းအချက်အလက်များအကြောင်း ကျန်းယွီချွန်းကို ပြောပြလိုက်ရာ ကျန်းယွီချွန်းလည်း ကြားပြီးနောက် အလားတူ တွေးမိလိုက်သည်။
ဒီချူကျင်းက လျှို့ဝှက်မြို့စားမင်း ဖြစ်နိုင်ချေ အရမ်းများတယ်...
"ချင်းရှောင်ဂိုဏ်း အတွင်းက သူ့အပြုအမူကို ကြည့်ရရင် သူက သွေးဆာတဲ့လူပုံ မပေါက်ဘူး..."
"လူတိုင်းမှာ မျက်နှာဖုံးတွေ အများကြီး ရှိတယ်... သူက အဲဒီလိုပဲ... မင်းနဲ့ ငါလည်း အဲဒီလိုပဲ... ငါတို့ အလျင်စလို ဆုံးဖြတ်ချက် ချလို့ မရဘူး..."
"ဟုတ်ပါတယ်..."
မျက်လုံးနှင့် မြင်ရုံသက်သက်ဖြင့် ဆုံးဖြတ်ချက် ချ၍ မရနိုင်ကြောင်း ကျန်းယွီချွန်း သဘောပေါက်လိုက်သည်။
ထို့နောက် လီချင်းချိုးက ကျန်းဖိန်၏ အခြေအနေကို မေးမြန်းလိုက်သည်။
"ဒီကောင်လေးက တော်တော် စေ့စပ်သေချာတယ်... ဒါပေမဲ့ နည်းနည်း ကြောက်တတ်တယ်... အစ်ကိုကြီး... သူ့ကို ဒီလောက် အထင်ကြီးတာလား... ကုန့်လင်ခန်းမရဲ့တပည့်အဖြစ် ထောက်ခံပေးခဲ့သလို သူ့အခြေအနေကိုလည်း ခဏခဏ မေးတယ်... ဘာလို့ သူ့ကို စိတ်ဝင်စားတယ်ဆိုတာ ကိုယ်တိုင် သွားမပြောတာလဲ..."
ကျန်းဖိန်တွင် ထူးခြားချက် မမြင်မိသဖြင့် ကျန်းယွီချွန်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သူ့ကို ကြည့်ရတာ မျက်စိပသာဒ ဖြစ်လို့ပါ... သူက အနာဂတ်မှာ ချင်းရှောင်ဂိုဏ်းကို အံ့အားသင့်စရာတွေ ပေးလိမ့်မယ်လို့ ငါ အမြဲ ခံစားရတယ်..."
ကျန်းဖိန်ကို မပြောပြရခြင်းမှာ သူ အတွေးလွန်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
တကယ်လို့ ကျန်းဖိန်က လီချင်းချိုးမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ခံစားမိပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ... အဲဒါဆိုရင် ဆိုးရွားသွားလိမ့်မယ်...
"အနာဂတ်မှာ ဟုတ်လား... အခု ဂိုဏ်းထဲမှာ ကျောက်ကျိန်း၊ လီရန်နဲ့ ကျိယာတို့လို ပါရမီရှင်တွေ ရှိနေတာပဲ... အခွင့်အရေး ပေးလိုက်ရင် တိုးတက်နှုန်းမြန်မယ့် လူစားမျိုးတွေလေ..."
ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်ပြီး မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။
မကြာသေးမီက သူ ကိစ္စရပ်အချို့ လုပ်ဆောင်နေပြီး လူအင်အား မလုံလောက်သည်ကို ပိုမို ခံစားလာရသည်။
အကယ်၍ ဓားဂိုဏ်းသာ သူ့စီမံခန့်ခွဲမှုအောက်တွင် မရှိပါက သူ ထိုနေရာသို့ သွားပြီး လူတောင်းမိပေလိမ့်မည်။
အစ်ကိုကြီးက သူ့အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ စည်းမကျော်ဖို့ ရည်ရွယ်ချက်နဲ့ ဓားဂိုဏ်းကို တည်ထောင်ခဲ့တယ်ဆိုတာ သူ သိတယ်...
ဓားဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို ကာကွယ်ဖို့ပဲ... ချင်းရှောင်ဂိုဏ်း အာဏာသိမ်းဖို့ အသုံးပြုတဲ့ လက်နက် မဟုတ်ဘူး...
"အဲဒီလို ပါရမီရှင်မျိုးက ရှာရခက်တယ်... ဒါပေမဲ့ ငါ့တပည့် ကျိယာကို ခဏ ငှားလိုက်မယ်... မင်းနောက်လိုက်ပြီး ဗဟုသုတ တိုးပွားပါစေ..."
"တကယ်လား..."
ကျန်းယွီချွန်း မျက်လုံးများ အရောင်လက်သွားပြီး အတင်းမေးလိုက်သည်။
လီချင်းချိုး၏ တပည့်များကို ကျော်တက်လိုသော ကျန်းကျောက်ရှားနှင့် မတူဘဲ သူသည် သူ့တပည့်များကို ချင်းရှောင်ဂိုဏ်း၏ သာမန်တပည့်များ အဖြစ်သာ သဘောထားပြီး ထူးခြားသည်ဟု မထင်မှတ်ပေ။ ကျန်းယွီချွန်းက ချင်းရှောင်ဂိုဏ်း၏ အကျိုးစီးပွားကိုသာ ပိုမို ဂရုစိုက်သည်။
"ဒါပေါ့... မနက်ဖြန် ကျိယာကို မင်းဆီ လာခိုင်းလိုက်မယ်..."
"ဒါ တော်တော် ကောင်းတာပဲ... ဒီကောင်လေးက မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရောက်နေပြီ... သူ့ရဲ့ ကျင့်ကြံနှုန်းက ယုံနိုင်စရာ မရှိဘူး... အများဆုံး နောက်ထပ် ခြောက်လအတွင်း ပဉ္စမအဆင့် ရောက်လိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်... အဲဒီအချိန်ကျရင် သူ ဘယ်လောက် ငယ်ငယ် အဓိက အခန်းကဏ္ဍက ပါဝင်နိုင်မှာ..."
"ဘာပဲဖြစ်ဖြစ် သူက ငါ့တပည့်လေ... သူ့ကျင့်ကြံနှုန်းက ဘယ်လိုလုပ် နှေးကွေးနိုင်မှာလဲ..."
"ဟီးဟီး... ယွမ်လီကရော... နှစ်တွေ ဒီလောက် ကြာနေပြီ... သူ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်တောင် မရောက်သေးဘူး... တကယ်လို့ ပါရမီ သာမန်ကာလျှံကာရှိတဲ့ တခြားတပည့်တွေလိုသာ ဆက်ဆံခံရရင် အနည်းဆုံး တတိယအဆင့် ရောက်နေလောက်ပြီ..."
"မင်းက အမြင်ကျဉ်းတဲ့ သာမန်လူ တစ်ယောက်ပဲ... သူ စွမ်းဆောင်ရည် နည်းလေလေ သူ့ပါရမီက ပိုထူးခြားလေလေ ဆိုတာ မင်း မစဉ်းစားဖူးဘူးလား..."
ဒါ ဘာအဓိပ္ပာယ်လဲ...
"စောင့်ကြည့်လိုက်ပါ... တစ်နေ့ကျရင် ယွမ်လီက ချင်းရှောင်ဂိုဏ်းရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာ ဖြစ်လာလိမ့်မယ်... ဘယ်သူမှ သူ့ထက် ပိုတောက်ပနိုင်မှာ မဟုတ်ဘူး..."
"အစ်ကိုကြီး... သူ့အပေါ် တကယ်ပဲ အဲဒီလောက် မျှော်လင့်ထားတာလား..."
"နောက်တချိန်ကျရင် မင်း နားလည်လာမှာပါ..."
လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး စကားပြော ပြီးသည်နှင့် လှည့်ထွက်သွားသည်။
ကျန်းယွီချွန်းခင်မျာ ကုလားထိုင်ပေါ်တွင် ထိုင်လျက် နက်နက်နဲနဲ တွေးတောနေမိသည်။ ယွမ်လီ လက်ရှိ ဆုတ်ယုတ်မှုများ ကြုံတွေ့နေရချိန်တွင် အထူးသဖြင့် ယွမ်လီနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားရန် လိုအပ်သည်ဟု သူ ခံစားလိုက်ရသည်။ အကယ်၍ သူသာ ယွမ်လီကို မကြာခဏ အားပေးနိုင်ပါက အချိန်မီ ကူညီပေးခြင်းနှင့် တူပေလိမ့်မည်။
အစ်ကိုကြီးက ဒီလောက် သေချာပေါက် ပြောခဲတယ်... ဒီအခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး...
မှန်ပါတယ်... အစ်ကိုကြီးက ယွမ်လီရဲ့ ပါရမီကို တမင်တကာ ထုတ်ဖော်ပြသလိုက်တာဖြစ်ပြီး သူ ယွမ်လီကို အရင် ချဉ်းကပ်လာအောင် လုပ်တာလို့ ခံစားရတယ်...
ထိုအတွက် သူ တကယ် ကျေးဇူးတင်မိသည်။
ချင်းရှောင်ဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ အစ်ကိုကြီး တစ်ယောက်တည်း ဆုံးဖြတ်ချက် ချနိုင်သော ဂိုဏ်းငယ်လေး မဟုတ်တော့ပေ။ လူများ၏ စိတ်နှလုံးသားကို သိမ်းပိုက်ခြင်းကလည်း အလွန် အရေးကြီးသည်။ အထူးသဖြင့် ကုန့်လင်ခန်းမ၏ ခေါင်းဆောင် ဖြစ်သော ကျန်းယွီချွန်း အနေဖြင့် လူများ၏ စိတ်နှလုံးသားကို ပိုမို သိမ်းပိုက်ရန် လိုအပ်သည်။
...
ကုကျိုးစီရင်စု မြို့စားမင်း အသတ်ခံရမှုနှင့် စီရင်စုမြို့တော် ပုန်ကန်မှု သတင်းများ ချင်းရှောင်ဂိုဏ်းသို့ လျင်မြန်စွာ ရောက်ရှိလာပြီး တပည့်များနှင့် ဘုရားဖူးများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာ ဖြစ်လာသည်။
နှစ်ကုန်ခါနီးတွင် ပြည်နယ်ကိုးခုအနက် ခုနစ်ခုက ဧကရာဇ်ကို ပုန်ကန်ကြသည်။ သူတို့အားလုံး တပ်ဖွဲ့များကို စုစည်းပြီး ဧကရာဇ်ကို နန်းစွန့်ခိုင်းရန် ကျန်းယန်ဧကရာဇ်မြို့တော် ရှေ့တွင် စုဝေးရန် ပြင်ဆင်နေကြသည်။
တောင်အောက်တွင် ခြောက်လကြာ ရောက်ရှိနေသော လီစစ်ဖုန်း နောက်ဆုံးတွင် ပြန်ရောက်လာခဲ့သည်။
သူနှင့်အတူ လိုက်ပါသွားသော စစ်မှန်သောတပည့် ၇ ဦးလည်း ဘေးကင်းစွာ ပြန်ရောက်လာသဖြင့် ကျန်းယွီချွန်း စိတ်သက်သာရာ ရသွားသည်။ မူလအားဖြည့်နယ်ပယ် တတိယအဆင့်ရှိသော တပည့်ရင်းများက အဖိုးတန် ရတနာများ ဖြစ်ပြီး တစ်ယောက်ယောက် ဆုံးရှုံးသွားပါက သူ ရင်ကွဲပက်လက် ဖြစ်ရပေမည်။
လီစစ်ဖုန်းခင်မျာ လင်းရှောင်ခြံဝင်းတွင် လီချင်းချိုး ပြန်လာမည်ကို စောင့်ဆိုင်းနေပြီး ညနေစောင်းသည်အထိ ကြာမြင့်ခဲ့သည်။
လီချင်းချိုးက ရွှီနင်းကိုပါအတူခေါ်ပြီး ခြံဝင်းထဲရောက်လာခဲ့သည်။ ယနေ့ သူ ရွှီနင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ရွှီနင်းအတွက် များစွာ အကျိုးရှိခဲ့သော်လည်း အထိနာခဲ့ရသည်မှာလည်း အမှန်ပင်။
"အစ်ကိုကြီး... မြန်မြန်လာ... ဖေမိသားစု အကြောင်း သတင်းပို့စရာ ရှိတယ်..."
လီစစ်ဖုန်းက လီချင်းချိုးကို လက်ပြလိုက်သဖြင့် ထိုအဖြစ်ကို မြင်သောအခါ ရွှီနင်း လှည့်ထွက်သွားပြီး အခန်းထဲသို့ ပြန်ဝင်သွားကာ သူတို့ စကားပြောတာကို မနှောင့်ယှက်တော့ပေ။
လီချင်းချိုး ထိုင်လိုက်ပြီး လီစစ်ဖုန်းကို ဝိုင်တစ်ခွက် အရင် ငှဲ့ခိုင်းလိုက်ပြီးနောက် တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးမှသာ လီစစ်ဖုန်းကို စကားပြောခွင့် ပြုလိုက်လေသည်။