အခန်း (၄၄၈-၄၅၀)
Vol. 30 Ch. 448-450
အခန်း (၄၄၈) တိုက်ပွဲ
ကျိဖုန်းပြောနေပြီဆိုလျှင်၊ သူတို့အတွက် တကယ်အန္တရာယ်ရှိနေပြီ ဖြစ်သည်။
ကျိဖုန်းက သတိပေးလိုက်သည့်အပြင် ဝက်ဝံနက်ကလည်း သူ၏ခန့်မှန်းချက်များကို ရှောက်ရွှမ်အား ပြောပြပါသည်။
လင်လုမျိုးနွယ်စုက အခုချက်ချင်းတိုက်ခိုက်လာမည်ကို ဝက်ဝံနက်က စိုးရိမ်နေပါသည်။ တိုက်ပွဲဖြစ်လာပါက အပြင်လူများသည် ဝင်ပါမည် မဟုတ်ဘဲ၊ ရပ်ကြည့်ကြမည်သာ ဖြစ်သည်။
“တကယ်တော့ မင်းမျိုးမင်းနွယ် မိသားစုကြီး၆စု အတွက်၊ ဒီဖြစ်ရပ်တွေက ဘာမှအရေးမပါဘူး…လုပီရှုံးသွားတဲ့ ကိစ္စကလည်း အတင်းပြောကောင်းရုံလောက်ပဲရှိတယ်...” ယခုအရေးကိစ္စသည် မင်းမျိုးမင်းနွယ်များ အတွက်တော့ ဘာမှ
အရေးမပါပါ။
ရှောက်ရွှမ်က လုပီကို အနိုင်ယူခဲ့သဖြင့်၊ ဘာအကျိုးထူးသွားမည်နည်း။ မီးတောက်ဦးချိုမျိုးနွယ်စုက လင်လုမျိုးနွယ်စုထင် ပိုအစွမ်းရှိနေပြီလား။ ထိုကဲ့သို့ ဆုံးဖြတ်၍မရပါ။ မျိုးနွယ်စုတစ်ခု၏ အင်အားသည် လူတစ်ယောက်တည်းပေါ်တွင် မူတည်မနေပါ။ ထို့ပြင် မင်းမျိုးမင်းနွယ်များအတွက်တော့ ရှောက်ရွှမ်ပဲဖြစ်ဖြစ်၊ လင်လုမျိုးနွယ်စုက လုပီပဲ ဖြစ်ဖြစ်အရေးမပါပေ။ သူတို့အတွက်တော့ ထိုဖြစ်ရပ်များသည် ကလေးကစားသလောက်သာ ရှိပေသည်။
ရှောက်ရွှမ် သေသလား၊ရှင်သလားဆိုတာကိုလည်း သူတို့စိတ်မဝင်စားပါ။ သေသွားလျှင်တော့ ဝမ်းသာကြမည် ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင် တစ်ယောက် ဒုက္ခရောက်ခြင်းသည် သူတို့အတွက် သတင်းကောင်း ဖြစ်ပါသည်။
ရှောက်ရွှမ်နှင့် ကွမ်းယီတို့သည် ဝက်ဝံနက်ရှင်းပြသည်ကို နားထောင်နေကြသည်။
တကယ်တော့၊ ထိုကဲ့သို့ ဖြစ်လာတော့မည်ဟု ရှောက်ရွှမ်က ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော် ကွမ်းယီကတော့ စိတ်ပျက်နေပါသည်။ မြို့တော်မှ လူများသည် မီးတောက်ဦးချိုမျိုးနွယ်စုကို မနှစ်သက်သလို သူတို့၏ ဝါစဉ်ကြီးပုဂ္ဂိုလ်ကိုလည်း သေစေချင်နေကြသည်။
ကွမ်းယီတော်တော်လေး စိတ်ပျက်နေပါသည်။
သို့သော် စိတ်ပျက်နေ၍လည်း အကြောင်းထူးမသွားပါသည်။ သူတို့က ၂ယောက်တည်း ဖြစ်သည်။ ၂ယောက်တည်းနှင့် တမြို့လုံးကို ခံချ၍ မဖြစ်ပါ။ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပါလိမ့်မည်။
အရင်တုန်းက ဘုရင့်မြို့တော်သို့လာလျှင်၊ သူတို့တွင် လူအင်အား၁၀၀၊၂၀၀လောက် ပါလာတတ်စမြဲဖြစ်သည်။ ထိုအခေါက်များတုန်းက
လူအင်အားတောင့်တင်းသဖြင့်၊ သူတို့ကို မည်သူကမျှ ရန်မလုပ်ရဲကြပါ။ အခုတခေါက်တွင်တော့ သူတို့က ၂ယောက်တည်း ဖြစ်သည်။
ကွမ်းယီ၏ နားထင်သွေးကြောများ တဒိတ်ဒိတ်ခုန်နေပါသည်။ ဓားကိုဆွဲပြီး သူသေကိုယ်သေ တိုက်ပစ်ချင်စိတ်များကို ထိန်းချုပ်နေရပါသည်။
“မနက်ဖြန်ဆိုရင်ပဲ ပြန်ရတော့မယ်…သိပ်လည်း အစိုးရိမ်လွန်မနေကြပါနဲ့” ဝက်ဝံနက်က နှစ်သိမ့်လိုက်သည်။
သို့သော် ဝက်ဝံနက်၏ စကားများက အရာမရောက်ပါ။
ကွမ်းယီတို့သည် သူတို့ဆန္ဒအလျှောက် မြို့တော်မှ ထွက်ခွာလာခြင်းမဟုတ်ပါ။ ဘေးရန်အန္တရာယ်များရှိနေသဖြင့် ထွက်ခွာလာခဲ့ရခြင်းဖြစ်သည်။
“မနက်ဖြန်ကျရင် လင်လုမျိုးနွယ်စုက မင်းတို့ကို
နှောင့်ယှက်မှာ ငါစိုးရိမ်တယ်” ဝက်ဝံနက်က စိတ်ပူနေပါသည်။ ရွှေကောက်ပဲသီးနှံစိုက်ခင်းများနားမှ လမ်းများကို ပိတ်ဆို့ထားသဖြင့်၊ ဓားပြများမှာ လင်လုမျိုးနွယ်စုက စေလွှတ်လိုက်သူများ ဖြစ်ကြောင်း သိနိုင်ပါသည်။ ဓားပြပင်တိုက်ရဲသေးလျှင်၊ မနက်ဖြန်ရှောက်ရွှမ်တို့ကို တိုက်ရန်လည်း ဝန်လေးမည် မဟုတ်ပါ။
ဝက်ဝံနက်၏ လူတစ်ယောက်က အစီရင်ခံရန် ရောက်လာသည်။
“ လင်လုမျိုးနွယ်စုဝင်တွေ ကိစ္စတစ်ခုခုအတွက် လှုပ်ရှားနေကြတယ်”
“ဘာဖြစ်တာလဲ” ဝက်ဝံနက် ရင်ထိတ်သွားသည်။
ဆက်သားက ခေါင်းယမ်းပြလိုက်ပြီး “လုမိသားစုဝင်တွေက ကြီး၆ကြီးက မင်းမျိုးမင်းနွယ်တွေကို လက်ဆောင်တွေ လိုက်ပို့ပေးနေတယ်…သူတို့ကို ကြည့်ရတာ တစ်ခုခုကြံနေသလိုပဲ” ဟုပြောလိုက်ပါသည်။
လင်လုမျိုးနွယ်စု၏အကြံကိုတော့ သူတို့လည်း မသိပါ။ သူတို့အနေဖြင့် မြို့ကြီး၆မြို့၏ အတွင်းစခန်းများကို ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ပါ။
“သူတို့ကို ဆက်ကြည့်ထား…လူအင်အားထပ်ဖြည့်ထားလိုက်” ဝက်ဝံနက်က ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ…”
ဆက်သားထွက်သွားသောအခါ၊ ဝက်ဝံနက်သည် ပိုစိုးရိမ်လာပါသည် “သူတို့လူတွေ လွှတ်လိုက်မယ်ဆိုရင်တော့၊ မနက်ဖြန်မင်းတို့သွားမယ့်ခရီးက ချောမွေ့မှာ မဟုတ်ဘူး…မနက်ဖြန် ငါတို့ ကုန်သည်အဖွဲ့တွေထွက်သွားတာနဲ့ ဒီကောင်တွေက…”
“ငါတို့ကို ဝင်တိုက်မှာလား”
ကွမ်းယီသည် အံ့ကိုကြိတ်ထားပါသည်။ သူ့မျိုး
နွယ်စုနှင့် နီးသောနေရာသာ ဖြစ်နေပါက၊ ကွမ်းယီသည် သူ့လူများခေါ်လာပြီး ပြန်တိုက်မည် ဖြစ်သည်။ စစ်ပွဲတစ်ခုတွင် ချမှတ်သော အဆုံးအဖြတ်က မျိုးနွယ်စုတစ်ခု၏ ရှင်သန်ရေးနှင့် သက်ဆိုင်နေပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ ဘယ်တော့မှ နောက်မဆုတ်ပါ။ ခြေ၁လှမ်းဆုတ်မိပြီးသွားလျှင် ၁လှမ်းဆုတ်လိုက်၊၂လှမ်းဆုတ်လိုက်နှင့် နောက်ဆုံးတွင် ချောင်ပိတ်မိသွားမည် ဖြစ်သည်။
ကွမ်းယီသည် မျိုးနွယ်စုထဲတွင် တည်ငြိမ်လေးနက်သော လူတစ်ယောက် ဖြစ်ပါသည်။ သို့သော် အရေးကြီးသော အချိန်များတွင်တော့ နှုတ်ဆိတ်နေသော လူတစ်ယောက် မဟုတ်ပါ။
သို့သော် အခုအရေးကိစ္စသည် ရှောက်ရွှမ်နှင့် သက်ဆိုင်နေပါသည်။ ရှောက်ရွှမ်သည် မျိုးနွယ်စုထဲတွင် အခွင့်ထူးခံဖြစ်သလို၊ အကြီးအကဲနှင့် နတ်ဆေးဆရာမက ကွမ်းယီအား ရှောက်ရွှမ်ကို
စောင့်ရှောက်ရန်မှာလိုက်ပါသည်။ ထို့ပြင် ရှောက်ရွှမ်သည် သမုဒ္ဒရာတစ်ဖက်ကမ်းမှ မီးတောက်ဦးချိုမျိုးနွယ်စု၏ တစ်ယောက်တည်းသော မျိုးနွယ်စုဝင်ဖြစ်သည်။ ထို့ကြောင့် ကွမ်းယီသည် သူသာ အသေခံတိုက်ပွဲဝင်သွားမည် ရှောက်ရွှမ်ကိုတော့ အသေမခံနိုင်ပါ။
ထိုအကြောင်းကို တွေးမိသောအခါ၊ ကွမ်းယီ၏မျက်နှာတင်းမာလာပါသည်။
ဝက်ဝံနက်က ကွမ်းယီ၏ အမူအရာကို တွေ့သဖြင့် ရှောက်ရွှမ်ဘက်သို့ လှည့်ကာ “ရှောက်ရွှမ်…မင်းဘယ်လိုသဘောရလဲ” ဟုမေးလိုက်ပါသည်။ သူတို့၂ယောက်တွင် ရှောက်ရွှမ်က ဆုံးဖြတ်ချက်ချရသူမှန်း ဝက်ဝံနက်သိထားပါသည်။ ထိုချာတိတ်လေးတွင် အကြံကောင်းများ ရှိချင်ရှိနေနိုင်ပါသည်။
ကွမ်းယီသည်လည်း ရှောက်ရွှမ်ကို ကြည့်လိုက်ပါသည်။ လင်လုမျိုးနွယ်စုအား ရှောင်ရှားသွားနိုင်မည့်နည်းလမ်းရှိလျှင် ကောင်းမည်ဟု
တွေးမိသလို၊ လင်လုမျိုးနွယ်စုများနှင့် သူသေကိုယ်သေတိုက်ချင်စိတ်များလည်း ဖြစ်ပေါ်နေပါသည်။ ကွမ်းယီသည် စိတ်၂ခွဖြစ်နေပါသည်။
ရှောက်ရွှမ်သည် အပြင်ကို ကြည့်နေရာမှ အထဲကို ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် “တိုက်ခိုက်ရုံပဲရှိတာပေါ့”ဟုပြောလိုက်ပါသည်။
ရှောက်ရွှမ်၏ အဖြေသည် ကွမ်းယီ၏အဖြေနှင့် အတူတူပဲ ဖြစ်သည်။
ထိုစကားကိုကြားသောအခါ ကွမ်းယီသည် စိတ်ပူရမလား၊ ဂုဏ်ယူရမလား မသိဖြစ်သွားပါသည်။ တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း၊ ဘာစကားသံမှ ထွက်ပေါ်မလာပါ။
ရှောက်ရွှမ်တို့၏ သဘောထားကို ကြားလိုက်ပြီးသောအခါ၊ ဝက်ဝံနက်သည် ခေါင်းယမ်း၍ သက်ပြင်းချလိုက်ပြီး “အခုညတော့ အနားယူလိုက်ပါတော့ … မနက်ဖြန်တော့ ငါ့လူတွေနဲ့ မြို့ပြင်အထိလိုက်ပို့ပေးမယ်” ဟုပြောလိုက်ပါသည်။
ဝက်ဝံနက်ထွက်သွားသောအခါ၊ ရှောက်ရွှမ်နှင့် ကွမ်းယီတို့သည် အိမ်ထဲတွင် ကျန်နေခဲ့ပါသည်။ တော်တော်ကြာ ဝေခွဲမရဖြစ်နေပြီးမှ၊ ကွမ်းယီက အကြံပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူဘာမှမပြောရသေးခင် ရှောက်ရွှမ်က “အိပ်ရေးဝအောင် အိပ်ထားလိုက်…ဒါမှ ခွန်အားအပြည့်နဲ့ မနက်ဖြန်ကျရင် တိုက်ခိုက်နိုင်မှာ”ဟုပြောလိုက်ပါသည်။
ကွမ်းယီပါးစပ်ပိတ်သွားသည်။
နောက်တစ်နေ့ မနက်စောစော…။
မောင်တာ့သည် မြို့တော်က ထွက်ခွာမည့်လူများကို ဦးဆောင်ပြီး ရောက်ရှိလာပါသည်။ ရှောက်ရွှမ်နှင့် ကွမ်းယီတို့က မောင်တာ့တို့ကို ဝိုင်းကူပြီး ကုန်ပစ္စည်းများကို ဝက်ဝံများ၏ကိုယ်နှင့် တွဲချည်ပါသည်။
“ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား” ရှောက်ရွှ
မ်တို့သည် အစိုးရိမ်လွန်ပြီး အိပ်မပျော်ဖြစ်မည်ကို မောင်တာ့က စိုးရိမ်နေသည်။ သို့သော် ရှောက်ရွှမ်တို့၂ယောက်လုံးမှာ အိပ်ရေးပျက်ဟန်မရှိပါ။
“ အိပ်ပျော်ပါတယ်…ကျွန်တော်တို့ကို ဒီမှာ နေခွင့်ပေးထားတဲ့အတွက် ကျေးဇူးပါ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
“ကျေးဇူးတင်စရာမလိုပါဘူးကွာ…မင်းတို့ရောက်လာတာ ငါတို့အတွက်လည်း အကျိုးရှိပါတယ်” မောင်တာ့က ပြုံးရင်းနှင့်ပြောလိုက်ပါသည်။
မောင်တာ့၏ကင်းထောက်များရထားသော သတင်းအရဆိုလျှင် လုမိသားစုသည် သူတို့ကို တားဆီးရန် စီစဉ်ထားကြောင်း သိရသည်။ မောင်တာ့တို့သည် သူတို့ဆရာ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်ပါသည်။ မတိုက်ခိုက်ဘဲ ဖြေရှင်းနိုင်မည့် နည်းလမ်းများရှိမလား စောင့်ကြည့်နေကြခြင်း ဖြစ်ပါသည်။
အခုတစ်ခေါက်တွင်တော့၊ လင်လုမျိုးနွယ်စု၏ ပစ်မှတ်မှာ ဝက်ဝံနက်များ မဟုတ်ပါ။ သို့သော် ဝက်ဝံနက်များသည် ရှောက်ရွှမ်တို့၂ယောက်တည်း ပစ်မထားခဲ့နိုင်ပါ။ ထို့ပြင် ရှောက်ရွှမ်တို့ကို ပစ်ထားခဲ့ပါ၊ သူတို့အနေဖြင့် လင်လုမျိုးနွယ်စုကို ကြောက်ရွံ့သလို ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် တိုက်ခိုက်ရမည်ဆိုလျှင် တိုက်ခိုက်လိုက်မည်၊ ကြောက်သည်ဟုတော့ အထင်ခံမည် မဟုတ်ပါ။
မောင်တာ့က မြေပြင်ပေါ်တွင် ဝပ်နေသော ဝက်ဝံကို ကြည့်လိုက်သည်။ “လင်လုမျိုးနွယ်စုပဲကွာ…ဘာကြောက်နေစရာလိုလို့လဲ…တစ်ခေါက်ဆုံးမထားတာ မမှတ်သေးတော့၊ ဒီနေ့အပီအပြင်ဆော်လိုက်ရုံပဲ ရှိတာပေါ့” မောင်တာ့က တွေးနေပါသည်။
မြို့တော်၏ ဂိတ်တံခါးဝနားတွင်…။
အစောင့်များသည် သမ်းဝေရင်း မြို့တော် တံခါးများကို ဖွ၍့်လိုက်ပါသည်။ ထို့နောက်
စကားစမြည်ပြောရန် ပြင်လိုက်သော်လည်း၊ အရိပ်မည်းများ ချဉ်းကပ်လာသည်ကို သတိထားလိုက်မိပါသည်။
“အာ…ကျိမိသားစုက ကျင်းသခင်မလေးများလားမသိဘူး…ဒါပေမဲ့ သူဆိုရင် ဒီလောက်စောစော အိပ်ရာကမထဘူး”
“မင်းမသိသေးဘူးလား” တစ်ယောက်ကမေးလိုက်ပါသည်။
“ဘာကို သိရမှာလဲ”
“ဒီနေ့ မြို့ကြီး၆မြို့ ကြီး၆ကြီး မိသားစုတွေ လာလိမ့်မယ်” တခြားတစ်ယောက်က သူ့အဖော်ကို တံတောင်နှင့်တွတ်လိုက်ပါသည်။
အပြင်သို့ ကြည့်လိုက်သောအခါ၊ မင်းမျိုးမင်းနွယ်များ၏ အလံများ စိုက်ထူထားသည့် ရထားလုံးပေါင်းမြောက်များစွာကို တွေ့လိုက်ရပါသည်။
“ဒီနေ့က ဘာနေ့မို့လို သူတို့တွေ အိပ်ရာကနေ အစောကြီး နိုးလာကြတာလဲ”
“ပွဲကြည့်ဖို့လေကွာ” တစ်ယောက်က ပြောလိုက်သည်။
“ပွဲဟုတ်လား…ဘာပွဲလဲ…ဖျော်ဖြေပွဲရှိလို့လား”
“မင်းတော်တော် ခေတ်နောက်ကျနေပြီပဲ” ကျန်တစ်ယောက် စိတ်ပျက်သွားသည်။
“သူတို့တွေကို လုမိသားစုက ဖိတ်ထားတာတဲ့”
“လုမိသားစု…အသစ်ရောက်လာတဲ့ လင်လုမျိုးနွယ်စုက လုမိသားစုလား”
“ဟုတ်တယ်…သူတို့ပဲ”
အစောင့်က စိတ်မဝင်စားပါ။
“သူတို့မျိုးနွယ်စုက လုပီ ရှုံးသွားပြီ မဟုတ်လား…ဘာကြည့်စရာရှိသေးလို့လဲ”
“ပြောလို့မရဘူးလေကွာ…ဒီတစ်ခေါက်တော့ သူတို့ နိုင်ချင်နိုင်မှာပေါ့”
အစောင့်များက ပြောဆိုဆွေးနွေးနေကြသည်။
ရောက်လာကြသော သခင်လေးများသည် နန်းမြို့ရိုးကို တွယ်တတ်လိုက်ပြီး၊ တံခါး၏ တစ်ဖက်တစ်ချက်စီတွင်ရှိသော မျှော်စင်များထဲသို့ ဝင်သွားကြပါသည်။
ထိုသခင်လေးများသည် လုမိသားစုက ပို့လိုက်သော လက်ဆောင်ထုပ်များကို ရရှိခဲ့ကြသူများဖြစ်သည်။ လက်ဆောင်ထုပ်များထဲတွင် သူတို့ကို ပွဲကြည့်ရန် ဖိတ်ခေါ်ထားသော ဖိတ်စာတစ်စောင်စီပါပါသည်။
ကျန်သူများကတော့ လူစုလူဝေးကို မြင်ရသဖြင့် ရောက်လာကြသူများ ဖြစ်ကြသည်။ ကျိ
ကျင်းနှင့် ကျိယွမ်တို့ကတော့ မျှော်စင်ပေါ်တွင် နေရာကောင်းများ ရွေး၍ နေရာယူပြီးပြီ ဖြစ်ပါသည်။
မြို့ရိုးအပြင်ဘက်တွင်တော့ ယိရှီသည် ရထားလုံးထဲတွင် အိပ်ငိုက်နေပါသည်။ သို့သော် မြို့တံခါးနားသို့ရောက်လာသောအခါ၊ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သူသိလိုက်ပါသည်။
စိုက်ခင်းနားမှ လမ်းများကို ပိတ်ဆို့မထားသဖြင့်၊ ထိုနေရာတွင် ရထားလုံးများ ပိုများနေပါသည်။ ယိရှီသည် မထစဖူး စောစောစီးစီး ထိုနေ့မှ ထလာခြင်းဖြစ်သည်။ သို့သော် တစ်ခုခုတော့ မှားနေပြီ ဖြစ်ပါသည်။
တံခါးပေါက်များဘေးမှ မျှော်စင်များပေါ်သို့ကြည့်လိုက်သောအခါ၊ ယိရှီသည် သူနှင့်ရင်းနှီးသော မျက်နှာများကို တွေ့လိုက်ရပါသည်။
“ဘာတွေဖြစ်နေတာလဲ” ယိရှီက သူ့လှည်းမောင်းသူအား အစောင့်များကို မေးခိုင်းလိုက်ပါသည်။
အစကတော့ အစောင့်များလည်း မသိပါ။ သို့သော် တောမီးပမာ လျင်မြန်စွာ ပျံ့သွားသော သတင်းကြောင့် အခုတော့ အားလုံးသိသွားပြီ ဖြစ်ပါသည်။ ထို့ပြင် ယိရှီသည် ယိမိသားစုဝင်တစ်ယောက် ဖြစ်နေသောကြောင့်၊ အစောင့်များက ပြေပြေလည်လည် ဆက်ဆံကြပါသည်။
လှည်းသမားက အစောင့်များပြောပြသည်ကို ယိရှီကို ပြန်ပြောပြလိုက်ပါသည်။
“လုမိသားစု…မီးတောက်ဦးချိုမျိုးနွယ်စုဟုတ်လား” ယိရှီက ရေရွတ်မိလိုက်သည်။ ကျိကျွီနှင့်အတူ သူ့စိုက်ခင်းသို့ လာလည်သော ချာတိတ်လေးမှာ မီးတောက်ဦးချိုမျိုးနွယ်စုက ဖြစ်ကြောင်း သူသိထားပါသည်။ သူသိသလောက်ဆိုလျှင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်သည် ၂ယောက်သာ ရှိပါသည်။
“သခင်လေး…ကျွန်တော်တို့ ဆက်သွားဦးမလား” လှည်းသမားက မေးလိုက်ပါသည်။
“မသွားတော့ဘူး…ဒီပစ္စည်းတွေကို မြန်မြန် ပြန်ပို့လိုက်…ငါမျှော်စင်ပေါ်တက်ပြီး သွားကြည့်လိုက်ဦးမယ်”
ယိရှီသည် ယိမိသားစုဝင်တစ်ယောက်ဖြစ်နေသဖြင့် မျှော်စင်ပေါ်သို့ တက်ရောက်ခွင့်ရှိပါသည်။
ယိရှီက ဆုံးဖြတ်လိုက်ပြီဖြစ်သဖြင့်၊ လှည်းသမားသည် သူ့ဆရာ၏ စကားကို နားထောင်ရုံသာရှိတော့သည်။
တံတိုင်းကြီးပေါ်သို့ ရောက်သွားသောအခါ၊ လူအတော်များနေကြောင်း ယိရှီ သတိထားလိုက်မိပါသည်။ ယိမိသားစုဝင်များသာ မဟုတ်ဘဲ၊ အခြားမိသားစုကြီး၅ခုမှ လူများပါရောက်ရှိနေကြပြီ။ ခါတိုင်းဒီလိုအချိန်ဆိုလျှင် ဝက်လိုအိပ်နေကြသူများသည်၊ မျှော်စင်ပေါ်တွင် သမ်းဝေနေကြပါသည်။
ယိရှီအတွက် မျှော်စင်ထဲတွင် နေရာမရှိတော့သဖြင့်၊ မြို့ရိုးပေါ်ကသာ မတ်တပ်ရပ်ကြည့်နေရ၏။ ထိုနေရာသည်လည်း မြင်ကွင်းကောင်းသော နေရာတစ်ခု ဖြစ်ပေသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၄၉) လမ်းပိတ်ဆို့ခြင်း
ယိရှီသည် မြို့ရိုးပေါ်တွင်နေရာတကျ မဖြစ်သေးမီ၊ နောက်ထပ်လူများ ထပ်ရောက်လာသည်။ ထိုသူများသည် ယိမိသားစုမှ လူများဖြစ်ကြသည်။
ထိုသူများသည် ယိရှီကို မြို့ရိုးပေါ်တွင် မြင်ရသောအခါ အံ့ဩသွားကြသည်။ ပုံမှန်ဆိုလျှင် ယိရှီသည် အပြင်ထွက်လေ့မရှိသဖြင့်၊ သူ့ကိုသတိပင်မရကြ။
“ယိရှီပါလား…ဘာလာလုပ်တာလဲ…စိုက်ခင်းမှာ အလုပ်မလုပ်ဖူးလား” တစ်ယောက်က စလိုက်သည်။
ယိမိသားစုသည် အခြားမိသားစုကြီး၆ခုနှင့် ယှဉ်လျှင်၊ မြေအနည်းငယ်ကိုသာ ပိုင်ဆိုင်ပါသည်။ ကျိမိသားစု၏ စံနှုန်းများအရဆိုလျှင်
ယိမိသားစုဝင်များသည် မြေမရှိသော ငမွဲများဖြစ်ကြသည်။ သို့သော် ယိမိသားစုဝင်များကတော့ ထိုကဲ့သို့ မယူဆပါ။ သူတို့အမြင်တွင် အရည်အချင်းမရှိသူများသာ စိုက်ခင်းများတွင် အလုပ်လုပ်ကြခြင်း ဖြစ်သည်။ လိမ္မာပါးနပ်သူများက အိမ်တွင်ထိုင်နေပြီး ပိုက်ဆံသိမ်းရုံပင် ဖြစ်ပါသည်။
ထို့ကြောင့် ယိမိသားစုဝင်များက ယိရှီကို ဉာဏ်မရှိသူတစ်ယောက်အဖြစ် မြင်ကြပါသည်။
အတိတ်တုန်းကဆိုလျှင်တော့ ထိုသူများသည် မိသားစုထဲတွင် ယိရှီလောက် အဆင့်မြင့်ချင်မှမြင့်လိမ့်မည်။ သို့သော် အခုတော့ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့သည် ဗေဒင်ဟောခန်းများတွင်ထိုင်ပြီး၊ ပိုက်ဆံရှာနိုင်ကြသည်။ ယိရှီကတော့ ထိုအရည်အချင်းမျိုးမရှိသဖြင့် မြေလေးအနည်းငယ် ပိုင်ဆိုင်နိုင်ရန် ဘိုးဘေးများကို အားကိုးနေရပါသည်။
ထို့ကြောင့် အခုအချိန်တွင် ယိရှီသည် အရေးပါ
သော လူတစ်ယောက် မဟုတ်တော့ပါ။ ယိမိသားစုဝင်များသည် သူ့ကို လေးစားမှုမရှိဘဲ၊ စနောက်နေကြပါသည်။
“ကျွန်တော် စိုက်ခင်းကပြန်လာတော့ ဒီမှာပွဲရှိတယ်လို့ပြောသံကြားလို့ ဝင်လာတာပါ” ယိရှီကတော့ စိတ်မဆိုးဘဲ ရှင်းပြနေပါသည်။
ကျန်သူများသည် စကားဆက်မပြောကြတော့ပါ။ မျှော်စင်ပေါ်တွင် လူပြည့်နေပြီဖြစ်ပြီး၊ မြို့ရိုးပေါ်တွင် အစောင့်တစ်ယောက်လို မတ်တပ်ရပ်မကြည့်လိုကြပါ။
သူတို့ထွက်ခွာသွားသောအခါ၊ ယိရှီ၏ခါးတွင်ချိတ်ထားသော အိတ်လေးကို သတိထားလိုက်မိသည်။ ယိရှီသည် စိုက်ခင်းထဲမှ ပြန်လာခြင်းဖြစ်သဖြင့်၊ ထိုအိတ်လေးထဲတွင် ပိုက်ဆံများပါလာရမည်။
ယိရှီသည် စိုက်ခင်းတွင် အခကြေးငွေယူပြီး သူ့ဖောက်သည်များ၏ ငွေစာရင်းမျာကို ကူစစ်ပေး
ပါသည်။ ဖောင်းနေသော အိတ်ကို ကြည့်ပြီး၊ ယိရှီတစ်ယောက် ယခုနှစ် တော်တော်အလုပ်ဖြစ်ကြောင်းသိရှိနိုင်ပါသည်။
သူတို့သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါသည်။
“ဒီပွဲကို ဒီအတိုင်းအလကားကြည့်ရတာ အဆင်မပြေဘူး…အပျင်းပြေတစ်ခုခုလုပ်ရအောင်” တစ်ယောက်က ပြောလိုက်ပါသည်။
“ဘယ်လိုဟာမျိုးလဲ” ယိရှီက ထိုလူကို ကြည့်လိုက်ပါသည်။
“လောင်းကြေးထပ်မယ်လေ…လုမိသားစုနဲ့ ဘာမျိုးနွယ်စုဝင်ဆိုလား တိုက်ခိုက်ကြမယ်ဆိုတာလေ”
“ကျွန်တော်ကြားတာတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်၂ယောက်နဲ့ တိုက်ခိုက်မယ်တဲ့…ဒါပေမဲ့ မတရားသဖြင့် တိုက်ခိုက်သလို ဖြစ်မနေဘူးလား”
ယိရှီက မျက်မှောင်ကြုံ့ပြီး ပြောလိုက်ပါသည်။
“မတရားဘူးဟုတ်လား…ဒီမှာ တရားတာတွေ၊မတရားတာတွေ ရှိလို့လား”ထိုလူက တော့ တရားသည်၊မတရားသည် စဉ်းစားမနေပါ။ သူသည် ထိုကဲ့သို့ အဖြစ်အပျက်များကို ကြိမ်ဖန်များစွာ မြင်ဖူးပြီးသားဖြစ်ပါသည်။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ယူသည်မှာ ထုံးစံသာဖြစ်သည်
ပရိတ်သတ်ကတော့ ဘာဖြစ်ဖြစ်အရေးမလုပ်ပ။ သူတို့သည် အချိန်ဖြုန်းချင်၍ ပွဲလာကြည့်ကြသူများ ဖြစ်ကြသည်။
“ ပြီးခဲ့တဲ့တိုက်ပွဲတုန်းက လုမိသားစုတွေ ရှုံးထားတာမဟုတ်လား…ဒီတစ်ခေါက်လည်း နိုင်မှာ မဟုတ်ပါဘူး” ယိရှီကပြောလိုက်ပါသည်။
“ဒါဆို လုမိသားစုက ရှုံးမယ်ပေါ့”
“ထင်တာပဲ” ယိရှီလည်း မသေချာပါ။
“အဲဒါဆို လောင်းကြမယ်လေ”
“ဘာကိုလောင်းမှာလဲ” လူတစ်ယောက်က စကားဖြတ်ပြောလိုက်ပါသည်။
“ယိပင်းပါလား” ယိပင်း၏အသံကို ကြားသောအခါ ထိုလူ၏ လေသံပြောင်းသွားပါသည်။
ယိပင်းသည် ခဲဖြူရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပါသည်။ သူသည် အခုမှ မြို့ရိုးပေါ်ကို ရောက်လာခြင်းဖြစ်ပါသည်။ ယိပင်းလည်း အလောင်းအစားတွင် စိတ်ဝင်စားနေပါသည်။
ယိပင်းသည် ယိရှီနှင့်မတူပါ။ ယိပင်းသည် မြေမပိုင်သော်လည်း ဗေဒင်ပညာကျွမ်းကျင်သဖြင့် ကောင်းမွန်စွာ နေထိုင်ရပါသည်။ ထို့ပြင် သူ့အဖေကလည်း အရေးပါသူတစ်ယောက် ဖြစ်ပါသည်။ထို့ကြောင့် ယိပင်းသည် မိသားစုထဲတွင် ယိရှီထက် အဆင့်မြင်သူတစ်ယောက်ဖြစ်ပါသည်။
“ငါတို့လည်း တိုက်ပွဲအကြောင်းပြောနေကြတာ…လုမိသားစုက တစ်ခါရှုံးထားတော့ အခုလည်းရှုံးမယ်လို့ ယိရှီက ပြောနေတယ်” ယိရှီက သံယောင်လိုက်ပြီးပြောသည့်စကားကို ထိုလူက အခိုင်အမာကြီးပြောဆိုနေပါသည်။
“ငါပြောတာ အဲဒီလို မဟုတ်…” ယိရှီစကားဆုံးအောင်မပြောလိုက်ရပါ။
“အဲဒါဆိုရင် ငါသူနဲ့လောင်းမယ်” တစ်ယောက်က ဖြတ်ပြောလိုက်သည် “ငါ လုမိသားစုဘက်က လောင်းမယ်” ။
အစကတော့ ယိပင်းသည် အလောင်းအစားလုပ်ရန် စိတ်မဝင်စားပါ။ သို့သော် ယိရှီ၏ ဖောင်းနေသော ပိုက်ဆံအိတ်ကြီးကို မြင်ပြီးသွားသောအခါ၊ ယိပင်းစိတ်ပြောင်းသွားသည်။ “ငါလည်းပါမယ်…လုမိသားစုနိုင်သွားရင် အဲဒီပိုက်ဆံအိတ်ကို ငါတို့ယူမယ်…လုမိသားစုရှုံးသွားရင်၊ အဲဒီလို အိတ်မျိုးငါးအိတ်ပေးမယ်…ဘယ်လိုလဲ” ယိပင်းသည် ပိုက်ဆံကို ဂရုမစိုက်ပါ။ သူ့တွင် ယိရှီ
ကို အနိုင်ကျင့်ချင်သောစိတ်သာရှိပါသည်။
“ဒါပေမဲ့ ဒီနေ့ သူတို့မတိုက်ကြရင် ဘယ်လိုလုပ်မလဲ” ယိရှီကမေးလိုက်သည်။
“တိုက်မှာပါ…မီးတောက်ဦးချိုမျိုးနွယ်စုဝင်၂ယောက်နဲ့ ဝက်ဝံနက်တွေ အခုလာနေကြပြီ…မကြာခင်ရောက်တော့မှာ” ယိပင်းကပြောလိုက်ပါသည်။
ယိရှီက တစ်ခုခုပြောရန် ပြင်လိုက်သောလည်း၊ တစ်ယောက် ဖြတ်ပြောလိုက်သည် “သဘောတူတယ်…ယိရှီ မင်းပိုက်ဆံအိတ်ကိုပေးထား…ဒါမှမင်းထွက်ပြေးလို့မရမှာ”။
ယိရှီသည် သူ့ပိုက်ဆံအိတ်လေးကို နှမြောတသဖြင့် ဖြုတ်ပေးလိုက်သည်။ တစ်ယောက်က ပိုက်ဆံအိတ်ကို လှမ်းယူလိုက်ပြီး၊ ပိုက်ဆံများကို ရေတွက်လိုက်သည်။
“ကဲ…ယိရှီ…ဒီပိုက်ဆံအိတ်ကို ငါတို့အရင်
သိမ်းထားမယ်…လုမိသားစုရှုံးသွားရင် ပြန်ပေးမယ်” ယိပင်းသည် ပိုက်ဆံရေနေသောလူကို ခေါ်ပြီး မျှော်စင်ပေါ်သို့ တက်သွားကြသည်။ ယိရှီကိုတော့ ခေါ်မသွားကြပါ။
ထိုလူများ မျှော်စင်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသောအခါ၊ ယိရှီသည် ကြောက်လန့်နေရာမှ ပျော်ရွှင်သွားပါသည်။ “ပိုက်ဆံများများယူလာမိတာ တော်သေးတယ်…ငါးဆတောင်ပြန်ရမှာ…နောက်နှစ်မှာ စိုက်ခင်းစောင့်ပေးဖို့ မလိုတော့ဘူး”
ယိပင်းတို့သည် မျှော်စင်ပေါ်သို့ တက်သွားပြီး ထိုင်ခုံများတွင် နေရာယူလိုက်ကြပါသည်။ အပေါ်စီးမှ ကြည့်ရခြင်းသည် အရသာရှိသည် မဟုတ်ပါလား။
လုမိသားစုက အနိုင်ရမည်ကို သိနေသော်လည်း၊ အကျင့်ပါနေသဖြင့် ယိပင်းသည် သူ့ဗေဒင်ပညာဖြင့် ဟောကိန်းထုတ်ကြည့်လိုက်ပါသည်။
ယိပင်းသည် အကောင်းစားပိုးချည်ဖြင့်ယက်လုပ်ထားသော အိတ်လေးကို ထုတ်ယူလိုက်ပြီး၊ ဗေဒင်ဟောလျှင် အသုံးပြုသော ကျောက်စိမ်းတုံးလေးများကို သွန်ချလိုက်ပါသည်။
ဟောကိန်းထုတ်ကြည့်နေရင်းနှင့် ယိပင်း၏နဖူးတွင် ချွေးများ ပြန်လာပါသည်။
“ထောက်…”
ကျောက်သိမ်းတုံးလေးများ တစ်ခုနှင့် တစ်ခုဝင်တိုက်မိပါသည်။ ယိပင်းသည် ကျောက်စိမ်းတုံးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပါသည်။ ဟောကိန်းကို ကြည့်ပြီး သူ၏မျက်နှာကြီးနီရဲလာပါသည်။
“အလို” တခြားလူများ အံ့ဩသွားပါသည်။
ယိပင်းကခေါင်းခါလိုက်သည်။ သူ့အမူအရာမှ ခန့်မှန်း၍မရပါ။ တိုက်ပွဲအတွက် သူဟောကိန်းထုတ်၍မရပါ။
“ဘယ်လိုဖြစ်တာပါလိမ့်”
ဟောကိန်းထုတ်ခြင်းမအောင်မြင်လျှင်တောင်၊ အနည်းအကျဉ်းလောက်တော့ အဖြေထွက်ရမည် ဖြစ်သည်။
ယိပင်းက ဘာမှမပြောသဖြင့်၊ ကျန်သူများလည်း ဘာမှမပြောတော့ပါ။
“ရောက်လာကြပြီ…ရောက်လာကြပြီ” တစ်ယောက်က အော်လိုက်သည်။
အားလုံးလည်း စကားပြောနေကြသည်ကို ရပ်လိုက်ပြီး လမ်းမဘက်သို့ မျှော်ကြည့်လိုက်သည်။
ဝက်ဝံကြီးများသည် ပျင်းရိလေးကန်စွာဖြင့် တံခါးပေါက်ဆီသို့ လျှောက်လာနေကြသည်။
“ဝက်ဝံနက်တွေ ရောက်လာပြီ”
“ဒါဆို သူတို့ထွက်မပြေးဘူးပေါ့”
“လုမိသားစုက မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကို တိုက်မယ်ပြောထားတာလေ…ဘာလို့ ဝက်ဝံနက်တွေ ရောက်လာတာလဲ” တချို့ကတော့ နားမလည်နိုင်ကြပါ။
“ဝက်ဝံနက်တွေနဲ့ မီးတောက်ဦးချိုတွေ ပူးပေါင်းသွားပြီး”
“ဒါဆို လုမိသားစုက ဝက်ဝံနက်တွေကိုပါ တိုက်ရတော့မှာလား”
“ဒါပေါ့”
မီးတောက်ဦးချိုအဖွဲ့ဝင်၂ယောက်ကို မေ့သွားကြသည်။ လုပီကို အနိုင်ရထားသူကိုလည်း စိတ်မဝင်စားကြတော့ပါ။ လူအုပ်ကြီး၂ခု တိုက်ခိုက်မည်ကိုသာ စိတ်ဝင်စားနေကြတော့သည်။
ရှောက်ရွှမ်သည် ဝက်ဝံနက်များနှင့်အတူ
တံခါးပေါက်ဆီသို့ လျှောက်လာပါသည်။
လမ်း၏ တစ်ဖက်တစ်ချက်တွင် လူပေါင်းများစွာ ရောက်နေပါသည်။ တချို့မှာ လုမိသားစုဝင်များဖြစ်ပြီး၊ ရှောက်ရွှမ်ထွက်မပြေးနိုင်အောင် လာစောင့်နေကြခြင်းဖြစ်သည်။ ထိုသူများကို ကြည့်ရသည်မှာ အချိန်မရွေးတိုက်ခိုက်တော့မလို ဖြစ်နေပါသည်။
“ လင်လုမျိုးနွယ်စုက ဒီလောက်လူတွေ အများကြီးခေါ်လာမယ်လို့ မျှော်လင့်မထားဘူး” ရှောက်ရွှမ်က သက်ပြင်းချလိုက်သည်။
“တခြားလမ်းက သွားမယ်ဆိုလည်း အချိန်မီသေးတယ်နော်…ဒီလမ်းက သွားချင်မှ သွား” ဝက်ဝံနက်က လေးနက်စွာပြောလိုက်သည်။
“ငါတို့ ဒီနေ့မြို့ကထွက်မယ်ဆိုတာသိလို့ လုမိသားစုဝင်တွေက လူတွေများကြီးခေါ်လာတာ…မြို့တံခါးတွေကို ဒီကောင်တွေ ပိတ်ဆို့ထားတယ်”
ရှောက်ရွှမ်က ခေါင်းယမ်းလိုက်ပြီး “လမ်းဆက်လျှောက်ကြတာပေါ့”ဟုပြောလိုက်ပါသည်။
ဝက်ဝံနက်က သက်ပြင်းချလိုက်သည်။ တော်တော်ခေါင်းမာသည့် ရှောက်ရွှမ်ပင်ဖြစ်သည်။ရှောက်ရွှမ်သည် အန္တရာယ်အလွန်များသည့်လမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ဖြစ်ပေါ်လာမည့်အခြေအနေများကို ကြိုသိထားကြသော်လည်း၊ ဘယ်သူကမှ မရပ်ကြပါ။ သူတို့သည် တံခါးပေါက်ဆီသို့ လျှောက်လာကြပါသည်။
ရှောက်ရွှမ်ရောက်လာသောအခါ၊ အဖွဲ့၂ဖွဲ့သည် တံခါးပေါက်များကို ပိတ်ဆို့ထားလိုက်သည်။ သူတို့သည် ရှောက်ရွှမ်ကို ခြေထောက်အောက်က ပိုးကောင်တစ်ကောင်လို ကြည့်နေပါသည်။
“မင်းတို့က ငါ့ကိုတားရဲတယ်ပေါ့လေ” ဝက်ဝံနက်သည် ရှေ့တိုးလိုက်ပြီး ဓားကိုဆွဲထုတ်လိုက်သည်။ သို့သော် ရှောက်ရွှမ်က ဝက်ဝံနက်၏ လက်မောင်းကို ဆွဲထားပါသည်။
ဝက်ဝံနက်သည် ရှောက်ရွှမ်ကို ကြည့်ပြီး နားမလည်နိုင်ဖြစ်သွားသည်။ ရှောက်ရွှမ်က သူ့ကို နောက်ဆုတ်ရန်အချက်ပြလိုက်သည်။
ဝက်ဝံနက်သည် နောက်ပြန်လှည့်လိုက်သောအခါ၊ အခြားလူအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ လူအုပ်၏ အလယ်ခေါင်တွင် လင်လုမျိုးနွယ်စု၏ အဓိပတိကြီး လုကျုံးကိုတွေ့လိုက်ရပါသည်။
လုကျုံးသည် အရပ်မမြင့်သော်လည်း သူ့ကိုကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းနေပါသည်။ သူ့နားတွင် သွားရပ်မိလျှင်၊ ရပ်မိသူမှာ ဖိအားဒဏ်တော်တော်ခံရမည် ဖြစ်သည်။
လုမိသားစုအကြီးအကဲသည် သူ့လူများနှင့်ရောက်လာပါသည်။ မြို့ပြင်တွင်လည်း လုမိသားစုဝင်များရှိနေသဖြင့် ရှောက်ရွှမ်ထွက်ပြေးသွားမည်ကို လုကျုံးမစိုးရိမ်ပါ။ လမ်းများပိတ်ဆို့ထားရန် သူ့လူများကိုမှာထားပါသည်။ မီးတောက်
ဦးချိုမျိုးနွယ်စုဝင်၂ယောက် မြို့တော်ထဲကိုဝင်နိုင်ရန် တမင်လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ပါသည်။
လုကျုံးသည် ရှောက်ရွှမ်တို့ကို အရှင်ထားမည် မဟုတ်ပါ။ ထိုအကြောင်းအရာကိုသာ သိသွားပါက၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်၂ယောက်တို့သည် တိုက်ခိုက်ရဲတော့မည် မဟုတ်ပါ။
အရင်တုန်းကတော့၊ ဘုရင့်မြို့တော်သို့ လာသောလမ်းတွင် မီးတောက်ဦးချိုမျိုးနွယ်စုကို ကြောက်နေရသည်။ အခုတော့ သူတို့သည် ဘုရင့်မြို့တော်သို့ ရောက်နေပြီဖြစ်ပါသည်။ ဘုရင့်မြို့တော်သည် မြို့ကြီး၆မြို့မှ မင်းမျိုးမင်းနွယ်များ၏ ပိုင်နက် ဖြစ်ပါသည်။
သူတို့သည် မြို့ကြီး၆မြို့၏ အစောင့်အရှောက်အောက်တွင် ရှိနေပါသည်။ မြို့ကြီး၆မြို့မှလူများသည် မီးတောက်ဦးချိုများနှင့် လုမိသားစုယှဉ်လာလျှင်တော့ လုမိသားစုဘက်ကသာ ပါဝင်မည် ဖြစ်ပါသည်။ ပွဲလာကြည့်သောသူများကလည်း သူတို့ကိုသာ ထောက်ခံကြမည် ဖြစ်
ပါသည်။
လုကျုံးသည် ဝက်ဝံနက်ကိုကြည့်နေရာမှ ရှောက်ရွှမ်ကိုကြည့်လိုက်သည်။ ထို့နောက် အေးစက်သောလေသံဖြင့် “ဒီကိစ္စက လုမိသားနဲ့ မီးတောက်ဦးချိုမျိုးနွယ်စုရဲ့ ကိစ္စပ…မဆိုင်တဲ့သူတွေထွက်သွားကြပါ” ပြောလိုက်သည်။
သူ့ဆိုလိုရင်းမှာ ဝက်ဝံနက်ကို ထွက်သွားစေချင်သော ဆိုလိုရင်းဖြစ်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်၂ယောက်သာ ရှိသော်လည်း၊ လုကျုံးက မီးတောက်ဦးချိုမျိုးနွယ်စုတစ်ခုလုံးနှင့် တိုက်ရတော့မလို ပြောနေပါသည်။
ဝက်ဝံနက်သည် ပြုံးလိုက်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်ကာ “အားလုံး နားထောင်ကြပါ…ငါတို့ကို တားဆီးတဲ့သူမှန်သမျှ အကုန်သာသတ်ပစ်…အများဆုံးသတ်နိုင်တဲ့လူကို ဆုချမယ်ဟေ့”ဟုအော်ပြောလိုက်ပါသည်။
ဝက်ဝံနက်သည် ဆုတ်ခွာသွားမည်ဟု လု
မိသားစုကထင်ထားသော်လည်း၊ ဝက်ဝံနက်က တိုက်ခိုက်ရန်ပြောနေပြီဖြစ်သည်။
လုမိသားစုဝင်များ မျက်နှာပျက်သွားပါသည်။
“ငါတို့ဘိုးဘေးတွေ ဘာမှခဲ့လဲ ဝက်ဝံနက်က ထပ်အော်လိုက်ပါသည်။
ဝက်ဝံနက်အဖွဲ့ဝင်များက “ ရန်သူကို ဘယ်တော့မှ အရှုံးမပေးရဘူး”ဟု အော်လိုက်ပါသည်။
“ကျား…”ဝက်ဝံနက်များ၏ မာန်သွင်းသံများထွက်ပေါ်လာပါသည်။
ဝက်ဝံနက်များကိုကြည့်ပြီး အနားတွင်ရှိသော လူများတိရစ္ဆာန်များသည် ကြောက်ရွံ့သွားကြပါသည်။ “ဝက်ဝံနက်တွေက တိုက်ပွဲထဲဝင်ပါတော့မှာလား…အရင်တစ်ခေါက်တုန်းကတော ဝင်မပါပါဘူး”
ပရိသတ်များသည် ကြုံတောင့်ကြုံခဲတိုက်ပွဲကို မြင်ရတော့မည် ဖြစ်သည်။
လုကျုံး၏ မျက်နှာတည်သွားပါသည်။ ဝက်ဝံနက်များသည် ဘုရင့်မြို့တော်တွင် နေကြကြောင်း သူသိထားပါသည်။ သူ့ဆန္ဒအရဆိုလျှင်တော့ ဝက်ဝံနက်များကို မတိုက်ခိုက်ချင်ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်၂ယောက်ကို ဝက်ဝံနက်များက ကာကွယ်ပေးမည်ဟု သူမျှော်လင့်မထားပါ။
“ဘယ်တုန်းက သမီးယောက်ဖတွေ ဖြစ်သွားကြတာလဲ”
လုကျုံးသည် ဝက်ဝံနက်များကို တိုက်သင့်၊မတိုက်သင့် စဉ်းစားနေပါသည်။ ထိုအချိန်တွင် “ ဒီနေ့ကိစ္စက ကျွန်တော်နဲ့ လင်လုမျိုးနွယ်စုအကြီးအကဲ နှစ်ယောက်ချင်း ရှင်းရမယ့်ကိစ္စပါ” ရှောက်ရွှမ်ကပြောလိုက်ပါသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၅၀) လျှပ်တပြတ်ရိုက်ချက်
လုကျုံးကလည်း ရှောက်ရွှမ်ထိုသို့ ပြောသည်ကို ကြားချင်နေခြင်း ဖြစ်သည်။
ဝက်ဝံနက်ကို တိုက်ခိုက်ရန် အသင့်ပြင်ထားသော်လည်း၊ ရှောင်လွှဲနိုင်မည်ဆိုပါက ရှောင်လွှဲသွားမည် ဖြစ်သည်။ ဝက်ဝံနက်များနှင့် တိုက်ပွဲဖြစ်လျှင် သူတို့ ရှုံးချင် ရှုံးသွားနိုင်ပါသည်။ တစ်ယောက်ချင်းတိုက်ခိုက်ခြင်းက အနိုင်ရနိုင်ချေပိုရှိပါသည်။
အခုတော့ ရှောက်ရွှမ်က တစ်ယောက်ချင်းတိုက်မည်ဟုဆိုလာသဖြင့် လုကျုံးအလုပ်ရှုပ်သက်သာသွးပါသည်။ လုကျုံးရှုံးနိမ့်သွားလျှင်လည်း၊ သူ့လူများက ရှောက်ရွှမ်ကို ဝင်တိုက်မည်သာ ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် လုမင်နှင့် တိုင်ပင်ပြီးသား ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အရှက်ကင်းမဲ့ခြင်းမဟုတ်ဘဲ၊ နည်းဗျူဟာ
မြောက်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
မီးတောက်ဦးချိုချာတိတ်လေးမှာ ထူးဆန်းသည်ဟု လုပီက လုကျုံးကို ပြောပြထားပြီးသားဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ သူတို့ကတော့ ထိုချာတိတ်လေးကို သတ်ပစ်မည်သာ ဖြစ်ပါသည်။
ရှောက်ရွှမ်သည် လုကျုံးကို အနိုင်ယူနိုင်မည်ဆိုလျှင်တောင်၊ တိုက်ခိုက်ရင်းနှင့် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပါသည်။ ထိုသို့ဒဏ်ရာရသွားလျှင်၊ ကျန်သူများက ရှောက်ရွှမ်ကို လွယ်ကူစွာသတ်ပစ်နိုင်မည် ဖြစ်သည်။ သို့သော် ဝက်ဝံနက်များဝင်မပါအောင်တော့ တားဆီးရမည် ဖြစ်သည်။
အခုအချိန်ထိတော့ အရာအားလုံးသည် လင်လုမျိုးနွယ်စု စီစဉ်ထားသလို ဖြစ်နေပါသည်။
“ဒါပေမဲ့ ကျွန်တော် တစ်ခုတော့တောင်းဆိုချင်တယ်” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
“ပြောပါ” အရာအားလုံး စီစဉ်ထားသလို ဖြစ်လာသဖြင့် လုကျုံး စိတ်ကြည်နေပါသည်။
“တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုတွေအတွက် ခင်ဗျားတို့ လျော်ရမယ်” ရှောက်ရွှမ်ကပြောလိုက်ပါသည်။
“ကောင်းပြီ” အကယ်၍ တိုက်ပွဲကြောင်း မြို့ရိုးပျက်စီးသွားလျှင်တောင်၊ ပြန်လည်ပြင်ဆင်ပေးရန်မှာ လင်လုမျိုးနွယ်စုများအတွက် မခက်ခဲပါ။
ရှောက်ရွှမ်နှင့် လုကျုံးတို့၏ စကားသံများကို အားလုံးကြားနေရပါသည်။
ထိုအချိန်တွင် မျှော်စင်ပေါ်မှ သစ်သီးသုံးလုံးသည် ရှောက်ရွှမ်ဆီသို့ လွင့်ပျံထွက်လာသည်။
ရှောက်ရွှမ်က ဦးခေါင်းကို တိမ်းပြီး ရှောင်လိုက်သည်။
အနီရောင်သစ်သီးများသည် မြေပြင်ပေါ်ပြုတ်ကျသွားပြီး၊ သစ်သီးရည်များ မြေပြင်ပေါ်တွင် ပေကျံကုန်ပါသည်။
မျှော်စင်ပေါ်မှလူများသည် ပွဲကြည့်ချင်သဖြင့် အစောကြီး ထလာကြသူများ ဖြစ်သည်။ သူတို့သည် လုမိသားစုနှင့်ဝက်ဝံနက်များတိုက်ခိုက်သည်ကို မြင်ချင်နေကြပါသည်။ လူ၂ယောက်တည်းတိုက်ခိုက်သည်ကို မကြည့်ချင်ပါ။ ထို့ကြောင့် စိတ်ပျက်သွားသော ပရိတ်သတ်တချို့က ၂ယောက်တည်းတိုက်ရန် အဆိုပြုသော ရှောက်ရွှမ်ကို သစ်သီးများနှင့် လှမ်းပေါက်ခြင်း ဖြစ်ပါသည်။
သို့သော် ၂ယောက်ချင်းတိုက်မည်ကို ကြည့်လိုသောလူများလည်း ရှိပါသည်။ ရှောက်ရွှမ်သည် လုပီကို အခက်အခဲမရှိ အနိုင်ယူခဲ့သည် သတင်းများထွက်နေပါသည်။ လုမိသားစု၏ အကြီးအကဲနှင့် ရင်ဆိုင်ရလျှင်၊ ရှောက်ရွှမ်ဘာလုပ်မလဲ သိချင်နေကြသည်။ ပါးနပ်သူများကတော့ ရှောက်ရွှမ်သည် မြို့ထဲမှ အရှင်ထွက် ထွက်ရမည်မဟုတ်
ကြောင်း ကြိုသိနေကြပါသည်။ ရှုံးရှုံးနိုင်နိုင်၊ ရလာဒ်ကတော့ တူညီနေမည် ဖြစ်သည်။
ဝက်ဝံနက်ကလည်း ထိုအချက်ကို သိပါသည်။ ထို့ကြောင့် ဝက်ဝံနက်သည် စိန်ခေါ်မှုကို လက်ခံလိုက်သည့် ရှောက်ရွှမ်ကို နားမလည်နိုင်ဖြစ်နေပါသည်။
“နောက်ဆုတ်ကြ” ရှောက်ရွှမ်က ဝက်ဝံနက်နှင့် ကွမ်းယီတို့ကို လှမ်းပြောလိုက်သည်။
ဝက်ဝံနက်သည် ဘာမှမပြောတော့ဘဲ သက်ပြင်းသာချလိုက်ပါသည်။ အခုအချိန်တွင် သူဘာပြောပြော အရာထင်မည် မဟုတ်ပါ။ ချာတိတ်လေး တစ်ခုခုဖြစ်လျှင်တော့ သူဝင်ကူရမည် ဖြစ်သည်။
“ဆုတ်ဦး” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
“ဘာတွေလုပ်နေတာလဲ” ဝက်ဝံနက်က အော်လိုက်ပါသည်။
“နည်းနည်းထပ်ဆုတ်ဦး” ရှောက်ရွှမ်က ထပ်ပြောလိုက်ပါသည်။
ဝက်ဝံနက် ဘာမှမပြောတော့ပါ။ ထိုမျှဝေးကွာသွားပါက၊ တစ်ခုခုဖြစ်လျှင် ဝင်ကူဖို့ အချိန်မီပါ့မလား။
ရှောက်ရွှမ်သည် နောက်ဆုတ်ရန် ဝက်ဝံနက်ကိုသာမဟုတ်၊ ကွမ်းယီကိုလည်း ပြောပါသည်။
“ မီးစင်ကြည့်ကကြတာပေါ့” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
“ငါတို့က ဒီလောက်အဝေးကြီးကို ရောက်သွားတာ ဘာကိုမီးစင်ကြည့်က ရဦးမှာလဲ”
တိုက်ပွဲကြောင့် ကုန်ပစ္စည်းများ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သောကြောင့်၊ ဝက်ဝံနက်သည် သူ၏ ကုန်သည်အဖွဲ့ကို နောက်ဆုတ်ခိုင်းလိုက်ပါသည်။
မျှော်စင်ပေါ်တွင်တော့၊ ယိပင်းသည် ကျောက်စိမ်းတုံးများဖြင့် အနိုင်ရမည့်သူ့ကို ဟောကိန်းထုတ်ကြည့်နေပါသည်။ သို့သော် သူလိုချင်သော အဖြေထွက်မလာပါ။
လုကျုံးသည် သူ့လူများအား ဝက်ဝံနက်ကို စောင့်ကြည့်နေရန် မျက်ရိပ်ပြလိုက်သည်။ ဝက်ဝံနက် ဝင်ပါ၍ မဖြစ်ပါ.၊
“ငါက လုမိသားစုရဲ့ အကြီးအကဲ လုကျုံးပဲ” လုကျုံးသည် ရှေ့တိုးလာပြီး ကျယ်လောင်စွာ အော်ပြောလိုက်ပါသည်။ တိုက်ပွဲပြီး၍ ရလာဒ်ထွက်ပေါ်လာလျှင် ဘာလုပ်မည်ကို မပြောဘဲ၊ သူ့နာမည်ကိုသာ ဘုရင့်မြို့တော်မှ လူများသိအောင် အော်ပြောနေပါသည်။
ကွမ်းယီနှင့် ကျန်သူများ နောက်ဆုတ်သွားသည်ကို တွေ့သောအခါ၊ ရှောက်ရွှမ်က “မီးတောက်ဦးချိုမျိုးနွယ်စုက ဝါစဉ်ကြီးပုဂ္ဂိုလ် ရှောက်ရွှမ်ပါ”ဟုပြောလိုက်ပါသည်။
“ဝါစဉ်ကြီးပုဂ္ဂိုလ် ဟုတ်လား”
“ဝါစဉ်ကြီးပုဂ္ဂိုလ်ကလည်း ငယ်ငယ်လေး”
လုကျုံးကို တစ်ယောက်ချင်းတိုက်ရန် စိန်ခေါ်ရဲသူဖြစ်သဖြင့်၊ လုပီကို အနိုင်ယူခဲ့သည်မှာ အဆန်းမဟုတ်တော့ပါ။
ထိုအချိန်တွင် လေပြင်းတစ်ချက်တိုက်ခတ်သွားပါသည်။ မြို့ပြင်တွင် ရှိသော မရိတ်သိမ်းရသေးသည့် ကောက်ပဲသီးနှံများသည် လေယူရာယိမ်းနွဲ့နေကြသည်။
မြို့တော်ထဲတွင်တော့ အသံများတိတ်ဆိတ်သွားသလို အခြေအနေကလည်း ပိုမိုတင်းမာလာ၏။
“မင်းက အငယ်ဆိုတော့ မင်းအရင်စတိုက်ပါ” လုကျုံးက သဘောထားကြီးဟန်ဖြင့် ပြောလိုက်ပါသည်။ အမှန်တော့ သူသည် တိုက်စစ်ထက် ခံစစ်
ကို အားသာသူဖြစ်ပါသည်။
“မဟုတ်တာ…ခင်ဗျားက အိုနေပြီဆိုတော့ ခင်ဗျားပဲ အရင်စပါ” ရှောက်ရွှမ်က နေရာမှ မရွေ့ပေ။
လုကျုံးသည် မအိုသေး၊ ကွမ်းယီနှင့် အသက်အတူတူလောက်သာ ရှိဦးမည်။
လုကျုံး၏ အကြည့်များသည် အေးစက်သွားပြီး၊ နှုတ်ခမ်းများက ရှောက်ရွှမ်ကို လှောင်သလို ပြုံးနေပါသည်။ သို့သော် သတိဝီရိယတော့မပေါ့ဆရဲချေ။
“ကောင်းပြီလေ…အရင်တိုက်ဆိုတော့လည်း တိုက်ရုံပေါ့…ဘာမဟုတ်တဲ့ ချာတိတ်လေးတစ်ကောင်ကို ကြောက်နေစရာလား”
“ ဓားမထုတ်ဘူးလား…”
ရှောက်ရွှမ်သည် အလွန်ထူးဆန်းသည်ဟု လု
ကျုံးခံစားလိုက်ရပါသည်။ ကုန်းကျားဟိန်းသည် ထိုချာတိတ်လေးကို ဓားတစ်ချောင်းပေးထားသည် မဟုတ်ပါလား။
“ခင်ဗျားကို အနိုင်ယူဖို့ ဓားထုတ်စရာ မလိုပါဘူး” ရှောက်ရွှမ်က မလှုပ်ရှားသေးပါ။
လုကျုံးတင်မဟုတ်၊ ထိုစကားကိုကြားသောအခါ ဝက်ဝံနက်နှင့် ကွမ်းယီပါ မျက်မှောင်ကြုံ့သွားသည်။
ဝိုင်းကြည့်နေသူများအားလုံးလည်း “ဒီကောင်လေး ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက် အထင်ကြီးနေတာလဲ”ဟုတွေးနေမိပါသည်။
လုမိသားစုဝင်များကတော့ အချင်းချင်းတီးတိုးပြောနေကြပါသည်။ တစ်ခုခုတော့မှားနေပြီ ထင်သည်။ အနားတွင် အခြားမီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်ရှိနေသလား။
လုကျုံးက အနားတွင်ရှိသော လုမိသားစုဝင်
များကို မျက်လုံးပြူးပြလိုက်သည်။ လုမိသားစုဝင်များက ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအခါ အားလုံးသည် စီစဉ်ထားသလို ဖြစ်နေသေးကြောင်း သိလိုက်ရသဖြင့်၊ လုကျုံးအနည်းငယ် စိတ်အေးသွားပါသည်။
“မင်းက ဓားမသုံးဘူးဆိုတော့ ငါလည်းမသုံးရုံပေါ့ကွာ” လုကျုံးက ပြောလိုက်ပါသည်။
ထို့နောက် လုကျုံး၏မျက်လုံးများ အရောင်တောက်လာပြီး၊ နတ်အမှတ်အသားများ ပေါ်ထွက်လာပါသည်။ သူ၏မျက်နှာပေါ်မှ နတ်အမှတ်အသားများမှာ ကြောက်ဖို့ကောင်းသလို၊ နားထင်သွေးကြောကြီးများလည်း ထောင်ထလာပါသည်။ ထိုနောက် လက်ချောင်းများကို ကွေးချည်၊ဆန့်ချည် ပြုလုပ်လိုက်သောအခါ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာပါသည်။ နှာခေါင်းမှာလည်း မြင်းကြီးတစ်ကောင်လို နှာမှုတ်သံများ ထွက်ပေါ်နေပါသည်။ လုကျုံးစတင်တိုက်ခိုက်တော့မည် ဖြစ်သည်။
“ဝုန်း”
“ဝုန်း”ခနဲ မြည်သွားသံနှင့်အတူ၊ လုကျုံးသည် ခြေတစ်ချက်ဆောင့်လိုက်ပြီး လေထဲသို့ ခုန်တက်သွားသည်။ ထို့နောက် ရှောက်ရွှမ်ဆီသို့ ခုန်ဝင်သွားပါသည်။
သူ၏ လက်ဆယ်ချောင်းသည် ဒရယ်ကြီးတစ်ကောင်၏ ဦးချိုများလို သန်မာလှပါသည်။ လုကျုံးသည် သူ၏ပစ်မှတ်ကို တိုက်ခိုက်ရန် လက်ချောင်းများနှင့် ချိန်ရွယ်ထားပါသည်။
လုကျုံးစတင်လှုပ်ရှားလာသောအချိန်တွင်၊ ရှောက်ရွှမ်ကလည်း နတ်စွမ်းအင်များကို နှိုးထလိုက်ပြီး၊ အတွင်းအားများကို အစွမ်းကုန်ထုတ်လိုက်ပါသည်။
ထိုအခါ သူ့တကိုယ်လုံးရှိ သွေးများဆူပွက်လာပြီး၊ သူ၏ အသွေးအသား၊ ကြွက်သားများသည် အတွင်းအားများနှင့် ပြည့်လာပါသည်။
ရှောက်ရွှမ်၏တကိုယ်လုံးကို မီးတောက်နှင့်တူသော နတ်အမှတ်အသားများက လွှမ်းခြုံသွားပါသည်။
ရှောက်ရွှမ်သည် ခြေ၂ချောင်းကို ချဲ၍ ရပ်နေပြီး၊ ညာဖက်လက်ဖြင့် သူ့ကို တိုက်ခိုက်လာသော လုကျုံးကို ချိန်ရွယ်လိုက်ပါသည်။
ရှောက်ရွှမ်သည် လုကျုံး၏ တိုက်ခိုက်မှုကို ကြီးမားလှသော အတွင်းအားများဖြင့် ရင်ဆိုင်တော့မည် ဖြစ်သည်။
“ဒီကောင်လေးက မနိုင်ဝန်ထမ်းနေတာပဲ” ကြည့်နေသောလူအားလုံး ရေရွတ်လိုက်မိသည်။
လုမိသားစု၏ အားသာချက်မှာ အတွင်းအားပင်ဖြစ်ပါသည်။
မျှော်စင်ပေါ်မှ ကျိယွမ်နှင့် ကျိကျင်းတို့သည် တိုက်ပွဲကို ကြည့်ရင်း စိတ်လှုပ်ရှားနေကြပါသည်။ တိုက်ပွဲတွင် ရှောက်ရွှမ် အရေးနိမ့်သွား
ပါက၊ သူတို့သည် အခွင့်ကောင်းယူပြီး ရှောက်ရွှမ်ကို အကျပ်ကိုင်ရန် စီစဉ်ထားပါသည်။ ရှောက်ရွှမ်သည် ကျိကျွီ၏ လျှို့ဝှက်ချက်များကို ပြောပြမည်ဆိုပါက၊ သူတို့သည် ရှောက်ရွှမ်ကို ကူညီမည်ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေများအရတော့ သူတို့သည် ရှောက်ရွှမ်ကို အကျပ်ကိုင်ရန် အခွင့်အရေးရချင်မှ ရနိုင်တော့မည် ဖြစ်သည်။
စဉ်းစားဥာဏ်ရှိသူဆိုလျှင် ထိုမျှကြီးမားလှသော အတွင်းအားကို ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ပါ။ သို့သော် ချာတိတ်လေးကတော့ နေရာမှ မရွေ့ဘဲ မတ်တပ်ရပ်နေပါသည်။
သို့သော် လုကျုံးကတော့၊ ရှောက်ရွှမ်၏အပြောင်းအလဲကို သတိထားလိုက်မိသည်။
လုကျုံးနားမှ လေထုသည် သွေးခဲမတတ် အေးစက်သွားပါသည်။ လုကျုံးရင်ထိတ်သွားသော်လည်း၊ ရှောင်တိမ်းရန် နောက်ကျသွားပြီ ဖြစ်သည်။ သူသည် လေထဲကို ခုန်တက်လျက်သားဖြစ်နေသဖြင့်၊ ခန္ဓာကိုယ်မှာ မငြိမ်မသက်ဖြစ်
သွားပါသည်။ လုကျုံးသည် ဆူနာမီလှိုင်းလုံးကြီးကို ရင်ဆိုင်ရသလို ခံစားလိုက်ရသည်။
ရှောက်ရွှမ်ကတော့ မလှုပ်ရှားသေးပါ။ သို့သော် ရှောက်ရွှမ်၏ လက်မောင်းတစ်ဖက်ကတော့ မီးတောက်များနှင့် ရစ်ပတ်ထားသလို ဖြစ်နေပါသည်။
မျက်မှောင်ကြုံ့နေသော ကွမ်းယီသည် တစ်စုံတရာကို စဉ်းစားမိသွားပြီး၊ နောက်ကို ၁၀မီတာခန့်ဆုတ်သွားပါသည်။ ထို့နောက် မလုံလောက်သေးဟု ယူဆပြီး နောက်ကို ထပ်မံဆုတ်သွားပေသည်။
“ဝုန်း…”
အတွင်းအားလှိုင်းကြီး၂ခု တိုက်ခိုက်မိကြပြီး၊ နားကွဲမတတ် ကျယ်လောင်သော အသံကြီးတစ်ခုထွက်ပေါ်လာပြီး၊ အနားရှိမြေပြင်မှာ တုန်ခါသွားပါသည်။ လူများသာမဟုတ်၊ ကုန်များကိုသယ်ဆောင်လာသော ဝက်ဝံများပင် ထိတ်လန့်ပြီး၊ ဖင်ထိုင်ရက် လဲကျကုန်ကြသည်။
ရှောက်ရွှမ်၏ ခြေထောက်အောက်မှ မြေပြင်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပါသည်။ မြေပြင်ပေါ်ပြုတ်ကျနေသော အနီရောင်သစ်သီးများကတော့ အငွေ့ပျံကုန်ပါသည်။ မမြင်ရသောလက်တစ်ဖက်က မြေကြီးကို ရိုက်လိုက်သလို၊ မြေပြင်ပေါ်မှ ကျောက်ခဲသလဲများ လွင့်စင်ထွက်ကုန်၏။
လေတိုးသံများ တဟူးဟူးထွက်ပေါ်လာပြီး၊ မြို့တံခါးပေါက်တွင် စောင့်နေသော လုမိသားစုဝင်များ၏ ခန္ဓာကိုယ်များ လေထဲတွင် လွင့်ပျံကုန်သလို၊ ခန္ဓာကိုယ်မှ အရိုးများကျိုးသောအသံများ ထွက်ပေါ်လာပါသည်။
ထိုနားတွင်ရှိသော လူအားလုံး ထိခိုက်ဒဏ်ရာရကုန်ပါသည်။ ခပ်ဝေးဝေးတွင်ရောက်နေသူများကတော့ အဖြစ်အပျက်ကို ကြည့်ပြီး ကြက်သီးမွှေးညှင်းများ ထကုန်ကြသည်။
မြင့်မားသော မြို့ရိုးကြီးသည် ဘက်ပေါင်းစုံမှ
တိုက်ခတ်နေသော လေစီးကြောင်းများ၏ ဒဏ်ကို ခံနေရပါသည်။ အတွင်းအားလှိုင်းများက မြို့ရိုးကြီးကို တစ်လုံးပြီးတစ်လုံးရိုက်ခတ်နေပါသည်။
မျှော်စင်ပေါ်တွင်တော့ ခုံများ၊စားပွဲများ၊ ခွက်များအားလုံး မြေပြင်ပေါ်သို့ ကျကွဲကုန်ပြီဖြစ်သည်။
ရှောက်ရွှမ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသော လုကျုံးကတော့ လေထဲကို လွင့်စင်ထွက်သွားပါသည်။
ဘုရင့်မြို့တော်မှ လူများသည် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သောအခါ၊ လေထဲတွင် လွင့်ပျံနေသော လုကျုံးကို မြင်လိုက်ရပါသည်။ သူတို့၏ မျက်လုံးများက လေထဲ လွင့်ပျံသွားသော လုကျုံး၏ ခန္ဓာကိုယ်ကြီးနောက်သို့ လိုက်ပါသွားပါသည်။
ဘုရင့်မြို့တော်မှ လူများ၏ စိတ်ထဲတွင် လုပီ
ရှုံးနိမ့်ခဲ့သည့်အဖြစ်ကို မေ့သွားပြီး၊ လုကျုံးလေပေါ်ပျံနေသည့် မြင်ကွင်းကို စိတ်ထဲစွဲသွားကြပြီ ဖြစ်သည်။
ပြင်းထန်စွာ တိုက်ခတ်နေသော လေများ ငြိမ်သက်သွားသောအခါ၊ အသံများအားလုံး တိတ်ဆိတ်သွားပါသည်။
“ဂျွတ်…ဂျွတ်…ဂျွတ်”
ထို့နောက် မြို့ရိုးမှ အသံများထွက်ပေါ်လာပြီး မြို့ရိုးတံတိုင်းတွင် အက်ကွဲကြောင်းများ ဖြစ်သွားတော့သည်။