အခန်း (၅၅)
Vol. 7 Ch. 55
🍼 Chapter 55
ချင်ချင်က တစ်ကြိမ်တည်းနှင့် အများကြီး မသယ်နိုင်တာကြောင့် အလုပ်ရှုပ်နေသည့် ပျားပိတုန်းလေးတစ်ကောင်လိုပင် ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေတော့သည်။
သူမ၏လွှမ်းမိုးမှုကြောင့် နင်နင်လည်း အဘိုးကောင်း ဘေးနားသို့ ပြေးသွားပြီး "နင်နင်လည်း ကူညီချင်တယ်" ဟု အသံကျယ်ကျယ်နှင့် ကြေညာလိုက်သည်။ သူ့ စကားပင် မဆုံးသေးခင်မှာပင် အဘိုးလက်ထဲမှ ပန်းကန်လုံးနှင့် ဇွန်းကိုဆတ်ခနဲ လုယူပြီး ထမင်းစားပွဲဆီသို့ ခုန်ပေါက်ပြေးသွားတော့သည်။
"ဖြည်းဖြည်းသွားဦး၊ ချော်လဲမယ်" ဟု အဘိုးကောင်းက စိုးရိမ်တကြီးနှင့် အကြိမ်ကြိမ် သတိပေးနေရသည်။
ကံကောင်းထောက်မစွာဖြင့် နင်နင့်လက်များက မြဲမြံလှပြီး အရာအားလုံးကို အမြန်နေရာချပေးလိုက်ရုံသာမက၊ ချင်ချင်ကိုလည်း စားပွဲပြင်ရာတွင် ကူညီပေးလိုက်သေးသည်။
လူကြီးများက ကလေးနှစ်ယောက်၏ အသိတရားရှိသော အပြုအမူကို မြင်ကြရသည့်အခါ ဒါရိုက်တာကောင်းနှင့် ဇနီးသည်တို့မှာ အတိုင်းထက်အလွန် ကျေနပ်ပီတိဖြစ်ရပြီး ချင်ချင်အပေါ်ထားသည့် သူတို့အကြည့်များကလည်း သိသိသာသာ နူးညံ့သွားခဲ့သည်။
"မိတ်ဆွေကောင်းဆိုတာ ဆရာကောင်းပဲတဲ့၊ နင်နင်လည်း ချင်ချင်ဆီကနေ အသိတရားရှိဖို့ သင်ယူနေပုံရတယ်"
"နင်နင်ကလည်း ကလေးကောင်းလေးပါပဲ" ဟု ဖူစစ်ကျင်းက အလိုက်သင့် ချီးကျူးလိုက်သည်။
မိသားစုဝင်များနှင့်အတူ ဧည့်သည်နှစ်ယောက်သည် ထမင်းစားပွဲတွင် ဝိုင်းဖွဲ့ထိုင်ပြီး စည်ကားလှသည့် ညစာကို အတူတူ သုံးဆောင်ခဲ့ကြသည်။
ရိုးရိုးသားသား ပြောရလျှင် ချင်ချင်တင်မကဘဲ ဖူစစ်ကျင်းကိုယ်တိုင်လည်း ဒီလိုစည်စည်ကားကားရှိသည့် မိသားစုအငွေ့အသက်က သိပ်ကိုနွေးထွေးသည်ဟု ခံစားမိသည်။
နှိုင်းယှဉ်ကြည့်လျှင် သူတို့အိမ်ကြီးက ရုတ်တရက် အလွန်ကြီးမားပြီး အထီးကျန်ဆန်လွန်းနေသလိုပင်။
မိသားစုထဲမှ လူတိုင်း အရမ်းအလုပ်ရှုပ်နေကြတာကြောင့် တစ်နေ့ သုံးနပ်စာကို လူစုံတက်စုံ စားဖို့ဆိုသည်မှာ ရှားပါးလှသည်။
အရွယ်ရောက်ပြီးသား ချင်ချင်အား အိမ်မှာတစ်နေကုန် ထိုင်ကာ ဘာမှမလုပ်ဘဲထိုင်နေသည့် သူဌေးကတော်တစ်ယောက်ဟု မထင်လိုက်ပါနှင့်။ တကယ်တော့ သူမတွင်လည်း ကိုယ်ပိုင်အလုပ်အကိုင် ရှိခဲ့သော်လည်း မတော်တ ဆမှုဖြစ်ပြီးနောက်တွင်မူ ဖူဟန် သူမ အလုပ်များကိုလက် လွှဲပြောင်းယူပေးခဲ့ရသည်။
ဒါမျိုးသာမဟုတ်လျှင် သူက အရင်ကထက် ပိုပြီး အလုပ်မရှုပ်နိုင်သလို၊ သူ့၏ သားကြီးကိုပင် ကြိုတင်ကူညီခိုင်းရန် ခေါ်လာစရာ မလိုပေ။
ဖူစစ်ကျင်း၏ အကြည့်များက ကောင်း၏အဘိုးအဘွားများ၏ ချော့မော့ကျွေးမွေးခြင်းကို ခံနေရသည့် ချင်ချင်ဆီသို့ မတော်တဆ ရောက်ရှိသွားပြီး၊ သူ့၏ အကြည့်များက တဖြည်းဖြည်း နူးညံ့လာသည်။
သူ့အမေ သေးငယ်သွားပြီးကတည်းက သူတို့မိသားစု စုဖြစ်တာ ပိုများလာသလို ထင်ရသော်လည်း၊ အားလုံးက ချင်ချင်ကို ပြုစုစောင့်ရှောက်ဖို့ပဲ အလုပ်ရှုပ်နေကြတာကြောင့် ဘယ်သူမှ တကယ်သတိမထားမိခဲ့ကြပေ။
ဒါပေမဲ့ မသိလိုက်မသိဘာသာနှင့်ပင် ချင်ချင်သည် သူတို့မိသားစုဆက်ဆံရေးအား ပိုမိုနီးကပ်စေသည့် သံယောဇဉ်ကြိုးလေးဖြစ်နေခဲ့သည်။
ဒါကြောင့်... ချင်ချင့် ပြောင်းလဲမှုက တကယ်တော့ သူတို့မိသားစုကို ကယ်တင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ခဲ့တာပင်။
"The Salvation of Lime" ဟု အမည်ပေးထားသည့် အဲဒီရုပ်ရှင်လိုမျိုးပါပဲ။
ကောင်းမိသားစုက သဘောကောင်းကြသော်လည်း ဖူစစ်ကျင်းနှင့် ချင်ချင်တို့အတွက်မူ တကယ့်အိမ်မဟုတ်ပေ။
ညစာစားပြီးနောက် ခဏမျှ ထပ်ထိုင်နေကြပြီးမှ ဖူစစ်ကျင်းက ချင်ချင်ကို ခေါ်ပြီး ပြန်ခဲ့သည်။
သူက နာရီဝက်ကြိုပြီး ဒရိုင်ဘာကို ဖုန်းဆက်ထားတာကြောင့် မကြာခင် ရောက်လာတော့မည်ဖြစ်သည်။
အောက်ထပ်တွင်မူ ဖူမိသားစု၏ကားသည် ဝင်းထဲမှ အဝင် ဝ၌ အမှန်ပင် ဆိုက်ရောက်နေပြီဖြစ်သည်။
ဖူစစ်ကျင်း အနည်းငယ် ပင်ပန်းနေသည့် ချင်ချင်အား ကားဆီသို့ ချီပြီး လျှောက်သွားလိုက်သည်။
ကားတံခါးနားသို့ မရောက်ခင်မှာပင် ကားမှန်က အလိုအ လျောက်ကျသွားသည်။ ကားထဲမှ လူကို ကြည့်ပြီး
ဖူစစ်ကျင်း အနည်းငယ် အံ့သြသွားသည်။
"ပါး ?"
"အင်း၊ တက်လေ"
ဖူဟန် ကားတံခါးကို ဖွင့်ပေးလိုက်ပြီး ချင်ချင်ကို သူ့အား ပေးချီရန်အချက်ပြလိုက်သည်။
ချင်ချင့် မျက်ခွံများလေးလံနေပြီး သိသိသာသာ အိပ်ငိုက်နေရှာပြီ။
တခြားတစ်ယောက်၏လက်ထဲသို့ ပြောင်းချီခြင်း ခံလိုက်ရတာတောင် သူ သိပ်ပြီးတုံ့ပြန်မှုမရှိဘဲ၊ ဖူဟန့် ရင်ခွင်ထဲတွင် ပိုပြီးသက်သောင့်သက်သာရှိမည့် အနေအထားကိုသာ အနည်းငယ်ပြင်လိုက်သည်။
သူ ကားထဲမှ စောင်ကိုအသာအယာယူပြီး ချင်ချင်ထံခြုံပေးလိုက်ကာ၊ သူမ အိပ်ပျော်သွားစေရန် ကျောလေးကို စည်းချက်မှန်မှန် ပုတ်ပေးနေသည်။
"အခြေအနေတွေ ဘယ်လိုလဲ"
သူ့သား ဒီနေ့ ဘာကြောင့် လာခဲ့သလဲဆိုတာ သူ သိသည်။
ချင်ချင် နိုးသွားမည်စိုးတာကြောင့် ဖူဟန် သူ့နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော အသံကိုတိုးတိုးလေးသာ ထိန်းပြောလိုက်သည်။ အဲဒီအသံက အိပ်မပျော်တပျော်ဖြစ်နေသည့် ချင်ချင့် နားထဲတွင် လာပြီး ယားကျိကျိဖြစ်နေစေသည်။
သူမက မျက်လုံးမှိတ်လျက်သားနှင့် နားရွက်ကို ကုတ်လိုက်ရာ၊ လက်ဖဝါးကြီးကြီးတစ်ခုက သူမ လက်လေးကို အသာအယာ ဆုပ်ကိုင်ပြီး စောင်အောက်ထဲသို့ သေချာ ပြန်ထည့်ပေးလိုက်သည်။ သူ ကလေးတစ်ယောက်ကို ချော့သိပ်သလိုမျိုး ချင်ချင်အား အသာအယာလွှဲပေးနေပြီး၊ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့မှ သားအဖနှစ်ယောက်က တိုးတိုးတိတ်တိတ် စကားဆက်ပြောကြသည်။
"ချင်ချင်ကြောင့် အားလုံးက အဆင်ပြေပြေ ပြီးသွားပါတယ်"
ဖူစစ်ကျင်း သူ့ဖခင်ဘေးတွင် ထိုင်ရင်း သူ့ရင်ခွင်ထဲမှ ချင်ချင်ကို ကြည့်ကာ မျက်ဝန်းများနူးညံ့နေသည်
"ဒါရိုက်တာကောင်းနဲ့ ရင်းနှီးမြှုပ်နှံမှု အသေးစိတ်ကို အတည်ပြုပြီးပါပြီ၊ စာချုပ်ကိုတော့ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါလောက်မှာ တရားဝင်လက်မှတ်ထိုးဖြစ်မှာပါ"
"အင်း၊ ဖေဖေကတော့ ဖျော်ဖြေရေးလောကအကြောင်း နားမလည်ဘူး၊ မင်း အလုပ်ကို မင်း သေချာစီမံခန့်ခွဲပါ"
ဖူဟန်ရဲ့လုပ်ငန်းစုမှာ ဖျော်ဖြေရေးလောကနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတစ်ခုမှမရှိပေ။ သူတို့သည် အိမ်ခြံမြေနှင့်ကုန်ထုတ်လုပ်ငန်းတွေကိုသာ အဓိကလုပ်ကိုင်ကြခြင်းပင်။ သူ အပျော်အပါးမက်တဲ့ လူစားမျိုးမဟုတ်တာကြောင့် အဲဒီတခြားလောကအကြောင်းကို နားမလည်ဘူးဆိုတာကိုလည်း အလွယ်တကူဝန်ခံခဲ့သည်။
ဒါက အမြဲတမ်း ဒီလိုပင်။ ဖူဟန်သည် သူ့သားသမီးတွေရဲ့ ရွေးချယ်မှုတိုင်းကို လေးစားပြီး၊ သူ့ရဲ့ မူဝါဒတွေကို မချိုးဖောက်သရွေ့တော့ သူ ဝင်ရောက်စွက်ဖက်လေ့မရှိချေ။
ဒါပေမဲ့ အဓိကအချက်ကတော့ သူ့သားသမီးတွေဟာ သူတို့ရွေးချယ်မှုရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို တာဝန်ယူနိုင်ရမှာဖြစ်သည်။
ဖူစစ်ကျင်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ဖွင့်တာနဲ့ ဖူစစ်ရှန်းက အန်နီမေးရှင်းစတူဒီယိုတစ်ခု ဖွင့်တာမျိုးတွေလိုပေါ့။
ဒါတွေက ဖူဟန် နားမလည်တဲ့ နယ်ပယ်များဖြစ်သည်။ သူက အဲဒီအရာတွေကို အထူးတလည် နှစ်သက်တာ ဒါမှမဟုတ် မုန်းတီးတာမျိုးမရှိပေမယ့်၊ သူ့သားတွေကြောင့် အဲဒီအရာတွေကိုလေးစားဖို့ သူ ရွေးချယ်နိုင်ခဲ့သည်။
သူ့ဇနီးနဲ့ မတူတာက...
ချင်ချင် အနည်းငယ် လှုပ်ရှားလိုက်ပြီး ဖူဟန်ရင်ခွင်ထဲကို ခေါင်းလေး ပိုတိုးဝင်လိုက်သည်။
ဖူဟန် ဆက်ပြီး စဉ်းစားမနေခင်မှာပဲ သူမကိုနောက်ထပ် အနည်းငယ်လောက် အသာအယာ ပုတ်ပေးနေလိုက်သည်။
သူ့ဇနီးနဲ့ မတူတာက၊ သူမသည် ကလေးများအား သူမ သတ်မှတ်ထားသည့် ‘မှန်ကန်တဲ့လမ်းကြောင်း’ ပေါ် ရောက်အောင် အမြဲတမ်းဆွဲခေါ်ဖို့ ကြိုးစားခဲ့ခြင်းပင်။
ဖူစစ်ကျင်း ရုတ်တရက် စကားပြောလာသည်။
"ပါး"
ဖူဟန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း မေးလိုက်သည်။
"ဘာဖြစ်လို့လဲ”
"အရင်ကတော့ ပါး ကျွန်တော်တို့အပေါ် လုံးဝလွတ်လပ် ခွင့်ပေးထားတာက ကျွန်တော်တို့ကို ယုံကြည်လို့လို့ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီနေ့တော့ ကျွန်တော့်မှာ ရုတ်တရက် တခြားအတွေးတစ်ခု ဝင်လာတယ်”
သူ့ရဲ့ ရှေ့နောက်မညီတဲ့ အတွေးတွေက လွန်ကဲနေသလို ခံစားလိုက်ရတာကြောင့် ဖူစစ်ကျင်း ရုတ်တရက် စကား ဆက်မပြောနိုင် ဖြစ်သွားရသည်။
"ငါတို့က သားအဖတွေပဲ၊ မင်း ဘာတွေ တွေးနေလဲဆိုတာ ပြောပြပါ"
ဖူဟန် သူ့သားရဲ့ ခံစားချက်တွေကို ဂရုတစိုက် နားထောင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
"ပါး၊ ကျွန်တော်တို့အပေါ် ပါး ထားရှိတဲ့ ‘လွှတ်ထားတဲ့’ သဘောထားနဲ့၊ မေမေ့အပေါ် ဖေဖေ အမြဲတမ်းလျစ်လျူ ရှုထားတာတွေက တကယ်တော့ မိသားစုအပေါ်တာဝန်မကျေတာလို့ ပါး မထင်ဘူးလား”
"ပါး ကျွန်တော်တို့ကို လွတ်လပ်ခွင့် ပေးထားတယ်လို့ထင်ရပေမယ့်၊ ပါး ကိုယ်တိုင်ကတော့ မိသားစုထဲကနေဖယ် ကြဉ်နေပြီး လမ်းသွားလမ်းလာ တစ်ယောက်လိုပဲ လှည့် လည်သွားလာနေတာ၊ တစ်ခါတလေဆိုရင် ကျွန်တော်တို့အိမ်က...ပါးအတွက် ခေတ္တတည်းခိုတဲ့ ဟိုတယ်တစ်ခုလိုများလားလို့တောင် တွေးမိတယ်"
သူ့သား၏ သိပ်ပြီးမပြင်းထန်လှသည့် ထိုမေးခွန်းမှာ သူ့နားထဲ ပဲ့တင်ထပ်နေဆဲပင်။
အိမ်ပြန်ရောက်ချိန် ဖူဟန်က ကုတင်အစွန်းမှာ တိတ်ဆိတ် စွာထိုင်နေမိသည်။ အခန်းထဲမှာ မှောင်ရိပ်သန်းနေပြီး၊ ပြတင်းပေါက် ကန့်လန့်ကာတွေကြားက တိုးဝင်လာတဲ့ အေးစက်တဲ လရောင်က သူ့ အထီးကျန်ဆန်သည့် အရိပ်ကို ရှည်လျားစွာထင်ဟပ်စေသည်။
"ချင်ချင် ရှုးသွားချင်လို့... ဦးဦး..."
ချင်ချင် ကလေးကုတင်လေးပေါ်မှာ သူ့ခြေထောက်လေးတွေကို ကန်ရင်း၊ နေမထိထိုင်မသာဖြစ်ကာ မျက်မှောင်လေးကြုတ်နေရှာသည်။
ဖူဟန် ချက်ချင်း ထလိုက်ပြီး သူမကိုအိမ်သာထဲသို့ ချီသွားခဲ့သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်ရာ၊ ချင်ချင်မှာ တစ်ကိုယ်လုံး စိုရွှဲသွားခဲ့သည်။
"ဝါး..."
ချင်ချင်က ငိုချင်စိတ်ပေါက်ကာ နှုတ်ခမ်းလေး စူလိုက်သည်၊ သူမ သိပ်ကိုရှက်သွားမိသည်။
ဒီနေ့ အပြင်မှာ ရေတွေအများကြီးသောက်ခဲ့ပြီး၊ ပြန်ရောက်တော့လည်း အိမ်သာမသွားမိတာက ကုတင်ပေါ် ဆီးသွားမိပြီး တစ်ကိုယ်လုံးပေပွသွားရတဲ့အထိဖြစ်ခဲ့ရသည် အားလုံး သူမအမှားပင်။
"မငိုနဲ့နော်၊ ရေချိုးလိုက်ရင် အဆင်ပြေသွားမှာပါ"
ဖူဟန် ချင်ချင့်ကို ရေချိုးပေးရင်း အသာအယာ ချော့မော့နေသည်။
ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် သူ ချင်ချင်အတွက် လဲလှယ်ဖို့ အဝတ်အစား သန့်သန့်တွေ ယူမလာခဲ့မိဘူး။ ဒါကြောင့် သူမကို တဘတ်နှင့်ပတ်ပေးထားပြီး ကုတင်ပေါ် တင်ထားလိုက်ကာ၊ မီးဖွင့်ပြီး သူမအတွက် အိပ်ယာဝင် အဝတ်အစား အသစ်တစ်စုံရှာဖို့ ဗီရိုကို ဖွင့်လိုက်သည်။
ချင်ချင် အဝတ်အစားတွေကို ဇနီးမောင်နှံနှစ်ဦးရဲ့ ဗီရိုကြီးထဲမှာ သိမ်းထားတာဖြစ်သည်။ ဘေးခန်းမှာ အဝတ်လဲခန်း သီးသန့်ရှိသော်လည်း၊ အဆင်ပြေစေဖို့အတွက် ခဏခဏ ဝတ်လေ့ရှိတဲ့ အဝတ်အစား အချို့ကိုတော့ ဒီဗီရိုထဲမှာပဲ ထားရှိကြသည်။
ဗီရိုအလယ်မှာ သေသေသပ်သပ် ချိတ်ထားတဲ့ အဝတ် အစားတွေကို အလွယ်တကူမြင်တွေ့နိုင်သည်။
ဖူဟန် အများကြီး ရှာနေစရာမလိုဘဲ ချင်ချင့်အိပ်ယာဝင်အဝတ်အစား တစ်စုံကိုဆွဲထုတ်လိုက်သည်။
သူ အလောတကြီး ဖြစ်သွားလို့ထင်ပါရဲ့၊ သူ့ဇနီးကုတ်အ င်္ကျီအား မတော်တဆတိုက်မိပြီး ပြုတ်ကျသွားသည်။
ဖူဟန် အမှတ်မဲ့ပဲ ကောက်ဖို့ ငုံ့လိုက်သော်လည်း၊ မထင် မှတ်ဘဲ ကုတ်အင်္ကျီအိတ်ထဲမှာ ထူးဆန်းသည့်စာရွက်တစ်ထပ်ကိုတွေ့လိုက်ရသည်။ ဒါက တစ်စုံတစ်ရာသော စာရွက်စာတမ်းတွေနှင့် တူနေသည်။
သူ ထိုစာရွက်စာတမ်းတွေကို ဆွဲထုတ်လိုက်ရာ၊ ထိပ်ဆုံးမှာ ရေးထားတဲ့ စာလုံးကြီးကြီးခေါင်းစဉ်က သူ့မျက်လုံးထဲသို့ ချက်ချင်းတိုးဝင်လာခဲ့သည်။
*လင်မယားကွာရှင်းပြတ်စဲခြင်း သဘောတူညီချက်*
သူ့လက်ချောင်းထိပ်လေးတွေ အနည်းငယ် တုန်ယင်သွားသည်။ ကျိုးကြောင်းဆင်ခြင်စိတ်က ဖူဟန့်အား ဆက်မကြည့်ဖို့ တားဆီးနေသော်လည်း၊ သူ့လက်တွေသည်နောက် ဆုံးစာမျက်နှာကို လှန်ကြည့်ပြီးသားဖြစ်နေခဲ့ပြီ။
ကွာရှင်းပြတ်စဲမှု လုပ်ငန်းစဉ်အတွက် နှစ်ဖက်စလုံး လက် မှတ်ထိုးရမယ့် နေရာမှာ၊ ကူးချင်ချင်ဆိုသည့် သေသပ်လှပသော စာလုံးသုံးလုံးကို ရှင်းလင်းစွာရိုက်နှိပ်ထားသည်ကို တွေ့လိုက်ရသည်။
"ဦးဦး ?"
ကုတင်ပေါ်မှာ အကြာကြီးစောင့်နေရတဲ့ ချင်ချင်သည် ဖူဟန် ကြမ်းပြင်ပေါ်မှာ အကြာကြီး ဆောင့်ကြောင့်ထိုင်ပြီး ဘာမှမလှုပ်ဘဲ ရှိနေသည်ကိုမြင်ချိန် မနေနိုင်ဘဲ လှမ်းခေါ်လိုက်မိသည်။
ရုတ်တရက် သတိပြန်ဝင်လာသလိုမျိုး ဖူဟန် ကွာရှင်း ပြတ်စဲခြင်း သဘောတူညီချက်ကို ချက်ချင်းဝှက်လိုက်ပြီး၊ ချင်ချင့် အိပ်ယာဝင်အဝတ်အစားများကိုယူကာ သူမကို ဝတ်ပေးလိုက်ရင်း ပြန်လည်အိပ်ပျော်သွားအောင် ချော့ မော့လိုက်သည်။
ချင်ချင် ပြန်လည်အိပ်ပျော်သွားတော့မှ ဖူဟန်သည် ကွာရှင်းပြတ်စဲခြင်း သဘောတူညီချက်ကိုကိုင်လျက် မူလနေရာသို့ ပြန်လာခဲ့သည်။
"မင်းလည်းပဲ... ငါက ဒီမိသားစုနဲ့ မထိုက်တန်ဘူးလို့ ခံစားနေရတာလား..."
"..."
မျှော်လင့်ထားသည့်အတိုင်းပင် မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
ဖူဟန် အခုချက်ချင်း အဖြေရှာရန် ရည်ရွယ်ချက်မရှိပါ။
သူသည် လက်ထဲမှစာရွက်အား စနစ်တကျနှင့် တဖြည်း ဖြည်းချင်း အပိုင်းပိုင်းဆုတ်ဖြဲလိုက်ပြီး အမှိုက်ပုံးထဲသို့ အကုန်လုံး သိမ်းကျုံးထည့်လိုက်သည်။
ဒီအကြောင်းတွေကိုလုံးဝမသိရှာသည့် ချင်ချင်မှာမူ သူ့၏ မျက်နှာလေးထက် ချိုမြိန်သောအပြုံးတစ်ခုနှင့်အတူ ဟိုဘက်ဒီဘက် လှည့်လိုက်ရင်း ကောင်းမွန်သော အိမ်မက်တစ်ခုမက်နေပုံရသည်။
-
နောက်တစ်နေ့မနက်တွင် ချင်ချင်သည် စိတ်ပျက်အားငယ်စရာ သတင်းတစ်ခုကိုကြားလိုက်ရသည်။
သူမ ဆေးရုံကို ဆေးသွားထိုးရမည်တဲ့။
ပိုပြီးတိတိကျကျပြောရလျှင် ကလေးကာကွယ်ဆေး ထိုးရမည်ဖြစ်သော်လည်း အခြေခံအားဖြင့်တော့ ဆေးထိုးရမှာပင်။
"မထိုးချင်ပါဘူး! မသွားချင်ဘူး! ဆေးမထိုးချင်ဘူး!"
စိတ်လှုပ်ရှားနေသည့် ကောင်မလေးမှာ ခေါင်းကို အတင်းခါယမ်းရင်း သုံးကြိမ်ဆက်တိုက် ငြင်းဆန်လိုက်သည်။
"ချင်ချင် လိမ္မာတယ်၊ ဆေးထိုးတာက လုံးဝမနာဘူး၊ စစ်ကျင်းကို ယုံနော်"
ဖူစစ်ကျင်း သူမကို ချော့မော့ရန် ကြိုးစားသော်လည်း၊ ဒီလိုကိစ္စမျိုးတွင် လူကြီးများ၏လိမ်ညာမှုကို မည်သည့်ကလေးမှ ယုံကြည်မည်မဟုတ်ပေ။
"မရဘူး၊ မရဘူး၊ မရဘူး၊ မရဘူး..."
ချင်ချင်မှာ ခေါင်းကို ဒရုန်းဒရုန်းမြည်အောင် ခါယမ်းနေပြီး တစ်ကိုယ်လုံးတွင် ငြင်းဆန်လိုစိတ်များ ပြည့်နှက်နေသည်။
"ဆေးမထိုးရင် နေမကောင်းဖြစ်လိမ့်မယ်" ဟု ဖူစစ်ချန်က တည်ကြည်သော မျက်နှာထားဖြင့် သူမကို ခြိမ်းခြောက်လိုက်သည်။
"ရှောင်ချန်တို့လည်း ဆေးမထိုးဘဲနဲ့၊ ရှောင်ချန်တို့ နေမကောင်းဖြစ်တာ ချင်ချင်တစ်ခါမှ မမြင်ဖူးပါဘူး" ဟု ချင်ချင် ခပ်ပြတ်ပြတ်ပင် ပြန်ချေပလိုက်သည်။
"သွားမှာလား၊ မသွားဘူးလား"
ဖူစစ်ချန်မှာ တဖြည်းဖြည်းနှင့် စိတ်ရှည်မှုကုန်ဆုံးလာရသည်။
"မသွားဘူး!"
ကောင်မလေးက သူ့ သဘောထားကို ခိုင်ခိုင်မာမာ ပြောလိုက်သည်။
"မင်း သွားချင်သည်ဖြစ်စေ၊ မသွားချင်သည်ဖြစ်စေ သွားရမှာပဲ!"
ဆာလောင်နေသည့် ကျားတစ်ကောင် သားကောင်ကို ခုန်အုပ်လိုက်သလိုမျိုး၊ အားနည်းပြီး သနားစရာကောင်းကာ အကူအညီမဲ့နေသည့် ချင်ချင်သည် ဖူစစ်ချန်၏အတင်းဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ကားထဲသို့အထည့်ခံလိုက်ရသည်။ သူ မည်မျှပင် ရုန်းကန်နေပါစေ အချည်းနှီးသာဖြစ်ခဲ့သည်။
"ဝါး..."
ကောင်မလေး ငိုယိုနေသဖြင့် ဖူညီအစ်ကိုနှစ်ယောက်မှာ စိတ်မကောင်းဖြစ်ရသော်လည်း၊ ဒီကိစ္စကတော့ သူတို့တကယ်ကို အလျှော့မပေးနိုင်သည့် အရာပင်။ မဟုတ်လျှင် နောင်တွင် ဆေးထိုးရန်ခေါ်သွားဖို့ ပိုမိုခက်ခဲသွားလိမ့်မည်။
ကလေးတိုင်းသည် ဤအဆင့်ကို ဖတ်ကျော်ရစမြဲဖြစ်ပြီး မည်သူမှ ရှောင်လွှဲ၍မရပေ။
"မင်း ကလေးတုန်းက ဆေးအပ်ကို ဘယ်လောက်တောင် ကြောက်ခဲ့သလဲဆိုတာ အခုမှပဲ ဘယ်သူ့ဆီက ပါလာသလဲဆိုတာ သိရတော့တယ်" ဟု ဖူစစ်ချန်က ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်ရင်း သူ့အစ်ကို၏အရှက်ရစရာ အတိတ်ဟောင်းကို ဖော်ထုတ်ရန်လည်းမမေ့ခဲ့ပေ။
ချင်ချင့်ကို အတင်းချော့မော့နေရသည့် ဖူစစ်ကျင်းမှာ မျက်မှောင်ကြုတ်လိုက်သည်။
"ပါးစပ်ပိတ်ထားပါလား"
ဆေးအပ်မကြောက်တာက ဂုဏ်ယူစရာလား ? ဘာဖြစ်လို့ သူ့ရဲ့ ကလေးဘဝကဆေးအပ်ကြောက်ခဲ့တာကို ဒီလောက် အကြာကြီး လှောင်ပြောင်နေရတာလဲ။
"မင်းကို ရယ်ချင်လို့ မဟုတ်ပါဘူး၊ အဲဒီတုန်းက ဆေးရုံတစ်ခုလုံးမှာ မင်းက အကျယ်ဆုံးအော်ငိုတဲ့သူဖြစ်နေလို့ပါ၊ ဆရာဝန်တွေတောင် မင်းကို ကြောက်ခဲ့ရတာ"
ဖူစစ်ချန်: "..."
ဒီကောင်သာ ကားစတီယာရင်ကို ကိုင်မထားဘူးဆိုပါက သူကိုယ်တိုင် အသေရိုက်သတ်မိလိမ့်မည်။