အခန်း (၅၆)
Vol. 7 Ch. 56
🍼 Chapter 56
ဆေးရုံအတွင်း၌ ကလေးများ၏အော်ငိုသံများမှာ တစ်ယောက်ထက်တစ်ယောက် ပိုကျယ်လောင်လျက် တစ်သီတစ်တန်းကြီး ထွက်ပေါ်နေပြီး၊ ဆေးထိုးခြင်းဆိုင်ရာ တေးသွားကြီးတစ်ခုနှယ် ဖြစ်နေသည်။
ထိုအသံများသည် ဆေးရုံတံခါးဝအထိ ပျံ့လွင့်လာကာ ဆေးရုံထဲသို့ မဝင်ရသေးသည့် တခြားသော ကလေးငယ်များကိုပါ ထိတ်လန့်သွားစေပြီး ငိုချင်းဖွဲ့ရာတွင် ပါဝင်လာစေသည်။
"ချင်ချင်၊ လိမ္မာတယ်နော်၊ ဆေးထိုးတာ တကယ်မနာပါဘူး၊ ခဏလေးပဲ ဝင်သွားလိုက်မယ်၊ ခဏလေးပဲ ကြာမှာပါ"
ဖူစစ်ကျင်းနှင့် ဖူစစ်ချန်တို့က ကားထဲမှထွက်ရန် ခေါင်းမာမာဖြင့် ငြင်းဆန်နေသည့် ကောင်မလေးကိုအသနားခံနေကြသည်။ သို့သော် ချင်ချင်ကမူ သူတို့၏ချိုသာသော စကားများကို မယုံကြည်ပေ။
"မထိုးချင်ဘူး!" ဟု သူလေးသည် သူမ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို အခိုင်အမာပြောလိုက်သည်။
ချင်ချင့်လက်ကလေးများသည် ရှေ့ထိုင်ခုံ၏ နောက်ကျောကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ဖူစစ်ချန်မည်မျှပင် ဆွဲထုတ်ပါစေလွှတ်မပေးပေ။
သူလေးနာကျင်သွားမည် စိုးရိမ်သဖြင့် ဖူစစ်ချန်မှာအတင်း အဓမ္မ မလုပ်ရဲဘဲ ဖြစ်နေကာ၊ ခဏတာမျှ သူတို့ သုံးယောက်သား ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြသည်။
အနီးအနားတွင် သူတို့ကလေးများကို အတင်းဆွဲခေါ်လာကြသည့် မိဘအများအပြားမှာလည်း ဤမြင်ကွင်းကို ကြည့်ပြီး ကိုယ်ချင်းစာစိတ် ပြင်းထန်စွာခံစားနေရသည်။
သို့သော် သူတို့ကိုယ်ပိုင် "မျောက်လောင်းလေး" တွေကိုပင် မနိုင်မနင်းဖြစ်နေကြသည်မို့ သူတစ်ပါးကိစ္စတွင် ဝင်မပါတာက အကောင်းဆုံးပင်။
"ထွက်လာမှာလား၊ မထွက်ဘူးလား"
နာရီဝက်ခန့် အခြေအတင် ဖြစ်ပြီးနောက်၊ ချင်ချင် အလျှော့မပေးသေးသည်ကို မြင်သောအခါ ဖူစစ်ကျင်း၏ မျက်နှာမှာ အနည်းငယ်တင်းမာသွားပြီး အေးစက်စွာပြောလိုက်သည်။ သူ့အေးစက်သောအမူအရာမှာ ဖူဟန်စိတ်ဆိုး သည့်အခါနှင့် အလွန်တူလှသည်။ ချင်ချင်သည် ဖူဟန် သူမအပေါ် စိတ်ဆိုးသည်ကို တစ်ခါမှမမြင်ဖူးသော်လည်း၊ ဤအချက်ကို ဘာကြောင့်မှန်းမသိဘဲ နားလည်နေသည်။
ချင်ချင်မှာ အလိုအလျောက် အနည်းငယ်ကြောက်လန့်သွားပြီး သူ့ လက်ကလေးများမှာ မသိစိတ်ဖြင့် လျော့ရဲသွားသည်။ ထိုအခါ ဖူစစ်ကျင်းက သူမကိုကားထဲမှ အလျင်အမြန်နှင့် အင်အားသုံးကာဆွဲထုတ်လိုက်တော့ သည်။
ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဟန်ချက်ပျက်သွားသဖြင့် ချင်ချင်မှာ ထိတ်လန့်တကြားအော်ဟစ်လိုက်မိသော် လည်း၊ ဖူစစ်ကျင်းက အခွင့်အရေးကို အရယူကာ ဆေးရုံထဲသို့ အတင်းဝင်သွားတော့သည်၊ ချင်ချင်မှာ မည်မျှပင် ရုန်းကန်နေပါစေ အချည်းနှီးသာဖြစ်ခဲ့သည်။
"ချင်ချင် မထိုးချင်ဘူး... ဆေးမထိုးချင်ဘူး!"
ဆရာဝန်နှင့် နီးကပ်လာသည်နှင့်အမျှ ချင်ချင်မှာ သူမ၏ ခြေလက်များကို အတင်းရုန်းကန်ခါယမ်းနေမိသည်။ ရုတ်တရက် 'ဖြောင်း' ခနဲ မြည်သံတစ်ခုကို ကြားလိုက်ရသည်၊ သူ တစ်ခုခုကို မတော်တဆရိုက်မိသွားပုံရသည်။
ချင်ချင့် ခန္ဓာကိုယ်လေးမှာ တောင့်တင်းသွားပြီး၊ သူ ကြောက်ကြောက်လန့်လန့်ဖြင့် မော့ကြည့်လိုက်ရာ ဖူစစ်ချန်၏ချောမောသော မျက်နှာပေါ်တွင် လက်ဝါးရာအနီရောင်လေးတစ်ခု ထင်ရှားစွာ ပေါ်နေသည်ကို တွေ့လိုက်ရသည်။
"ချင်... ချင်ချင် တကယ် တောင်းပန်ပါတယ်..."
"အခုတော့ ကျေနပ်ပြီလား"
ဖူစစ်ချန်၏အမြဲတမ်း နောက်ပြောင်တတ်သော အမူအရာမှာ ရုတ်တရက် မှိုင်ညို့အေးစက်သွားသဖြင့် ချင်ချင်မှာ ကြောက်လန့်တကြား တိတ်ဆိတ်သွားရသည်။
"မင်းကို ခွင့်လွှတ်ပေးဖို့ ငါ တော်တော်လေးကြိုးစားနေတာ၊ ဒါပေမဲ့ ငါ့ရဲ့ အချစ်ရဆုံးသူ ငါ့ကို ထားသွားအောင် လုပ်ခဲ့တာ မင်းပဲဆိုတာကို ငါ မေ့လို့မရဘူး၊ မင်းက ငယ်သေးတယ်၊ မင်းက သူ မဟုတ်ဘူးလို့ ငါ့ကိုယ် ငါ အတင်း ပြောနေပေမဲ့၊ ဘာလို့ မင်းဆီမှာ သူ့ရဲ့အရိပ်တွေက အမြဲ တမ်းရှိနေရတာလဲ"
ကြာမြင့်စွာဖိနှိပ်ထားခဲ့သော ဒေါသများသည် မထင်မှတ်ဘဲ ခံလိုက်ရသည့် ဤပါးရိုက်ချက်ကြောင့် နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားတော့သည်။
"စစ်ချန်လေး... စစ်ချန်လေး..."
ချင်ချင်မှာ သိပ်ကိုကြောက်လန့်သွားရသဖြင့် မျက်ရည်များ ဝိုင်းစက်ကျလာသည်။ ဖူစစ်ကျင်းကမူ မျက်မှောင် ကြုတ်လိုက်ပြီး သူမကို ဖူစစ်ချန်ရင်ခွင်ထဲမှ ဆတ်ခနဲ လုယူလိုက်ကာ၊ နက်ရှိုင်းသောအသံဖြင့် ဒေါသတကြီး ပြောလိုက်သည်။
"မင်း ဒီထက်ပိုပြီး လူကြီးမဆန်နိုင်တော့ဘူးလား၊ အသက်သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို တကယ်ပဲ အခုလို ဒေါသထွက်ဖို့ လိုလို့လား"
"အသက်သုံးနှစ် ?"
ဖူစစ်ချန်က လှောင်ပြုံးပြုံးလိုက်ပြီး သူ့မျက်ဝန်းထဲတွင် လှောင်ပြောင်ရယ်မောမှုများ ပြည့်နှက်နေသည်။
"သူ ဘာပဲဖြစ်သွားပါစေ မမေ့နဲ့ဦး၊ သူက ငါတို့ရဲ့ မြင့်မြတ်လှတဲ့ မေမေ ဖြစ်နေတုန်းပဲ! သွေးအေးပြီး ရက်စက်တတ်တဲ့ လူမှုရေးနယ်ပယ်က ကူးချင်ချင်လေ၊ သူက ဖူမိသားစုရဲ့ဖူကတော်ဆိုတဲ့ နေရာကိုပဲ ဂရုစိုက်တာ၊ မင်းနဲ့ငါက ဖေဖေနဲ့သူ့ကို ချည်နှောင်ထားဖို့အတွက် ကိရိယာတွေပဲ..."
"ဖြောင်း!"
ကျယ်လောင်လှသော ပါးရိုက်သံကြောင့် ဘေးပတ်ဝန်း ကျင်ရှိလူတိုင်းမှာ လန့်သွားကြပြီး ခေါင်းလှည့်ကြည့်လိုက်မိကြသည်။
လူအုပ်ကြီး၏အလယ်တွင် အရပ်ရှည်ပြီး ချောမောသော အမျိုးသားနှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာ ချင်းဆိုင်ရပ်နေကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ ခေါင်းငိုက်စိုက်ကျနေပြီး၊ နောက်တစ်ယောက်မှာမူ ပါးရိုက်ထားသည့်လက်မှာ မြှောက်လျက်သား ရှိနေဆဲဖြစ်သည်။ သိသာသည်မှာ သူတို့ ငြင်းခုံနေကြရင်းကနေလက်ပါသည် အထိ ဖြစ်သွားကြခြင်းပင်။
ထိုနှစ်ယောက်ကြားက ကလေးငယ်မှာမူ မှင်တက်နေရှာ သည်။ သူမသည် ရှိုက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ရုတ်တရက် မော့ကြည့်ကာ အသံကုန်ဟစ်အော်ငိုကြွေးတော့သည်။
"ဝါး..."
ချင်ချင်မှာ သူ့ ရင်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ဖူစစ်ကျင်းက ဖူစစ်ချန်ကို ရိုက်လိုက်ခြင်းကြောင့် မဟုတ်ဘဲ၊ ဖူစစ်ချန်၏စကားလုံးများက သူမကိုနာကျင်စေခဲ့ခြင်းကြောင့်ပင်။
ဓားပေါင်းများစွာဖြင့် သူ့ နှလုံးသားကို ခြစ်ထုတ်နေသလိုမျိုး၊ သို့မဟုတ် သူ့တစ်ကိုယ်လုံးကို ပြင်းထန်သော မီးတောက်များပေါ်တွင် ကင်နေသလိုမျိုးခံစားလိုက်ရသည်။
ဘာလို့ ဒီလောက်တောင် နာကျင်နေရတာလဲ ?
သူလေး ဤနာကျင်မှုကို မည်သို့သက်သာအောင် လုပ်ရမှန်း မသိရှာဘဲ၊ ကလေးငယ်တစ်ဦး၏မသိစိတ်အတိုင်း ခံစားချက်များကို ထုတ်ဖော်ရန်ကျယ်လောင်စွာ ငိုကြွေးနေမိတော့သည်။
ချင်ချင်ကိုရင်ခွင်ထဲမှာ ပွေ့ပိုက်ထားရင်း ဖူစစ်ကျင်းက သူ့ညီဖြစ်သူကို အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်ကာ ပြောလိုက်သည်။
"မင်း ဒီလောက်တောင် မကျေမနပ် ဖြစ်နေတယ်ဆိုရင်လည်း အိမ်ကိုပြန်မလာနဲ့တော့၊ ဒါမှ မင်းရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ငါတို့ နေ့တိုင်းသည်းခံနေစရာ မလိုတော့မှာ"
သူ လှည့်ထွက်သွားခါနီးမှာ ခေတ္တရပ်လိုက်ပြီး ခေါင်းကို ပြန်လှည့်ကာ ဖြည့်စွက်ပြောလိုက်သည်။
"ဒါနဲ့ စကားမစပ်... အန်းရန် မင်းကို ထားသွားတာ တကယ်ကိုမှန်ကန်တဲ့ ရွေးချယ်မှုပဲလို့ ငါ ရုတ်တရက်တွေးမိတယ်၊မင်းလို လူကြီးမဆန်တဲ့ အမျိုးသားတစ်ယောက်က အမျိုး သမီးတစ်ယောက်ကို တည်ငြိမ်မှုနဲ့ပျော်ရွှင်မှုမပေးနိုင်ဘူး"
သူ့လက်နှစ်ဖက်ကို ဘေးမှာ တင်းတင်းဆုပ်ထားရင်း အစ်ကိုဖြစ်သူရဲ့ ရင်ခွင်ထဲက ချင်ချင်ရဲ့ ငိုနေတဲ့မျက်နှာလေးကို ကြည့်ပြီး ဖူစစ်ချန်ဟာ ရုတ်တရက်ငြင်းခုံဖို့ သတ္တိတွေ ပျောက်ဆုံးသွားခဲ့ရသည်။
သူ့ခေါင်းကို အားငယ်စွာငိုက်စိုက်ချလိုက်ပြီး ဆေးရုံထဲကနေ တစ်ယောက်တည်းထွက်ခွာသွားတော့သည်။
သူ အပြင်ဘက်ကို ခြေလှမ်းလိုက်တာနဲ့ သူ့ သူငယ်ချင်း အန်းယွမ်ဆီက ဖုန်းဝင်လာသည်။
"စစ်ချန်၊ ငါ အန်းရန် ဘယ်မှာရှိလဲဆိုတာ ရှာတွေ့ပြီ"
သူ့ မျက်သူငယ်အိမ်တွေ အနည်းငယ် ကျယ်သွားပြီး ဖူစစ်ချန်က တုန်ရင်နေတဲ့ အသံနဲ့ မေးလိုက်မိသည်။
"ဘယ်... ဘယ်မှာလဲ"
"သူ နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာ၊ သူ နိုင်ငံခြားကနာမည်ကြီး တက္ကသိုလ်တစ်ခုမှာ ဘွဲ့လွန်တက်ဖို့အရွေးခံရပြီး အခုပညာသင်ကြားနေတယ်ဆိုတာ ငါ သိခဲ့ရတယ်"
"နိုင်ငံခြားမှာ ကျောင်းတက်နေတာ ? သူ အဲဒီလောက် ပိုက်ဆံ ဘယ်ကရတာလဲ"
ဖူစစ်ချန် ဒီလိုမေးတာ အံ့သြစရာ မဟုတ်ပါဘူး။ သူက အန်းမိသားစုရဲ့ ရှုပ်ထွေးမှုတွေအကြောင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ တော်တော်များများသိထားလို့ပင်။
အထူးသဖြင့် အန်းရန်က သူ့ချစ်သူဖြစ်ခဲ့တာကြောင့် သူမရဲ့အခြေအနေကို ဖူစစ်ချန်ထက်ပိုသိတဲ့ သူ မရှိပေ။
အန်းမိသားစုရဲ့ အမွေခံသမီးလို့ အမည်ခံထားရပေမဲ့ တကယ်တော့ သူမဟာ အန်းမိသားစုထဲကို မရောက်ခင်ကထက်တောင် ပိုပြီးဆင်းရဲနေခဲ့သည်။
သာမန်မိဘမဲ့တစ်ယောက်ဖြစ်ရတာက အနည်းဆုံးတော့ အလုပ်လုပ်ပြီးပိုက်ဆံရှာလို့ရသေးတယ်၊ ဒါပေမဲ့ ချမ်းသာ တဲ့ အမွေခံသမီးဖြစ်ရတာကတော့ မိသားစုဂုဏ်သိက္ခာဆိုတာကို ထည့်တွက်နေရပြီး ‘အရှက်ရစရာ’ ကိစ္စမျိုး ဘာမှလုပ်လို့ မရပါဘူး၊ မဟုတ်ရင် အန်းမိသားစုအတွက် အရှက်ရစရာဖြစ်လာမည်ဖြစ်သောကြောင့်ပင်။
အန်းရန်ကို အလုပ်လုပ်ဖို့ ခွင့်မပြုတဲ့ အန်းမိသားစုဟာ သူ့ကို လူနေမှုစရိတ်ပေးဖို့လည်းငြင်းဆန်ခဲ့ကြသည်။ မွေးစား သမီးက ဒေါ်လာ သိန်းနဲ့ချီတန်တဲ့ အိတ်ကို အေးအေးဆေး ဆေးဝယ်နိုင်ချိန်မှာ၊ အန်းမိသားစုရဲ့ တကယ့်အမွေခံသမီးဖြစ်သူကတော့ ဒေါ်လာအနည်းငယ်တန်တဲ့ ပိုက်ဆံအိတ်သေးသေးလေးကိုတောင် မဝယ်နိုင်ရှာချေ။
ဒါ တကယ်ကို သရော်စရာပါပဲ။
ဖူစစ်ချန် သူ့ချစ်သူကို ကူညီဖို့ ကြိုးစားခဲ့ဖူးပေမဲ့ အန်းရန်ကတော့ တခြားနည်းလမ်းမရှိတော့တဲ့ နောက်ဆုံးအချိန်မှသာ သူ့ပိုက်ဆံကိုသုံးလေ့ရှိသည်။
ဒါကြောင့် သူဟာ အန်းရန်ရဲ့ငွေကြေးအခြေအနေကို ဘယ်သူ့ထက်မဆိုပိုသိနေတာပါ။ သူမမှာ နိုင်ငံခြားသွားဖို့မပြောနဲ့၊ နေထိုင်စရိတ်၊ ကျောင်းလစာ... ဒါတွေကို လုံးဝ မတတ်နိုင်ဘူးဆိုတာ သူ သိနေသည်။
သူ့အတွေးတွေက ရုတ်တရက် ရပ်တန့်သွားပြီး ဖူစစ်ချန်မှာ သိပ်ကိုမကောင်းတဲ့ နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူ ဝေခွဲမရသော အသံနှင့်မေးလိုက်သည်။
"အန်းရန် နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပိုက်ဆံက... ငါ့မား ပေးလိုက်တာများလား"
"...အင်း”
ရိုးရိုးသားသား ပြောရရင် အန်းယွမ်ကိုယ်တိုင်လည်း ဒါကို သိလိုက်ရတုန်းက အနည်းငယ် မယုံနိုင်အောင် ဖြစ်ခဲ့ရတာသည်။
"ဒါတင်မကဘူး၊ အန်တီကူးက ငါ့ညီမလေးရဲ့ရေရှည်ထောက်ပံ့ပေးသူဆိုတာကိုလည်း ငါ သိခဲ့ရတယ်"
"ဘယ်လောက်တောင် ကြာပြီလဲ ?"
ဖူစစ်ချန် အက်ရှရှအသံနှင့် မေးလိုက်သည်။
"အနှစ်နှစ်ဆယ်ကျော်ပြီ၊ ပေုာရမယ်ဆ်ုရင် ငါ့ ညီမလေး ပျောက်သွားကတည်းက သူ့ကို အန်တီကူးပဲ စောင့်ရှောက်ပေးခဲ့တာ"
အခုအချိန်မှာ သူ ချင်ချင့်အား လေးလေးစားစားနှင့် ရည် ညွှန်းပြောဆိုနေပြီဖြစ်သည်။
ဒါက သူ့ညီမလေးကိုကယ်တင်ပေးခဲ့ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်ကြီးမဟုတ်ပါလား ?
ဖူစစ်ချန် မျက်နှာက အနည်းငယ်တောင့်တင်းသွားသည်။
"ဒါဆိုရင် အဲဒီအဓိပ္ပာယ်က..."
တစ်နည်းအားဖြင့်ပြောရရင် သူ အန်းရန်နဲ့မဆုံခင်ကတည်း က သူ့မားက အန်းရန်ရှိနေမှန်း သိထားပြီးသားပေါ့၊ ဒါပေမဲ့ သူ့မားရဲ့မျက်လုံးထဲမှာတော့ အန်းရန်ရဲ့ အဆင့်အ တန်းက သူ့ရဲ့ချစ်သူဆိုတာမျိုး လုံးဝမဟုတ်ခဲ့တာသေချာသည်။
သူ့မျက်နှာကို လက်နဲ့အုပ်ရင်း ဖူစစ်ချန်ဟာ ရုတ်တရက် ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။
အန်းယွမ်ရဲ့အသံက သူ့နားထဲမှာ ဆက်ထွက်ပေါ်နေသည်။
"အဲဒီနေ့က ကော်ဖီဆိုင်က စောင့်ကြည့်ရေး ဗီဒီယိုကို ငါ ရထားတယ်၊ နှုတ်ခမ်းလှုပ်ရှားမှုကြည့်ပြီး စကားပြန်ပေးတဲ့ ကျွမ်းကျင်သူကိုလည်း သူတို့ ပြောစကားတွေကို အဓိပ္ပာယ်ဖော်ခိုင်းထားတယ်၊ မင်း လာကြည့်ချင်သလား"
"...အင်း၊ ကြည့်မယ်”
ဆူညံနေတဲ့ ဆေးရုံအဝင်ဝကို ပြန်လှည့်ကြည့်လိုက်တော့ ချင်ချင်ကတော့ အထဲမှာ ငိုနေတုန်းဖြစ်မည်။ ဖူစစ်ချန်က အထဲဝင်ပြီး သူမကိုတောင်းပန်ချင်ပေမဲ့ ချင်ချင် သူ့ကို အခုချိန်မှာ မမြင်ချင်လောက်ဘူးဆိုတာ ကြောက်နေမိတာကြောင့် အန်းယွမ်ရှိရာဆီကို အရင်ပြေးသွားလိုက်တော့ သည်။
သူ အမှန်တရားကို ရှာဖွေရမည်!
ဆေးရုံထဲမှာတော့ ဖူစစ်ချန် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ချင်ချင် ငိုတာ ရပ်သွားပါပြီ။
သူ သိပ်ကို သည်းသည်းထန်ထန်ငိုနေတာကြောင့် ဖူစစ်ကျင်းလည်း ဘယ်လိုမှ ချော့လို့မရတော့သဖြင့် သူ့ဖခင်ထံ အရေးပေါ် ဖုန်းဆက်လိုက်ရသည်။
ဗီဒီယိုကော ချက်ချင်းဆိုသလို အဆက်အသွယ်ရသွားသည်။
တစ်ဖက်က ဖူဟန်ဟာ အဝေးရောက် ဗီဒီယိုအစည်းအဝေးတစ်ခုလုပ်နေတုန်းမှာပင် သူ့သားကြီးထံမှ ဖုန်းခေါ်ဆိုမှုကို မထင်မှတ်ဘဲ လက်ခံရရှိလိုက်ခြင်းဖြစ်သည်။
သူ့သားကြီးမှာ အမြဲတမ်းတည်ငြိမ်သူဖြစ်ပြီး အကြောင်း ပြချက်မရှိဘဲ သူ့ဆီဖုန်းဆက်မှာ မဟုတ်တာကြောင့် ဖူဟန်က ဖုန်းကို အမြန်ပြန်ဖြေလိုက်တော့သည်။
ဖုန်းစတင်ဆက်သွယ်မိသည်နှင့် ချင်ချင်၏သနားစရာကောင်းလှသော အော်ငိုသံများမှာ တစ်ရုံးခန်းလုံးပဲ့တင် ထပ်သွားတော့သည်။
ဗီဒီယိုကော၏တစ်ဖက်ခြမ်းရှိ လက်အောက်ငယ်သားများမှာလည်း မည်သူ့ကလေးက ဤမျှအသည်းအသန်ငိုနေသနည်းဟုသိလိုသဖြင့် လည်ပင်းရှည်ကာ စပ်စုကြည့်ကြသော်လည်း၊ နောက်တစ်စက္ကန့်မှာပင် စကရင်မှာမည်းမှောင်သွားပြီး စာတိုတစ်စောင်သာ တက်လာတော့သည်။
"အရေးကြီးကိစ္စရှိသဖြင့် အစည်းအဝေးအားရွှေ့ဆိုင်းလိုက်သည်"
"ချင်ချင်..."
ဖူဟန် တိုးတိုးလေး ခေါ်လိုက်သည်။
ယနေ့သည် ချင်ချင် ကာကွယ်ဆေးထိုးရမည့်နေ့မှန်း သူ သိသည်။ သို့သော် မနေ့က ကွာရှင်းစာချုပ်ကို တွေ့လိုက်ရသည့် ထိတ်လန့်မှုကကြီးမားလွန်းလှသဖြင့်၊ သူ ယနေ့မနက်တွင် မသိစိတ်ဖြင့် ရှောင်ဖယ်ရန်ရွေးချယ်ကာ ချင်ချင်နှင့် မျက်နှာချင်းမဆိုင်ရဲဘဲ ကုမ္ပဏီသို့ အပြေးအ လွှားလာခဲ့မိခြင်းဖြစ်သည်။ သူမအား သားကြီးနှစ်ယောက်လက်ထဲတွင်ထားခဲ့မိသည်။
အဲဒီလူမိုက်လေးနှစ်ယောက်က သူတို့အမေကို ဒီလိုမျိုး ဂရုစိုက်ကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"ဦးဦး... ဝါးးး..."
ချင်ချင်သည် ဖူစစ်ကျင်းဖုန်းထဲ ဖူဟန်ကိုမြင်သောအခါ ပွေ့ဖက်ချင်သည့်နှယ် သူမ လက်ကလေးများကိုအလိုအ လျောက် ဆန့်တန်းလိုက်မိသည်။
"ချင်ချင်၊ ဘာလို့ ငိုနေတာလဲ ? ဘယ်သူ အနိုင်ကျင့်လို့လဲ ဦးဦးက သူတို့ကို ဆုံးမပေးမယ်၊ ဟုတ်ပြီလား"
ဖူဟန် ချင်ချင်သည် ဆေးထိုးသည့်ဒဏ်ကြောင့် နာကျင်ပြီး ငိုနေသည်ဟုထင်မှတ်ကာ သူမ အာရုံပြောင်းသွားစေရန် ရည်ရွယ်ချက်ဖြင့် နောက်ပြောင်ပြောဆိုလိုက်ခြင်းဖြစ်သည်။
"မဟုတ်... မဟုတ်ဘူး"
ချင်ချင် သူ့ မျက်ရည်များကိုသုတ်လိုက်ရင်း ရှိုက်ကာ ပြောလိုက်သည်။
"ဦးဦး၊ ကျေးဇူးပြုပြီး... စစ်ချန်လေးကို မရိုက်ပါနဲ့"
ရိုက်ခံရတာက သိပ်နာတာပဲ။ စစ်ချန်လေးမှာ သူမဆီကနေ အရိုက်ခံထားရပြီးသားဖြစ်သလို၊ သူလေး၏ကိုယ်ပိုင်လက်ကလေးပင် နာနေသေးသည်။ ရိုက်ခံရသည့်သူမှာ မည်မျှနာကျင်မည်နည်းဆိုသည်ကို သူမ မတွေးရဲပေ။
ဒါက သူမကို ရင်နာစေသည်၊ အဲဒီလို ရင်နာရခြင်းက ဆေးအပ်ထိုးခံရတာထက် ပိုပြီးကြောက်စရာကောင်းလှသည်။ ချင်ချင် ထိုသို့ ထပ်မံမခံစားချင်တော့ပေ။
"စစ်ချန်လား ?" ချင်ချင့် နှုတ်မှ သူ့သားအငယ်၏နာမည် ထွက်လာသဖြင့် ဖူဟန်မှာအံ့သြသွားကာ သားကြီးကို တည်ကြည်သော မျက်နှာထားဖြင့်ကြည့်လိုက်သည်။
"ဘာဖြစ်ခဲ့တာလဲ"
"ညီလေးက..."
ဖူစစ်ကျင်းမှာ ကြင်နာတတ်သည့် အစ်ကိုမျိုးမဟုတ်သလို၊ ဖူစစ်ချန် ပြောခဲ့သည်များမှာလည်း တကယ်ပင် အရိုက်ခံရမည့် စကားများဖြစ်နေသည်။ ဖူစစ်ကျင်း သူ့ညီဘက်မှ ကာကွယ်ပေးရန်ပင် မကြိုးစားတော့ပေ။
မှန်သည်၊ သူသည် ပုံကြီးချဲ့ပြီး ပြောဆိုခြင်းမရှိဘဲဖြစ်ပျက်ခဲ့သည့် အချက်အလက်များကိုသာ ဘက်မလိုက်ဘဲ ပြောပြခဲ့သည်။
သို့သော် ဤအရာကပင် ဖူဟန်ကို ဒေါသထွက်သွားစေရန် လုံလောက်ခဲ့သည်။
"ငါတို့ သူ့ကို အလိုလိုက်တာလွန်သွားပြီ"
သူ့သားအငယ်မှာ လူလားမြောက်နေပြီ ဖြစ်သော်လည်း လူကြီးမဆန်သေးပေ။
သူသည် လူပီသအောင်ပင် မပြုမူနိုင်သေးချေ။
"ဦးဦး၊ စိတ်မဆိုးပါနဲ့၊ ချင်ချင် ကြောက်လို့ပါ"
ချင်ချင်၏ကြောက်ကြောက်ရွံ့ရွံ့နှင့် ပြောလိုက်သည့် အသံလေးကြောင့် ဖူဟန် သတိပြန်ဝင်လာသည်။ သူ ချက်ချင်း ဒေါသကိုထိန်းချုပ်လိုက်ပြီး နူးညံ့သောအမူအရာဖြင့်
"ချင်ချင်လေး လိမ္မာတယ်နော်၊ ဆေးထိုးလိုက်ပါဦး၊ ပြီးရင် ဦးဦး လာကြိုပြီးကစားပေးမယ်၊ ဟုတ်ပြီလား"