← Chapters

အခန်း (၅၇)

Vol. 7 Ch. 57

အခန်း (၅၇)

Vol. 7 Ch. 57

🍼 Chapter 57

ဖူဟန့် ချော့မော့မှုကြောင့် ချင်ချင်မှာ ငိုတာရပ်သွားသော် လည်း သူ နုံးချိနေဆဲဖြစ်ကာ ဆေးထိုးရမည့်အချိန်တွင်ပင် ကြောက်လန့်ရန် အင်အားမရှိတော့ရှာပေ။

ဖူစစ်ကျင်းမှာ စိုးရိမ်စိတ်ဖြစ်မိသော်လည်း သူမကို မည်သို့နှစ်သိမ့်ရမှန်း မသိဖြစ်နေသည်။

"သမီးလေးက နေမကောင်းဖြစ်နေတာလား"

ချင်ချင်အား ဆေးထိုးပေးသည့် သူနာပြုမှာအလွန်ကျွမ်း ကျင်ပြီး အချိန်တိုအတွင်း အောင်မြင်စွာထိုးပေးနိုင်ခဲ့သည်။ ချင်ချင့် အခြေအနေမှာ ပုံမှန်မဟုတ်သည်ကိုမြင်သောအခါ သူမက စိုးရိမ်တကြီးဖြင့်မေးလိုက်ခြင်းဖြစ် သည်။

"မဟုတ်ပါဘူး၊ သူ အကြာကြီး ငိုထားလို့ နည်းနည်း ပင်ပန်းသွားတာပါ"

ဖူစစ်ကျင်းသည် ပြင်ပလူကို တကယ့်အကြောင်းရင်းကို မပြောပြချင်တာကြောင့် အပေါ်ယံအဖြေကိုသာပေးလိုက်သည်။

"အို... သနားစရာလေး၊ မငိုနဲ့တော့နော်၊ ဒီမှာ သကြားလုံးလေး စားလိုက်"

သူနာပြုက ချင်ချင်၏ခေါင်းလေးကို အသာအယာပုတ်ကာ အံဆွဲထဲမှ ဆေးဖက်ဝင်သကြားလုံး တစ်အိတ်လုံးကို ထုတ်ပေးလိုက်သည်။

ဤဆေးဖက်ဝင်သကြားလုံးများသည် ဆေးထိုးသည့်အခါ အလွန်အမင်းငိုသည့် ကလေးများကိုချော့မော့ရန် ဆေးရုံတွင် အထူးအသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့မှာ အရသာရှိရုံသာမက ကလေးငယ်များ၏ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်သည့် ဆေးဖက်ဝင်အပင်များလည်း ပါဝင်သဖြင့် ကလေးများအတွက်အကျိုးရှိသည်။

ပုံမှန်အားဖြင့် ကလေးတစ်ယောက်ကို သကြားလုံးတစ်လုံးသာ ပေးလေ့ရှိသော်လည်း၊ ချင်ချင်မှာ သိပ်ကိုချစ်စရာကောင်းပြီး သနားစရာဖြစ်နေသဖြင့် သူနာပြုက တစ်အိတ်လုံးပေးလိုက်ခြင်းဖြစ်သည်။

သကြားလုံးရရှိပြီးနောက် ချင်ချင်မှာ အနည်းငယ်ပြန်လည် လန်းဆန်းလာပြီး ချိုသာလှသော ကလေးအသံလေးဖြင့် သူနာပြုကို ကျေးဇူးတင်စကားပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ကျဲကျဲ"

"ရပါတယ်" ဟု သူနာပြုက ချင်ချင်ကို နူးညံ့စွာ ပြုံးပြလိုက်ပြီး ဖူစစ်ကျင်းကိုညွှန်ကြားလိုက်သည်။

"ဆေးထိုးပြီးပြီးချင်း တန်းမပြန်ပါနဲ့ဦး၊ ဘာမှမဖြစ်ဘူးဆိုတာ သေချာအောင် စောင့်ကြည့်ဆောင်မှာ နာရီဝက်လောက်နေပေးပါဦး"

ဤဖခင်အသစ်လေးမှာ အခြေခံစည်းကမ်းများကို မသိလောက်ဘူးဟု သူမ ခန့်မှန်းမိသဖြင့် အထူးတလည်သတိ ပေးလိုက်ရခြင်းဖြစ်သည်။

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"

ဖူစစ်ကျင်း ယဉ်ကျေးစွာပြန်ပြောပြီးနောက် ချင်ချင်ကို စောင့်ကြည့်ဆောင်ရှိ ထိုင်ခုံတစ်ခုသို့ ချီသွားခဲ့သည်။

ချင်ချင်မှာ သကြားလုံးထုပ်လေးကို စတင်ကလိနေပြီဖြစ် သည်။ ကလေးတစ်ယောက်ကို နှစ်သိမ့်ရန် အကောင်းဆုံးနည်းလမ်းမှာ သကြားလုံးပေးခြင်းပင်။

"ပေး ဖွင့်ပေးမယ်"

ဖူစစ်ကျင်းသည် ချင်ချင်မှာ သကြားလုံးအိတ်အား မဖွင့်နိုင်သည်ကို မြင်သောအခါ လှမ်းယူပြီး ဖွင့်ပေးလိုက်သည်။ ထို့နောက် နှင်းကဲ့သို့ ဖြူဖွယ်သော သကြားလုံးလေးတစ်လုံးကိုယူကာ သူ့ကို ခွံ့ပေးလိုက်သည်။

သူလေး သကြားလုံးကို တစ်လုတ်တည်းနှင့် မျိုချလိုက်ရာ အမည်မသိ ရနံ့နှင့်အတူ ချိုမြိန်သောအရသာမှာ ပါးစပ်ထဲသို့ ပျံ့နှံ့သွားသည်။ ချင်ချင် ကြောင်လေးတစ်ကောင်ကဲ့သို့ မျက်လုံးလေးများကိုမှေးလိုက်ကာ ကျေနပ်ပီတိဖြစ်နေသည့် ပုံစံလေးပေါ်ပေါက်လာသည်။

"ဝမ်းမနည်းတော့ဘူးလား"

ချင်ချင် ပိုလန်းဆန်းလာသည်ကို ဖူစစ်ကျင်း သတိထားမိပြီး သူ့ မျက်ဝန်းထောင့်လေးများကိုလက်ဖျားဖြင့် အသာ အယာ ပွတ်သပ်ပေးလိုက်သည်။

မျက်ရည်စများမှာ ကျန်ရှိနေဆဲဖြစ်ကာ သူ့ မျက်လုံးလေးများမှာ ယုန်လေးကဲ့သို့ နီမြန်းပြီးဖောင်းအိနေသည်။

"ဝမ်းနည်းတယ်" ဟု ချင်ချင် ပါးစပ်ထဲတွင် သကြားလုံးရှိနေသဖြင့် မပီမသလေးရေရွတ်လိုက်သည်။

"ဒါဆိုရင် ဖူစစ်ချန်ကို စိတ်ဆိုးနေတာလား"

"ဟင့်အင်း၊ ချင်ချင် တစ်ခါမှ စိတ်မဆိုးဖူးပါဘူး" ဟု ချင်ချင် ရိုးသားစွာ ဖြေလိုက်သည်။

"..."

ဖူစစ်ကျင်းမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဘာမှမပြောဘဲ ချင်ချင့် ခေါင်းပေါ်သို့ သူ့မေးစေ့ကိုတင်ထားလိုက်မိသည်။

တကယ်တော့ သူ့မေမေလည်း သူ့အပေါ် တစ်ခါမှ တကယ် စိတ်မဆိုးခဲ့ဖူးပါဘူး၊ ဟုတ်တယ်မလား ?

သူတို့က သူမရဲ့သားတွေဖြစ်နေတာကြောင့် ဒီလိုကြင်နာတတ်တဲ့မေမေမျိုးက နာခံမှုမရှိတဲ့ သားတွေအပေါ် ဘယ် လိုလုပ်ပြီး စိတ်ဆိုးနိုင်မှာလဲ ?

ဤအတွေးမှာ ရှေ့နောက်မညီသလို ထင်ရသော်လည်း ချင်ချင်နှင့် ပတ်သက်လာလျှင်မူ အလွန်သဘာဝကျနေပြန်သည်။

"နောက်ရက်အနည်းငယ်နေရင် ငါ ခဏလောက်သွားစရာရှိတယ်"

သူ့ဖခင်ဖြစ်သူမှာ သူ လာနေပြီဖြစ်ကြောင်း မက်ဆေ့ခ်ျပို့ထားသည်။ အခုချိန်တွင် သူနှင့် ချင်ချင်နှစ်ယောက်တည်း ရှိနေသဖြင့် ဖူစစ်ကျင်း နှုတ်ဆက်ရန် အခွင့်အရေးယူလိုက်ခြင်းဖြစ်သည်။

"အာကျင်း ဘယ်သွားမှာလဲ ?"

ချင်ချင် ထိခိုက်လွယ်စွာဖြင့် မော့ကြည့်လိုက်သော်လည်း ဖူစစ်ကျင်း သူမကို ပြန်ဖိထားလိုက်သည်။

သူ၏စိတ်မသက်မသာဖြစ်နေသော မျက်နှာထားကို ချင်ချင့်အား မမြင်စေချင်ပေ။

"အလုပ်ကိစ္စနဲ့ ခရီးသွားရမှာ၊ အလုပ်နဲ့ ပတ်သက်တာတွေ ရှိလို့ နိုင်ငံခြားကို သွားရမယ်"

သူ လိမ်ပြောလိုက်ခြင်းဖြစ်သည်။ တကယ်တော့ သူ စိတ် ပိုင်းဆိုင်ရာကုသမှုခံယူရန် နိုင်ငံခြားသို့ သွားမည်ဖြစ် သည်။

သူ့သားကြီးတွင် စိတ်ပိုင်းဆိုင်ရာပြဿနာများရှိနေနိုင် သည်ကို သိရှိပြီးကတည်းက ဖူဟန်သည် ယုံကြည်စိတ်ချရသော စိတ်ပညာရှင်တစ်ဦးကိုရှာဖွေပေးနေခဲ့သည်။

မကြာသေးမီကမှ နယ်ပယ်တွင် နာမည်ကျော်ကြားလှသော ပညာရှင်တစ်ဦးကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ဖူဟန်သည် ထိုသူနှင့် ချိန်းဆိုမှုရရန် ငွေကြေးနှင့်အဆက်အသွယ်များစွာအသုံးပြုခဲ့ရသည်။

ယခုအခါ အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ရာ၊ ကာယကံရှင်ဖြစ်သူ ဖူစစ်ကျင်း ကုသမှုခံယူရန် သွားဖို့သာ လိုတော့သည်။

ဖူစစ်ကျင်းသည် သူ့ စိတ်ကျန်းမာရေး အခြေအနေကို သိရှိပြီး ကုသမှုခံယူရန် တစ်ခါမှ လက်မလျှော့ခဲ့သော်လည်း သူကိုယ်တိုင်မှာမူ သိပ်ပြီးတက်ကြွလှသည်တော့ မဟုတ်ပေ။

ဒါ့အပြင် သူအရင်က နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်မှာအလွန် အမင်း မွန်းကြပ်ဖို့ကောင်းနေတာကြောင့် ကုသမှုအပိုင်းမှာ အနှောင့်အယှက်ဖြစ်စေခဲ့ပြီး၊ ဒီရောဂါဝေဒနာသည် နှစ်ပေါင်းများစွာကြာအောင် အမြစ်တွယ်နေခဲ့ခြင်းဖြစ်သည်။

ယခုမူ အဖြေရှာရမည့်အချိန်ရောက်ရှိလို့လာပြီ။

ချင်ချင် ဖူစစ်ကျင်း အလုပ်ကိစ္စနဲ့ ခရီးသွားမှာကို မလိုလားဘဲ အနည်းငယ်ငြင်းဆန်ချင်နေသည်။ သူမ သူ့အင်္ကျီလက် မောင်းကို ဆွဲရင်း "အာကျင်းက ဘယ်လောက်တောင်ကြာမှာလဲ"

"ငါလည်း အတိအကျ မပြောတတ်ဘူး"

ချင်ချင်အား တစ်ကြိမ်လိမ်ပြောခဲ့ပြီးပြီမို့ ဖူစစ်ကျင်း ဒုတိယအကြိမ် ထပ်မလိမ်ချင်တော့ပါ။

သူ့ရဲ့အခြေအနေက ရှုပ်ထွေးနေပြီး အမြစ်ပြတ်ပျောက် ကင်းဖို့ ဘယ်လောက်ကြာမယ်ဆိုတာ သူကိုယ်တိုင်လည်း မသိဘူးပေ။ သေချာတာတစ်ခုကတော့ ဒီခရီးကခရီးတိုတော့ဖြစ်မည်မဟုတ်ချေ။

တစ်နှစ်၊ နှစ်နှစ်လည်း ဖြစ်နိုင်သလို သုံးနှစ်၊ ငါးနှစ်လည်း ကြာသွားနိုင်သည်။

ဖူဟန်ကလွဲရင် ချင်ချင်က အမှန်တရားကိုပထမဆုံး သိခွင့်ရတဲ့သူဖြစ်ပြီး၊ ယိယိပင် ဖူစစ်ကျင်း ထွက်သွားတော့မည်ကိုမသိသေးပေ။

တစ်ဖက်မှာလည်း...

ဖူစစ်ချန် အန်းမိသားစုရဲ့ ကုမ္ပဏီအဝင်ဝဆီကို ကားမောင်းလာပြီး အထဲကိုအရှိန်နဲ့ လျှောက်ဝင်သွားကာ ဥက္ကဋ္ဌရုံးခန်းဆီကို တန်းတန်းမတ်မတ်သွားလိုက်သည်။

အန်းယွမ် စောင့်နေတာကြာပြီဖြစ်ပေမဲ့ ဖူစစ်ချန် တစ် ယောက်တည်း ရောက်လာတာကို မြင်တော့ အနည်းငယ် အံ့သြသွားသည် - "မင်း အစ်ကိုစစ်ကျင်းကို အတူတူလာဖို့ မပြောလိုက်ဘူးလား"

သူ အစကတည်းက လူတစ်ယောက်ကိုရှာပေးဖို့ ဖူစစ်ကျင်းထံ အကူအညီတောင်းထားခြင်းဖြစ်ပြီး ယခုလူရှာတွေ့ပြီဖြစ်ရာ ၎င်းကိုလည်း အသိပေးသင့်တာသည်။

"သူ အခု အရမ်းအလုပ်ရှုပ်နေလို့ လာဖို့အဆင်မပြေဘူး"

ဖူစစ်ချန်က မေးရိုးတွေကို တင်းထားရင်းပြောလိုက်သည်။

"အင်း”

အန်းယွမ်က ပုခုံးတစ်ချက် တွန့်လိုက်ပြီး တန်းတန်းမတ် မတ်ပဲ အဓိကအချက်ကိုပြောလိုက်သည်။

"ဒါကို တစ်ချက်ကြည့်လိုက်"

သူစားပွဲပေါ်က ကွန်ပျူတာကို လှည့်ပေးလိုက်ပြီး လျှို့ဝှက်ကုဒ်ခံထားတဲ့ ဖိုင်တစ်ခုကိုဖွင့်လိုက်ရာ ကော်ဖီဆိုင်တစ်ခုရဲ့အတွင်းပိုင်းက ဗီဒီယိုမှတ်တမ်းတစ်ခုချက်ချင်းပေါ်လာသည်။

ဗီဒီယိုကို နှစ်ပိုင်းခွဲထားပြီး မတူညီတဲ့ ထောင့်တွေကနေ ရိုက်ကူးထားတာဖြစ်ရာ တစ်ခုက အန်းရန်ကိုမျက်နှာမူထားပြီး နောက်တစ်ခုကတော့ အရွယ်ရောက်ပြီးသား ကူးချင်ချင်ကိုမျက်နှာမူထားသည်။

အရွယ်ရောက်ပြီးသား သူ့ မားကို မမြင်ရတာကြာပြီဖြစ်တဲ့ ဖူစစ်ချန်ဟာ ခဏတာစိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်သွားပေမဲ့၊ သူ့အာရုံက စကရင်ပေါ်မှာပြသနေတဲ့ နှုတ်ခမ်းလှုပ်ရှားမှု ဘာသာပြန်ချက်ဆီကို ချက်ချင်းရောက်ရှိသွားသည်။

ဖူစစ်ချန် အစောပိုင်းက ရရှိခဲ့တဲ့ ဗီဒီယိုအတိုအစနဲ့ မတူတာက ဒါက ဗီဒီယိုအပြည့်အစုံဖြစ်နေခြင်းပင်။

အဲဒီနေ့ နေ့လယ် သုံးနာရီဝန်းကျင်မှာ ကူးချင်ချင်က အန်းရန်ကို ဒီအဆင့်မြင့်ကော်ဖီဆိုင်ထဲခေါ်လာခဲ့သည်။

သူတို့နှစ်ယောက်က အရမ်းရင်းနှီးပုံရပြီး ဆက်ဆံရေး ကောင်းမွန်တာကိုပြသနေသည်။

"ဘာ စားချင်လဲ"

ကူးချင်ချင် မီနူးကို ဖွင့်ပြီး အန်းရန်ဆီကိုတိုက်ရိုက်ကမ်းပေးလိုက်သည်။

"ဘာဖြစ်ဖြစ် ရပါတယ်၊ အန်တီချင် သိပါတယ်၊ သမီးက အစားမရွေးဘူးဆိုတာ"

အန်းရန် သူ့မေးစေ့ကို လက်နဲ့ထောက်ထားပြီး ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာရှိသည့် ပုံစံမျိုးရှိနေသည်။ ဒီလို အမူအရာမျိုးကို သူမ ရင်းနှီးတဲ့ မိတ်ဆွေတွေရှေ့မှာသာပြလေ့ရှိသည်။

ဒါကိုမြင်တော့ ကူးချင်ချင် သူ့အတွက် Black coffee တစ်ခွက်မှာလိုက်ပြီး၊ အန်းရန်အတွက်တော့ နွားနို့နဲ့သကြားပါတဲ့ ကပ်ပချီနိုတစ်ခွက်နှင့် မုန့်အနည်းငယ် မှာပေးလိုက်သည်။

"အန်တီချင်ချင်က အချိုကြိုက်တာ မဟုတ်ဘူးလား ? ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ခါးတာကို သောက်နေတာလဲ"

အန်းရန်က ကူးချင်ချင်ရှေ့မှ တရုတ်တိုင်းရင်းဆေးနှင့်တူသည့် Black coffee ကိုကြည့်ပြီး ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။

ကူးချင်ချင်က ကော်ဖီခါးခါးကို တစ်ငုံသောက်လိုက်ပြီး သူ့မျက်နှာအမူအရာကမူ မပြောင်းလဲဘဲ "အန်တီ ကျင့်သားရနေပါပြီ၊ ခါးတာတွေကို ပုံမှန်သောက်ပေးထားမှ အရာအားလုံးကိုတစ်ပြိုင်နက်တည်း မခံစားနိုင်တာမျိုးမဖြစ်မှာ"

သူ ဘာကြောင့် မခံစားနိုင်တာလဲဆိုတာကိုတော့ မပြောပြပေမဲ့ အန်းရန်ကမူ တစ်ခုခုကိုသိထားပုံရပြီး စိုးရိမ်တကြီးဖြင့်

"အန်တီချင်ချင်... အန်တီ ဆုံးဖြတ်ပြီးပြီလား"

"အင်း၊ အန်တီ ဒီထက်စောစောကတည်းက ဆုံးဖြတ်ခဲ့သင့်တာ၊ ဒါပေမဲ့ အန်တီ အချိန်တွေ အကြာကြီးဆွဲထားမိတယ်၊ တကယ့်ကို အချိန်ကုန်တာပဲ"

သူ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်ပြီးနောက်၊ ကလေးရှေ့ရောက်နေတာကို သတိရကာ ချက် ချင်းအမူအရာကို ပြန်ထိန်းလိုက်သည်။

"အန်တီ့အကြောင်း ထားပါဦး၊ မင်းကော ဘယ်လိုလဲ ? အန်းမိသားစုအိမ်မှာ အဆင်ပြေရဲ့လား"

သူမ မျက်နှာအမူအရာက သားသမီးကိုဂရုစိုက်တဲ့ မိခင်တစ်ယောက်လို သဘာဝကျလှတဲ့ စိုးရိမ်မှုတွေပေါ်လွင်လို့နေသည်။

"..."

အန်းရန်က ခေါင်းငိုက်စိုက်ချလိုက်ပြီး တိတ်ဆိတ်သွားကာ၊ သူ့လက်ချောင်းထိပ်လေးတွေက ကော်ဖီခွက်ဘေးကို မသိစိတ်နဲ့ ခေါက်နေမိသည်။

ကူးချင်ချင်က တစ်ခုခုကိုနားလည်သွားပုံရပြီး သူ့ မျက်နှာကချက်ချင်းတင်းမာသွားသည်။

"အဲဒီ သတင်းတွေက အမှန်ပဲဖြစ်ရမယ်!"

"အန်တီချင်..."

အန်းရန် အဲဒီလောက်ပဲ ခေါ်နိုင်ပြီး သူ့ပါးပြင်ထက်မျက် ရည်တွေ စီးကျလာတော့သည်။

သူမက သိပ်ကို ကြံ့ခိုင်တဲ့သူတစ်ယောက်ပါ၊ ဒါပေမဲ့ အန်းမိသားစုထဲမှာ သူ မတရားမှုတွေကိုအများကြီးခံစားခဲ့ရသည်။ အခုတော့ သူရဲ့အနီးကပ်ဆုံး လူကြီးတစ်ယောက်ဆီက စိုးရိမ်မှုကိုရလိုက်တဲ့အခါ နှာခေါင်းထဲက စပ်ဖျင်းလာပြီး မျက်ရည်တွေကိုထိန်းမရတော့ပေ။

ဘာလို့လဲ ?

သူလည်း အန်တီချင့်ရဲ့အလိုလိုက်မှုကို ခံခဲ့ရတဲ့သူပဲလေ၊ ဘာလို့ ဒီလောက်နားမလည်တဲ့ မိသားစုဝင်တွေဆီမှာ ဒီလို နှိပ်စက်ခံနေရတာလဲ ??

သူမ ဘာမှားခဲ့လို့လဲ ?

တစ်ချိန်က မိသားစုမေတ္တာကိုတောင့်တခဲ့တဲ့ မိန်းကလေးငယ်လေးဟာ နောက်ဆုံးမှာတော့ နှလုံးသားတွေကြေကွဲသွားရရှာပြီ။

ကူးချင်ချင်က ဘယ်အချိန်ကတည်းက အနားရောက်သွားမှန်းမသိဘဲ အန်းရန်ဘေးသို့ တိုးသွားကာ သူမကိုရင်ခွင်ထဲသို့အသာအယာ ဆွဲသွင်းလိုက်သည်။

"မငိုနဲ့တော့နော်၊ မိန်းကလေးတစ်ယောက်ရဲ့ မျက်ရည်ဆိုတာ သိပ်ကိုတန်ဖိုးရှိတာ၊ ဒီလိုတန်ဖိုးမရှိတဲ့ လူတစ်စုအတွက်နဲ့ မျက်ရည်ဖြုန်းတီးပစ်ရတာ သိပ်နှမြောစရာကောင်းလွန်းတယ်”

ဒါ ဖူစစ်ချန်တစ်ယောက် သူ့မေမေ မျက်နှာပေါ်မှာတစ်ခါမှ မမြင်ဖူးခဲ့တဲ့ အမူအရာမျိုးပါပဲ— သိပ်ကိုနူးညံ့ပြီး သိပ်ကို အလိုလိုက်လွန်းလှသည်။ သူမ အန်းရန်ကို တကယ်ချစ်ရှာသည်ပင်။

ဒါက သူ့ကိုတောင် အနည်းငယ်မနာလိုဖြစ်သွားရစေသည်။

ဗီဒီယိုကမူ ဆက်လက်ပြသနေသည်။ အန်းရန်ကို နှစ်သိမ့်ပေးပြီးနောက် ကူးချင်ချင် သူ့နေရာမှာပြန်ထိုင်လိုက်သော် လည်း သူ့ လက်ကိုင်အိတ်ကိုယူရန်သာ။

သူ ချက်စာအုပ်ကိုထုတ်လိုက်ပြီး ဂဏန်းအချို့ရေးဖြည့်ကာ ချက်လက်မှတ်တစ်ခုလုံးကို အန်းရန်ဆီကမ်းပေး လိုက်သည်။

"မင်း ဘွဲ့လွန်တက်ခွင့်ရသွားပြီလို့ အန်တီကြားတယ်၊ အန်တီ ဂုဏ်ပြုပါတယ်နော်၊ စိတ်မပူနဲ့၊ ဒါကို ကျောင်းလခအဖြစ် ယူထားလိုက်၊ တကယ်လို့ မလောက်ဘူးဆိုရင် အန်တီ့ဆီ စာပို့လိုက်ဦး၊ အန်တီ ထပ်ပို့ပေးမယ်”

ကြည်လင်ပြတ်သားလှသည့် ဗီဒီယိုထဲ ချက်လက်မှတ်ပေါ်မှဂဏန်းကို အထင်အရှားမြင်နေရသည် — ငါးသန်း။

ထိုပိုက်ဆံသည် အန်းရန် နိုင်ငံခြားမှာ ဘွဲ့လွန်သုံးနှစ်တက်ဖို့ကျောင်းလစာနဲ့ နေထိုင်စရိတ်အတွက် လုံလောက်ရုံတင်မကဘဲ သူမအား သိပ်ကိုသက်သောင့်သက်သာရှိသည့် ဘဝမျိုးနှင့် နေထိုင်နိုင်စေမည်ပင်။

အန်းရန်က ကူးချင်ချင်ပေးသည့် ချက်လက်မှတ်အား ငြင်းဆန်ခြင်းမရှိပေ။ ဒါ သူမ ဒီနေ့ အန်တီချင်ချင်နှင့်လာတွေ့ရတဲ့ အကြောင်းရင်းလည်းဖြစ်သည်။ ဒါပေမဲ့ သူသာ တကယ်လမ်းပိတ်သွားတဲ့ အခြေအနေမျိုးအထိ အတင်း အကျပ်အမောင်းမခံခဲ့ရဘူးဆိုရင်၊ ငယ်ငယ်ကတည်းက သူ့ကိုထောက်ပံ့ပေးခဲ့တဲ့ ဒီလူကြီးဆီမှာ သူ ဘယ်တော့မှ တောင်းဆိုခဲ့မည်မဟုတ်ပေ။

သူမ... အကြွေးတွေ အများကြီးတင်ရှိနေခဲ့ပြီလေ။

ပိုက်ဆံကိုကိုင်ထားရင်း အန်းရန်မှာ ရှိုက်ကြီးတငင် ငိုကြွေးခြင်းအား မထိန်းနိုင်တော့ချေ။

အေးစက်မှောင်မိုက်တဲ့ အမှောင်ထုထဲမှာ အကြာကြီးစမ်း တဝါးဝါး လျှောက်လှမ်းခဲ့ရသူတစ်ယောက်ဟာ ရုတ်တ ရက် နွေးထွေးမှုလေးတစ်ခုကိုရရှိလိုက်တဲ့အခါ နောက်ဆုံးမှာတော့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ခြင်းဖြစ် သည်။

ကူးချင်ချင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး တစ်ရှူးအချို့ကို ဆွဲထုတ်ကာ အန်းရန်ဆီ ကမ်းပေးလိုက်သည်။

"အန်းမိသားစုမှာ နေရတာ တကယ်ပဲ မပျော်ဘူးဆိုရင်လည်း ထွက်လာခဲ့လိုက်တော့၊ ပြန်လာပြီး အန်တီ့ရဲ့သမီးအဖြစ်နေ၊ မင်းကို သမီးအဖြစ်မွေးစားမယ်ဆိုတဲ့ အန်တီ့ရဲ့ ကတိက အမြဲတမ်းအတည်ပဲ”

ဗီဒီယိုက ထိုနေရာမှာတင် ပြီးဆုံးသွားသည်။

ဘာလို့လဲဆိုတော့ ဆက်ကြည့်စရာ ဘာမှမရှိတော့လို့ပါ။

အန်းယွမ်ကတော့ ဒါကို အကြိမ်ပေါင်းများစွာကြည့်ပြီးခဲ့ပြီဖြစ်လို့ အံ့သြမှုတွေ အားလုံးကိုဖြတ်ကျော်ပြီးသားဖြစ်ပေမဲ့၊ အမှန်တရားကို ပထမဆုံးအကြိမ်သိခွင့်ရတဲ့ ဖူစစ်ချန်အတွက်တော့ ဒီဗီဒီယိုရဲ့ရိုက်ခတ်မှုက သူ့အသိစိတ်တွေကို ရိုက်ချိုးပစ်ဖို့ လုံလောက်နေခဲ့သည်။

သူ ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးရပ်နေမိ သည်။

အန်းယွမ် အကြာကြီးစောင့်နေသော်လည်း ဖူစစ်ချန်က သတိပြန်မဝင်လာသေးပေ။ စိုးရိမ်စိတ်ကို မထိန်းနိုင်တော့တာနဲ့ သူ ဖူစစ်ချန် ပုခုံးကိုပုတ်လိုက်ပြီး

"စစ်ချန်၊ မင်း အဆင်ပြေရဲ့လား"

ဖူစစ်ချန် ဆိုဖာပေါ်သို့ ခွေခနဲလဲကျသွားပြီး သူ့မျက်နှာမှာလည်း စိတ်ပျက်အားငယ်မှုများနှင့် ရှုံ့မဲ့နေတော့သည်။

"တစ်ခုခုတော့ မှားနေပြီ၊ ငါတော့ ဒုက္ခအကြီးအကျယ် ရောက်တော့မှာပဲ! ငါ ဘာတွေ လုပ်မိလိုက်တာလဲ"

သူ့မေမေကို အပြစ်တင်ခဲ့တဲ့ ပုံရိပ်တွေက သူ့ခေါင်းထဲမှာ တဖျတ်ဖျတ်ပေါ်လာပြီး၊ နောက်ဆုံးမှာတော့ သနားစရာကောင်းအောင်ငိုနေတဲ့ ချင်ချင်လေးရဲ့ပုံရိပ်မှာ ရပ်တန့်သွားသည်။ ဖူစစ်ချန် ရင်ထဲဆစ်ခနဲနာကျင်သွားရသည်။

သူသာ အချိန်တွေကို ပြန်လှည့်လို့ရမယ်ဆိုရင်၊ အတိတ်ကို ပြန်သွားပြီး အသိဉာဏ်မရှိတဲ့ အဲဒီတုန်းက သူ့ကိုယ် သူ သေတဲ့အထိ ရိုက်သတ်ပစ်ချင်မိသည်။

ဖူစစ်ချန်၊ မင်းကတော့လေ ဒီစကြဝဠာမှာအတုံးဆုံးလူသားပဲ!

All Chapters