အခန်း (၅၈)
Vol. 7 Ch. 58
🍼 Chapter 58
ဖူဟန် ဆေးရုံသို့ ရောက်လာချိန်တွင် ချင်ချင် နာရီဝက်ကြာ စောင့်ကြည့်စစ်ဆေးမှုကာလမှာ ပြီးဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။
သူမ ဆေးဖက်ဝင်သကြားလုံးအိတ်မှာမူ တစ်ဝက်ခန့် လျော့နည်းသွားခဲ့ပြီ။
ဖူစစ်ကျင်းက သူမကိုသကြားလုံးအိတ်တွေ အများကြီးမစားစေချင်သော်လည်း၊ သူ တားဆီးရန် ကြိုးစားတိုင်း ချင်ချင် အိတ်ကို အတင်းဆုပ်ကိုင်ထားပြီး ငိုတော့မည့်မျက်နှာလေးနှင့် ကြည့်နေတတ်သည်။
အကြိမ်အနည်းငယ်မျှ ဂျီကျခံလိုက်ရပြီးနောက် ဖူစစ်ကျင်းမှာ သူလေး အလိုအတိုင်း လွှတ်ထားပေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် ထိုသကြားလုံးမှာ သကြားအစား ထည့်သွင်းအသုံးပြုသည့် ဇိုင်လီတောနှင့် ပြုလုပ်ထားခြင်းကြောင့် ကျန်းမာရေးကိုမထိခိုက်နိုင်ပါ။ သို့မဟုတ်ပါက ဖူစစ်ကျင်း ချင်ချင်အားတစ်ခါတည်းနှင့် ဤမျှအများကြီးစားရန် မည်သို့မျှခွင့်ပြုမည်မဟုတ်ပေ။
ဖူဟန် ရောက်လာသောအခါ ချင်ချင်သည် ဆေးဖက်ဝင်သကြားလုံးအသစ်တစ်လုံးကို ပါးစပ်ထဲထည့်နေဆဲဖြစ် သည်။ ဖူဟန်ကို မြင်သည်နှင့် သူမသည် သကြားလုံးအိတ်ကိုဖျောက်ရန် ကြိုးစားရင်း လက်ကလေးများကိုကျောနောက်သို့ ချက်ချင်းပို့လိုက်တော့သည်။
သူမက ရှင်းပြရန်ပင် ကြိုးစားသေးသည်။
"ဦးဦး၊ ချင်ချင် သကြားလုံး မစားပါဘူး"
မြင်သမျှကို အကုန်တွေ့နေရသည့် ဖူစစ်ကျင်းမှာမူ ဆွံ့အသွားရသည်။ ဒီလူလည်မလေးကလေ... ငါ ပြောတုန်းကတော့ နားမထောင်ဘဲ၊ အခုကျ အဖေ့ကို မြင်တာနဲ့ ကုပ်ကုပ်လေးဖြစ်သွားတော့တာပဲ။
"သကြားလုံးမစားဘူး ဟုတ်လား"
ဖူဟန့် နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားပြီးနောက်၊ သူက ဖြည်းဖြည်းချင်း ငုံ့ကာ ချင်ချင့်ကျောနောက်မှ ဆေးဖက်ဝင်သကြားလုံးအိတ်ကို ဆွဲထုတ်လိုက်သည်။
"ဒါဆို ဒါက ဘာလဲ"
"ဒါ သူနာပြုကျဲကျဲဆီက ဆေးပါ"
ကောင်မလေးမှာ စကားလုံးအလှည့်အပတ်သုံးပြီး အမှားကို အမှန်လုပ်ရန်ပင် တတ်မြောက်နေပြီဖြစ်သည်။
"ဆေးပဲဖြစ်ဖြစ် အများကြီးစားလို့မရဘူး၊ ဒါကို ဦးဦး သိမ်းထားပေးမယ်၊ ချင်ချင်စားချင်တဲ့အခါမှ ပြန်ပေးမယ်"
ချင်ချင်သည် သူ့ အချစ်ဆုံး သကြားလုံးလေးများသိမ်း ဆည်းခံလိုက်ရသည်ကိုကြည့်ကာ မျက်ရည်ဝိုင်းသွားပြီး စိတ်ဆိုးသွားသော်လည်း ဘာမှတော့ မပြောရဲရှာပေ။
'စားချင်တဲ့အခါ ပြန်ပေးမယ်' ဆိုသည်မှာ ဖူဟန်မှ အရစ်ကျပုံစံဖြင့် တစ်နေ့လျှင် တစ်လုံး သို့မဟုတ် နှစ်လုံးသာ ပေးမည်ဖြစ်ပြီး၊ အကုန်လုံးကို တစ်ပြိုင်နက်တည်းပြန်ပေးမည်မဟုတ်ကြောင်း သူမ သေချာပေါက်သိနှင့်နေသည်။
သို့သော် သူကိုယ်တိုင်လည်း တစ်နေ့လျှင် သကြားလုံး သုံးလုံးထက် ပိုမစားပါဟု ကတိပေးထားခဲ့ပြီး၊ ယနေ့တွင် ခိုးစားမိသည်မှာ အများကြီးဖြစ်နေသဖြင့် ချင်ချင်မှာ အနည်းငယ် အပြစ်ရှိသလိုခံစားနေရသည်။
ထို့ကြောင့် သကြားလုံးအိတ် သိမ်းခံလိုက်ရသည့်အပေါ် သူ ဘာမှ ထပ်မပြောရဲတော့ခြင်းပင်။
"သွားကြစို့"
ဖူဟန်က ချင်ချင်ကို ပွေ့ချီလိုက်ပြီး အပေါ်အောက်လှုပ် ယမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
သူ အင်အားသုံးတာ များသွားသလား... ဒါမှမဟုတ် မကြာသေးခင်က ချင်ချင် အများကြီးစားနေလို့များလား ?
"ချင်ချင်၊ ခဏလောက် မတ်တပ်ရပ်ကြည့်ဦး"
ဖူဟန် ငုံ့ပြီး ချင်ချင်အား မြေပြင်ပေါ်သို့ ချပေးလိုက်ကာ၊ သူမ အရပ်ကို သူနှင့်ယှဉ်ကြည့်ရန် လက်ဖြင့်တိုင်းတာလိုက်သည်။
ကောင်မလေးမှာ သူ့ဒူးအထက် နည်းနည်းလေးအထိသာရှိသေးသည်။
"ချင်ချင် မကြာသေးခင်က သိပ်မရှည်လာဘူးပဲ"
ဒါက ဖူဟန့်မှတ်ချက်မဟုတ်ဘဲ ဘေးတွင် ရပ်နေသည့် ဖူစစ်ကျင်း မှတ်ချက်ဖြစ်သည်။
အစောပိုင်းက ချင်ချင်သည် သူမအဖေ ဒူးခေါင်းအရပ်လောက်သာရှိခဲ့သည်ကို သူ မှတ်မိနေသည်။ ယခုဆိုလျှင် လဝက်ခန့် ကုန်ဆုံးခဲ့ပြီဖြစ်ကာ ချင်ချင်သည် အသက်လေးနှစ် ပြည့်လုနီးပါးဖြစ်နေပြီဖြစ်သည်။ သုံးနှစ် သို့မဟုတ် လေးနှစ်အရွယ် ကလေးများ၏ လျင်မြန်သော ကြီးထွားနှုန်းနှင့် ယှဉ်လျှင် ချင်ချင့် ကြီးထွားမှုမှာ အတော် လေးနှေးကွေးနေသည်။
"ဖြစ်နိုင်တာကတော့ ချင်ချင် ဖွံ့ဖြိုးမှု နှေးနေတာနေမှာပါ"
နောက်ဆုံးတွင် သားအဖနှစ်ယောက်မှာ လောလောဆယ်အတွက် ဤနိဂုံးကိုသာ ချမှတ်လိုက်ကြသည်။
"ချင်ချင်ကို နွားနို့ပိုတိုက်၊ ပြီးတော့ သူမကို အားရှိအောင် အရိုးစွပ်ပြုတ်တွေ ချက်ကျွေးလိုက်ဦး" ဟု ဖူဟန် ပြောလိုက်သည်။
မဟုတ်လျှင် ကောင်မလေးမှာ အရပ်မရှည်လာပါက ငိုယိုနေဦးမည် မဟုတ်ပါလား ?
သူတို့သည် ယနေ့မနက်စောစောကတည်းက ဆေးထိုးရန် လာခဲ့ကြခြင်းဖြစ်ပြီး အခုဆိုလျှင် နေ့လယ်ပင်ကျော်နေပြီဖြစ်သည်။
ဖူဟန်က ကလေးနှစ်ယောက်ကို အနီးအနားရှိစားသောက် ဆိုင်တစ်ခုသို့ ခေါ်သွားပြီး အတူတူထမင်းစားရန် ဆုံးဖြတ်လိုက်သည်။ ထမင်းစားပြီးနောက် ဖူစစ်ကျင်းက အလုပ်သို့ အရင်သွားပြီး၊ ဖူဟန်ကမူ ချင်ချင်အား အပြင်သို့ လိုက်လံပို့ဆောင် ကစားပေးရန်စီစဉ်ထားသည်။
ဒါက သူ အစကတည်းကပေးထားခဲ့သည့် ကတိပင်ဖြစ် သည်။
"ချက်ချင်တို့ ဘယ်သွားကြမှာလဲ"
ချင်ချင်သည် ကားပြတင်းပေါက်မှတစ်ဆင့် ပြင်ပကမ္ဘာကို ငေးကြည့်ရသည်ကို အထူးနှစ်သက်သည်။ ၎င်းက သူမအတွက် အမြဲတမ်းအံ့သြစရာများ ယူဆောင်လာပေးစမြဲပင်။
"ကမ်းခြေကို သွားမယ်" ဟု ဖူဟန်က ပြောလိုက်သည်။
ယခုအခါ ဒီဇင်ဘာလရောက်ရှိနေပြီဖြစ်ကာ နှစ်သစ်ကူးရန် နီးကပ်နေပြီ ဖြစ်သည်။ ရာသီဥတုမှာ အေးလွန်းသဖြင့် ချင်ချင်ကို ရေကူးခွင့် မပြုနိုင်သော်လည်း၊ ကမ်းခြေသွားပြီး ရှုခင်းကြည့်ခြင်းနှင့် သဲသောင်ပြင်တွင် ဆော့ကစားခြင်းမှာမူ အဆင်ပြေနိုင်သည်။
ချင်ချင်သည် အရင်အပြင်သို့ သိပ်မထွက်ဖူးသလိုကမ်း ခြေသို့လည်း တစ်ခါမှ မရောက်ဖူးပေ။ သူမ၏ ကမ်းခြေနှင့် ပတ်သက်သည့် ဗဟုသုတအနည်းငယ်မှာ ကာတွန်းကားများ သို့မဟုတ် ပုံပြင်များမှသာရရှိထားခြင်းဖြစ် သည်။
သို့သော် ပုံထဲတွင်မြင်ရသည့် ပင်လယ်နှင့် အပြင်တွင် တကယ်တွေ့ရမည့် ပင်လယ်၏ဆွဲဆောင်မှုမှာ ယှဉ်၍မရနိုင်အောင်ပင်။
သူမသည် မျှော်လင့်ချက်အပြည့်နှင့် စောင့်ကြည့်နေစဉ်၊ အပြင်ဘက်ရှိ ရှုခင်းများမှာ မြို့ပြ၏မိုးမျှော်တိုက်ကြီးများမှသည် တောတောင်လျှိုမြောင်များအဖြစ် ပြောင်းလဲသွားပြီး၊ နောက်ဆုံးတွင် ကျယ်ပြောလှသည့် ပင်လယ်ပြာကြီး ပေါ်လာတော့သည်။
ကားပြတင်းပေါက်မှတစ်ဆင့် လတ်ဆတ်အေးမြသော ပင်လယ်လေပြည်လေးများ တိုးဝင်လာပြီး ငန်ကျိကျိ ရနံ့လေးကို ယူဆောင်လာပေးသည်။ အဆုံးအစမရှိသော ပင်လယ်ပြင်ကြီးမှာ နေရောင်အောက်တွင် တလက်လက်တောက်ပနေပြီး လှပကာ မျက်စိပဒသဖြစ်စေသည့် အလင်းပြန်မှုများကို ဖြစ်ပေါ်စေသည်။
ရွှေရောင်သဲသောင်ပြင်ပေါ်တွင် လူအနည်းငယ်မှာ ဟိုတစ်စဒီတစ်စ ရှိနေကြပြီး၊ အချို့မှာမူ ရေကူးကွင်းများဝတ် ဆင်ကာ ပင်လယ်ထဲရေကူးနေကြသည်။
"အရမ်းအေးမှာပဲ! သူတို့တွေ အေးခဲသွားမှာ မကြောက်ဘူးလားဟင်"
ပင်လယ်ထဲက လူတွေကိုကြည့်ရုံနှင့်တင် ချင်ချင်မှာ သူတို့ကိုယ်စား ချမ်းလာမိသည်။
"သူတို့က ဆောင်းရာသီ ရေကူးနေကြတာလေ ? လေ့ကျင့် ခန်းလုပ်တော့ ခန္ဓာကိုယ်ထဲမှာ အပူဓာတ်ထွက်လာလို့ သူတို့ မချမ်းကြဘူး" ဟု ဖူဟန် လှမ်းကြည့်ရင်း ပြောလိုက်သည်။
သူသည် ကားကို ကမ်းခြေယာဉ်ရပ်နားစခန်းတွင် ရပ်လိုက်ပြီးနောက်၊ ချင်ချင့်ကို သဲထဲတွင် သွားလာရလွယ်ကူမည့် ညှပ်ဖိနပ်တစ်စုံလဲပေးကာ ကားထဲမှ ချီထုတ်လာခဲ့သည်။
ချင်ချင်မှာ အေးမြသည့် ညှပ်ဖိနပ်ကိုဝတ်ထားသော်လည်း အပေါ်ပိုင်းတွင်မူ အဝတ်အစား ထူထူထဲထဲများကိုဝတ် ဆင်ထားဆဲဖြစ်သည်။
ဖူဟန် အပြင်ကုတ်အင်္ကျီတစ်ထည်ပါ ထပ်ဝတ်ပေးထားသဖြင့် မူလကတည်းက အရပ်ပုသည့် ကောင်မလေးမှာ ဘောလုံးလေးတစ်လုံးနှင့် တူနေပြီး၊ လမ်းလျှောက်လျှင်လည်း ပင်ဂွင်းလေးတစ်ကောင် လမ်းလျှောက်သလိုတယိမ်းတယိုင်နှင့် ဖြစ်နေတော့သည်။
အနားရှိလူကြီးအများအပြားမှာ ထိုချစ်စရာကောင်းလှသည့် ကလေးငယ်ကို မကြည့်ဘဲမနေနိုင်ကြဘဲ သူမ၏ ချစ်စရာကောင်းမှုတွင် လုံးလုံးလျားလျား နစ်မျောနေကြသည်။
ဒီကလေးက သိပ်ချစ်ဖို့ကောင်းလွန်းတယ်!
"ဦးဦး၊ ဦးဦး... ကြည့်ပါဦး၊ ပင်လယ်ကြီး!"
ချင်ချင်သည် ပျော်ရွှင်စွာ အော်ဟစ်ရင်း ပင်လယ်ဆီသို့ ပြေးသွားကာ ဖူဟန်ကိုလည်း လှည့်ခေါ်ရန်မမေ့ပေ။
ဖူဟန်က ခြေလှမ်းအနည်းငယ်နှင့် သူမကို အမှီလိုက်ကာ လက်ကလေးကိုဖမ်းဆုပ်ပြီး ရှေ့ဆက်မသွားရန်တားလိုက်သည်။
"ဟိုဘက်က အန္တရာယ်ရှိတယ်၊ ကလေးတွေ သွားလို့မရဘူး"
ယနေ့ လှိုင်းလုံးများမှာ တော်တော်လေး ကြီးနေသဖြင့် လှိုင်းတစ်ခုခုက ချင်ချင့်ခန္ဓာကိုယ်သေးသေးလေးကို အလွယ်တကူ လဲကျသွားစေနိုင်သည်။ သို့မဟုတ် ကံမကောင်းပါက ပင်လယ်ထဲသို့ပင် ဆွဲခေါ်သွားနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ဖူဟန်က သူမကို လှိုင်းရိုက်သည့် နေရာနှင့် အနီးအနားသို့ သွားခွင့်မပြုခြင်းဖြစ် သည်။
ချင်ချင် သဲသောင်ပြင်ခြောက်သွေ့သည့် နေရာတွင်သာ ကစားခွင့်ပြုထားသည်။
ကံကောင်းသည်မှာ သူမသည် ပင်လယ်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး စိတ်လှုပ်ရှားနေသဖြင့် ဤကဲ့သို့ အကန့်အသတ်လေးမှာ သူ့အတွက် အရေးမကြီးလှပေ။
"ဦးဦး၊ သမီးကို ဂေါ်ပြားလေး ပေးဦး"
မလာခင်ကတည်းက ဖူဟန်သည် လမ်းဘေးမှ သဲကစား စရာ အစုံလိုက်ကိုဝယ်လာခဲ့သည်။ ပလတ်စတစ် ကစား စရာ အိတ်ကြီးထဲတွင် ဂေါ်ပြား၊ ပုံးလေးတစ်လုံးနှင့် ငါး၊ ပုစွန်၊ ကဏန်း ပုံစံခွက်မျိုးစုံပါဝင်သည်။
သဲတွေကို အဲဒီထဲ ထည့်လိုက်ပြီး မှောက်ချလိုက်လျှင် သဲကဏန်းလေး ဒါမှမဟုတ် သဲငါးကြယ်လေးတွေကို ရနိုင်ပါသည်။
ချင်ချင်သည် အစပိုင်းတွင် အပေါ်ယံက သဲခြောက်များကို သုံးသော်လည်း သူမလုပ်သည့် ပင်လယ်စာလေးများမှာ အမြဲတမ်း ပဲ့ကြွေကုန်သည်။ နောက်ပိုင်းတွင် သဲခြောက်များအောက်က သဲစိုများက ပုံဖော်ရ ပိုလွယ်ကြောင်း သူ သိသွားသဖြင့် ချက်ချင်းပင် ဂေါ်ပြားလေးနှင့် တူးဆွကာ စတင်ကစားတော့သည်။
ဖူဟန်က သူမအနားရှိ ပျော်ပွဲစားထွက်စောင်ပေါ်တွင် သန့်ရှင်းသည့် နေရာတစ်ခုရှာကာ ချင်ချင် တစ်ယောက် တည်း ကစားနေသည်ကို ထိုင်ကြည့်နေမိသည်။
တခြားသော ကလေးအချို့ကလည်း ချင်ချင်တွင် ကစား စရာ ကိရိယာတွေ အများကြီးရှိသည်ကို မြင်သောအခါ အတူတူလာကစားချင်ကြသည်။
ချင်ချင်မှာ သဘောကောင်းလှသဖြင့် သူ့ကစားစရာများကို ဝေမျှပေးလိုက်ရာ မကြာခင်မှာပင် သူငယ်ချင်းအသစ်များစွာရရှိသွားတော့သည်။
သူမကို ဝိုင်းဝန်းအားပေးနေကြသည့် ပရိသတ်လေးများကို ကြည့်ရင်း ဖူဟန်သည် သူတို့၏ပထမဆုံးတွေ့ဆုံမှုအား မထင်မှတ်ဘဲ ပြန်လည်အမှတ်ရမိသည်။
သူနှင့် ချင်ချင် နှစ်ယောက်စလုံးမှာ ချမ်းသာသော မိသားစုများတွင် မွေးဖွားလာကြသူများဖြစ်ရာ ငယ်စဉ်ကတည်းက တစ်ဦး တည်ရှိမှုကို တစ်ဦးက သိခဲ့ကြသော်လည်း၊ သူတို့ တကယ့်ဆုံတွေ့မှုမှာ သူငယ်ချင်းတစ်ဦး၏မွေးနေ့ပါတီတွင်ဖြစ်သည်။
ထိုသူငယ်ချင်းမှာ ဖူဟန်နှင့် ကူးချင်ချင်အပါအဝင် မိတ် ဆွေများစွာရှိသည့် ဖော်ရွေသော လူတစ်ဦးဖြစ်သည်။
သူတို့နှစ်ဦးစလုံး ဂုဏ်ပြုရန်ဖိတ်ကြားခံခဲ့ရပြီး မထင်မှတ်ဘဲ ဆုံခဲ့ကြခြင်းပင်။
မဟုတ်သေးပါ၊ ကူးချင်ချင်ကို သိနေသည်မှာ ဖူဟန် တစ် ယောက်တည်းသာ။ ထိုစဉ်က ကူးချင်ချင်က သူ့အား မသိသေးပေ။
ဖူဟန်သည် ထိုဆုံတွေ့မှုအား စွဲမြဲစွာမှတ်မိနေပြီး၊ နှစ်ပေါင်း သုံးဆယ်နီးပါးကြာခဲ့ပြီဖြစ်သော်လည်း ယခုတိုင် မေ့မရနိုင်သေးပေ။
ကူးချင်ချင်သည် ထိုစဉ်က အထက်တန်းနောက်ဆုံးနှစ် သို့မဟုတ် တက္ကသိုလ်စတက်ကာစ ဖြစ်လောက်မည်လား ?
အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်မှာ တက်ကြွလှပနေပြီး လူအုပ်ကြားတွင် အာရုံစိုက်မှုအခံရဆုံးသူဖြစ်နေကာ၊ ပါတီပိုင်ရှင်ဖြစ်သည့် သူ့ သူငယ်ချင်းများထက်ပင် ပိုမိုတောက်ပနေသည့် ကြယ်တစ်ပွင့်ဖြစ်နေခဲ့သည်။
ထိုနေ့က စွဲလန်းသွားသူမှာ သူတစ်ယောက်တည်း မဟုတ်ဟု ဖူဟန်ယုံကြည်သည်၊ အကြောင်းမှာ ကူးချင်ချင်တွင် ပိုးပန်းသူများ မည်သည့်အခါမှ မပြတ်လပ်ခဲ့သောကြောင့်ပင်။
သူမသည် ဖူမိသားစု၏အမွေခံဖြစ်သည့် သူ့ထက်ပင် လူကြိုက်များလှပြီး၊ အမျိုးသားရော အမျိုးသမီးပါ သူမကို ဝိုင်းဝန်းနှစ်သက်ကြသည်။
အကြောင်းမှာ သူမသည် လှပသည်၊ မိသားစုနောက်ခံကောင်းသည်၊ ထူးချွန်ထက်မြက်သည့်အပြင် ပညာရေးတွင်လည်း ထိပ်တန်းကဖြစ်သောကြောင့်ပင်။
ဤမျှ ထူးချွန်ထက်မြက်သည့်အပြင် တက်ကြွလွန်းလှသော ပင်ကိုယ်စရိုက်ရှိသူတစ်ယောက်မှာ လူတကာ၏ အာရုံစိုက်မှုကို မခံရဘဲနေရန်ခက်ခဲလှပေမည်။
ချင်ချင် တကယ်ပဲ အဲဒီလောက်အထိတက်ကြွခဲ့တာလား?
ဖူဟန်မှာ ရုတ်တရက် ဝေခွဲမရဖြစ်သွားမိတော့သည်။
ဘာလို့လဲဆိုတော့ သူ့ရဲ့နောက်ပိုင်းမှတ်ဉာဏ်တွေထဲမှာတော့ သူ့ဇနီးဟာ အမြဲတမ်းအေးစက်ပြီး ခပ်တန်းတန်းနေတတ်ကာ မြင့်မြတ်လွန်းသည့် သူဌေးကတောင်ပုံစံမျိုးသာ ရှိခဲ့သောကြောင့်ပင်။
ဖူမိသားစုရဲ့ ကတော်တစ်ယောက်အနေနဲ့ သူ့ အပြုအမူ တိုင်းဟာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။ သူ့ ကိုယ်ပိုင်မိသားစုနှင့် ဆက်ဆံရေးအေးစက်တာကလွဲရင် ခင်ပွန်းဖြစ်သူနှင့် သားများအပေါ်မှာတော့ အစွမ်းကုန် မြှုပ်နှံထားခဲ့သည်သာ။
ဖူဟန်နဲ့ လက်ထပ်ပြီးစ ပထမနှစ်အနည်းငယ်တုန်းက သူမဟာ သူ့အနားမှာ အမြဲရှိနေရတာကို သိပ်မြတ်နိုးခဲ့သည်။ ဖူဟန်က အလုပ်တွေရှုပ်လို့ အိမ်ပြန်ချိန်မရှိရင်တောင် ကူးချင်ချင်ဟာ အိမ်မှာ စွပ်ပြုတ်တွေ၊ ထမင်းဟင်းတွေ ကိုယ် တိုင်ချက်ပြီး သူ့ဆီအရောက်ပို့ပေးတတ်သည်။
သူမ ပေးလာတဲ့အကြောင်းပြချက်ကတော့ အပြင်စာတွေကကျန်းမာရေးနဲ့မညီညွတ်ဘူး၊ အများကြီးစားရင် သူ့အတွက်မကောင်းဘူးဆိုတာမျိုးပါ၊ ဒါပေမဲ့ တကယ်တမ်းတော့ သူမ သူ့ကို ခဏခဏမြင်ချင်ရုံသက်သက်သာဖြစ် သည်။
ဖူဟန် ဒါကိုအတိုင်းသား သိနေခဲ့တာပေါ့။
ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ဇနီးမောင်နှံနှစ်ဦး ဆုံတွေ့ရတဲ့အကြိမ်ရေက တဖြည်းဖြည်းနည်းပါးလာခဲ့သည်။ တစ် ခါတလေ ညဉ့်နက်မှ "မတော်တဆ" ဆုံဖြစ်ကြတဲ့အခါမှာလည်း သူတို့ကြားက အသုံးအများဆုံးစကားတွေကတော့ - "ပြန်လာပြီလား”
"အင်း”
"စောစောအိပ်တော့နော်”
"ကောင်းပြီ”
အစပိုင်းမှာတော့ ကူးချင်ချင်က ဒီလိုစာကြောင်းရှည်တွေကိုပိုပြောခဲ့ပေမဲ့၊ နောက်ပိုင်းမှာတော့ သူမ ကိုယ်တိုင်တောင် သတိမထားမိဘဲ အပေါ်ယံတုံ့ပြန်မှုတွေသာ ပိုလုပ်လာခဲ့သည်။
အဲဒီအစား ဖူဟန်ကတော့ စကားပိုပြောလာသလိုမျိုးဖြစ်နေခဲ့သည်။
"ဦးဦး၊ ကြည့်ပါဦး!"
ချင်ချင့် စိတ်လှုပ်ရှားနေသည့် အသံလေးက ဖူဟန် အတိတ်ဟောင်း အောက်မေ့မှုတွေကို ဖြတ်တောက်လိုက်သည်။
သူက ကောင်မလေးညွှန်ပြတဲ့ဘက်ကို ငုံ့ကြည့်လိုက်ရာ သဲကဏန်းတစ်ကောင်၊ သဲပုစွန်တစ်ကောင်၊ သဲငါးကြီးတစ်ကောင်နဲ့ ငါးအသေးလေးနှစ်ကောင်က အလယ်က သဲငါးကြယ်လေးတစ်လုံးကို ဝိုင်းထားတာကိုတွေ့လိုက်ရသည်။
ချင်ချင် ငါးအကြီးကြီးကို အလေးအနက် ညွှန်ပြရင်းပြောလိုက်သည်။
"ဒါက ဦးဦး”
ငါးအသေးလေးနှစ်ကောင်ကိုကျတော့ "ဒါတွေက အားကျင်းနဲ့ ရှောင်ချန်”
ပုစွန်လေးကိုကျတော့ "ဒါက ချင်ချင့်တိတိ”
ကဏန်းကိုကျတော့ "ဒါက ဦးဦးပိုင်”
ပြီးတော့မှ သူမ ကျယ်ကျယ်လောင်လောင် နိဂုံးချုပ်လိုက်သည်။
"သမီးတို့က မိသားစုဝင်တွေလေ”
ဖူဟန် မျက်နှာပျက်သွားပြီး ကဏန်းရုပ်လေးကို ပုတ်ထုတ်လိုက်ကာပြောလိုက်သည်။
"အဲဒီ 'ပိုင်' လို့ခေါ်တဲ့လူမှာ သူ့မိသားစုနဲ့သူ ရှိပြီးသား၊ ချင်ချင်နဲ့သူက မိသားစု မဟုတ်ဘူး”
"ဦးဦးပိုင်က ချင်ချင့်အပေါ် သိပ်ကောင်းတာပဲကို၊ ဘာလို့ မိသားစုမဟုတ်ရမှာလဲ" ဟု ချင်ချင် နားမလည်စွာမေးလိုက်သည်။
သူမရဲ့ကြည်လင်တဲ့မျက်ဝန်းလေးတွေထဲမှာတော့ အပြစ်ကင်းတဲ့ သိချင်စိတ်လေးတွေသာ ရှိနေပြီး၊ သူ ပင်ပင်ပန်းပန်း လုပ်ထားတဲ့ သဲရုပ်လေးအဖျက်ခံလိုက်ရတဲ့အပေါ်မှာလည်း စိတ်ဆိုးတဲ့အရိပ်အယောင် စိုးစဉ်းမျှမရှိပေ။ သို့တိုင် ထိုသို့သောအခြေအနေမျိုးကြောင့် ဖူဟန်ပိုပြီးတော့ အရှက်ရသလို ခံစားလိုက်ရသည်။
သူ ခေါင်းငုံ့လိုက်ပြီး ချင်ချင့်အကြည့်တွေကို ရှောင်ရင်း ခပ်တည်တည် ရှင်းပြလိုက်သည်။
"မိသားစုဆိုတာ သွေးသားတော်စပ်တဲ့သူတွေ ဒါမှမဟုတ် ဥပဒေအရ ပတ်သက်တဲ့သူတွေကိုခေါ်တာ၊ ဒါပေမဲ့ တစ်ခါ တလေကျတော့ ဒီလိုပတ်သက်မှုတွေ မရှိပေမဲ့ သံယောဇဉ်ကြီးတဲ့သူတွေကလည်း အချင်းချင်း မိသားစုဖြစ်သွားနိုင်ပါတယ်၊ ဒါပေမဲ့ ပိုင်ချီယွီကတော့ ကူးချင်ချင်ရဲ့ မိသားစု ဖြစ်လို့မရဘူး”
"ဘာလို့လဲဟင်"
ချင်ချင်မှာ မေးခွန်းတွေ အများကြီးရှိနေကြောင်း ပြသနေသည်။
"ဘာလို့လဲဆိုတော့ ငါ မကြိုက်လို့”
ဖူဟန် ရုတ်တရက် မော့ကြည့်လိုက်ပြီး ချင်ချင့်မျက်လုံးတွေကိုစိုက်ကြည့်လိုက်သည်။
"ချင်ချင်၊ ချင်ချင်က ဦးဦးကို စိတ်မချမ်းသာအောင်လုပ် ရက်လို့လား”
ဘာကြောင့်မှန်းမသိဘဲ ဖူဟန်ဆီက အားငယ်နေတဲ့ ခံစားချက်တစ်ခုကို ချင်ချင် အာရုံခံမိလိုက်သည်။
သူ ကြောက်နေတာပဲ၊ ဘာကို ကြောက်နေတာလဲ ?
သူမဆီက သူ မကြားချင်တဲ့အဖြေမျိုး ထွက်လာမှာကို ကြောက်နေတာလား ?
ချင်ချင် ဂေါ်ပြားလေးကိုကောက်ကိုင်လိုက်ပြီး သူမကိုယ် တိုင်အပါအဝင် သဲရုပ်တွေအားလုံးကိုဖျောက်ပစ်လိုက် ကာ၊ ဖူဟန်အားကိုယ်စားပြုသည့် ငါးကြီးတစ်ကောင်တည်းကိုသာ ချန်ထားလိုက်တော့သည်။
"ချင်ချင် ဦးဦးကို စိတ်မချမ်းသာအောင် မလုပ်ရက်ပါဘူး၊ ဦးဦးက ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲဥစ္စာ!"
သူ့မျက်သူငယ်အိမ်တွေ အနည်းငယ်ကျဉ်းသွားပြီး ဖူဟန်ရဲ့နက်မှောင်သည့် မျက်ဝန်းတွေထဲ ချင်ချင့်နူးညံ့သည့် မျက်နှာလေးမှာအထင်အရှားပေါ်လွင်နေသည်။ သူကြောင် တောင်တောင်ဖြစ်သွားပြီး သူ့ဇနီး သူ့အားပထမဆုံးအကြိမ်ချစ်စကားပြောခဲ့တဲ့ မြင်ကွင်းကိုပင် မြင်ယောင်သွားမိသည်။
ထိုစဥ် မီးရောင်စုံတွေအောက်က ဘားတစ်ခုမှာပေါ့၊ အဲဒီတုန်းက မူးနေတဲ့ကူးချင်ချင် လူအုပ်ကြားကနေ အတင်းတိုးထွက်လာပြီး သူ့အပေါ်ကို ရဲရဲတင်းတင်း ခွထိုင်လိုက် ကာ၊ သူ့အင်္ကျီကော်လာကိုဆွဲပြီး ကျယ်ကျယ်လောင်လောင်ကြေညာခဲ့သည်မှာ
"ဖူဟန်၊ ရှင့်ကို ကျွန်မ ကြိုက်တယ်၊ ရှင်ကော ကျွန်မကို ကြိုက်လား ? မကြိုက်ဘူးလား ? တဲ့တိုးပဲ ဖြေ!"
ဒါပေမဲ့ သူအဖြေမပေးနိုင်ခင်မှာပင် မူးနေတဲ့ကောင်မလေးသည် သူ့ရင်ခွင်ထဲမှောက်ကျသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။