အခန်း (၅၉)
Vol. 7 Ch. 59
🍼 Chapter 59
ချင်ချင်သည် ကမ်းခြေတွင် တစ်မွန်းလွဲခင်းလုံး ဆော့ကစားခဲ့ပြီး၊ သူမတွင် အနုပညာပါရမီတော်တော်ရှိသည်ကို ဖူဟန် အံ့သြစွာတွေ့ရှိလိုက်ရသည်။ သူမ သဲရဲတိုက်တစ်ခုအားကိုယ်တိုင်တည်ဆောက်ခဲ့ခြင်းပင်။
အလွန်ရိုးရှင်းသော်လည်း ရဲတိုက်တစ်ခု၏အခြေခံပုံသဏ္ဌာန်မှာ ထင်ရှားနေဆဲဖြစ်ရာ၊ အသက်လေးနှစ်ပြည့်တော့မည့် ကလေးတစ်ယောက်အတွက်မူ တော်တော်လေး ချီးကျူးစရာကောင်းလှသည်။
အနည်းဆုံးတော့ ဖူဟန်ကိုယ်တိုင်ပင် ထိုကဲ့သို့သောအရာမျိုးလုပ်နိုင်မည်ဟု မထင်ပေ။
"ချင်ချင်၊ ဒီဘက်ကို နည်းနည်းလေး တိုးလိုက်ဦး"
ဖူဟန်သည် ချင်ချင်နှင့် သဲရဲတိုက်ကိုဓာတ်ပုံရိုက်ပေးရန် သူ့ဖုန်းကိုထုတ်လိုက်သည်။
အမှတ်တရဖြစ်စေရန်အတွက် ချင်ချင် ရဲတိုက်ဆောက်ပြီးသောအခါ သူ့ကိုဓာတ်ပုံရိုက်ပေးရန် ဖူဟန်အားအတင်းပူဆာခဲ့ပြီး၊ ဖူဟန်လည်း ထိုကဲ့သို့သော တောင်းဆိုချက်အသေးအမွှားလေးကို သဘာဝကျကျပင် မငြင်းဆန်ခဲ့ပေ။
ကောင်မလေးသည် ပုံစံအမျိုးမျိုးဖြင့် စိတ်လှုပ်ရှားစွာ ပို့စ်ပေးခဲ့ပြီး၊ ဖူဟန်ကို Filter တွေထည့်ပေးဖို့နှင့် လှအောင်လုပ်ပေးဖို့ပါ အတင်းပူဆာနေခဲ့သည်။
ဖူဟန်ကမူ ထိုကဲ့သို့သော အသုံးအနှုန်းသစ်များကိုမည်သို့နားလည်ပါမည်နည်း။ အွန်လိုင်းတွင် ခဏတာရှာဖွေပြီး အကြာကြီး ကလိကြည့်ပြီးနောက်တွင်မှ ချင်ချင် စိတ်တိုင်း ကျသည့် ဓာတ်ပုံအချို့ကို နောက်ဆုံးတွင် ရိုက်ပေးနိုင်ခဲ့တော့သည်။
ကောင်းကင်ယံမှာ တဖြည်းဖြည်းနှင့် ဆည်းဆာရောင်များ လွှမ်းလာခဲ့ပြီ။ နေဝင်ချိန် အလင်းတန်းအောက်တွင် ချင်ချင်သည် ကောက်လို့ရသမျှ ခရုခွံများထည့်ထားသည့် ပုံးလေးကိုကိုင်လျက် ဖူဟန်ဆီသို့ တဟားဟားရယ်မောရင်း ပြေးလာခဲ့သည်။
ဖူဟန်မှာ တစ်ခုခု ပူးကပ်သွားသလိုမျိုးပင်၊ ဤပျော်ရွှင်စရာ အခိုက်အတန့်ကို ထာဝရသိမ်းဆည်းထားနိုင်ရန် မသိစိတ်ဖြင့် ဖုန်းကိုမြှောက်ကာ ရိုက်လိုက်မိသည်။
ဓာတ်ပုံထဲတွင် ချင်ချင်၏အပြစ်ကင်းပြီးချစ်စရာကောင်း သော မျက်နှာလေးပေါ်၌ စိုးရိမ်ပူပန်မှုကင်းသည့် အပြုံးတစ်ခုရှိနေသည်။ သူ့နောက်ကွယ်တွင်မူ ကောင်းကင်တစ်ခုလုံး နီမြန်းနေသည့် တိမ်တိုက်များ၊ လှိုင်းကြက်ခွပ်လေးများ ထနေသည့် ပင်လယ်ပြာနှင့် ပျံသန်းနေသော ငှက်က လေးများဖြင့် မြင်သူတိုင်းကို ချက်ချင်းပြုံးသွားစေမည့်ပန်းချီကားတစ်ချပ်နှယ် လှပနေတော့သည်။
"ဦးဦး ဘာရိုက်လိုက်တာလဲ ? ချင်ချင့်ကို ပြဦး!"
ချင်ချင်သည် ဖူဟန့်ဘေးသို့ ကပ်လာကာ သူ့လက်ကလေးများဖြင့် သူ့လက်မောင်းကိုဆွဲရင်း ဖုန်းထဲကပုံများကို ကြည့်ချင်နေမိသည်။
"အတင်းမဆွဲနဲ့လေ! ငြိမ်ငြိမ်ရပ်၊ လဲကျသွားဦးမယ်!"
သူ ပြောပြီးရုံရှိသေး ချင်ချင်မှာ "ဗုန်း" ခနဲမြေကြီးပေါ်သို့ လဲကျသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် နူးညံ့သည့် သဲပေါ်သို့ လဲကျခြင်းဖြစ်၍ မနာကျင်သော်လည်း၊ သဲများ ပေကျံနေသည့် သူမ အဝတ်အစားများမှာ ပိုမို ညစ်ပတ်သွားတော့သည်။
"မေမေကတော့ တုတ်နဲ့ရိုက်ဖို့ အဆင်သင့်ပဲ" ဆိုသည့် အခြေအနေမျိုးပင်။
ကံကောင်းသည်မှာ ဖူဟန်သည် ချင်ချင့်အားကမ်းခြေခေါ်လာကတည်းက စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးသားဖြစ်၍ သိပ်ပြီးတုံ့ပြန်ခြင်းမရှိခဲ့ပေ။
သူ ချင်ချင့်ကို ထူပေးလိုက်ပြီး ဖုန်းကိုဇောက်ထိုးလှည့်ကာ သူမကိုပြလိုက်သည်။
"ငှက်ကလေး!"
ချင်ချင်သည် သူ့ ဓာတ်ပုံကိုကြည့်သော်လည်း သူမ၏ အာရုံစိုက်မှုမှာ နောက်ခံတွင် မတော်တဆ ပါလာသည့် ငှက်ကလေးဆီသို့ လုံးလုံးရောက်သွားသည်။ သူမက ထိုငှက်ကို စိတ်လှုပ်ရှားစွာ ညွှန်ပြပြီး "ဆရာမ ပြောတာ ဒါကို ဆုတောင်းပြည့်ငှက်လို့ ခေါ်တယ်တဲ့" ဟု တတွတ်တွတ် ပြောနေတော့သည်။
သူမသည် ပြတိုက်တွင် သိခဲ့ရသည့် အချက်အလက်များကို မှတ်မိနေခြင်းဖြစ်သည်။
"ဆုတောင်းပြည့်ငှက်လား ? သိပ်ကို နိမိတ်ကောင်းတဲ့ နာမည်ပဲ"
ဖူဟန် ရယ်မောရင်း ချင်ချင့်ဆံပင်များကို ဖွလိုက်ရာ သဲပုံကြီး ထွက်လာသည်။ သူ ခေတ္တမျှကြောင်သွားပြီးနောက် ချင်ချင့်ကို ဆွဲယူကာ သဲတွေကိုပုတ်ထုတ်လိုက်ရာ နောက်ထပ် သဲပုံတစ်ပုံ ထပ်ထွက်လာပြန်သည်။
"ချင်ချင် သဲထဲမှာ လူးလှိမ့်နေတာလား၊ ဒါမှမဟုတ် သဲနဲ့ ရေချိုးလာတာလား"
ဖူဟန် သက်ပြင်းတစ်ချက်ချရင်း နောက်ကျနေပြီဖြစ်သည်ကိုမြင်သောအခါ မြေပြင်ပေါ်မှပစ္စည်းများကို သိမ်းဆည်းပြီး ချင်ချင့်ကိုပြန်ခေါ်လာခဲ့သည်။
ဒီည ချင်ချင့်အားသန့်ရှင်းရေးလုပ်ပေးရမည့် ကိစ္စမှာ အလုပ်ကြီးတစ်ခု ဖြစ်တော့မည်။
သိပ်နောက်ကျနေပြီဖြစ်၍ ဖူဟန်သည် သူ့သားကြီးကို အိမ်ပြန်မလာတော့ကြောင်း ဖုန်းဆက်အသိပေးလိုက်ပြီး၊ ချင်ချင်နှင့်အတူ အနီးအနားရှိ ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ်းခြေဗီလာတစ်ခု ငှားလိုက်ကာ အစားအ သောက်များကို မှာယူလိုက်သည်။
သူ ချင်ချင့်ကိုယ်ပေါ်က သဲတွေကို ဆေးကြောပေးရဦးမည်ဖြစ်၍ ဟင်းချက်ရန် အချိန်မရှိပေ။
ချင်ချင်သည် ဗီလာရှိ ရေချိုးကန်အကြီးကြီးထဲတွင် ထိုင်ကာ ရေတွေကို ဟိုပက်ဒီပက်လုပ်နေသဖြင့် နေရာအနှံ့ရေများ စိုရွှဲကုန်သည်။
သူမသည် ဘာကိုမှ ဂရုမစိုက်ဘဲ ဆက်လက်ရယ်မော ကစားနေကာ၊ သူမအနားတွင် ပေါလောပေါ်နေသည့် ပလတ်စတစ် ဘဲရုပ်လေးများ၊ ရွက်လှေလေးများနှင့် အခြားသော ကစားစရာများကို ပုတ်ခတ်ရင်း နေရာအနှံ့ ပြန့်ကျဲသွားစေသည်။
ချင်ချင့်အတွက် တိုင်ကပ်ပုဝါ သွားယူရုံလေးတင်ရှိသေးသော်လည်း အပြန်တွင် ဤကဲ့သို့ ပရမ်းပတာဖြစ်နေသည်ကို တွေ့ရလိမ့်မည်ဟု ဖူဟန် မမျှော်လင့်ထားခဲ့ပေ။
သူ့မျက်နှာမှာ အနည်းငယ် တင်းမာသွားပြီး မျက်မှောင် ကြုတ်ကာ၊ ချင်ချင်၏ဖောင်းအိနေသော လက်ကလေးများကို အန္တရာယ်ရှိသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကောင်မလေးမှာ ထိတ်လန့်သွားပြီး သူ့ လက်ကလေးများကို ရေထဲသို့ အမြန်ပြန်ဆွဲသွင်းကာ၊ တစ်ကိုယ်လုံးကို ရေထဲတွင် ဝှက်လိုက်တော့သည်။ ရေစိုနေသည့် ခေါင်းလေးကိုသာ အပြင်ထုတ်ထားရင်း ဖူဟန်ကို သနားစရာမျက်နှာလေးနှင့် ကြည့်နေသည်။
"ချင်... ချင်... ချင်ချင် မှားသွားပါတယ်... မှားသွားပါတယ်..." သူလေး သိပ်ကြောက်သွားသဖြင့် စကားပင် သေချာမပြောနိုင်တော့ပေ။
"ချင်ချင့်ကို မရိုက်ပါဘူး၊ အမြန်ထပြီး အဝတ်အစားလဲတော့"
ရေတွေ အေးလာပြီဖြစ်ရာ ချင်ချင်ကို ထိုထဲတွင် ဆက်မထားနိုင်တော့ပေ၊ မဟုတ်လျှင် သူမ အအေးမိသွားလိမ့် မည်။
သူသည် ချင်ချင့်ကို ကျွမ်းကျင်စွာဆေးကြောပေးလိုက်ရာ၊ မကြာခင်မှာပင် မွှေးပျံ့အေးမြပြီး အိစက်နေသည့် "မုန့်လုံးလေး" တစ်လုံးသည် ရေချိုးခန်းထဲမှ အော်ဟစ်ပျော်ရွှင်စွာ ပြေးထွက်လာပြီး နူးညံ့သည့် ကုတင်ကြီးပေါ်သို့ တန်းတန်း မတ်မတ် ဦးတည်သွားတော့သည်။
ဖူဟန်ကမူ ချက်ချင်း လိုက်မသွားနိုင်သေးပါ။ ချင်ချင့်ကို ရေချိုးပေးရင်း သူပါ ရေပက်ခံထားရသဖြင့် တစ်ကိုယ်လုံး စိုရွှဲနေသောကြောင့် ကိုယ်တိုင်လည်း ရေချိုးရန် ဆုံးဖြတ်လိုက်သည်။
ချင်ချင်ကတော့ အပြင်မှာ တစ်ယောက်တည်းဆော့ကစားရင်း ဖူဟန် ရေချိုးပြီးသည်အထိ စောင့်နေခဲ့သည်။
စောင့်နေတုန်းမှာပင် လူခေါ်ဘဲလ်တီးသံ ထွက်ပေါ်လာသည်။ ဖူဟန် မှာထားသည့် အစားအသောက်များရောက် လာခြင်းပင်။
"လာပြီ!"
ချင်ချင်သည် အောက်ထပ်သို့ ပြေးဆင်းသွားပြီး တံခါးကို ကိုယ်တိုင်ဖွင့်လိုက်သည်။ တံခါးဝရှိ အစားအသောက်ပို့သူမှာ အထဲတွင် ကလေးမလေးတစ်ယောက်တည်း ရှိနေ သည်ကိုမြင်ချိန် ခဏတာမှင်တက်သွားပြီးမှ ပြုံးပြကာ အစားအသောက်များကို ချင်ချင့်လက်ထဲ ကမ်းပေးလိုက်သည်။
"အစားအသောက်ကို အရသာရှိရှိ သုံးဆောင်ပါဗျာ။"
"ကျေးဇူးတင်ပါတယ်ရှင့်"
ပို့ဆောင်သူ ထွက်သွားပြီးနောက် ချင်ချင်သည် အစားအ သောက်ထုပ်ကို မနိုင်မနင်းနှင့် ဆွဲလာရင်း၊ အပေါ်ထပ်သို့ အသံကုန် ဟစ်အော်ခေါ်လိုက်သည်။
"ဦးဦး၊ ဦးဦးရေ... ထမင်းစားရအောင်!"
သူ့အသံလေးမှာ စူးရှပြတ်သားလှသဖြင့် လှေကားရင်းသို့ ရောက်ခါစရှိသေးသော ဖူဟန့်ခြေလှမ်းများ ပိုမြန်လာစေသည်။
ဖူဟန် သာမန်အိမ်ချက်ဟင်းလျာများကိုသာ မှာထားခြင်းဖြစ်ပြီး၊ ချင်ချင့်အတွက် ကြက်ဥပေါင်းလေးပါ အထူးမှာပေးထားသည်။
သူတို့နှစ်ဦးသည် ဧည့်ခန်းရှိ စားပွဲအသေးလေးပေါ်တွင် ဟင်းများကို ပြင်ဆင်ပြီး စားသောက်ကြသည်။ ချင်ချင်သည် ဇွန်းလေးကိုကိုင်ကာ ကိုယ်တိုင် လိမ္မာပါးနပ်စွာ စားနေသည်။
လအနည်းငယ်ကြာ လေ့ကျင့်ထားမှုကြောင့် သူမသည် စားသောက်သည့်အခါ ဖိတ်စင်မှုသိပ်မရှိတော့သော်လည်း၊ သူမ၏ လှုပ်ရှားမှုများက အနည်းငယ် နှေးကွေးပြီး တုံ့ဆိုင်းနေဆဲပင်။
ကံကောင်းထောက်မစွာဖြင့် ဖူဟန်သည် စိတ်ရှည်သူဖြစ်၍ သူမ စားပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ပေးနေခဲ့သည်။
"ချင်ချင်၊ နောက်ဆိုရင် သူစိမ်းတွေကို တံခါး လုံးဝမဖွင့်ပေးရဘူးနော်၊ နားလည်လား"
ဟင်းထဲက အသားကိုရွေးနေတုန်းမှာပင် ဖူဟန်၏ တည် ကြည်သော ဆိုဆုံးမသံကို ချင်ချင် ကြားလိုက်ရသည်။
သူ သိချင်စိတ်ဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
"သူက အစားအသောက်ပို့တဲ့သူလေ၊ လူဆိုးမဟုတ်ပါဘူး"
"သူ လူဆိုးမဟုတ်ဘူးဆိုတာ ချင်ချင် ဘယ်လိုသိလဲ"
သူလေး ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ ?
"ငှက်ကလေးက ချင်ချင့်ကို ပြောတာလေ၊ တံခါးဖွင့်ပေးလို့ ရတယ်လို့ပြောလို့ ချင်ချင် ဖွင့်ပေးလိုက်တာ"
ချင်ချင် ဘာမှမရှိသည့် ဟာလာဟင်းလင်းပြင်ကို ညွှန်ပြလိုက်သည်။
ဖူဟန် မသိစိတ်ဖြင့် လိုက်ကြည့်လိုက်သော်လည်း ဘာကိုမှ မတွေ့ရပေ။
သူ ဒါကို လျစ်လျူရှုထားချင်သော်လည်း၊ ဤအချက်မှာ အလွန်အရေးကြီးသည်ဟု ခံစားရသဖြင့် မဖြစ်မနေမှတ် သားထားလိုက်မိသည်။
တကယ်တော့ 'ငှက်ကလေး' ဆိုသည့် စကားလုံးမှာ ချင်ချင့်စကားတွေထဲတွင် မကြာခဏပါဝင်နေခဲ့သည်။ သို့ တိုင် သူတို့ ချင်ချင် မြင်တွေ့ဖူးသည့် အနီးအနားက စာကလေးတစ်ကောင်ဖြစ်လိမ့်မည်ဟုသာ ထင်မှတ်ခဲ့ကြသည်။
ကလေးများသည် တိရစ္ဆာန်လေးတွေအား စိတ်ဝင်စားတတ်တာက ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။
ဒါပေမဲ့ အခုက ဆောင်းရာသီဖြစ်နေပြီး တိရစ္ဆာန်အများစုမှာ ပျောက်ကွယ်နေချိန်ဖြစ်ရာ၊ ဒီငှက်က ဘယ်ကနေ ရောက်လာတာလဲ ?
"ဦးဦး..."
လက်ကလေးတစ်ဖက်က လက်ကြီး၏လက်ချောင်းနှစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။ သူလေး၏ ချိုသာသောအသံလေးမှာ စိုးရိမ်စိတ် အနည်းငယ်ပါဝင်နေသည်။
"ချင်ချင် တစ်ခုခု သင်ချင်တယ်၊ ဦးဦး ပြန်ရောက်ရင် ချင်ချင့်ကို အပြင်သင်တန်းတစ်ခု အပ်ပေးလို့ ရမလားဟင်"
ဒါ သူမ ပထမဆုံးအကြိမ် တရားဝင်တောင်းဆိုခြင်းဖြစ်ပြီး ငြင်းပယ်ခံရမှာကို အနည်းငယ်စိုးရိမ်နေရှာသည်။
"ရတာပေါ့၊ ချင်ချင် ဘာသင်ချင်လို့လဲ"
ကလေးမှာ သင်ယူချင်စိတ်ရှိနေသည်မို့ ဖူဟန်က တားဆီးရန်အကြောင်းမရှိပေ။
"ချင်ချင် မသိဘူး..."
ချင်ချင်ကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေသည်။ သူမသည် မူကြိုကျောင်းတွင် အခြားကလေးများ အမျိုးမျိုး သင်ယူနေကြသည်ကို မြင်သဖြင့် လိုက်သင်ချင်ခြင်းသာ ဖြစ်ပြီး၊ သေသေချာချာတော့ မစဉ်းစားရသေးပေ။
"စာလုံးအလှရေးနည်းနဲ့ တိုက်ကွမ်ဒိုဆိုရင်ကော ဘယ်လိုလဲ"
တစ်ခုကငြိမ်ပြီး တစ်ခုကမူ လှုပ်ရှားရသည်။ ချင်ချင့်၏ စိတ်နေစိတ်ထားကို ပျိုးထောင်ပေးရန်နှင့် လေ့ကျင့်ခန်းလုပ်ရန်အတွက် အကောင်းဆုံးပင်။
ကလေးငယ်များအတွက် တိုက်ကွမ်ဒိုမှာ အန္တရာယ်မရှိသော်လည်း၊ ကလေးငယ်တစ်ယောက်ကို ဟိုပြေးဒီပြေး လှုပ်လှုပ်ရှားရှားဖြစ်စေပြီး အင်အားတွေ ထုတ်သုံးစေခြင်းက ကောင်းမွန်သည့်အချက်ဖြစ်သည်။
မကြာသေးမီက ချင်ချင်သည် မိသားစုဝင်များ၏အလို လိုက်ခြင်းကို ခံရသဖြင့် အနည်းငယ် ဂျီကျချင်လာသည့် အရိပ်အယောင်များပြသနေသည်။ ဖူဟန်အနေဖြင့် ထိုအကျင့်များကို အစပျိုးကတည်းက ပြုပြင်ပေးရန် လိုအပ်သည်၊ မဟုတ်လျှင် ကလေးမှာလမ်းလွဲသွားနိုင်သည်။
အပြင်သင်တန်းများ တက်ခြင်းက သူမ၏ပိုလျှံနေသော အင်အားများကို ကုန်ခမ်းစေမည်ဖြစ်၍၊ ကောင်မလေးမှာ ဆိုးနွဲ့ရန် အင်အားရှိတော့မည် မဟုတ်ပေ။
ဗိုက်ဝသွားသလို ကျောင်းကိစ္စလည်း အဆင်ပြေသွားသဖြင့် ချင်ချင်မှာ အတိုင်းမသိ ပျော်ရွှင်နေတော့သည်။
ဖူဟန် ကုမ္ပဏီကိစ္စအချို့ကို ဖုန်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် အခန်းထဲပြန်ဝင်သွားချိန်တွင်၊ သူမကမူ ဘေးရှိ ကုတင်ကြီးပေါ်တွင် ဟိုခုန်ဒီခုန်လုပ်ရင်း ကုတင်အိုကြီးကို ဒိုင်ဗင်ထိုးစင်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ကံကောင်းသည်မှာ ချင်ချင်သည် သေးသေးလေးနှင့် ပေါ့ပေါ့လေးဖြစ်နေသောကြောင့်သာ၊ မဟုတ်ပါက ကုတင်မှာ သေချာပေါက် ကျိုးသွားလောက်ပြီဖြစ်သည်။
-
ဖူစစ်ချန်သည် အိမ်သို့ အလွန်နောက်ကျမှ ပြန်ရောက်လာသည်။
တံခါးဝသို့ ရောက်သည်နှင့် အိမ်ထဲမှ နွေးထွေးသည့် ဝါကျင်ကျင် မီးရောင်လေးပျံ့လွင့်နေသည်ကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲတွင် အနည်းငယ်နွေးထွေးသွားရတော့သည်။
သူ့ခြေလှမ်းတွေကို အရှိန်မြှင့်ပြီး တံခါးကို ဖွင့်လိုက်တဲ့အခါ၊ သူ့အစ်ကိုဖြစ်သူ ဆိုဖာပေါ်မှာ မျက်လုံးမှိတ်ပြီး လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
တီဗွီမှာ ပွင့်နေဆဲဖြစ်ပြီး ဘောလုံးပွဲတစ်ခု ပြသနေကာ၊ အားကစားနောက်ခံစကားပြောသူရဲ့ စိတ်အားထက်သန်တဲ့ ရှင်းလင်းချက်သံတွေဟာ ပရိသတ်တွေရဲ့ဟစ်အော်အား ပေးသံတွေနဲ့ရောနှောပြီး ဧည့်ခန်းတစ်ခုလုံးမှာ ပျံ့နှံ့နေ သည်။
ကံမကောင်းတာကတော့ ပွဲကြည့်နေတဲ့သူဟာ ဒီပွဲကို စိတ် ဝင်စားပုံမရဘဲ၊ ဒီလောက်ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာတောင် အိပ်ပျော်သွားနိုင်ခဲ့ခြင်းပင်။
"ကော... ကော..."
ဖူစစ်ချန် ဖူစစ်ကျင်းအား နှိုးလိုက်သည်။
"ထတော့၊ အခန်းထဲသွားအိပ်၊ ဒီမှာက အေးတယ်၊ အအေး မိမှာ စိုးလို့"
ဖူစစ်ကျင်း နီမြန်းနေသည့် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ပြီး အချိန်ကိုကြည့်လိုက်ရာ မနက် ၂ နာရီခွဲ ရှိနေပြီဖြစ်သည်။
သူ တဖြည်းဖြည်းချင်းထရပ်လိုက်ပြီး သူ့ညီအနားကနေ ဝိညာဉ်တစ်ခုလို ဖြတ်လျှောက်သွားကာ "အိမ်ပြန်ပြီး နားတော့" ဟု ပြောလိုက်သည်။
သူ နေ့ခင်းက ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောခဲ့သလို၊ ဘာမှမဖြစ်ခဲ့သလိုမျိုးပင်။
ဖူစစ်ချန်ကူံ သူ့အစ်ကိုရဲ့ ထွက်ခွာသွားတဲ့ ကျောပြင်ကို ကြည့်ရင်း စကားပြောဖို့ ဝေခွဲမရဖြစ်နေသည်။ သူ အန်းရန်အကြောင်းပြောပြချင်သလို၊ သူ့မားအပေါ် မှားယွင်းစွာ နားလည်ခဲ့မှုအတွက် ပိုလို့တောင်တောင်းပန်ချင်နေမိ သည်။
အဲဒီနောက်မှာတော့ ဓာတ်လှေကားထဲကို ဝင်တော့မယ့် ဖူစစ်ကျင်းက ရုတ်တရက်ရပ်လိုက်ပြီး ခေါင်းကို အနည်း ငယ်လှည့်ကာ ပြောလိုက်သည်။
"မင်း ချစ်သူက အနီးအနားမြို့က မားပိုင်တဲ့ အိမ်တစ် လုံးမှာ နေနေတာဖြစ်ရမယ်၊ သူ မားနဲ့ သိတာ... တော်တော်ကြာပြီထင်တယ်"
ဒါ သူ အဆက်အသွယ်တွေ အများကြီးသုံးပြီးတော့မှ ပင်ပင်ပန်းပန်း ရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက်ပင်။
ဒီသတင်းကို ရလိုက်သည်နှင့် သူဟာ သူ့မား မတရားစွပ်စွဲခံရတာပဲဟုအကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။
ထပ်ပြီးတော့ မတရားစွပ်စွဲခံရပြန်ပြီပေါ့။
ဒါဆို သူတို့မားက ဘာတွေများ မှားခဲ့လို့ ဒီလိုမျိုး ဒုက္ခပေးတဲ့ ကလေးနှစ်ယောက်နဲ့ လာဆုံရတာလဲ?
ဖြည်းဖြည်းချင်း ပိတ်သွားတဲ့ ဓာတ်လှေကားတံခါးက ဖူစစ်ကျင်း မျက်နှာပေါ်မှသရော်ပြုံးအား ဖုံးကွယ်သွားပေမဲ့၊ သူ့မျက်လုံးထဲက မှောင်မှိုင်မှုတွေကတော့ ဖူစစ်ချန်ရဲ့ မျက်လုံးထဲမှာ စွဲထင်ကျန်ရစ်ခဲ့သည်။
"ငါ... မိသားစုတစ်ခုလုံးရဲ့ အပယ်ခံဖြစ်သွားတာလား?"
အားငယ်စွာနှင့် ဆိုဖာပေါ်ကို ခွေကျသွားရင်း ဖူစစ်ချန်ဟာ စိတ်ပျက်လက်ပျက်နဲ့ သူ့ဆံပင်တွေကို ထိုးဖွလိုက်သည်။
ရုတ်တရက် သူ ဝုန်းခနဲထရပ်လိုက်ပြီး အပေါ်ထပ်ကို ပြေးတက်သွားတော့သည်။
သူ အမှားလုပ်ခဲ့တာမို့လို့ တာဝန်ယူရမယ်၊ ချင်ချင့်ကို တောင်းပန်ရမယ်!
ဒါပေမဲ့ ဖူစစ်ချန် တွေ့လိုက်ရသည်မှာ တိတ်ဆိတ်မှုများသာဖြစ်သည်။
ချင်ချင်နှင့် ဖူဟန်တို့ အဲဒီမှာမရှိကြပါဘူး။ ဖူစစ်ချန် မသိတာကတော့ သူတို့ဟာ ကမ်းခြေဗီလာမှာ ရှိနေဆဲဖြစ် သည်။
ချင်ချင် သူ့ကို တမင်ရှောင်နေတာလို့ ထင်သွားတဲ့ ဖူစစ်ချန်ဟာ သူ့ရဲ့ ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းမသိပေမဲ့၊ သူ တကယ် စိတ်မကောင်းဖြစ်သွားရသည်။
သူဟာ တံခါးပိတ်ပြီး ထွက်သွားဖို့ ပြင်လိုက်စဉ်မှာပဲ၊ သူ့မိဘတွေရဲ့ အခန်းထဲက စားပွဲပေါ်မှအလင်းရောင်ဖျော့ဖျော့လေး တစ်ခုပေါ်လာသည်။
"ဟင် ? အဲဒါ ဘာလဲ?"
ဖူစစ်ချန် သိချင်သွားရသည်။
ညလယ်ခေါင်မှာ အလင်းရောင်ဖျော့ဖျော့လေး ပေါ်လာတာက လူကို ထိတ်လန့်စရာတွေ တွေးမိစေတာပေါ့။ အထူးသဖြင့် စိတ်ကူးယဉ်မှု အားကောင်းလှတဲ့ ကာတွန်းဆရာ ဖူစစ်ချန်အတွက်တော့ ပိုလို့ပင်ဆိုးပါသေးသည်။
မိနစ်အနည်းငယ်အတွင်းမှာပဲ သူ ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ရပ်မျိုးစုံကို စိတ်ကူးယဉ်ပြီးနေပါပြီ။ သူ အဲ့ဒီဖြစ်ရပ်တွေအတွက် အချစ်အလွမ်း ဇာတ်လမ်းမျိုးစုံကိုတောင် ဖန်တီးလိုက်ပြီး၊ နောင်မှာ အသုံးပြုဖို့အတွက် ဇာတ်လမ်းအကျဉ်းချုံ့ထားဖို့သာ ကျန်ပါတော့သည်။
သူ့စိတ်ထဲ အတွေးတွေ သောင်းကျန်းနေပေမဲ့၊ လက်တွေ့လုပ်ရပ်ကတော့ သူ့အတွေးတွေကို သစ္စာဖောက်လိုက်သည်။
ကြောင်တောင်တောင်နဲ့ပဲ ဖူစစ်ချန်ဟာ အလင်းဖျော့ဖျော့လေးရှေ့မှာ ဆောင့်ကြောင့်ထိုင်ကြည့်လိုက်တဲ့အခါ၊ အဲဒီအရာရဲ့ တကယ့်အသွင်အပြင်ကိုမြင်လိုက်ရသည်။
အဲ့ဒါ သူ့မားရဲ့ လက်ကိုင်ဖုန်းပင်။
သေးငယ်သွားတဲ့ ချင်ချင်လေးက အဲဒါကို မသုံးတော့တာကြောင့်၊ ထိုဖုန်းအား ကုတင်ဘေးစားပွဲပေါ်မှာ မေ့ကျန်ခဲ့ပြီး ဘယ်သူမှမထိမိခဲ့ကြခြင်းဖြစ်သည်။