← Chapters

အခန်း (၆၀)

Vol. 7 Ch. 60

အခန်း (၆၀)

Vol. 7 Ch. 60

🍼 Chapter 60

တစ်စုံတစ်ယောက်က သူ့မေမေဆီကို စာပို့လိုက်တာ ဖြစ်ရမည်၊ ဒါကြောင့်လည်း ဖုန်းစကရင်က လင်းလာရခြင်းပင်။

ဒါပေမဲ့ လဝက်နီးပါးလောက် ဘယ်သူမှမကိုင်ဘဲ ပစ်ထားတဲ့ဖုန်းက ဘယ်လိုလုပ်ပြီး အားရှိနေသေးတာလဲ ?

သူ့ရဲ့သံသယက ချက်ချင်းအဖြေထွက်သွားပါတယ်။ အားသွင်းကြိုးကို ဖြုတ်မထားခဲ့မိလို့ပင်။

သူ့ရဲ့လက်ချောင်းထိပ်လေးတွေက တုန်ယင်နေပြီး ဖူစစ်ချန်တစ်ယောက် ဝေခွဲမရဖြစ်နေသည်။ သူ့မေမေရဲ့ဖုန်းကို ခိုးကြည့်ရမလားဆိုပြီးတော့ပေါ့။

စိတ်ရိုင်း- ခဏလေးကြည့်တာပဲ၊ ဘာမှမဖြစ်ပါဘူး၊ ဟုတ်တယ်မလား ?

စိတ်ကောင်း- မဟုတ်သေးဘူးလေ! မင်းမားရဲ့လျှို့ဝှက်ချက်ကို ဘယ်လိုလုပ်ပြီး ချောင်းကြည့်ရမှာလဲ? မကြည့်နဲ့!

စိတ်ရိုင်း- ခဏလေးပါဆို၊ ခဏလေးပဲ။

စိတ်ကောင်း- မကြည့်နဲ့!

သူ့ရင်ထဲ ကောင်းကင်တမန်နဲ့ မိစ္ဆာတို့ တိုက်ပွဲဖြစ်နေကြပေမဲ့ နောက်ဆုံးမှာတော့ သိချင်စိတ်ကပဲ အနိုင်ရသွားပြီး ဖူစစ်ချန်ဟာ သူ့ရဲ့ "အပြစ်သား လက်" ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

ရုတ်တရက် အခန်းမီးတွေ ဝင်းခနဲပွင့်လာတာကြောင့် ဖူစစ်ချန် လန့်ဖျန့်သွားပြီး ဖုန်းကို အိတ်ကပ်ထဲ ချက်ချင်းထိုးထည့်လိုက်မိသည်။

"ဒုတိယသခင်လေး၊ ဘာ လုပ်နေတာလဲ ?"

ဒါက အလုပ်ရှင်ရဲ့အခန်းထဲက အသံကြားလို့ လာကြည့်တဲ့ အိမ်ဖော်ဒေါ်ကြီးပင်။

"ဘာ... ဘာမှမဟုတ်ပါဘူး... ကျွန်တော် တစ်ခုခုလာယူတာ"

ဖူစစ်ချန် အူကြောင်ကြောင်နဲ့ ပြုံးပြရင်း အားသွင်းကြိုးကိုပါ အမြန်ဆွဲဖြုတ်လိုက်ပြီး ဒေါ်ကြီးမြင်အောင် မြှောက်ပြလိုက်သည်။

"ကျွန်တော့်ဖုန်းအားသွင်းကြိုး ကုမ္ပဏီမှာ မေ့ကျန်ခဲ့လို့ မားရဲ့ကြိုးကို လာယူတာ"

အဲဒီနောက် သူ အပြစ်ရှိသည့်မျက်နှာနှင့် အခန်းထဲကနေ အမြန်ထွက်ပြေးလာခဲ့တော့တာကြောင့် အိမ်ဖော်ဒေါ်ကြီးမှာ ကြောင်တောင်တောင်ကျန်ရစ်ခဲ့သည်။

"ဖူကတော်ရဲ့ဖုန်းအမျိုးအစားက သခင်လေးဖုန်းနဲ့ တူလို့လား ?"

တကယ်တော့ ဒေါ်ကြီးက သေသေချာချာမမှတ်မိသလို၊ ဆက်ပြီးတော့လည်း စပ်စုမနေတော့ပါ။ သူ သမ်းဝေလိုက်ပြီး အိပ်ချင်မူးတူးနှင့် ပြန်အိပ်သွားတော့သည်။

"ဝုန်း!"

ဖူစစ်ချန် တံခါးကို ဝုန်းခနဲပိတ်လိုက်ပြီး ကျောနဲ့မှီကာ စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်းရှူနေမိသည်။

သူ... သူ ဘာတွေလုပ်နေတာလဲ ?

အိတ်ကပ်ထဲရှိ သူ့မားဖုန်းကို ထုတ်ကြည့်ရင်း ဖူစစ်ချန်တစ်ယောက် ဒီညအိပ်ရေးပျက်လွန်းလို့ သူ့ဦးနှောက်တွေ ဂျောင်သွားပြီလားလို့တောင် တွေးမိသည်။

"အခု ငါ ဘာဆက်လုပ်ရမလဲ?"

ပြန်သွားထားရမလား? မဖြစ်သေးဘူး၊ အိမ်ဖော်ဒေါ်ကြီး ရှိနေသေးလားမှ မသိတာ။

ပြန်မထားရင်ကော? ဒါလည်း မကောင်းဘူး၊ ဖေဖေသိသွားရင် ဘယ်လိုလုပ်မလဲ ?

သူ တွေဝေနေတုန်းမှာပဲ သူ့လက်ထဲကဖုန်းက ရုတ်တရက် တုန်ခါလာသည်။ လန့်သွားသည့် ဖူစစ်ချန်ခမျာ ဟိုစမ်းဒီစမ်းလုပ်ရင်း မသိစိတ်မှ ဖုန်းလက်ခံတဲ့ခလုတ်အနှိပ်မိသွားတော့သည်။

"ကူးချင်ချင်..."

တစ်ဖက်က မောက်မာတဲ့ မိန်းမအသံတစ်သံ ထွက်လာသည်။

"နင် ဒီဂိမ်းကို ကြိုက်တယ်မလား ?"

"ဟင် ?"

ဖူစစ်ချန်က မသိစိတ်ကနေ အသံကိုမြှင့်ပြီးထူးလိုက်မိ သည်။

"နင် နေမကောင်းဖြစ်နေတာလား?"

တစ်ဖက်ကလူမှာ ကူးချင်ချင်ရဲ့ ထူးဆန်းတဲ့အသံကြောင့် ဇဝေဇဝါဖြစ်သွားပုံရပေမဲ့ သိပ်ထည့်မတွေးဘဲ ဆက်ပြောလာသည်။

"ငါ ပြန်လာပြီ! ဖူမိသားစုရဲ့ဖူကတော်နေရာကို ငါ့ဆီ ပြန်အပ်ရမယ့်အချိန် ရောက်ပြီ"

ဖူစစ်ချန် : "???"

ဒီအရူးမက ဘယ်ကနေ ရောက်လာတာလဲ ?

ငါ့မားရဲ့နေရာကိုတောင် လာချောင်းနေသေးတယ်?

အိပ်မက်ပဲ မက်နေလိုက်!

ကူးချင်ချင်ရဲ့ အဖြေကို ဂရုမစိုက်တဲ့ပုံစံဖြင့် ထိုမိန်းမ ဆက်ပြီး ရယ်မောနေပြန်သည်။

"ဒီနှစ်တွေတစ်လျှောက် ငါပေးခဲ့တဲ့ လက်ဆောင်တွေကို ကြိုက်ရဲ့လား? ကြိုက်မှာပါနော်၊ ယောက်ျားတစ်ယောက်က နင့်ကို ချစ်သလား ? မချစ်ဘူးလားဆိုတာ နင့်အတွက် သူ ဘယ်လောက်အထိ ထိန်းသိမ်းနေထိုင်သလဲဆိုတာ ကြည့်ရင် သိနိုင်တာပဲ၊ ဒါပေမဲ့ ဖူဟန်ကတော့... နင့်ကွယ်ရာမှာ အမြှောင်မယားတွေ အများကြီးထားထားတာလေ၊ နင် မနာလိုဖြစ်နေပြီမလား ? ဒါမှမဟုတ် သူ့ကို မုန်းနေပြီလား ? သူ့ကို ထားခဲ့လိုက်ပါတော့လား ? ဒါဆိုရင် နင့်ကို နေ့တိုင်း အမှန်တရားတွေပြောပြနေရတဲ့ ငါ့ရဲ့ကုသိုလ်ကံအလုပ်လည်း ပြီးသွားတာပေါ့၊ ဟက်~ ... နုံအလိုက်တဲ့ မိန်းမ"

ဖူစစ်ချန် : "..."

ငါ့အထင်တော့ မင်းက အရူးပဲ၊ ဦးနှောက်မရှိတဲ့ အရူးမ။

ဖုန်းမှာ အဆက်အသွယ်ပြတ်တောက်သွားပြီး အချက်ပေးသံသာ ကျန်ခဲ့တော့သည်။

ဖူစစ်ချန် မျက်နှာအေးစက်သွားပြီး သူ့ဖုန်းထဲမှ အသံဖမ်းခလုတ်ကိုနှိပ်လိုက်သလို၊ တစ်ချိန်တည်းမှာပင် ဒီညလယ်ခေါင်ကြီး နားမလည်နိုင်သည့် ဖုန်းခေါ်ဆိုမှုကိုလည်း အဆုံးသတ်လိုက်သည်။

"ဟက်... အရူးမ"

နောက်ဆုံးတော့ မင်း ပေါ်လာပြီပေါ့။

လရောင်မှာ အေးစက်နေပြီး ပြတင်းပေါက်ကနေတစ်ဆင့် အရိပ်တွေထိုးကျနေကာ၊ မမြင်နိုင်တဲ့ အမှောင်ထဲမှာတော့ အေးစက်လှတဲ့ မျက်လုံးတစ်စုံက ဖုံးကွယ်နေတော့သည်။

-

အိမ်ရောက်ပြီ!

ချင်ချင်လေးဟာ ဖူမိသားစုဗီလာဆီကို ဟိုခုန်ဒီခုန်နှင့်ပြေးဝင်သွားသည်။ တံခါးဖွင့်လိုက်သည်နှင့် ဖူစစ်ချန် သူ့ကို ရင်ခွင်ထဲဆွဲပွေ့လိုက်တော့သည်။

"မား... အား! ချင်ချင်၊ ငါ မှားသွားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်! ငါက ငတုံးပဲ၊ ငါက ဦးနှောက်မရှိလို့ မားကို အထင်လွဲမိတာ၊ မားအပေါ်ကိုလည်း ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံခဲ့မိတယ်၊ ချင်ချင်လေးရယ်..."

ဖူစစ်ချန်၏ ပုံကြီးချဲ့ပြီး ငိုယိုနေတဲ့အသံမှာ ဧည့်ခန်းထဲဟိန်းထွက်နေသည်။ ဒီဆူညံသံတွေကြောင့် ချင်ချင်လေး ၏ကိုယ်လုံးသေးသေးလေးမှာ ယိမ်းထိုးသွားပြီး လဲကျတော့မည့်အတိုင်းပင်။

နောက်ကနေလက်ကြီးတစ်စုံ ရုတ်တရက်ရောက်လာပြီး ဖူစစ်ချန်အား ကူးချင်ချင်လေးအနားကနေ အကြမ်းပတမ်း ဆွဲထုတ်လိုက်သည်။

"မင်း ရူးချင်ရင် အပြင်ထွက်ရူးစမ်း!"

ကူးလန် သူ့တူထံ မျက်စောင်းတစ်ချက်ထိုးလိုက်ပြီးနောက်၊ စီချွမ်ဇာတ်ပွဲမှ မျက်နှာဖုံးလဲသလိုမျိုး သူ့အမူအ ရာကို ချက်ချင်းပြောင်းလဲကာ တောက်ပသည့်အပြုံးဖြင့် ကြောင်တောင်တောင်ဖြစ်နေသော ကူးချင်ချင်လေးအား မြေပြင်ကနေ ကောက်ချီပြီး လေထဲ နှစ်ချက်၊ သုံးချက်လောက် မြှောက်ကစားလိုက်သည်။

"တိတိ အခုပဲ အလုပ်ကိစ္စနဲ့ခရီးသွားရာကနေ ပြန်ရောက်တာ၊ ချင်ချင်လေး တိတျကို သတိရနေလား ?"

"အွန်း... သတိရနေတာ"

ကူးချင်ချင် ကူးလန်လက်မောင်းအား ဆွဲရင်း မသိစိတ်ကနေ ပြန်ဖြေလိုက်သည်။

ဒီနေ့ အိမ်ထဲကလူတွေ အားလုံး ဘာဖြစ်နေကြတာလဲ ?

ဒါက ကူးချင်ချင်လေး တစ်ယောက်တည်းရဲ့ မေးခွန်းမဟုတ်ဘဲ ဖူစစ်ကျင်းနှင့်ဖူဟန်တို့ရဲ့ မေးခွန်းလည်းဖြစ်နေသည်။

ကူးလန် သူမအား အိမ်ထဲချီသွားသည့်အခါ၊ ကူးချင်ချင် လှည့်ကြည့်လိုက်ရာ ဖူစစ်ချန်ဟာ ခွေးပေါက်လေးတစ်ကောင်လိုမျိုး သနားစရာမျက်နှာပေးနှင့် သူမကိုကြည့်နေသည်အား တွေ့လိုက်ရသည်။ သူမ ဒါကိုရယ်စရာ ကောင်းတယ်လို့ထင်မိပြီး မရယ်ဘဲမနေနိုင်တော့ချေ။

ကူးချင်ချင် စိတ်မဆိုးတော့ဘူးဆိုတာကို မြင်လိုက်ရတော့ ဖူစစ်ချန်ရဲ့ မျက်လုံးတွေဝင်းခနဲဖြစ်သွားသည်။ သူ ကူးချင်ချင်အနားကို အမြန်တိုးသွားပြီး သူမကိုချော့ဖို့အတွက် ပြင်ဆင်ထားတဲ့ တောင်းပန်လွှာလက်ဆောင်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

အဲဒါကတော့ ကူးချင်ချင် အကြိုက်ဆုံးဖြစ်တဲ့ ဒိန်ချဉ်စတော်ဘယ်ရီ မစ်တီးတစ်ခွက်ပါ။

ဖူစစ်ချန် : သိပါတယ်၊ ဒီလက်ဆောင်လေးတစ်ခုတည်းနဲ့တော့ သူ သူ့မေမေနဲ့ ကူးချင်ချင့်အပေါ် အထင်လွဲခဲ့တာတွေကို အစားထိုးဖို့ မလုံလောက်ဘူးဆိုတာကိုပေါ့။

ဒါပေမဲ့ လက်ဆောင်ပေးတယ်ဆိုတာက တစ်ဖက်လူရဲ့ အကြိုက်ကို ကြည့်ရတာလေ။ အခုချိန်မှာ သူ့ရဲ့စတူဒီယိုတစ်ခုလုံးကို ကူးချင်ချင် ကိုပေးလိုက်ရင်တောင် ဒီမစ်တီးတစ်ခွက်လောက် တန်ဖိုးရှိမှာမဟုတ်ဘူးလို့ သူ ယုံကြည်တယ်။

ထင်ထားတဲ့အတိုင်းပါပဲ၊ မစ်တီးအားမြင်လိုက်သည်နှင့် ကူးချင်ချင် မျက်လုံးလေးတွေ တောက်ပသွားပြီး လှမ်းယူဖို့ရာ လက်ကလေး ဆန့်လိုက်သည်။

"အဟမ်း... အဟမ်း..."

ဖူဟန်က ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး နှစ်ချက်လောက် ချောင်းဟန့်လိုက်သည်။

ကူးချင်ချင် မသိစိတ်ကနေ လက်ကိုပြန်ရုတ်လိုက်ပေမဲ့၊ နောက်တစ်စက္ကန့်မှာပင် နွေးနေသေးသည့် မစ်တီးခွက်လေးက သူမ လက်ထဲရောက်ရှိလာတော့သည်။

"မင်း နေမကောင်းရင် ဆရာဝန်သွားပြလိုက်လေ"

ကူးလန် မစ်တီးခွက်ကိုဆွဲယူပြီး သူ့အစ်မရဲ့ရင်ခွင်ထဲ ထည့်ပေးလိုက်ကာ ဖူဟန်အားလှည့်ပင်မကြည့်လာချေ။

သူ့အစ်မက မစ်တီးတစ်ခွက်တောင် မသောက်နိုင်လောက်အောင် မဆင်းရဲသေးပါဘူး။

"ကလေးတွေ မစ်တီးအများကြီးသောက်တာ ကျန်းမာရေးအတွက် မကောင်းဘူး"

ဖူဟန် မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။

သူ ကူးချင်ချင်၏ကျန်းမာရေးအတွက် စိုးရိမ်နေခြင်းသာ။

"ဒါဆိုရင် နည်းနည်းပဲ သောက်ပေါ့၊ တစ်ငုံ နှစ်ငုံလောက်ဆိုရင် ရပါတယ်"

ကူးလန် ထိုသို့ပြောလာပြီဖြစ်ရာ ဖူဟန်လည်း ဆက်မတားနိုင်တော့ပေ။

သူ သူတို့ဘေးမှာထိုင်ပြီး မောင်နှမနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်မစ်တီးသောက်နေကာ ကူးလန် ဖုန်းအားအတူတူကစားနေကြသည်ကို ကြည့်နေမိသည်။

"မင်း သိပ်အားနေတာလား ?"

ခရီးက ပြန်ရောက်ရောက်ချင်း အိမ်ပြန်နားဖို့တောင် မလိုဘူးလားဟု မေးလိုက်တဲ့သဘောပင်။

"ငါ ပရောဂျက်အကြီးကြီးတစ်ခုကို အောင်မြင်အောင်လုပ်ခဲ့ရတာလေ၊ ရက်နည်းနည်းလောက် နားလို့မရဘူးလား?"

ကူးလန် ဆိုဖာပေါ်မှာ ပျင်းရိပျင်းတွဲ လှဲလျောင်းရင်း၊ ဒါက သူ့ရဲ့ကိုယ်ပိုင်အိမ်လိုမျိုး သက်သောင့်သက်သာနေနေ သည်။

"နားချင်ရင်လည်း အိမ်ပြန်ပြီးနားလေ"

သူ့အိမ်မှာ လာပြီး လှဲနေတာက ဘာသဘောလဲ။

"မင်းက ငါနဲ့ ငါ့ကျဲ နီးနီးကပ်ကပ်ရှိနေတာကို မနာလိုဖြစ်နေတာပဲ၊ ငါ့ကို နှင်ထုတ်တာ အဲ့လောက်တောင် သိသာ အောင်လုပ်ဖို့လိုလို့လား?"

ဟက်~... ယောက်ျားတွေရဲ့မနာလိုစိတ်ကို ကူးလန် အစော ကြီးကတည်းက ရိပ်မိပြီးသားပင်။

"ငါ အပြင်သွားတုန်းက မထင်မှတ်ထားတဲ့ အရာတစ်ခုကို ကြုံခဲ့ရတယ်"

သူ့ သွယ်လျတဲ့ လက်ချောင်းလေးတွေဖြင့် ကူးချင်ချင်နဖူးပေါ်မှ ဆံပင်လေးတွေကို အသာအယာလိမ်ဆွဲကစားနေ သည်။

"ဘာဖြစ်လို့လဲ ?"

ဖူဟန် သူတို့နှင့် အနီးဆုံးနေရာမှာ ဝင်ထိုင်လိုက်သည်။

"မင်းရဲ့ ရည်းစားဟောင်း ပြန်လာတော့မယ်"

ဖူစစ်ချန် ချက်ချင်းမော့ကြည့်လိုက်သည်။

"ဘယ်သူလဲ ?" ဖူဟန်ကမူ ဇဝေဇဝါဖြစ်နေသည်။

သူ့မှာ ဘယ်တုန်းက ရည်းစားဟောင်းရှိခဲ့လို့လဲ ?

"အိုးယန်တျယ်လေ"

ကူးလန်က ထိုနာမည်ကိုပြောတဲ့အခါ သူ့လေသံမှာထူးထူး ခြားခြား အေးစက်လို့နေသည်။

သူ ပြန်ရောက်လာပြီးကတည်းက ဖူဟန်အပေါ် သရော်စကားတွေပြောနေတာက အတိတ်က ဒီအချစ်ဇာတ်လမ်းများနှင့်သက်ဆိုင်နေတာ သေချာသည်။

အစပိုင်းမှာ ကူးလန် ကူးချင်ချင်အား မနှစ်သက်ခဲ့ပေမဲ့၊ အခုတော့ သူ့ကျဲကို သိပ်တန်ဖိုးထားနေပြီဖြစ်သလို အမြင်တွေလည်း အများကြီးပြောင်းလဲသွားပြီဖြစ်သည်။

ဥပမာအားဖြင့် သူ့ယောက်ဖရဲ့အတိတ်က အချစ်ဇာတ် လမ်းတွေကို အရင်ကဂရုမစိုက်ခဲ့ပေမဲ့၊ ယခုမူ အဲဒါတွေက သူ့အတွက် တကယ့်ကိုစိတ်အနှောင့်အယှက် ဖြစ်စရာတွေ ဖြစ်နေလေသည်။

သူသာ လုပ်နိုင်ရင် ဖူဟန်ဆီက ထိုအမှတ်တရများကို အကုန်ဆွဲထုတ်ပစ်ချင်နေမိသည်။

"အဲဒါ ဘယ်သူလဲ ?"

အံ့သြစရာကောင်းတာက ဖူဟန်ဟာ ကူးလန်ပြောသည့်နာမည်အား လုံးဝမှတ်မိခြင်းမရှိချေ။

"ဟင် ? မင်းက အိုးယန်တျယ်ကို မသိဘူး ဟုတ်လား ?"

ကူးလန်က ဖူဟန်ကို အံ့သြတကြီးကြည့်လိုက်သည်။ ကူးချင်ချင့်နဖူးပေါ်မှ ဆံပင်တွေကို ဆော့ကစားနေတဲ့ လက် ချောင်းများပင် ခဏတာရပ်တန့်သွားရသည်။

"ငါ့ရဲ့ပထမဆုံးအချစ်က မင်းရဲ့ကျဲပဲ၊ ငါ့မှာ ဘာရည်းစားဟောင်းမှမရှိဘူး"

ဒါ ဖူဟန်အနေနှင့် ကူးချင်ချင် အပေါ်ထားတဲ့ သူ့ခံစားချက်အား ပထမဆုံးအကြိမ် လူသိရှင်ကြား ဝန်ခံလိုက်ခြင်းဖြစ် သည်။

"မင်း လာနောက်နေတာလား ?"

ဒါပေမဲ့ ကူးလန် သူ့အားမယုံပါချေ။ သူ မနေနိုင်ဘဲ ကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီး စူးရှသည့်လင်းယုန်မျက်လုံးများနှင့် ဖူဟန်အား စိုက်ကြည့်လိုက်သည်။ ဖူဟန့် ရင်ဘတ်ကို ဖောက်ထွင်းပြီး နှလုံးသားထဲမှ အမှန်တရားကို သိချင်နေသည့်အတိုင်းပင်။

"ငါကတော့ ဒီလို အဓိပ္ပာယ်မရှိတာမျိုးတွေကို လုပ်မှာမဟုတ်ဘူး"

တကယ်တော့ ဖူဟန်သည် ကူးလန်အား အကြောင်းပြချက်မရှိဘဲ ဂျီကျနေခြင်းဟုထင်နေတာပါ။

"ငါတို့ကြားက ဆက်သွယ်မှုမှာ ပြဿနာအကြီးကြီး ရှိနေပြီထင်တယ်"

ကူးလန် သူ့နဖူးကို ကူးချင်ချင် ပခုံးနှင့်လည်ပင်းကြားမှာ အပ်ထားရင်း ရှုပ်ထွေးနေတဲ့ အတွေးတွေကိုစုစည်းဖို့ ကြိုးစားနေရှာသည်။

"ငါ့မှာ ရည်းစားဟောင်းရှိတယ်လို့ မင်းကို ဘယ်သူပြောတာလဲ ?"

ဖူဟန်ကမူ တစ်ခုခုတော့ မှားနေပြီဆိုတာကို အကဲခတ်မိလိုက်သည်။

"ငါလည်း မသိဘူး" ကူးလန် ပြောပြသည်။

"ပွဲတစ်ခုမှာ တစ်ယောက်ယောက်ပြောနေတာကို မတော် တဆ ကြားခဲ့တာ၊ ဘယ်သူလဲဆိုတာတော့ မသိဘူး၊ အဲဒီထဲမှာ မင်းနာမည်သာပါမလာရင် ဒီလိုပျင်းစရာကောင်းတဲ့ အတင်းအဖျင်းတွေကို ငါ နားထဲတောင် ထည့်မှာမဟုတ်ဘူး"

သူ ဂျောက်တွန်းခံလိုက်ရတာပဲ၊ တော်တော်လေးကို ညံ့ဖျင်းတဲ့ နည်းလမ်းပါလား ?

"ကြည့်ရတာ မုဆိုးကတော့ မကြာခင်ပေါ်လာတော့မယ့်ပုံပဲ"

ဖူဟန်က ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်၊ မိုင်ပေါင်းထောင်ချီတဲ့ အချိန်နဲ့ အာကာသကို ဖြတ်ကျော်ပြီး သူ့ဓာတ်ပုံကိုကြည့်ကာ အရူးတစ်ယောက်လိုပြုံးနေမည့် တခြားမိန်းမတစ်ယောက်ကို မြင်နေရသလိုမျိုးပင်။

"စောင့်ကြည့်ကြတာပေါ့"

ကူးလန် ခေါင်းမော့လိုက်ရာ သူ့မျက်နှာပေါ်နားလည်ရခက်တဲ့ အပြုံးတစ်ခုရှိနေသည်။ *ဘစ်... ဘစ်... ဝု...* ဝှက်ထားသည့် ပင်ပေါင်ကင်မရာလေးဆီမှ ရုတ်တရက် ချို့ယွင်းချက်ဖြစ်သည့် အသံထွက်လာပြီးနောက် စကရင်ကမှောင်သွားတော့သည်။

"ချင်ချင်!"

ဖူစစ်ချန်ကမူ ကူးချင်ချင်အဝတ်အစားတွေကို သုတ်ပေးဖို့ တစ်ရှူးတွေ အမြန်ဆွဲထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဆူလိုက်သည်။

"ဘယ်လိုတောင် သတိလက်လွတ်ဖြစ်ရတာလဲ ? အခုတော့ တစ်ကိုယ်လုံး စေးကပ်ကုန်ပြီ၊ နေရတာ မခက်ဘူးလား ?"

ကူးချင်ချင်က မစ်တီးတွေကို မှောက်ချလိုက်မိလို့ သူမကိုယ်ပေါ်တင်မက ကူးလန်အပေါ်ကိုပါ စင်ကုန်ခြင်းဖြစ် သည်။

"ချင်ချင် တောင်းပန်ပါတယ်"

ကူးချင်ချင် သနားစရာကောင်းအောင် တောင်းပန်လိုက်သည်။ သူမ သူမရဲ့တိတိဆီကနေ မစ်တီးကိုလှမ်းယူဖို့ ကြိုးစားတာပါ၊ ဒါပေမဲ့ သေသေချာချာမကိုင်မိဘဲ ပြုတ်ကျသွားခြင်းဖြစ်သည်။

"ရပါတယ်၊ ဒါ ချင်ချင့်အပြစ်မဟုတ်ဘူး၊ ချင်ချင် ဦးဦးနဲ့အတူအပေါ်ထပ်တက်ပြီး အဝတ်အစားသွားလဲကြမလား?"

ဖူဟန်က ကူးချင်ချင့်ကို အသာအယာ ချီလိုက်ပြီး အပေါ် ထပ်ကို ချော့ခေါ်သွားသလို၊ ကူးလန်ကိုပါ လှမ်းခေါ်လိုက်သည်။ ကူးလန်လည်း အဝတ်အစားတွေ ပေကုန်တာကြောင့် ဖူဟန်မှာ သူ့ကိုယ်လုံးကိုယ်ပေါက်နှင့် ဆင်တူသဖြင့် ကူးလန်အတွက် လဲဖို့အဝတ်အစားအပိုရှာပေး လိုက်သည်။

"မင်း မထင်ဘူးလား..."

ဖူစစ်ကျင်း သူ့ညီကိုကြည့်ပြီး ထူးဆန်းသလို ပြောလိုက်သည်။

"ခုနက ဖေဖေနဲ့ ဦးလေးတို့ စကားပြောနေတာ တကယ် ထူးဆန်းတယ်"

တကယ်တော့ ဖေဖေ့ရဲ့အချစ်ရေးကိစ္စတွေအကြောင်း နားမလည်နိုင်တဲ့ စကားဝိုင်းတင် ထူးဆန်းတာမဟုတ်ဘဲ၊ ဦးလေးရဲ့ အပြုအမူကပါ ထူးဆန်းနေသည်။ ဖူစစ်ကျင်း ထိုင်နေတဲ့နေရာက အကွက်အကွင်းကောင်းလှသဖြင့် ကူးချင်ချင် မစ်တီးမှောက်တဲ့ ဖြစ်ရပ်တစ်ခုလုံးကို သူ အစအဆုံး မြင်လိုက်ရသည်။

ဒါ ကူးချင်ချင့်အပြစ် မဟုတ်ပါ၊ တကယ်တော့ ကူးလန်က ကူးချင်ချင် မစ်တီးကို သေသေချာချာမကိုင်မိခင်မှာပဲ လက်ကိုလွှတ်လိုက်တာကြောင့် မှောက်သွားတာဖြစ်ပြီး၊ မှောက်တဲ့ပုံစံကလည်း တော်တော်လေးထူးဆန်းကာ အများစုသည် ဦးလေးကိုယ်ပေါ် ဖိတ်စင်သွားခဲ့ခြင်းပင်။

သူ ဘာလုပ်နေတာလဲ ? ပြဿနာရှာနေတာလား ? ဖူစစ်ကျင်းရဲ့ အာရုံကတော့ ကိစ္စတွေက ဒီလောက်မရိုးရှင်းဘူးလို့ပြောနေပေမဲ့၊ လူကြီးတွေကတော့ သူတို့အချင်းချင်း နားလည်မှုရှိရှိနှင့် ဘာသတင်းအချက်အလက်မှ သူ့အား ပြောပြမည်မဟုတ်ပေ။

"တိုက်ဆိုင်မှုပါပဲ၊ ဟားဟားဟား..."

သူ့အစ်ကိုရဲ့ သုံးသပ်ချက်ကို ကြားတော့ ဖူစစ်ချန်ရဲ့ မျက် လုံးတွေ ခဏတာ မှောင်မှိုင်သွားပြီးမှ အူကြောင်ကြောင် ပြုံးပြကာ မသိချင်ယောင်ဆောင်လိုက်သည်။ သူလည်း တစ်ခုခုတော့ သိနေပုံရသည်။ ဖူစစ်ကျင်းကမူ သူ့ညီကို စိုက်ကြည့်ရင်း

"ပြောစမ်း၊ မင်း ငါ့ကို ဘာတွေ ဖုံးကွယ်ထားတာလဲ?"

"ဘာမှမရှိပါဘူး၊ ငါက ဘာလို့ မင်းကို ဖုံးကွယ်ရမှာလဲ ?"

သူ့စကားတွေက လျှာလိပ်နေသလိုပင်။ ဖူစစ်ချန်ဟာ သူ့အစ်ကိုရဲ့ထက်မြက်တဲ့ အကဲခတ်မှုကို ရင်ထဲမှာ အံ့သြနေမိပေမဲ့၊ တကယ်တမ်းတော့ သူ့ရဲ့ညံ့ဖျင်းတဲ့ သရုပ်ဆောင်မှုကြောင့် မိသွားတာဆိုတာကိုတော့ မသိရှာပါဘူး။

"ငါက ဖျော်ဖြေရေးကုမ္ပဏီပိုင်ရှင်လေ" ဟု ဖူစစ်ကျင်း ပြောလိုက်သည်။

"ငါ သိတာပေါ့"

ဒါက လူတိုင်းသိတဲ့အချက် မဟုတ်ဘူးလား? မသိတဲ့သူရှိရင်တောင် အွန်လိုင်းမှာ ရှာကြည့်လိုက်တာနဲ့ သိနိုင်တာပဲ။ နောက်ဆုံးတော့ သူ့အစ်ကိုက လူကွယ်ရာမှာ နေတတ်တဲ့သူမှ မဟုတ်တာ၊ စီးပွားရေးသတင်းတွေမှာ ခဏခဏပါသလို လူငယ်လုပ်ငန်းရှင်ကဏ္ဍမှာလည်း အမြဲတမ်းပေါ် လာတတ်တာပဲလေ။

ဒါပေမဲ့ ဖူစစ်ကျင်းက သူ့အောင်မြင်မှုတွေကို ကြွားဝါဖို့ ဒီအကြောင်းကို ပြောတာမဟုတ်ပါဘူး -

"မင်း သိရဲ့သားနဲ့ ငါ့ရှေ့မှာ ဘာလို့ သရုပ်ဆောင်နေသေး တာလဲ?"

သူ့ကို ဒီလောက် ညံ့ဖျင်းတဲ့ သရုပ်ဆောင်မှုတွေကိုတောင် မမြင်နိုင်တဲ့ မျက်စိမပါတဲ့သူလို့ တကယ်ထင်နေတာလား ?

"အစ်ကို... ကျေးဇူးပြုပြီး ထပ်မမေးပါနဲ့တော့"

All Chapters