အခန်း (၆၁)
Vol. 7 Ch. 61
🍼 Chapter 61
ဖူစစ်ချန်သည် မိခင်ဖြစ်သူ၏ ဖုန်းအား ခိုးယူထားသည့်အကြောင်းကို လောလောဆယ် မည်သူ့ကိုမျှ မသိစေလိုသေးပေ။
အဆူခံရမည်ကို ကြောက်၍မဟုတ်ဘဲ တုန်လှုပ်ချောက်ချားဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုအား သူရှာဖွေတွေ့ရှိထားသောကြောင့် ဖြစ်သည်။ ထိုအကြောင်းကို အလုံးစုံမဖော်ထုတ်နိုင်မီအထိ တိတ်တဆိတ် စုံစမ်းစစ်ဆေးရန် သူစီစဉ်ထားသည်။
ထိုသို့မလုပ်ဆောင်မီ သူ လျှို့ဝှက်ချက်အား လူမသိအောင် ထိန်းသိမ်းထားရမည်ဖြစ်ပြီး မိခင်ဖုန်းအားတစ်စုံတစ်ယောက်ထံ သွားရောက်၍ lock ဖွင့်ခိုင်းရပေဦးမည်။ အထူးသဖြင့် သူ့အစ်ကိုအားလုံးဝသိခွင့်မပေးနိုင်ပေ။ ဖူစစ်ကျင်း ဆေးကုသမှုခံယူရန် နိုင်ငံခြားသို့ သွားတော့မည်ဆိုသည်ကို ဖူစစ်ချန် အကြမ်းဖျင်းသိထားပြီးဖြစ်သည်။
မည်သူကမျှ ရောဂါအခြေအနေအား အသေးစိတ်မပြောပြကြသော်လည်း ပြည်တွင်းမှာကုသ၍မရနိုင်သဖြင့် အခြေအနေ တော်တော်လေး စိုးရိမ်ရမည်မှာ အသေအချာပင်။ သူ့ကြောင့် အစ်ကိုဖြစ်သူအား စိတ်မပူစေချင်ပါ။ ညီဖြစ်သူ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေသည်ကိုမြင်သောအခါ ဖူစစ်ကျင်း ခေတ္တမျှတုံ့ဆိုင်းသွားပြီးမှ ဆက်မမေးတော့ပေ။
"ငါ တောင်းပန်ပါတယ်"
သူ ဖူစစ်ချန် ပုခုံးအား ပုတ်ပေးလိုက်သည်။
"အခုလောလောဆယ် မင်းကို မပြောပြနိုင်သေးတဲ့ အကြောင်းအရာတချို့ ရှိနေလို့ပါ၊ ငါ့ဘက်က စိတ်ပြင်ဆင်ပြီးတာနဲ့ အားလုံးကို ပြောပြပါ့မယ်"
"ဟင်... မဟုတ်ဘူးလေ..."
ဖူစစ်ချန် ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။
"ဒါ ကျွန်တော် ပြောရမယ့်စကား မဟုတ်ဘူးလား"
ငါ့နေရာကို လာမလုပါနဲ့လား ?
အချိန်လည်း တော်တော်နှောင်းနေပြီဖြစ်သဖြင့် ဖူစစ်ကျင်း ကြောင်အမ်းအမ်းဖြစ်ကျန်ခဲ့သည့် ညီဖြစ်သူကို ထားရစ်ခဲ့ကာ ကုတ်အင်္ကျီအား ဆွဲကာအလုပ်သို့ ထွက်လာခဲ့သည်။ သူ ထွက်မသွားမီ ကုမ္ပဏီတွင် ကြီးကြီးမားမား ပြဿနာမတက်စေရန် အစစအရာရာကို ကြိုတင်စီစဉ်ထားဖို့ လိုအပ်သည် မဟုတ်ပါလား?
ကံကောင်းသည်မှာ ဒါရိုက်တာကောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ခဲ့သည်။ နှစ်ဖက်စလုံးမှ အဖွဲ့သားများမှာ ဝါရင့်သူများဖြစ်သဖြင့် သူကိုယ်တိုင် အနီးကပ် ကြီးကြပ်ခြင်း မပြုနိုင်လျှင်ပင် ကြီးမားသည့် ပြဿနာရှိမည်မဟုတ်ပေ။
တစ်ခုခုဖြစ်လာခဲ့လျှင်လည်း ဒါရိုက်တာကောင်းမှ အားလုံးကိုကိုင်တွယ်ဖြေရှင်းပေးနိုင်ပေသည်။
ဖူစစ်ကျင်း ထွက်သွားသော်လည်း ဖူစစ်ချန်မှာတော့ ထိုနေရာ၌ပင် ဆွံ့အလျက် ရပ်ကျန်ခဲ့သည်။
အတော်ကြာမှ သူ သတိဝင်လာဟန်ဖြင့် ရေရွတ်လိုက်မိသည်။
"မိသားစုထဲက လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိနေကြတာပေါ့လေ"
ဒါက နည်းနည်းတော့ ဒရာမာဆန်သွားပြီ။
သူ ခေါင်းကို ခါယမ်းလိုက်ရင်း ဖခင်ဖြစ်သူ အောက်ထပ်သို့ ဆင်းမလာမီ အိတ်ကပ်ထဲမှဖုန်းအား လုံအောင်ဖုံးကာ အမြန်ပင် ထွက်ပြေးခဲ့တော့သည်။
ချင်ချင်အား သူ အထင်လွဲပြီး စွပ်စွဲခဲ့သည့်ကိစ္စလည်း မပြေလည်သေးရာ ဖခင်ဖြစ်သူ နောက်မှ စာရင်းရှင်းဦးမလားဆိုသည်ကို မည်သူသိနိုင်မည်နည်း။ မည်သို့ပင်ဖြစ်စေ သူ ဖုန်း lock ဖွင့်ရန်အတွက် စကားဝှက်တစ်ခုတည်းနှင့် အိမ်နီးချင်းမြို့အထိ ကားမောင်းလာခဲ့သည်။
သူ့မိခင်အမည်နှင့် ဝယ်ထားသော တိုက်ခန်းဝန်းအပြင်ဘက်တွင် သူ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း စိုးရိမ်စိတ်များ တိုးလာနေသည်။
သူမအားတွေ့ချင်သော်လည်း တွေ့ရမှာကို ကြောက်နေမိသလို ရင်ထဲတွင်လည်း ခံပြင်းစိတ်ကလေးကျန်နေဆဲပင်။
မင်း နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုတာ ဘာလို့ ငါ့ကို မပြောခဲ့တာလဲ?
ကျောင်းလခအတွက် အခက်အခဲဖြစ်နေတုန်းက ဘာလို့ ငါ့ကို အကူအညီမတောင်းခဲ့တာလဲ?
ပြန်ရောက်နေတာတောင် ဘာလို့ ငါ့ဆီ လာမတွေ့တာလဲ?
ဘာလို့... မင်းက...?
ရင်းနှီးနေသော အရိပ်အယောင်တစ်ခုအား ဖူစစ်ချန် ရုတ်တရက်မြင်လိုက်ရသည်။ သူ ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်ပြီး ထိုင်ခုံခါးပတ်ကို ကယောင်ကတမ်း ဖြုတ်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
"လေးလိုက်တာ..."
ဈေးဝယ်အိတ် အကြီးကြီးနှစ်အိတ် သယ်ကာ တိုက်ခန်းဝင်ပေါက်ဆီသို့ တစ်လှမ်းချင်းလျှောက်လာနေသော အန်းရန်မှာ အသက်ကို အောင့်ထားရသည်။
အားလုံးမှာ သူ့ လောဘကြောင့်ပင်။ စူပါမားကတ်တွင် အရောင်းအဝယ်ပွဲတော်လုပ်နေသည်ကို မြင်တော့ မနေနိုင်ဘဲ ဟိုဟာ ပြေးဝယ်၊ ဒီဟာပြေးဝယ်လုပ်ခဲ့မိသည်။ ဝယ်တုန်းက ပျော်စရာကောင်းသလောက် အိမ်အပြန်လမ်းမှာ အိပ်မက်ဆိုးကြီးလိုပင်။
အဲ့ဒီစုတ်ပြတ်သတ်နေတဲ့ စူပါမားကတ်က အိမ်အရောက်ပို့စနစ်လည်းမရှိသလို သူလည်း ကုန်စုံပစ္စည်းဖိုး ယွမ်ထောင်ချီ သုံးခဲ့မိသည်။
ပိုဆိုးတာက တက္ကစီငှားလို့မရတာပဲ!
ဒီနေ့ ဘာကံဆိုးမှုတွေနဲ့တိုးနေမှန်း အန်းရန် မသိတော့ပေ။
တကယ်တော့ စူပါမားကတ်မှာ အိမ်နှင့်အရမ်းနီးနေသဖြင့် တက္ကစီဒရိုင်ဘာများမှာ မကိုက်ဟုဆိုကာ မလိုက်ကြခြင်းဖြစ်သည်။
နောက်ဆုံးတော့ ကားမှတ်တိုင်နှစ်တိုင်စာလောက်ကို ဘတ်စ်ကားစီးပြီး ဒီလေးလံလှတဲ့ အိတ်များအားသယ်လာရတော့သည်။
တိုက်ခန်းဝင်းဝင်ပေါက် ရောက်ခါနီးမှ လုံခြုံရေးဝန်ထမ်းအား အိတ်တွေ ကူသယ်ပေးဖို့ အကူအညီတောင်းရမည်ဟု ကြံစည် နေစဉ်မှာပင်...
အလေးအပင်များကြောင့် တုန်ယင်နေသော အန်းရန်လက်မောင်းသွယ်သွယ်လေးများကို တစ်စုံတစ်ယောက်မှ လှမ်းဆွဲလိုက်သည်။
"အန်းရန်!"
ဘုတ်... ဘုတ်...
ပွင့်ထွက်သွားသော ဈေးဝယ်အိတ်ထဲမှ အာလူးအချို့ လိမ့်ထွက်သွားပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
အန်းရန် မျက်နှာထက်မှ အပြုံးများ တဖြည်းဖြည်းအေးခဲသွားသည်။
"ဖူစစ်ချန်... နင် ငါ့ကို သတ်မလို့လား!"
ကြက်သွန်မြိတ်စည်းတစ်စည်းမှာ ဖူစစ်ချန် ကိုယ်ပေါ်သို့ တဖြတ်ဖြတ်ဖြင့် ကျရောက်လာရာ သူ ရှောင်တိမ်းရင်း အမောတကော ဖြစ်သွားရသည်။
သူ ခေါင်းကိုကာကွယ်ရင်း အမြန်ပင် ရှင်းပြလိုက်သည်။
"အန်းရန်... တောင်းပန်ပါတယ်၊ ငါ တမင်လုပ်တာ မဟုတ်ပါဘူး၊ နင့်ကို တွေ့လိုက်ရလို့ ဝမ်းသာသွားတာနဲ့ နင် ပစ္စည်းတွေ အများကြီး သယ်လာတာကို သတိမထားမိလိုက်လို့ပါ၊ မရိုက်ပါနဲ့တော့... မရိုက်ပါနဲ့... နာတယ်..."
တကယ်တော့ မနာပါဘူး။ ဒါပေမဲ့ ဖူစစ်ချန်ကမူ သနားစရာ ကလေးလေးတစ်ယောက်လို ဟန်ဆောင်နေမိသည်။
လက်ဗွေနှိပ်စက်ကို ထိလိုက်သည်နှင့် တင်းကျပ်စွာ ပိတ်ထားသော တံခါးမှာပွင့်သွားတော့သည်။
အန်းရန် စူပုပ်ပုပ်မျက်နှာပေးဖြင့် လှည့်ကြည့်ကာ ဖူစစ်ချန်အားလက်ဟန်ပြလိုက်သည်။
"ဝင်ခဲ့"
ဖူစစ်ချန် ပစ္စည်းအပုံကြီးကို သယ်ကာ အန်းရန် နောက်မှ ထပ်ကြပ်မကွာ လိုက်လာရင်း မိခင်ဖြစ်သူအမည်နှင့်ရှိသော အိမ်ထဲသို့ ပထမဦးဆုံးအကြိမ် ခြေချလိုက်ရသည်။
ဖူစစ်ချန် မျှော်လင့်ထားသည့်အတိုင်းပင် အတွင်းပိုင်း အပြင်အဆင်မှာနွေးထွေးပျူငှာပြီး... မဟုတ်ဘူး... သားအမိနှစ်ယောက် နေထိုင်သည့် အိမ်တစ်အိမ်နှင့်ပိုတူနေသည်။
ဆိုဒ်ချင်း ဆင်တူလှသည့် ပန်းရောင် ယုန်ရုပ်အိမ်စီးဖိနပ် နှစ်စုံတံခါးဝတွင် ရှိနေသည်မှာ အမျိုးသမီးနှစ်ဦး နေထိုင်ကြောင်း ထင်ရှားနေသည်။
အိပ်ရာခင်းများနှင့် စားပွဲပေါ်ရှိအသုံးအဆောင်များမှာလည်း အစုံလိုက် ဖြစ်နေသဖြင့် အန်းရန်တစ်ယောက်တည်း နေထိုင်ခြင်း မဟုတ်ကြောင်း သိသာသည်။
သို့သော် ရေတစ်ဝက်ပါသော ရေသန့်ဘူးမှာ တစ်ဘူးတည်းသာ ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ကျန်ရှိသော အဖော်တစ်ဦးမှာ အိမ်တွင်မရှိခြင်း သို့မဟုတ် အပြင်သို့ပြောင်းသွားခြင်း ဖြစ်နိုင်ပေသည်။
ဖူစစ်ချန်မှာ စုံထောက်တစ်ယောက်လိုပင် အန်းရန် အိမ်ထဲတွင် တခြားအမျိုးသားတစ်ဦး၏အငွေ့အသက် ရှိမရှိ အသေးစိတ် အချက်အလက်များကို အသည်းအသန်လိုက်ရှာနေမိသည်။
"ဒါကို စီးလိုက်"
အန်းရန် ဈေးဝယ်အိတ်များထဲမှ အိတ်တချို့ ရွေးထုတ်ကာ မီးဖိုချောင်ထဲသို့ သယ်သွားရင်း ဖူစစ်ချန်အတွက် အမျိုးသားစီး အိမ်စီးဖိနပ်တစ်စုံ ထုတ်ပေးလိုက်သည်။
...ဘာ!
"ဘာလို့ နင့်အိမ်မှာ ယောက်ျားစီး ဖိနပ်ရှိနေရတာလဲ!"
ဖူစစ်ချန်မှာ ချက်ချင်းမျက်မှောင်ကြုတ်သွားပြီး ခေါင်းထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။
အန်းရန် ဖူစစ်ချန်အား စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ကျန်နေသည့် အိတ်ကို သူ့လက်ထဲမှ လှမ်းယူလိုက်သည်။
"အိမ်မှာ ဧည့်သည်လာရင် စီးဖို့ ဆိုဒ်စုံ ဖိနပ်တွေ အဆင်သင့်ထားတာက အခြေခံ ယဉ်ကျေးမှု မဟုတ်ဘူးလား"
သူ့အိမ်ကို အမျိုးသားဧည့်သည် ဘယ်အချိန်လာလည်မလဲဆိုတာ ဘယ်သူသိမှာလဲ? နောက်ပြီး ဒီဖိနပ်တွေကို အန်းရန်ကိုယ်တိုင် ဝယ်တာမဟုတ်ဘဲ အန်တီချင် ပြင်ဆင်ထားပေးခြင်းပင်။
အန်းရန်လည်း ထိုစဉ်က ဖူစစ်ချန်ကဲ့သို့ပင် မေးခွန်းထုတ်ခဲ့သော်လည်း အန်တီချင်၏ ရှင်းပြချက်ကို ကြားပြီးနောက် နားလည်သွားခဲ့ခြင်းဖြစ်သည်။
ဖိနပ်တွေ ဝယ်ထားပေမဲ့လည်း အမျိုးသားဧည့်သည်ဆိုလို့ သိပ်မတွေ့ရသလောက်ပင်။ လွန်ခဲ့သည့် လအနည်းငယ်က ဦးလေးကြီးနှစ်ယောက် ရောက်လာခဲ့ခြင်းကသာ မမျှော်လင့်ထားသည့် ကိစ္စဖြစ်သည်။
အန်းရန် စကားကြောင့်ပင်ဖြစ်စေ၊ သူမ၏အေးဆေးလွန်းလှသော အမူအရာကြောင့်ပင်ဖြစ်စေ ဖူစစ်ချန်မှာ စိတ်ကို အတင်းအကျပ် လျှော့ချလိုက်ပြီး သူမပေးသည့် ဖိနပ်ကို စီးကာ သူ့ချစ်သူနှင့် မိခင်ဖြစ်သူတို့ နေထိုင်ရာ အိမ်ထဲသို့ ဝင်ခဲ့တော့သည်။
တစ်ခုခုတော့ မှားနေသလိုပဲ။ တစ်ခုခုတော့ လွဲနေတယ်။
"နေ့လယ်စာ ဘာစားချင်လဲ"
အန်းရန် ဈေးဝယ်အိတ် အပုံလိုက်ထဲမှ ပစ္စည်းအချို့ ရွေးထုတ်ကာ မီးဖိုချောင်ထဲသို့ ယူသွားသည်။
"ငါ ကူညီမယ်လေ"
ဖူစစ်ချန် အန်းရန်လက်ထဲမှ ပစ္စည်းများကို သဘာဝကျကျပင် လှမ်းယူလိုက်ပြီး အမျိုးအစားခွဲကာ သက်ဆိုင်ရာနေရာများတွင် စနစ်တကျ ထည့်ပေးလိုက်သည်။
အန်းရန်မှာ အသေးအဖွဲကိစ္စလေးများမှအစ စနစ်တကျရှိမှ ကျေနပ်တတ်သည့် အကျင့်လေးရှိသည်။ ပစ္စည်းများအား အကြီး အသေးအလိုက် စီစီရီရီ ထားရသည်ကို ကြိုက်ပြီး ရောထွေးနေသည်ကို မနှစ်သက်ပေ။ ထိုသို့ထားမှသာ ကြည့်ရသည်မှာ စိတ်ချမ်းသာစရာ ကောင်းသည်ဟု သူမ ယူဆထားသည်။
အစပိုင်းတွင် ဖူစစ်ချန်မှာ သူမ ဘေးနားတွင် နေရသည်မှာ အနည်းငယ် အနေရခက်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျင့်သားရလာခဲ့သည်။
သူကိုယ်တိုင်လည်း ပစ္စည်းများကို သပ်သပ်ရပ်ရပ် ထားတတ်သည့် အကျင့်လေး ပါလာခဲ့ရာ ယခုအချိန်အထိ ထိုအကျင့်မှာ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ရုံးခန်းကို လာရှင်းသည့် သန့်ရှင်းရေးဝန်ထမ်းမှာ အမြဲတမ်း ပြုံးပျော်နေရခြင်း ဖြစ်သည်။
ဒါကို သူမဆီက ရလိုက်တဲ့ ကောင်းကွက်လေးတစ်ခုလို့ ပြောလို့ရသည်။
"အာလူးတွေကို ရေခဲသေတ္တာထဲ မထည့်နဲ့ဦး၊ ခုနက မြေကြီးပေါ် ပြုတ်ကျထားတာဆိုတော့ မပုပ်ခင် အမြန်ချက်စားရမယ်"
အန်းရန် ဖူစစ်ချန်ကို အာလူးများ သိမ်းခြင်းမှ တားလိုက်ပြီး နွားနို့၊ ဟင်းခတ်မှုန့်များနှင့် ကာရီဟင်းချက်ရန် လိုအပ်သည့် ပစ္စည်းများကို ထုတ်လိုက်သည်။
သူမ ကြက်တစ်ကောင်လုံးကို လတ်လတ်ဆတ်ဆတ် ဝယ်လာခဲ့ခြင်းဖြစ်ရာ ကြက်သားတုံးလေးများကို အာလူးနှင့်ရော၍ ဟင်းချက်လိုက်လျှင် အလွန်ကောင်းမည့်ပုံပင်။
"ကောင်းပြီလေ... ငါ အာလူးအခွံ ခွာပေးမယ်"
ဖူစစ်ချန် လိုလိုလားလားပင် သဘောတူလိုက်ပြီး စင်အောက်မှ ထိုင်ခုံပုလေး ဆွဲထုတ်ကာ အာလူးအခွံခွာရန် ထိုင်လိုက်သည်။
အန်းရန် သူ့အား အခွံခွာဓားပေးလိုက်ပြီး ကျန်သည့် ဟင်းချက်စရာများကိုပြင်ဆင်နေတော့သည်။
သူတို့နှစ်ဦးအလုပ်ခွဲလုပ်လိုက်ကြသဖြင့် မကြာမီမှာပင် ဟင်းအိုးကြီးတစ်အိုး အဆင်သင့် ဖြစ်လာတော့သည်။
ဖူစစ်ချန် ဟင်းအိုးထဲ ငုံ့ကြည့်ပြီး တံတွေးမျိုချလိုက်ကာ တောင်းဆိုချက်တစ်ခု လုပ်လိုက်သည်။
"မှိုလေးတွေ ပိုထည့်ပေးဦး၊ ငါ မှိုကြိုက်တာ နင် သိသားပဲ"
"မှိုခြောက်တွေကို ရေနွေးထဲမှာ ခဏလောက် ထပ်စိမ်ထားဦးမှ ရမှာ၊ အခုချက်ချင်း ထည့်လို့မရသေးဘူး"
အန်းရန် မှိုတစ်ပန်းကန်လုံး ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘေးနားမှ လူက မှိုဆိုလျှင် အသေအလဲကို ကြိုက်နှစ်သက်သူ မဟုတ်လား?
"ဟင်းတွေ အများကြီး ချက်ထားတာပဲ၊ ငါတို့နှစ်ယောက်တည်း ကုန်မှာမဟုတ်ဘူး"
ဖူစစ်ချန်မှာ အန်းရန်နှင့်ရှိနေလျှင် အမြဲတမ်း စကားတွေအများကြီး ပြောတတ်သူ ဖြစ်သည်။ တခြားအချိန်တွေမှာသာ သူက စကားနည်းသူ ဖြစ်နေခြင်းဖြစ်သည်။
"ပိုတာတွေကို ရေခဲသေတ္တာထဲ ထည့်ထားပြီး နောက်မှ စားလို့ရတာပဲ"
"လတ်လတ်ဆတ်ဆတ် စားတာက ပိုကောင်းပါတယ်"
ဖူစစ်ချန် ဟင်းကျန်နွေးစားရသည့် အယူအဆကို သိပ်သဘောမကျပေ။ အာဟာရ မဖြစ်ဘူးဟု သူ ထင်သည်။
"ဒါဆိုရင်လည်း နင် ပြန်တော့မယ့်အချိန်ကျရင် 'လူရမ်းကား' တို့အတွက် တစ်ခါတည်း ထည့်ပေးလိုက်မယ်လေ"
"လူရမ်းကား" ဆိုသည်မှာ လုရန်ကျား၏ပြောင်နာမည်ဖြစ်ပြီး ဖူစစ်ချန်နှင့်အတူ စီးပွားရေးစတင်ခဲ့ကြသည့် သူငယ်ချင်းအုပ်စု ကိုဆိုလိုခြင်းဖြစ်သည်။
အန်းရန်သည် ဖူစစ်ချန်လုပ်ငန်းစတင်ချိန်တစ်လျှောက်လုံးတွင် အတူရှိနေခဲ့သူဖြစ်ပြီး ဝန်ထမ်းမလောက်သည့် အခါမျိုးတွင်လည်း အလကား ကူညီပေးခဲ့ဖူးသည်။ ထို့ကြောင့် ဖူစစ်ချန် သူငယ်ချင်းများအား သူ ကောင်းကောင်းသိသည်။
အမှန်တကယ်တော့ ထိုလူများမှာ သူမ၏ သူငယ်ချင်းများလည်းဖြစ်ကြသည်။
ဖူစစ်ချန် အန်းရန်လက်အား ရုတ်တရက်ဆွဲလိုက်ပြီး ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တိုးညှင်းသောအသံဖြင့် ညည်းညူလိုက် သည်။
"ဘာလို့... နင်က ငါ့ကို မလိုချင်တော့တာလဲ..."