← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

🍼 Chapter 62

ကူးကတော်သည် ပါးပါးကူး၏အတွင်းရေးမှူးတစ်ဦးဖြစ်ခဲ့သည်။

သူမသည် အလွန်ထက်မြက်သူဖြစ်ပြီး ကုမ္ပဏီ၏ အတွင်း ရေး၊ အပြင်ရေးကိစ္စအားလုံး ကျွမ်းကျင်နှံ့စပ်သည့်အပြင် အရေးအကြီးဆုံးမှာ ကူးယန်ယွီအပေါ် စစ်မှန်သော မေတ္တာရှိခြင်းပင်။

တကယ်တော့ သူမသည် ကူးမိသားစုလုပ်ငန်းထဲသို့ မဝင်ရောက်မီကတည်းက ကူးယန်ယွီ၏ချစ်သူဖြစ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ ကုမ္ပဏီတွင် အလုပ်ရခဲ့ခြင်းမှာ တစ်စုံတစ် ဦး၏တိုက်တွန်းမှုကြောင့် မဟုတ်ဘဲ သူမ၏ကိုယ်ပိုင်အရည်အချင်းကြောင့်သာ ။

ဤအချက်မှာပင် ကူးအဘွားအိုအား စိတ်လှုပ်ရှားသွားစေခဲ့သည်။

သူမ သားငယ်မှာ ကုမ္ပဏီအား မစီမံနိုင်လျှင်ပင် ထက်မြက် သော ဇနီးတစ်ယောက်ကိလက်ထပ်ပေးလိုက်ပါက အဆင် ပြေနိုင်သည်ဟု သူမ တွေးခဲ့သည်။

ကူးမိသားစုလုပ်ငန်းမှာ ကူးအဘွားအို၏ ခင်ပွန်း တစ် သက်လုံး တည်ဆောက်ခဲ့ရသည့် အရာဖြစ်ရာ အမှန်တကယ် မလွဲမရှောင်သာသည့် အခြေအနေမျိုးမှလွဲ၍ သူမ လက်ထပ်တွင် ပျက်စီးသွားမည်ကို ကူးအဘွားအို အမှန်တကယ် မလိုလားပေ။

ထို့ကြောင့် သူမ၏တမင်တကာ အားပေးကူညီမှုများကြောင့် ချစ်သူနှစ်ဦးဖြစ်သော ကူးကတော်နှင့် ကူးယန်ယွီတို့မှာ ချောချောမွေ့မွေ့လက်ထပ်နိုင်ခဲ့ကြသည်။

လက်ထပ်ပြီးနောက်တွင် ကူးယန်ယွီမှာ သူ့အနုပညာဖန်တီးမှုများထဲတွင်သာ ဆက်လက်နစ်မွန်းနေခဲ့ပြီး ကူးကတော်မှာမူ ကူးအဘွားအိုထံမှ ကူးမိသားစုလုပ်ငန်းများကို တဖြည်းဖြည်း လွှဲပြောင်းယူခဲ့သည်။

သူမသည် အချစ်ရော၊ အလုပ်ပါ အောင်မြင်မည်ဟု ထင် မှတ်ထားခဲ့သော်လည်း ကူးအဘွားအိုမှာ အပြင်ပန်း၌ သူမအား ယုံကြည်ပြနေသော်လည်း နောက်ကွယ်တွင်မူ သူမအပေါ် လှည့်ကွက်များသုံးခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကူးအဘွားအိုသည် သေတမ်းစာတစ်ခုရေးခဲ့ရာတွင် သူမ ကွယ်လွန်ပြီးနောက် သူမပိုင်ဆိုင်သော ကူးဂရုရှယ်ယာများနှင့် ပိုင်ဆိုင်မှုအားလုံးကို သူမ၏နောင်ဖြစ်လာမည့် မြေးများမှ ဆက်ခံရမည်ဖြစ်ပြီး၊ မြေးတစ်ဦးထက်ပိုပါက အညီ အမျှ ခွဲဝေယူရမည်ဟုဖော်ပြခဲ့သည်။

ထို့အပြင် တရားဝင်လက်ထပ်ထားသူများမှ မွေးဖွားလာသော ကလေးများသာ အမွေဆက်ခံခွင့်ရှိသည်ဟုလည်း အထူးမှတ်ချက်တစ်ခုထည့်သွင်းထားခဲ့သည်။

ထိုသေတမ်းစာမှာ ကူးကတော်၏ကလေးများအတွက် အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်ပေးထားသော် လည်း ကူးကတော်၏ကိုယ်ပိုင်အကျိုးစီးပွားကိုမူ ထိခိုက်စေခဲ့သည်။

ကူးဂရုရှယ်ယာများ၏ ၆၀ ရာခိုင်နှုန်းကို အဘွားအိုမှ ပိုင်ဆိုင်ထားပြီး အဘိုးကူးမှာ ၁၃ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားကြောင်း သူမ လုံးဝမထင်ထားခဲ့မိပေ။

ထို ၁၃ ရာခိုင်နှုန်းမှာ အဘွားအိုပြီးလျှင် ဒုတိယအများဆုံး ရှယ်ယာရှင်ဖြစ်စေသော်လည်း လုံးဝဥဿုံ ဆုံးဖြတ်ပိုင်ခွင့်ရှိသော ၆၀ ရာခိုင်နှုန်းနှင့် ယှဉ်လျှင်တော့ ဘာမှမဟုတ်တော့ပေ။

ကူးကတော်မှာ အဘွားအိုကွယ်လွန်ပြီးမှသာ ထိုအကြောင်းအား သိရှိခဲ့ရသည်။

ထိုစဉ်က သူမတွင် ကိုယ်ဝန် ကိုးလနီးပါးရှိနေပြီဖြစ်ပြီး ဤသတင်းကို ကြားလိုက်ရသောအခါ အလွန်အမင်း ဒေါသထွက်ကာ လမစေ့ဘဲမွေးဖွားခဲ့ရသည်။ ထိုကလေးမှာ သမီးကြီးဖြစ်သူ ကူးချင်ချင်ပင်။

ချင်ချင်မှာ လမစေ့ဘဲ မွေးလာခြင်းကြောင့် အလွန်အား နည်းလှသဖြင့် မွေးပြီးနောက် တစ်လကြာအောင်ဖန်ပေါင်း ချောင်ထဲတွင် နေခဲ့ရပြီးမှ အိမ်သို့ပြန်လာနိုင်ခဲ့သည်။

သူမသည် မိဘများ၏ချစ်ခြင်းတရားကြောင့် ပေါက်ဖွားလာသူဖြစ်သော်လည်း အဘွားဖြစ်သူ မကွယ်လွန်မီလုပ် ဆောင်ခဲ့သည့် ကိစ္စများကြောင့် မိခင်ဖြစ်သူရင်ထဲတွင် ဆူးတစ်ချောင်း ဖြစ်နေခဲ့ရသည်။

ကူးကတော်သည် ချင်ချင်အပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များရှိသည်။ အမှန်တရားအရဆိုလျှင် သူမသည် မိမိ သမီးအရင်းဖြစ်သဖြင့် အရင်းနှီးဆုံးသော လူတစ်ယောက် ဖြစ်သင့်သည်။

သို့သော် သူ့ စိတ်ထဲတွင်တော့ ထိန်းမနိုင်သိမ်းမရ ဒေါသများသာ ပြည့်နှက်နေပြီး ချင်ချင်မှာ သူ့ပိုင်ဆိုင်မှုများကို လုယူမည့် မိစ္ဆာမလေးတစ်ဦးကဲ့သို့ ခံစားနေရသည်။

ထိုခံစားချက်မှာ ဒုတိယမြောက်ကလေးကို မွေးဖွားပြီးသည့်တိုင်အောင် ရှိနေဆဲပင်။

ကူးကတော်၏ခင်ပွန်းဖြစ်သူ ကူးယန်ယွီမှာလည်း သူ့ဇနီးသည် ကလေးများအပေါ် စိုးရိမ်ကြောင့်ကြနေသည်ကို ခံစားမိသည်။

သူ ကြားဝင်ဖြန်ဖြေပေးရန် ကြိုးစားသော်လည်း အကြိမ်တိုင်းတွင် သူ့ဇနီး ဒေါသကိုသာ ပိုဆွပေးသလို ဖြစ်နေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကြောက်တတ်သော ကူးယန်ယွီမှာ နှုတ်ဆိတ်နေဖို့ကိုသာရွေးချယ်လိုက်တော့ သည်။

ဤကဲ့သို့သော သတ္တိနည်းသည့် အမူအရာမှာ ဖူဟန်၏ ဖခင် အမုန်းဆုံးအရာပင်။ မိမိကလေးများကိုပင် မကာကွယ်နိုင်သော အမျိုးသားမှာ ယောက်ျားစစ်မဟုတ်ဟု သူ ယူဆထားသည်။

ထို့ကြောင့် ကူးမိသားစု အခက်အခဲကြုံစဉ်က အကြီးအ ကျယ် ကူညီပေးခဲ့သော ဖူဟန်မှာ နောက်ပိုင်းတွင် ကူးမိသားစုနှင့် တဖြည်းဖြည်း ဝေးကွာသွားခဲ့ခြင်းဖြစ်သည်။

"ဒါဆို မေမေက ပိုက်ဆံကြောင့် ချင်ချင်ကို မချစ်တာပေါ့လေ"

ချင်ချင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း ဖူဟန် သူမအား စိုးရိမ်တကြီးဖြင့် အကြာကြီးစိုက်ကြည့်နေမိဆဲပင်။

သူသည် မိသားစုနှစ်ခုကြားမှ အတိတ်အကြောင်းအရာများကို အမှတ်မထင် အများကြီးပြောပြမိသွားခဲ့သည်။

ဒါတွေက ချင်ချင် အရွယ်ရောက်လာမှသာသိခဲ့ရတဲ့ အမှန် တရားတွေပါ။ ထိုအချိန်တွင် သူမသည် မိဘများအပေါ် အလုံးစုံ စိတ်ပျက်နေပြီဖြစ်ရာ အမှန်တရားအား သိလိုက်ရသောအခါ လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး သူမ ပိုင်ဆိုင်သော ရှယ်ယာများကို မောင်ဖြစ်သူထံသို့လွှဲပြောင်းပေးသည့် စာချုပ်တွင် လက်မှတ်ထိုးပေးလိုက်တော့သည်။

မောင်နှမနှစ်ဦး၏ရှယ်ယာများကို ပေါင်းလိုက်သောအခါ ကူးလန်သည် အင်အားအလုံးအရင်းဖြင့် မိခင်ဖြစ်သူထံမှ ကူးမိသားစုလုပ်ငန်းကို လွှဲပြောင်းရယူနိုင်ခဲ့သည်။

ထို့ကြောင့် ကူးမိသားစုမိဘများ၏ 'ဂုဏ်သိက္ခာရှိစွာ ထွက်ခွာသွားခြင်း' ဆိုသည်မှာ အာဏာလုပွဲတွင် ရှုံးနိမ့်ပြီးနောက် သနားစရာကောင်းအောင် ထွက်ပြေးသွားရခြင်းသာ။

ထို့အပြင် ဖူဟန်မှာ အလွန်မသင်္ကာဖြစ်နေသေးသည်။

သူ့ယောက္ခမမှာ ယခုအရွယ်အထိ ကလေးမရှိခြင်းကို အစားထိုးရန် ကလေးထပ်ယူချင်နေတာလား၊ ဒါမှမဟုတ်... အာဏာကို ပြန်လုဖို့လား ?

ချင်ချင့်အဘွားဖြစ်သူ ရေးခဲ့သော သေတမ်းစာတွင် မြေးတစ်ဦးထက်ပိုပါက ပိုင်ဆိုင်မှုများ အညီအမျှ ခွဲဝေပေးရမည်ဟု အတိအလင်း ဆိုထားသည်။

ထို့ကြောင့် ချင်ချင်နှင့် ကူးလန်တို့မှာ ကူးမိသားစု ရှယ်ယာ ၃၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားကြပြီး ကူးကတော်မှာတော့ ပါးပါးကူးပိုင်ဆိုင်ထားသည့် ၂၀ ရာခိုင်နှုန်းကိုသာ လက်ဝယ်ရှိထားသည်။

ထို ၂၀ ရာခိုင်နှုန်းထဲမှ ၁၃ ရာခိုင်နှုန်းမှာ အဖိုးကူးအိုထံမှဖြစ်ပြီး ၅ ရာခိုင်နှုန်းမှာ အကြီးဆုံးဦးလေးထံမှအမွေဆက်ခံခဲ့ခြင်းဖြစ်သည်။

ဦးလေးကြီးမှာ လက်မထပ်ဘဲ ကလေးမရှိဘဲ ကွယ်လွန်ခဲ့သဖြင့် တိုက်ရိုက်အမွေဆက်ခံသူ မရှိသောအခါ အမွေဆက်ခံခွင့်မှာ ညီဖြစ်သူထံသို့ ရောက်ရှိလာခြင်းပင်။

ကျန်ရှိသော ၂ ရာခိုင်နှုန်းမှာတော့ ကူးယန်ယွီ ကိုယ်တိုင် ပိုင်ဆိုင်ခြင်းဖြစ်သည်။

အကယ်၍ သူမတွင် နောက်ထပ် ကလေးတစ်ယောက် ရှိလာခဲ့လျှင် ကူးကတော်သည် ထိုကလေးအား အသုံးချ၍ ချင်ချင်နှင့် ကူးလန်တို့ထံမှ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို လုယူနိုင်မည် ဖြစ်သည်။

ထို့နောက် တခြား ရှယ်ယာရှင်အနည်းငယ်ထံမှ ရှယ်ယာအချို့ ဝယ်ယူရန် ကြိုးစားလိုက်ပါက (အများကြီး မဟုတ်ဘဲ ချင်ချင်နှင့် ကူးလန် ပေါင်းထားသည့် ရှယ်ယာထက် ပိုသွားရုံမျှဖြင့်) သူမ အာဏာပြန်ရရန် အခွင့်အလမ်း အလွန်များသွားပေလိမ့်မည်။

ကံမကောင်းစွာပင်၊ ထူးဆန်းသော ရောဂါတစ်ခုကြောင့် ကူးကတော်မှာ သားအိမ်တစ်ခုလုံး ထုတ်လိုက်ရသည်။

သူမသည် တတိယမြောက် ကလေးအား မည်သည့်အခါမျှ ရတော့မည်မဟုတ်သလို သူမ သေချာ စီစဉ်ထားသော အာဏာလုပွဲမှာလည်း မစတင်မီကတည်းက ပျက်စီးသွားခဲ့ရကာ ကျန်ရှိသော ဘဝကို နာကျည်းမှုများ၊ ကျိန်ဆဲမှုများဖြင့်သာ ဖြတ်သန်းနေရတော့သည်။

အတွေးတွေလွင့်နေရင်းမှ ဖူဟန် သတိပြန်ဝင်လာသည်။ ချင်ချင်အား တစ်ခုခုပြောရန် ကြည့်လိုက်သောအခါ ကလေးမလေးမှာ ပက်လက်ကလေးလဲလျောင်းနေပြီး လက်ကလေးနှစ်ဖက်ကို ခေါင်းဘေးတွင် မြှောက်ကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

"ဒီလူလည်မလေး၊ ပုံပြင်နားထောင်ချင်တယ်ဆိုပြီး ငါ့ကို အိပ်အောင်ထားခဲ့တာပေါ့လေ"

သူ ချင်ချင့် နှာခေါင်းလေးကို ချစ်စနိုးဖြင့် တစ်ချက်တို့လိုက်သည်။ သူမ နှာခေါင်းရှုံ့မသွားမီ အမြန်ပြန်လွှတ် လိုက်ပြီး သူလေးဘေးတွင် ညင်သာစွာလှဲလျောင်းရင်း သူကိုယ်တိုင်လည်း အိပ်ပျော်သွားတော့သည်။

ကျစ်... ကျစ်...

ငှက်ငယ်လေးတစ်ကောင်မှာ ပြတင်းပေါက်ကြားမှတစ် ဆင့် တိုးဝင်လာပြီး အတောင်ပံများခတ်ကာ ချင်ချင့် ခေါင်းအုံးပေါ်သို့ ဆင်းသက်လိုက်သည်။

၎င်းသည် ခေါင်းကိုစောင်းကာ စိမ်းရောင်တောက်နေသော မျက်လုံးလေးများဖြင့် အိပ်ပျော်နေသော ချင်ချင်အား တိတ်တဆိတ် စိုက်ကြည့်နေသည်။

ချင်ချင်၏အေးချမ်းနေသော အိပ်ပျော်နေသည့် မျက်နှာလေးမှာ တဖြည်းဖြည်းနှင့် တွန့်လိမ်လာသည်။ သူမသည် မသိနားမလည်နိုင်သော အိပ်မက်ဆိုးတစ်ခုထဲသို့ ကျရောက်သွားပုံရပြီး လက်ကလေး ခြေကလေးများကို ရုန်းကန်လာသည်။

ကျစ်... ကျစ်...

ငှက်ကလေးမှာ ခေါင်းအုံးပေါ်တွင် လျင်မြန်စွာ ခုန်ဆွခုန် ဆွ လုပ်နေပြီး ချင်ချင့်ရုန်းကန်နေသော လက်များကို ရှောင်ကာ သူမ နဖူးပေါ်သို့နားလိုက်သည်။ ၎င်း၏ သစ် ကိုင်းကဲ့သို့ ခြေထောက်ကလေးများမှာ ချင်ချင် မျက်ခုံးနှစ်ခုကြားသို့ တည့်တည့်ဆင်းသက်လိုက်သည်။

သေချာကြည့်လိုက်ပါက အလွန်ပါးလွှာသော ငွေရောင်မျှင်ကလေးတစ်ခုမှာ ချင်ချင့် မျက်ခုံးကြားမှထွက်လာပြီး ငှက်ကလေးမှာ ယင်းကိုမျိုချလိုက်သည်။

အိပ်မက်ဆိုးမှ လွတ်မြောက်သွားပုံရသော ချင်ချင်မှာ တဖြည်းဖြည်းနှင့် တည်ငြိမ်သွားပြီး မျက်နှာထက် ချိုသာ သော အပြုံးလေးပြန်လည်ပေါ်လာတော့သည်။

ငှက်ငယ်လေးမှာ တစ်ဖက်သို့ လှည့်လိုက်ပြီး နွေးထွေးမှုအား ရှာဖွေဟန်ဖြင့် ဖူဟန် ရင်ခွင်ထဲသို့တိုးဝင်သွားသည်။ ဖူဟန်လည်း အကျင့်အတိုင်းပင် လက်ကိုဆန့်ထုတ်ကာ ချင်ချင်အား ကာကွယ်ပေးထားသလိုမျိုး ချင်ချင်အပေါ်သို့ညင်သာစွာတင်ထားလိုက်သည်။

ကျစ်... ကျစ်...

ငှက်ကလေးမှာ ခေါင်းကို စောင်းကာ သူတို့နှစ်ဦး၏ အိပ်စက်နေသော ပုံစံအားကြည့်နေသည်။ စိတ်မဝင်စားတော့ဟန်ဖြင့် အတောင်ပံများခတ်ကာ ပျံထွက်သွားတော့ သည်။

မနက်ခင်း အရုဏ်တက်ချိန်။

တီးတောင်... ကြည်လင်သော လူခေါ်ဘဲလ်သံ ထွက်ပေါ် လာသည်။

"ဘယ်သူလဲ ဟင်"

ယိယိ ညအိပ်ဝတ်စုံပေါ်တွင် ကုတ်အင်္ကျီကို ပေါ့ပေါ့ပါးပါး ထပ်ဝတ်ကာ မျက်လုံးများပွတ်ရင်း အိမ်ထဲမှထွက်လာသည်။

တံခါးဖွင့်လိုက်သည်နှင့် အားသန်သော လက်မောင်းတစ် စုံ၏တင်းတင်းကြပ်ကြပ် ဖက်ထားခြင်းကို ခံလိုက်ရသည်။

"အင်း... စစ်ကျင်းလား"

ရင်းနှီးနေသော ရေမွှေးနံ့မှာ ယိယိ နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် မနက်စောစောစီးစီး သူမအား လာဖက်နေသော အမျိုးသားမှာ မည်သူဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်။

"ဘာမှမပြောပါနဲ့၊ ကိုယ့်ကို ခဏလောက်ပဲ တိတ်တဆိတ် ဖက်ထားပေးပါ"

ဖူစစ်ကျင်း ယိယိအား ဖက်ထားရင်း သူမထံမှ ထွက်ပေါ် လာသော စိတ်အေးချမ်းစေသည့် ရနံ့ကိုရှူရှိုက်ရန် ခေါင်းကို ငုံ့ထားလိုက်သည်။

"..."

သူ တစ်ခုခုကြောင့် စိတ်မချမ်းသာပြန်ပြီလား ?

ယိယိ ဘာမှမပြောဘဲ ဖူစစ်ကျင်းအား ပြန်လည်ဖက်ထားပေးလိုက်ပြီး စိတ်သက်သာရာရစေရန် သူ့နောက်ကျောကို ညင်သာစွာ ပုတ်ပေးနေမိသည်။

အတူတူရှိခဲ့ကြသည်မှာ ကြာပြီဖြစ်သဖြင့် ဖူစစ်ကျင်းတွင် တစ်ခါတစ်ရံ တစ်ခုခုလွဲချော်နေသည်ကို သူမ ခံစားမိတတ်သည်။

တစ်ခါတစ်ရံတွင် သူသည် လောကကြီးကို မှောင်မိုက်ပြီး၊ အေးစက်ကာ၊ မုန်းတီးသောအကြည့်များဖြင့် ကြည့်တတ် သည်။

နောင်တစ်ချိန်ချိန်တွင် သူ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ထိန်းထားသော ကြိုးလေး ပြတ်တောက်သွားသည်နှင့် သူသည် ငရဲထဲသို့ အလုံးစုံကျဆင်းသွားကာ မိစ္ဆာတစ်ကောင်အဖြစ်ပြောင်းလဲပြီး ကမ္ဘာကြီးအား ဖျက်ဆီးတော့မည့်ပုံမျိုးပင်။

သို့သော် ယခုအချိန်အထိတော့ ထိုကြိုးလေး ပြတ်တောက်သွားသည်ကို ယိယိ မမြင်ဖူးသေးပေ။ ထိုကြိုးမှာ အလွန်ထူထဲသည်တော့ မဟုတ်သော်လည်း အမှန်တကယ်ပင် ခိုင်ခံ့လှသည်။

"ဒီနေ့ အားလား"

အတော်ကြာ ဖက်ထားပြီးနောက် ဖူစစ်ကျင်း ယိယိအား လွှတ်ပေးလိုက်သည်။

သူမ မော့ကြည့်လိုက်သောအခါ နူးညံ့ပြီး တည်ငြိမ်သော ဖူစစ်ကျင်းအား ပြန်လည် မြင်တွေ့ရပြန်သည်။

"တက္ကသိုလ်တုန်းက အဆောင်သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းထားတယ်လေ"

ဒီနေ့က စနေနေ့ အားလပ်ရက်ဖြစ်ပြီး သူမ၏ အဆောင်သူငယ်ချင်းများမှာ မတွေ့ရတာ ကြာပြီဖြစ်သဖြင့် လာခဲ့ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

"အဲ့ဒီချိန်းဆိုမှုကို ဖျက်လိုက်ပါ"

ဖူစစ်ကျင်း ထူးထူးခြားခြား ဇွတ်အတင်းပြောလာသည်။

"မရဘူးလေ"

ကံမကောင်းစွာပင် ယိယိမှာ လက်မခံပေ။

ထိုအမျိုးသား၏မျက်ခုံးများ တွန့်ချိုးသွားသည်ကို မြင်သောအခါ သူမ သက်ပြင်းချလိုက်ပြီး လက်ချောင်းလေးများဖြင့် ထိုမျက်ခုံးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"ကျွန်မ ပြောထားသားပဲ၊ မျက်မှောင်ခဏခဏ မကြုတ်ပါနဲ့လို့၊ အရေးအကြောင်းတွေ ထွက်လာလိမ့်မယ်"

"မင်းက ကိုယ့်အတွက် အချိန်မပေးဘူး..."

ဖူစစ်ကျင်း ဤနေရာတွင် နည်းဗျူဟာပြောင်းလိုက်သည်။ သူ့လေသံမှာ အလွန်တည်ကြည်နေသော်လည်း ယိယိ စိတ်မကောင်းဖြစ်နေသည့် အသံလေးကိုကြားလိုက်ရသည်။

ဒီလူကတော့ ထင်သည့်အတိုင်းပင်၊ သူမ၏အားနည်းချက် ဘယ်နေရာမှာလဲဆိုသည်အား ကောင်းကောင်းသိသည်။

"တွေ့ဆုံပွဲက ညနေမှလေ၊ နေ့ခင်းဘက်တော့ ကျွန်မ အားပါတယ်၊ ရှင့်အနားမှာ နေပေးမယ်လေ"

ယိယိ မျှော်လင့်ထားသည့်အတိုင်း အလျှော့ပေးလိုက်သည်။ ဖူစစ်ကျင်း အနည်းငယ် ပြုံးလိုက်ပြီး သူမအား အဝတ်အစား သွားလဲရန်တိုက်တွန်းတော့သည်။

"အဝတ်အစားတွေ ထူထူဝတ်နော်၊ အရမ်းကြီး လှအောင် ပြင်စရာမလိုဘူး"

ယိယိ : "..."

ရှင်ကျတော့ သေသေသပ်သပ်ဝတ်ထားရေမွှေးတွေတောင် ဆွတ်ထားပြီးတော့၊ ကျွန်မကျမှ အရမ်းလှအောင် ပြင်စရာမလိုဘူး ဟုတ်လား ?

"ဟွန့်... လူဆိုးကြီး!"

ယိယိသည် ဖူစစ်ကျင်းစကားကို ဂရုမစိုက်ဘဲ လရောင်ရင့်ရင့်ရှိသော ဂါဝန်လေးတစ်ထည်လဲဝတ်လိုက်ပြီး မိတ်ကပ်ပါးပါးလေး လိမ်းကာ အိတ်လေးလွယ်၍ အပြင်သို့ ထွက်လာခဲ့သည်။

သူမ အိမ်ပြင်သို့ ထွက်လာသည်နှင့် ဖူစစ်ကျင်းအကြည့်များမှာ သူ့ ပုခုံးဟိုက် ဂါဝန်နှင့် ဒူးဖုံးစကတ်လေးပေါ်သို့ ဝေ့ဝဲကျရောက်လာပြီး မကျေနပ်သည့် အရိပ်အယောင်များ အထင်အရှားပေါ်နေသည်ကို ခံစားလိုက်ရသည်။

သို့သော် သူ ဘာမှမပြောဘဲ သူမ ပုခုံးလေးကိုသာ ပိုင်စိုး ပိုင်နင်း ဆွဲဖက်ထားလိုက်သည်။ ဒါက တခြားသူတွေကို ဒီမိန်းကလေးမှာ ပိုင်ရှင်ရှိတယ်လို့ ကြေညာလိုက်ခြင်းပင်။

မနက်စောစောဖြစ်သော်လည်း လမ်းပေါ်တွင် လူသိပ်မရှိသေးပေ။

"အရင်ဆုံး မနက်စာ သွားစားကြမလား၊ ပြီးမှ ဘယ်သွားမလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့"

ယိယိ ဖူစစ်ကျင်းအား မျက်စိမှိတ် အဖော်လုပ်ပေးရန် သဘောတူခဲ့ခြင်း မဟုတ်ဘဲ သူမ၏ကိုယ်ပိုင်အကြံဉာဏ်များကိုလည်း ပြောဆိုခွင့်ရှိသည်။

"ကောင်းပြီလေ"

ဖူစစ်ကျင်းမှာ တကယ်တော့ မထွက်ခွာမီ ယိယိအား မြင်ချင်ရုံသက်သက်သာဖြစ်သဖြင့် သီးခြားသွားချင်သည့် နေရာမရှိရာ သူမ သွားချင်ရာသို့သာ လိုက်ပါခဲ့သည်။

ယိယိ ဖူစစ်ကျင်းအား သူမ အိမ်အနီးရှိ မနက်စာဆိုင်လေးတစ်ခုသို့ ခေါ်သွားသည်။

ထိုဆိုင်မှ ရောင်းသော အသားပေါက်စီနှင့် ကြက်ဥဘာဂါများမှာ အလွန်အရသာရှိလှသည်။ ယိယိသည် ငယ်ငယ်ကတည်းက ထိုဆိုင်မှာ စားလာခဲ့ခြင်းဖြစ်သော်လည်း ယခုအထိ မရိုးနိုင်သေးပေ။

မနက်စာဆိုင်ပိုင်ရှင်မှာ ယိယိအား ကောင်းကောင်းသိသဖြင့် သူမကိုမြင်သည်နှင့် ဝမ်းသာအားရ နှုတ်ဆက်တော့သည်။

"ဟေး သမီးလေး၊ ရောက်လာပြီလား! ဒီနေ့လည်း အရင်အတိုင်းပဲလား"

"ဦးရေ ဒီနေ့တော့ ပိုမှာရမယ်ရှင့်၊ သမီး လူခေါ်လာတယ်"

All Chapters