← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

🍼 Chapter 63

"ဒါက သမီးရဲ့ ရည်းစားလား၊ တကယ့်ကို ချောတဲ့လူငယ်လေးပဲ"

မနက်စာဆိုင် ဦးလေးကြီးမှာ သူ၏ဇရာထောင်းနေသော မျက်လုံးများဖြင့် ဖူစစ်ကျင်းအား အကဲခတ်ကြည့်ပြီး ပြုံးရွှင်စွာ ချီးကျူးလိုက်သည်။

"မဟုတ်... မဟုတ်ပါဘူး"

သူတို့နှစ်ဦး တရားဝင်ပြန်တွဲနေကြသည်တော့ မဟုတ်သေးပေ။

ယိယိ ဖူစစ်ကျင်းနှင့် ပတ်သက်မှုအားငြင်းဆိုရန် ပြင်လိုက်စဉ်မှာပင် ဖူစစ်ကျင်း သူမလက်ကို လှမ်းဆွဲလိုက်ပြီး

"မင်းရဲ့နာမည်ကြီး ဟင်းလျာတွေနဲ့ ကိုယ့်ကို မိတ်မဆက်ပေးတော့ဘူးလား"

"လူငယ်လေး၊ မင်း နေရာမှန်ကို ရောက်လာတာပဲ.. တို့ဆိုင်ကအသားပေါက်စီနဲ့ ကြက်ဥဘာဂါတွေက ဒီတစ်ဝိုက်မှာ အကောင်းဆုံးပဲ.. မြည်းကြည့်မလား"

ဆိုင်ရှင်မှာ တက်ကြွစွာတိုက်တွန်းတော့သည်။

"ကောင်းပါပြီ၊ အသားပေါက်စီ နှစ်လုံး၊ ကြက်ဥဘာဂါ နှစ်ခုနဲ့ ပဲနို့ သုံးခွက်ပေးပါဦး"

ဖူစစ်ကျင်း နူးညံ့စွာ ပြုံး၍မှာလိုက်သည်။

"ကောင်းပါပြီဗျာ"

မနက်စာဆိုင်မှ ဦးလေးကြီးသည် ပေါင်းအိုးကို ချက်ချင်းဖွင့်ကာ အသားပေါက်စီ နှစ်လုံးထုတ်ပေးပြီး ပဲနို့များကိုလည်း အမြန်ပြင်ဆင်၍ယူလာပေးတော့သည်။

ဖူစစ်ကျင်း ပဲနို့ နှစ်ခွက် ယိယိ ရှေ့သို့ သဘာဝကျကျပင် တိုးပေးလိုက်ပြီး သူကိုယ်တိုင်မှာ တစ်ခွက်သာ သောက်သည်။

ယိယိ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပေါက်စီကိုနှစ်ခြမ်းခွဲကာ အပိုင်းကြီးသောအခြမ်းကို ဖူစစ်ကျင်းအား ကမ်းပေးလိုက်သည်။

သူမ ပဲနို့အား အလွန်နှစ်သက်ပြီး တစ်ခါသောက်လျှင် နှစ်ခွက်အထိ သောက်နိုင်သည်။

သို့သော် ပဲနို့ နှစ်ပန်းကန်သောက်ပြီးလျှင် တခြားအရာများကိုအများကြီး မစားနိုင်တော့သဖြင့် ပုံမှန်အားဖြင့် ပဲနို့တစ်ပန်းကန်နှင့် အသားပေါက်စီ သို့မဟုတ် ကြက်ဥဘာဂါ တစ်ခုခုကိုသာ ရွေးစားတတ်သည်။

ယခုမူ ဖူစစ်ကျင်း သူမ ဝန်ထုပ်ဝန်ပိုးကို ဝေမျှပေးထားသဖြင့် သူမ စိတ်ကြိုက် မနက်စာစားနိုင်တော့မည်။

ယိယိ ကြက်ဥဘာဂါကို တစ်လုပ်သာမြည်းလိုက်ပြီး ကျန်ရှိသည်များကို ဖူစစ်ကျင်းအတွက် ချန်ထားပေးလိုက်သည်။

စားသောက်ပြီးနောက် ဖူစစ်ကျင်း ချင်ချင်အတွက် အသားပေါက်စီနှင့် ကြက်ဥဘာဂါ အချို့ကိုပါ ပါဆယ်ဝယ်လိုက်သေးသည်။

အမှန်တကယ်တော့ မနက်စာစားနေသည့် ခေတ္တအချိန်အတွင်းမှာပင် သူ ယနေ့အတွက် ခရီးစဉ်ကိုစီစဉ်ပြီးသား ဖြစ်သည်။

သူ့အိမ်ကို သူ သွားတော့မည်။

သူ မထွက်ခွာမီ ယိယိအား တရားဝင်အဆင့်အတန်းတစ်ခု ပေးချင်သည်။

ဤအဆင့်အတန်းမှာ လူအများသိစေရန် မဟုတ်ချေ။ အပြင်လောကတွင် ယိယိသည် သူ့ရည်းစားအဖြစ်အမြဲရှိနေခဲ့ပြီးသားပင်။ သူ လိုချင်သည်မှာ သူမအား အိမ်သို့ တရားဝင်ခေါ်သွားကာ မိဘများနှင့် ညီအစ်ကိုများအား တရားဝင် မိတ်ဆက်ပေးရန်ဖြစ်သည်။

"ကျွန်မတို့ ဘယ်သွားကြမလဲ"

ဖူစစ်ကျင်း ကားပေါ်သို့ရောက်ပြီးမှ ယိယိ မေးဖို့သတိသည်။

"ကိုယ့် အိမ်ကို"

ယိယိ ဘာမှပြန်မပြောနိုင်သေးမီမှာပင် ဖူစစ်ကျင်း လီဗာကိုနင်းလိုက်ရာ ကားမှာ မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားတော့သည်။

"..."

သူမ၏နှေးကွေးသော ဦးနှောက်မှာ သုံးစက္ကန့်ခန့် ရပ်တန့်သွားပြီးမှ ဖူစစ်ကျင်း ပြောလိုက်သည့် သတင်းအချက် အလက်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။

ယိယိ မယုံကြည်နိုင်စွာဖြင့် မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။ ကားမောင်းနေသော ဖူစစ်ကျင်းအား မထိရဲသော် လည်း သူမ လုံးဝလက်မခံနိုင်သော ဆန့်ကျင်မှုကိုတော့ ထုတ်ဖော်ပြောဆိုနေမိသည်။

"ရှင့် အိမ်ကို ဟုတ်လား? ဒါကြီးက အရမ်း ရုတ်တရက် ဆန်မနေဘူးလား ? ကျွန်မတို့က ပြန်တွဲနေကြတာတောင် မဟုတ်သေးဘူးလေ၊ ပြီးတော့ ကျွန်မ စိတ်ပိုင်းဆိုင်ရာလည်း ဘာမှပြင်ဆင်မထားရသေးဘူး၊ မသွားလို့ မရဘူးလား..."

ဖူစစ်ကျင်း၊ ရှင် ကျွန်မပြောတာ နားထောင်နေရဲ့လား?!"

သူမ တတွတ်တွတ် ပြောနေသော်လည်း ဖူစစ်ကျင်းကားမောင်းခြင်းကိုသာ အာရုံစိုက်ပြီး သူမအား လျစ်လျူရှုထားသဖြင့် နူးညံ့လှသော ယိယိပေါက်ကွဲသွားတော့သည်။

ကားမှာ လမ်းခုလတ်တွင် ရုတ်တရက်ရပ်သွားသည်။ ဖူစစ်ကျင်း ခေါင်းလှည့်ကြည့်လိုက်ရာ နက်ရှိုင်းသော သူ့အကြည့်များမှာ ယိယိကြည်လင်သော မျက်လုံးများနှင့် ဆုံသွားသည်။

"ကိုယ် မင်းကို ချစ်တယ်"

မျှော်လင့်မထားသော စကားကြောင့် ယိယိဖြူစင်သော မျက်နှာလေးမှာ ချက်ချင်းနီရဲသွားတော့သည်။ သူမ မျက် လုံးများမှာ ဟိုကြည့်ဒီကြည့်ဖြင့် ဖူစစ်ကျင်းအကြည့်အား ရှောင်ဖယ်နေမိသည်။

"ဘာ... ဘာလို့ ရုတ်တရက် ဒါတွေ လာပြောနေတာလဲ"

ဒါ ဘာ ဖြစ်နေတာလဲ?

သူမ ဖူစစ်ကျင်းနှင့် အတူရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ သူ့အား မရိုးအီသေးလျှင်တောင် သူမ၏ စိတ်နေစိတ်ထားမှာ ရင့်ကျက်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသင့်နေပြီ ဖြစ်သည်။ သို့သော် ဘာကြောင့် သူမ၏ ရင်ခုန်သံများမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်နေရသနည်း။ သူမသည် ပထမဆုံးအချစ်ကိုခံစားနေရသော မိန်းကလေး ငယ်တစ်ဦးကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။

ဖူစစ်ကျင်း၏ဆွဲဆောင်မှုရှိပြီး လေးနက်တည်ငြိမ်သော အသံမှာ သူမ နားထဲတွင် မိစ္ဆာတစ်ဦး၏တိုးတိုးလေးပြောသံကဲ့သို့ ပဲ့တင်ထပ်နေဆဲပင်။

"မင်း ကိုယ့်ကို ချစ်လား? မင်းရဲ့ စိတ်ရင်းကို ကိုယ်ကြားချင်တယ်"

"...ချစ်ပါတယ်"

ယိယိ အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် သူ့ စိတ်ရင်းအား မလိမ်ညာနိုင်တော့ပေ။

သူ့ကိုသာ အသည်းအသန်မချစ်ခဲ့လျှင် ဤလူနှင့် အစက တည်းက ဘာကြောင့် အတူရှိနေမည်နည်း၊ ပြီးတော့ အခုလည်း သူ့အတွက်နဲ့ ဒီလို အတင်းအဖျင်းတွေကို ဘာကြောင့် သည်းခံနေရမည်နည်း။

ဖူစစ်ကျင်း ချောမောသော အပြုံးတစ်ချက်ပြုံးလိုက်ပြီး ရှေ့သို့ တိုးကာ ယိယိနှုတ်ခမ်းအား တစ်ချက် နမ်းလိုက်ပြီးမှ ကားကိုပြန်စထွက်တော့သည်။

"ဒါပဲလေ! ကိုယ် မင်းကို ချစ်တယ်၊ မင်းလည်း ကိုယ့်ကို ချစ်တယ်၊ ကိုယ်တို့ တွဲလာတာလည်း အတော်ကြာပြီဆိုတော့ မိဘနဲ့တွေ့ပေးရမယ့် အချိန်ရောက်ပြီပေါ့"

မိဘနဲ့တွေ့ပြီးရင် ဘာဆက်ဖြစ်မှာလဲ ?

စေ့စပ်မှာလား? လက်ထပ်မှာလား? ဒါဆို ဖူစစ်ကျင်းက သူမကို သွယ်ဝိုက်ပြီး လက်ထပ်ခွင့် တောင်းနေတာလား?

ယိယိမှာ သူ့ဦးနှောက် ဝါယာရှော့ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး မည်မျှပင် ကြိုးစားပါစေ ရှုပ်ထွေးနေသော အတွေးများကို မရှင်းထုတ်နိုင်ဘဲဖြစ်နေသည်။

သူ သိထားသည်မှာ ဖူမိသားစုနှင့် ပိုပိုပြီးနီးကပ်လာနေပြီဆိုသည့် အချက်သာ။

ယိယိသည် ဖူမိသားစု အိမ်သို့ တစ်ခါမျှမရောက်ဖူးပေ။ ဖူစစ်ကျင်း တားမြစ်ထား၍ မဟုတ်ဘဲ မလိုအပ်သေးဟု ထင်၍ဖြစ်စေ၊ သင့်တော်သော အခွင့်အရေးမရှိ၍ဖြစ်စေ မသွားဖြစ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဖူမိသားစု အိမ်နေရာကိုတော့ သူမ သိသည်။ အလုပ်ကိစ္စဖြင့် ထိုနေရာအနားသို့ အကြိမ်အနည်းငယ်ခန့်ရောက်ဖူးသည်။

တိုက်ဆိုင်စွာပင် ယိယိသည် အန်းယွမ်၏အတွင်းရေးမှူးဖြစ်ပြီး အဓိကအားဖြင့် သူ့အလုပ်အချိန်ဇယားများစီစဉ်ပေးခြင်း၊ အလုပ်ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်းနှင့် ကုမ္ပဏီ၏အတွင်းရေးကိစ္စအချို့ ကိုင်တွယ်ပေးရသည်။

အခြေခံအားဖြင့် သူမသည် ကုမ္ပဏီ၏ဆုံးဖြတ်ချက်ချ မှတ်သည့် အဆင့်အတန်းထဲသို့ တစ်ဝက်ခန့် ခြေစုံပစ်ဝင်ရောက်နေပြီဖြစ်သည်။

သူမ ရာထူးမှာ အနည်းငယ်ထူးခြားသည်။ ဆက်လက်ကြိုးစားပါက တစ်နေ့တွင် အန်းဂရု၏အလယ်လတ်နှင့် အထပ်မြင့် စီမံခန့်ခွဲရေးပိုင်းသို့ရောက်ရှိနိုင်မည်ပင်။

ထို့ကြောင့် အန်းယွမ်သည် အရေးကြီးသော အခမ်းအနားများတွင် သူမအား အမြဲတစေခေါ်သွားလေ့ရှိသည်။

ယိယိမှာ အရည်အချင်းရှိပြီး အသုံးဝင်သောကြောင့်သာမက သူမတွင် ချစ်သူရှိနေသဖြင့် စီအီးအိုဖြစ်သူ သူ့အပေါ်တွင် မည်သည့်ရည်ရွယ်ချက်မှ မရှိနိုင်သလို၊ အန်းယွမ်အား မလိုလားအပ်သော အချစ်ရေးကိစ္စများမှလည်း ကာကွယ်ပေးနိုင်သောကြောင့်ပင်။

ဟုတ်ပါတယ်၊ ယိယိ ချစ်သူမှာ ဖူစစ်ကျင်း ဖြစ်နေသည်ကို သိပြီးနောက်တွင်တော့ ထိုသို့ ဒိုင်းအဖြစ်အသုံးချခြင်းအား ချက်ချင်းရပ်တန့်ခဲ့သည်။

အန်းယွမ် ဖူစစ်ကျင်းအား မကြောက်သော်လည်း သူငယ် ချင်းရည်းစားကို တမင်တကာ ခုတုံးလုပ်မည့်သူ မဟုတ်ပေ။

သို့သော် အတွင်းရေးမှူးတစ်ဦးအနေဖြင့် ယိယိသည် အန်းယွမ်၏လူမှုဘဝထဲသို့ ရံဖန်ရံခါ ပါဝင်ပတ်သက်မိတတ် သည်။

၎င်းမှာ အရေးကြီးသော စာရွက်စာတမ်းများကို ကူညီပို့ဆောင်ပေးခြင်းလောက်သာ။

အန်းယွမ်သည် အန်းမိသားစုအိမ်တွင် မနေပေ။ သူသည် ပြီးခဲ့သည့်နှစ်ကတည်းက အိမ်မှထွက်ကာ ဖူမိသားစုနေ ထိုင်သည့် ဗီလာဝင်းထဲသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

ဗီလာဝင်း တံခါးမကြီးမှ အန်းယွမ်၏အိမ်သို့ သွားရာလမ်းတွင် ဖူမိသားစု ခြံတံခါးအားဖြတ်သွားရသည်။

အလွန် ရံဖန်ရံခါတွင် ယိယိသည် ခြံတံခါးသံတိုင်များကြားမှတစ်ဆင့် အထဲမှ လူများကိုမြင်တွေ့ရတတ်သည်။

သူမသည် ဖူစစ်ကျင်း၏မိခင်အား အဝေးမှတစ်ချက် လှမ်းမြင်ဖူးခဲ့သည်။

သူမသည် အလွန်မြင့်မြတ်ပြီး ထူးခြားသောကိုယ်ရည်ကိုယ်သွေးရှိသည့် ရင့်ကျက်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထိုစဉ်က သူမသည် ပန်းရေလောင်းနေခြင်းဖြစ်ပြီး လှုပ်ရှားမှုတိုင်းမှာ သူမ အရိုးထဲအထိ စိမ့်ဝင်နေသော ကျော့ရှင်းမှုနှင့် ယဉ်ကျေးသိမ်မွေ့မှုများဖော်ပြနေသည်။

တစ်ချက်ကြည့်ရုံမျှဖြင့် အမျိုးသမီးများစွာကို ရှက်ရွံ့သွားစေရန်လုံလောက်လှသည်။

ယိယိလည်း အပါအဝင်ပင်။ ထိုတစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် မိမိကိုယ်ကိုယ်နိမ့်ကျသည်ဟု ခံစားလိုက်ရသည်။

ဤကဲ့သို့သော ဂုဏ်သရေရှိ အမျိုးသမီးကြီးထံမှ သူမ သားနှင့် တွဲရန် ခွင့်ပြုချက်ရနိုင်ပါ့မလားဆိုသည့် ယုံကြည်ချက် သူ့ထံ မရှိပေ။

ဒါဆို အခု... သူ တကယ်ပဲ အဲ့ဒီလူနဲ့ မျက်နှာချင်းဆိုင်ရတော့မှာလား?

ဗီလာဝင်း အဝင်ဝသို့ရောက်ခါနီးတွင် ယိယိ တစ်ခုခုကို သတိရသွားပြီး ဖူစစ်ကျင်းလက်မောင်းအား ချက်ချင်း ဆွဲလိုက်သည်။

"နေ... နေဦး၊ ကျွန်မ လက်ဆောင် ဘာမှ မပါလာဘူး၊ ပထမဆုံး လာလည်တာကို လက်ဗလာနဲ့..."

သူမ ငိုတော့မည့်ပုံ ဖြစ်နေသော်လည်း ဖူစစ်ကျင်းမှာ ကားရပ်မည့် အရိပ်အယောင်မရှိသည့်အပြင် ယိယိအား မေးထိုးပြကာ "လက်ဆောင်က ဒီမှာ ရှိနေတာပဲ မဟုတ်လား"

ယိယိ ဖူစစ်ကျင်း ပြသည့်နေရာသို့ အလိုလို လိုက်ကြည့်လိုက်ရာ ကားအံဆွဲထဲတွင် ပေါ့ပေါ့ပါးပါး တင်ထားသော ပေါက်စီများနှင့် အခြားပစ္စည်းများ တွေ့လိုက်ရသည်။

ယိယိ : "..."

"စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ တစ် ယောက်ယောက်ကို သတ်လိုက်တာက ခဏတော့ စိတ်ချမ်းသာရမှာ ဖြစ်ပေမဲ့ အဆုံးသတ်မှာ ထောင်နန်းစံရမှာပဲ"

ယိယိ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ အနာဂတ်မှာ ပြောင်းလဲ၍ မရတော့မှန်း သိလိုက်သောအခါ မျက်နှာတည်ထားကာ ဖူစစ်ကျင်း ဦးဆောင်ရာ ဖူမိသားစု၏ခြံတံခါးထဲသို့ ဝင်လာခဲ့တော့သည်။

ဤမျှလောက် ဆူညံနေသော်လည်း အချိန်မှာ ခုနစ်နာရီကျော်ကျော်သာ ရှိသေးပြီး ရှစ်နာရီတောင် မထိုးသေးသဖြင့် ချင်ချင်မှာ သေချာပေါက်အိပ်ပျော်နေဆဲပင်။

ပုံမှန်အားဖြင့် သူမသည် မနက် ၈ နာရီခွဲမှသာ အိပ်ရာထလေ့ရှိသည်။

မူကြိုကျောင်းမှာ ကိုးနာရီတွင် စတင်သောကြောင့် သူမတွင် မျက်နှာသစ်ရန် ၁၀ မိနစ်၊ မနက်စာစားရန် ၁၀ မိနစ်နှင့် ကျောင်းသွားရန် ၁၀ မိနစ်သာ အချိန်ရသဖြင့် အချိန်က ကွက်တိပင်။

ကလေးမလေးမှာ ကိုယ်လုံးလေး သေးသော်လည်း အချိန်စီမံခန့်ခွဲမှုတွင်တော့ အံ့သြစရာကောင်းလောက်အောင် စေ့စပ်သေချာလှသည်။

ဤစေ့စပ်သေချာမှုမှာ မိနစ်အနည်းငယ် ပိုအိပ်ချင်သောကြောင့်သာ မဟုတ်ခဲ့လျှင် တစ်မိသားစုလုံး အလွန်ဝမ်းသာကြမည်။

ထင်သည့်အတိုင်းပင် ကားသံများ အတော်ဆူညံနေသော် လည်း ဗီလာအိမ်ကြီးမှာ တိတ်ဆိတ်နေဆဲဖြစ်ရာ အိမ်ရှင်များမှာ အိပ်ပျော်နေဆဲဖြစ်ကြောင်းသိသာလှသည်။

"ကျွန်မတို့ စောလွန်းသွားလား"

ယိယိလည်း ထိုအချက်အား သတိထားမိသွားသည်။

သူမ ဝေခွဲမရဖြစ်နေပြီး ဤအခွင့်အရေးကို သုံးကာ ပြန်ဆုတ်ရမလားဟု တွေးမိသည်။ ဖူစစ်ကျင်းနှင့်အတူ မိဘချင်းတွေ့ရန် သဘောတူခဲ့သော်လည်း တံခါးဝရောက်မှ သူမ သတ္တိကြောင်နေမိခြင်း ဖြစ်သည်။

သို့သော် ဖူစစ်ကျင်း သူမအား နောက်ဆုတ်ခွင့် မပေးပေ။

သူ လက်တစ်ဖက်တွင် ဝယ်လာသော မနက်စာများ ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ယိယိ၏သွယ်လျသော လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ကာ အိမ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။

မီးဖိုချောင်ထဲတွင် လှုပ်ရှားသံများကြားရသည်။ ဖူဟန်သည် ချင်ချင်အတွက် မနက်စာပြင်ဆင်နေခြင်း ဖြစ် သည်။

ဖူစစ်ကျင်း ယိယိအား ဧည့်ခန်းတွင် ခဏထိုင်ရန် အမူအ ရာဖြင့် ပြောလိုက်ပြီး မနက်စာများကို မီးဖိုချောင်ထဲသို့ ယူသွားလိုက်သည်။

"ပါး၊ ချက်မနေနဲ့တော့၊ ကျွန်တော် စားစရာဝယ်လာတယ်"

သူ လက်ထဲမှ အိတ်ကိုမြှောက်ပြကာ မနက်စာ ပါလာကြောင်း ပြောလိုက်သည်။

ဖူဟန် အသံကြားသဖြင့် ခေါင်းလှည့်ကြည့်သော်လည်း မည်သည့်အမူအရာမှ မပြဘဲ ပြင်ဆင်ထားသော ပင်လယ်စာများကိုဆေးကြောထားသည့် ဆန်ဖြူထဲသို့ ဆက်ထည့်ကာ ချင်ချင်အတွက် ပင်လယ်စာဆန်ပြုတ်ပြုတ်ရန် ဆက် လက် ပြင်ဆင်နေသည်။

"ကျွန်တော် စားစရာ ဝယ်လာပြီပဲ၊ ဘာလို့ဆက်ချက်နေတာလဲ"

ဖူစစ်ကျင်း နားမလည်နိုင်စွာ မေးလိုက်သည်။

"အားလုံး အဆင်သင့်ဖြစ်နေပြီပဲ၊ လွှင့်ပစ်လို့မဖြစ်ဘူးလေ၊ ချက်ထားလိုက်မယ်၊ ချင်ချင်အတွက် နေ့လယ်စာအဖြစ် ထားလိုက်လို့ ရတာပဲ"

ဖူဟန် သူ့သားမှာ လူနေမှုစရိတ်ကို နားမလည်ဘူးဟု ခံစားရသဖြင့် သူ့အား လျစ်လျူရှုလိုက်သည်။

သူ မနေ့ညက ချင်ချင်ကြောင့် အိပ်ရေးမဝခဲ့ဘဲ တစ်ညလုံး တစ်ဝက်နိုး တစ်ဝက်ပျော်ဖြစ်နေခဲ့သဖြင့် မနက်ခင်းတွင် ပင်ပန်းနေဟန်ရှိသည်။

ဖူစစ်ကျင်း သူ့ဖခင်ဖြစ်သူ ပင်ပန်းနေသည်ကို သတိထားမိသွားပြီး စိုးရိမ်တကြီးဖြင့် "နေမကောင်းဘူးလား"

"မဟုတ်ပါဘူး"

ဖူဟန် ချက်ချင်းငြင်းလိုက်သည်။

သူသည် သားကြီး ဝယ်လာသော မနက်စာကိုယူကာ အပူ ချိန်အား စမ်းကြည့်လိုက်ရာ အနည်းငယ် အေးစက်နေပြီဖြစ်သဖြင့် ပန်းကန်ပြားပေါ် တင်ကာ မိုက်ခရိုဝေ့ဗ်ထဲတွင် အပူပြန်ပေးလိုက်သည်။

စောင့်နေစဉ်အတွင်း ဖူဟန် ချင်ချင်အား သွားနှိုးချင်သော်လည်း ဖူစစ်ကျင်း သူ့ပုခုံးကို လှမ်းကိုင်လိုက်သည်။

"?"

ဒီကလေးမှာ တစ်ခုခု ပြောစရာရှိနေပုံရသည်။

ဖူဟန် မျက်ခုံးတစ်ဖက်ကို မြှင့်လိုက်ပြီး သူ့သားအား အေးစက်စွာစိုက်ကြည့်ကာ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောရန် အချက်ပြလိုက်သည်။

"ဟို..."

ဖူစစ်ကျင်းမှာ ပုံမှန်အားဖြင့် တည်ငြိမ်သော်လည်း ကိုယ်ရေး ကိုယ်တာ ကိစ္စများနှင့် ပတ်သက်လာလျှင် အနည်း ငယ်ရှက်ရွံ့နေမိသည်။ သူ မျက်နှာကို ကုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဟိုလေ ပါး... ကျွန်တော် ကျွန်တော့်ရဲ့ချစ်သူကို အိမ်ခေါ်လာတယ်"

"!"

ဖူဟန် အပြင်သို့ ချက်ချင်းလှမ်းကြည့်လိုက်သော်လည်း ဘာမှမမြင်ရမီမှာပင် သူ့သားကြီး၏ အရပ်ရှည်ရှည်ကိုယ်လုံးကြီးက ကာထားလိုက်သည်။

"အဲ့လို မလုပ်ပါနဲ့၊ အဲ့လို မလုပ်ပါနဲ့၊ သူ မပြင်ဆင်ရသေးဘူး၊ ပါး အဲ့လိုမျိုး ရုတ်တရက်ကြီး ထွက်သွားရင် သူ လန့်သွားလိမ့်မယ်"

ဖူစစ်ကျင်းသည် သူ့ဖခင်ဖြစ်သူမှ မျက်နှာသေကြီးဖြင့် ထွက်သွားပြီး သူမအား လန့်အောင်လုပ်မည်ကို စိုးရိမ်သဖြင့် သူ့ကိုမျက်နှာသာပေးရန် အမြန်တိုးလျှိုးတောင်းပန်လိုက်ရသည်။

"သူ ငါ့ကို မကြောက်ခင်မှာ မင်းက ငါ့ကို အရင်လန့်အောင် လုပ်နေတာ"

ဖူဟန် သားကြီးဖြစ်သူကို ဘေးသို့တွန်းဖယ်ကာ အပြင်သို့ ထွက်လာခဲ့ရာ ဖူစစ်ကျင်းလည်း မတားနိုင်တော့ပေ။

သူ အမြန်လိုက်သွားသောအခါ ယိယိမှာ ဖူဟန်၏ရုတ်တ ရက် ပေါ်လာမှုကြောင့် လန့်ကာ ချက်ချင်းထရပ်လိုက်သည်ကို တွေ့ရသည်။ သူမ အပြုံးကို အတင်းလုပ်ယူကာ နှုတ်ဆက်လိုက်သည်။

"ဦး... ဦးလေး၊ နိဟောင်"

"အင်း၊ နိဟောင်"

ဖူဟန် နူးညံ့စွာပြုံးပြလိုက်သဖြင့် ယိယိ စိုးရိမ်စိတ်မှာ အနည်းငယ် လျော့ပါးသွားသည်။

ကြည့်ရတာ ဒီဥက္ကဋ္ဌဖူက ကောလာဟလတွေထဲကလို ကြောက်ဖို့ မကောင်းပါဘူး။

"သမီးနာမည်က ယိယိ ဟုတ်တယ်မလား ? သားက သမီးအကြောင်းပြောဖူးတယ်"

ဖူဟန် အမူအရာမှာ သာမန်ဖခင်တစ်ဦးကဲ့သို့ ကြင်နာလှသဖြင့် ယိယိမှာ အလုံးစုံစိတ်အေးသွားရပြီး သူမ အမူအ ရာမှာလည်း ပိုသဘာဝကျလာသည်။

"ဟုတ်ကဲ့၊ ကျွန်မလည်း အားကျင်းဆီက ဦးလေးအကြောင်း ခဏခဏကြားရပါတယ်၊ သူက ဦးလေးကို ဖခင်တစ်ယောက်အနေနဲ့ အမြဲအားကျနေပြီး ဦးလေးကို စံပြထားကာ ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်ကြိုး စားနေတာပါ"

ဖူဟန် သားဖြစ်သူအား တစ်ချက်ကြည့်လိုက်ရာ သူ့အပြုံးမှာ ပိုနက်ရှိုင်းသွားရသည်။

"သမီး ခဏထိုင်ဦး၊ အားကျင်း၊ သူ့ကို အဖော်လုပ်ပေး လိုက်ဦး၊ ငါ အပေါ်ထပ်တက်ပြီး ချင်ချင့်ကို သွားနှိုးလိုက်ဦးမယ်"

"ဟုတ်ကဲ့ပါ"

ဖူဟန် ပုံရိပ်ဓာတ်လှေကားထဲသို့ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ယိယိမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။

ဖူစစ်ကျင်း သူမအနားသို့ မည်သို့ ရောက်လာသည်မသိ။ သူမ သူ့အား အနည်းငယ ပုတ်လိုက်ပြီး "ရှင် ကျွန်မကို လန့်သေအောင် လုပ်တာပဲ! ဦးလေး မီးဖိုချောင်ထဲမှာ ရှိနေတာကို စောစောက ဘာလို့မပြောရတာလဲ"

"မေ့သွားလို့ပါ၊ ဒါပေမဲ့ ကြည့်ရတာ ငါ့အဖေ မင်းကို အတော်လေး သဘောကျပုံရတယ်"

သူသည် သူ့ဖခင်အကြောင်းအား ကောင်းကောင်းသိသည်။ အကယ်၍ တစ်စုံတစ်ယောက်မှာ သူ သဘောမတူသောသူ ဖြစ်ပါက သူ့ဖခင်မှာ တစ်ချက်ပင် လှည့်ကြည့်မည် မဟုတ်သလို၊ စကားလည်းပြောမည်မဟုတ်ဘဲ ယခုကဲ့သို့ ကြင်နာ ပြနေမည်မဟုတ်ပေ။

"ရှင် တကယ်ပဲ ရှင့်အဖေကို ကျွန်မအကြောင်းပြောပြခဲ့တာလား"

ယိယိ သံသယဖြင့် မေးလိုက်သည်။ ဖူစစ်ကျင်းသည် သူ့အချစ်ရေးကိစ္စများကို မိဘများနှင့်သေသေချာချာတိုင် ပင် တတ်သည့် လူစားမျိုးဟု သူမ မထင်ပေ။

အမှန်တကယ်တော့ ဖူစစ်ကျင်း ဘာမှမပြောခဲ့ပါ။

သူ့ဖခင်သည် သူ့ စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် ယိယိ တည်ရှိမှုအား သိရှိသွားခဲ့ခြင်းဖြစ်ရမည်။ သို့သော် ဖူစစ်ကျင်းသည် ဖူဟန် သူ့ရွေးချယ်မှုများကိုဝင်ရောက်စွက် ဖက်မည် မဟုတ်ကြောင်း သိထားသည်။ ထို့ကြောင့် သူ့ဖခင်သည် သူ့ရောဂါအကြောင်းစုံစမ်းနေရင်းမှ ယိယိ တည်ရှိမှုအား မတော်တဆ သိရှိသွားခဲ့ခြင်းသာ ဖြစ်ရပေမည်။

အမှန်စင်စစ် ယိယိသာ သူ့စိတ်ငြိမ်ဆေးအဖြစ် မရှိခဲ့လျှင် သူ ယခုကဲ့သို့ အခြေအနေအထိရောက်ရှိလာနိုင်မည် မဟုတ်ပေ။

All Chapters