← Chapters

အခန်း (၆၅)

Vol. 8 Ch. 65

အခန်း (၆၅)

Vol. 8 Ch. 65

🍼 Chapter 65

"ဟင်း... ဟဲ... ဟင်း... ဟဲ..."

ချင်ချင် ဆိုဖာပေါ်တွင် မှောက်လျက်သားဖြင့် ဖင်ကလေးကုန်းကာ တစ်ခုခုကို အသည်းအသန် လုပ်နေသည်။

နျန်ကောင်း ခေါင်းလေးစောင်းကာ သူမအား နားမလည်နိုင်စွာ ကြည့်နေမိသည်။

"ချင်ချင် ညီမလေး"

"အင်း..."

ဆိုဖာကြားထဲမှ ဗလုံးဗထွေး အသံလေး ပြန်ထွက်လာသည်။

"ဘာလုပ်နေတာလဲ"

"ကြွက်တွင်း ရှာနေတာ"

"ဘာလို့ ကြွက်တွင်း ရှာနေရတာလဲ"

ပြဿနာမှာ ဖူမိသားစုသည် အိမ်ကို နေ့တိုင်း အစက်အ ပြောက်မရှိအောင် သန့်ရှင်းရေး လုပ်ထားသဖြင့် ကြွက်ဆိုသည်မှာ ဘယ်ကမှ ပေါ်လာစရာ အကြောင်းမရှိပေ။

"ကာတွန်းထဲမှာ ပါတယ်လေ! ဆိုဖာနောက်မှာ ကြွက်တွင်း ရှိတတ်တယ်တဲ့၊ အဲ့ဒါကို ရှာတွေ့လို့ လက်နှိုက်ပြီး မွှေလိုက်ရင် ကြွက်ကလေးတွေ ဝှက်ထားတဲ့ မုန့်တွေကိုတောင် ရှာတွေ့နိုင်တယ်ဆိုပဲ!"

ဆိုဖာကြားထဲတွင် မျက်နှာအပ်ထားသဖြင့် အသက်ရှူကျပ်သွားမည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ချင်ချင့် အသံမှာ အနည်း ငယ် တိုးဝင်နေသည်။

"မရှာနဲ့တော့၊ ဆိုဖာထဲမှာ ကြွက်တွင်း မရှိပါဘူး"

နျန်ကောင်း ချင်ချင်၏ စိတ်ကူးယဉ်အိပ်မက်အား ရက်ရက်စက်စက် ဖြိုခွဲလိုက်သည့်အပြင် နောက်ထပ် ဒဏ်ရာတစ်ခုကိုပါ ထပ်တိုးလိုက်သေးသည်။

"နင် ခုတလော ဆိုးလို့ ဦးဦးဖူက မုန့်တွေ သိမ်းထားလိုက်တာ မဟုတ်လား"

"..."

ချင်ချင် ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောပေ။ သို့သော် သူ လေး၏ နှုတ်ဆိတ်နေမှုကပင် အဖြေဖြစ်နေသည်။

မနက်ပိုင်းတွင် ဖူစစ်ကျင်းနှင့် သူ့ရည်းစားရောက်လာပြီးနောက် ဖူဟန် အပေါ်ထပ်သို့ ခဏတက်သွားခဲ့သည်။ သူ အောက်ပြန်ဆင်းလာသောအခါ ကြမ်းပြင်ပေါ်တွင် ရေများ လွှမ်းနေပြီး ရွှေငါးတစ်ကောင်မှာ သူ့ဖိနပ်ရှေ့တွင် တဖျပ် ဖျပ်ခုန်နေသည်ကို တွေ့လိုက်ရသည်။

ကလေးထိန်း၏ရှင်းပြချက်အရ ချင်ချင်တစ်ယောက် ဆိုးနွဲ့ပြီး ငါးကန်အား ခွဲလိုက်ခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။

သူ အပေါ်ထပ်တက်သွားပြီးပြီးချင်းမှာပင် ချင်ချင် ဘာကြောင့်မှန်းမသိ ငါးကို ရုတ်တရက် ဖမ်းချင်စိတ်ပေါက်လာခဲ့သည်။

ကလေးမလေးသည် ကုလားထိုင်တစ်လုံးကို ငါးကန်နားသို့ တွန်းသွားကာ ငါးဖမ်းပိုက်လေးအား လှမ်းယူရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

သန့်ရှင်းရေးလုပ်နေသည့် ကလေးထိန်းမှာ ၎င်းအား မြင်သောအခါ ချင်ချင် ငါးကို သတ်မိမည်စိုးသဖြင့် တားဆီးရန် အမြန်လာခဲ့သည်။

သို့သော် ဇွတ်တရွတ်နိုင်လှသော ချင်ချင်မှာ နားမထောင်ဘဲ ကလေးထိန်း ကုလားထိုင်ပေါ်မှ မချနိုင်အောင် ရှောင်တိမ်းနေခဲ့သည်။

ကလေးထိန်းမှာ ချင်ချင် ပြုတ်ကျမည်စိုးသဖြင့် အားနှင့်မလုပ်ရဲဘဲ ဖြစ်နေစဉ် ချင်ချင် ငါးကန်အား မတော်တဆ တိုက်မိသွားရာ သူတို့နှစ်ဦး၏ ထိတ်လန့်နေသော အကြည့်များရှေ့မှာပင် ငါးကန်မှာ တစစီ ကွဲကြေသွားတော့သည်။

"ခလွမ်း!" ဆိုသည့် အသံအကျယ်ကြီးနှင့်အတူ ချင်ချင်သာမက ကလေးထိန်းပါ လန့်သွားခဲ့ရသည်။

ကွဲနေသော မှန်စများမှာ ရေများ၊ ငါးများနှင့်အတူကြမ်း ပြင်အနှံ့ ပျံ့ကြဲနေသည်မှာ မြင်မကောင်းလှပေ။ ချင်ချင်မှာ ထိုနေရာတွင်ပင် အော်ငိုတော့သည်။ ဖူဟန် အောက်ထပ်ဆင်းလာသောအခါ တွေ့လိုက်ရသည့် မြင်ကွင်းမှာ ဤကဲ့သို့ ရှုပ်ထွေးပွေလီနေခြင်းပင်။

သက်တော်စောင့်များအပါအဝင် အိမ်ရှိလူကုန်အမှိုက်သိမ်း ရန် ဝိုင်းကူကြရသည်။ ကံကောင်းစွာဖြင့် ငါးများကို အချိန် မီကယ်ဆယ်နိုင်ခဲ့သဖြင့် အားလုံးအသက်ရှင်ကြသော် လည်း သူတို့၏ သက်တောင့်သက်သာရှိသော ငါးကန်ကြီးမှာ မရှိတော့ဘဲ ဇလုံငယ်လေးများထဲတွင် ခဏတဖြုတ် နေနေကြရသည်။

ချင်ချင်မှာ အားရပါးရ အော်ငိုနေဆဲဖြစ်သော်လည်း ဖူဟန် အေးစက်စွာ လျစ်လျူရှုထားပြီး ငိုချင်သလောက် ငိုပါစေဟု ပစ်ထားလိုက်သည်။

ငိုရတာ မောသွားသောအခါ ဖူဟန် သူမအား လာမချော့ သည်ကို သတိပြုမိပြီး သူမ အကြီးအကျယ်အမှားလုပ်မိပြီမှန်း ချင်ချင် သိလိုက်ရသည်။

သူမ ခပ်တိုးတိုး နှစ်ချက်လောက် ငိုကြည့်လိုက်ပြီး ဖူဟန်အား ခိုးကြည့်သည်။ နောက်ထပ် နှစ်ချက်လောက် ထပ်ငိုကြည့်ပြီး ထပ်ကြည့်ပြန်သည်။

အကြိမ်ကြိမ် လုပ်ကြည့်သော်လည်း ဖူဟန်မှာ တောင်ကြီးတစ်လုံးလို မတုန်မလှုပ်ရှိနေသဖြင့် ချင်ချင် ဆက်မအောင့်နိုင်တော့ပေ။

သူမ ဆိုဖာတစ်ဖက်မှ အခြားတစ်ဖက်သို့ တရွတ်တိုက် လုယက်တွားသွားကာ ဖူဟန့်အင်္ကျီလက်အား ဖက်တီးလက်ကလေးဖြင့် ဆွဲပြီးသနားစရာကောင်းအောင် မေးလိုက်သည်။

"ဦးဦးက ဘာလို့ ချင်ချင့်ကို မချော့တာလဲ"

ဖူဟန် ချင်ချင့်အား နောက်ဆုံးတွင် ကြည့်လိုက်သည်။ ကလေးမလေး၏ မျက်လုံးများမှာ ငိုထားသဖြင့် နီရဲဖောင်းအစ်နေပြီး အလွန် သနားစရာကောင်းလှသည်။

သို့သော် ယခုအချိန်မှာ စိတ်ပျော့ရမည့်အချိန် မဟုတ်ပေ။ ဖူဟန် တည်ကြည်သော လေသံဖြင့် မေးလိုက်သည်။

"ချင်ချင်က ဦးဦးကို ပြန်ချော့သင့်တယ်လို့ မထင်ဘူးလား"

"မထင်ပါဘူး"

သူမကိုယ်တိုင်လည်း သူ့မှာ အမှားရှိသည်ကိုတော့ သိရှာ သည်။

"ဒါဆို ဦးဦးက ဘာလို့ ချင်ချင့်ကို ချော့ရမှာလဲ"

"ဒါပေမဲ့... ဒါပေမဲ့ အရင်က ချင်ချင်ငိုရင် ဦးဦးက အမြဲချော့တာပဲလေ"

ချင်ချင်မှာ ပြန်ပြီး ဝမ်းနည်းလာပြန်သည်။ သူမ၏ ကြည် လင်သော မျက်လုံးများထဲတွင် ဖူဟန် အရင်နှင့် ဘာကြောင့် မတူတော့သနည်းဟူသော ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။

ဖူဟန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူတို့ ချင်ချင့်အား အလိုလိုက်လွန်းခဲ့မှန်း သိလိုက်ရသော်လည်း ကံကောင်းသည်မှာ နောက်မကျသေးခြင်းပင်။

သူ လက်ဖဝါးကိုဖြန့်ကာ ချင်ချင့်အား လက်တင်ရန် အချက်ပြလိုက်သည်။ ချင်ချင် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် သူမ လက်ကလေးကို တင်လိုက်သည်။

ထိုစဉ်မှာပင် 'ဖြန်း' ကနဲ မြည်အောင် ရိုက်ခံလိုက်ရသည်။

နာကျင်မှုကြောင့် မဟုတ်ဘဲ သူမ အရိုက်ခံလိုက်ရသည့် အချက်ကြောင့်ပင် ချင်ချင်မှာ မယုံကြည်နိုင်သလိုမျက် လုံးအဝိုင်းသား ဖြစ်သွားသည်။

နောက်တစ်ခဏတွင် ဧည့်ခန်းတစ်ခုလုံး ဟိန်းထွက်သွားအောင် အော်ငိုသံကြီးနှင့်အတူ ဖူဟန်၏ရက်စက်သော ကြေညာချက် ထွက်ပေါ်လာတော့သည်။

"ငါးကန်အသစ်ဖိုးကို ချင်ချင့်မုန့်ဖိုးထဲကနေ နှုတ်မယ်၊ အကြွေးကျေမှပဲ မုန့်ပြန်စားရမယ်"

"မစားရဘူး... မလိုချင်ပါဘူး... ဝါးးးး..."

သို့သော် ချင်ချင် မည်မျှပင် အော်ငိုဆိုးနွဲ့ပါစေ ဖူဟန် အိမ်တွင် သိမ်းထားသော မုန့်အားလုံးယူပြီး အိမ်နီးနားချင်းများကို ရက်ရက်စက်စက်ပေးပစ်လိုက်တော့သည်။

ကလေးမလေးမှာ သူ့အချစ်ဆုံး မုန့်များ တစ်ညချင်း ပျောက်ကွယ်သွားသည်ကို လက်မဲ့ကြည့်နေရပြီး လောကကြီးတစ်ခုလုံး မီးခိုးရောင် ပြောင်းသွားသကဲ့သို့ အသည်း အသန် ခံစားလိုက်ရသည်။

ရှေးလူကြီးများ ပြောသလိုပင် မုန့်မရှိလျှင် ကိုယ့်ဘာသာကိုယ် ရှာရပေလိမ့်မည်။

ထိုနေ့ နေ့လယ်ပိုင်းတွင် နျန်ကောင်းသည် သူ့ဦးလေးနှင့်အတူ ဖူမိသားစုအိမ်သို့ ရောက်လာသောအခါ ချင်ချင်တစ်ယောက် ကြွက်တွင်းရှာရာတွင် အာရုံစိုက်နေသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။

သူ့ စိတ်ကူးယဉ်မှုများ ပျက်စီးသွားသောအခါ ချင်ချင် ဆိုဖာကြားမှ ခေါင်းကို ချက်ချင်းပြန်ထုတ်လိုက်ပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များ၊ နီမြန်းနေသော မျက်နှာလေးဖြင့် ကြောင်အမ်းအမ်း ထိုင်နေမိသည်။ သူလေး၏ သနားစရာပုံစံလေးအားမြင်သောအခါ နျန်ကောင်း သူ့မုန့်များကို ဝေမျှပေးချင်သော်လည်း မုန့်များ အိမ်မှာကျန်ခဲ့သဖြင့်မပါလာခဲ့ပေ။

ဒါ တကယ့်ကို နေရခက်စရာပင်။

"ချင်ချင် ဘာလုပ်လိုက်လို့ ဦးဦးဖူက ဒီလောက်အထိ အပြစ်ပေးရတာလဲ"

ဖူဟန် ချင်ချင့်အား မည်မျှအလိုလိုက်သည်ကို လူတိုင်း မြင်နိုင်သည်။ အမှန်အတိုင်းပြောရလျှင် သူ့ ပြင်းထန်သော အပြစ်ပေးမှုမှာ အံ့သြစရာဖြစ်ပြီး ချင်ချင် ဘာများ အကြီး အကျယ် မှားခဲ့သလဲဟု တွေးတောစရာ ဖြစ်လာရသည်။

"ချင်ချင်က..."

ချင်ချင် အပြစ်ရှိသလို တိုးတိုးလေးပြောလိုက်သည်။

"ငါးကန်ကို တိုက်မိပြီး ခွဲလိုက်လို့ပါ"

"ငါးကန် ကွဲသွားတာလား"

နျန်ကောင်း အံ့သြတကြီးမေးလိုက်သည်။

"ကွဲသွားပြီ"

ချင်ချင် ခေါင်းငုံ့ကာ လက်ကလေးနှစ်ဖက်ကို ဂဏာမငြိမ် ဆော့နေမိသည်။

"ရေတွေရော ငါးတွေရော အကုန်ထွက်သွားတာလား"

နျန်ကောင်း မျက်နှာမှာတည်သွားသည်။

"အင်း"

ချင်ချင် ခေါင်းညိတ်ပြသည်။

"နင် အမှားလုပ်မိတာပဲ၊ အပြစ်ပေးခံရတာ တန်ပါတယ်"

နျန်ကောင်း ချင်ချင်အပြစ်ပေးခံရသည်မှာ သင့်တော်သည်ဟု ယူဆလိုက်ပြီး ဖူဟန်၏စေတနာကောင်းကို နားလည်သွားသည်။

"ဒါပေမဲ့... ဒါပေမဲ့ ဦးဦးက ချင်ချင့်ကိုရိုက်လည်း ရိုက်ပြီးပြီလေ၊ ဘာလို့ မုန့်တွေကိုပါ သိမ်းပြီးအပြစ်ပေးရတာလဲ"

ချင်ချင် နှုတ်ခမ်းလေးစူကာ မကျေမနပ် ပြောလိုက်သည်။

"ချင်ချင်လေး"

နျန်ကောင်း ချင်ချင့်အား အလေးအနက်ကြည့်လိုက်သည်။

"နင် ငါးလေးတွေနဲ့ ဆော့ရင်း သူတို့ကို သေအောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ? ခဏလေး ရိုက်ခံရတာက နာပေမဲ့ ခဏနေရင် ပျောက်သွားတာပဲ၊ မုန့်ဆိုတာလည်း ပြန်ဝယ်လို့ရတယ်၊ ဒါပေမဲ့ ငါးလေးတွေ သေသွားရင်တော့ တကယ် သေသွားမှာလေ"

ဒါတင်မက သူမ ငါးကန်တစ်ခုလုံး ခွဲလိုက်ခြင်းဖြစ်သည်။ လူကြီးတွေသာ အချိန်မီ မကယ်ရင် ရေထဲကထွက်နေတဲ့ ငါးလေးတွေ အကုန်သေကုန်မည်သာ။

ချင်ချင်မှာ ခေတ္တမျှကြောင်သွားပြီးမှ သူမ အမှားအား ရုတ်တရက် သဘောပေါက်သွားသည်။

အသက်ရှိတဲ့ အရာတွေကို သတ်မိတာ၊ ငါးလေးအချို့ပဲ ဖြစ်ပါစေဦး၊ ကလေးတစ်ယောက်အတွက်တော့ ဒါဟာ အလွန်ရက်စက်သည့် အရာတစ်ခုပင်။

"ချင်ချင်... ချင်ချင် တောင်းပန်ပါတယ်"

သူမ မျက်ရည်များကို သုတ်လိုက်ပြီး ဤတစ်ကြိမ်တွင်တော့ သူမ အမှားအတွက် အမှန်တကယ် နောင်တရသွားရှာသည်။

"နင် ငါ့ကို တောင်းပန်စရာမလိုပါဘူး၊ ငါးလေးတွေကို သွားတောင်းပန်ရမှာ၊ နင် ကြောက်ရင် ငါ အဖော်လိုက်ပေးမယ်"

နျန်ကောင်း ထရပ်လိုက်ပြီး လက်ကလေးကမ်းပေးလိုက်သည်။ ချင်ချင် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ထိုလက်အား ဆုပ်ကိုင်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူမ အရိုက်မခံရဘဲ မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းခံရကာ ရွှေငါးဇလုံလေးရှိရာသို့ ဦးဆောင်ခေါ်သွားခြင်းခံလိုက်ရသည်။

"ငါးလေးတို့ရေ၊ ချင်ချင်က နင်တို့အိမ်ကို တမင်ခွဲလိုက်တာ မဟုတ်ပါဘူး၊ သူက သူ့ မုန့်တွေနဲ့ မင်းတို့အတွက် အိမ်အသစ်ဝယ်ပေးလိုက်ပြီနော်၊ မင်းတို့ သူ့ကို ခွင့်လွှတ်ပေးကြပါ"

"တောင်းပန်ပါတယ်၊ ချင်ချင် မှားသွားပါတယ်၊ ငါးလေးတို့... ငါးလေးတို့ရေ၊ ချင်ချင်ကို ခွင့်လွှတ်ပေးကြပါနော်၊ ဟုတ်ပြီလား"

ချင်ချင့် လက်ကလေးမှာ ရေဇလုံအနားတွင် ရှိနေသည်။ ငါးများမှာ သူမ တောင်းပန်စကားကို ကြားသွား၍လားမသိ၊ ရွှေငါးလေးတစ်ကောင်ကူးလာပြီး သူမ လက်ချောင်းထိပ်လေးကို ညင်သာစွာ ထိလိုက်သည်။

"ကိုကိုနျန်ကောင်း၊ ငါးလေးက ချင်ချင့်ကို လာထိတယ်! သူ ချင်ချင့်ကို ခွင့်လွှတ်လိုက်တာလားဟင်"

ချင်ချင် နျန်ကောင်းဘက်သို့လှည့်ကာ မျက်နှာလေး ဝင်းပလျက် မေးလိုက်သည်။

နျန်ကောင်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

"ဒါပေါ့! ချင်ချင် ငါးလေးတွေကို ဘာပြောချင်သေးလဲ"

"ကျေးဇူးတင်ပါတယ် ငါးလေးတို့ရေ"

ချင်ချင် လိမ်မာစွာ ပြောလိုက်သည်။

ကလေးများမှာ တစ်ခါတစ်ရံ လူကြီးများသင်ပေးစရာမလိုဘဲ သူတို့ဘာသာသူတို့ သင်ယူတတ်မြောက်သွားတတ်ကြသည်။

"အခုတော့ စိတ်အေးသွားပြီလား"

ပိုင်ချီယွီ နံရံကို မှီရပ်ရင်း ဓာတ်လှေကားထဲမှ ထွက်လာသော ဖူဟန်အား စကားလှမ်းပြောလိုက်သည်။

"ချင်ချင်က ကလေးကောင်းလေးပါ"

ဖူဟန် အိတ်ထဲမှ သကြားလုံးတစ်လုံး ထုတ်ကာ ကြမ်းပြင်ပေါ်သို့ အမှတ်မထင် ပစ်ချလိုက်သည်။

"သွားရအောင်၊ ဒီအိမ်ထဲမှာ တစ်ယောက်ယောက်က တိတ် တဆိတ် စောင့်ကြည့်ကင်မရာတွေ လာတပ်ထားသလားဆိုတာကို စစ်ပေးဖို့ပြောထားတယ် မဟုတ်လား? တတိယထပ်တော့ စစ်ပြီးပြီ၊ ပထမထပ်နဲ့ ဒုတိယထပ်ကိုတော့ စစ်ဖို့ ကျန်သေးတယ်"

သူတို့နှစ်ဦးမှာ ဒုတိယထပ်မှ စတင်ကာ ဆက်လက်ရှာဖွေရန် ဓာတ်လှေကားထဲသို့ ပြန်ဝင်သွားကြသည်။

ဓာတ်လှေကားတံခါးမှာ ဖြည်းဖြည်းချင်း ပိတ်သွားသော် လည်း အပြင်ဘက်မှ ချင်ချင်၏စိတ်လှုပ်ရှားစွာ အော်ဟစ်သံလေးကိုကြားနေရဆဲပင်။

"ကိုကိုနျန်ကောင်း ကြည့်ဦး! ချင်ချင် သကြားလုံးတစ်လုံး ရှာတွေ့တယ်!"

ပိုင်ချီယွီ ခပ်တိုးတိုး ရယ်လိုက်သည်။

"ဟဲဟဲ... ကလေးတွေရဲ့ ပျော်ရွှင်မှုပဲ"

"ချင်ချင့်ကို အခွင့်အရေးရရင် ကျန်းမာရေးစစ်ဆေးမှု တစ်ခုလုံးပြန်လုပ်ပေးချင်တယ်"

ဖူဟန့်မျက်လုံးများမှာ အနည်းငယ် တည်ကြည်နေသည်။

"ဘာလို့လဲ ? ချင်ချင့် ကျန်းမာရေးမှာ တစ်ခုခု ချို့ယွင်းနေလို့လား"

ပိုင်ချီယွီ မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့အကြောက်ဆုံးအရာက တကယ်ပဲ ဖြစ်လာတာလား?

သူမ ရုတ်တရက် ခန္ဓာကိုယ် သေးငယ်သွားတာက ချင်ချင့်ကျန်းမာရေးကို နောက်ဆုံးမှာ ထိခိုက်စေခဲ့တာလား?

သူ လက်ချောင်းများကို အလိုလို ပွတ်သပ်နေမိသည်။

"ငါ သတိထားမိတာကတော့ ချင်ချင် အရပ်ရှည်မလာသလိုပဲ"

ဒါမှမဟုတ် ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ သူမက ကြီးထွားလာတဲ့ အရိပ်အယောင် လုံးဝမပြတာ။

အရင်ကတော့ နေ့တိုင်းမြင်နေရတော့ သိပ်သတိမထားမိပေမဲ့ အခု ချင်ချင်နဲ့ နျန်ကောင်းကို အတူတူ တွေ့လိုက်ရတဲ့အခါ သူတို့ကြားက အရပ်ကွာခြားချက်က အရမ်းကြီး မားသွားတာကို သူ ရုတ်တရက် သဘောပေါက်သွားခြင်း ဖြစ်သည်။

ချင်ချင်နဲ့ နျန်ကောင်းက အသက် နှစ်နှစ်ပဲ ကွာတာ၊ လွန်ခဲ့တဲ့ ခြောက်လက ချင်ချင်ရဲ့အရပ်က နျန်ကောင်းရဲ့ နားရွက်လောက်အထိ ရှိပေမဲ့ အခုတော့ နျန်ကောင်းရဲ့ပုခုံးလောက်အထိပဲ ရှိတော့တယ်!

နျန်ကောင်းမှာ တောက်လျှောက်ကြီးထွားနေပြီး ချင်ချင်ကမူ အချိန်တွေရပ်တန့်နေသလိုမျိုး တန့်နေခဲ့ခြင်းပင်။

၎င်းမှာ ချင်ချင် ဖွံ့ဖြိုးမှုနှေးတာပါဆိုတဲ့ အကြောင်းပြချက်နဲ့တင် ဖြေရှင်းလို့မရနိုင်တော့ပေ။

ဖူဟန် ရှင်းပြချက်အား ကြားပြီးနောက် ပိုင်ချီယွီလည်း အလေးအနက် မစဉ်းစားဘဲ မနေနိုင်တော့ပေ။

"မင်း ငါ့ကို ယုံရင် ချင်ချင့်အတွက် ဆရာဝန်တစ်ယောက် ငါ ဆက်သွယ်ပေးမယ်"

ဖူမိသားစုကို နောက်ကွယ်မှ တိတ်တဆိတ်စောင့်ကြည့်နေသည့် အခြေအနေမှာ ယခုဆိုလျှင် အလွန်ပင် စိုးရိမ်စရာကောင်းလောက်အောင် နီးကပ်လာခဲ့ပြီဖြစ်သည်။ ယနေ့တွင် ဖူစစ်ကျင်း သူ့ရည်းစားနှင့်အတူ အပြင်သို့ ထွက်သွားပြီးနောက် ဖူဟန်ထံသို့ ဖုန်းပြန်ဆက်လာခဲ့သည်။ သူ့ ဆေးမှတ်တမ်းများ မသမာသောနည်းလမ်းဖြင့် ပေါက်ကြားသွားခဲ့ကြောင်းကိုလည်း အသိပေးလာသည်။

သူ့သားလေသံကို နားထောင်ကြည့်ခြင်းအားဖြင့် ဤဖြစ် ရပ်မှာ ဖူစစ်ကျင်းအပေါ် ထိခိုက်နစ်နာမှု ကြီးကြီးမားမားမရှိနိုင်ကြောင်း သိသာသော်လည်း၊ ဖူဟန်အတွက်မူ သတိ ပြုစရာ ဖြစ်လာခဲ့သည်။ ဖူမိသားစုဟူသော ခိုင်မာသည့် အသိုက်အဝန်းထဲသို့ တစ်စုံတစ်ယောက်မှ ပျားအုံကို တုတ်နှင့်ထိုးသည့်နှယ် ကျူးကျော်ဝင်ရောက်ရန်ကြိုးပမ်းနေပြီဖြစ်ကြောင်း သူ ကောင်းကောင်း သဘောပေါက်လိုက်လေပြီ။

ထိုကျူးကျော်နှောင့်ယှက်မှုမှည စီးပွားရေးဆိုင်ရာ အကျိုး အမြတ်အတွက် မဟုတ်သည်မှာ ထင်ရှားလှသည်။

ဖူဟန်သည် သူ့ကုမ္ပဏီအား လက်ဆုပ်လက်ကိုင် ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားနိုင်သူဖြစ်သဖြင့် ထိုပြိုင်ဘက်အနေနှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်နှောင့်ယှက်ရန်မှာ မဖြစ်နိုင်သလောက် ခဲယဉ်းလှသည်ကို သိနေပုံရသည်။

ထို့ကြောင့်ပင် တစ်ဖက်လူသည် နည်းဗျူဟာပြောင်းလဲကာ ဖူမိသားစု၏ပုဂ္ဂိုလ်ရေးရာများကို အသေးစိတ်စောင့်ကြည့်ပြီး အတွင်းပိုင်းမှစ၍ ဖြိုခွဲရန်ကြံစည်နေခြင်းပင်။

သို့သော် ပိုသေချာစွာ ဆန်းစစ်ကြည့်လျှင် ထိုသူ၏ အဓိက ဦးတည်ချက်မှာ ဖူမိသားစုတစ်ခုလုံးမဟုတ်ဘဲ အစက တည်းက ကူးချင်ချင်ကိုသာ ပထမဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်နေတော့သည်။

"ချင်ချင် ဘယ်သူ့ကို သွားပြစ်မှားမိတာလဲ? မင်း တကယ်ပဲ ဘာမှ မတွေ့ဘူးလား"

ပိုင်ချီယွီ အမှန်တရားကို သိလိုစိတ်ဖြင့် ဖူဟန်အား စစ်မေးသကဲ့သို့ ဒဲ့မေးမြန်းလိုက်သည်။

သူတို့ လက်ရှိ နားလည်ထားသည့် အခြေအနေအရထိုလျှို့ဝှက်လူ ချင်ချင့်အားပစ်မှတ်ထားကာ တိုက်ခိုက်နေခြင်းမှာ ဖူမိသားစု၏သခင်မနေရာကို အတင်းအဓမ္မ လုယူရန် ကြိုးပမ်းနေခြင်းသာဖြစ်ရမည်။

"ငါ လူအချို့ကိုတော့ သံသယရှိလို့ စောင့်ကြည့်ထားတယ်၊ ဒါပေမဲ့ အခုထိတော့ အတိအကျပြောဖို့စောနေသေးတယ်"

တစ်စုံတစ်ယောက်က ချင်ချင့်အား အချိန်အတော်ကြာအောင် နောက်ကွယ်မှ ခြိမ်းခြောက်နေခဲ့သည်ကို သိရှိသွားသည့် အချိန်မှစ၍ ဖူဟန် စုံစမ်းစစ်ဆေးမှုများကို မရပ်မနား ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်။

သူ့ကြိုးပမ်းမှုကြောင့် သဲလွန်စအချို့နှင့် အောင်မြင်မှုအချို့ ရရှိထားသော်လည်း၊ နောက်ကွယ်မှ ကြိုးကိုင်နေသည့် တကယ့်တရားခံအစစ်အမှန်ကိုမူ ယခုတိုင် အတိအ ကျဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

All Chapters