အခန်း (၆၆)
Vol. 8 Ch. 66
🍼 Chapter 66
ပိုင်ချီယွီသည် ဖူဟန်အား ဖူမိသားစုအိမ်အတွင်း မြောက် မြားလှစွာသော ထောင့်ပေါင်းစုံကို သေချာစွာ ရှာဖွေပေးခဲ့ပြီးနောက် နေရာအနှံ့တွင် ဝှက်ထားသော စောင့်ကြည့်ကင်မရာ အချို့ အမှန်တကယ်ပင် ရှာဖွေတွေ့ရှိခဲ့သည်။
စားပွဲပေါ်တွင် တင်ထားသည့် ကင်မရာငါးလုံးအား ကြည့်ရင်း ဖူဟန် စိတ်အေးသွားသည့် လက္ခဏာဖြင့် သက်ပြင်းတစ်ချက် ခပ်တိုးတိုး ချလိုက်မိသည်။
"ငါ ထင်ထားတာထက်တော့ နည်းနေသေးတာပဲ"
အစပိုင်းတွင် သူသည် ဖူမိသားစုအိမ်အတွင်း၌ ကျူးကျော်ဝင်ရောက်မှုများ အနှံ့အပြား ရှိနေလိမ့်မည်ဟု ထင်ထားသော်လည်း ကံကောင်းထောက်မစွာဖြင့် ကင်မရာငါးလုံးသာ တပ်ဆင်ထားသည်ကို တွေ့ရသည်။
ထို့အပြင် ကင်မရာအများစုမှာ ဧည့်ခန်းကဲ့သို့ လူမြင်သာသော နေရာများတွင်သာ ရှိပြီး အိပ်ခန်းနှင့် စာကြည့်ခန်းကဲ့သို့ အမှန်တကယ် အရေးကြီးသော အခန်းများတွင်မူ ဘာမှမရှိပေ။
"ကြည့်ရတာ ဟိုဘက်ကလူက ငါတို့ ထင်သလောက်ကြီးတော့ 'အစွမ်းထက်' တဲ့သူ မဟုတ်ပုံပဲ"
သူ လှောင်ပြောင်သရော်သော လေသံဖြင့် ပြောလိုက်သည်။
ဤစောင့်ကြည့်ကင်မရာများမှာ စျေးကွက်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော အဆင့်မြင့် အမျိုးအစားများသာ ဖြစ်ပြီး ငွေအနည်းငယ် ပိုပေးရုံဖြင့် ဝယ်ယူနိုင်သည့် ပစ္စည်းများ ဖြစ်သည်။
၎င်းမှာ ရန်သူသည် သာမန်လူတစ်ဦးသာ ဖြစ်ပြီး သူတို့ ထင်ထားသကဲ့သို့ အလွန်အမင်း အင်အားတောင့်တင်းသူ မဟုတ်ကြောင်းကို အတိအကျ သက်သေပြနေသည်။
ထိုသတင်းမှာ အချိန်အတော်ကြာ စိုးရိမ်ထိတ်လန့်နေခဲ့သော ဖူဟန်နှင့် ပိုင်ချီယွီတို့အတွက် စိတ်သက်သာရာ ရစေသည်မှာ ငြင်းမရပေ။
သို့သော် သူတို့ အလွယ်တကူနှင့်တော့ စိတ်မချနိုင်ကြသေးချေ။ သူတို့၏ ပြိုင်ဘက်မှာ ပုန်းလျှိုးကွယ်လျှိုးလုပ်ရာ တွင် အလွန် ကျွမ်းကျင်လွန်းလှပြီး ယခုအချိန်အထိ လက်ဖမ်းမမိနိုင်သေးသောကြောင့် ဖြစ်သည်။
၎င်းမှာ စိတ်မအေးစရာပင်။
"မင်း သံသယရှိထားတဲ့ လူစာရင်းက ဘယ်သူတွေလဲ"
သဲလွန်စမရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် လိုက်ရှာနေတာထက် သံသယရှိသူ အရေအတွက်ကို လျှော့ချနိုင်ခြင်းမှာ ပို၍ ကောင်းမွန်သည်။
ဖူဟန် လှည့်လိုက်ပြီး သော့ခတ်ထားသော မီးခံသေတ္တာထဲမှ စာရွက်စာတမ်းအချို့ ထုတ်ယူကာ ပိုင်ချီယွီထံကမ်းပေးလိုက်သည်။
"အားလုံး ဒီထဲမှာ ရှိတယ်"
ပိုင်ချီယွီ စာရွက်များကို ယူကြည့်လိုက်ရာ သူ့မျက်ဝန်းများမှာ အနည်းငယ် ကျုံ့သွားတော့သည်။
သူ့မျက်စိထဲသို့ ပထမဆုံး ဝင်လာသော အမည်မှာ ဟန်ဝေ့လန်ပင်။
"ကိုကိုနျန်ကောင်း၊ ကျွန်မတို့ တူတူ တူတူပုန်းတမ်း ကစားကြမလား"
ချင်ချင် တက်ကြွစွာ အကြံပေးလိုက်သည်။
"ကောင်းတာပေါ့၊ ဒါပေမဲ့ ငါတို့ နှစ်ယောက်တည်းဆိုတော့ ဘယ်လို ကစားမှာလဲ? တူတူပုန်းတမ်းက လူများမှ ပိုပျော်စရာကောင်းတာလေ"
"ဒါဆို ဦးဦးအားတနဲ့ အားပုဦးဦးတို့ကိုပါ ခေါ်ပြီး ကစားကြမယ်လေ"
ချင်ချင် သူ့သက်တော်စောင့် နှစ်ဦးအား ပစ်မှတ်ထားလိုက်သည်။
ယခင်က ရဲများဖြင့် အစားထိုးခြင်းခံခဲ့ရသော ထိုသက် တော်စောင့် နှစ်ဦးမှာ ယခုအခါမူလနေရာများသို့ ပြန်လည် ရောက်ရှိလာပြီး ချင်ချင့်ကိုယ်ရံတော်များအဖြစ် တာဝန်ဆက်လက်ထမ်းဆောင်နေကြသည်။
ချင်ချင် သူတို့နှင့် အချိန်အတော်ကြာ အတူရှိခဲ့သဖြင့် သူတို့ကြားမှ ပတ်သက်မှုမှာလည်း သဘာဝကျကျပိုမို ရင်းနှီးလာခဲ့သည်။
ယခုအခါ ကစားဖော်ရှာသည့်အခါတွင်ပင် သူ ပထမဆုံး သတိရမိသောလူများမှာ ၎င်းတို့ ဖြစ်နေကြသည်။
အားတနှင့် အားပုတို့မှာ အိမ်ရှေ့စံသခင်မလေးနှင့် ကစားရန် ဝန်လေးနေကြသည်။ သူတို့မှာ သက်တော်စောင့်များ ဖြစ်ကြပြီး ကလေးထိန်းများမဟုတ်ပေ။
သို့သော် ကလေးမလေးမှာ လက်ကလေးနှစ်ဖက်ကို ပွတ်သပ်ပြီး မျက်မှောင်လေးကြုတ်ကာ "ကူညီပါ... ကူညီပါနော်" ဟု ချွဲနွဲ့ပြီး ပြောဆိုလာသည့်အခါတွင်တော့ မည်သူမျှ သူလေးဆွဲဆောင်မှုအား မတွန်းလှန်နိုင်ကြတော့ပေ။
ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်မာသော ကာကွယ်စောင့် ရှောက်သူများဟု ယူဆထားသော သက်တော်စောင့် နှစ်ဦးမှာ ချက်ချင်းပင် လက်နက်ချလိုက်ကြတော့သည်။
ကစားနည်းမှာ လက်ချင်းဆင့် ကစားရခြင်းဖြစ်ပြီး လူနည်းသည့်ဘက်မှ နိုင်ကာထွက်သွားခွင့်ရသည်။ နောက် ဆုံး လူနှစ်ယောက်သာ ကျန်သည့်အထိ ကစားကြရသည်။ ထို့နောက် ထိုနှစ်ယောက်မှ ခြင်္သေ့ လက်ဖဝါး (စုံ၊ မ) ကစားကြပြီး သုံးချီတွင် နှစ်ချီနိုင်သူက အနိုင်ရသည်။ ရှုံးသောသူမှာ ပထမအချီအတွက် "လိုက်ရှာသူ" ဖြစ်ရပြီး ကျန်သောသူများက စက္ကန့်သုံးဆယ်အတွင်း ပုန်းရန် နေရာရှာရမည် ဖြစ်သည်။
ဟုတ်ပါတယ်၊ ရှုံးတဲ့သူက "သူလေး" ပါပဲ။
ထိုနေရာရှိ တစ်ဦးတည်းသော မိန်းကလေးဖြစ်သူ ချင်ချင်သည် ပထမအချီတွင်အမျိုးသားများ၏စုပေါင်းတိုက်ခိုက် မှုကြောင့် ရှုံးနိမ့်ခဲ့ရပြီး ဒုတိယအချီတွင်တော့ သူလေး၏ ထူးဆန်းသောကံဆိုးမှုကြောင့် လုံးဝရှုံးနိမ့်သွားတော့သည်။
ချင်ချင်နှင့် ခြင်္သေ့လက်ဖဝါး ကစားဖူးသူတိုင်း သူမ အမြဲတမ်း ရှုံးတတ်သည်ကို သိကြသည်။
ပြိုင်ဘက်မှာ မည်သူဖြစ်စေ၊ သူမ ဘာကိုပဲ ထုတ်ပြသည်ဖြစ်စေ၊ ချင်ချင် မွေးဖွားလာကတည်းက ခြင်္သေ့လက်ဖဝါး ကစားရာတွင် ရရှိဖူးသမျှ အကောင်းဆုံး ရလဒ်မှာ သရေကျခြင်းသာ။
၎င်းမှာ တကယ့်ကို သနားစရာပင်။
"ကိုကိုတို့ သေသေချာချာ ပုန်းကြနော်"
ချင်ချင် ဆိုဖာပေါ်တွင် မှောက်လျက် ဖင်ကလေးကုန်းကာ အလေးအနက် ရေတွက်နေသည်။
"၁၊ ၂၊ ၃... ၁၆၊ ၁၉..."
"ချင်ချင်၊ ကျော်မရေနဲ့လေ"
ဘေးမှ နျန်ကောင်းမှာ အလေးအနက် ပြင်ပေးလိုက်သည်။
"ဒါပေမဲ့ ၁၆ နဲ့ ၁၉ ကြားမှာ ဘာရှိလဲမှ မသိတာ!"
ချင်ချင် ဝမ်းနည်းစွာဖြင့်ပြန်ပြောလိုက်သည်။ သူ တကယ် မသိသဖြင့် ပြောမိခြင်းဖြစ်ပြီး တမင်တကာနံပါတ်များ ကျော်ရေတွက်ခြင်း မဟုတ်ပေ။
"၁၇ နဲ့ ၁၈ လေ"
နျန်ကောင်း အော်ဟစ်ရှင်းပြလိုက်ရာ ချင်ချင့်အတွက် စိုးရိမ်လွန်းသဖြင့် မိမိကိုယ်ကိုယ် ဖော်ပြမိသွားမှန်းပင် မသိလိုက်ပေ။
"ဘာလို့ ၁၇ နဲ့ ၁၈ က ကြားထဲမှာ ညှပ်နေရတာလဲ ? ၁၆ နဲ့ ၁၉ က ကြည့်ရတာ အတူတူပဲကို၊ သူတို့က မိသားစုတွေလေ!"
ချင်ချင် ဆန့်ကျင်ကန့်ကွက်လိုက်သည်။
"ငါလည်း မသိဘူး၊ ဆရာမက အဲ့လို သင်ပေးတာပဲ၊ အဲ့အတိုင်းပဲ ရေလိုက်ပါ"
နျန်ကောင်း စိုးရိမ်တကြီး မျက်နှာလေး နီရဲလျက်ပြောလိုက်သည်။
"အင်းလေ... ဒါဆိုလည်း ပြီးတာပဲ"
ချင်ချင် နျန်ကောင်း ပြောသည်ကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ သူမ ဆက်ရေတွက်လိုက်သည်မှာ "၁၆၊ ၁၇၊ ၁၈..."
မူကြိုကလေး နှစ်ဦးငြင်းခုံနေသည်ကို ကြည့်နေရသော အားတနှင့် အားပုတို့မှာ ဆွံ့အသွားကြရသည်။ သူတို့ ရယ်ချင်သော်လည်း အောင့်ထားကြရသည်။ မဟုတ်ပါက သူတို့ ရှိနေသည့်နေရာ ပေါ်သွားပေလိမ့်မည်။
ဖြတ်သွားသော ကလေးထိန်းမှာ ၎င်းအား ဂရုမစိုက်ပေ။ သူမ ကြမ်းတိုက်တံကိုကိုင်ကာ ပြုံးလျက် လျှောက်လာပြီး ၂၇ နှင့် ၂၈ ကြားတွင် တစ်နေသော ချင်ချင့်အား စေတနာဖြင့် သတိပေးလိုက်သည်။
"၂၆ ပြီးရင် ၂၇ လာတာပေါ့ သမီးလေးရဲ့၊ သမီး ၁၇ ကို ရေတွက်သလိုမျိုး ရေလိုက်၊ ပြီးရင် ရှေ့က ၁၀ ကို ၂၀ လို့ ပြောင်းလိုက်ရုံပဲ"
ချင်ချင် ချက်ချင်း သဘောပေါက်သွားပြီး စတင် ရေတွက်တော့သည်။ သူမ အကြိမ် ၃၀ အထိ အမြန် ရေတွက်ပြီးသွားသည်။ သူမ ကိုယ်လုံးလေးကိုမကာ နျန်ကောင်း ပုန်းနေသည့် နေရာဆီသို့ တန်းတန်းမတ်မတ်ပြေးသွားတော့ သည်။
ချင်ချင်သည် နျန်ကောင်း သူရှိနေသည့် နေရာအားပြောမိသွားသည်ကို ကြားလိုက်ရခြင်း ဖြစ်သည်။
"မိပြီ! ကိုကိုနျန်ကောင်း ဒီမှာ ရှိနေတာပဲ!"
ချင်ချင် သူ့အား ရှာတွေ့သွားသည့် အခါမှသာ နျန်ကောင်းသည် သူ့အမှားကိုသတိရကာ စိတ်ပျက်သွားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
နောက်တစ်လှည့်တွင် နျန်ကောင်း လိုက်ရှာရမည့် အလှည့် ရောက်လာသည်။ ချင်ချင်မှာ ပုန်းရန်နေရာကို အသည်းအ သန် ရှာဖွေတော့သည်။
သူတို့ သတ်မှတ်ထားသော တူတူပုန်းတမ်း ကစားကွင်းမှာ ဧည့်ခန်းအတွင်း၌သာ ဖြစ်သည်။ ဖူမိသားစု၏ ဧည့်ခန်းမှာ အမှန်တကယ် ကျယ်ဝန်းသော်လည်း ပရိဘောဂများမှာ အကြီးစားများ ဖြစ်သဖြင့် ဟာလာဟင်းလင်း ဖြစ်နေသည်။ ကောင်းမွန်သော ပုန်းကွယ်ရာနေရာကို ရှာဖွေရန် မလွယ်ကူပေ။
ချင်ချင် ဟိုဟိုဒီဒီ လျှောက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် စားပွဲခင်း အုပ်ထားသော လက်ဖက်ရည်စားပွဲအား ပစ်မှတ်ထားလိုက်သည်။ သူမ စားပွဲခင်းကို မကာ အထဲသို့ လျှိုဝင်လိုက်ရာ သူမ၏ ကိုယ်လုံးလေးမှာ ကွက်တိပင် ပုန်းကွယ်သွားတော့သည်။ ဒူးလေးနှစ်ဖက်အား ပွေ့ဖက်ကာ အာရုံစိုက်လျက် အပြင်ဘက်မှ အသံများကို တိတ်တ ဆိတ် နားစွင့်နေမိသည်။
နျန်ကောင်း အကြိမ် ၃၀ အထိ အမြန် ရေတွက်ပြီးနောက် တစ်ယောက်ချင်းစီ စတင် ရှာဖွေတော့သည်။ သူ ပထမဆုံး တံခါးနောက်တွင် ပုန်းနေသော အားပုကို ရှာတွေ့ပြီးနောက် ဆိုဖာနောက်တွင် ပုန်းနေသော အားတကို ရှာတွေ့ခဲ့သော်လည်း ချင်ချင့်ကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့ပေ။
"ချင်ချင်၊ နင် ဘယ်မှာလဲ"
နေရာအနှံ့ ရှာဖွေပြီးနောက် ရှာမတွေ့တော့သဖြင့် နျန်ကောင်းမှာ အားရပါးရ အော်ဟစ်လိုက်ရတော့သည်။
"ဒီမှာ ရှိတယ်! ဟားဟားဟား..."
ချင်ချင် စားပွဲအောက်မှ ဂုဏ်ယူစွာဖြင့် တွားထွက်လာပြီး သူမ ပုန်းနေသည့်နေရာကို အကျယ်ကြီးကြေညာလိုက်သည်။
"နောက်တစ်ယောက် ဘယ်သူ လိုက်ရှာမှာလဲ"
"ဦးဦးအားပု!"
ထိုအဖွဲ့လေးမှာ ဤကလေးကစားနည်းကို နေ့လယ်ခင်း တစ်ခုလုံး ကစားနေကြပြီး ဧည့်ခန်းရှိ ဖြစ်နိုင်သမျှ နေရာတိုင်းတွင် ပုန်းကွယ်နေကြသည်။
နောက်ဆုံးတွင် သူတို့ ဧည့်ခန်းအတွင်း၌သာ ကစားရခြင်းကို အားမရတော့ဘဲ အိမ်ကြီးတစ်အိမ်လုံး စစ်မြေပြင်အဖြစ် ပြောင်းလဲကာ ရူးရူးမူးမူး ကစားကြတော့သည်။ ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အခန်းများကို သော့ခတ်ထားသဖြင့်သာ၊ မဟုတ်ပါက ချင်ချင်မှာ နောက်ထပ် တစ်ချီအရိုက်ခံရပေလိမ့်မည်။ ဤတစ်ကြိမ်တွင် ချင်ချင် လိုက်ရှာရမည့် အလှည့် ဖြစ်သည်။
ရေတွက်ပြီးနောက် သူမ ခြေတိုလေးများဖြင့် အပေါ်ထပ်သို့ တက်လာခဲ့သည်။ ဟဲဟဲ... ချင်ချင် ခုနက တစ်ယောက် ယောက် ဓာတ်လှေကားစီးပြီး အပေါ်တက်သွားတာကြား လိုက်သည်။ သူမ တတိယထပ်မှ စတင် ရှာဖွေခဲ့ပြီး ကလေးမလေးမှာ စူးစမ်းရေး ဘောလုံးလေးတစ်ခုကဲ့သို့ အခန်းတိုင်း မကျန်ရအောင် သေသေချာချာ ရှာဖွေနေတော့သည်။
"ဘယ်သူရှိလဲဟင်"
ချင်ချင် တံခါးအား ယဉ်ကျေးစွာ ခေါက်လိုက်သော်လည်း ဘာသံမှ ပြန်မကြားရပေ။ သူမ တံခါးလက်ကိုင်ကိုလှည့်ကြည့်လိုက်ရာ ပွင့်သွားခဲ့သည်။
တံခါးကို တွန်းဖွင့်လိုက်သည့်အခါ "ကျွီ" ကနဲ မြည်ကာ ပွင့်သွားပြီး ချင်ချင် အထဲမှမြင်ကွင်းအား ရင်းနှီးနေသလို ခံစားလိုက်ရသည်။
သူမ ခေါင်းလေးစောင်းကာ သေသေချာချာ စဉ်းစားလိုက်ပြီးနောက် ဤအခန်းမှာ ယခင်က "အမှန်အတိုင်း ပြောမလား၊ စိန်ခေါ်မလား" ကစားစဉ်က သူ မတော်တဆရောက်သွားခဲ့သော အခန်းဖြစ်ကြောင်း သတိရသွားသည်။
ယခုအခါတွင်မူ ထိုအခန်းမှာ ယခင်ကကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုးမရှိတော့ပေ။
အခန်းမှာ သန့်ရှင်းလင်းပွင့်နေပြီး ယခင်က ဖရိုဖရဲဖြစ်နေသောလိုက်ကာများကိုလည်း ပြတင်းပေါက်ဘေးတစ်ဖက်စီတွင် သေသေချာချာ ချည်နှောင်ထားသည်။ ကြမ်းပြင်ပေါ်တွင် ပုံနေခဲ့သော ပါဆယ်ဘူးအချို့လည်း မရှိတော့ပေ။ အခန်းတစ်ခုလုံးမှာ အရင်ကထက်ပင် ပိုဟာလာ ဟင်းလင်းဖြစ်နေသည်။
"ဘယ်သူရှိလဲဟင်"
ထိုမျှ သိသာလှသော အခန်းထဲတွင် ရှာဖွေရန် မလိုသော် လည်း ချင်ချင် စူးစမ်းလိုစိတ်ဖြင့် အထဲသို့ အသာလေး ချောင်းကြည့်ကာ မေးလိုက်သည်။
ထင်သည့်အတိုင်းပင် မည်သူမျှ ပြန်မဖြေပေ...
"ကျိကျိ... ကျိကျိ..."
ပြတင်းပေါက် အပြင်ဘက်မှ ငှက်ကလေးများ၏သာယာသော အော်သံလေး ထွက်ပေါ်လာသည်။ ချင်ချင့် မျက်လုံးများ ဝင်းပသွားပြီး သူမသည် ပြင်သစ်ပြတင်းပေါက်ကြီးဆီသို့ ချက်ချင်း ပြေးသွားကာ အက်ကြောင်းကြားမှ ချောင်းကြည့်လိုက်သည်။
"ငှက်ကလေး!"
ချင်ချင်မှာ အလွန်စိတ်လှုပ်ရှားသွားသဖြင့် မတော်တဆ အနည်းငယ် အားထည့်မိလိုက်ရာ သေသေချာချာ ပိတ်မထားသော ပြတင်းပေါက်မှာ ရုတ်တရက် ပွင့်သွားတော့ သည်။ လန့်သွားသော ချင်ချင်သည် ခြေချော်ကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမ လက်ကလေးမှာလိုက် ကာကို အချိန်မီ ဆွဲလိုက်နိုင်သဖြင့် ကြမ်းပြင်နှင့် မိတ်မဆက်လိုက်ရပေ။
ထိတ်လန့်သွားသော ချင်ချင်မှာ ထိုနေရာတွင် ဆက်မနေချင်တော့ပေ။ သူ ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် တောက်ပသော အလင်းတန်းတစ်ခု သူမ မျက်လုံးရှေ့သို့ ရုတ်တရက် ဖြတ်ပြေးသွားသဖြင့် သူမ မျက်မှောင်ကြုတ်ကာ အလိုလိုခေါင်းလှည့်ကြည့်လိုက်မိသည်။
သူမသည် လမ်းတစ်ဖက်ရှိ အိမ်နီးနားချင်း၏ပြတင်း ပေါက်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည်။
ထိုနေရာတွင် အမှောင်ထုထဲ၌ ပုန်းကွယ်နေသော လူတစ်ဦးသည် ကင်မရာတစ်လုံးကိုင်ဆောင်ထားပြီး ချင်ချင့်၏ မျက်နှာအား ဓာတ်ပုံအချို့ ရိုက်ယူလိုက်ကာ ပြတင်း ပေါက်နောက်သို့ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ချင်ချင် ခေါင်းလေးစောင်းကာ နားမလည်နိုင်သလိုကြည့်နေမိသည်။
"အဲ့ဒီလူက ဘာလုပ်နေတာလဲ"
ထိုမေးခွန်းမှာ အဖြေမရှိဘဲ ကျန်ရစ်ခဲ့သည်။
ဘေးခန်းရှိ ရုပ်ရှင်ကြည့်ခန်းထဲတွင် အားတကို ရှာတွေ့ပြီးနောက်၊ ဒုတိယထပ်တွင် နျန်ကောင်းနှင့် အားပုတို့အား ရှာတွေ့ပြီးသည့်တိုင်အောင် သူ စိတ်မပါသလိုဖြစ်နေသည်။
နိုင်သွားသည့်တိုင်အောင် သူ့အတွက် ပျော်စရာ သိပ်မကောင်းလှပေ။
"ချင်ချင် ကစားရတာ မောသွားလို့လား"
နျန်ကောင်း စိုးရိမ်တကြီး မေးလိုက်သည်။
"မဟုတ်ပါဘူး"
ချင်ချင် ခေါင်းခါပြပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
"ချင်ချင် စတော်ဘယ်ရီ ဒိန်ချဉ် သောက်ချင်တယ်၊ အပျစ်အနှစ်ကြီးပဲနော်"
"ဒါပေမဲ့ နင် မုန့်မစားရဘူးလေ"
နျန်ကောင်း အနည်းငယ် အခက်တွေ့စွာပြောလိုက်သည်။
"ဒိန်ချဉ်က ဖျော်ရည်လေ၊ မုန့်မှ မဟုတ်တာ!"
ကလေးမလေးတွင် သူမ၏ကိုယ်ပိုင် ကျိုးကြောင်းပြချက်များ အဆင်သင့်ရှိနေသည်။
"စတော်ဘယ်ရီ ဒိန်ချဉ်က ရေခဲသေတ္တာထဲမှာ ရှိတယ်၊ ဦးဦးက အရမ်းမြင့်တဲ့နေရာမှာ ထားထားလို့ ချင်ချင် မမှီဘူး၊ ကိုကိုနျန်ကောင်း သွားယူပေးပါလားဟင်၊ နော် "
ချင်ချင်၏ အစီအစဉ်လေး စတင်နေပြီ ဖြစ်သည်။
အတိအကျပြောရလျှင် သူလေး ဒိန်ချဉ် မသောက်ရပေ၊ သို့သော် သူကိုယ်တိုင် သွားမယူဘဲ နျန်ကောင်းအား သွားယူခိုင်းလိုက်ခြင်းဖြစ်သည်။
နျန်ကောင်းမှာ ဧည့်သည်ဖြစ်သဖြင့် သူ ချင်ချင့်အတွက် စတော်ဘယ်ရီ ဒိန်ချဉ်အား ယူပေးလျှင် ဦးဦး သိသွားသည့်တိုင်အောင် ဘာမှပြောမည်မဟုတ်ပေ။
နျန်ကောင်းက ချင်ချင့် အကြံအစည်ကို မသိဘူးလား?
လုံးဝမသိတာတော့ မဟုတ်ပါဘူး။
သို့သော် ချင်ချင် ပျော်ရွှင်စေရန်အတွက် သူသည် သူမ စကားကို လိုလိုလားလားနားထောင်ကာ ရေခဲသေတ္တာဆီသို့ ပြေးသွားပြီး ဒိန်ချဉ် သွားယူပေးလိုက်သည်။
ဖူဟန်နှင့် ပိုင်ချီယွီတို့ အောက်ထပ်သို့ အတူတူ ဆင်းလာကြသောအခါ ချင်ချင်နှင့် နျန်ကောင်းတို့သည် ဆိုဖာပေါ်တွင် ဘေးချင်းယှဉ်ထိုင်ကာ ခြေထောက်လေးများမြှောက်လျက် ကာတွန်းကား ကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။
သူတို့ တစ်ယောက်ချင်းစီ၏လက်ထဲတွင် အိမ်လုပ် စတော်ဘယ်ရီ ဒိန်ချဉ်ဘူးများ ကိုင်ထားကြပြီး ဇွန်းလေးများဖြင့် ခပ်စားနေကြသည်။
"မင်းတို့ နှစ်ယောက်ကတော့ တကယ်ဇိမ်ကြနေတာပဲ"
ပိုင်ချီယွီ ခေါင်းခါလိုက်ပြီး လက်ကိုအိတ်ထဲထည့်ကာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ သူ ချင်ချင့်အား စချင်သဖြင့် သူမအနားသို့ တိုးသွားလိုက်သည်။
"ချင်ချင်၊ ဦးဦးကို တစ်လုပ်လောက် ကျွေးပါဦး"
၎င်းမှာ ချင်ချင် အသည်းအသန်ကြိုးစားပြီးမှ ရလာသည့် မုန့်ဖြစ်ရာ တခြားလူကို မည်သို့ပေးချင်ပါ့မည်နည်း ?
ဖူဟန်လည်း အစပိုင်းတွင် ထိုအတိုင်းပင် သေချာပေါက် ထင်ထားခဲ့သည်။
သို့သော် ချင်ချင် ခေတ္တမျှသာ တုံ့ဆိုင်းသွားပြီး စတော်ဘယ်ရီ ဒိန်ချဉ်ကို ဇွန်းကြီးကြီးဖြင့်ခပ်ကာ ပိုင်ချီယွီအား ခွံ့ကျွေးလိုက်သည်။
ထိုအခါ အရှက်မရှိသော ပိုင်ချီယွီကလည်း ကလေး၏မုန့်အား တကယ်စားလိုက်တော့သည်။
ဖူဟန့် မျက်နှာမှာ မှောင်ကျသွားတော့သည်။
သူ ခြေလှမ်းများကိုမြန်လိုက်ပြီး ပိုင်ချီယွီအား ရိုင်းစိုင်းစွာ ဘေးသို့ တွန်းဖယ်ကာ ချင်ချင့်အနားသို့ တိုးသွားလိုက်သည်။ သူ ဘာမှ အတိအကျမပြောသော်လည်း မျက်လုံးဖြင့်သာ အချက်ပြလိုက်သည်။
'ငါလည်း စားချင်တယ်'
ချင်ချင် သဘောပေါက်လိုက်သည်။
သို့သော် သူမ၏တစ်ဝက်ခန့် ကုန်နေပြီဖြစ်သော ဒိန်ချဉ်အားကြည့်လိုက်၊ မျှော်လင့်ချက်ကို ဖုံးကွယ်မထားနိုင်သော ဖူဟန်၏တည်ကြည်နေသည့် မျက်နှာကို ကြည့်လိုက်နှင့်... သူမသည် သူ့ကိုယ်လုံးလေးကို အသာလေးရွှေ့လိုက်ပြီး ကျောပေးလိုက်တော့သည်။
သူမ ခေါင်းမဖော်ဘဲ ရှင်းပြနေသေးသည်။
"ချင်... ချင်ချင့်ဟာက ကုန်သွားပြီ၊ ဦးဦး စားချင်ရင် ရေခဲသေတ္တာထဲမှာ သွားယူလေ"
ဖူဟန် : "..."
သူ့နောက်မှ ပိုင်ချီယွီမှာ ရုတ်တရက် အားရပါးရရယ်မောလိုက်သဖြင့် သူ့ ပုံမှန် အေးစက်တည်ကြည်သော အငွေ့ အသက်များမှာ ပျောက်ကွယ်သွားပြီး သူ မည်မျှအထိ ရယ်နေရသနည်းဆိုသည်ကိုပြနေသည်။
"ကလေးဆန်လိုက်တာ"
ဖူဟန် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူမအား ဆက်မမြင်ချင်တော့သဖြင့် မီးဖိုချောင်ထဲသို့လှည့်ဝင်သွားတော့သည်။
ပုံမှန်အားဖြင့် သူ အိမ်မှာရှိလျှင် ချင်ချင်သည် သူချက်သည့် အစားအစာများကိုသာ စားလေ့ရှိပြီး ဖူဟန်ကလည်း ချင်ချင့်အတွက်သာ ချက်ပေးလေ့ရှိသည်။
သူ့အပါအဝင် ကျန်သောလူအားလုံးမှာ အိမ်ထိန်း ပြင်ဆင်ပေးထားသော အစားအစာများကိုသာ စားကြရသည်။
ပိုင်ချီယွီသည် နျန်ကောင်းနှင့်အတူ ညစာစားပြီးမှ ပြန်ရန် စီစဉ်ထားသည်။ သူ ဖူဟန်နှင့် အရေးကြီးသော ကိစ္စများ ဆွေးနွေးပြီးသွားပြီဖြစ်သဖြင့် ကျန်ရှိသော အချိန်များကို ကလေးနှစ်ဦးနှင့် ကစားရင်း ကုန်လွန်စေမည် ဖြစ်သည်။
အကောင်းဆုံးကာတွန်းကားများပင်လျှင် အချိန်ကန့်သတ် ချက် ရှိသည်၊ အကန့်အသတ်မရှိ ကစားနိုင်သော ကွန်ပျူ တာများနှင့် မတူပေ။
ထို့အပြင် တီဗီ အကြည့်များခြင်းမှာ ကလေးများအတွက် မကောင်းသဖြင့် ဖူဟန် ဟင်းချက်နေစဉ်တွင် ပိုင်ချီယွီ နျန်ကောင်းနှင့် ချင်ချင့်အား ဧည့်ခန်း၏ဟာလာဟင်းလင်း ဖြစ်နေသော နေရာသို့ ခေါ်သွားကာ လက်ဝှေ့ သင်ပေးလိုက်သည်။
"ကြည့်စမ်း၊ မင်းတို့ လက်သီးထိုးတဲ့အခါ ပြင်းထန်ရမယ်၊ လက်ကိုပဲ မသုံးနဲ့၊ ခါးနဲ့ တစ်ကိုယ်လုံးက အရှိန်ကို သုံးပြီး ပြင်းပြင်းထန်ထန် ထိုးရမယ်၊ အဲ့ဒါမှ လေ့ကျင့်တာ ဖြစ်မှာ"
လက်ဝှေ့ထိုးခြင်းမှာ အတွေ့အကြုံသစ် တစ်ခုဖြစ်ပြီး သူငယ်ချင်းနှင့်အတူ လေ့ကျင့်ရသဖြင့် ပျော်စရာကောင်းလှသည်။ ချင်ချင် သေသေချာချာ လေ့လာပြီး အတော်လေးကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် သူမ၏ကိုယ်လုံးလေးနှင့်ဆိုလျှင် အားကုန်ထိုးသည့်တိုင်အောင် ယားယံရုံလောက်သာ ရှိပေလိမ့်မည်။
"နျန်ကောင်း၊ ဆက်လေ့ကျင့်နေဦး၊ ချင်ချင်၊ ဒီကိုလာ၊ ဦးဦး သင်ပေးမယ်"
ပိုင်ချီယွီ ထူးဆန်းသောအမူအရာဖြင့် ချင်ချင့်အား ဘေးသို့ ခေါ်သွားကာ တိုးတိုးလေးပြောလိုက်သည်။
သူနှင့် ချင်ချင် ဘာတွေ ပြောခဲ့ကြသည်ကို မည်သူမျှ မသိကြပေ။
သူတို့ မြင်လိုက်ရသည်မှာ ချင်ချင့် မျက်နှာပေါ်မှအံ့သြသွားသည့် ပုံစံလေးနှင့် အနည်းငယ်ရှက်သွေးဖြန်းသွားသည့် ပုံစံလေးသာ။
"ချင်ချင်၊ မှတ်မိပြီလား"
ပိုင်ချီယွီ မေးလိုက်သည်။
"ဟုတ်၊ မှတ်မိပါပြီ"
ချင်ချင် လိမ်မာစွာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြပြီး စကားလုံးများမလိုဘဲ အားလုံးနားလည်သွားကြသည်။
ဖူမိသားစုအိမ်တွင် ညစာစားပြီးနောက် ပိုင်ချီယွီမှာ ပြန်ရန် ပြင်ဆင်တော့သည်။
သူ နျန်ကောင်းကို အိမ်ပြန်ခေါ်သွားပြီး ချင်ချင်မှာ သူတို့အား နှုတ်ဆက်ရန် ဝမ်းနည်းစွာဖြင့် ဗီလာဝင်း၏တံခါးမကြီးအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။
ညအချိန် ရောက်လာသည်နှင့်အမျှ ဗီလာဝင်းတစ်ခုလုံးမှာ ဖော်ပြမရနိုင်သော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားတော့သည်။
ချင်ချင် ဖူဟန့်လက်ဖဝါးကြီးကို ဆုပ်ကိုင်ကာ ဥယျာဉ်လမ်းလေးအတိုင်း အိမ်သို့ ခြေလှမ်းမှန်မှန်ဖြင့် ပြန်လာခဲ့သည်။
ဖူဟန် အရိပ်အား စနောက်ပြီးနင်းရင်း ချင်ချင်မှာ အလွန် ပျော်နေရှာသည်။
ဖူဟန်လည်း ချင်ချင့်အား သူ့ဘေးတွင် ပတ်ပြေးခွင့်ပြုထားပြီး သူလေးကို မနင်းမိစေရန် ခြေလှမ်းများကို ဂရုတစိုက် လှမ်းနေမိသည်။
"အား!"
ချင်ချင် ရုတ်တရက် အော်လိုက်သည်။
"ဖားကြီး တစ်ကောင်ပါလား!"
ဗီလာဝင်းအတွင်း၌ သဘာဝရှုခင်းများ ကောင်းမွန်ပြီး လူလုပ်အိုင်လေးလည်း ရှိသဖြင့် ဤကဲ့သို့ တိရစ္ဆာန်လေးများ ပေါ်လာခြင်းမှာ ပုံမှန်ပင်။
ချင်ချင် ဖားအစစ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ စူးစမ်းလိုစိတ်ဖြင့် အနားတိုးကြည့်ချင်နေသော်လည်း ဖူဟန် အချိန်မီတားလိုက်သည်။
"အနား အရမ်းမကပ်နဲ့၊ သူ ကိုက်လိမ့်မယ်"
ဖူဟန်သည် ဖားများ တကယ်ကိုက်၊ မကိုက် မသိသော် လည်း ချင်ချင် သူ့အား ယုံကြည်သွားပြီး အနားသို့မတိုးရဲတော့ပေ။