အခန်း (၆၇)
Vol. 8 Ch. 67
🍼 Chapter 67
ဖူဟန် ခရီးသွားရန်အတွက် ချင်ချင့် အထုပ်အပိုးများကို ပြင်ဆင်ပေးနေသည်။
ကလေးမလေးမှာ ဖူဟန် အလုပ်လုပ်နေသည်ကို ဘေးမှရပ်ကြည့်နေပြီး ဘာမှကူမလုပ်သည့်အပြင် အဓိပ္ပာယ်မရှိသော တောင်းဆိုမှုများကိုပင် လုပ်နေသေးသည်။
"ချင်ချင် ရှုံ့ရှုံ့ကို ခေါ်သွားချင်တယ်"
သူမသည် မိမိကိုယ်လုံးထက်ပင် ကြီးမားသော ဝက်ဝံရုပ်ကြီးကို ဖက်ထားပြီး ဖူဟန်ရှိရာသို့ အားစိုက်ကာ တရွတ်တိုက် ဆွဲလာခဲ့သည်။
"မရဘူး၊ ချင်ချင့်အိတ်ထဲ ဒါကြီး ဆံ့မှာမဟုတ်ဘူး"
ဖူဟန် ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
ယခုခရီးစဉ်အတွက် သူသည် ချင်ချင့်အတွက် ပန်းရောင် လက်ဆွဲအိတ်လေးတစ်လုံး အထူးတလည် ဝယ်ပေးထား သည်။ ၎င်းမှာ ၂၀ လက်မအရွယ်အစားဖြစ်ပြီး လေယာဉ်ပေါ်သို့ အလွယ်တကူ သယ်ဆောင်သွားနိုင်သော်လည်း ပစ္စည်းဆံ့ဝင်မှုမှာတော့ အကန့်အသတ်ရှိသည်။
သို့သော်လည်း ပစ္စည်းအများကြီး သယ်သွားရန် မလိုပေ၊ လိုအပ်သည်များကို လမ်းခရီးတွင် ဝယ်ယူနိုင်သည်။
မည်သို့ပင်ဖြစ်စေ လဲလှယ်ရန်လိုအပ်သော အဝတ်အစားများ၊ နေ့စဉ်သုံးပစ္စည်းများနှင့် လိုအပ်လာနိုင်သည့် အရေးပေါ် ဆေးဝါးအချို့ကိုတော့ ထည့်သွားရန်လိုအပ်သည်။
ဖူဟန်သည် ကလေးထိန်း၏ တောင်းဆိုချက်အရ ချင်ချင်အတွက် နို့မှုန့်ဗူး နှစ်ဗူးကိုလည်း သူ့အိတ်ကြီးထဲတွင် ထည့်ထားလိုက်သည်။ ကလေးမလေးအနေဖြင့် ထိုအရပ်မှ အစားအစာများကို ရုတ်တရက် အသားမကျမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။
နို့မှုန့်ပါသွားလျှင် အနည်းဆုံးတော့ သူမ ဗိုက်ဆာသော အခါ အဆင်ပြေနိုင်မည်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ရေနွေးအား လုံးမှာလည်း အရသာတူတူဖြစ်ပေလိမ့်မည်။
အငြင်းခံလိုက်ရသဖြင့် ချင်ချင် နှုတ်ခမ်းလေးစူကာ ဝက်ဝံရုပ်ကြီးအား ပြန်ထားလိုက်ပြီး ခဏအကြာတွင်တော့ မုန့်ပုံကြီး ပိုက်ကာ ပြန်ရောက်လာပြန်သည်။
"ချင်ချင် ဒါတွေ လိုချင်တယ်! ဦးဦး၊ ဒါတွေကို ထည့်ပေးပါဦး"
မုန့်တစ်ခုချင်းစီမှာ မကြီးသော်လည်း အားလုံးပေါင်းလိုက်လျှင် နေရာအတော်ယူသည့်အပြင်...
"ဒီမုန့်တွေက ဘယ်ကရတာလဲ"
ဖူဟန် အသံကို နှိမ့်ကာ အန္တရာယ်ရှိသော လေသံဖြင့် မေးလိုက်သည်။
ဘာမှမသိသော ချင်ချင်မှာ ချက်ချင်းသစ္စာဖောက်လိုက်တော့သည်။
"ဦးဦးပိုင် ဝယ်ပေးတာ"
သိရသည်မှာ ပိုင်ချီယွီသည် ပြီးခဲ့သည့်အကြိမ်က အိမ်ပြန်ရောက်ပြီးနောက် ချင်ချင်တစ်ယောက် မုန့်မစားရဘဲ အပြစ်ပေးခံထားရသည်ကို တူဖြစ်သူထံမှ ကြားသိခဲ့ရသည်။ ထို့ကြောင့် သူမအား သနားသွားကာ နောက်တစ်နေ့တွင် ချင်ချင့်အတွက် မုန့်ပုံကြီးတိတ်တဆိတ် ယူလာပေးခဲ့ခြင်းဖြစ်သည်။
ချင်ချင်လည်း အတော်လေး လည်ပေသည်။ သူမ ထိုမုန့်များကို ဖူစစ်ချန် အခန်းထဲတွင် တိတ်တဆိတ်ဝှက်ထားတတ်ပြီး စားချင်သည့်အခါတိုင်း ခိုးစားလေ့ရှိသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က စစ်ချန်လေး အိမ်မှာမရှိသည့်အပြင် သူ့အခန်းမှာလည်း အမြဲတမ်းသော့မခတ်ထားသဖြင့် ချင်ချင့်အကြံအစည်အတွက် ကွက်တိဖြစ်နေခဲ့သည်။
ကံမကောင်းစွာဖြင့်ပင် မုန့်ခိုးစားမည့် ပြီးပြည့်စုံသော အစီအစဉ်မှာ ချင်ချင် တစ်ခဏတာ သတိလက်လွတ်ဖြစ်သွားသည့်အချိန်တွင် ပေါက်ကြားသွားတော့သည်။
ထို့နောက်တွင်တော့ ကလေးမလေးမှာ သူမ မုန့်များ ဘေးအိမ်မှ ဝတုတ်ကလေး၏အိတ်ထဲသို့ ရောက်သွားသည်ကို ကြည့်ရင်း ဒေါသထွက်ကာ ငိုပါလေတော့သည်။ သူမ တကယ်ကို ဝမ်းနည်းပန်းနည်း ငိုနေခြင်းဖြစ်ပြီး မည်သူမျှ ချော့မရပေ။ ဖူစစ်ကျင်းနှင့် ယိယိတို့ အိမ်ထဲသို့ ဝင်လာသည်နှင့် ချင်ချင့်၏သနားစရာကောင်းသော ငိုကြွေးသံအား ကြားလိုက်ရသည်။
သူ အမြန်အထဲဝင်သွားရာ ချင်ချင်တစ်ယောက်တည်း ဆိုဖာပေါ်တွင် ထိုင်ကာ ရှိုက်ကြီးတငင် ငိုနေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ အလွန်ပင် သနားစရာကောင်းလှသည်။
"ဘာဖြစ်တာလဲ ? ဘယ်သူက ငါတို့ ချင်ချင်လေးကို အနိုင်ကျင့်လိုက်တာလဲ"
သူ ချင်ချင့်အား ပွေ့ချီကာ ချော့မြှောက်ပင့်ပေးလိုက်ရာ ကလေးမလေးမှာ အားကိုးရာ ရှာတွေ့သွားသကဲ့သို့ ဖူစစ်ကျင်း ရင်ခွင်ထဲသို့ တိုးဝင်ကာ ပို၍ပင် အော်ငိုတော့သည်။
ယိယိမှာလည်း သူမအား ဝိုင်းချော့ပေးချင်သော်လည်း နည်းလမ်းရှာမရဖြစ်နေသည်။
ကလေးထိန်းရောက်လာပြီး ဖြစ်ပျက်သမျှကို တိုးတိုးလေး ပြောပြမှသာ ဖူစစ်ကျင်းလည်း ချင်ချင် ကိုယ်တိုင် ပြဿနာရှာခဲ့မှန်း သိလိုက်ရတော့သည်။
"မုန့်ခိုးစားတာကို ဘာလို့ အဲ့လောက် အထင်အရှားကြီး သွားပြနေရတာလဲ ? ချင်ချင့်မုန့်ကို မသိမ်းရင် ဘယ်သူ့မုန့် သွားသိမ်းရမှာလဲ"
သို့သော်လည်း သူမ အရမ်းငိုနေသဖြင့် ဖူစစ်ကျင်းမှာ မဆူရက်တော့ပေ။ သူ လေဆိပ်ကျမှ ကိတ်မုန့် တိတ်တဆိတ် ဝယ်ပေးမည်ဟုသာ ဖျောင်းဖျလိုက်ရသည်။
"တ... တကယ်လား"
"ကိတ်မုန့်" ဟု ကြားသည်နှင့် ချင်ချင် ငိုနေရာမှ ချက်ချင်း ရပ်သွားပြီး ခေါင်းလေးမောကာ ဖူစစ်ကျင်းအားကြည့်လိုက်သည်။ သို့သော် ရှိုက်သံလေးမှာတော့ မစဲသေးပေ။
"တကယ်ပေါ့၊ ခဏနေရင် ယိယိကျဲကျဲကို ဝယ်ခိုင်းလိုက်မယ်၊ ယိယိကျဲကျဲ စားချင်လို့ပါဆိုပြီး ပြောဝယ်ရင် ချင်ချင် အကုန်စားလို့ရပြီလေ၊ ဟုတ်ပြီလား"
ယိယိအား မျက်စိတစ်မှိတ်ပြလိုက်ရာ ယိယိလည်း ချက်ချင်းဝင်ပြောပေးသည်။
"ကျဲ နောက်ကျရင် ချင်ချင့်ကိုခေါ်ပြီး ကိတ်မုန့် သွားရွေးမယ်နော်၊ ချင်ချင်လေး လိမ်မာရမယ်၊ မငိုနဲ့တော့ ဟုတ်ပြီလား"
"ဟုတ်"
ကိတ်မုန့်ကို မျှော်လင့်လိုက်ရသဖြင့် ချင်ချင်လည်း နောက် ဆုံးတွင် ငြိမ်ကျသွားတော့သည်။
သူမသည် ဖူစစ်ကျင်း ရင်ခွင်ထဲတွင် လိမ်မာစွာမှီနေပြီး လက်ကလေးများဖြင့် သူ့ပုခုံးအားဖက်ထားသည်။ ဖူဟန် အောက်ဆင်းလာသည်ကို မြင်သောအခါ သူမ တမင်တ ကာပင်ခေါင်းကို အခြားတစ်ဖက်သို့ လှည့်လိုက်ပြီး သူ့အား လုံးဝမကြည့်တော့ပေ။
"ဟွန့်"
ဖူစစ်ကျင်း : "..."
ယိယိ : "..."
ဤကလေးမလေးမှာ ကိုယ်လုံးကသာသေးသည်၊ စိတ်က တော့ အတော်ကြီးလှသည်။
ဖူဟန် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ချင်ချင့်အား ဂရုမစိုက်သလို လုပ်ကာ အံဆွဲထဲမှ ကားမူးပျောက်ကပ်ခွာ နှစ်ဗူးထုတ်လိုက်သည်။ ချင်ချင်အတွက် လေယာဉ်စီးရသည် မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် လေယာဉ်မူးမည်လား သူ မသိပေ။ သူမ ငယ်သေးသဖြင့် ကားမူးပျောက်ဆေးတိုက်ခြင်းမှာ မကောင်းနိုင်သောကြောင့် ကပ်ခွာယူသွားခြင်းမှာ ပိုစိတ်ချရသည်။
ဖူဟန် သူ့အား လုံးဝဂရုမစိုက်ဘဲ ရှိနေသည်ကို ချင်ချင် အကြိမ်ကြိမ် ခိုးကြည့်ပြီးနောက် ပြန်ပြီးမနေမထိုင်နိုင် ဖြစ်လာပြန်သည်။
သူမ ဖူစစ်ကျင်း ရင်ခွင်ထဲမှဆင်းရန် ရုန်းကန်ပြီး ဖူဟန့်နောက်မှခြေတိုလေးများဖြင့် အမြီးလေးလို တရွတ်တိုက် လိုက်နေသည်။ သို့သော် စကားတော့မပြောဘဲ တိတ်တ ဆိတ်သာ လိုက်နေခြင်းဖြစ်သည်။
ဖူဟန်လည်း သူမအား စနောက်ချင်သဖြင့် မောင်းမထုတ်ဘဲ လိုက်ချင်သလောက် လိုက်ပါစေဟုပစ်ထားလိုက်သည်။
သူတို့နှစ်ဦးကြားရှိ လေထုမှာ နွေးထွေးပြီး အပေးအယူ တည့်နေသော်လည်း ချင်ချင်မှာ သူတို့နှစ်ဦး စိတ်ကောက်နေကြဆဲဟု အခိုင်အမာယုံကြည်ထားဆဲဖြစ်သည်။ ထို့ ကြောင့် မည်သူမျှအရင် စကားမပြောရပေ၊ အရင်ပြောသူမှာ အရှုံးပင်။
ဤကဲ့သို့ချစ်စရာကောင်းပြီး ကလေးဆန်သော အတွေးမျိုး ဘယ်ကရလာသည်မှာတော့ မသိနိုင်ပေ။
"ချင်ချင်နဲ့ ဦးဦးတို့က တကယ် သံယောဇဉ်ကြီးကြတာပဲနော်"
ယိယိ ဖူစစ်ကျင်းအား တိုးတိုးလေးပြောလိုက်မိသည်။ သူမသည်လည်း ရုတ်တရက် ချစ်စရာကောင်းသော သမီးလေးတစ်ယောက် လိုချင်စိတ်ပေါက်သွားခဲ့သည်။
သူ့ လက်တွင် ဖူစစ်ကျင်း ပေးထားသော စိန်လက်စွပ်လေး ဝတ်ထားပြီး ဖူစစ်ကျင်းကလည်း တစ်ကွင်းဝတ်ထား သည်။ ဒီဇိုင်းချင်း မတူသော်လည်း ထူးဆန်းစွာပင် လိုက် ဖက်နေသော အတွဲအစပ်လေးဖြစ်နေသည်။
သူတို့နှစ်ဦး အပြန်အလှန် လက်ထပ်ခွင့်တောင်းပြီးနောက် တွင် ဆက်ဆံရေးမှာ ပြန်လည်နွေးထွေးလာခဲ့ပြီး ယခုအခါ ပုံမှန်အတိုင်း ဖြစ်သွားရုံသာမက အရင်ကထက်ပင် ပိုရင်း နှီးလာခဲ့ကြသည်။
အချို့သော ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးနောက်တွင် သူတို့အချင်းချင်း ပိုယုံကြည်လာကြသည်။
အနည်းဆုံးတော့ အခုအချိန်မှာ တစ်စုံတစ်ယောက်က ယိယိရဲ့ရှေ့မှာ သူမကို အစားထိုးသက်သက်ပါလို့လာပြီး လှောင်ပြောင်မယ်ဆိုရင် သူမကမူ အပြည့်အဝယုံကြည် မှုရှိရှိနှင့် ချက်ချင်းပြန်လည်တုံ့ပြန်ရဲနေပါပြီ။
"ချင်ချင်လေးကို... ငါ့ဦးဦးက ငါတို့အိမ်မှာ လာအပ်ထားကတည်းက ပါးကပဲ အချိန်အတော်များများ စောင့်ရှောက်ပေးခဲ့တာလေ... ငါနဲ့ ငါ့ညီလည်း ဝိုင်းကူကြပေမဲ့ ချင်ချင်က ပါးပါးနဲ့ ပိုရင်းနှီးတာတော့ အမှန်ပဲ"
ဖူစစ်ကျင်းသည် သူ့ဖျားနာမှုနှင့် ပတ်သက်သော လျှို့ဝှက်ချက်ကို ယိယိအား အမှန်တကယ်ဝန်ခံခဲ့သော်လည်း ချင်ချင်နှင့် ပတ်သက်သော လျှို့ဝှက်ချက်ကိုမူ မပြောနိုင်သေးပေ။
ယိယိအား မယုံကြည်၍ မဟုတ်ဘဲ အခြေအနေမှာရှုပ်ထွေး လှပြီး အမည်မသိရန်သူနှင့် ပတ်သက်နေသောကြောင့် ယိယိကို အန္တရာယ်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ဖြစ် သည်။
လေယာဉ်မှာ ညနေ ၃ နာရီတွင် ထွက်မည်ဖြစ်ပြီး အခုမှ မနက် ၁၀ နာရီသာ ရှိသေးသည်။
ဖူမိသားစုအိမ်မှ လေဆိပ်သို့ ကားမောင်းလျှင် တစ်နာရီခန့် ကြာမည်ဖြစ်ပြီး နိုင်ငံတကာ လေယာဉ်များမှာ ပုံမှန်အား ဖြင့် နှစ်နာရီ ကြိုရောက်ရန် လိုအပ်သဖြင့် ချင်ချင်တို့အဖွဲ့မှာ မကြာမီ ထွက်ခွာကြရတော့မည်ဖြစ်သည်။
"စစ်ချန် ဘယ်မှာလဲ"
ဖူဟန် နာရီကို ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
သူ့သားငယ်မှာ လွန်ခဲ့သည့် ရက်များအတွင်း မည်သည့်နေရာသို့ ရောက်နေသည်မသိဘဲ ယခု ခရီးထွက်မည့် အချိန်အထိ နောက်ကျနေသေးသည်။ ထိုကောင်လေး ဘာတွေ လုပ်နေသည်မှာ မသိနိုင်ပေ။
'လူပြောသူပြော' ဆိုသလိုပင် ဖူဟန် မေးလိုက်ပြီးပြီးချင်းမှာပင် ဖူစစ်ချန်၏ ပြိုင်ကားမှာ ခြံတံခါးမှ ဝင်လာပြီး ဖူမိသားစု အိမ်မကြီးရှေ့တွင် ကွက်တိရပ်လိုက်သည်။
"ဟေ့... အားလုံးပဲ ကျွန်တော့်ကို သတိရနေကြပြီလား"
ပန်းရောင် ပန်းပွင့်အင်္ကျီနှင့် နေကာမျက်မှန် ဝတ်ထားကာ တောက်ပလွန်းလှသောပုံစံဖြင့် ဖူစစ်ချန် လက်ပြနှုတ် ဆက်လိုက်သည်။
ချင်ချင် မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း ဖူစစ်ချန်အား လက်ညှိုးထိုးကာ အော်လိုက်သည်။
"စစ်ချန်လေးက လိပ်ပြာကြီးဖြစ်သွားပြီ!"
"ဖူး..."
ဖူစစ်ချန်နောက်မှ ကားပေါ်မှ ဆင်းလာသော အန်းရန်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။
သူမ အသံမှာ လူတိုင်း၏အာရုံအား ချက်ချင်းဖမ်းစားလိုက်သည်။
ဖူစစ်ကျင်းနှင့် ယိယိတို့မှာ အနည်းငယ်အံ့သြသွားကြသော်လည်း ဖူစစ်ချန် ဘေးတွင် ရှိနေသည်ကို ကြည့်ခြင်းဖြင့် သူမမှာ သူ့ရည်းစားဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်ကြသည်။
ဖူဟန်သည်လည်း အံ့သြသွားခဲ့သည်မှာ အန်းရန် ရုပ်ရည်ကြောင့် မဟုတ်ဘဲ ဖူစစ်ချန်နှင့် သူမ ပတ်သက်မှုကြောင့် ဖြစ်သည်။
"အန်းရန်"
သူ့ညီ ရည်းစားဟုထင်ရသော ထိုမိန်းကလေးအား သူ့ဖခင်မှ နာမည်ခေါ်ပြီး နှုတ်ဆက်လိုက်သည်ကိုမြင်သောအခါ ဖူစစ်ကျင်း အံ့သြသွားသည်။ သူ့အဖေ ဒီမိန်းကလေးကို သိနေတာလား ?
"နေကောင်းလား ဦးလေးဖူ"
အန်းရန် ဖူဟန်အား ယဉ်ကျေးစွာနှုတ်ဆက်လိုက်ပြီးနောက် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
"နိဟောင်၊ ကျွန်မနာမည် အန်းရန်ပါ၊ ကျွန်မက ဒေါ်လေးချင်ရဲ့မွေးစားသမီးဖြစ်သလို ဖူစစ်ချန်ရဲ့ရည်းစားဟောင်းလည်းဖြစ်ပါတယ်"
"ဟေ့!"
ဖူစစ်ချန် ဒေါသတကြီး အော်လိုက်သည်။
"ငါတို့ ပြန်တွဲကြဖို့ သဘောတူထားကြပြီ မဟုတ်လား"
"နင်ကသာ ပြောနေတာ၊ ငါ သဘောမတူရသေးဘူး"
အန်းရန် ခံစားချက်မရှိသော မျက်နှာဖြင့် ဖူစစ်ချန်၏ တက်ကြွမှုကို ရေအေးနှင့်လောင်းချလိုက်သည်။
ဤပေါ့ဆသော ကောင်လေးအား သင်ခန်းစာမပေးလျှင် သူသည် မိမိပစ္စည်းများကို မည်သို့ သေသေချာချာသိမ်း ဆည်းရမည်ကို ဘယ်တော့မှ သင်ယူနိုင်မည်မဟုတ်ပေ။
သူတို့နှစ်ဦး ထိုအစီအစဉ်လေးကြောင့် အမှန်တကယ်ပင် ခြောက်လခန့် ကွဲကွာနေခဲ့ကြရသည်။ ဖူစစ်ချန်ကို ထားလိုက်ပါဦး၊ အန်းရန်ကိုယ်တိုင်ပင် အမှန်တရားကိုသိလိုက်ရသောအခါ မိမိကိုယ်ကိုယ် အမှတ်မရှိခဲ့ပုံကို ကျိန်ဆဲမိခဲ့သည်။
အကယ်၍ ထိုစဉ်က သူမသာ ပိုသတိရှိခဲ့ပြီး ဖူစစ်ချန်အား တိုက်ရိုက် ရင်ဆိုင်ခဲ့လျှင် ကိစ္စများမှာ ဤအဆင့်အထိ ရောက်လာမည် မဟုတ်ပေ။
သို့သော် ၎င်းမှာ အန်းရန်၏အပြစ်သက်သက်တော့ မဟုတ်ပါ။
ထိုစဉ်က သူမသည် အန်းမိသားစု၏ရှုပ်ထွေးမှုများထဲ နစ်မွန်းနေပြီး ထွက်ပြေးရန်သာ အာရုံစိုက်နေခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပြီး အခြားအရာများ စဉ်းစားရန် အချိန်မရှိခဲ့ခြင်းဖြစ်သည်။
အန်းရန် ယနေ့ ဖူစစ်ချန်နှင့်အတူ လိုက်လာရခြင်းမှာ သူ၏ အသည်းအသန် ဖိတ်ခေါ်မှုကြောင့်သာမက သူမ မွေးစားမိခင်အား တွေ့ချင်သောကြောင့်လည်း ဖြစ်သည်။
အဒေါ်ချင်အား နောက်ဆုံးတွေ့ခဲ့သည့် အချိန်မှစ၍ သူမထံသို့ ဆက်သွယ်ခြင်း သို့မဟုတ် လာရောက်တွေ့ဆုံခြင်း မရှိတော့သည်မှာ အလွန်ထူးဆန်းနေသည်။
ထိုသို့အဆက်အသွယ် ပြတ်တောက်သွားသည်မှာ ခြောက်လခန့် ရှိပြီဖြစ်သည်။
ယခင်က မည်မျှပင် အလုပ်များပါစေ အဒေါ်ချင်မှာ တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် သူမ ဘဝနှင့် ပညာရေးအကြောင်း မေးမြန်းရန်ဖုန်းဆက်လေ့ရှိသည်။ ယခုမူ ဘာမှမရှိတော့သဖြင့် အန်းရန် သံသယဝင်လာခဲ့သည်။
သို့သော် ဖူစစ်ချန်အား မည်မျှပင်မေးမြန်းပါစေ သူက နှုတ်လုံနေပြီး သူ့အမေ နေကောင်းကြောင်းနှင့် မစိုးရိမ်ရန်သာ အတင်းအကျပ် ပြောနေခဲ့သည်။
၎င်းမှာ သူမအားကို ပိုပြီးစိုးရိမ်စေခဲ့သည်။
ထို့ကြောင့် ဤသည်မှာ ဖူမိသားစုခရီးစဉ်ဖြစ်မှန်းသိသော် လည်း သူမ ဇွတ်လိုက်လာခဲ့ခြင်းဖြစ်သည်။
မိသားစုခရီးစဉ်ဆိုမှတော့ အဒေါ်ချင်လည်း သေချာ ပေါက်ပါလာမှာ မဟုတ်ပါလား?
ကံမကောင်းစွာဖြင့်ပင် အန်းရန်မှာ စိတ်ပျက်သွားခဲ့ရသည်။
ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဦးလေးဖူ၊ ဖူမိသားစုရဲ့ သားကြီးနဲ့ သူ့ရည်းစား၊ ပြီးတော့ ဖူစစ်ချန်တို့ အားလုံး ရှိနေပေမဲ့ ကူးချင်ချင် တစ်ယောက်သာပျောက်နေခြင်းပင်...
"ရန်ရန်!"
ကလေးတစ်ယောက်၏ စိတ်လှုပ်ရှားစွာအော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် အန်းရန် သူ့ခြေထောက်တွင် နွေးထွေးသော အရာတစ်ခုက ကပ်တွယ်လာသည်ကို ခံစားလိုက်ရသည်။
သူမ ငုံ့ကြည့်လိုက်ရာ ရင်းနှီးနေသလိုရှိသော်လည်း မရင်း နှီးသော မျက်နှာလေးအား ငေးကြည့်ရင်း "အဒေါ်ချင်" ဟုပင် လွှတ်ခနဲ ပြောမိလုနီးပါးဖြစ်သွားသည်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ကျန်ရှိသော ဆင်ခြင် တုံတရားမှာ အဒေါ်ချင်သည် အသက်လေးဆယ်ကျော်အရွယ် ရင့်ကျက်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ ခြေရင်းရှိ လေးနှစ်အရွယ် ကလေးလေးမဟုတ်ကြောင်း သတိပေးလိုက်သည်။
ဒီကလေးက လေးနှစ်တောင်မပြည့်သေးဘူး ထင်တယ်?
သူမ လူတွေရဲ့အသက်ကို ခန့်မှန်းရာတွင် သိပ်မကျွမ်းကျင်လှပေ။
"ဒါ..."
အန်းရန် သူမ လက်ချောင်းထိပ်လေးများ တုန်ရီနေသည်ကို သတိထားမိလိုက်သည်။ သူမသည် ရှေ့မှ ကလေးငယ်အား ထိတွေ့ချင်သော်လည်း နှလုံးသားထဲထူးဆန်းသော ကြောက်စိတ်တစ်ခု ဝင်လာခဲ့သည်။
"ရန်ရန်"
ချင်ချင်မှာ လူကြီးတွေလို ရှုပ်ထွေးသော အတွေးများ မရှိပေ။ သူမသည် ပျော်ရွှင်စွာဖြင့် သူမ လက်ကလေးကို ဆန့်ထုတ်ကာ အန်းရန်၏ နူးညံ့သော လက်အားကိုဆွဲယူပြီး သူမ၏ဖောင်းအစ်နေသော ပါးလေးပေါ်သို့ တင်ကာ ချစ်ခင်စွာပွတ်သပ်လိုက်သည်။
ထိုမြင်ကွင်းအား ကြည့်ရင်း ယိယိ ဖူစစ်ကျင်းကို သိချင်စိတ်ဖြင့် တို့လိုက်သည်။
"ချင်ချင်က ရှင့်ညီ ရည်းစားကို သိနေတာပဲ"
သူမက ရည်းစားဟောင်းလို့ မိတ်ဆက်ခဲ့ပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ကြည့်ရင် ချစ်သူတွေဆိုတာ သိသာပါတယ်။ ဒီမှာရှိတဲ့ လူတိုင်းက ဒါမျိုးတွေ ဖြတ်သန်းဖူးတာဆိုတော့ အကုန်လုံးက ရိပ်မိကြတာပေါ့။
"မဟုတ်ဘူး..."
ဖူစစ်ကျင်း မျက်လုံးများမှာ ရှုပ်ထွေးနေသည်။
ချင်ချင်သည် ယနေ့မတိုင်မီအထိ အန်းရန်ဆိုသော ထိုမိန်းကလေးနှင့် တစ်ခါမျှ မတွေ့ဖူးကြောင်း သူ သေချာ ပေါက် သိနေသည်။
အမှန်တကယ်တော့ ဖူစစ်ကျင်းသာမက ဖူဟန့် မျက်လုံးများပင် တစ်ခဏမျှ နက်မှောင်သွားခဲ့သည်။
သို့သော် သူသည် အသက်ကြီးသူဖြစ်ပြီး တည်ငြိမ်သူဖြစ်သဖြင့် ဘာမှမပြဘဲ နူးညံ့သောအမူအရာဖြင့်သာ ချင်ချင့်အား လှမ်းခေါ်လိုက်သည်။
"ချင်ချင်၊ ချင်ချင့်အထုပ်တွေ လာယူဦး"
၎င်းမှာ ဒီနေ့ သူတို့နှစ်ဦးကြားမှ ပထမဆုံးပြောဖြစ်တဲ့ စကားဖြစ်ပြီး ချင်ချင်ကလည်း အလိုလိုပင် လိမ်မာစွာပြန်ထူးလိုက်သည်။
"ဟုတ်"
သူမ အန်းရန် ခြေထောက်များကို လွှတ်ပေးလိုက်ပြီး လှည့်ထွက်ကာ ဖူဟန် ခြေရင်းရှိပန်းရောင်လက်ဆွဲအိတ်လေးအားဆွဲရန် အပြေးလေး သွားတော့သည်။
အန်းရန် အကြည့်မှာ ချင်ချင့်နောက်သို့ အသည်းအသန် လိုက်ပါသွားပြီး သူမ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များပြည့်နှက်နေသည်။ အထူးသဖြင့် ကလေးမလေး၏ အမည်မှာလည်း 'ချင်ချင်' ဖြစ်နေသည်ကို ကြားလိုက်ရသဖြင့် သူ တုန်လှုပ်သွားခဲ့သည်။
သူ့စိတ်ထဲတွင် မယုံကြည်နိုင်စရာ ကိစ္စတစ်ခု ပေါ်ပေါက်လာတော့သည်။
အဖြေ ပေါ်ထွက်လာတော့မည့် ဆဲဆဲမှာပင် ဖူစစ်ချန် သူမ လက်အား ရုတ်တရက်ဆွဲလိုက်သည်။
"အန်းရန်"
"ဟင်?"
အန်းရန် သတိမထားမိဘဲ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့နှုတ်ခမ်းများမှာ သူမ ပါးပြင်အား နွေးထွေးစွာ ထိတွေ့လိုက်သဖြင့် မျက်နှာလေး နီမြန်းသွားရသည်။
"နင် ရူးနေလား!"
သူမ ဖူစစ်ချန်အား ခပ်ဖွဖွ ရိုက်လိုက်ပြီး "လူတွေ ကြည့်နေကြတယ်လေ!"
အထူးသဖြင့် လူကြီးမိဘတွေ ရှိနေတာကို ဒီလူက အရှက်မရှိဘူးလား?
"ဘာလို့ တခြားလူတွေကိုပဲ ကြည့်နေတာလဲ? ငါ့ကိုပဲ ပိုကြည့်ပါ၊ ငါက အရမ်းချောတာပဲကို"
ဖူစစ်ချန် အန်းရန်အာရုံကို လွှဲရန် တမင်တကာစနောက် လိုက်ခြင်း ဖြစ်သည်။
ဖူစစ်ချန်တို့ အဖွဲ့မှာ အစကတည်းက နောက်ကျနေခဲ့ပြီး ယခုကဲ့သို့ အချိန်ဆွဲနေပြန်သဖြင့် ဖူဟန် ချက်ချင်းပင် ထွက်ခွာရန် အမိန့်ပေးလိုက်တော့သည်။
အန်းရန်သည်လည်း သူတို့နှင့်အတူ လိုက်သွားခဲ့သည်။
လူတစ်ယောက် ထပ်တိုးလာခြင်းမှာ ပထမတန်း လေယာဉ်လက်မှတ် တစ်စောင် ထပ်ဝယ်ရုံသာဖြစ်သဖြင့် ဘာအခက် အခဲမှ မရှိပေ။
လေဆိပ်ရောက်သောအခါ လုံခြုံရေး စစ်ဆေးမှုများပြီးပြီးချင်းမှာပင် ယိယိ ချင်ချင့်အား ကတိပေးထားသည့်အတိုင်း ကိတ်မုန့်ဝယ်ရန်ခေါ်သွားသည်။
၎င်းအား မြင်သောအခါ အန်းရန်လည်း သူတို့နှင့်အတူ လိုက်ရန် ကမ်းလှမ်းခဲ့သည်။
"ကျွန်မလည်း ရေသန့်တစ်ဗူး ဝယ်ဖို့ လိုနေတာ၊ တူတူ သွားကြမယ်လေ"
သူမ ပြုံးလျက် ဖော်ရွေစွာပြောလိုက်သည်။ ယိယိလည်း ငြင်းမရဘဲ သူအကိုပါ ခေါ်သွားလိုက်သည်။
ယေဘုယျအားဖြင့် လေယာဉ်ပေါ်သို့ ၁၀၀ မီလီလီတာထက်ပိုသော ရေ ယူဆောင်ခွင့် မရှိသော်လည်း လုံခြုံရေး စစ်ဆေးပြီးနောက် လေဆိပ်အတွင်းမှ ဝယ်ယူလျှင်တော့ ယူဆောင်ခွင့်ရှိသည်။
၎င်းတို့၏နိုင်ငံတကာ လေယာဉ်မှာ တိုက်ရိုက်ပျံသန်းမှုဖြစ်ပြီး ၉ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ လေယာဉ်မယ်များမှာ အချိုရည်များ ပုံမှန် လာရောက် ပေးမည်ဖြစ်သော် လည်း ကြိုတင် ပြင်ဆင်ထားခြင်းမှာ ပိုကောင်းသည်။
မိန်းကလေးနှစ်ဦးမှာ ချင်ချင့်အား ကိတ်မုန့်ဆိုင်သို့ ခေါ်သွားကြသည်။ ဆိုင်တွင် အမျိုးအစားများစွာ ရှိနေပြီး တစ်ခုချင်းစီမှာ လက်ရာမြောက်လှသဖြင့် ရွေးချယ်ရခက်နေ သည်။
"ချင်ချင် ဘယ်ဟာ စားချင်လဲ"
ယိယိ ချင်ချင့်အရပ်နှင့် တန်းတူဖြစ်အောင် ဆောင့်ကြောင့် ထိုင်ကာ နူးညံ့စွာမေးလိုက်သည်။
"ချင်ချင် မသိဘူး"
ချင်ချင် မျက်မှောင်လေးကြုတ်ကာ ဝေခွဲမရဖြစ်နေသည်။
သူတို့နှစ်ဦးလုံးမှာ ဆုံးဖြတ်ချက်ချရ ခက်နေကြသဖြင့် နောက်ဆုံးတွင် အန်းရန်ကပင် သူတို့ကိုယ်စား ဆုံးဖြတ်ပေးလိုက်သည်။
"ဒီ သရက်သီးကိတ်ပဲ ယူရအောင်၊ ချင်ချင်က အချိုကြိုက်တယ်လေ"
၎င်းအပြင် သူမ သွေးတွင်းသကြားဓာတ် နည်းတတ်တာဆိုတော့ သကြားဓာတ်များတာစားပေးတာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ် ဟု အန်းရန် သူ့စိတ်ထဲမှ တိတ် တဆိတ် ထပ်လောင်း ပြောလိုက်သည်။
ထင်သည့်အတိုင်းပင် ချိုမြိန်သော Mango Mousse မှာ ချင်ချင့် စိတ်အား ချက်ချင်းဖမ်းစားသွားတော့သည်။ ကလေးမလေးမှာ ခေါင်းလေး တလှုပ်လှုပ်ဖြင့် အားရပါးရ စားနေပြီး ခြေထောက်လေးများကိုလည်း ပျော်ရွှင်စွာ လှုပ်ရမ်းနေသည်။
ကိတ်မုန့်မှာ အလွန်သေးငယ်ပြီး ချင်ချင့် လက်ဖဝါးခန့်ပင် မရှိပေ။ ဖူဟန် မြင်သော်လည်း ဘာမှမပြောဘဲ နေခြင်းမှာ ခွင့်ပြုသည်ဟု သဘောရသည်။
ချင်ချင် ကိတ်မုန့် စားပြီးသောအခါ လေယာဉ်ပေါ်သို့ တက်ရန် အချိန်နီးကပ်လာပြီဖြစ်သည်။ ပထမတန်းတွင် ထိုင်ခုံ အနည်းငယ်သာ ရှိသဖြင့် သူတို့အဖွဲ့ကပင် နေရာအများစုကို ယူထားကြသည်။
ချင်ချင် ဖူဟန့်ဘေးတွင် ထိုင်ပြီး ဖူစစ်ကျင်းတို့ အဖွဲ့မှာ သူတို့နောက်တွင် ထိုင်ကြသည်။ ဖူစစ်ချန်နှင့် အန်းရန်တို့မှာ ချင်ချင်နှင့် မျက်နှာချင်းဆိုင် စောင်းစောင်းနေရာတွင် ထိုင်ကြသဖြင့် အန်းရန်ခေါင်းကို အနည်းငယ်လှည့်လိုက်ရုံဖြင့် ချင်ချင့်အားမြင်နိုင်သည်။
သူမ ချင်ချင့်အား ခဏခဏလှမ်းကြည့်နေပြီး ထိုသို့ လှမ်းကြည့်နေသည်ကို ဖူစစ်ချန် သတိပြုမိနေသည်။
ဖူစစ်ချန်မှာ နေရခက်သလို ဖြစ်နေပြီး အန်းရန် အာရုံကို ထပ်မံ လွှဲချင်သော်လည်း အချို့အရာများကိုတစ်ကြိမ်သာ လုပ်၍ရသည်။ နောက်တစ်ကြိမ် ထပ်လုပ်လျှင် အန်းရန်၏ သံသယအား ပိုကြီးထွားသွားစေနိုင်သဖြင့် သူသည်လည်း မရဲတရဲ ဖြစ်နေရသည်။
ဤခရီးစဉ်မှာ အတော်လေးကို စိတ်ပင်ပန်းစရာကောင်းလှသည်။ လေယာဉ်ပေါ်မှ ဆင်းလိုက်ရသည့် အခိုက်အတန့်တွင် ဖူစစ်ချန် ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ စိတ်အေးသွားခဲ့ရသည်။