အခန်း (၆၈)
Vol. 8 Ch. 68
🍼 Chapter 68
ဖူဟန် စီစဉ်ထားသော လူများလာကြိုကြပြီး ကြိုတင် ဘိုကင်လုပ်ထားသော ဟိုတယ်သို့ လိုက်ပို့ပေးကြသည်။
ပစ္စည်းများကိုပင် မစီရသေးမီမှာပင် ဖူဟန် ချင်ချင့်အား သူ့သားငယ်ထံသို့ အပ်နှံလိုက်ပြီး သားကြီးနှင့်အတူ အမြန် ထွက်သွားတော့သည်။ ယိယိလည်း ဖူစစ်ချန်နှင့်အတူ လိုက်သွားခဲ့သည်။
"သူတို့ ဘယ်သွားကြတာလဲ"
ဖူစစ်ချန် ထွက်သွားကြသော သူတို့ကျောပြင်အား ကြည့်ရင်း နားမလည်စွာမေးလိုက်သည်။
ရိုးအလှသော ဖူစစ်ချန်မှာ မိသားစုတစ်ခုလုံး ပျော်ပွဲစား ထွက်လာကြသည်ဟု တကယ်ယုံကြည်နေခြင်းဖြစ်သည်။
အန်းရန် ခေါင်းခါလိုက်ပြီး ထိုငတုံးကိုဂရုမစိုက်တော့ဘဲ ချင်ချင့်အား ရေချိုးပေးရန်နှင့် အိပ်ရန်သာခေါ်သွားတော့ သည်။
လေယာဉ်ပေါ်တွင် မည်သူမျှ ကောင်းကောင်း အနားမရကြသဖြင့် အားလုံးမှာ ပင်ပန်းနွမ်းနယ်နေကြပြီး ရေနွေးနှင့် ရေချိုးကာ ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချင်နေကြသည်။
ရေနွေးနှင့် ရေချိုးရသည်မှာ အလွန် သက်တောင့်သက်သာ ရှိလှသည်ထင်၏။ အန်းရန် သူမအား ရေချိုးပေးနေစဉ်တွင် ချင်ချင်မှာ ခေါင်းလေး တငိုက်ငိုက်နှင့် ဟိုဘက်ဒီဘက် ယိမ်းထိုးနေသဖြင့် အန်းရန်မှာ ရယ်မောလိုက်မိသည်။
ရေချိုးခန်းထဲတွင် တခြားလူမရှိပေ။ သူမ ဆပ်ပြာပူဖောင်းများ လွှမ်းနေသော ချင်ချင့်အား ငေးကြည့်ရင်း ရုတ်တ ရက် စမ်းသပ်သည့်အနေဖြင့် တိုးတိုးလေးခေါ်လိုက်သည်။
"ဒေါ်လေးချင်?"
"..."
ချင်ချင် ဘာမှ ပြန်မထူးသဖြင့် အန်းရန် သူ့စိတ်ပျက်မှုအား ဖုံးကွယ်မထားနိုင်တော့ပေ။
သူ ချင်ချင့်အား အမြန်ရေချိုးပေးပြီးနောက် အိပ်ရန် ခေါ်သွားတော့သည်။
ဖူဟန် သူတို့အတွက် တိုက်ခန်းပုံစံ အခန်း သုံးခန်းဘိုကင်လုပ်ထားပေးသည်။ သူနှင့် ချင်ချင် အတူနေသော အိပ် ခန်းတစ်ခန်းပါသော အခန်းမှလွဲ၍ ကျန်သောအခန်းများမှာ အိပ်ခန်းနှစ်ခန်းပါသော အခန်းများဖြစ်သည်။
ချစ်သူတွေဆိုရင်တောင် တစ်ခါတလေမှာ အတူမအိပ်ကြဘူးလေ။
ဦးလေးဖူ၏ကြင်နာတတ်သော စဉ်းစားပေးမှုများအတွက် အန်းရန် စိတ်ထဲမှ အမှန်တကယ် ကျေးဇူးတင်မိသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အကယ်၍ သူမအား ဖူစစ်ချန်နှင့် တစ်ခန်းတည်း ချက်ချင်း အတူအိပ်ခိုင်းမည်ဆိုပါက၊ သူမအနေနှင့် အောက်ထပ်ရှိ ကောင်တာသို့ သွားကာ နောက်ထပ် အခန်းတစ်ခန်းကိုသာ သီးသန့်ထပ်ယူမိမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထိုညက အန်းရန် ချင်ချင့်လေးကို ပွေ့ဖက်ကာ အတူတူ အိပ်စက်ခဲ့သည်။ သူမ ဘေးနားတွင် အိပ်မောကျနေသော ကလေးငယ်ထံမှ နို့နံ့သင်းသင်းလေးနှင့်အတူ သူမ ရင်းနှီးကျွမ်းဝင်နေသည့် ပန်းရနံ့၊ သစ်သီးရနံ့လေးများ ရောယှက်ကာ ထွက်ပေါ်နေသည်။
ထိုရနံ့မှာ အခြားမဟုတ်၊ ဒေါ်လေးချင် တစ်သက်လုံး အမြဲတစေ အသုံးပြုလေ့ရှိသည့် ရေချိုးဆပ်ပြာရနံ့ပင်။ နှစ်ပေါင်းများစွာကြာအောင် ထိတွေ့လာခဲ့သဖြင့် ချင်ချင့် ခန္ဓာကိုယ်လေးတွင်ပင် ထိုရနံ့မှာ စွဲထင်နေခဲ့ပြီ ဖြစ်သည်။
အန်းရန်ကိုယ်တိုင်လည်း ယနေ့ညတွင် ဟိုတယ်ကပေးသည့် ရေချိုးဆပ်ပြာကိုသာ အသုံးပြုခဲ့သော်လည်း၊ သူမ ခန္ဓာကိုယ်မှထွက်ပေါ်နေသော ထိုထူးခြားသည့် ရနံ့ကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။ စိတ်ထဲတွင် မြှုပ်နှံထားခဲ့သမျှ သံသယများ တဖန်ပြန်လည် ရုန်းကြွလာသော်လည်း၊ သူကိုယ်တိုင်ပင် အတည်မပြုနိုင်သေးသည့် ဆုံးဖြတ်ချက်တစ်ခုအား ချက်ချင်းမချရဲသေးဘဲ စိတ်ထဲ၌သာ တင်းတင်းကျပ်ကျပ် သိမ်းဆည်းထားလိုက်ရတော့သည်။
အန်းရန် ဘေးနားရှိ ချင်ချင့်လေးဆီမှ အိပ်မက်ယောင်သံသဲ့သဲ့ကို ကြားနေရသော်လည်း သတိမမူမိတော့ဘဲ အမြန်ပင် အိပ်မောကျသွားခဲ့သည်။ ချင်ချင့်လေးမှာမူ အိပ်မက်ကမ္ဘာထဲတွင် "ရန်ရန်... မေမေ့ရဲ့အသည်းကျော် သမီးလေး..." ဟု တတွတ်တွတ် ရေရွတ်ယောင်ယမ်းနေရှာ သည်။
အခြားတစ်ဖက်တွင်မူ ဖူဟန် ဖူစစ်ကျင်းအား စိတ်ပညာရှင်နှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့သည်။ စမ်းသပ်စစ် ဆေးမှု ရလဒ်များမှာ ကောင်းမွန်သည်ဟု မဆိုနိုင်သကဲ့သို့ ဆိုးရွားလွန်းသည်ဟုလည်း ပြော၍မရပေ။ ကုသမှုလုပ် ငန်းစဉ်အတွင်း ဆရာဝန်မှာ ဖူဟန်အားဝင်ရောက်ကြည့် ရှုခွင့်မပြုခဲ့သော်လည်း ဖူစစ်ကျင်းအခြေအနေနှင့် ပတ် သက်၍ ဖူဟန်နှင့် သေချာစွာဆွေးနွေးခဲ့သည်။
"လူနာက အချိန်အတော်ကြာအောင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရလို့ စိတ်ဒဏ်ရာတွေ ရရှိနေတာပါ၊ ဒီဒဏ်ရာတွေက ကလေးဘဝအတွေ့ အကြုံတွေကနေ မြစ်ဖျားခံခဲ့တာဖြစ်သလို၊ ဆွေမျိုးသား ချင်းတွေရဲ့ ဆက်ဆံပုံနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ် ဒါပေမဲ့ကောင်းတဲ့အချက်ကတော့ သူဟာ အခုနောက်ပိုင်းမှာ ခွင့်လွှတ်ဖို့ ကြိုးစားလာပြီး ကုသမှုမှာလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာတာပါပဲ၊ အချစ်က သူ့ကို ခွန်အားတွေပေးနေတာဟာ ထင်ရှားနေတဲ့အတွက် ပြန်လည်ကျန်းမာလာဖို့ အလားအလာရှိပါတယ် ဒါပေမဲ့ ဒါက အချိန်ယူရမှာဖြစ်ပြီး ဒီကာလအတွင်းမှာ လူနာကို ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုမျိုးတွေ ထပ်မပေးဖို့ အထူးသတိပြုရပါလိမ့်မယ်"
ဆရာဝန်၏မှတ်ချက်စကားများကို နားထောင်ရင်း ဖူဟန် မျက်နှာမှာ ပိုမိုမှောင်ကျကာ တင်းမာသွားခဲ့ရတော့သည်။
ဖူဟန် စိတ်နှလုံးအား လေးလံသွားစေသည်မှာ သားကြီး၏ ကုသမှုအတွက် အချိန်အတော်ကြာယူရမည်ဟူသော အချက်ကြောင့်မဟုတ်ပေ။ ထိုကိစ္စကိုမူ သူ ကြိုတင်ပြင် ဆင်ထားပြီးသား ဖြစ်သည်။ သို့သော် သူ့အား အကြီးအ ကျယ်ရိုက်ခတ်သွားစေသည်မှာ သားဖြစ်သူ ဖျားနာရခြင်း ၏အဓိကအကြောင်းရင်းဖြစ်သော "အချိန်အတော်ကြာ ပြင်းထန်သည့် အကြမ်းဖက်မှုကို ခံစားခဲ့ရခြင်း" ဆိုသည့် စကားရပ်ပင်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဖူဟန် ရုတ်တရက်အား ကိုးရာမဲ့သွားသလို ခံစားလိုက်ရကာ လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်လိုက်မိသည်။ အမြဲတမ်း မတ်မတ်ရှိနေခဲ့သော သူ့ကျောပြင်ကြီးမှာ တစ်ခဏအတွင်း ပြိုလဲကျသွားသကဲ့သို့ ဖြစ်သွားပြီး၊ သူ့ ရုပ်သွင်မှာလည်း အသက်များစွာပိုကြီးရင့်သွားသလို ထင်မှတ်ရသည်။
ဒါဆိုရင်... သားဖြစ်သူ စွပ်စွဲခဲ့သမျှသည် အမှန်တရားတွေ ဖြစ်နေခဲ့ပြီပေါ့။ သူသည် ဤမိသားစုအတွင်း၌ ဘာကိုမျှ မသိနားမလည်သည့် အသုံးမကျသော "ဘေးလူ" တစ်ယောက်သက်သက်သာ ဖြစ်နေခဲ့ခြင်းပင်။
သူသည် သားဖြစ်သူအား ကာကွယ်ပေးရမည့် ဖခင်တစ်ဦးအနေနှင့် တာဝန်မကျေခဲ့သလို၊ ဇနီးသည်အပေါ် နွေးထွေးမှုပေးရမည့် ခင်ပွန်းတစ်ယောက်အနေနှင့်လည်း အလွန်အ မင်း ပျက်ကွက်ခဲ့လေပြီ။
အခုတော့... ငါ့ရဲ့ ပျက်ကွက်မှုတွေက ဝဋ်ပြန်လည်နေတာလား?
သူ့ရှေ့တွင်မူ ယိယိသည် ဖူစစ်ကျင်း၏အေးစက်တောင့် တင်းနေသော လက်ကလေးကို အားပေးသည့်အနေဖြင့် တိတ်တဆိတ် ဆုပ်ကိုင်ထားပေးသည်။ စိတ်ပညာရှင်၏ ကုသမှုမှာ ဖူစစ်ကျင်း နှစ်ရှည်လများ ဖုံးကွယ်ထားခဲ့သော၊ ပြည်တည်နေသည့် ဒဏ်ရာဟောင်းများကို အတင်းအဓမ္မ ပြန်လည်ဖွင့်ထုတ်ပေးလိုက်သကဲ့သို့ ဖြစ်နေသဖြင့် ယခုအချိန်တွင် သူသည် နောက်ထပ် စိတ်ဒဏ်ရာအသစ်တစ်ခုအား ထပ်မံရရှိလိုက်သလို ခံစားနေရသည်။
အမှန်စင်စစ် ကုသမှုခံယူနေစဉ်အတွင်းမှာပင် ဖူစစ်ကျင်းမှာ စိတ်ဝေဒနာများပြန်လည်ထကြွခဲ့သေးသည်။ သို့သော် သူ့အခြေအနေကိုကြည့်ပြီး ဘေးနားရှိ ချစ်ရသူများ ပူပန်စိုးရိမ်ရမည်ကို မလိုလားသဖြင့်၊ ထိုအကြောင်းအား မည်သူ့ကိုမျှမပြောရန် ဆရာဝန်ထံတွင် အထူးတလည်တောင်းဆိုကာ ဖုံးကွယ်ထားခဲ့လေသည်။
အမှန်စင်စစ် ဆရာဝန်ထုတ်ဖော်မပြောပြလျှင်ပင် ဖူဟန်နှင့် ယိယိတို့သည် ထိုအခြေအနေအားကြိုတင်ခန့်မှန်းထားပြီး ဖြစ်ကြသည်။ သို့သော် ဖူစစ်ကျင်း၏ ထိခိုက်လွယ်သော စိတ်အခြေအနေကို ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ သူ စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့်လည်း ကောင်း သူတို့နှစ်ဦးစလုံး ဘာမျှမသိသကဲ့သို့ပင် ဟန်ဆောင်ပေးနေခဲ့ကြသည်။
ဟိုတယ်သို့ ပြန်ရောက်သည့်အခါ ဖူဟန် မိမိအခန်းသို့ တန်းသွားကာ အနားယူခြင်းမရှိဘဲ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်ကို အတင်းရုန်းကြွကာ သားငယ်ရှိရာအခန်းဆီသို့ ဦးတည်လိုက်သည်။ သူ အခန်းတံခါးရှေ့တွင် ရပ်တန့်ကာ အသာအယာ ခေါက်လိုက်လေသည်။
ခဏအကြာတွင်မူ ဖူစစ်ချန် ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် အိပ်ချင်မူးတူး ဖြစ်နေသည့် မျက်လုံးများကို ပွတ်သပ်ရင်း တံခါးလာဖွင့်ပေးသည်။ သူ့ပုံစံမှာ နှစ်ခြိုက်စွာအိပ် ပျော်နေရင်းမှ ရုတ်တရက် နိုးလာသည့်ဟန်ပင်။
"ပါး ? ပြန်လာပြီလား"
ဖူစစ်ချန် မိမိအခန်းတံခါးဝတွင် ဖခင်ဖြစ်သူအား မမျှော် လင့်ဘဲ တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။
"ချင်ချင် ဘယ်မှာလဲ"
စကားဆုံးမှ မိမိအသံမှာ အလွန်ပင် ခြောက်ကပ်နေပြီး အက်ကွဲလုနီးပါး ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဖူစစ်ချန်မှာ အလွန်အိပ်ချင်မူး တူး ဖြစ်နေသောကြောင့် ထိုထူးခြားမှုအားသတိမပြုမိပေ။ ဖခင်ဖြစ်သူမှ ချင်ချင့်အကြောင်း မေးသည်ကို ကြားသောအခါ သူ အခန်းထဲသို့ မေးငေါ့ပြရင်းပြန်မေးလိုက်သည်။
"ချင်ချင့် အထဲမှာရှိတယ်၊ အန်းရန်နဲ့ အတူအိပ်နေတာ၊ သွားခေါ်ပေးရမလား"
ကလေးမလေးအား သွားခေါ်ရန်မှာ လွယ်ကူသော်လည်း အန်းရန်နှင့် ချင်ချင့်တို့မှာ မနက်ခင်းတွင် နှိုးလျှင် အလွန်ဂျီကျတတ်သူများ ဖြစ်ကြရာ၊ ဖူစစ်ချန် သူကိုယ်တိုင်ပင် အခန်းထဲမှ ပြန်ထွက်မလာနိုင်တော့မည်ကို စိုးရိမ်နေမိသည်။ သို့သော် ဖူဟန် တားမြစ်လိုက်သည်။
"မလိုဘူး၊ မနှောင့်ယှက်နဲ့တော့၊ သူတို့ အနားယူပါစေ"
ထို့နောက် ဖူဟန် ထပ်မမေးတော့ဘဲ သားငယ်ဖြစ်သူအား အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း "စစ်ချန်?" ဟု နာမည်ခေါ်လိုက်သည်။
"ဗျာ?"
ဖူစစ်ချန် သိချင်စိတ်ဖြင့် ပြန်ထူးလိုက်ရာ ဖူဟန် မေးမြန်းလိုက်သည်။
"မင်း အထင်... ငါက ဖခင်ကောင်း တစ်ယောက်လား"
သူ ထိုမေးခွန်းအား ဘာကြောင့် မေးမိမှန်းပင် မိမိကိုယ်ကိုယ် မသိတော့ပေ။
ဖူစစ်ချန် ခေတ္တစဉ်းစားပြီးနောက်ရိုးသားစွာ ဖြေလိုက်သည်။
"အဆင်ပြေပါတယ်... ပါးက မားအပေါ်မှာ အရမ်းတည် ကြည်လွန်းပြီး အေးစက်လွန်းတာရယ်၊ တစ်ခါတလေ နည်းနည်းကြောက်ဖို့ကောင်းတာကလွဲရင် ကျန်တာတော့ အားလုံး အဆင်ပြေပါတယ်"
"ဒါဆို ငါ့မှာ ဘာကောင်းကွက်တွေ ရှိသေးလို့လဲ"
ဖူဟန် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်အနေဖြင့်ပြုံးလိုက်ပြီး လှည့်ထွက်သွားတော့သည်။ သူသည် ပုံမှန်အား ဖြင့် စိတ်ခံစားချက်ကို အလွယ်တကူ ဖော်ပြတတ်သူ မဟုတ်သော်လည်း သားကြီး၏ဖျားနာမှုမှာ သူ့အား အပြင်းအထန် ထိခိုက်စေခဲ့သဖြင့် ခဏတာ စိတ်မထိန်းနိုင် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
အနည်းငယ် အားငယ်ပြီး မောပန်းနေသည့် ဖခင်၏ကျောပြင်ကြီး တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း ဖူစစ်ချန် တစ်ခုခုကို ပြောသင့်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထို့ကြောင့်ပင် သူ ထင်သည့်အတိုင်း ဆုံးဖြတ် ချက်တစ်ခုချလိုက်လေတော့သည်။
"ပါး!"
ကျယ်လောင်စွာ ထွက်ပေါ်လာသော အော်ဟစ်သံကြောင့် ဖူဟန်၏ ခြေလှမ်းများ ရုတ်ခြည်းရပ်တန့်သွားရသည်။
"ပါးက ဘယ်လိုလူပဲဖြစ်ဖြစ်၊ ပါးက ကျွန်တော့်ရဲ့ ပါးပဲ ဖြစ်နေမှာပါ၊ ကျွန်တော်ကလည်း ပါးရဲ့ သားပဲ ဖြစ်နေမှာပဲလေ၊ ပါးမှာ အားနည်းချက်တွေ ရှိသလို ကျွန်တော့်မှာလည်း အားနည်းချက်တွေရှိတာပါပဲ၊ ကျွန်တော်က အစ်ကို့လောက်လည်း မထူးချွန်ဘူး၊ ပါးနဲ့ မား သဘောမတူတဲ့ အိပ်မက်တွေကိုလည်း ဇွတ်မှိတ်ပြီး လိုက်နေမိတာ၊ ကျွန် တော်က စကားလည်း နားမထောင်ဘူး၊ ပါးကိုလည်း အမြဲ စိတ်ဆိုးအောင် လုပ်တတ်တယ်၊ ဒါပေမဲ့ ပါးတို့က ကျွန်တော့်ကို သားအဖြစ်ကနေ မလိုချင်ဘူးလို့ တစ်ခါမှ မပြောခဲ့ကြဘူး မဟုတ်လား"
သားငယ်ဖြစ်သူမှာ နောက်ဆုံးတွင် မိမိဘာတွေပြောနေမိမှန်းပင် မသိတော့လောက်အောင် စိတ်လှုပ်ရှားနေမိသည်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ နှာခေါင်းထဲတွင် စစ်ခနဲ ကျဉ်တက်လာကာ မျက်ရည်များဝိုင်းလာပြီး ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာခဲ့သည်။
"ဒါက လေတိုက်လို့ မျက်စိထဲ တစ်ခုခု ဝင်သွားတာပဲ ဖြစ်ရမယ်" ဟု သူကိုယ်သူ ဆင်ခြေပေးနေမိသော်လည်း၊ ဟို တယ်အတွင်းရှိ လူဝင်္ကပါကဲ့သို့သော လျှောက်လမ်းများထဲတွင် လေက မည်သည့်နေရာမှ တိုက်ခတ်လာသည်ကိုမူ သူ မစဉ်းစားမိတော့ပေ။
ဖူဟန် ဖြည်းညင်းစွာခေါင်းလှည့်လာပြီး သားဖြစ်သူအား နွေးထွေးစွာ ပြုံးပြရင်းခေါင်းညိတ်ပြလိုက်သည်။ ထိုမျှလောက်သော အကွာအဝေးမှပင် ဖူစစ်ချန်သည် ဖခင်ဖြစ်သူ မျက်လုံးများထဲတွင် မျက်ရည်များရစ်ဝိုင်းနေသည်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။
သူ တစ်ခဏမျှ ကြောင်အသွားရသည်။
သံမဏိကဲ့သို့ မာကျောသော သူ့ဖခင်မှာ... အမှန်တကယ်ငိုနေခြင်းလော ?