အခန်း (၆၉)
Vol. 8 Ch. 69
🍼 Chapter 69
"ဦးဦး... ဦးဦး..."
ချင်ချင်တစ်ယောက် အိပ်ရာနိုးနိုးချင်းမှာပင် သူမ၏ခြေတံတိုတိုလေးများဖြင့် ပြေးလွှားသွားကာ ဖူဟန့်အခန်းတံခါးကို တဒုန်းဒုန်းပြေးထုတော့သည်။
သူမမှာ ဒိုင်နိုဆောပုံစံ တစ်ဆက်တည်းဝတ်စုံလေးကို ဝတ်ထားဆဲဖြစ်ပြီး ဆံပင်တွေကလည်း မဖီးရသေးသဖြင့် မျက်နှာအနှံ့ ထိုးထိုးထောင်ထောင်နှင့် စုတ်ချာချာပုံစံလေးဖြင့် အခန်းထဲမှ ဝုန်းကနဲ ပြေးထွက်လာခြင်းဖြစ်သည်။
"ချင်ချင်... လျှောက်မပြေးနဲ့လေ!"
ဖူစစ်ချန်မှာ ချင်ချင်တစ်ယောက် လျှောက်ပြေးရင်း လူပျောက်သွားမည်ကို စိုးရိမ်သဖြင့် ဖိနပ်တောင် သေချာမစီးနိုင်ဘဲ ကမန်းကတန်း နောက်မှလိုက်လာရသည်။
တော်သေးသည်မှာ ချင်ချင် လမ်းမှတ်မိလွယ်သူဖြစ်နေခြင်းပင်။ မနေ့ကမှ တစ်ခေါက်ကြည့်ဖူးရုံရှိသေးသော် လည်း ယနေ့တွင် ဖူဟန့်အခန်းကို မမှားမယွင်း သွားတတ်နေပြီဖြစ်သည်။
ဤဟိုတယ်၏အသံလုံစနစ်မှာ သိပ်မကောင်းလှသဖြင့် ချင်ချင် တံခါးအနည်းငယ် ထုလိုက်ရုံနှင့် ဖူဟန် ကြားသွားပြီး တံခါးလာဖွင့်ပေးလေသည်။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကလေးမလေးမှာ ဖူဟန့်ခြေထောက်အား ပြေးဖက်လိုက်ပြီး ခေါင်းမော့ကာ မျက်နှာငယ်လေးဖြင့် တိုင်တောတော့သည်။
"ဦးဦးက မနေ့ညက ဘာလို့ ချင်ချင်နဲ့အတူတူ လာမအိပ်တာလဲဟင်..."
နိုးလာသည့်အချိန်တွင် ဘေးနား၌ ဖူဟန်ရှိမနေသည်ကို တွေ့လိုက်ရသဖြင့် ချင်ချင်တစ်ယောက် တော်တော်လေး လန့်သွားခဲ့ပုံရသည်။
သူလေး ကိုယ်ခန္ဓာသေးငယ်သွားပြီးကတည်းက အမြဲ တမ်း ဖူဟန်နှင့်အတူ အိပ်စက်ခဲ့ရသည် မဟုတ်ပါလား? အစောပိုင်း အခေါက်များက ဖူဟန် အလုပ်ကိစ္စကြောင့် အတူမအိပ်ပေးနိုင်သည့်အခါ ချင်ချင်တစ်ယောက် တစ်ညလုံး ထိုင်နေပြီး အိပ်စက်ရန်ငြင်းဆန်ခဲ့ဖူးသည်။ မည်သူကပင် ချော့မော့ပါစေ မရခဲ့ချေ။
ထိုကဲ့သို့ သုံးကြိမ်ခန့် ကြုံပြီးနောက်တွင်မူ ဖူဟန် အလုပ် မည်မျှပင်များပါစေ ချင်ချင်အား အဖော်ပြုပေးရန် အိမ်သို့ အရောက်ပြန်လာလေ့ရှိသည်။ ခရီးသွားစရာရှိလျှင်ပင် ဖျက်လို့ရက ဖျက်သည်၊ ဖျက်မရလျှင်လည်း ခရီးစဉ်အား အတတ်နိုင်ဆုံး လိုရင်းတိုရှင်းဖြစ်အောင် ဖြတ်တောက်ပြီး ချင်ချင်ဆီသို့ ထိုနေ့ချင်းချင်း အရောက်ပြန်လာတတ်သူဖြစ်သည်။
သို့ဖြစ်ရာ ယခုတစ်ခေါက် နိုးလာချိန်တွင် ဖူဟန်အား မတွေ့ရသောအခါ သူ့စိတ်လေး မည်မျှအထိ ပျက်စီးသွားမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ကလေးမလေးခမျာ နေရာမှာတင် ငိုချတော့မည့်ဆဲဆဲပင်။
နောက်မှ လိုက်လာသည့် ဖူစစ်ချန်မှာ ဖူဟန် သူ့အခန်းထဲ၌ အနားယူနေကြောင်း ဂရုတစိုက်ပြောပြလိုက်မှသာ အားရ ပါးရ အော်ငိုတော့မည့် ချင်ချင် ပါးစပ်လေးပိတ်သွားရသည်။ ထို့နောက် လူကြီးတွေ တားနေသည့်ကြားမှ ဖူဟန်ရှိရာဆီသို့ တစ်ဟုန်ထိုး ပြေးလာခဲ့ခြင်းဖြစ်သည်။
"တောင်းပန်ပါတယ်... ဦးဦးအမှားပါ"
ဖူဟန် ခါးကိုင်းပြီး ချင်ချင်အားပွေ့ချီလိုက်သည်။ နောက်ကနေ စိုးရိမ်တကြီး လိုက်လာသည့် သားငယ်ကိုလည်း စိတ်ချရန် မျက်ရိပ်ပြလိုက်ပြီး ချင်ချင်အား အခန်းထဲသို့ ခေါ်သွားလေသည်။
"ဦးဦး စိတ်မကောင်းဖြစ်နေတာလားဟင်"
ချင်ချင် လက်ကလေးကို ဖူဟန် လည်ပင်းနောက်မှာ ချိတ်ထားရင်း သူ့ဦးခေါင်းနောက်စေ့အား အသာအယာပုတ်ပေးနေသည်။ ၎င်းမှာ သူ တစ်စုံတစ်ယောက်ကို ချော့မော့ နှစ်သိမ့်သည့်အခါ လုပ်နေကျ အမူအရာလေးဖြစ်သည်။
ချင်ချင် သူ့စိတ်ခံစားချက်အား တစ်ချက်ကြည့်ရုံနှင့် သိသွားသည်ကို ဖူဟန် မအံ့သြတော့ပေ။ ဤကလေးမလေး မည်မျှအထိ အကဲခတ်ညဏ်ထက်မြက်သည်ကို သူ ကောင်းကောင်းသိထားပြီးသားဖြစ်သည်။
ဖူဟန် သူ့လက်ချောင်းလေးများကို ဘီးသဖွယ် အသုံးပြုကာ ချင်ချင်၏ ဖရိုဖရဲဖြစ်နေသောဆံပင်လေးများကို သပ်ရပ်အောင် လုပ်ပေးရင်း နူးနူးညံ့ညံ့ပြန်ပြောလိုက်သည်။
"ဦးဦး ဘာမှမဖြစ်ပါဘူး"
ချင်ချင် ဖူဟန့်မျက်နှာအား မယုံကြည်နိုင်သလို အကဲခတ်ကြည့်ရင်း "ညာနေတာပဲ... ဦးဦး တစ်ခုခုဖြစ်နေတာ သိသာနေတာကို"
"တကယ်ပါ... ဦးဦး ဘာမှမဖြစ်ပါဘူး"
ခဏတာ စိတ်ခံစားချက်လွန်ကဲသွားမှုကို ဖူဟန် ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ရာ သူ့တည်ငြိမ်မှုများ ပြန်လည်ဝင်ရောက် လာသည်။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ နောင်တတွေကြားထဲ နစ်မွန်းနေရန်မဟုတ်ဘဲ အတိတ်မှ အမှားများကို မည်သို့ပြန်လည် ပြုပြင်ပေးရမည်ဆိုသည့် အချက်ဖြစ် ကြောင်း သူ နားလည်သွားပြီဖြစ်သည်။
အရွယ်ရောက်ပြီးသား သူ့ဇနီးသည်မှာ သားကြီး၏ဝေဒနာကို သိ၊ မသိ သူ မသေချာသော်လည်း သူတို့သားအား အကောင်းဆုံး ကုသပေးနိုင်ရန် သူ အရင်ဆုံးကြိုးစားရမည်ဖြစ်သည်။ သို့မှသာ သူမနှင့် မျက်နှာချင်းဆိုင်ဝံ့မည် မဟုတ်လား?
ချင်ချင် ပါးလေးနှစ်ဖက်ကိုဖောင်းလိုက်ပြီး ဖူဟန်အား စူပုတ်ပုတ်လေး ကြည့်နေသည်။ သူ အမှန်အတိုင်း မဝန်ခံသဖြင့် စိတ်ကောက်နေသော်လည်း သူ မဝန်ခံမှတော့ သူမလည်း ဘာမှမတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် ချင်ချင်သာ အလျှော့ပေးလိုက်ရသည်။
"ဒါဆို ဦးဦးက ချင်ချင့်ကို ဆံပင်လေး စည်းပေး၊ ကျစ်ဆံ မြီးလေး နှစ်ဖက်ကျစ်ပေးနော်"
အိပ်ရာနိုးလာပြီဆိုတော့ အစားအသောက် ရှာဖွေရမည် မဟုတ်လား? ချင်ချင် သူ့ အစီအစဉ်ကို သူမကိုယ်တိုင် သေချာဆွဲထားပြီးသား ဖြစ်သည်။
"ကောင်းပါပြီ"
ဖူဟန် အလိုလိုက်သလို ပြုံးလိုက်ပြီး သူ့အား ကုတင်ပေါ်မှာ ထိုင်ခိုင်းထားကာ ဝတ်ရမည့်အဝတ်အစားများ သွားရှာပေးသည်။ ချင်ချင့် ခရီးဆောင်အိတ်မှာ ဖူဟန် အခန်းထဲသို့သာ ပို့ထားသဖြင့် ပစ္စည်းရှာရသည်မှာလွယ်ကူလှသည်။
ယခုအခါ ညနေစောင်းနေပြီဖြစ်သည်။ သူတို့တစ်သိုက်မှာ တစ်နေ့နှင့် တစ်ညလုံး အိပ်ပျော်သွားခဲ့ကြသဖြင့် အိပ်ရာနိုးချိန်မှာ မနက်စာမဟုတ်ဘဲ ညစာ (သို့မဟုတ်) ညဉ့်နက်စာ စားရမည့်အချိန်ဖြစ်နေသည်။
ဖူဟန် ချင်ချင်မှာသည့်အတိုင်း ကျစ်ဆံမြီးလေးနှစ်ဖက်ကို သေသေချာချာ ကျစ်ပေးလိုက်ပြီး သူမနှစ်သက်သည့် ကလစ်လေးကိုပါ တပ်ပေးလိုက်သည်။ ထို့နောက် စိမ်းနုရောင် ဂါဝန်လေးကိုပါ ဝတ်ပေးလိုက်ရာ လန်းဆန်းပြီး ချစ်စရာကောင်းသည့် "ပေါက်စီလုံးလေး" တစ်လုံးထွက်ပေါ်လာတော့သည်။
ချင်ချင်အား ပြင်ဆင်ပေးပြီးမှ သူကိုယ်တိုင်ပြင်ဆင်ရသော်လည်း ဖူဟန်နှင့် ချင်ချင်တို့အပြင်ထွက်နှုန်းမှာ ချစ်သူတွေပါလာသည့် သားနှစ်ယောက်ထက် ပိုမြန်နေဆဲပင်။ မိန်းကလေးတွေ မိတ်ကပ်ပြင်၊ အလှပြင်ရသည်မှာ အချိန်ပေးရသည် မဟုတ်လား ? ချင်ချင်ကမူ ကလေးလိမ်းခရင်မ်လေး တစ်မျိုးတည်းနှင့်တင် ကိစ္စပြတ်သည်။
သူတို့ တခြားသူများကို အတင်းစောင့်မနေတော့ဘဲ ဖူဟန် ချင်ချင်ကိုခေါ်ကာ အပြင်ထွက်ပြီး ညစာစားရင်းပတ်ဝန်း ကျင်အား လှည့်ပတ်ကြည့်ရှုရန် ထွက်လာခဲ့ကြသည်။ ဤခရီးမှာ ရောဂါကုသရန် လာခဲ့ခြင်းဖြစ်သော်လည်း အား လပ်ရက်ကို အချည်းနှီးမဖြစ်စေရန် အပန်းဖြေစရာရှိသည်ကိုလည်း တစ်ပါတည်း လုပ်ဆောင်သွားရမည်ဖြစ်သည်။ မကြာခင် ရက်သတ္တပတ်အနည်းငယ်ကြာလျှင် ချင်ချင် ကျောင်းပြန်တက်ရတော့မည် မဟုတ်ပါလား?
ဖူဟန်ဖြစ်စေ၊ ကူးလန်ဖြစ်စေ ချင်ချင်အား ဘေးကင်းအောင် ဂရုစိုက်ကြသော်လည်း ပညာသင်ကြားမှုကိုတော့ လုံးဝ အဟန့်အတားမဖြစ်စေလိုကြချေ။ လူဆိုသည်မှာ စာဖတ်မှသာ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ရာ ပညာရေးကို လွယ်လွယ်နှင့်လက်မလွှတ်နိုင်ပေ။
ဖူဟန်၏ ကုမ္ပဏီခွဲမှာ ဤနေရာတွင် ရှိနေသဖြင့် ဥက္ကဋ္ဌကြီး ကိုယ်တိုင်ရောက်လာချိန်တွင် ကုမ္ပဏီဘက်မှ အစစအရာ ရာစီစဉ်ပေးထားသည်။ ဟိုတယ်အပြင် ဖူဟန် အချိန်မရွေး အသုံးပြုနိုင်ရန် ကားနှင့် ဒရိုင်ဘာကိုပါ အဆင်သင့် ပြင်ဆင်ပေးထားသည်။
ဖူဟန် ကုမ္ပဏီမှ စီစဉ်ပေးသည့်ကားကိုသာ စီးပြီးထွက်လာခဲ့သည်။ သူ ဤဒေသအကြောင်း သိပ်မသိသဖြင့် ဒရိုင်ဘာကိုပင် စားသောက်ဆိုင်ကောင်းကောင်း ညွှန်းခိုင်းလိုက်သည်။
စကားပြောရာတွင် လေယူလေသိမ်း ပြင်းထန်သည့် ဒရိုင်ဘာဦးလေးကြီးမှာ အတွေ့အကြုံရင့်သူ တစ်ဦးဖြစ်ပုံရသည်။ သူကား ဒေသထွက်စားသောက်ဆိုင်များအကြောင်း အလွတ်ရနေသလို ပြောပြပေးပြီး ကလေးများနှင့် သင့်တော်မည့်ဆိုင်များကိုပါ သေသေချာချာ ရွေးချယ်ပေးရှာသည်။ သူက အတော်လေး ဂရုစိုက်တတ်သူဖြစ်ရာ ဥက္ကဋ္ဌကြီး၏ဒရိုင်ဘာအဖြစ် အဘယ်ကြောင့် အရွေးခံရသည်ကို နားလည်နိုင်ပေသည်။
"ခင်ဗျား ကုမ္ပဏီမှာ ဒရိုင်ဘာပဲ လုပ်တာလား"
ထိုဒရိုင်ဘာကို ဖူဟန်သဘောကျသွားသဖြင့် သူ့အကြောင်း စူးစမ်းမိသည်။
"မဟုတ်ပါဘူး... တကယ်တော့ ကျွန်တော်က ဂိုဒေါင်တာဝန်ခံ တစ်ယောက်ပါ"
ဒရိုင်ဘာဦးလေးကြီးမှာ ဟာသနှောကာ ပြန်ဖြေသည်။
"အားလုံးက ကျွန်တော့်ကို 'ဂိုဒေါင်ပီတာ' လို့ ခေါ်ကြတယ်"
"ဂိုဒေါင်တာဝန်ခံ ဟုတ်လား"
ဖူဟန် အံ့သြသွားသည်။
"ခင်ဗျားရဲ့ စကားပြောပုံနဲ့ အကဲခတ်တတ်ပုံအရ အနည်း ဆုံး အရောင်းဝန်ထမ်းတစ်ယောက် ဖြစ်မယ်လို့ ထင်ထားတာ"
"အမှန်အတိုင်း ပြောရရင် ကျွန်တော် စလျှောက်တုန်းက အရောင်းဝန်ထမ်းအဖြစ်လျှောက်ခဲ့တာပါ ဒါပေမဲ့ မန်နေဂျာက ကျွန်တော့်ရုပ်က အရမ်းကြီး ဆွဲဆောင်မှုမရှိဘူး၊ ဟိုလူငယ်လေးတွေလောက် လူကြည့်မကောင်းဘူးလို့ ယူဆပုံရတယ်"
ပီတာမှာ သူ့ကိုယ်သူ ရယ်ကျဲကျဲဖြင့် ပြောပြသည်။
"ကျွန်တော် ဂိုဒေါင်ထဲမှာ မနေချင်ပေမဲ့ ခင်ဗျားတို့ ကုမ္ပဏီကပေးတဲ့ လစာကအတော်လေးကောင်းနေတာကိုး၊ သမီးလေးတွေရဲ့ကျောင်းလခအတွက် ဒီအလုပ်က ကျွန်တော့်အတွက် သိပ်အရေးကြီးတယ်လေ"
"သမီးလေးတွေ ဟုတ်လား"
ဖူဟန် ဘေးနားမှာ ခြေထောက်လေးကို ဆွဲကစားနေသည့် ချင်ချင်အား တစ်ချက်ကြည့်လိုက်ပြီး ကျွတ်ထွက်တော့မည့် သူလေး ဖိနပ်လေးကို ပြန်စွပ်ပေးလိုက်သည်။ 'ကစားစရာ' မရှိတော့သောအခါ ချင်ချင် ဖူဟန်အား အပြစ်ကင်းစင်စွာ မော့ကြည့်ပြီး သူ့လက်ကြီးများကို ထပ်မံစိတ်ဝင်စားသွားပြန်သည်။
လက်ချောင်းလေးဖြင့် ထိုးလိုက်၊ လက်ဖျားလေးနှင့် တို့လိုက်လုပ်နေစဉ် ဖူဟန် သူ့လက်ချောင်းကို အသာလေး လှုပ်လိုက်သောအခါ ချင်ချင်တစ်ယောက် လန့်သွားပြီး နောက်သို့ ဆုတ်သွားသည်။ ခဏနေတော့ ဘာမှမလှုပ်တော့သည့် လက်ကြီးအားကြည့်ကာ တစ်ဖန် ပြန်ကပ်လာပြီး ဆော့ကစားပြန်သည်။
သည်လိုနှင့် အကြိမ်ကြိမ် ဆော့ကစားရင်း ချင်ချင့် တခိခိရယ်သံလေးများ ထွက်ပေါ်လာရာ ဖူဟန်ပင်လိုက်ပြုံးမိတော့သည်။
နောက်ခန်းမှ ရယ်သံလေးများကို ကြားရသောအခါ ပီတာလည်း လိုက်ပြုံးမိသည်။
"ကျွန်တော့်မှာ ရတနာလိုတန်ဖိုးရှိတဲ့သမီးလေးသုံးယောက် ရှိတယ်၊ အကြီးဆုံးက အလယ်တန်းတက်နေပြီ၊ ဒုတိယသမီးက မူလတန်း၊ အငယ်ဆုံးလေးကတော့ ခင်ဗျားရဲ့ သမီးလေးနဲ့ အရွယ်တူလောက်ပဲ၊ နတ်သမီးလေးလို ချစ်ဖို့ကောင်းတာ"
ဖူဟန်နှင့် ဆော့ကစားနေသည့် ချင်ချင်အား ကြည့်ရင်း ပီတာ ထပ်လောင်းပြောလိုက်သည်။
"ကျွန်တော့်အမြင်မှာတော့ ကလေးတိုင်းဟာ ကောင်းကင် တမန်လေးတွေပါပဲ"
"မှန်ပါတယ်"
ဖူဟန် ရှားရှားပါးပါးပင် ထောက်ခံစကား ဆိုလိုက်သည်။
စကားပြောနေရင်း စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။ ဖူဟန် ပီတာအား သူနှစ်သက်ရာနေရာမှာ ခဏသွားနားရန်နှင့် ည ၁၁ နာရီလောက်မှ ပြန်လာကြိုရန် မှာကြားလိုက်သည်။
ပီတာ ထွက်သွားပြီးနောက် ဖူဟန် ချင်ချင်ကိုခေါ်ပြီး ညစာစားရန် ဆိုင်ထဲဝင်ခဲ့သည်။ တော်သေးသည်မှာ ဤအချိန်ထိ ဆိုင်မပိတ်သေးခြင်းပင်။ မဟုတ်လျှင် ညဈေးတန်းမှာသာ အစားအသောက် လိုက်ရှာရတော့မည်။ ထိုနေရာက အစားအသောက်များမှာ ကျန်းမာရေးအတွက် သိပ်စိတ်မချရပေ။
စားသောက်ပြီးချိန်တွင် အိမ်ဖော်ပြောခဲ့သည့်အတိုင်းပင် ချင်ချင် နိုင်ငံခြားသား စားသောက်ကုန်များကို သိပ်မစားနိုင်ချေ။ ပေါင်မုန့် တစ်ကိုက်၊ နှစ်ကိုက်ကိုသာ ဝါးနေပြီး စွပ်ပြုတ် အနည်းငယ် သောက်သည်။ သေသေချာချာ မကျက်သေးသလို မြင်ရသည့် အသားတွေကိုတော့ သူမ လုံးဝမထိချေ။
သို့သော် အချိုပွဲကိုမူ အကုန်ပြောင်အောင် စားပစ်လိုက်သည်။ သူမ အစားသိပ်မစားသဖြင့် အချိုပွဲအများကြီးမစားရဟု ဖူဟန်လည်း တားမနေတော့ပေ။
ကလေးမလေးမှာ ဖူဟန်ချက်ပေးသည့် ပင်လယ်စာဆန် ပြုတ်အား လွမ်းဆွတ်နေပုံရသည်။ လူကြီးလေးတစ်ယောက်လို သက်ပြင်းချရင်း ဖူဟန်နောက်ကနေ ဆိုင်ပြင်ကို ထွက်လာခဲ့သည်။
"ဟင်းတွေက သိပ်မကောင်းလို့လား"
ဖူဟန် လက်ကလေးကို ဆွဲထားရင်း ဂရုတစိုက် မေးလိုက်သည်။
"အင်း..."
ချင်ချင် အားမရှိသလိုပြန်ဖြေသည်။ အရသာရှိသည့် အစားအစာ မစားရသဖြင့် သူမတစ်ကိုယ်လုံး စိတ်ဓာတ်တွေ ကျနေပုံရသည်။
"လိမ္မာပါတယ်... ခဏလေး အောင့်ထားနော်၊ အိမ်ပြန်ရောက်ရင် နို့ဖျော်တိုက်မယ်"
ဖူဟန် သူမအား ချော့မော့ရင်း ညအလှကို ကြည့်ခိုင်းရန် ခဏလောက် ထပ်လမ်းလျှောက်ခဲ့သော်လည်း ချင်ချင် စိတ်မပါလှသဖြင့် သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး လမ်းဘေးရှိ စူပါမားကတ်တစ်ခုထဲသို့ ဝင်သွားလေသည်။
"ဦးဦး ဘာဝယ်မလို့လဲ"
ချင်ချင် စူပါမားကတ်ထဲရှိ ပစ္စည်းမျိုးစုံ လိုက်ကြည့်နေရင်း မုန့်တွေရှိသည့်ဘက်ကို အဓိကထား အကဲခတ်နေသည်။
"ချင်ချင် ဒီပေါ်မှာ ထိုင်မလား"
ကလေးထိုင်ခုံပါသည့် တွန်းလှည်းလေးကို ဖူဟန် တွန်းလာပေးသည်။
"ထိုင်မယ်!"
ဒီလို "ယာဉ်အသစ်" မျိုးကို ချင်ချင် တစ်ခါမှ မစီးဖူးသေးသဖြင့် မျက်လုံးလေးတွေ ဝင်းလက်သွားကာ စိတ်ဓာတ်တွေ ပြန်တက်လာတော့သည်။
ချင်ချင် သဘောကျနေသည်ကို မြင်သောအခါ ဖူဟန် သူမအား ပွေ့ချီပြီး တွန်းလှည်းထဲသို့ သေသေချာချာ ထည့်ပေးလိုက်ကာ ပစ္စည်းတွေ လိုက်ဝယ်တော့သည်။
သူတို့ အသားနှင့် ဟင်းသီးဟင်းရွက် အပိုင်းကို အရင်သွားပြီးလိုအပ်သည်များဝယ်ယူကြသည်။ ထို့နောက် ဟင်းခတ် အမွှေးအကြိုင်များ၊ နောက်ဆုံးတွင် လျှပ်စစ်အိုးနှင့် ပန်းကန်ခွက်ယောက်များအထိ ဝယ်ယူလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဟင်းတစ်ခါမှ မချက်ဖူးသည့် ကလေးမလေးမှာ နားမလည်နိုင်စွာ မေးတော့သည်။
"ဦးဦး... ဘာလို့ အိုးတွေ ဝယ်နေတာလဲ"
"ချင်ချင်ကို ထမင်းချက်ကျွေးမလို့လေ၊ စားချင်လား"
ဖူဟန် ပြုံးလျက် မေးလိုက်သည်။
"စားချင်တယ်!"
ချင်ချင် အားရပါးရ ပြန်ဖြေသည်။ ထိုမကျက်တကျက် အသားတွေကို သူမ တကယ်ကို ထပ်မစားချင်တော့ပေ။
စင်ပေါ်မှာ ဆန်အိတ်တွေ တွေ့သဖြင့် ဖူဟန် အသေးဆုံးတစ်အိတ်ကို ဆွဲယူလိုက်ပြီး မုန့်တွေရှိရာဘက်ကိုလည်း ဝင်ခဲ့သည်။ ချင်ချင်အတွက် အသီးခြောက်နှင့် အစေ့အဆန် အဆာပြေမုန့်အချို့ကို ဝယ်ပေးသည်။
ချင်ချင် ဖူဟန် သတိမထားမိခင်မှာပင် သူမနှစ်သက်သည့် မုန့်များကို လှည်းထဲသို့ ခိုးခိုးထည့်နေသည်။ ထို့နောက် ဘာမှမသိသလို ဟန်ဆောင်ကာ ဖူဟန်အား ခိုးကြည့်လိုက်ပြီး သူ ဘာမှမပြောသည်ကို တွေ့သောအခါ လျင်မြန်သည့် လက်ကလေးဖြင့် နောက်ထပ် မုန့်တွေကို ထပ်ထည့်ပြန်သည်။
စူပါမားကတ်မှ ထွက်လာချိန်တွင် အစက အလွတ်ဖြစ်နေသောတွန်းလှည်းမှာ ပစ္စည်းများဖြင့်ပြည့်လျှံနေတော့ သည်။
အမှန်စင်စစ် ဖူဟန် ချင်ချင်၏ အမူအရာလေးများ သတိ ထားမိသော်လည်း သူမ ပျော်ရွှင်နေစေရန် တမင် ဟန်ဆောင်နေခြင်းသာ။ သို့သော် ပိုက်ဆံရှင်းပြီး အိမ်ပြန်ရောက်သည့်အခါတွင်မူ ချင်ချင့်မုန့်အိတ်ကြီးနှစ်အိတ်အားယူပြီး သားကြီးနှင့် သားငယ်ကို သွားပေးလိုက်သည်။ သားတွေက ကြီးကောင်ကြီးမားတွေ ဖြစ်နေပြီဖြစ်ရာ မုန့်စားဦးမလားဆိုသည်ကိုတော့ သူ ဂရုမစိုက်တော့ချေ။
မုန့်အိတ်တွေ ရလိုက်သည့် ဖူစစ်ချန်နှင့် ဖူစစ်ကျင်းတို့မှာတော့ ကြောင်အမ်းအမ်းဖြင့်ကျန်ရစ်ခဲ့သည်။ ဖခင်ဖြစ်သူ ဘာကြောင့် သူတို့ကို မုန့်ပေးသနည်း။ ချင်ချင်အား ဂရုစိုက်လွန်းရာမှ ဖခင်မေတ္တာတွေ လျှံတက်ပြီး သူတို့ကိုပါ ကလေးလို သဘောထားနေခြင်းလော၊ ဖြစ်နိုင်ခြေတော့ မရှိလှပေ။
"ချင်ချင်က အများကြီးဝယ်ခိုင်းလို့ ဦးလေးက သူ့ကို အကုန်မကျွေးချင်တာနဲ့ ရှင့်တို့ကို အမှိုက်ပုံးအဖြစ် သုံးလိုက်တာနေမှာပေါ့"
အန်းရန် အမှန်တရားကို တစ်ချက်တည်းနှင့် ထိုးဖောက်မြင်ကာ ဝေဖန်လိုက်သည်။
ယိယိလည်း ဘာဖြစ်နေသည်ကို ရိပ်မိသော်လည်း စကားကို အလှအပလေး သုံးကာပြောလိုက်သည်။
"ဦးလေးက နောင်တရနေလို့ ရှင့်ကို တစ်ခုခု ပြန်ပေးချင်နေတာလည်း ဖြစ်နိုင်တာပဲလေ"
"အဲ့လိုမျိုးလား..."
ဖူစစ်ကျင်း လက်ထဲမှ မုန့်အိတ်ကို လှုပ်ယမ်းကြည့်ရင်း မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားရလေတော့သည်။