← Chapters

အခန်း (၇၀)

Vol. 8 Ch. 70

အခန်း (၇၀)

Vol. 8 Ch. 70

🍼 Chapter 70

နိုင်ငံခြားရောက်နေသည့် ဤရက်ပိုင်းအတွင်း ဖူစစ်ကျင်း ယိယိနှင့်အတူ မနက်ထွက်ညပြန် ဆရာဝန်ထံ သွားရောက်ကုသမှု ခံယူနေခဲ့သည်။

ဖူစစ်ချန်ကမူ အန်းရန်ကိုခေါ်ကာ ချစ်သူစုံတွဲများ သွားလေ့ရှိသည့် အထင်ကရနေရာများသို့ လျှောက်လည်ပြီး အမှတ် တရဓာတ်ပုံများ ရိုက်နေခဲ့သည်။ လမ်းခွဲထားဖူးသည့် ဤချစ်သူဟောင်းနှစ်ဦးမှာ နေ့စဉ်နှင့်အမျှ လူမှုကွန်ရက်ပေါ်တွင် ၎င်းတို့၏ချိုမြိန်လှသော ပုံရိပ်များတင်ပေးနေကြရာ လူလွတ်များမှာ အားကျလွန်း၍ မျက်စိစပါးမွှေးစူးမတတ်ပင် ဖြစ်နေကြရသည်။

ထို့ကြောင့် နှစ်ဖက်လုံးမှ ဆွေမျိုးမိတ်ဆွေများမှာ စိတ်မရှည်တော့ဘဲ "ထိုနေရာမှာတင် ချက်ချင်းလက်ထပ်လိုက်ကြဖို့" နှင့် "နှစ်ယောက်လုံး အဝေးသို့ လွင့်ထွက်သွားကြဖို့" မှတ်ချက်များ ဝိုင်းရေးနေကြတော့သည်။

ဖူဟန်နှင့် ချင်ချင်ကမူ အိမ်လိုက်ကြည့်ရန် ထွက်သွားကြပြီဖြစ်သည်။ ဒေသတွင်း၌ အိမ်ရှာဖွေရန်ကိစ္စကို ဖူဟန် ပီတာ့ထံ တာဝန်ပေးထားပြီး သတ်မှတ်ချက်မှာလည်း ရိုးရှင်းသည်။ တိတ်ဆိတ်ငြိမ်သက်ရမည်ဖြစ်ပြီး စိတ်ကျန်းမာ ရေးဆေးခန်းနှင့် အနီးဆုံးဖြစ်ရန်သာ။

ပီတာမှာ ထိုအလုပ်အား ရင်ဘတ်ကို လက်သီးနှင့်ထုကာ အာမခံခဲ့ပြီး နောက်တစ်နေ့မနက်တွင်ပင် လိုအပ်ချက်နှင့် ကိုက်ညီသည့် အိမ်အချက်အလက်များ ယူဆောင်လာခဲ့သည်။ မိမိသားဖြစ်သူ နေထိုင်ရမည့်အိမ်ဖြစ်ရာ သူစိမ်း တစ်ယောက်တည်းကို လုံးဝပုံအပ်ထား၍မဖြစ်နိုင်ချေ။ သို့ဖြစ်ရာ နောက်ရက်များတွင် ဖူဟန် ချင်ချင်ကိုခေါ်ကာ အိမ်များလိုက်လံကြည့်ရှုခဲ့ပြီး နောက်ဆုံးတွင် သင့်တော်သည့် နေရာနှစ်ခုကို ရွေးချယ်လိုက်နိုင်သည်။

ပထမတစ်ခုမှာ ဆေးခန်းတောင်ဘက် ကိုက်နှစ်ရာခန့်အကွာ လမ်းမပေါ်ရှိ တိုက်ခန်းဖြစ်သည်။ ထိုဒေသရှိ လူများမှာ ညဘက်ထွက်လည်လေ့မရှိသဖြင့် နေ့ဘက်တွင် အနည်းငယ် ဆူညံနိုင်သော်လည်း ညဘက်တွင်မူ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်လှသည်။

ဒုတိယတစ်ခုမှာ အနည်းငယ်ဝေးပြီး ဆေးခန်းနှင့် တစ်ကီလိုမီတာခန့် အကွာတွင်ရှိသည့် ပန်းခြံပါသော သီးသန့်အိမ်ရာဖြစ်သည်။ ၎င်းမှာ အဆင့်မြင့်ရပ်ကွက်ဖြစ်သဖြင့် ပတ်ဝန်းကျင်မှာ ပိုကောင်းသလို သီးသန့်လုံးချင်းအိမ်ဖြစ်၍ ဖူစစ်ကျင်းအတွက် ပိုသက်သောင့်သက်သာ ရှိစေနိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ဆေးခန်းသို့သွားလျှင် တစ်ကီလိုမီတာခန့် သွားရခြင်းဖြစ်သော် လည်း ကားမောင်းလျှင် ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့်သာကြာ မြင့်သဖြင့် သိပ်တော့ မဝေးလှပေ။

ဖူဟန် တစ်လှည့်စီ စဉ်းစားကြည့်သော်လည်း ဆုံးဖြတ်ရခက်နေသဖြင့် အိမ်အချက်အလက်နှစ်ခုလုံး သားဖြစ်သူထံ ပို့ပေးကာ ကိုယ်တိုင်ရွေးခိုင်းလိုက်သည်။ ဖူစစ်ကျင်း ပန်းခြံပါသည့် သီးသန့်အိမ်ကိုသာ ရွေးချယ်ခဲ့ပြီး ဖခင်ဖြစ်သူ့ငွေကြေးအား မသုံးဘဲ မိမိဘာသာဝယ်ယူခဲ့သည်။ သူကိုယ်တိုင် ငွေရှာနိုင်သူဖြစ်ရာ အိမ်ဝယ်ရန် ဖခင်ထံမှ ငွေယူရမည်ကို သူ လက်မခံနိုင်ချေ။ သားဖြစ်သူ ဇွတ်အတင်း ငြင်းဆိုနေသဖြင့် ဖူဟန်လည်း လိုက်လျောလိုက်ရသည်။ ဖူဟန်အမြင်တွင်မူ ထိုငွေပမာဏမှာ ဂဏန်းအနည်းငယ်မျှသာ ကွာခြားသည်ဟု မှတ်ယူထား၍ဖြစ်သည်။

ဖူဟန်မှာ အလွန်အလုပ်များသူဖြစ်သည်။ ဤခရီးတွင် သားကြီးအတွက် ကုသမှုနှင့် နေထိုင်ရေးကို စီစဉ်ပေးရုံသာမက ကုမ္ပဏီခွဲကိုလည်း ဝင်ရောက်စစ်ဆေးကာ အရေး ကြီးကိစ္စရပ်အချို့ ဖြေရှင်းပေးခဲ့ရသေးသည်။ အလုပ်များနှင့် လုံးပန်းနေလိုက်သည်မှာ ပြန်ခါနီးမှပင် ချင်ချင်လေးမှာ သူ့နောက်သို့ လိုက်ပါရင်း အလုပ်ရှုပ်နေခဲ့ရပြီး ကောင်း ကောင်းမလည်ပတ်ရသေးသည်ကို သတိပြုမိတော့သည်။

အထူးသဖြင့် ချင်ချင်လေး၏ ပါးဖောင်းဖောင်းလေးများ အနည်းငယ် ပိန်ကျသွားသည်ကို မြင်ရသောအခါ ဖူဟန် စိတ်ထဲ နောင်တနှင့် အားနာစိတ်တို့ပြည့်လျှံသွားရသည်။ ချင်ချင်လေးမှာ ပထမဆုံးနေ့ကတည်းကပင် ရေမြေမတည့်သည့် ဝေဒနာအား ခံစားနေရခြင်းဖြစ်သည်။ ဒေသစာကို မစားနိုင်သလို ရာသီဥတုနှင့်လည်း သိပ်အဆင်မပြေလှချေ။ သူမမှာ ဖျားနာခြင်းမရှိသော်လည်း တစ်နေ့လုံး မှိုင်တွေငိုင်နေပြီးစိတ်မပါသလိုဖြစ်နေတတ်သည်။သို့သော် လူကြီးများကို စိတ်မပူစေလိုသဖြင့် သူလေးမှာ တမင် ဟန်ဆောင်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကလေးတစ်ယောက်၏စုတ်ချာလှသည့် ဟန်ဆောင်မှုမှာ ပါးနပ်သည့် လူကြီးများကို မည်သို့လျှင် လှည့်ဖြားနိုင်ပါ့မည်နည်း။

"ချင်ချင်... နေလို့မကောင်းသေးဘူးလား"

ဖူဟန် သူကိုယ်တိုင်ချက်ထားသည့် ဆန်ပြုတ်လေးကို တိုက်ကျွေးပြီးနောက် သူမ နဖူးလေးအား လက်ဖမိုးဖြင့် စမ်းကြည့်လိုက်သည်။ ကိုယ်အပူချိန်မှာ ပုံမှန်ပင်ဖြစ်သော် လည်း သူလေးမှာ အားမရှိသလို ဖြစ်နေဆဲပင်။

ချင်ချင် ဖူဟန့်အင်္ကျီလက်စလေးကို ဆွဲလိုက်ပြီး နောက် ဆုံးတွင်မူ တိုးတိုးလေးဖွင့်ပြောလာတော့သည်။

"ချင်ချင်... အိမ်ပြန်ချင်ပြီ"

အိမ်မှ အိစက်နေသည့် ကုတင်ကြီးအား လွမ်းလှပြီ၊ တိတိနှင့် နျန်ကောင်းကိုလည်း လွမ်းသည်၊ နောက်ဆုံးတွင် သူ့ မုန့်များကို ခိုးစားတတ်သည့် ဘေးအိမ်မှ ဝတုတ်လေးကိုတောင် သတိရမိနေပြီဖြစ်သည်။

"ကောင်းပါပြီ... ငါတို့တွေ အိမ်ပြန်ကြမယ်နော်"

မပြန်မီ ချင်ချင်အားလျှောက်လည်ရန် ခေါ်သွားဦးမည်ဟု စဉ်းစားထားသော်လည်း ယခုမူ မလိုအပ်တော့ဟု သူ ထင် မြင်လိုက်သည်။ ဖူဟန် ချင်ချင့် ခေါင်းလေးကို ပွတ်သပ်ပေးပြီးနောက် သူမရှေ့မှာတင်ခရီးဆောင်အိတ်ဆွဲထုတ် ကာ ပစ္စည်းများစတင်သိမ်းဆည်းတော့သည်။

ချင်ချင် အိမ်ပြန်ရတော့မည်ကို သိသည်နှင့် တစ်ပြိုင်နက် ကုတင်ပေါ်မှ ဆင်းကာ ဖူဟန်အားကူညီရန် ဟိုပြေးဒီပြေး လုပ်နေတော့သည်။ အလုပ်ကြိုးစားသည့် ပျားပန်းခတ်လေးတစ်ကောင်နှယ်။

"အိမ်ပြန်ရမယ်ဆိုတော့ ဒီလောက်တောင် ပျော်နေတာလား"

ဖူဟန် ပြုံးရင်း ချင်ချင့်နှာခေါင်းလုံးလုံးလေးကို တို့လိုက်ရာ ကလေးမလေးမှာ နှာခေါင်းလေးရှုံ့ပြီး ဟဲဟဲဟု ရယ်လိုက်သည်။

"ပျော်တာပေါ့... ချင်ချင် အိမ်ပြန်ပြီး ကာတွန်းကား ကြည့်ချင်ပြီ!"

သူ အားရပါးရ ကြေညာလိုက်တော့သည်။

ဖူဟန် : "..."

သြော်... ဒီရက်ပိုင်း ချင်ချင်လေး စိတ်မရွှင်ဖြစ်နေသည်မှာ သူနှစ်သက်တဲ့ ကာတွန်းကားတွေမကြည့်ရလို့ပေါ့ !!

အမှန်တရားကို သိသွားသော်လည်း အိမ်အပြန်ခရီးစဉ်ကိုမူ ဖူဟန် မရပ်တန့်ခဲ့ချေ။ သူသည် ည ၁၁ နာရီ လေယာဉ်လက်မှတ်ဖြတ်လိုက်ပြီး အိပ်နေရင်း ပြန်လျှင် အိမ်ရောက်သည့်အချိန်မှာလည်း ညဘက်ပင် ဖြစ်နေဦးမည်ဖြစ်သည်။ နိုင်ငံနှစ်ခုကြား စံတော်ချိန် ကွာခြားချက်ရှိသည်မှာ သဘာဝပင်မဟုတ်လား?

ဖူစစ်ချန်နှင့် အန်းရန်မှာ ချင်ချင်တို့နှင့်အတူ ပြန်ကြမည်ဖြစ်ပြီး ဖူစစ်ကျင်းနှင့် ယိယိကမူ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ယိယိ ခွင့်တစ်လလုံးယူထားသဖြင့် အချိန်များ အများကြီး ရှိသေးသည်။ ဖူစစ်ကျင်း၏အခက်ခဲဆုံးအချိန်များကို သူမ အနားတွင်ရှိနေပြီး အတူဖြတ်ကျော်ပေးချင်နေသည်။

ပစ္စည်းများသိမ်းဆည်းပြီး ဟိုတယ်မှ ထွက်လာချိန်တွင်မူ လာကြိုသူမှာ ပီတာပင်။ ပီတာသည် ဖူဟန်နှင့် ရင်းနှီးသွားပြီဖြစ်ရာ စကားပြောရသည်မှာလည်း ပိုပေါ့ပေါ့ပါးပါး ရှိလာသည်။

"ဆရာ... အခု ပြန်တော့မှာလား? နှမြောစရာပဲဗျာ၊ ဒီမြို့ရဲ့ အလှအပတွေကို ခင်ဗျားတို့ သေချာမခံစားရသေးဘူး"

ချင်ချင်ကမူ ဖူဟန့်ရင်ခွင်ထဲတွင် အိပ်ချင်မူးတူး ဖြစ်နေပြီဖြစ်သည်။ ထိုစကားကို ကြားသောအခါ သူမလေးသည် ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီးသဘောမတူကြောင်း ပြလိုက်သည်။ နောက်ဆိုလျှင် မည်သည့်အခါမျှ ခရီးဝေး မထွက်တော့ပါဟု စိတ်ထဲမှပြောနေပုံရသည်။

လေဆိပ်ရောက်သောအခါ လေယာဉ်ထွက်ရန် နှစ်နာရီခန့် လိုသေးသဖြင့် ဖူဟန် လေဆိပ်အတွင်းရှိ 'Hive' ဟိုတယ်တွင် ကြိုတင်စာရင်းသွင်းကာ ချင်ချင်အား ခေါ်၍ အနား ယူစေသည်။ ပထမတန်းအတွက် သီးသန့်နားနေဆောင် ရှိသော်လည်း အိစက်သည့် ကုတင်ပေါ်၌ အနားယူရခြင်းလောက် မည်သည့်အရာကမျှမယှဉ်နိုင်ချေ။

ပီတာ ပစ္စည်းများကူသယ်ပေးပြီးနောက် လေဆိပ်ထဲမဝင်မီတွင် ဖူဟန် ပီတာ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ခင်ဗျား တော်ပါတယ်... မနက်ဖြန်ကျရင် အရောင်းဌာနကို သွားပြီး အလုပ်တင်ပြလိုက်ပါ"

ပီတာ ခဏမျှကြောင်သွားပြီးမှ ထိုစကား၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူ့မျက်နှာပေါ်မှ အပြုံးမှာဖြည်းဖြည်း ချင်းစီ ပွင့်လန်းလာပြီး နောက်ဆုံးတွင်မူ ရူးမတတ် ပျော်ရွှင်သွားတော့သည်။ ပီတာတစ်ယောက် နေရာမှာတင် ခုန်ပေါက်ပြီး ကပြနေသဖြင့် လမ်းသွားလမ်းလာများတောင် လှည့်ကြည့်ကုန်ကြသည်။

ချင်ချင် ဒိုင်နိုဆောဝတ်စုံလေး ဝတ်ထားပြီး ကျောပိုးအိတ်လေးလွယ်ကာ ပန်းရောင် ခရီးဆောင်အိတ်လေးကို ဆွဲရင်း ဖူဟန်၏ လက်ကိုင်ကာ လေဆိပ်ထဲ၌ ဂုဏ်ယူဝင့်ကြွားစွာ လမ်းလျှောက်နေသည်။ သူ့ အိတ်လေးထဲတွင်မူ ကူးလန်တို့အတွက် လက်ဆောင်များ ပြည့်နေသဖြင့် အစကထက် ပိုလေးနေသည်။ ထိုအရာများမှာ ဖူဟန်အား အတင်းလိုက်ဝယ်ခိုင်းထားသည့် သူမ၏စေတနာလက်ဆောင်လေးများ ပင်။

ယိမ်းထိုးနေသည့် ချစ်စရာ ဒိုင်နိုဆောလေးကို လူအများ သတိထားမိကြပြီး ပြုံးပြကြသည်။ ချင်ချင်ကလည်း စိတ်ကြည်နေသဖြင့် လူများကို ပြန်ပြုံးပြနေခဲ့သည်။ သို့သော် လည်း အမှတ်မထင် အေးစက်စက် အကြည့်တစ်ခုနှင့် ဆုံသွားသောအခါ ချင်ချင်လေးကြောင်သွားပြီး အနီရောင် ဝတ်စုံဝတ်ထားသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးနှင့် ပုခုံးချင်းဆုံမိကာ ဖြတ်ကျော်သွားခဲ့သည်။

"စစ်ချန်... ဘာတွေ ကြည့်နေတာလဲ"

အန်းရန် ဖူစစ်ချန်အား တစ်ချက်ဆိတ်လိုက်ပြီး မကျေမနပ် မေးလိုက်သည်။

"ဟိုက အလှလေးကို ကြည့်စမ်း"

ဖူစစ်ချန် အန်းရန်ကို မေးငေါ့ပြလိုက်သည်။

"ဘော်ဒီကတော့ အလန်းပဲ"

အန်းရန် လှမ်းကြည့်လိုက်ပြီး အနီရောင် ဝတ်စုံနှင့် အမျိုး သမီးကို မြင်သောအခါ "မိုက်တယ်ဟ" ဟု လိုက်အော်မိသည်။

ယခုမူ ဖူစစ်ချန် စိတ်မသက်မသာ ဖြစ်သွားရပြန်သည်။ သူ အန်းရန် ခေါင်းကို အတင်းလှည့်ခိုင်းပြီး သူ့ကိုသာကြည့်ခိုင်းတော့သည်။

"ဘာလုပ်တာလဲ"

အန်းရန် ဖူစစ်ချန်လက်အား ပုတ်ထုတ်လိုက်သည်။

"မင်းကရော ဘာလုပ်တာလဲ၊ အဲ့လူက ငါ့လောက် ချောလို့လား"

သူ မကျေမနပ် ပြောနေပြန်သည်။ စောစောက မိန်းလှလေးအား စကြည့်သူမှာ သူကိုယ်တိုင်ဖြစ်သည်ကိုမေ့နေပုံရသည်။

"ယောက်ျားကြီးတန်မဲ့ သူများနဲ့ လာလှပြိုင်နေတယ်၊ တကယ်ကို အဆင့်မရှိတာ"

အန်းရန် မျက်စောင်းထိုးပြီး ဒီကလေးကလား ယောက်ျားကို ဂရုမစိုက်တော့ဘဲ ဖူဟန်တို့နောက်သို့လိုက်သွားတော့ သည်။

"ငါ အထင်သေးခံလိုက်ရတာလား"

ဖူစစ်ချန် ဖုန်းထုတ်ပြီး မှန်ကြည့်လိုက်သည်။

"ငါက ပိုချောတာ သိသာနေတာကို"

လေးယောက်သား တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသော်လည်း သူတို့နောက်မှ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားသည်ကိုမူ မမြင်လိုက်ကြချေ။ သူမ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပြီး ဖူဟန့်ကျောပြင်အား စူးစိုက်ကြည့်နေ သည်။ အေးစက်လှသည့် အကြည့်များအောက်တွင် ထိန်း ချုပ်မရသော ရူးသွပ်မှုများကိန်းအောင်းနေသယောင်...

"တကယ် တိုက်ဆိုင်တာပဲ... ဟန်နီ"

ဖူအိမ်တော်သို့ ပြန်ရောက်ချိန်တွင်မူ အားလုံးမှာ ပင်ပန်းနွမ်းနယ်လွန်း၍ ပျော့ခွေနေကြပြီဖြစ်သည်။ ချင်ချင်ဆိုလျှင် ဖူဟန် ရင်ခွင်ထဲမှာတင် အိပ်မောကျနေပြီဖြစ်ရာ ရေချိုး၊ ခေါင်းလျှော်ပေးနေစဉ်တွင်ပင် နိုးမလာတော့ချေ။

ဖူဟန် ချင်ချင်အား သူလေး ကုတင်လေးပေါ်တွင် သေသေ ချာချာ သိပ်လိုက်ပြီး စောင်ခြုံပေးကာ သားကြီးထံသို့လည်း ဘေးကင်းကြောင်း စာတိုလေးပေးပို့လိုက်သည်။ အဓိကအားဖြင့် ချင်ချင်လေး ဘေးကင်းစွာရောက်ရှိကြောင်းကိုသာ အသိပေးခြင်းဖြစ်သည်။ သူတို့သားအဖကြားတွင် ယခင်က ဤကဲ့သို့ နုနုရွရွဆက်သွယ်သည့် အလေ့အထမျိုးမရှိခဲ့ကြချေ။

သို့သော်လည်း ချင်ချင်လေး ဤအိမ်သို့ ရောက်ရှိလာပြီးနောက်တွင်မူ သေးငယ်လှသော်လည်း လူသားအချင်းချင်း နီးကပ်စေသည့် အလေ့အထလေးများ သူတို့မိသားစုတစ်ခုလုံးကို တဖြည်းဖြည်းချင်း လွှမ်းမိုးပြောင်းလဲစေခဲ့သည်။

ချင်ချင်လေးသည် အိပ်မက်ထဲတွင် တစ်ဖက်သို့ လှည့်လိုက်ပြီး သူ့ကိုယ်ပေါ်မှ စောင်အား ခြေထောက်နှင့် ကန်ထုတ်ပစ်လိုက်သည်။ ခြေဖဝါးလေးများကိုပါ လှုပ်ယမ်းနေပုံမှာ အတော်ကျေနပ်နေပုံရသည်။ သနားစရာကောင်းသည့် စောင်ကလေးမှာမူ ထောင့်တစ်နေရာတွင် အဖော်မဲ့စွာလွင့်စင်နေရှာတော့သည်။

ထိုအချိန်တွင် ဖူဟန် စာကြည့်ခန်းသို့သွား၍ အလုပ်လုပ်နေသဖြင့် ချင်ချင်လေး စောင်လွတ်နေသည်ကို အချိန်မီ မသိလိုက်ရချေ။

နောက်တစ်နေ့တွင်မူ မျှော်လင့်ထားသည့်အတိုင်းပင် ချင်ချင်လေး အအေးမိသွားတော့သည်။

ထိုကိစ္စအား အစောဆုံး သတိထားမိသူမှာ တစ်ညလုံး အလုပ်လုပ်၍ မနက်ပိုင်းအိပ်မောကျနေသည့် ဖူဟန်မဟုတ်ဘဲ လျှော်ရန်ရှိသည့် အဝတ်များ လာယူသည့် အိမ်ဖော်ကျန်းမားပင်။ သူမသည် အဝတ်များ အသာအ ယာယူ၍ထွက်သွားရန်ကြံရွယ်သော်လည်း ချင်ချင်လေး စောင်မခြုံဘဲ ကွေးကွေးလေး ဖြစ်နေသည်ကို မြင်လိုက်ရသည်။

အခြေအနေ မဟန်သည်ကို ရိပ်မိသည့် ကျန်းမားမှာ ချက် ချင်းပင် အနားသို့သွား၍စစ်ဆေးကြည့်လိုက်သည်။ သူမသည် ချင်ချင်လေးနဖူးလေးကို စမ်းကြည့်လိုက်ရာ အေးစက်နေပြီး ချွေးစေးများလည်း ထွက်နေသည်ကို တွေ့ရသည်။ ကလေးမလေး၏မျက်နှာလေးမှာလည်း ဖြူဖျော့ပြီး နေရခက်နေသည့်ပုံ ပေါက်နေရာ မနေ့ညက အအေးမိသွားမှန်း သိသာလှသည်။

ကျန်းမား မျက်နှာပျက်သွားပြီး ချက်ချင်းပင် စောင်နှင့် ချင်ချင်အား ပတ်ထုတ်ကာ အခန်းထဲမှ ပြေးထွက်လာခဲ့သည်။ ဧည့်ခန်းသို့ ရောက်သောအခါ အိပ်ရာနိုးခါစ ဖူစစ်ချန်နှင့် ထိပ်တိုက်တိုးတော့သည်။

"ကျန်းမား... ဘာလုပ်တာလဲ"

ဖူစစ်ချန် အစပိုင်းတွင် နားမလည်ဖြစ်နေသော်လည်း ကျန်းမား ပွေ့ချီထားသည့် ကလေးကို မြင်သောအခါ ချင်ချင်ကို ခိုးသွားသည်ဟုပင် ထင်မှတ်သွားသည်။

ကံကောင်းသည်မှာ ဖူစစ်ချန် မေးခွန်းမထုတ်မီမှာပင် ကျန်းမား အရင်ဆုံးရှင်းပြလိုက်ခြင်းပင်။

"ချင်ချင်လေး ဖျားနေလို့၊ ဆေးရုံ အမြန်သွားရမယ်"

ကျန်းမား ထိုမျှအထိ စိုးရိမ်နေသည်မှာလည်း အပြစ်ဆိုဖွယ် မရှိချေ။ ကလေးငယ်များ ဖျားနာခြင်းမှာ ကစားစရာ မဟုတ်ဘဲ အနည်းငယ် ပေါ့ဆရုံနှင့် အသက်အန္တရာယ်အထိ စိုးရိမ်ရ၍ဖြစ်သည်။ ကျန်းမား၏ အိမ်နီးချင်းတွင်လည်း ကလေးဖျားသည်ကို မိဘများမှ အစပိုင်းတွင် ဂရုမစိုက်မိရာမှ ရောဂါကျွမ်းသွားပြီး ကလေးလေး ဆုံးပါးသွားခဲ့ရဖူးသည်။ ထိုမိသားစုမှာ နောင်တရလွန်း၍ သေမတတ် ဖြစ်နေခဲ့ရသော်လည်း မည်သို့မျှ မတတ်နိုင်တော့ချေ။ ဤကဲ့သို့ သင်ခန်းစာများ ရှိခဲ့ဖူးသဖြင့် ကျန်းမားသည် အလွန် အမင်း စိုးရိမ်သွားကာ အိမ်ရှင်ကိုပင် အကြောင်းကြားရန် မေ့လျော့နေခြင်းဖြစ်သည်။

"ဒါဆိုရင်လည်း ဘာကို နှောင့်နှေးနေတာလဲ၊ မြန်မြန် ဆေးရုံသွားကြစို့!"

ဖူစစ်ချန် ကျန်းမားထက် ပိုစိုးရိမ်သွားပုံရသည်။ သူ ဖုန်းကို ချက်ချင်းဆွဲယူကာ ကျန်းမားအား ဆွဲပြီး အပြင်သို့ပြေးထွက်သွားတော့သည်။ ကားသော့တောင် မယူမိခဲ့ချေ။

သို့သော်လည်း ဖူစစ်ချန်ကားအများစုမှာ လက်ဗွေဖြင့် ဖွင့်နိုင်သဖြင့် ကားသော့ရှိ၊ မရှိမှာ ပြဿနာ မဟုတ်တော့ပေ။ သူ ကားကို အစွမ်းကုန်မောင်းကာ ကျန်းမားနှင့် ချင်ချင်ကိုခေါ်၍ ဆေးရုံသို့ တိုက်ရိုက်ပြေးတော့သည်။

ကံကောင်းသည်မှာ သူတို့နေထိုင်သည့် အထက်တန်းစား ရပ်ကွက်အနီးတွင် ဆေးရုံကဲ့သို့သောအခြေခံအဆောက် အအုံများ အလုံအလောက် ရှိနေခြင်းပင်။ သို့ဖြစ်ရာ ငါးမိနစ်ပင် မပြည့်မီမှာပင် လိုရာခရီးသို့ရောက်ရှိသွားတော့ သည်။

ကျန်းမား ပြေးသည်မှာ နှေးလွန်းသည်ဟု ယူဆသဖြင့် ဖူစစ်ချန် ချင်ချင်လေးကို ကိုယ်တိုင်ပြေးလုယူလိုက်ပြီး စောင်နှင့်တကွ ပွေ့ချီကာ ဆေးရုံထဲသို့ပြေးဝင်သွားတော့ သည်။ သူ ပြေးလွှားရင်းနှင့်လည်း

"ဒေါက်တာ... ဒေါက်တာ ကယ်ကြပါဦး! ဒေါက်တာ!" ဟု စိုးရိမ်တကြီး အော်ဟစ်နေခဲ့သည်။

All Chapters