← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

🍼 Chapter 71

ထိုပုံစံအား ကြည့်လျှင် ချင်ချင်လေးမှာ အသက်အန္တရာယ် အလွန်စိုးရိမ်ရသည့် အခြေအနေဟုထင်မှတ်ဖွယ်ရှိသည်။ သို့သော်လည်း ကလေးအထူးကု ဆရာဝန်မှ အလျင်အမြန် လာရောက်စစ်ဆေးပြီးနောက်တွင်မူ တည်ငြိမ်စွာဆိုလာသည်။

"ကလေးက မနေ့ညက အအေးမိသွားတာပါ၊ ဆေးသောက်လိုက်ရင်ရပါပြီ၊ လူနာရှင်တွေ အဲ့ဒီလောက်အထိ စိတ်လှုပ်ရှားဖို့ မလိုပါဘူး"

နောက်ဆုံးစကားမှာ ဖူစစ်ချန်အား တိုက်ရိုက်ပြောလိုက်ခြင်းပင်။ သို့သော်လည်း ဖူစစ်ချန်မှာ နားမဝင်တော့ချေ။ ထိုအချိန်၌ စိုးရိမ်စိတ်နှင့် ကြောက်ရွံ့စိတ်တို့မှာ သူ့နှလုံး သားကို သိမ်းပိုက်ထားပြီဖြစ်ရာ ဆရာဝန်လက်ကိုဆွဲ၍ တုန်တုန်ရင်ရင်ဖြင့် ပြောနေတော့သည်။

"တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါ၊ ကယ်ပေးပါဦး"

"လူနာရှင်... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"

နာပ်စ်မလေးမှာ ဆရာဝန်အား ကူညီရန် အမြန်လာရောက်ပြီး ဖူစစ်ချန်စိတ်လှုပ်ရှားမှုကို အတော်ပင် ဖျောင်းဖျလိုက်ရသည်။ ဖူစစ်ချန်အမူအရာမှာ အလွန်အမင်းပိုလွန်းသည်ဟု ထင်ရသော်လည်း ကလေးအထူးကု ဆရာဝန်အတွက်မူ ထိုထက်ပိုဆိုးသည့် မိဘများမြင်ဖူးလှပြီဖြစ်သည်။ကလေး ဦးဦးဖျားဖျားမွေးဖူးသည့် မိဘများမှာ မသိနားမလည်၍ ဖြစ်မည်၊ နောက်ပိုင်းကလေးများများ ထိန်းဖူးလျှင် တည် ငြိမ်သွားလိမ့်မည်ဟုသာ သူ တွေးလိုက်တော့သည်။

ဆရာဝန်မှာ ချင်ချင်အတွက် ဆေးညွှန်းပေးလိုက်ပြီး ဖူစစ်ချန်၏အတင်းအကျပ် တောင်းဆိုမှုကြောင့် ဆေးရုံတက်ရန် ခွင့်ပြုချက်ကိုပါထုတ်ပေးလိုက်ရသည်။ အအေးမိရုံလေးကို ဆေးရုံတက်ရန်မလိုသော်လည်း လက်ရှိတွင် ကလေးဆောင်၌ ကုတင်လွတ်များ ရှိနေသဖြင့်သာ ဆရာ ဝန်ခွင့်ပြုလိုက်ခြင်းပင်။

ချင်ချင်လေးမှာ အိပ်မောကျနေဆဲဖြစ်သော်လည်း ဆေးတိုက်သည့်အခါတွင်မူ အသိစိတ်ဖြင့် မျိုချနိုင်သေးသည်။ ဖူစစ်ချန် သူမအား ဂရုတစိုက်ဆေးတိုက်ပြီးနောက်ကြီး ကျယ်လှသည့် အလုပ်တစ်ခုပြီးမြောက်သွားသည့်နှယ် သက်ပြင်းချကာ ချင်ချင့်ကိုကုတင်ပေါ်၌ ပြန်လည်အနား ယူစေလိုက်သည်။

ထိုအချိန်တွင် ဖူဟန့်ဖုန်းဝင်လာသည်။ သူသည် မနက်နိုးလာသောအခါ ချင်ချင်ပျောက်နေသည်ကို တွေ့ရသဖြင့် အိမ်ရှိ အခြားအိမ်ဖော်ကို မေးမြန်းကြည့်ရာမှ သူတို့ဆေး ရုံသွားကြောင်း သိရှိခဲ့ရသဖြင့် စိုးရိမ်တကြီးဖုန်းဆက်လာခြင်းဖြစ်သည်။

"ဟဲလို... ပါး"

ဖူစစ်ချန် ဖုန်းပြန်ဖြေလိုက်သည်။

"မင်းတို့ အခု ဘယ်မှာလဲ"

"ဆေးရုံမှာပါ"

ဖူစစ်ချန် ချင်ချင်လေး အေးအေးဆေးဆေးအိပ်ပျော်နေသည်ကို မြင်မှ စိတ်ချလက်ချအနည်းငယ်ဝေးရာသို့ ထွက်လာပြီးပြော၏။

"ချင်ချင်လေး အအေးမိသွားလို့ ဆရာဝန်လာပြတာပါ"

"အအေးမိတယ် ?!"

ဖူဟန် စိတ်လှုပ်ရှားသွားပြီးမှ မနေ့ညက သူ အလွန်ပင် ပင်ပန်းနေသဖြင့် ချင်ချင်လေး စောင်ကန်၊ မကန်မစစ် ဆေးမိခဲ့သည်ကို သတိရသွားသည်။ ချင်ချင်သည် အိပ်လျှင် အလွန်လှုပ်ရှားတတ်သူဖြစ်ပြီး ထိုအကျင့်မှာ သူမ ကြီးလာလျှင်ပင် မပြောင်းလဲသည့် အချက်ဖြစ်သည်။ ကိုယ်ခန္ဓာသေးငယ်သွားပြီးနောက်တွင်မူ ထိုအကျင့်မှာပိုဆိုးလာခဲ့သည်။

နေ့စဉ်နှင့်အမျှ စောင်ကန်တတ်သည်မှာ ထုံးစံဖြစ်သော် လည်း ပုံမှန်ဆိုလျှင် ဖူဟန်သည် အချိန်မှန် နိုးလာတတ်ပြီး သူမအား စောင်ပြန်ခြုံပေးလေ့ ရှိသည်။ ယခုတစ်ကြိမ်တွင်မူ သူ မေ့လျော့ခဲ့သဖြင့် သူမ အအေးမိသွားရခြင်း ဖြစ်သည်။ မည်သို့ပင် နောင်တရပါစေ မတတ်နိုင်တော့ရာ ဖူဟန် ချက်ချင်းအင်္ကျီကို ဆွဲယူကာ ဆေးရုံသို့သွားရန်ပြင်တော့သည်။ သို့သော် အခန်းထဲမှ မထွက်မီမှာပင် သားငယ် စကားကြောင့် ရပ်တန့်သွားရသည်။

"ဖေဖေ စိတ်မပူပါနဲ့၊ ချင်ချင် ဆေးသောက်ပြီး အိပ်ပျော်သွားပါပြီ၊ ကျွန်တော် စိုးရိမ်လို့ ဆေးရုံတက်ခိုင်းထားတာ၊ ဖေဖေ အိမ်မှာ ရှိသေးရင် ချင်ချင်အတွက် လိုအပ်တာလေးတွေ ယူလာပေးပါဦး ပြီးတော့ ခေါင်းအုံးနဲ့ စောင်လည်း တစ်စုံပိုယူလာခဲ့ပါ၊ ဆေးရုံက ကုတင်တွေက တကယ်ကို မသက်သာဘူး"

"...ကောင်းပြီ"

ဖူဟန် ခြေလှမ်းကို ပြန်ပြင်လိုက်ပြီး မီးဖိုချောင်သို့သွား၍ ချင်ချင်အတွက် ဆန်ပြုတ်အရင်လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ကလေးအအေးမိရုံမျှနှင့် ဆေးရုံတက်ခြင်းမှာ အနည်းငယ် ပိုသည်ဟု သူ သိသော်လည်း မိမိအလှည့်ကျလာသည့်အခါတွင်မူမည်မျှပင် ဂရုစိုက်ပါစေ မလုံ လောက်ဟု သူ ခံစားရသည်။

ဖူစစ်ချန်သည် ဖခင်ဖြစ်သူအား အကြောင်းကြားပြီးနောက် ကူးလန်ထံသို့လည်း ဖုန်းဆက်လိုက်ပြီး ပိုင်ချီယွီထံသို့လည်း စာတိုတစ်စောင်ပို့လိုက်သည်။ သူသည် ချင်ချင်၏ လျှို့ဝှက်ချက်အား သိထားသူအားလုံးကိုအကြောင်းကြားရန် ကြံရွယ်ထားခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ချင်ချင်လေးနိုးလာသောအခါတွင်မူ သူမ ရှေ့မှောက်၌ ဝိုင်းအုံနေသည့် ခေါင်းလေးလုံးကိုတွေ့လိုက်ရတော့သည်။

"ခဏလောက် နောက်ဆုတ်ပေးလို့ရမလားဟင်... ချင်ချင် မမြင်ရလို့"

သူမ မျက်တောင်လေး ခတ်ကာ ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။

လူများ ချက်ချင်းနောက်ဆုတ်သွားကြရာမှ ချင်ချင်လေး သေချာ မြင်လိုက်ရသည်။

"တိတိ၊ ဦးဦးပိုင်... ဘာလို့ ရောက်လာကြတာလဲ"

သူမသည် မိမိကိုယ် မိမိအိမ်တွင်ရှိသည်ဟု ထင်မှတ်နေဆဲ ဖြစ်ရာ ဖူဟန်နှင့် ဖူစစ်ချန် ရှိနေခြင်းကိုမူ ပုံမှန်ဟုသာ ယူဆနေသည်။

"ချင်ချင်လေး... သက်သာရဲ့လား"

ကူးလန် ချင်ချင့် နဖူးလေးကို စမ်းကြည့်လိုက်ရာ အနည်း ငယ် အေးနေဆဲဖြစ်သော်လည်း ချွေးစေးများ မထွက်တော့ချေ။ သို့သော်လည်း သူ့အသံမှာမူ နှာပိတ်သံပါနေသဖြင့် အအေးမိဝေဒနာ မပျောက်သေးမှန်း သိသာလှသည်။

"ဘာ သက်သာတာလဲ ဟင်"

ချင်ချင်လေးမှာ ကူးလန် မေးသည်ကို နားမလည်လှချေ။

"ဆိုလိုတာက... အခု ချင်ချင့် ခန္ဓာကိုယ်ထဲမှာ တစ်နေရာရာကနေလို့မကောင်းဖြစ်နေလားလို့"

ပိုင်ချီယွီ ဘာသာပြန်ပေးလိုက်သည်။

"ရှိတယ်..."

ချင်ချင်လေး နိုးလာကတည်းက တစ်ကိုယ်လုံးနေလို့မကောင်း ဖြစ်နေခြင်းပင်။

"ဒီနေရာက နာနေတယ်"

သူမ လည်ပင်းလေးကိုကိုင်ပြရင်း လည်ချောင်းနာနေကြောင်း ပြသည်။ ထို့နောက် ဦးခေါင်းလေးအား ညွှန်ပြကာ "မူးတယ်" ဟု ဆိုသည်။

"လိမ္မာတယ်နော် ဘာမှမဖြစ်တော့ဘူး၊ ဆရာဝန်ဦးဦးက ဆေးပေးထားတယ်၊ ချင်ချင်လေး ဆေးသောက်လိုက်ရင် ချက်ချင်း နေကောင်းသွားလိမ့်မယ်"

ဖူဟန် သူ့ ခေါင်းလေးကို ပွတ်သပ်ရင်း နူးညံ့စွာ ချော့မော့လိုက်သည်။

အတူနေလာသည့် အချိန်တစ်လျှောက်လုံးတွင် ထိုရေခဲ တောင်ကြီးမှာ ချင်ချင်လေးရှေ့ရောက်လျှင် ရေနွေးစမ်းလေးအဖြစ် ပြောင်းလဲသွားသည်ကို ကူးလန်တို့ မြင်ဖူးနေပြီဖြစ်ရာ အထွေအထူးအံ့သြမနေကြတော့ချေ။

ချင်ချင်လေးမှာမူ မျက်လုံးလေးများ မှိတ်ကာ ဖူဟန်၏ လက်ကြီးအား မှီတွယ်ရင်း အလွန်ကျေနပ်နေရှာသည်။ ချော့မြှူခံနေရသည့် ကြောင်လေးတစ်ကောင်နှယ်ပင်။ ထိုချစ်စရာကောင်းသည့် ပုံရိပ်အားကြည့်ရင်း ထိုနေရာတွင် ရှိနေသည့် အမျိုးသားများအားလုံးပြုံးမိကြပြီး စိတ်ရင်းဖြင့် ပျော်ရွှင်နေကြသည်။

ဟုတ်ပါသည်၊ အကယ်၍ ထိုအသာအယာ ပွတ်သပ်ပေးနေသည့် လက်ကြီးမှာ မိမိလက်သာဖြစ်မည်ဆိုလျှင် ပိုလို့ပင် ပြည့်စုံသွားပေလိမ့်မည်။ ကူးလန်သည် မိမိလက်ချောင်းထိပ်လေးများကို မသိမသာ ပွတ်သပ်ရင်း မိမိခဲအိုဖြစ်သူထံမှ အခွင့်အရေးကို လုယူချင်စိတ်များတဖွားဖွားပေါ် ပေါက်နေတော့သည်။

ဖူဟန် ရိပ်မိပုံရကာ ချက်ချင်းလက်ကို ရုပ်သိမ်းလိုက်ပြီး ချင်ချင်အား ထိုင်ရန်ကူညီလိုက်သည်။

"ဦးဦး ဆန်ပြုတ်ချက်လာတယ်၊ ချင်ချင် အရင် ထမင်းစားရအောင်"

"ကြက်ပေါင်ကြီး စားချင်တယ်"

ချင်ချင် ဆန်ပြုတ်မသောက်ချင်ဘဲ အသားစားချင်နေသည်။

"ကြက်ပေါင်ကြီးလည်း ပါတယ်၊ ဝါးမျှစ်ဘဲသားနှပ်နဲ့ ဝက်သားနီချက်လည်းပါတယ်၊ ချင်ချင် ကြိုက်တာတွေ အကုန်လုံးပဲ"

ချင်ချင်အတွက် ဟင်းချက်ပေးလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ရာ ဖူဟန်သည် သူ့အကြိုက်အား မသိဘဲ နေပါမည်လား? သူမ ဖျားနေသဖြင့် သူမ အကြိုက်ဆုံးဟင်း လျာများကို အလျှံအပယ် ပြင်ဆင်လာခဲ့ပြီး အပူထိန်းဗူးကြီး နှစ်ဗူးနှင့် အပြည့်ထည့်လာခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက ဖူစစ်ချန် စိုးရိမ်တကြီးဖြင့် "ပါး... ဒီလောက်အများကြီး ချက်လာတာ မကုန်ရင် ဘယ်လိုလုပ်မလဲ" ဟု မေးခဲ့ဖူးသည်။ သူဌေးသားပင် ဖြစ်သော်လည်း အစားအ သောက် မဖြုန်းတီးရန်မှာ ငယ်စဉ်ကတည်းက သင်ယူခဲ့ရသည့် အခြေခံတရားဖြစ်သည်။

ရလဒ်အနေဖြင့် ဖခင်ဖြစ်သူမှာ သူ့အား အေးစက်စက် အကြည့်တစ်ချက် ကျွေးလိုက်ပြီး "မစားချင်ရင် မင်း မစားနဲ့" ဟုသာ ဆိုခဲ့သည်။

ဖူစစ်ချန် : "..."

အစပိုင်းတွင် နားမလည်ခဲ့ပေ။

ဖူစစ်ချန် : "???"

နားလည်သွားသောအခါ မယုံနိုင်ဖြစ်သွားရသည်။

ဖူစစ်ချန် : "!!!"

နောက်ဆုံးတွင်မူ ဖခင်ဖြစ်သူ၏အဓိပ္ပာယ်ကို နားလည်သွားကာ အလွန်အံ့သြသွားတော့သည်။

"ပါး ကျွန်တော့်အတွက်ပါ ဟင်းချက်ပေးတာလား"

သူ အဘယ်ကြောင့် ဤမျှအထိ စိတ်လှုပ်ရှားပြီး ဝမ်းနည်းဝမ်းသာဖြစ်နေရသနည်း။

သားဖြစ်သူ၏ မျက်ရည်ဝဲနေသည့် မျက်နှာအားကြည့်ရင်း ဖူဟန် စိတ်မသက်မသာဖြင့် အကြည့်လွှဲလိုက်သည်။ ဤသားမှာ အလွန်ပင်တုံးအလှသည်၊ ဧကန္တ ဇနီးဖြစ်သူ၏ မျိုးရိုးဗီဇကို ဆက်ခံထားခြင်းဖြစ်ပေလိမ့်မည်။

အိပ်မောကျနေသည့် ချင်ချင် : "..."

(အလကားနေရင်း အပြစ်ပုံချခံလိုက်ရခြင်း)

ဆရာဝန်သည် ဖူစစ်ချန်၏အတင်းအကျပ် တောင်းဆိုမှုကြောင့် ချင်ချင်အား သုံးရက်ကြာဆေးရုံတက်ရန် ခွင့်ပြုပေးလိုက်ရသည်။ သို့ဖြစ်ရာ ဤသုံးရက်အတွင်း မည်သူက လူနာစောင့်မည်နည်းဆိုသည်မှာ အမျိုးသားများအကြား ပြိုင်ဆိုင်မှုတစ်ခုဖြစ်လာတော့သည်။

"ချင်ချင့်ကို အမြဲတမ်း ငါပဲ ဂရုစိုက်လာတာ၊ ငါ မပါရင် သူ အိပ်ပျော်မှာ မဟုတ်ဘူး"

ဖူဟန် အခွင့်အရေးအား အရင်ဆုံးကြေညာလိုက်သည်။

"ဟက်... ခင်ဗျား ဂရုစိုက်လို့ပဲ ကလေးဆေးရုံရောက်နေတာ မဟုတ်လား"

ကူးလန် လှောင်ပြုံးပြုံးရင်း ဖူဟန့် နှလုံးသားကို ဓားနှင့် ထိုးလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက်လုံး ကုမ္ပဏီအလုပ်တွေနဲ့ အလုပ် ရှုပ်နေတာ မဟုတ်လား၊ ချင်ချင်လေးကိုစောင့်ဖို့ အချိန်ပို ရှိလို့လား"

တစ်ဖွဲ့လုံးတွင် အအားဆုံးဖြစ်သည့် ပိုင်ချီယွီမှာ ပြိုင်ဘက်များကို နှိမ်လိုက်သည်။

"ငါတို့တွေကို ပြောနေတာလား ? ခင်ဗျားကရော ဘာလဲ? အချိန်ရှိရင် ပိုက်ဆံသွားရှာပါလား? ဘာလို့ သူများအိမ် တွင်းရေးကိစ္စ လာစွက်ဖက်နေတာလဲ"

မိမိအစ်မအား လုယူမည့်ကိစ္စတွင် ကူးလန်သည် မည်သူ့ကိုမဆို ရန်သူဟု သတ်မှတ်ထားသည်။ သူနှင့် ပိုင်ချီယွီတို့၏ မဟာမိတ်စာချုပ်မှာမူ ဘာမှန်းပင် သူ မသိတော့ချေ။

"ကျွန်တော့်ကုမ္ပဏီမှာ အစ်ကိုကြီးရှိပါတယ်၊ ကျွန်တော် စိတ်ပူစရာမလိုဘူး၊ ချင်ချင်ကိစ္စက အခုတော့ ခင်ဗျားတို့ အိမ်တွင်းရေး ဖြစ်ချင်ဖြစ်မယ်၊ နောင်ကျရင်တော့ မသေ ချာဘူးနော်"

ထိုစကားမှာ အခွင့်အရေးကို လုယူတော့မည်ဟု ဗြောင်ကျကျစိန်ခေါ်လိုက်ခြင်းပင်။

ဖူဟန် မျက်နှာပျက်သွားပြီး ပိုင်ချီယွီအား ကြည့်သည့် အကြည့်များမှာ မီးပွင့်မတတ်ပင်။

"မင်း အိမ်မက်တောင် မမက်နဲ့"

"ဟက်... အိမ်မက်လား၊ မဟုတ်ဘူးလားဆိုတာ စောင့်ကြည့်ရမှာပေါ့"

ပိုင်ချီယွီ မခိုးမခန့် ပြုံးလိုက်သည်။

သူ လတ်တလောတွင် စိတ်ဝင်စားစရာ အချို့ စုံစမ်းသိရှိထားသည်။ ကူးချင်ချင်သည် လွန်ခဲ့သော တစ်နှစ်က ရှေ့နေရုံးသို့ သွားရောက်ကာ ကွာရှင်းပြတ်စဲရေးကိစ္စများ မေးမြန်းခဲ့ပြီး ကွာရှင်းစာချုပ်ကိုပါ အကြမ်းဖျင်းရေးဆွဲခဲ့ဖူးသည်။ ဤဥက္ကဋ္ဌကြီး ဖူဟန်သည် အိမ်၌ ဝှက်ထားသည့် ဤကဲ့သို့သော "လက်ဆောင်ကြီး" ကို တွေ့ရှိထားပြီးပြီလား မသိချေ။

အမှန်မှာ ဖူဟန် တွေ့ရှိထားပြီးသားဖြစ်သည်။ သို့သော် ၎င်းမှာ သူ့အတွက် လက်ဆောင်မဟုတ်ဘဲ ခြောက်ခြားဖွယ်ရာသာ။

လေထုမှာ တင်းမာနေဆဲဖြစ်ပြီး အားကိုးရာမဲ့နေသည့် ဖူစစ်ချန်မှာမူ ထောင့်တစ်နေရာတွင် ကွေးကွေးလေးထိုင်နေရှာသည်။ ကူးလန်ကမူ ထိုသူနှစ်ဦး ဘာတွေ စကားထာ ဝှက်နေသည်ကို ဂရုမစိုက်ဘဲ အခွင့်ကောင်းယူကာ ချင်ချင်အား ထမင်းကျွေး၊ ဟင်းကျွေးရင်း ယနေ့ည မိမိနှင့်အတူ အိပ်ရန်ချော့မော့တော့သည်။

သူ ပေးသည့် အကြောင်းပြချက်မှာ : "ဦးဦးဖူက အလုပ် ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ ချင်ချင်ကိုအဖော်မပြုနိုင်ဘူး၊ ဦးဦးပိုင်ကလည်း အိမ်ပြန်ပြီး နျန်ကောင်းကိုဂရုစိုက်ရဦးမှာဆိုတော့ ချင်ချင်ကို အချိန်မပေးနိုင်ဘူး၊ တိတိကပဲ အားနေတာဆိုတော့ ချင်ချင်နဲ့အတူတူ ဆော့ပေးလို့ရတယ်" ဟူ၍ဖြစ်သည်။

ချင်ချင်မှာ တစ်ခါတစ်ရံတွင် ဂျီကျတတ်သော်လည်း အခြေအနေအများစုတွင် သူမသည် အလွန်စကားနားထောင်သည့် ကလေးလေးဖြစ်သည်။ တစ်စုံတစ်ခုအား သေသေချာချာ ရှင်းပြလိုက်လျှင် သူမသည် လိမ္မာစွာ နားထောင်တတ်သည်။

ယခုလည်း ထိုနည်းအတိုင်းပင်။ ဤချစ်စရာကောင်းပြီး သိတတ်သည့် ကလေးမလေးမှာ ကူးလန်၏လက်ချောင်းလေးကို ဆုပ်ကိုင်ထားရင်း ဖူဟန်နှင့်ပိုင်ချီယွီတို့အား အကျယ်ကြီး ကြေညာလိုက်တော့သည်။

"ဒီည ချင်ချင်က တိတိနဲ့အတူတူ အိပ်မယ်၊ ဦးဦးနဲ့ ဦးဦးပိုင်တို့က အလုပ်ရှိရင် သွားလုပ်ကြပါ၊ ချင်ချင့်အတွက် စိတ်မပူနဲ့နော်"

ဖူဟန်နှင့် ပိုင်ချီယွီတို့ နှစ်ဦးလုံး၏ကျောပြင်မှာ တောင့် တင်းသွားကြပြီး ကူးလန်အား ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။

သွားပြီ... တကယ် ယုတ်မာတဲ့ လူယုတ်မာလေးပဲ။

All Chapters