← Chapters

အခန်း (၇၂)

Vol. 8 Ch. 72

အခန်း (၇၂)

Vol. 8 Ch. 72

🍼 Chapter 72

ဖူဟန်နှင့် ပိုင်ချီယွီတို့၏ လူသတ်တော့မည့်အလား စူးရဲလှသော အကြည့်များကို လျစ်လျူရှုကာ၊ ကူးလန် သူ့ အနီး ကပ်လက်ထောက်ထံ ဖုန်းဆက်၍ အဝတ်အစားနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ တစ်စုံယူလာပေးရန်အေးအေး ဆေးဆေးပင် မှာကြားလိုက်သည်။

ဖုန်းချလိုက်ပြီးနောက်မှ ဖူဟန်နှင့် ပိုင်ချီယွီတို့ ရှိနေသည်ကို ယခုမှ သတိထားမိသကဲ့သို့ အံ့ဩတကြီးမျက်နှာပေးဖြင့် မေးလိုက်သည်။

"ခင်ဗျားတို့က အခုထိ မပြန်ကြသေးဘူးလား?"

"ငါတို့က ဘာလို့ ပြန်ရမှာလဲ?"

ပိုင်ချီယွီ သူ့ ဖီးနစ်မျက်ဝန်းများကို မှေးစင်းကာ လက်နှစ်ဖက်အား ဘောင်းဘီအိတ်ထဲထည့်လျက်၊ ခြေတံရှည်ကြီးများဖြင့်လှမ်းလာပြီး လူနာစောင့် ကုတင်ပေါ်တွင် ခန့်ညားထည်ဝါစွာထိုင်ချလိုက်သည်။ ကမ္ဘာပျက်သည့်တိုင်အောင် ဤနေရာမှ ဖယ်ပေးမည့်ပုံမပေါ်ပေ။

"ချင်ချင် နေမကောင်းသေးဘူး၊ ငါ စိတ်မချဘူး"

ဖူဟန်လည်း အေးအေးလူလူပင် ချင်ချင့်ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး နေရာရွှေ့ရန် လုံးဝအစီအစဉ်မရှိပေ။

ကူးလန် ဒေါသထွက်သွားရသည်။ ဒီလူနှစ်ယောက်က ပြိုင်ဘက်တွေ မဟုတ်ဘူးလား? ဘယ်လိုဖြစ်ပြီး ရုတ်တ ရက်ကြီး လက်တွဲပြီး သူ့ကိုဝိုင်းတိုက်ခိုက်နေကြတာလဲ?

အဖြစ်အပျက်အားလုံးကို ဘေးမှ ကြည့်နေရသော ဖူစစ်ချန်မှာမူ "..."

ဦးလေး... ဦးလေးကိုယ်တိုင်က အရင်ဆုံးစည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တာမလို့ တခြားလူတွေ ခဏတာ လက်တွဲသွားတာကို အပြစ်တင်လို့မရဘူးလေ။

ဒါပေမဲ့ သူ့မားကတော့ တကယ်ကို တော်တာပဲ။ ကိုယ်ခန္ဓာ သေးသွားတာတောင် အမျိုးသား သုံးယောက်ကြားထဲမှာ အပြင်းအထန် အားပြိုင်မှုတွေ ဖြစ်အောင် လုပ်နိုင်သေးတယ်။ 'မားကတော့ မားပါပဲ' ဟု သူတွေးမိသည်။

အခြေအနေအရ အားအနည်းဆုံးနှင့် အန္တရာယ်အကင်းဆုံး ဖြစ်နေသည့် ဖူစစ်ချန်သည် အင်အားကြီး သုံးဦးကြားတွင် ဘေးကင်းအောင် ခိုလှုံနေသော်လည်း၊ ဆက်နေပါက မီးပွားလွင့်စင်ပြီး အထိနာမည်ကို စိုးရိမ်သောကြောင့်... လစ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤနေရာတွင် လူကြီးတွေ အများကြီးရှိနေသဖြင့် ချင်ချင်လည်း ဘာမှဖြစ်မည် မဟုတ်ပေ။

ထိုသို့ တွေးမိသည်နှင့် ဖူစစ်ချန် ချက်ချင်းထရပ်လိုက်သည်။ ထိုအခါ စူးရဲသော အကြည့် သုံးစုံမှာ သူ့ထံသို့ တပြိုင်နက် ကျရောက်လာသဖြင့် သူ တည်ငြိမ်အောင် အတင်းကြိုးစားရင်း ပြုံးပြလိုက်သည်။

"ဟိုလေ... စတူဒီယိုမှာ ရုတ်တရက် ကိစ္စလေးရှိလာလို့ပါ၊ ပါး၊ ဦးလေးနဲ့ အန်ကယ်တို့ ချင်ချင်ကို ဂရုစိုက်ပေးထားကြဦးနော်၊ ကျွန်တော် အရင်သွားနှင့်ပါရစေ"

"သွားတော့လေ"

ဖူဟန် ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ဖူစစ်ချန်သည် ဘေးအန္တရာယ်မှ ထွက်ပြေးသကဲ့သို့ အရိပ်ပင် မမြင်ရတော့အောင် လစ်ခနဲပျောက်ကွယ်သွားတော့ သည်။

"ဒီကောင်စုတ်လေးကတော့၊ ဘာတွေ အဲ့လောက် ကြောက်နေတာလဲ?"

ကူးလန် ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။

ချင်ချင် တစ်ယောက်တစ်လှည့် ကြည့်နေရင်း လူကြီးတွေ ဘာလုပ်နေကြမှန်း နားမလည်ဘဲ ပျင်းလာပုံရသည်။ သူ့ လက်ကလေးဖြင့် ဖူဟန်ကို ဆွဲလိုက်ပြီး သူ ငုံ့ကြည့်လာသည့်အခါ ကလေးသံလေးဖြင့် ပြောလိုက်သည်။

"ချင်ချင် ဒိုင်နိုဆောလိုချင်တယ်"

သူမ ဒိုင်နိုဆောအား အလွန်ကြိုက်မှန်း သိသောကြောင့်၊ ဖူစစ်ကျင်းသည် မထွက်ခွာမီက ယိယိအားခေါ်၍ သူမအတွက် တကူးတက သွားရောက်ဝယ်ယူပေးခဲ့ခြင်းဖြစ် သည်။

ချစ်စရာကောင်းပြီး ခန့်ညားသည့် ထိုအရုပ်ကလေးအား ချင်ချင် အလွန်သဘောကျသွားပြီး ညတိုင်း ဖက်အိပ်လေ့ရှိသည်။ မဖက်ရလျှင် အိပ်မပျော်ပေ။ အပြင်ထွက်လည်စဉ်က အရုပ်ကို မယူသွားဖြစ်ဘဲ အိမ်ပြန်ရောက်သည့် တစ်ရက်တည်းသာ ဖက်ရသေးပြီး ဆေးရုံတက်လိုက်ရခြင်းဖြစ်သည်။

ယခုအခါ ထိုအရုပ်လေးကို အလွန်လွမ်းဆတ်နေသည့် ချင်ချင်မှာ ပူဆာနေတော့သည်။ သူမ၏ သနားစဖွယ် အမူအရာလေးကြောင့် ဖူဟန် စိတ်ပျော့သွားရသည်။ သူ ချင်ချင့် ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး အရုပ်သွားယူရန် ထရပ်လိုက်သည်။

"လိမ္မာရမယ်နော်၊ ခဏလေး စောင့်ဦး၊ ဦးဦးပိုင်နဲ့ တိတိ စကားကို နားထောင်ရမယ်၊ သိလား?"

"အင်းအင်း၊ ချင်ချင် လိမ္မာပါတယ်"

ချင်ချင် ခေါင်းကလေး တဆက်ဆက် ငြိမ့်ပြရင်းမျက်လုံး ဝိုင်းကြီးများဖြင့် ဖူဟန်အား ကြည့်နေသည်။ အိမ်ကို မြန်မြန်ပြန်ပြီး အရုပ်ယူပေးရန် စကားမပြောဘဲ တိုက်တွန်းနေခြင်းပင်။

"ဒီကလေးမလေးကတော့ ကျေးဇူးကို မသိဘူး"

ချင်ချင် သူ့အားလွမ်းပြမည့် စကားမျိုးပြောမည်ဟု ထင်မှတ်ထားခဲ့သော ဖူဟန်က သက်ပြင်းတစ်ချက်ချကာ သူမ နဖူးလေးကို အသာအယာ တို့လိုက်ပြီး မတတ်သာဘဲ ထွက်ခွာသွားခဲ့သည်။

"ဟီးဟီးဟီး..."

ဒိုင်နိုဆောအရုပ် ရတော့မည်ဖြစ်၍ ချင်ချင် ဘာကိုမှ ဂရုမစိုက်တော့ဘဲ ပါးစပ်ကလေးပိတ်ကာ တဟီးဟီး ရယ်နေတော့သည်။

"ဒိုင်နိုဆောကို အဲ့လောက်တောင် ကြိုက်တာလား?"

ကူးလန် အိမ်ပြန်ရောက်လျှင် ချင်ချင်အတွက် ဒိုင်နိုဆောအရုပ် ကားကြီးတစ်စီးစာဝယ်ပေးပြီး သူမ နှလုံးသားအား သိမ်းပိုက်ရမလားဟု တွေးတောနေမိသည်။

ညစာစားပြီးနောက် ဆေးသောက်ရသဖြင့် ချင်ချင် တစ် ဖြည်းဖြည်း ငိုက်မြည်းလာသည်။ သူ့ မျက်လုံးလေးများက ပိတ်လိုက် ပွင့်လိုက် ဖြစ်နေသော်လည်း ဒိုင်နိုဆောရောက် လာသည်အထိ စောင့်ကာဖက်အိပ်မည်ဟု စိတ်ကူးနေသည်။ သို့သော် ဖျားနေသည့် သူမ ကိုယ်ခန္ဓာလေးမှာ အိပ်စက်ခြင်း နတ်မင်းကြီး၏ခေါ်ဆောင်မှုအား မတွန်းလှန်နိုင်တော့ပေ။

သူမ အလွန်ငိုက်နေသည်ကို မြင်သောကြောင့် ကူးလန် အရုပ်ဝယ်ပေးမည့် အစီအစဉ်ကို ခေတ္တဘေးဖယ်ထားကာ၊ စောင် သေချာခြုံပေးပြီး ကလေးချော့သကဲ့သို့ အသာအ ယာ ပုတ်ပေးလိုက်သည်။

"ချင်ချင် လိမ္မာလေး၊ အရင်အိပ်လိုက်နော်၊ ဒိုင်နိုဆော ရောက်လာရင် ဘေးမှာ ထားပေးမယ်"

"ဒါဆို... တိတိ သေချာပေါက် မှတ်ထားပေးရမယ်နော်"

ချင်ချင် အလွန်အမင်း အိပ်ချင်နေသဖြင့် မျက်ခွံများမှာ လေးလံနေပြီဖြစ်သည်။

"ကောင်းပါပြီ၊ ငါ မှတ်ထားပေးပါ့မယ်"

ထိုကတိကို ရမှပင် ချင်ချင် မအောင့်နိုင်တော့ဘဲ အိပ်ပျော်သွားတော့သည်။

ကူးလန်နှင့် ပိုင်ချီယွီတို့ ထိုနေရာတွင် စောင့်ကြပ်နေရင်း အချိန်မှန်မှန် ချင်ချင့် နှုတ်ခမ်းလေးများကို ဂွမ်းတံဖြင့် ရေဆွတ်ပေးကြသည်။ ဆေးရုံခန်းထဲတွင် အပူပေးစက် ဖွင့်ထားသဖြင့် လေထုက ခြောက်သွေ့နေပြီး ရေများများ မသောက်လျှင် ရေငတ်လွယ်သည်။

ချင်ချင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ သူမသည် ပုံမှန်အားဖြင့် ဖျားလေ့မရှိသော်လည်း တစ်ခါဖျားလျှင် တော်တော်လေး ပြင်းထန်တတ်သည်။

အိပ်ပျော်နေသော်လည်း သူလေး ခန္ဓာကိုယ်မှာအလွန်နေမကောင်းဖြစ်နေသည်ကို ဝေဝေဝါးဝါး ခံစားနေရသည်။ အစပိုင်းက ခေါင်းမူးပြီး ခြေလက်များအားနည်းနေသော် လည်း ယခုအခါ တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ပူလောင်နေကာ မီးဖိုပေါ်တွင် အကင်ခံနေရသလို ခံစားနေရသည်။

အရမ်းခံရခက်တာပဲ... တစ်ကိုယ်လုံးလည်း နာကျင်နေတယ်...

"ကျွတ်... ကလောက်..."(မသိတော့ဘူး)

နားထဲတွင် အရိုးများ အံချော်သွားသည့် အသံများကြားနေရပြီး၊ ပုရွက်ဆိတ်များ ဝိုင်းအုံကိုက်ခဲနေသကဲ့သို့ ပြင်းထန်လှသော နာကျင်မှုမှာ တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားသည်။ ချင်ချင် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်ကာ လည် ချောင်းထဲမှ အားနည်းလှသော ညည်းညူသံလေးထွက်လာသည်။

ထိုအသံမှာ အနည်းငယ် အက်ရှရှဖြင့် မိန်းကလေးတစ်ဦး၏အသံနှင့် ဆင်တူနေပြီး နဂိုရှိသင့်သည့် ကလေးဆန်သောအသံအစား ရင့်ကျက်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများ ရောယှက်နေသကဲ့သို့ပင်။

သို့သော် ခဏတာမျှသာဖြစ်သည်။ လင်းလက်သော အလင်းတန်းတစ်ခုနှင့်အတူ စိမ်းမြမြ ငှက်ကလေးတစ်ကောင်သည် လှပသော အမြီးများကို တရမ်းရမ်းဖြင့် ချင်ချင့် အသိစိတ်ထဲတွင် ကျော့ရှင်းစွာပျံသန်းသွားပြီး သာယာသော တေးသံအား ချန်ထားရစ်ခဲ့သည်။

ထိုငှက်ကလေး၏တေးသံကြောင့် လှုပ်ရှားနေသော ချင်ချင့်ကိုယ်ခန္ဓာလေးမှာ တဖြည်းဖြည်းငြိမ်သက်သွားသည်။ ထိုနာကျင်မှုအားလုံးမှာလည်း တစ်ခဏအတွင်း ပျောက်ကွယ်သွားသကဲ့သို့ ဘာမှမကျန်တော့ပေ။

မှောင်မည်းနေသော ကမ္ဘာကြီးထဲမှ မျက်လုံးလေး ပွင့်လာသည်။

ဖြူလွလွ မျက်နှာကြက်မှာ မျက်စိရှေ့တွင် ပေါ်လာပြီး ချင်ချင် နိုးလာခဲ့သည်။

"တိတိ... ရေငတ်တယ်"

ပိုက်တစ်ခု ချင်ချင့်နှုတ်ခမ်းနားသို့ ချက်ချင်း ရောက်လာသဖြင့် သူမ အလိုအလျောက် ငုံကာ အားပါးတရ စုပ်သောက်လိုက်သည်။ ရေတစ်ဖန်ခွက် ကုန်သွားသော်လည်း မဝသေးဘဲ ဆက်တိုက် တောင်းနေပြန်သည်။

မကြာမီ နောက်ထပ် ရေတစ်ခွက် ထပ်ရောက်လာပြန် သည်။ ချင်ချင် ဆက်တိုက်ဆိုသလို ရေ ခုနစ်ခွက် ရှစ်ခွက်ခန့် သောက်လိုက်ရမှ တစ်ကိုယ်လုံး ပူလောင်ခြောက်သွေ့နေမှု အနည်းငယ် သက်သာသွားတော့သည်။

သူမ အမောတဖြည်းဖြည်း ဖြေလိုက်ပြီးမှ ပတ်ဝန်းကျင်အား သတိထားကြည့်မိသည်။

"ဦးဦးပိုင်?"

သူမ ခေါင်းလေးစောင်းကာ မေးလိုက်သည်။

"ဘာလို့ တံခါးကို ပိတ်ထားတာလဲ?"

ပိုင်ချီယွီ ပုံစံမှာ အနည်းငယ် ထူးဆန်းနေသည်။ သူ ဘေးတိုက်အနေအထားဖြင့် တံခါးဝတွင် ခိုင်ခိုင်မာမာ ပိတ်ရပ်ထားပြီး လက်နှစ်ဖက်ကလည်း တံခါးလက်ကိုင်အား မြဲမြဲဆုပ်ကိုင်ထားကာ အပြင်မှလူများ ဝင်မလာနိုင်အောင် ကာကွယ်နေသကဲ့သို့ပင်။

တကယ်တော့ အပြင်တွင် မည်သူမှ ရှိမနေပေ။ ပိုင်ချီယွီ၏ ပုံစံမှာ တံခါးပိတ်ထားသည်ထက် တစ်ခုခုကို အလွန်အ မင်း သတိထား စောင့်ကြပ်နေသည့် ပုံစံမျိုးဖြစ်သည်။

ချင်ချင့် မေးခွန်းကို ကြားလိုက်ရသည့်အခါ ပိုင်ချီယွီ တံခါးလက်ကိုင်ကို ချက်ချင်းလွှတ်ကာ မတ်တတ်ရပ်လိုက်သည်။ သို့သော် သူ့ကျောပြင်မှာ တံခါးရှေ့မှ ဖယ်မသွားဘဲ ကာထားဆဲပင်။

"အန်ကယ်က တံခါးဂျက်ပျက်နေလားလို့ စစ်နေတာပါ၊ ဘာလို့ ပိတ်လို့မရတာလဲလို့"

"ဆေးရုံက တံခါးတွေကို ပိတ်လို့မရဘူးလေ"

ထိုအခြေခံဗဟုသုတအား သုံးနှစ်အရွယ် ချင်ချင်တောင် သိနေသည်။

"ဟုတ်လား ? ငါ ဗဟုသုတ နည်းသွားတာပဲ"

ပိုင်ချီယွီ ဘာမှမဖြစ်သကဲ့သို့ တံခါးဝမှ ဖယ်ပေးလိုက်ပြီး၊ လူနာစောင့်ကုတင်ပေါ်တွင် ခန့်ညားစွာ ပြန်ထိုင်လိုက်ကာ လှဲအိပ်လိုက်တော့သည်။

"ညကျရင် အဲ့ဒီကုတင်ကို ပြန်ပေးရမှာနော်!"

ကူးလန် မျက်စောင်းထိုးရင်း လက်ထဲမှ ရေခွက်ကို ဖယ်လိုက်ကာ၊ ကုတင်ခြေရင်းတွင် လှန်းထားသော တဘတ်အားယူ၍ ချင်ချင့် ခေါင်းပေါ်တင်ကာ ပွတ်ပေးလိုက်သည်။

ယခင်ကကဲ့သို့ပင် ပွတ်ပေးခြင်း ဖြစ်သော်လည်း ကွာခြား သည်မှာ ယခင်က ကြမ်းတမ်းသလောက် ယခုမူ အလွန်ပင် ညင်သာနေသည်။ အနည်းဆုံးတော့ ချင်ချင် နာအောင် မလုပ်တော့ပေ။

ချင်ချင် ခေါင်းလေးငုံ့ကာ ငြိမ်ငြိမ်လေး အပွတ်ခံနေသည်။ ရေစုပ်အားကောင်းသော တဘတ်မှာ ခဏအတွင်း စိုရွှဲသွားသည်ကို ကြည့်ခြင်းဖြင့် ချင်ချင် ချွေးမည်မျှ ထွက်သွားသည်ကို ခန့်မှန်းနိုင်သည်။

"...ချင်ချင် အိမ်မက်ဆိုးတွေ မက်လို့လား?"

ကူးလန် တော်တော်ကြာ စဉ်းစားပြီးမှ မမေးဘဲ မနေနိုင်သဖြင့် စမ်းသပ်မေးမြန်းလိုက်သည်။

"ဟင့်အင်း"

"ချင်ချင် အိမ်မက်မမက်ဘူး"

မက်ခဲ့ကောင်း မက်ခဲ့နိုင်သော်လည်း သူမ မမှတ်မိတော့ပေ။

"မမက်ရင် ပြီးတာပါပဲ"

ကူးလန်ကိုယ်တိုင်လည်း ဘာတွေ ပြောနေမှန်း မသိတော့ဘဲ စက်ရုပ်တစ်ရုပ်ကဲ့သို့ တဘတ်ဖြင့် ချင်ချင့် ခန္ဓာကိုယ်အား လိုက်သုတ်ပေးနေသည်။ တဘတ်စိုသွားလျှင် ရေနွေးထဲ ပြန်နှစ်ကာ ညှစ်၍ ချင်ချင်အား ဆက်သုတ်ပေးသည်။ ဤသို့ဖြင့် တစ်ကိုယ်လုံးကို သုတ်ပေးခြင်းမှာ ရေချိုးပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

သန့်ရှင်းလန်းဆန်းသွားသည့် ချင်ချင်မှာ ကူးလန် ရေဇလုံ သွားသွန်နေသည်ကို ရှစ်ကြိမ်မြောက် မြင်သည့်အခါ ဇဝေဇဝါ ဖြစ်သွားသည်။

"ချင်ချင်က အရမ်းညစ်ပတ်နေလို့လား?"

သူမ ဘေးကုတင်က ပိုင်ချီယွီအား လှမ်းမေးလိုက်သည်။

"မညစ်ပတ်ပါဘူး"

"ချင်ချင် ချွေးတွေ အများကြီး ထွက်သွားလို့ပါ"

"ချွေး?"

ချင်ချင် သူမ နဖူးလေးကို စမ်းကြည့်လိုက်ရာ တကယ်ပင် စိုစွတ်နေသည်။ သို့သော် ထိုအရာမှာ ချွေးမဟုတ်ဘဲ ကူးလန် သုတ်ပေးထားသည့် ရေစက်များသာဖြစ်သည်။

သို့သော် ရေမသုတ်ပေးမီကမူ တစ်ကိုယ်လုံး စေးကပ်ကာ နေရခက်နေသည်မှာ အမှန်ပင်။

"နေမကောင်းရင် ချွေးတွေ အများကြီး ထွက်တတ်တာကိုး"

ချင်ချင် အံ့ဩတကြီး ပြောလိုက်သည်။

မူကြိုဆရာမ ပြောပြဖူးသည့် ဗဟုသုတအရ နေမကောင်းလျှင် ရေနွေးများများသောက်၊ စောင်ခြုံပြီး ချွေးထွက်အောင် လုပ်ရမည်၊ သို့မှသာ ရောဂါပျောက်မည်ဟု သူမ သိထားသည်။

ချင်ချင့် 'ချွေးထုတ်သီအိုရီ' ကို ကြားရသည့်အခါ ပြန်ဝင်လာသည့် ကူးလန် မျက်နှာပေးမှာ အနည်းငယ် ထူးဆန်းသွားသော်လည်း ဘာမှမပြောဘဲ ဖူဟန် ယူလာပေးသည့် ထမင်းဘူးအား စားပွဲပေါ်တွင် တင်လိုက်သည်။

ထမင်းဘူးကို ဖွင့်လိုက်သည့်အခါ မွှေးကြိုင်လှသော ဟင်းနံ့များ ထွက်ပေါ်လာသည်။

ချင်ချင်၏ ကုတင်ခေါင်းရင်းတွင် ချစ်စရာကောင်းသည့် ဒိုင်နိုဆောအရုပ်ကလေး ရှိနေသည်။ သူမ အိပ်ပျော်နေစဉ် ဖူဟန် တစ်ခေါက် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူက အရုပ်တင်မကဘဲ ညစာပါ ယူလာပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အရေးကြီးကိစ္စ ပေါ်လာသဖြင့် ခဏ ပြန်သွားရခြင်း ဖြစ်သည်။

"ချင်ချင်ကို ထမင်းစားဖို့ ချီခဲ့လိုက်"

ပိုင်ချီယွီ သူ့ သန်မာသော လက်မောင်းများဖြင့် ချင်ချင်အား ပွေ့ချီကာ စားပွဲဘေးမှ ကုလားထိုင်ပေါ်တွင် အသာအယာ ချပေးလိုက်သည်။

အခြားတစ်ဖက်တွင်မူ ကူးလန် ချင်ချင့် အရုပ်ကို ဖယ်ကာ၊ ကုတင်ခင်းများကို အကုန်ခွာ၍ သူနာပြုထံမှ ယူလာသည့် သန့်ရှင်းသော ကုတင်ခင်းအသစ်များ လဲပေးလိုက်သည်။ မူလအခင်းမှာ ချင်ချင့် ချွေးများဖြင့် စိုရွှဲနေသဖြင့် ဆက်သုံး၍ မရတော့ပေ။

ဖူဟန် ပြင်ပေးလိုက်သည့် ညစာမှာ အာဟာရ ပြည့်စုံလှသည်။ အဓိက အစာအဖြစ် မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်းနှင့် ကြက်သားအမျှင်လေးများ ပါဝင်သည့် အာဟာရပြည့် ခေါက်ဆွဲပြုတ် ဖြစ်သည်။ အရသာမှာလည်း ချင်ချင် ကြိုက်နှစ်သက်သည့် အနေအထားပင်။

ထို့အပြင် အခြားဟင်းများလည်း ပါဝင်သေးသည်။ အားရှိစေမည့် စွပ်ပြုတ်ရည်၊ အသားဟင်းများနှင့် ငါးပေါင်းတစ်ကောင်လည်း ပါသည်။ ထိုဟင်းများမှာ ပမာဏ များပြားသဖြင့် ချင်ချင်အား စောင့်ရှောက်နေသည့် ကျန်နှစ်ယောက်အတွက်ပါ ဖူဟန် ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။

"ချင်ချင် ဘာစားမလဲ?"

ပိုင်ချီယွီ တူကို ကိုင်ကာ မကျွမ်းမကျင်ဖြင့် ချင်ချင်အား ခွံ့ကျွေးရန် ပြင်သည်။ သူသည် ယခင်က ဤကဲ့သို့ နုနုနယ်နယ် အလုပ်မျိုး တစ်ခါမှ မလုပ်ဖူးပေ။ မကြာသေးမီကမှ တူတော်မောင် 'နျန်ကောင်း' ကို တစ်ခါတစ်ရံ ကူထိန်းပေးဖူးသော်လည်း နျန်ကောင်းမှာ ကိုယ်တိုင် ထမင်းစားတတ်နေပြီ ဖြစ်သဖြင့် သူ ခွံ့ကျွေးရန်မလိုခဲ့ပေ။

ထို့ကြောင့် ဤသို့ ထမင်းခွံ့ကျွေးခြင်းမှာ ပိုင်ချီယွီအတွက် 'သတို့သမီးလောင်း ဝေါယာဉ်ပေါ် တက်ရသလို' ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ သူ အနည်းငယ် စိတ်လှုပ်ရှားနေသဖြင့် မုန်လာဥနီမှာ ချင်ချင့် ပါးစပ်ထဲမရောက်ဘဲ မျက် နှာပေါ် ထိုးမိတော့မလိုပင် ဖြစ်သွားသည်။

"ချင်ချင် ကိုယ်တိုင်စားမယ်"

စောင့်စားနေသည့် ချင်ချင်မှာ မအောင့်နိုင်တော့ဘဲ ကိုယ် တိုင်သာ စားရန် ဆုံးဖြတ်လိုက်သည်။ ဂရုစိုက်တတ်သော ဖူဟန်မှာ ချင်ချင်၏ ကိုယ်ပိုင်ကလေးသုံး ထမင်းစားပစ္စည်းများကိုလည်း မေ့မကျန်ဘဲ ယူလာပေးခဲ့သည်။

ကလေးများအတွက် သီးသန့်ထုတ်ထားသည့် ပစ္စည်းများဖြင့် ချင်ချင် ကိုယ်တိုင်စားနိုင်ပြီး ယခင်ကကဲ့သို့ ကြမ်းပြင်ပေါ် ဖိတ်စင်ခြင်းလည်း မရှိပေ။ ထမင်းခွံ့သူ ပိုင်ချီယွီမှာမူ သူမ စားချင်သည့်ဟင်းများကို ထည့်ပေးရန်သာ အသုံးဝင်တော့သည်။

ထမင်းစားပြီးသည့်အခါ ချင်ချင် ဘာမှမဖြစ်သော်လည်း၊ ပိုင်ချီယွီမှာမူ ယခင်က တာဝန်ထမ်းဆောင်စဉ် သုံးရက်သုံးည အိပ်ရေးပျက်ခဲ့စဉ်ကထက်ပင် ပိုပင်ပန်းနေသကဲ့သို့ ခံစားရသည်။

All Chapters