← Chapters

အခန်း (၇၃)

Vol. 9 Ch. 73

အခန်း (၇၃)

Vol. 9 Ch. 73

🍼 Chapter 73

ထမင်းစားပြီးသည်နှင့် ကူးလန်လည်း ကုတင်ကို ပြင်ဆင်ပြီးသွားသဖြင့် ချင်ချင်အား ပြန်ချီ၍ အနားယူစေသည်။ သို့သော် ယခုတစ်ခါတွင်မူ ချင်ချင် ဆက်မအိပ်ချင်တော့သလို ဆေးရုံတွင်လည်းဆက်မနေချင်တော့ပေ။

"တိတိ၊ ချင်ချင် နေကောင်းသွားပြီ၊ အိမ်ပြန်ကြရအောင်နော်"

သူမ ကူးလန်အား အိမ်ပြန်ရန်ပူဆာနေသည်။ လူကြီးတွေ မယုံမည်စိုးသဖြင့် သူမ ခုတင်ပေါ်တွင် ခုန်ပြကာ တကယ် နေကောင်းသွားပြီဖြစ်ကြောင်း သက်သေပြနေသည်။

အမှန်တကယ်လည်း ချွေးထွက်သွားပြီးနောက် ချင်ချင်၏ အဖျားမှာ ကျသွားခဲ့ပြီဖြစ်သည်။ ခေါင်းလည်းမကိုက်၊ မျက်စိလည်း မပြာတော့ဘဲ နှာသံ အနည်းငယ်သာ ကျန်တော့သည်။ ဤမျှလောက်ကတော့ အိမ်ပြန်အိပ်လိုက်လျှင် သက်သာသွားမည်ဖြစ်သည်။

"ချင်ချင် လိမ္မာတယ်၊ ဒီညတစ်ညတော့ အိပ်လိုက်ဦးနော်၊ မနက်ဖြန် ဆရာဝန်ကြီးက ဘာမှမဖြစ်တော့ဘူးဆိုမှ ဆေးရုံဆင်းကြမယ်"

ကူးလန် ချင်ချင့် ခေါင်းလေးအား ပွတ်ကာ ချော့မော့လိုက်သော်လည်း ဆေးရုံဆင်းရန် တောင်းဆိုချက်ကိုတော့ ခွင့်မပြုခဲ့ပေ။

အခြားတစ်ဖက်တွင် ပိုင်ချီယွီ ဖုန်းအား သိမ်းလိုက်ပြီး ကူးလန်ကို ကြည့်ကာ "သူ မကြာခင် ရောက်လာလိမ့်မယ်" ဟု ပြောလိုက်သည်။

ဘယ်သူ လာမှာလဲ ? ချင်ချင် ဇဝေဇဝါ ဖြစ်သွားသည်။

မကြာမီပင် အဖြေ ထွက်ပေါ်လာသည်။

ရွှေရောင်မျက်မှန် တပ်ထားပြီး ဆံပင်ကို သေသေသပ်သပ် ဖီးလိမ်းထားသည့်၊ ဆရာဝန်ဝတ်စုံဝတ်ထားသော အသက် ၃၀-၄၀ ခန့်ရှိမည့် ခန့်ညားတည်ကြည်သော အမျိုးသားတစ်ဦး ဝင်လာခဲ့သည်။ သူ့အရှိန်အဝါမှာ အလွန်ကြီးမားလှပြီး အခန်းထဲ ဝင်လာသည်နှင့် လူကို ဖိအားပေးနိုင်သည့် အေးစက်သော အငွေ့အသက်များ ပါလာသည်။

သို့သော် ဤနေရာရှိ လူများမှာ သာမန်လူများ မဟုတ်ကြပေ။ တစ်ယောက်ချင်းစီက အရှိန်အဝါကြီးသူများ ဖြစ်သဖြင့် ထိုဖိအားကို ဂရုမစိုက်ကြပေ။ သို့မဟုတ် သူတို့အားလုံးမှာ အဆင့်တူ အားပြိုင်နေကြခြင်းဖြစ်သည်။

"ငါ့ရဲ့ အဖိုးတန်တဲ့ အနားယူချိန်ကို နှောင့်ယှက်ရတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မင်းမှာ ရှိဖို့ မျှော်လင့်တယ်"

ထိုလူက စိတ်မရှည်စွာ ပြောလိုက်သည်။ အနားယူနေစဉ် အနှောင့်အယှက် ခံလိုက်ရသဖြင့် တော်တော်လေး ဒေါသထွက်နေပုံရသည်။

"ငါ့ကလေး နေမကောင်းလို့"

ပိုင်ချီယွီ အများကြီးရှင်းမပြဘဲ မုန့်ကျယ်ကို ချင်ချင်အား စစ်ဆေးပေးရန် အချက်ပြလိုက်သည်။

"သူ့ကို တစ်ကိုယ်လုံး စစ်ဆေးပေးဖို့ လိုတယ်၊ အရမ်း သေချာစစ်ပေးပါ" ဟု အလေးအနက် ထပ်လောင်း ပြောကြားလိုက်သည်။

"ဆေးစစ်မလို့လား?"

မုန့်ကျယ် မျက်မှောင်ကြုတ်ကာ ကုတင်ပေါ်ရှိ မိန်းကလေးငယ်အား စူးစိုက်ကြည့်လိုက်သည်။

"အဖျား နည်းနည်းရှိတယ်၊ ရေဓာတ် အနည်းငယ် ခမ်းခြောက်နေတယ်၊ ကျန်တာကတော့ ဆေးစစ်ချက် မပါဘဲ ပြောလို့မရဘူး ဒါပေမဲ့ ဒီကလေးမလေးကအရမ်းကျန်းမာ ပုံရပါတယ်၊ ဆေးစစ်ဖို့ မလိုပါဘူး"

"သူမရဲ့ အခြေအနေက နည်းနည်း ထူးခြားလို့ပါ၊ ဘာပဲဖြစ်ဖြစ် ကူညီပြီး စစ်ပေးလိုက်ပါဦး"

ပိုင်ချီယွီ သူငယ်ချင်းဖြစ်သူကို အကုန်ရှင်းပြ၍ မရသဖြင့် ဝေဝေဝါးဝါးသာ ပြောလိုက်ရသည်။

မုန့်ကျယ် ပိုင်ချီယွီအား ခဏတာ စိုက်ကြည့်ပြီးမှ "မင်းသဘောပဲ" ဟု ဆိုကာ အကြည့်လွှဲလိုက်သည်။

သူ ဤဆေးရုံရှိ ဆရာဝန်များထံ သွားရောက်၍ ချင်ချင်အတွက် ဆေးစစ်ချက်များ ထုတ်ပေးရန်စီစဉ်သည်။ ပြည်နယ်တိုင်းရင်းဆေးရုံကြီး၏ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဤဆေးရုံ၏ ဂုဏ်ထူးဆောင် ညွှန်ကြားရေးမှူးလည်း ဖြစ်သဖြင့် မုန့်ကျယ်အတွက် ထိုကိစ္စမှာ မခဲယဉ်းပေ။

တစ်ကိုယ်လုံး စစ်ဆေးမှုတွင် အရပ်၊ အလေးချိန်အပြင် သွေးဖောက်စစ်ဆေးခြင်းမှာလည်း မပါမဖြစ်အစိတ် အပိုင်း တစ်ခုဖြစ်သည်။ စစ်ဆေးရမည့် အချက်များပြားသဖြင့် ချင်ချင် သွေးသုံးပြွန်ခန့် အဖောက်ခံရမည် ဖြစ်သည်။

ဒါက ကလေးမလေးကို တော်တော်လေး ထိတ်လန့်သွားစေသည်။

သူမသည် သူနာပြုဆရာမ လက်ထဲရှိ ဆေးထိုးအပ်အား ကြည့်ကာ အတင်းရုန်းကန်နေပြီး ဆေးထိုးမခံရန် ငြင်းဆန်နေသဖြင့် တစ်ခန်းလုံး ပွက်လောရိုက်သွားတော့သည်။ ကူးလန်နှင့် ပိုင်ချီယွီတို့လည်း သူမကို သနားသဖြင့် အတင်းအကျပ် မဖိထားရဲကြပေ။

သွေးဖောက်သည့် ဆရာမမှာလည်း အတွေ့အကြုံ နည်းပုံရပြီး ကလေးမှာ အသည်းအသန် ငိုယိုကာ ရုန်းကန်နေသဖြင့် ဘာလုပ်ရမှန်း မသိဘဲ ဘေးတွင် ရပ်ကြည့်နေမိသည်။

နောက်ဆုံးတွင် မုန့်ကျယ် ကြည့်မနေနိုင်တော့ဘဲ ကိုယ်တိုင်လာ၍ ဆေးထိုးအပ်ကိုယူလိုက်သည်။ သူ ချင်ချင့်လက် မောင်းကို ဆွဲကာ ကျွမ်းကျင်စွာ ကြိုးချည်ပြီး ခဏအတွင်းမှာပင် သွေးသုံးပြွန်လုံး အမြန်ဆုံးဖောက်ယူလိုက်သည်။

ချင်ချင် တစ်ယောက် ဘာမှမသိလိုက်ခင်မှာပင် သွေး ဖောက်ခြင်း ပြီးဆုံးသွားပြီး လက်မောင်းပေါ်တွင် ဂွမ်းလေးဖြင့် အဖိခံလိုက်ရတော့သည်။

"စစ်ဆေးဖို့ ယူသွားလိုက်"

ဖောက်ထားသည့် သွေးပြွန်များကို ဗန်းထဲထည့်ကာ၊ လက်အိတ်အား အေးအေးဆေးဆေး ချွတ်ရင်း မုန့်ကျယ် ပိုင်ချီယွီနှင့် ကူးလန်ကို 'အသုံးမကျသူများ' ဟု ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

'ယောကျ်ားကြီး နှစ်ယောက်ဖြစ်ပြီး ကလေးလေး တစ်ယောက်ကိုတောင် မထိန်းနိုင်ကြဘူး၊ ညံ့လိုက်တာ' ဟု ပြောနေသကဲ့သို့ပင်။

ပိုင်ချီယွီ: "..."

ဖူဟန်: "..."

ချင်ချင်က အရမ်းနုနယ်လွန်းလို့ သူတို့ မဖိရဲတာလေ၊ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?

"ဆေးစစ်ချက် အကုန်လုံးက တစ်ပတ်ကြာမှ ထွက်မယ်၊ အဲ့ကျရင် မင်းတို့ကို ဖုန်းဆက်လိုက်မယ်"

အလုပ်ပြီးသွားသဖြင့် မုန့်ကျယ် ပြန်ရန် ပြင်သည်။ တံခါးဝသို့ ရောက်ခါနီးတွင် သူ လှည့်ကြည့်ကာ ချင်ချင်နှင့် ပိုင်ချီယွီအား တစ်လှည့်စီ ကြည့်ရင်း ပြောလိုက်သည်။

"မင်းကတော့ တော်တော်စွမ်းတာပဲ၊ ဖူဟန်ရဲ့ အမျိုးသမီးကိုတကယ်လုယူနိုင်ခဲ့တာပဲ၊ သမီးတောင် ဒီလောက် ကြီးနေပြီ"

အေးစက်လှသော သူ့မျက်နှာပေါ်တွင် ချီးကျူးသည့် အပြုံးမျိုး ထွက်ပေါ်လာသည်။ ပိုင်ချီယွီ စောစောက ပြောလိုက်သည့် "ငါ့ကလေး" ဆိုသည့် စကားကြောင့် သူ အထင်လွဲသွားပုံရသည်။

"အဟမ်း... အဟမ်း..."

ကူးလန် မျက်နှာပျက်သွားပြီး၊ ပိုင်ချီယွီလည်း အနေခက်စွာချောင်းဟန့်ရင်း မုန့်ကျယ်အားအပြင်သို့ အတင်းတွန်းထုတ်လိုက်ရသည်။

သူ ပြန်ဝင်လာသည့်အခါ ကူးလန် ရှိုက်ငိုနေဆဲဖြစ်သော ချင်ချင်အား ပွေ့ချီကာ ကျောလေးကို အသာအယာပုတ်ချော့နေပြီး၊ သူ့ကို မကြည်မလင် ကြည့်ကာ ပြောလိုက်သည်။

"ကလေး ? ခင်ဗျားက ကျနော့်အဖေ လုပ်ချင်နေတာလား? အိမ်မက်ကတော့ တော်တော် လှတာပဲ"

"အဟမ်း..."

ပိုင်ချီယွီ လည်ချောင်းထဲ တစ်ခုခု တစ်နေသလို ခံစားရသည်။ ချင်ချင်ဆီက အဖျားကူးသွားပြီလား မသိ။

"အထင်လွဲတာပါ၊ အားလုံးက အထင်လွဲတာ"

သူကလည်း ချင်ချင့်အထောက်အထားအား အတိအကျ ပြောပြ၍ မရသဖြင့် စိတ်ထဲရှိရာ လျှောက်ပြောလိုက်ခြင်း ဖြစ်သည်။ ဒီလောက်ထိ အထင်လွဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဟင်း..."

ကူးလန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ၊ သူ့အစ်မကို မျက်စိကျနေသည့် ထိုလူအားဂရုမစိုက်တော့ဘဲ ချင်ချင်ကို စောင်သေချာ ခြုံပေးပြီး နှင်ထုတ်လိုက်တော့သည်။

"ဒီမှာ ကျနော် ရှိရင် ရပြီ၊ ခင်ဗျား ပြန်လို့ရပြီ"

"မင်း တစ်ယောက်တည်း မနိုင်လောက်ဘူးထင်တယ်"

ပိုင်ချီယွီ အလွယ်တကူ မပြန်ချင်သေးပေ။ ချင်ချင်နှင့်အတူ ခဏလောက် ထပ်နေချင်သေးသည်။ ထို့အပြင် သူငယ်ချင်းဖြစ်သူ၏အထင်လွဲမှုမှာ သူ့ရင်အား တစ်မျိုးလေး လှုပ်ခတ်သွားစေသည်။ တကယ်လို့သာ သူနဲ့ ကူးချင်ချင်မှာ ဒီလိုချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ရှိခဲ့ရင်...

"ချင်ချင်က ငါ တစ်ယောက်တည်း ရှိရင် ရပြီတဲ့၊ ခင်ဗျား အမြန်သွားတော့"

ကူးလန် အကြောင်းပြချက် ပေးခွင့်မရှိအောင် ပိုင်ချီယွီအား အခန်းထဲမှ အတင်းမောင်းထုတ်လိုက်သည်။ ပိုင်ချီယွီ ဖူဟန်ကို အနိုင်ရပြီး အစ်မဖြစ်သူနှင့် သမီးရလိုက်သည်ဟု အထင်ခံရသည့်အပေါ် ကျေနပ်နေသည့် အရိပ် အယောင်အား ကူးလန် ရိပ်မိလိုက်သည်။

မောင်လေးတစ်ယောက်အနေဖြင့်၊ အထူးသဖြင့် မကြာသေးမီကမှ အစ်မကို ပြန်လည်ချစ်ခင်တတ်လာသည့် မောင်လေးတစ်ယောက်အနေဖြင့် ကူးလန်သည် သူ့အစ်မအားလုယူမည့် အမျိုးသားများကို သဘာဝအလျောက် မကြည်မလင် ဖြစ်နေမိသည်။ ထိုစိုးရိမ်စိတ်မှာ အနည်းငယ် နောက်ကျနေသော်လည်း ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။

ချင်ချင်ကတော့ ရှိုက်နေဆဲပင်။ သွေးတွေ အများကြီး အဖောက်ခံလိုက်ရသဖြင့် ဖြူဖွေးသော လက်မောင်းလေးပေါ်တွင် အညိုအမည်း စွဲသွားသည်ကို မြင်ရသည်မှာ ကူးလန်အတွက် အလွန်ရင်နာစရာ ကောင်းလှသည်။

ပိုင်ချီယွီနှင့် ဖူဟန်တို့ ဘာကြောင့် ချင်ချင်အား တစ်ကိုယ်လုံး ဆေးစစ်ချက်လုပ်ခိုင်းရသလဲ ဆိုသည်ကို ကူးလန် သေချာမသိပေ။ အကြောင်းမှာ မကြာသေးမီက သူသည် ချင်ချင့်ဘေးတွင် သိပ်မရှိဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

အဓိက အကြောင်းရင်းမှာ ပြဿနာရှာတတ်သော သူ့မိဘနှစ်ပါးကြောင့်ပင်။ အစပိုင်းတွင် ကူးလန် သူတို့ အသက် ကြီးမှ တတိယမြောက်ကလေး ယူချင်နေကြခြင်းမှာ "မိဘကောင်း" ပြန်လုပ်ချင်သည့် စိတ်ကူးပေါက်မှုကြောင့်ဟု ထင်ခဲ့သည်။ သို့သော် အဖြစ်မှန်မှာ သူထင်ထားသည်ထက် အဆပေါင်းများစွာ ပိုရက်စက်လှသည်။

မိသားစု ပျော်ရွှင်မှုဆိုသည်မှာ အလိမ်အညာသာ ဖြစ်ပြီး၊ နောက်ထပ် ကလေးတစ်ယောက်ကို အာဏာလုယူရန် လက်နက်တစ်ခုအဖြစ် အသုံးချရန်သာ ဖြစ်သည်။ 'အမေ' ဟု သူခေါ်ဝေါ်ခဲ့သူသည် သားအိမ်ထုတ်လိုက်ရပြီးနောက် စိတ်ဓာတ်ကျကာ စကားကျွံသွားခဲ့သဖြင့်၊ ကူးလန် အဘွား ချန်ထားရစ်ခဲ့သည့် ရှေ့နေထံတွင် စုံစမ်းကြည့်မှသာ ရွံရှာဖွယ် အမှန်တရားကိုသိခဲ့ရခြင်း ဖြစ်သည်။

ကလေးကိုအသုံးချပြီး သူနှင့် သူ့အစ်မလက်ထဲမှ အစုရှယ် ယာတွေကို လုယူကာ ကူးလုပ်ငန်းစုကြီးကို ပြန်သိမ်းပိုက်ချင်နေကြတာလား ? အိမ်မက်ပဲ မက်နေလိုက်တော့။ ကူးလန်သာ သေသွားရင်တောင် နောက်ဆုံးထွက်သက်မှာ ကုမ္ပဏီတစ်ခုလုံးကို သူ့အစ်မဆီလွှဲပေးခဲ့မည် သို့မဟုတ် ရောင်းချပြီး လှူဒါန်းပစ်မည်၊ သူတို့ကိုတော့ တစ်ပြားမှပေးခဲ့မည်မဟုတ်ပေ။

ဒေါသထွက်သွားသည့် ကူးလန်မှာ ကုမ္ပဏီတစ်ခုလုံးကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများလုပ်ခဲ့သည်။ သူ့ဆီမှ လစာယူပြီး သူ့အမေဘက်ကနေ သစ္စာဖောက်နေသူအားလုံးကို အလုပ်ဖြုတ်ပစ်ခဲ့ကာ၊ ပြိုင်ဘက်တွေ ထည့်ထားသည့် သူလျှိုများကိုလည်း ဖယ်ရှားပစ်ခဲ့သည်။

အရေးကြီးဆုံးမှာ ကူးယန်ယွီ လက်ထဲမှ ရှယ်ယာထက် ဝက်ကို ကူးလန် အတင်းအကျပ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ကူးလန် အတင်းတောင်းယူခဲ့ခြင်း မဟုတ်ဘဲ သူ့ဖခင်မှာ ဘာကြောင့်မှန်းမသိ 'ကိုယ်ချင်းစာစိတ်' ပေါ်လာကာ သူ့ဘာသာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ မယူလျှင် အလကားဖြစ်မည်မို့ ကူးလန် အပြုံးဖြင့် လက်ခံလိုက်သည်။

သူ့အမေ သိသွားသည့်အခါ လာတားသော်လည်း အရာအားလုံး နောက်ကျသွားခဲ့ပြီ။ ဖခင်ဖြစ်သူထံမှ ရရှိသည့် ၁၀ ရာခိုင်နှုန်းနှင့် ကူးချင်ချင်ထံမှ လွှဲပြောင်းရရှိသည့် ၃၀ ရာခိုင်နှုန်းတို့ကြောင့် ကူးလန်သည် စုစုပေါင်း ၇၀ ရာခိုင် နှုန်း ပိုင်ဆိုင်သွားပြီး ကူးလုပ်ငန်းစု၏အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့သည်။ ကုမ္ပဏီမမွဲသွားသရွေ့ မည်သူမှ သူ့နေရာအား မလှုပ်ခါနိုင်တော့ပေ။

ထိုစဉ်က အဖြစ်အပျက်များမှာ ရယ်စရာကောင်းလှသဖြင့် ကူးလန် ပြန်မတွေးချင်တော့ပေ။ မည်သို့ပင်ဖြစ်စေ ထိုကိစ္စများကြောင့် ချင်ချင်နှင့် အတူရှိချိန် နည်းပါးခဲ့ပြီး သူမ အခြေအနေအား သေချာမသိခဲ့ရပေ။ သို့သော် ဖူဟန်တို့မှာ ချင်ချင်နှင့် ပတ်သက်လျှင် နောက်ပြောင်မည် မဟုတ်မှန်း ကူးလန် သိသည်။ သူတို့ ဤသို့ လုပ်ခိုင်းခြင်းမှာ တစ်ခုခု အကြောင်းရှိမည်မှာ သေချာသည်။ ထို့ကြောင့် ကူးလန် မတားမြစ်ခဲ့ခြင်းဖြစ်သည်။

ချင်ချင့် ကိုယ်ပေါ်မှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို သူလည်း သိချင်နေသည်။ ထို့ပြင်...

စောစောက သူကိုယ်တိုင် မြင်တွေ့လိုက်ရသည့် ထူးဆန်း သော မြင်ကွင်းအား ပြန်တွေးမိရင်း ကူးလန် ခံစားချက်မျိုးစုံဖြင့် မျက်လွှာချလိုက်သည်။

အစ်မ၏လျှို့ဝှက်ချက်ကို မည်သူ့ကိုမှ မသိစေရဘူး။

"ညို... ညိုသွားပြီ"

ချင်ချင် မျက်ရည်စလေးများဖြင့် သူမ လက်မောင်းလေးကို ညွှန်ပြကာ သနားစဖွယ် ပြောလိုက်သည်။

"နာသေးလား ?"

လက်မောင်းပေါ်ရှိ အညိုအမည်းမှာ ပိုသိသာလာသဖြင့် ကူးလန် မျက်မှောင်ကြုတ်ကာ အသာအယာပွတ်ပေးလိုက်သည်။ သွေးဖောက်ပြီး ကျန်ခဲ့သည့် အညိုအမည်းမှာ ဘာမှလုပ်၍ မရဘဲ သူ့အလိုလို ပျောက်သွားသည်အထိ စောင့်ရုံသာ ရှိသည်။ သို့သော် ကြည့်ရသည်မှာ ရင်နာစရာ ကောင်းလှသည်။

"မနာတော့ဘူး"

ချင်ချင် ခေါင်းခါပြလိုက်၏။

တကယ်တော့ သွေးဖောက်စဉ်ကလည်း ချင်ချင် မနာခဲ့ပေ။ သို့သော် သွေးတွေ အများကြီး အပြင်ထွက်သွားသည်ကို မြင်ရသည်မှာ ကလေးအတွက်တော့ တော်တော်လေး ထိတ်လန့်စရာဖြစ်ခဲ့ရသည်။

All Chapters