အခန်း (၇၅)
Vol. 9 Ch. 75
🍼 Chapter 75
ထန်ယွမ်များ စားပြီးသည့်နောက် ကူးလန် အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ညဆယ်နာရီခွဲ ရှိနေပြီဖြစ်သည်။ ဤအချိန်သည် ချင်ချင် ပုံမှန်အိပ်ချိန်ထက်များစွာ ကျော်လွန်နေပြီဖြစ်သည်။
သူ ပန်းကန်ခွက်ယောက်များကို အကုန်သိမ်းဆည်းကာ ဘေစင်ထဲသို့ ထည့်လိုက်သည်။ ထိုအရာများကို မနက်ဖြန်ကျလျှင် အလုပ်သမားများလာရောက်ဆေးကြောပေးလိမ့်မည်။ ထို့နောက် ချင်ချင်အားချီလိုက်ပြီး အိမ်တော်ထိန်းကြီးကိုလည်း အနားယူရန်တိုက်တွန်းလိုက်သည်။
အိမ်တော်ထိန်းကြီးမှာ လက်ကာပြရင်း ကူးလန်တို့ကိုအရင်သွားနှင့်ရန် အချက်ပြလိုက်သည်။
"သခင်လေးက သခင်မလေးကိုအရင်ခေါ်သွားပြီး အနားယူ လိုက်ပါဦး၊ မြေးတို့ရဲ့ အိပ်ခန်းတွေကို နေ့တိုင်း သန့်ရှင်းရေးလုပ်ထားတာမလို့ အရမ်းသန့်ပါတယ်၊ အဘွားကတော့ ဒီမှာ တစ်ယောက်တည်း ခဏလောက်ထပ်ထိုင်ချင်သေးလို့ပါ၊ လူကြီးဆိုတော့ အိပ်ရေးကနည်းတယ်လေ၊ အခုအချိန်ဆို အဘွားက အိပ်မပျော်သေးဘူး"
ကူးလန် အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ အိမ်တော်ဝင်းအတွင်း ကင်းလှည့်နေသော လုံခြုံရေးဝန်ထမ်းများ အနီးအနားတွင် ရှိနေသည်ကို မြင်ရသဖြင့် အိမ်တော်ထိန်းကြီးအား စိတ်ချလက်ချထားရစ်ခဲ့ကာ ချင်ချင်ကိုခေါ်၍ အိမ်မကြီးရှိ အိပ်ခန်းသို့ ပြန်လာခဲ့သည်။
"ချင်ချင်၊ အဘွားကို 'Good night' လို့ ပြောလိုက်ဦး"
သူ ချင်ချင်ကို အသာအယာ မြှောက်ချီရင်း နှုတ်ဆက်ခိုင်းလိုက်သည်။
"အဘွား... ကောင်းသောညလေး ဖြစ်ပါစေနော်"
ချင်ချင် လက်ကလေးယမ်းကာ နှုတ်ဆက်လိုက်သည်။ သူမ၏နူးညံ့လှသော အသံလေးမှာ သကြားလုံး ငုံထားသကဲ့သို့ ချိုမြိန်လှသည်။
"အေးပါကွယ်၊ ကောင်းသောညပါ၊ သခင်မလေးလည်း စောစောအိပ်နော်"
အိမ်တော်ထိန်းကြီးမှာ ပြုံးရွှင်စွာဖြင့် ချင်ချင်အား လက်ပြနှုတ်ဆက်ကာ ကူးလန် ချီသွားသည်ကိုကြည့်ကာကျန်ရစ်ခဲ့သည်။
ညအမှောင်အောက်ရှိ မီးဖိုချောင်ထဲတွင် အိမ်တော်ထိန်းကြီး တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ သူမသည် အေးစက်တိတ်ဆိတ်နေသော မီးဖိုချောင်ကိုကြည့်ရင်း ရုတ်တ ရက် သက်ပြင်းတစ်ချက်ချလိုက်သည်။ အိုမင်းရင့်ရော်နေသော သူ့ အသံထဲဖော်ပြမရနိုင်သော အထီးကျန်မှုများ ပါဝင်နေသည်။
"သခင်မလေးက ဒီအဘွားကြီးလုံးပေးတဲ့ ထန်ယွမ်တွေမကြိုက်တော့ဘူးလား မသိဘူး..."
တိတ်ဆိတ်မှုကြားတွင် တစ်ငုံမျှပင် မစားရသေးဘဲ ဘေးတွင် ချန်ထားရစ်ခဲ့သည့် ထန်ယွမ်ပန်းကန်လေးသာ အိမ်တော်ထိန်းကြီးနှင့်အတူ ရှိနေတော့သည်။
ဖြူဖြူဖွေးဖွေး ထန်ယွမ် ခြောက်လုံးမှာ ချောမွတ်လှပသော ကျောက်စိမ်းလုံးလေးများကဲ့သို့ တစ်ခုနှင့်တစ်ခု ပူးကပ်နေကြသည်။ ရုတ်တရက် ရေနွေးများ သိသိသာသာ လှုပ်ခတ်သွားပြီး ကျောက်စိမ်းလုံး ငါးလုံးမှာ လိမ့်ဆင်းသွားကာ ပြန်လည် စုစည်းသွားကြတော့သည်။
ကူးအိမ်တော်မှာ အလွန်ကျယ်ဝန်းလှသည်။ ဘိုးဘွားပိုင် အိမ်ဝန်းကြီးတစ်ခုလုံးကို ခြုံကြည့်လျှင် ရှေးဟောင်း နန်းတော်တမျှပင် ကြီးမားလှသည်။ အထဲတွင် ပန်းခြံများ၊ ရေစီးကြောင်းများ၊ ကျောက်တောင်တုများနှင့် ရေကူးကန်များ ရှိသကဲ့သို့ လူနေထိုင်ရန် အဆောက်အအုံများလည်း ရှိလှသည်။
အလယ်ဗဟိုရှိ ငါးထပ်တိုက် အိမ်မကြီးမှာ ကူးမိသားစုဝင်များနှင့် ဧည့်သည်များ နေထိုင်ရန် ဖြစ်သည်။ အိမ်မကြီးဘေးတွင် သုံးထပ်တိုက် အဆောက်အအုံငယ် တစ်ခုရှိပြီး ၎င်းမှာ ကူးအိမ်တော်ရှိ အစေခံများနေထိုင်ရန် ဝန်ထမ်းအိမ်ရာဖြစ်သည်။
မီးဖိုချောင်မှာ ဟင်းချက်သည့်အငွေ့အသက်များ ပြင်းထန် သဖြင့် အိမ်မကြီးနှင့် ခပ်လှမ်းလှမ်းသီးသန့်တည်ဆောက်ထားခြင်းဖြစ်သည်။
အိမ်တော်ဝင်းတစ်ခုလုံးကို အလွန်အေးချမ်းဆိတ်ငြိမ်အောင် ပြင်ဆင်ထားသော်လည်း မြင်ရသူတိုင်းအတွက် ချမ်းသာကြွယ်ဝမှုနှင့် မျိုးရိုးဂုဏ်သတင်းကို ခန့်မှန်းနိုင် သည်။ ကူးမိသားစု ဘိုးဘွားများမှာ သာမန်လူတန်းစား မဟုတ်ခဲ့ကြသည်မှာ သိသာလှသည်။
ယခုအခါ ကူးမိသားစု၏တိုက်ရိုက်မျိုးဆက်မှာ အနည်း ငယ်သာ ကျန်ရှိတော့ပြီး အိမ်တော်ဟောင်းသို့လည်းမကြာ ခဏပြန်မလာကြသဖြင့် အိမ်မကြီးတစ်ခုလုံးမှာ လူသူကင်းမဲ့ကာ အေးစက်ခြောက်ကပ်နေသည်။
ကူးလန်သာ ဤနေရာတွင် ငယ်စဉ်ကတည်းကကြီးပြင်းလာခဲ့ပြီး နေရာတိုင်းကို ကျွမ်းကျင်နေ၍ သံယောဇဉ်ရှိမနေပါက၊ ထိုအေးစက်စက် မြင်ကွင်းအားကြည့်ပြီး သရဲအိမ်ဟုပင် ထင်မှတ်သွားမိနိုင်သည်။
သူတို့အိမ်၏တည်ဆောက်ပုံနှင့် ရှေးဟောင်းဟန် အဆောက်အအုံများမှာ သည်းထိတ်ရင်ဖို ရုပ်ရှင်ရိုက်ကူးရန်အတွက် ကုန်ကြမ်းအဖြစ် အသုံးပြုရန်အလွန်ပင် သင့်လျော်လှသည်။
သူနှင့် ကူးချင်ချင်၏အိပ်ခန်းမှာ တတိယထပ်တွင်ရှိသည်။
အိမ်မကြီး၏ပထမထပ်မှာ ဧည့်ခံပွဲခန်းမနှင့် ဧည့်ခန်းများ ဖြစ်သည်။ ဒုတိယထပ်မှာ ဧည့်သည်များနားနေရန် အခန်းများနှင့် အခြားသော အသုံးချခန်းများဖြစ်သည်။ တတိယထပ်မှ အထက်မှာမူ အိမ်ရှင်များ၏အဓိက နေထိုင်ရာနေ ရာများဖြစ်သည်။
အပေါ်ဆုံးထပ်မှာ ကောင်းကင်ဥယျာဉ်ဖြစ်ပြီး ရေကူးကန်လေးတစ်ခုလည်းပါဝင်သည်။ ယခင်က အဖွားကူးအလွန်နှစ်သက်သော နေရာဖြစ်သော်လည်း ယခုမူ မည်သူမှမလာကြတော့သဖြင့် ခြောက်ကပ်နေပြီဖြစ်သည်။
စတုတ္ထထပ်တွင် ကူးမိသားစုလူကြီးများဖြစ်ကြသော အဖိုးကူး၊ အဖွားကူးတို့နေထိုင်ကြပြီး၊ ကွယ်လွန်သွားပြီဖြစ်သော ဦးကြီးနှင့် ကူးယန်ယွီ၏အခန်းများလည်း စတုတ္ထထပ်တွင်ရှိသည်။
တတိယထပ်မှာမူ သူနှင့် ကူးချင်ချင်တို့နယ်မြေပင် ဖြစ်တော့သည်။
တတိယထပ်သို့ စတင်လှမ်းတက်လိုက်သည်နှင့် လှေကားထိပ်မှ ဆန့်ထွက်နေသော မြေဖြူလိုင်းဖြူဖြူလေးကို ကူးလန် မြင်လိုက်ရသည်။
ထိုမြေဖြူလိုင်း၏သမိုင်းကြောင်းကို ပြန်လည်အမှတ်ရမိသည့်အခါ၊ သူ့နှုတ်ခမ်းများ မသိမသာ ကွေးညွတ်သွားပြီး လည်ချောင်းထဲမှ တိုးညင်းသော ရယ်သံလေးထွက်ပေါ်လာသည်။
"ဒါ အခုထိ ရှိနေသေးတာပဲ"
ရုတ်တရက် ရယ်မောနေသော ကူးလန်အား ချင်ချင် ထူးဆန်းသလို ကြည့်ကာ မေးလိုက်သည်။
"တိတိ... ဘာလို့ ရယ်နေတာလဲ?"
"ငါတို့ ငယ်ငယ်က တော်တော်လေး ကလေးဆန်ခဲ့ကြတာကို သတိရလို့ပါ"
တွန့်လိမ်နေသော မြေဖြူလိုင်းအား လွမ်းဆွတ်စွာ ကြည့်ရင်း၊ ထိုစဉ်က သူ မည်သို့ ခါးကုန်းကာ မြေပြင်ပေါ်တွင် ဝပ်လျက် ဤလိုင်းကို တစ်စစီဆွဲခဲ့သည်ကို ကူးလန် ကောင်းကောင်း မှတ်မိနေသေးသည်။
အမှန်တကယ်တော့ ဒါက မူလတန်းကျောင်းသားတွေ စားပွဲပေါ်မှာ ဆွဲလေ့ရှိတဲ့ 'နယ်နိမိတ်မျဉ်း' မျိုးဖြစ်သည်။
ကူးချင်ချင်သည် နယ်မြေပိုင်ဆိုင်လိုစိတ် အလွန်ပြင်းထန်လှသည်။ သူမသည် ငယ်ရွယ်သော ကူးလန်အား သူမအခန်းထဲသို့ အလိုအလျောက်ဝင်ခွင့်မပြုပေ။
တစ်ခါက ကူးလန်လေးမှာ သူမအား ဒေါသထွက်သွားသဖြင့် အစ်မဖြစ်သူကိုလက်စားချေရန်အတွက် ချင်ချင့် အခန်းတံခါးကို တမင်သွားဖွင့်ကာ သူမ နှုတ်ခမ်းနီများ အားလုံးကို...
အကုန်ချိုးပစ်ခဲ့သည်!
ထို့ပြင် သူ လျှော်ပြီးခါစဖြစ်သော ဖြူလွလွအိပ်ရာခင်းပေါ်တွင်လည်း နှုတ်ခမ်းနီများဖြင့် လျှောက်ခြစ်ပစ်ခဲ့သည်။
ကျောင်းဆင်းပြီး အိမ်ပြန်ရောက်လာသော ကူးချင်ချင်သည် ထို 'သွေးစွန်းနေသကဲ့သို့ ဖြစ်နေသည့်' မြင်ကွင်းအား မြင်လိုက်ရသည့်အခါ... သူမ၏ စိတ်ရှည်နိုင်စွမ်း ဟူသော ကြိုးလေးမှာ တိခနဲပြတ်တောက်သွားတော့သည်။
လက်စားချေမှု အောင်မြင်ပြီဟု ဝမ်းသာအားရ ဖြစ်နေသော ကူးလန်လေးမှာ၊ မောင်နှမနှစ်ယောက်ကြားမှ အသက်ကွာခြားမှုကြောင့် ဖြစ်ပေါ်လာသည့် ခွန်အားကွာ ခြားမှုကို လုံးဝ ထည့်မတွက်ခဲ့မိပေ။ ရလဒ်အနေဖြင့် သူ့ဖင်လေးမှာ အရိုက်ခံရလွန်း၍ ပွင့်ထွက်မတတ် နာကျင်သွားခဲ့ရသည်။
ရိုက်ပြီးနောက်တွင်လည်း ကူးချင်ချင် ဒေါသတကြီးဖြင့် ကူးလန်၏ နှာခေါင်းအားလက်ညှိုးထိုးကာ ဟိန်းဟောက်လိုက်သည်။
"နင် နောက်တစ်ခါ ငါ့အခန်းထဲ ခြေတစ်လှမ်းထပ်လှမ်းတာနဲ့ မြင်တဲ့နေရာမှာ အသေရိုက်မှာ!"
အစ်မဖြစ်သူ၏ဒေါသတကြီး အခြေအနေကြောင့် ကြောက်သွား၍လား သို့မဟုတ် ခေါင်းမာသည့် စိတ်ကြောင့်လားတော့ မသိပေ။ အသက်ဆယ်နှစ်အရွယ် လူပေလေး ကူးလန်မှာ နီမြန်းရောင်ရမ်းနေသော ဖင်လေးကို ကိုင်ကာ မြေပြင်ပေါ်ဝပ်လျက် မျက်ရည်များကြားမှ ထိုနယ်နိမိတ်မျဉ်းအား ဆွဲခဲ့ပြီးကြွေးကြော်ခဲ့သည်။
"ဒီဘက်က နင့်နယ်မြေ၊ ဟိုဘက်က ငါ့နယ်မြေ၊ နောက်ဆို တစ်ယောက်နယ်မြေထဲ တစ်ယောက် ခြေလှမ်းမိရင် ခွေးပဲ!"
အဲ့ဒီနောက်မှာတော့...
ကူးချင်ချင် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ပိုက်ကာ၊ လှပသော မျက်ဝန်းများဖြင့် ကူးလန်အား အထက်စီးမှ ငုံ့ကြည့်လျက် နှုတ်ခမ်းကို မသိမသာကွေးညွတ်လိုက်ပြီး "ဝုတ်... ဝုတ်" ဟု ဟောင်ပြလိုက်သည်။
သူမ အေးအေးဆေးဆေးဟောင်ပြလိုက်ပြီးနောက်၊ ကူးလန်၏ရှေ့တွင်ပင် သူဆွဲထားသော နယ်နိမိတ်မျဉ်းအား အမှုမဲ့အမှတ်မဲ့ နင်းဖြတ်သွားတော့သည်။
နောက်ဆုံးတွင် သူမ ရက်ရက်စက်စက် လှောင်ပြောင်လိုက်သေးသည်။
"ကလေးတွေမှ ဒီလို အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းတွေကို လိုက်နာကြတာ"
ကူးလန်လေး: "..."
သူ တကယ်ကြီး ငိုချလိုက်မိသည်။ အိမ်တော်ထဲရှိ အစေခံအားလုံး ဝိုင်းချော့သော်လည်းမရပေ။
နောက်ဆုံးတွင် သူ့ငိုသံကြောင့် နားညည်းလာသော ကူးချင်ချင်မှာ ဒေါသတကြီး ထွက်လာပြီး ချောကလက် တစ်လုံးကို သူ့ပါးစပ်ထဲအတင်းထိုးထည့်လိုက်သည်။
"နောက်တစ်ခါ ထပ်ငိုရဲရင် ငါ အဆိပ်ခွံ့ကျွေးပစ်မယ်၊ ယုံလား?"
ထိုချောကလက်မှာ ၈၀ ရာခိုင်နှုန်း ကိုကိုးပါဝင်သည့် အခါးရည် ချောကလက် ဖြစ်သဖြင့် ပါးစပ်ထဲတွင် အလွန်ခါးလှသည်။ ကူးလန်လေး၏ဖြူဖွေးသော မျက်နှာလေးမှာ ခဏချင်းဆိုသလိုနီမြန်းသွားတော့သည်။
သို့သော် ရဲစွမ်းသတ္တိရှိလှသော သူကား အစ်မဖြစ်သူနှင့် ဈေးဆစ်ရဲသေးသည်။
"နင် နောက်ဆို ငါ့နယ်မြေထဲ ခြေမလှမ်းရဘူး၊ ထပ်ဝင်လာရင် နင် ငါ့ကို အဆိပ်ခွံ့ကျွေးရင်တောင် နင် နားညည်းအောင် ငါ ထအော်ပစ်မယ်!"
"...အေးပါ၊ အေးပါ၊ မဝင်ဘူး၊ နင်နယ်မြေက ရတနာသိုက်ကြီးများ မှတ်နေလား၊ အဲ့လောက်တောင် ကာကွယ်နေရအောင်"
ထိုအချိန်မှစ၍ ကူးချင်ချင်သည် ကူးလန် နယ်မြေထဲသို့ ခြေတစ်လှမ်းမှ မလှမ်းတော့သလို၊ ထိုကလေးဆန်သော မြေဖြူလိုင်းကိုလည်း တစ်စုံတစ်ယောက်အား ဖျက်ခိုင်းခြင်းမပြုခဲ့ပေ။ ကူးလန် ကြီးလာသည့်အခါ ဤကိစ္စအား ပြန်လှောင်ရန် သက်သေအဖြစ် ချန်ထားခဲ့ခြင်းဖြစ်သည်။
နှမြောစရာ ကောင်းသည်မှာ ကူးလန် ကြီးလာသည့်အခါ သူမ ထိုကိစ္စအားမေ့သွားပုံရသည်။ ကူးလန်ကိုယ်တိုင်လည်း ယခုမှ ပတ်ဝန်းကျင်ကြောင့် ပြန်သတိရခြင်းဖြစ် သည်။
ယခုအခါ ကူးချင်ချင် သူ့အား ပြန်လှောင်ရန်မလိုတော့ဘဲ၊ သူကိုယ်တိုင်ပင် ထိုစဉ်က မည်မျှရူးသွပ်ခဲ့သည်ကို သိနေပြီဖြစ်သည်။
မနက်ကျရင် ဒီသမိုင်းဆိုးကို အစအန မကျန်အောင် ဖျက်ပစ်ခိုင်းရမယ်!
ကူးလန် ချင်ချင်၏စူးစမ်းနေသော အကြည့်ကို အတင်းလွှဲလိုက်ကာ သူမအားချီ၍ သူ့အခန်းဘက်သို့ လျှောက်သွားသည်။ ထိုလိုင်းကို နင်းမိသည့်အခါ သူ စိတ်ကူးပေါက်လာပြီး "ချင်ချင်၊ ငါ့နောက်က လိုက်ဆိုစမ်း... 'ဝုတ်... ဝုတ်' လို့"
"ဝုတ်... ဝုတ် ?"
ချင်ချင် နုံအစွာဖြင့် လိုက်ဆိုလိုက်သည်။ ဆိုပြီးမှ တစ်ခုခု မှားနေသည်ကို သိသွားပြီး "တိတိက လူဆိုးပဲ၊ ချင်ချင်ကို ခွေးလို ဟောင်ခိုင်းတယ်" ဟု ဆိုကာ နှုတ်ခမ်းလေး စူလိုက်သည်။
အသက် ဒီလောက်ကြီးနေပြီဖြစ်သော်လည်း ကလေးအား လှည့်စားနေသည့် ထိုလူကြီးကို သူမ အပြစ်တင်နေတော့ သည်။ တကယ့်ကို လူဆိုးကြီးပင်။
"ဟားဟားဟား... နင်ကမှ နုံတာကိုး"
ကူးလန်၏ကိုယ်ချင်းစာစိတ်မှာ ဤကိစ္စအတွက် နာကျင်မနေဘဲ၊ ကလေးအား စနောက်ရခြင်းမှ ပျော်ရွှင်မှုကို ခံစားနေရသည်။
အမှန်တကယ်ပင်၊ မောင်လေးကို စောစောစီးစီးရိုက်ထားရုံမက၊ အစ်မကိုလည်း စောစောစီးစီး စနောက်ထားသင့်သည်ဟု သူတွေးမိသည်။
ကူးအိမ်တော်တွင် ရှိနေသည့် အရွယ်ရောက်ပြီးသူ ကူးချင်ချင့် အဝတ်အစားများကို ချင်ချင် ဝတ်၍မရနိုင်ပေ။ ကံကောင်းသည်မှာ ကူးလန် ဆေးရုံမှ အဝတ်အစားတစ်စုံ ယူလာပေးခဲ့ခြင်းပင်။
ကလေးကို သန့်ရှင်းရေး လုပ်ပေးပြီးနောက်၊ သူ သူမအား ကုတင်ကြီးပေါ်တွင် တင်ထားလိုက်ပြီး သူကိုယ်တိုင်လည်း သန့်ရှင်းရေးလုပ်ရန် သွားလိုက်သည်။
ချင်ချင် အလွန်ငယ်သေးသဖြင့် အိပ်သည့်အခါ လူကြီးတစ်ဦးစောင့်ကြည့်ရန် လိုအပ်သည်။ ထို့ကြောင့် ကူးလန် သူမအား သူ့အခန်းထဲအိပ်စေခြင်းဖြစ်သည်။
ကလေးမလေးမှာဖျားနေပြီး ပင်ပန်းနေသဖြင့် ခဏအတွင်းမှာပင် အိပ်ပျော်သွားတော့သည်။
ကူးလန် ပြန်လာသည့်အခါ ချင်ချင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်ရသဖြင့် သူမကို မနှိုးတော့ဘဲ၊ သူကိုယ်တိုင်မြေပြင်ပေါ်တွင် အိပ်ရာခင်း၍အိပ်လိုက်သည်။ သူ့အခန်းတွင် ကုတင်တစ်လုံးသာရှိသဖြင့် ချင်ချင် ကုတင်ကို ယူထားရာ၊ သူကတော့ ကြမ်းပြင်ပေါ်တွင်သာ အိပ်ရတော့သည်။
ကူးလန် မနက် ၈ နာရီ ၉ နာရီခန့်အထိ အိပ်လိုက်မိသည်။ သူ နိုးလာသည့်အခါ ချင်ချင် ပျောက်နေသည်ကို တွေ့လိုက်ရသည်။
ဖရိုဖရဲ ဖြစ်နေသော စောင်ပုံကြီးမှာ ကြမ်းပြင်ပေါ်တွင် စုပုံနေပြီး၊ ကုတင်နှင့် ကြမ်းပြင်ကြားတွင် အရှိန်သတ်ရန် ပြုလုပ်ထားပုံရကာ အလယ်တွင် မသိမသာ ချိုင့်ဝင်နေသော အမှတ်အသားရှိနေသည်။
ချင်ချင် နိုးလာပြီးနောက် ကိုယ်တိုင် အပြင်ထွက်သွားပုံရသည်။ အိမ်တော်ထဲတွင် ဝန်ထမ်းများနှင့် လုံခြုံရေးများ ရှိနေသော်လည်း ကူးလန် စိတ်မချသဖြင့်ထွက်ရှာလိုက်သည်။
နောက်ဆုံးတွင် သူမအား ပန်းခြံထဲရှိ ဇရပ်လေးအတွင်း တွေ့လိုက်ရသည်။
ထိုစဉ်က ချင်ချင်မှာ အိမ်တော်ထိန်းကြီးဒူးပေါ်တွင် မှီလျက် ခေါင်းလေးမော့ကာ ပုံပြင်နားထောင်နေသည်။
ရိုးရှင်းလှသော ပုံပြင်များကို အိမ်တော်ထိန်းကြီး၏ ပြောဟန်ကြောင့် ရယ်စရာကောင်းပြီး စိတ်ဝင်စားဖွယ် ပုံပြင်များဖြစ်လာကာ ကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်စွမ်း ရှိလှသည်။ အနည်းဆုံးတော့ ချင်ချင် အလွန်သဘောကျနေသည်။
အိမ်တော်ထိန်းကြီး ပြောပြနေသည့် ပုံပြင်အများစုမှာ လူမှုရေး ဗဟုသုတများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ပုံပြင်များဖြစ်သည်ကို ကူးလန် သတိထားမိလိုက်သည်။ ချင်ချင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ မသိမသာနှင့် သူမ သင်ယူခဲ့ရသည်များ ရှိလှသည်။
ချင်ချင် ဘာလို့ ဒီလောက်တောင် လိမ္မာပါးနပ်နေရတာလဲဟု သူတွေးမိဖူးသည်။ အမှန်တော့ သူမဘေးတွင် အန်တီထင်းအပြင် အိမ်တော်ထိန်းကြီးကဲ့သို့သော မိသားစု၏ ရတနာတစ်ပါး ရှိနေသောကြောင့်ပင်။
"သခင်လေး"
ချင်ချင် နောက်မှ ခြေသံကိုမကြားသော်လည်း၊ အိမ်တော်ထိန်းကြီး၏အသံကြောင့် သူမ သတိပြုမိသွားသည်။ သူမ ဖျတ်ခနဲ လှည့်ကြည့်လိုက်ပြီး ဝမ်းသာအားရဖြင့် ကူးလန်ထံသို့ ပြေးလာသည်။
"တိတိရေ!"
လိမ့်ဆင်းလာသည့် အသားလုံးလေး တစ်လုံးကဲ့သို့ပင်။
ကူးလန် အလေ့အကျင့်အတိုင်း ဒူးလေး အနည်းငယ်ညွှတ်ကာ လက်နှစ်ဖက်အား ဆန့်တန်း၍ ချင်ချင်၏ အပြေးအ လွှား ဖက်မှုကိုလက်ခံလိုက်သည်။
ရင်ခွင်ထဲသို့ အရှိန်ဖြင့် တိုးဝင်လာသော်လည်း ကူးလန် ယိမ်းယိုင်မသွားဘဲ ချင်ချင်အား မြဲမြဲချီကာ၊ နေပူစာလှုံနေသော အိမ်တော်ထိန်းကြီး ဘေးသို့ လျှောက်သွားလိုက်သည်။
"သွားတော့မလို့လား?"
အိမ်တော်ထိန်းကြီးမျက်နှာတွင် နှမြောတသဖြစ်မှုများ ရှိနေသည်။
"မုန့်လေး စားပြီးမှ သွားကြပါဦး"
ကူးလန် ငုံ့ကြည့်လိုက်သည့်အခါမှ အိမ်တော်ထိန်းကြီး၏ ဘေးရှိ စားပွဲလေးပေါ်တွင် ဂျင်းနို့ခဲ နှစ်ပန်းကန်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုအထဲမှ တစ်ပန်းကန်မှာ အတော်လေး ကုန်နေပြီဖြစ်သဖြင့် မည်သူ့ဗိုက်ထဲ ရောက်သွားသည်ကို မေးစရာပင်မလိုတော့ပေ။ အခြားတစ်ပန်းကန်မှာ ပြည့်နေဆဲဖြစ်သဖြင့် သူ လာစားရန်စောင့်နေခြင်း ဖြစ်သည်မှာ သိသာလှသည်။