← Chapters

အခန်း (၇၆)

Vol. 9 Ch. 76

အခန်း (၇၆)

Vol. 9 Ch. 76

🍼 Chapter 76

ဂျင်းလက်ဖက်ရည်မှာ အအေးမိခြင်းကို ပျောက်ကင်းစေနိုင်စွမ်း ရှိသည်။ အိမ်တော်ထိန်းကြီးသည် မနေ့ညက တည်းက ချင်ချင့် နှာသံလေးကို သတိထားမိခဲ့ပုံရပြီး၊ ထို့ကြောင့်ပင် ယနေ့မနက်တွင် ဤမုန့်ချိုလေးအား အထူး တလည် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။

ချင်ချင်သည် ယခုအခါ သိသိသာသာ လန်းဆန်းလာပြီး နှာသံလေးမှာလည်း ပျောက်လုနီးပါးဖြစ်နေပြီ။ နောက် ထပ် တစ်ရက်လောက်ဆိုလျှင် ရောဂါဝေဒနာများလုံးဝအရှင်းပျောက်ကင်းသွားတော့မည်ဖြစ်သည်။

"တိတိ... မြန်မြန်စား၊ မြန်မြန်စား၊ ဒါက ချင်ချင်က တိတိအတွက် ချန်ထားပေးတာ"

ကလေးမလေးမှာ ကူးလန်အား ဆွဲခေါ်လာပြီး မုန့်ကျွေးရင်း သူ့ကောင်းကွက်ကိုလည်း ထည့်ပြောရန် မမေ့ပေ။

"တကယ်လား? ချင်ချင်က သိပ်လိမ္မာတာပဲ"

ကူးလန် တမင်တကာ ချဲ့ကားပြီး ချီးမွမ်းလိုက်ရာ ချင်ချင်လေးမှာ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလေးကိုအုပ်ကာ တဟီးဟီး ရယ်နေတော့သည်။

မုန့်တစ်ပန်းကန် မကုန်သေးမီမှာပင် မဖိတ်ခေါ်ဘဲ ရောက် လာသည့် ဧည့်သည်နှစ်ဦး ရောက်ရှိလာသည်။

ဖူဟန်နှင့် ပိုင်ချီယွီတို့ပင်။

သူ ချင်ချင်ကိုခေါ်ပြီး ဆေးရုံမှ ဆင်းလာသည့် သတင်းအား ဖုံးကွယ်ထား၍မရမှန်း ကူးလန် သိသော်လည်း၊ ထိုမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

သူတို့မောင်နှမနှစ်ယောက်တည်း အချိန်ပေးတာကိုတောင် အဲ့လောက် တားဆီးချင်နေကြတာလား ?

ကူးလန် မကြည်ဖြူသည့် အမူအရာအား မသိမသာ ပြသလိုက်သည်။ သူ ဇွန်းကို ချမထားရုံမက ပန်းကန်အား မကာ အထဲရှိ မုန့်များကို အမြန်ကုန်အောင် စားပစ်လိုက်သည်။ ထို့နောက်မှ ချင်ချင်နှင့် ဆင်တူလှသော မျက်ဝန်းများကို ပင့်ကြည့်လိုက်ပြီး -

"လူကြီးမင်းတို့ နှစ်ယောက်က မနက်စောစောစီးစီး ငါ့ရဲ့ ကူးအိမ်တော်ကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ?"

"မင်း မနေ့ညက ချင်ချင်ကိုခေါ်ပြီး ဆေးရုံက ရုတ်တရက် ဆင်းသွားတာ၊ ငါတို့ကို ဘာလို့ တစ်ခွန်းမှ အကြောင်းမကြားတာလဲ?"

ပိုင်ချီယွီ ခန့်ညားသော မျက်နှာထားဖြင့် စတင် စစ်မေးလိုက်သည်။

သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပြင်းထန်လှသည်။ ပေါ့ပေါ့ပါးပါး အဝတ်အစားကို ဝတ်ထားသော်လည်း သူ၏ ကြွက်သားအဖုအထစ်များကြောင့် ကျပ်ထုတ်နေပုံမှာ အခွင့်အရေးရသည်နှင့် ရန်သူအား အသေသတ်ရန် စောင့်ဆိုင်းနေသော ကျားသစ်တစ်ကောင်ကဲ့သို့ပင်။

ထိုကဲ့သို့သော လူမျိုး၏စူးစိုက်ကြည့်ခြင်းကို ခံရသည့်အခါ ကူးလန်ပင်လျှင် မသိမသာကျောပြင်တင်းမာသွားကာ သတိထားသည့် အနေအထားသို့ ရောက်သွားရသည်။

"ဘာလဲ ? မင်းတို့က မနက်စောစောစီးစီး ငါ့အိမ်ထဲကို ဒေါသတကြီး ကျူးကျော်ဝင်ရောက်လာတာကကြ မှန်ကန်တဲ့ လုပ်ရပ်လို့ထင်နေတာလား ?"

သူလည်း မလျှော့သောဇွဲဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

ကူးလန်သည် ထိုအမျိုးသားနှစ်ဦးအား ပိုပိုမုန်းတီးလာမိသည်။ တစ်ယောက်က သူ့ယောက်ဖဖြစ်နေဆဲဖြစ်ပြီး နောက်တစ်ယောက်မှာ သူ့အစ်မအား ပိုးပန်းနေသူဖြစ်သော်လည်း၊ ထိုအချက်ကြောင့်ပင် သူ ပိုမုန်းနေခြင်းဖြစ် သည်။

မကြာသေးမီက စုံစမ်းသိရှိထားသည့် သတင်းအသစ်များကို သတိရလိုက်ကာ သူ့မျက်ဝန်းများ မှောင်မှောင်သွားပြီး ဖူဟန်ဘက်သို့ လှည့်၍တိုက်ခိုက်လိုက်တော့သည်။

"မင်းရဲ့ ချစ်သူဟောင်းလေး ပြန်ရောက်လာပြီလို့ ကြားတယ်နော် ? ပြီးတော့ သူ ပွဲတစ်ခုမှာ ငါ့အစ်မကို အပုပ်ချပြီး မင်းတို့နှစ်ယောက်ရဲ့စစ်မှန်တဲ့ အချစ်အကြောင်းတွေ လျှောက်ပြောနေတယ်ဆို"

ဖူဟန် မျက်ခုံးအနည်းငယ် တွန့်ချိုးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ငါ့မှာ ဘယ်ချစ်သူမှ မရှိဘူး"

"ဟက်..."

ကူးလန်ကတော့ လုံးဝ မယုံကြည်ပေ။

သူသည်လည်း မကြာသေးမီကမှ သူငယ်ချင်းများထံမှ သတင်းရရှိခဲ့ခြင်း ဖြစ်သည်။ ဤရက်ပိုင်းအတွင်းအထက် တန်းလွှာအသိုင်းအဝိုင်းထဲသို့ လူဟောင်းတစ်ယောက် ပြန်ရောက်လာသည်။

ထိုအမျိုးသမီးမှာ တစ်ချိန်က လူအများ၏အသည်းစွဲ နတ် သမီးဖြစ်ခဲ့ရုံမက၊ ဖူဟန်၏ လျှို့ဝှက်ချစ်သူအဖြစ် လူသိများခဲ့သူလည်း ဖြစ်သည်။

ကြားဖူးသည်မှာ ထိုစဉ်က သူ့အစ်မ ဖူဟန်နောက်ကို အရူးအမူးလိုက်နေချိန်တွင် ထိုချစ်သူလေးအား နှင်ထုတ်ရန် နည်းလမ်းအမျိုးမျိုး သုံးခဲ့ရသည်ဟု ဆိုသည်။

အခုတော့ သူ့အစ်မမှာ အရွယ်ရောက်ပြီးသား သားသမီးနှစ်ယောက်တောင်ရှိနေပြီဖြစ်သော်ငြား ထိုအမျိုးသမီးအိုကြီးက အဘယ့်ကြောင့်ပြန်လာရသနည်း ?

ဝံပုလွေက အသားနံ့ရလို့ ချောင်းနေတာလား?

ကွာရှင်းစာချုပ် ကိစ္စမှာတင် ဖူဟန် ကူးလန်အား ကျေနပ်လောက်တဲ့ အဖြေ မပေးနိုင်သေးခင်မှာ အခု ချစ်သူဟောင်းကိစ္စပါ ပေါ်လာပြန်ပြီ ဖြစ်၍ သူ့ကို ကြည့်မရဖြစ်နေသည်မှာ မဆန်းပေ။

ထို့အပြင် ချင်ချင်သာ အခုလို ကလေးလေးမဟုတ်ပါက၊ သူ့အစ်မအား ချက်ချင်းကွာရှင်းခိုင်းပြီး ပိုက်ဆံတွေယူကာ ထွက်လာခဲ့ဖို့ တိုက်တွန်းမိမှာအမှန်ပင်။

ကြည့်ရသည်မှာ မျက်စိစပါးမွှေး စူးလှသည်။

ထိုပြင် ဟိုးအရင် အစ်မဖြစ်သူ ဖူဟန်၏ရူးသွပ်သော ချစ်သူများထံမှ နှိပ်စက်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရသည့် ကိစ္စများမှာလည်း ရှင်းမကုန်နိုင်သော အကြွေးဟောင်းများပင်။

ဘာမှမသိဘဲ ကြောင်တောင်တောင်လေး ဖြစ်နေသည့် ချင်ချင်အား အသာအယာပွတ်သပ်ပေးရင်း ကူးလန် အတွေးများကို ဖျောက်ပစ်ကာ ရုတ်တရက်မေးလိုက်သည်။

"အကယ်၍... ကျွန်တော်က 'အကယ်၍' လို့ ပြောတာနော်၊ ကျွန်တော့်အစ်မသာ တစ်နေ့မှာ မူလအတိုင်းပြန်ဖြစ်လာရင် မင်း ဘာလုပ်မှာလဲ ?"

"ခြောက်လ ရှိသွားပြီ"

ဖူဟန် တည်ငြိမ်စွာ သတိပေးလိုက်သည်။

ခြောက်လ ရှိသွားပြီ၊ ချင်ချင့် ကိုယ်ပေါ်တွင် ဘာထူးခြားမှုမှ မရှိတော့ပေ။ ထို့ကြောင့် သူမသည် တစ်သက်လုံး ဤအတိုင်းပင်...

"တစ်ခါတော့ ပြန်ဖြစ်ဖူးတယ်"

ဖူဟန့် သူငယ်အိမ်မှာ ကျုံ့သွားကာ ပိုင်ချီယွီဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။

ထိုစကားမှာ သူနားလည်လိုက်သည့် အဓိပ္ပာယ်လား?

ပိုင်ချီယွီ ဖူဟန်အား စိုက်ကြည့်လိုက်ပြီး၊ ဘေးမှ ကူးလန် တားဆီးနေသည်ကို ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

"ချင်ချင် တစ်ခါ ပြန်ဖြစ်ဖူးတယ်၊ ဆေးရုံအခန်းထဲမှာ သူ အပြင်းအထန် ဖျားနေတုန်းကပေါ့"

"အပြင်းဖျားတာ ?"

ထိုကိစ္စအား ဖူဟန် လုံးဝမသိခဲ့ပေ။

ချင်ချင့်အအေးမိခြင်းမှာ နောက်ပိုင်းတွင်အပြင်းဖျားသည့်အထိ ဖြစ်သွားခဲ့သည်ကိုး။

ထိုစဉ်က သူမ ခန္ဓာကိုယ်မှာ ရုတ်တရက်ပြောင်းလဲသွားသဖြင့် ပိုင်ချီယွီနှင့် ကူးလန်တို့မှာ ဆရာဝန်ကိုပင် သွားမခေါ်ရဲခဲ့ကြပေ။ သူမသည် ခဏတာအတွင်း လူကြီးပုံစံ ပြန်ဖြစ်သွားပြီးနောက်မှ ပြန်လည်သေးငယ်သွားသည်ကို သူတို့နှစ်ဦးသား ငေးကြည့်နေခဲ့ရသည်။ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တစ်ခုကို ကြည့်နေရသလိုပင်။

"မင်း သူ့ကို ဘာတွေ လျှောက်ပြောနေတာလဲ ?"

ကူးလန် ဒေါသတကြီး ထရပ်လိုက်သည်။

"မင်းက ဘာလို့ အခုထိ ကလေးဆန်နေတုန်းလဲ?"

ပိုင်ချီယွီ၏စူးရှသော အကြည့်များမှာ မြားတစ်စင်းကဲ့သို့ ကူးလန် နှလုံးသားကို ဖောက်ထွင်းသွားကာ သူ့စိတ်ကူးအားလုံးကိုမြင်သာသွားစေသည်။

"ကူးလန်၊ မင်းက အစ်မရဲ့ ကျောနောက်မှာ ပုန်းပြီး ငိုနေတတ်တဲ့ ကလေးမဟုတ်တော့ဘူး ပြီးတော့ မင်းရဲ့ ခေါင်း မာမှုကို ဘယ်သူမှ သည်းခံနေမှာမဟုတ်ဘူး၊ အခု ချင်ချင်ကအရမ်းအန္တရာယ်များနေပြီ၊ ငါတို့ အချင်းချင်း တိုက် ခိုက်မနေသင့်ဘူး၊ မဟုတ်ရင် ရန်သူတွေကပျော်သွားလိမ့်မယ်"

သူ ခဏရပ်ကာ အသံအနည်းငယ် တုန်ယင်စွာဖြင့် ဆက်ပြောသည်။

"သတင်းရထားတာကတော့... အဲ့လူ ထောင်ကထွက်လာပြီတဲ့"

ကူးလန် မျက်ဝန်းများ ပြူးကျယ်သွားကာ မျက်နှာပျက်သွားတော့သည်။

"မင်း... ဘယ်သူ့ကို ပြောတာလဲ?"

"မင်း သိပါတယ်"

သူ သိတာပေါ့၊ ထို့ကြောင့်ပင် ဤမျှ ထိတ်လန့်သွားရခြင်း ဖြစ်သည်။

ကူးလန် တံတွေးအား ခက်ခဲစွာမျိုချလိုက်ပြီး တုန်ရင်နေသော လက်များကို ထိန်းချုပ်ကာ မေးလိုက်သည်။

"သူ့ရဲ့ ထောင်ဒဏ်က နောက်ထပ် တစ်နှစ်ကျန်သေးတယ် မဟုတ်လား? ဘယ်လိုလုပ် အဲ့လောက် မြန်မြန်ထွက်လာနိုင်မှာလဲ?"

ပိုင်ချီယွီ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်မိသော်လည်း သူ ဆေးလိပ်ဖြတ်ထားသည်ကို သတိရကာ လက်ကိုပြန်ချလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"အမှန်တော့ လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက အဲ့ဒီလူ ထောင်ကထွက်လာခဲ့တာ၊ ထောင်ထဲမှာ အမူအကျင့်ကောင်းမွန်လို့ ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ စောစော လွတ်လာတာ"

"နောက်နေတာလား"

ကူးလန် လှောင်ပြုံး ပြုံးရန် ကြိုးစားသော်လည်းမအောင် မြင်ပေ။

သူ ကုလားထိုင်ပေါ်သို့ ခွေကျသွားကာ လက်တန်းများကို မြဲမြဲဆုပ်ကိုင်ထားမိသည်။

"အဲ့ဒီလို မိစ္ဆာကောင်မျိုးကို... ဘယ်လိုလုပ် စောစောလွှတ် ပေးနိုင်ရတာလဲ?"

သူ့မျက်စိထဲတွင် မှောင်မိုက်သော ပုံရိပ်များ တရစပ်မြင်ယောင်လာသည်။

ခြောက်ကပ်နေသော လမ်းကြားလေး...

ကြေမွပျက်စီးနေသော ခန္ဓာကိုယ်...

ပြီးတော့...

မြေပြင်ပေါ်တွင် ဖြည်းဖြည်းချင်း... ဖြည်းဖြည်းချင်း ပြန့်နှံ့သွားသည့် နီမြန်းလှသော သွေးစက်များ။

ထို့နောက် မျက်လုံးနှင့် ပါးစပ်ကို အတင်းပိတ်ခံလိုက်ရပြီး ပိတ်လှောင်ထားသည့် နေရာတစ်ခုထဲသို့ အတင်းထိုးထည့်ခံလိုက်ရကာ၊ နားထဲတွင် မိစ္ဆာကောင်၏တိုးတိုးလေးပြောသံကို ကြားနေရသည်။

"ငါ့လက်ထဲ မိအောင် မလုပ်နဲ့... ထွက်မလာနဲ့၊ မဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်..."

ဖူဟန် သူတို့နှစ်ဦး၏စကားလုံးများကို တိတ်ဆိတ်စွာ နားထောင်နေသည်။ သူတို့ ဘာအကြောင်း ပြောနေသည်ကို သူ အတိအကျ မသိသော်လည်း အချက်အလက် အချို့ကိုတော့ ရရှိလိုက်သည်။

ချင်ချင်နှင့် ကူးလန်တို့အတွက် အလွန်အန္တရာယ်ကြီးသည့် လူတစ်ယောက် ထောင်မှထွက်လာပြီ။ ထိုလူသည် အလွန်ရက်စက်သော ရာဇဝတ်သားဖြစ်ပြီး ကူးလန်ပင်လျှင် အလွန်အမင်း ကြောက်လန့်နေရသည့် သူ ဖြစ်သည်။

"ဒါတွေ အားလုံးက... အဲ့ဒီလူနဲ့ ပတ်သက်နေတာလား?"

ဖူဟန် ကူးချင်ချင်အပေါ်သို့ ကျရောက်နေသည့် မလိုမုန်း ထားမှုများနှင့် ခြိမ်းခြောက်သည့် အသံဖိုင်များကိုရည် ညွှန်းလိုက်ခြင်းပင်။

သူ မှတ်မိနေသေးသည်၊ ထိုစဉ်က ချင်ချင်သည် ခြိမ်း ခြောက်သည့် အသံဖိုင်အားကြားလိုက်ရချိန်တွင် ပြသခဲ့သည့် ထိတ်လန့်မှုမှာ ယခု ကူးလန်၏ပုံစံနှင့် အလွန်တူလှသည်။

သို့သော် ထိုစဉ်က ကူးလန်သည်လည်း ထိုအသံအား ကြားခဲ့သော်လည်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။

"မသေချာဘူး"

ပိုင်ချီယွီ ခေါင်းခါလိုက်သော်လည်း ဖူဟန့် ခန့်မှန်းချက်အား လုံးဝမငြင်းပယ်ပေ။

"ငါတို့ စုံစမ်းထားတဲ့ သဲလွန်စတွေက အရမ်း ပြန့်ကျဲနေတယ် ဒါပေမဲ့ အကုန်လုံးကို စုစည်းကြည့်လိုက်ရင် ချင်ချင်ကို ရည်ရွယ်ပြီး တိုက်ခိုက်နေတဲ့သူတွေက တစ်ဖွဲ့တည်း မဟုတ်ဘူးဆိုတာ တွေ့ရလိမ့်မယ်၊ အဲ့ဒီလူတွေက ပတ်သက်မှုမရှိသလို ထင်ရပေမဲ့ တစ်ခါတစ်ရံမှာ အရမ်းကို တိုက်ဆိုင်နေတတ်တယ်၊ ဒါကြောင့် တရားခံကအများကြီးလား ဒါမှမဟုတ် အစကတည်းက တစ်ယောက်တည်းလားဆိုတာကို အခုထိအတည်မပြုနိုင်သေးဘူး"

"ချင်ချင်ရဲ့ အခြေအနေက အခု အရမ်းအန္တရာယ်များနေတယ်"

ဖူဟန် ပိုင်ချီယွီ မပြောရသေးသော စကားကိုဖြည့်စွက်ပေးလိုက်သည်။

"ဒါကြောင့် ငါတို့ ဒီအတိုင်း ထိုင်ကြည့်နေလို့မရတော့ဘူး"

ပိုင်ချီယွီ ဖူဟန့် ပခုံးအား ဖက်လိုက်ပြီး ခပ်နောက်နောက် ပြုံးလိုက်သည်။

"တော်တယ် သူငယ်ချင်း၊ မင်း ဂိမ်းဆော့ဖူးလား? ပုံမှန်ဆိုရင် ရှေ့က လူအုပ်တွေကို ရှင်းပြီးမှ တကယ့် Boss ကြီးက ထွက်လာတာလေ"

"အဲ့ဒီမတိုင်ခင်မှာ ငါတို့အတွက် ငါးစာ လိုအပ်တယ်"

ပိုင်ချီယွီနှင့် ဖူဟန်တို့ အကြည့်များမှာ ကူးလန်ထံသို့ ရောက်သွားကြသည်။

ကူးလန် မော့ကြည့်လိုက်ရာ၊ ချင်ချင်နှင့် ဆင်တူလှသော သူ့မျက်နှာတွင် ချင်ချင်လေးကဲ့သို့ပင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာ ပေါ်လာသည်။

ဖူဟန်နှင့် ပိုင်ချီယွီတို့၏ အစီအစဉ်အား သူ ဘာမှနားမလည်သလိုမျိုးပင်။

မကြာသေးမီက နန်မြို့၏ အထက်တန်းလွှာ အသိုင်းအ ဝိုင်းတွင် နောက်ထပ်သတင်းကြီးတစ်ခုဖြင့် ဆူညံသွားပြန်သည်။

ဖူဥက္ကဋ္ဌ၏ချစ်သူဟောင်း ပြန်ရောက်လာပြီးနောက်၊ နိုင်ငံ ခြားတွင် ခရီးသွားနေသည်ဟု သတင်းထွက်နေသော ဖူကတော်ကြီးသည်လည်း နောက်ဆုံးတွင် ပြန်ရောက်လာခဲ့ပြီဖြစ်သည်။

လူအများမှာ ကူးချင်ချင် ထိုသတင်းအားကြားသဖြင့် မနေနိုင်တော့ဘဲ အပြေးအလွှားပြန်လာခြင်း ဖြစ်မည်ဟု တီးတိုးပြောဆိုနေကြသည်။ အချို့ကလည်း တိုက်ဆိုင်မှုဖြစ်နိုင်သည်ဟု ဆိုသော်လည်း၊ ကမ္ဘာပေါ်မှာ ဒီလောက်တောင် တိုက်ဆိုင်စရာလားဟု ပြန်လည် ချေပခံရသည်။

ဖူဥက္ကဋ္ဌ၏ထိုချစ်သူဟောင်းဟု ဆိုသူအကြောင်း ပြောရလျှင် သူမ နောက်ခံမှာ သိပ်မရှုပ်ထွေးလှပေ။

သူမအမည်က 'ချန်ရှောင်ရှောင်' ဖြစ်ပြီး၊ သာမန်မိသားစုမှ ဖြစ်သော်လည်း ထူးချွန်သော စာပေအရည်အချင်းကြောင့် ဖူဟန် တက်ခဲ့သည့် တက္ကသိုလ်သို့ တက်ရောက်ခွင့်ရခဲ့သည်။ လှပသော ရုပ်ရည်နှင့် သိမ်မွေ့သောစိတ်ထားကြောင့် ကျောင်း၏အလှဘုရင်မအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။

ချန်ရှောင်ရှောင်နှင့် ဖူဟန်တို့သည် မိတ်ဆုံစားပွဲတစ်ခုတွင် ဆုံတွေ့ခဲ့ကြသည်။ ထိုစဉ်က နှစ်ဦးစလုံးမှာ သူငယ်ချင်းများ၏ အတင်းအကျပ် ခေါ်ဆောင်မှုကြောင့် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

ဖူဟန် ချန်ရှောင်ရှောင်အပေါ် မည်သို့ ခံစားရသည်ကို ဘေးလူများ မသိသော်လည်း၊ ချန်ရှောင်ရှောင်မှာတော့ ဖူဟန်အပေါ် စိတ်ဝင်စားနေသည်မှာ သေချာလှသည်။

ထိုအချိန်မှစ၍ ချန်ရှောင်ရှောင်သည် အကြောင်းအမျိုးမျိုးပြကာ ဖူဟန်နှင့် နီးစပ်အောင် ကြိုးစားခဲ့သည်။ ချန်ရှောင်ရှောင်မှာ သူမ စိတ်ရင်းအား တိုက်ရိုက်မပြသဘဲ သူငယ် ချင်းကဲ့သို့သာ ပေါင်းသင်းခဲ့ပြီး၊ နှစ်ဦးသားဆုံသည့်အခါတွင်လည်း ပညာရေးအကြောင်းသာ ပြောလေ့ရှိသည်။

ကြာလာသည့်အခါတွင်တော့ လူအများ၏အမြင်တွင် သူတို့နှစ်ဦးမှာ မခွဲနိုင်သော စုံတွဲတစ်တွဲကဲ့သို့ဖြစ်လာခဲ့သည်။

လူအများမှာ ချန်ရှောင်ရှောင်သည် ဖူဟန်ကဲ့သို့သော ခန့်ညားသည့် အမျိုးသားကို အပိုင်ရတော့မည်ဟု ထင်နေကြချိန်တွင်၊ ကြားထဲမှ ကူးချင်ချင် ပေါ်ထွက်လာခဲ့သည်။

ကူးချင်ချင်သည် ကျောင်းထဲ ရောက်သည်နှင့် ဖူဟန်အား လိုက်တော့မည်ဖြစ်ကြောင်း ဗြောင်ကြေညာခဲ့သည်။ သူမသည် မီးလျှံကဲ့သို့ တက်ကြွလှသော မိန်းကလေး ဖြစ်သဖြင့် ချက်ချင်းဆိုသလိုလှုပ်ရှားတော့သည်။

နေ့တိုင်း ဖူဟန်နှင့်အတူ ဓာတ်လှေကားစီးရန် စောင့်ဆိုင်းသလို၊ အမြဲတမ်းလည်း အနားသို့ကပ်ရန် အကြောင်းပြချက်ရှာတတ်သည်။

ကြည့်ရသည်မှာ ချန်ရှောင်ရှောင်နှင့် နည်းလမ်းတူသလို ရှိသော်လည်း၊ ကွာခြားချက်မှာ ကူးချင်ချင်သည် အစက တည်းက သူမ စိတ်ရင်းအား ပွင့်ပွင့်လင်းလင်းပြသခြင်း ဖြစ်သည်။ သူမ၏ အချစ်မှာ ရိုးသားပြီး ဘယ်သောအခါမှ ဖုံးကွယ်မထားပေ။

ထို့ပြင် သူမတွင် ကြီးမားသော အားသာချက်တစ်ခု ရှိနေသေးသည်၊ ၎င်းမှာ ကူးမိသားစုသည် ဖူမိသားစုကဲ့သို့ပင် အလွန်ချမ်းသာကြွယ်ဝသော မိသားစု ဖြစ်နေခြင်းပင်။

ချန်ရှောင်ရှောင်ကို လက်ထပ်လျှင် ဖူဟန်အတွက် ဘာအကျိုးအမြတ်မှ မရှိသော်လည်း၊ ကူးချင်ချင်အား လက် ထပ်လျှင်မူ ကူးကုမ္ပဏီ၏အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်သည်။

ထိုစဉ်က အဖွာကူး၏သေတမ်းစာအကြောင်းကို လူအများ သိထားကြသည်။

ကူးကုမ္ပဏီ၏ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းဆိုသည်မှာ မည်မျှ ကြီးမားသနည်း?

၎င်းမှာ ဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများပင်။

ထို့ကြောင့် ဤကဲ့သို့သော ရွေးချယ်မှုမျိုးတွင် မည်သူက မှားယွင်းစွာ ရွေးချယ်မိပါမည်နည်း?

ဖူဟန်နှင့် ကူးချင်ချင်တို့ ပေါင်းဖက်သွားခြင်းမှာ အထက် တန်းလွှာ အသိုင်းအဝိုင်းအတွက် သဘာဝကျသော ကိစ္စတစ်ခုဖြစ်သွားခဲ့ပြီး၊ ချန်ရှောင်ရှောင် ရှုံးနိမ့်ကာပြည်ပသို့ ထွက်ခွာသွားခြင်းအား မည်သူမှ ဂရုမစိုက်တော့သောကိစ္စတစ်ခုဖြစ်ခဲ့သည်။

All Chapters