အခန်း (၇၈)
Vol. 9 Ch. 78
🍼 Chapter 78
"လူတိုင်းကို မိတ်ဆက်ပေးပါရစေ၊ ဒီတစ်ယောက်ကတော့ ကျွန်တော့်ရဲ့ ညီမအရင်း အန်းရန် ဖြစ်ပါတယ်"
'အရင်း' ဆိုသည့် စကားလုံးကို အလေးအနက်ထားပြော ဆိုလိုက်သဖြင့် ပြောသူမှာ မိတ်ဆက်ပေးခံရသူ၏အဆင့် အတန်းအား အထူးတလည် အလေးပေးလိုကြောင်းထင် ရှားလှသည်။
ပတ်ဝန်းကျင်ရှိ လူအချို့မှာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်၊ အပြုံးကိုယ်စီဖြင့် အနားသို့ တိုးကပ်လာကာ အန်းရန်ကို ယဉ်ကျေးပျူငှာစွာ နှုတ် ဆက်ကြတော့သည်။
"အန်းရန်... နိဟောင်၊ ဦးလေးက 'ဟွားနန့်' အဝတ်အထည်ထုတ်လုပ်ရေးရဲ့ အထွေထွေမန်နေဂျာချန်ပါ၊ မင်းအစ်ကိုနဲ့က မိတ်ဆွေဟောင်းတွေမလို့ ဦးလေးချန် လို့ပဲ ခေါ်ပါ"
အန်းရန်အပေါ် ပထမဆုံး စေတနာပြသသူမှာ ခေတ်မီစွာ ဝတ်ဆင်ထားသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ရုပ်ရည်မှာ သာမန်မျှသာဖြစ်သော် လည်း အလွန်ယဉ်ကျေး သိမ်မွေ့သူဖြစ်ကြောင်း သိသာလှပြီး စကားပြောရသည်မှာ စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။
တစ်ဖက်လူမှ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လာသည့်အခါ အန်းရန်ကလည်း မျက်နှာပျက်အောင် မလုပ်ခဲ့ပေ။
သူမ သင့်လျော်သော အပြုံးလေးဖြင့် ဦးလေးချန်အား ပြန်လည် နှုတ်ဆက်လိုက်သည်
"နိဟောင် ဦးလေးချန်၊ အန်းရန် ပါ"
"အန်းရန်က အခုထိ ကျောင်းတက်နေတုန်းလား?"
ဦးလေးချန်မှာ ကြင်နာတတ်သော လူကြီးတစ်ဦးကဲ့သို့ မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့၊ အခု မဟာတန်းတက်နေပါတယ်"
"ကောင်းတာပေါ့၊ လူငယ်ဆိုတာ စာများများဖတ်တာ အကောင်းဆုံးပဲ"
ဦးလေးချန်သည် စာပေပညာကို တန်ဖိုးထားသူဖြစ် ကြောင်း သိသာလှပြီး အန်းရန်အား ကြည့်သည့် အကြည့်များမှာ ပိုရင်းနှီးလာခဲ့သည်။
"အန်းရန်က တကယ့်ကို ထူးချွန်ထက်မြက်တဲ့ ပုံစံလေးပဲ၊ အန်းယွမ်ရဲ့ညီမဆိုတော့ တကယ်ဂုဏ်ယူစရာပဲနော်"
အန်းရန်နှင့် ဦးလေးချန်တို့ စကားပြောကောင်းနေစဉ်မှာပင် ဘေးဘက်မှ ရွံစရာကောင်းသော အသံတစ်ခု ကြားဖြတ်ထွက်ပေါ်လာသည်။
သူမ မသိမသာ လှည့်ကြည့်လိုက်ရာ၊ အဆီပြန်နေသော မျက်နှာကြီးနှင့် တိုးမိသွားတော့သည်။ ထိုမျှ နီးကပ်သော အကွာအဝေးမှ ကြည့်လျှင် တစ်ဖက်လူ၏ မျက်နှာပေါ်ရှိ ပြည်တည်နေသော ဝက်ခြံဖုကြီးများကို မြင်နေရသဖြင့် အနည်းငယ် ပျို့အန်ချင်စရာ ကောင်းလှသည်။
ထိုလူမှာ မြင်လိုက်ရရုံနှင့် ပင်ကိုယ်စိတ်အရ မုန်းတီးမိစေမည့်သူမျိုးဖြစ်သည်။
သို့သော်လည်း လူရှေ့သူရှေ့ဖြစ်သဖြင့် အန်းရန် သူမ၏ မုန်းတီးမှုကို အလွယ်တကူ မဖော်ပြခဲ့ပေ။
'ဒီလူက ရုပ်ဆိုးရုံပဲနေမှာပါ၊တကယ်တမ်းတော့ လူကောင်း ဖြစ်နိုင်ပါတယ်' ဟု သူမ တွေးမိခဲ့သည်။
သို့သော် ထိုအတွေးမှာ နောက်တစ်စက္ကန့်မှာပင် ပျောက်ကွယ်သွားတော့သည်။ ထိုအဆီပြန်နေသည့် အမျိုးသားမှာ ပါးစပ်ကို ဖြဲ၍ ရယ်လိုက်ရာ ဝါကျင့်ကျင့် သွားကြီးများ ပေါ်လာပြီး၊ ရွှေလက်စွပ်ကြီး ဝတ်ထားသည့် လက်ညစ် ပတ်ကြီးဖြင့် အန်းရန်လက်အား ဆုပ်ကိုင်ရန် ကြိုးစားလာသောကြောင့် ဖြစ်သည်။ သူမ မသိမသာ ရှောင်တိမ်းလိုက်သဖြင့် ထိုလက်မှာ လေထဲတွင်သာကျန်ရစ်ခဲ့သည်။
သို့သော် ထိုသူမှာ ဂရုမစိုက်ဘဲ ရွံစရာကောင်းအောင် ပြုံးလျက်၊ မျက်စိမှိတ်ပြကာ တိုးတိုးလေး ပြောလိုက်သည်။
"အန်းရန်က ဖူမိသားစုရဲ့ သခင်လေးနဲ့ ပတ်သက်နေတာတင်မကဘဲ ဖူသခင်မရဲ့ မွေးစားသမီးလည်း ဖြစ်နေတယ်လို့ ကြားတယ်၊ ဒီလို အားကိုးရာကောင်းကောင်းနဲ့ ရည်းစားကောင်းကောင်း ရထားမှတော့..."
"ဥက္ကဋ္ဌကျန်း... အရေးကြီးကိစ္စမရှိရင် ကျွန်တော် အန်းရန်ကို ခေါ်ပြီး အဖိုးလင်းကို သွားနှုတ်ဆက်လိုက်ဦးမယ်"
အန်းယွမ် မျက်နှာတည်ဖြင့် ဥက္ကဋ္ဌကျန်း၏ ရိုင်းစိုင်းသော စကားများကို ပြတ်ပြတ်သားသား ဖြတ်တောက်လိုက်ကာ အန်းရန်အားခေါ်၍ အမြန်ထွက်လာခဲ့သည်။
သူသည် အန်းလုပ်ငန်းစုကို လွှဲပြောင်းယူထားသည်မှာ မကြာသေးဘဲ အခြေအနေကို ထိန်းညှိနေရဆဲ ဖြစ်သဖြင့်သာ၊ မဟုတ်လျှင် ထိုရွံစရာကောင်းသော လူအား ချက်ချင်းပညာပေးလိုက်မည်သာ။
ဘယ်က အမှိုက်ကောင်ကများ ငါတို့အန်းမိသားစုရဲ့ သခင်မလေးကို လာပြီး ပြက်ရယ်ပြုရဲတာလဲ?
အန်းရန်သည် အန်းယွမ်၏ ဆွဲခေါ်ရာနောက်သို့ အမြန်လိုက်ပါသွားရသည်။
အန်းယွမ် မျက်နှာထားတင်းတင်းဖြင့် အန်းရန်အား ပြတင်းပေါက်နောက်ကွယ်သို့ ခေါ်ဆောင်သွားကာ အေးစက်စွာ ဆုံးမလိုက်သည်။
"နောက်တစ်ခါ အဲ့ဒီလို အမှိုက်မျိုးနဲ့ တွေ့ရင် တိုက်ရိုက်သာ ပါးရိုက်ပစ်လိုက်၊ ဘာကိစ္စပဲရှိရှိ အစ်ကိုတာဝန်ယူပေးမယ်"
အန်းရန် ထိုစကားကြောင့် စိတ်ထဲတွင် နွေးထွေးသွားကာ ပြုံးလျက် ပြန်ပြောလိုက်သည်။
"သူ စကားနည်းနည်း ပြောရုံတင်ပါ၊ စိတ်ဆိုးနေဖို့့ မလိုပါဘူး"
ဒီထက်ဆိုးဝါးသည့် စကားများကိုပင် သူမ ကြားဖူးခဲ့သဖြင့် စိတ်အေးလက်အေး ဖြစ်နေပြီဖြစ်သည်။ အစပိုင်းတွင် ဒေါသထွက်ခဲ့သော်လည်း နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ်သာ စိတ်ဒုက္ခပေးသလို ဖြစ်နေမည်ကို သိထားသည်။ ရန်သူ ပိုပျော်သွားမည်ဖြစ်၍ စိတ်ဆိုးနေရန် မလိုအပ်ပေ။
သို့သော်လည်း သူ့ အစ်ကိုမှာတော့ တော်တော်လေးစိတ် ကောင်းရှိသည်ဟု ဆိုရမည်။
အန်းရန်သည် အန်းယွမ်နှင့် ထိတွေ့ဆက်ဆံခဲ့သည်မှာ မကြာသေးပေ။
ယခင်က သူမ အန်းအိမ်တော်သို့ ရောက်နေစဉ်တွင် အန်းယွမ်မှာ ရှိမနေခဲ့ပေ။ သူမ အနိုင်ကျင့်ခံခဲ့ရသမျှ ကိစ္စများတွင် အန်းယွမ် ပါဝင်ပတ်သက်ခြင်း မရှိသလို သိလည်း မသိခဲ့ပေ။ ထို့ကြောင့် အန်းရန်သည် သူ့အပေါ် မုန်းတီးမှု မရှိသလို၊ အထူးတလည် ခင်မင်တွယ်တာမှုလည်း မရှိသေးပေ။
နောက်ဆုံးတော့ မောင်နှမနှစ်ယောက်စလုံး မထိတွေ့ဖူးကြသဖြင့် စိမ်းသက်နေသူတစ်ဦးအပေါ် မည်သို့သော ခံစားချက် ရှိနိုင်ပါမည်နည်း?
သို့သော် ဖူစစ်ချန် ပြောပြချက်အရ အန်းယွမ် ပြန်ရောက် လာပြီးနောက် သူမ ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ၊ အန်းမိသားစုနှင့် ချက်ချင်းမျက်နှာပျက်ခဲ့ရုံမက ခြောက်လပတ်လုံး သူမအား အသည်းအသန် လိုက်ရှာခဲ့သည်ဟု သိရသည်။ ထိုအတွက်ကြောင့်လည်း သူ့ဂုဏ်သိက္ခာကိုချထားကာ လူအများအပြားအား အကူအ ညီ တောင်းခံခဲ့ရသည်။
ထိုအချက်ကြောင့်ပင် အန်းရန်မှာ အန်းယွမ်အား အစ်ကိုအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မောင်နှမနှစ်ဦး တရားဝင်သိကျွမ်းခဲ့သည်မှာ မကြာသေးသဖြင့် တစ်ဦးကိုတစ်ဦး ကောင်းကောင်း မသိကြသေးဘဲ ဆက်ဆံရေးမှာ အနည်းငယ် အနေခက်နေဆဲ ဖြစ်သည်။
အန်းယွမ်သည် သူမအပေါ် အမြဲတမ်း အစားပေးလိုပြီး နည်းလမ်းမျိုးစုံဖြင့် ကောင်းအောင်ကြိုးစားနေသည်ကို အန်းရန် မြင်နိုင်သည်။
ယနေ့ ကျင်းပသည့် ဤပွဲသည်ပင်လျှင် အန်းမိသားစုဝင်များထံမှ ကုမ္ပဏီအာဏာကို အောင်မြင်စွာ သိမ်းယူပြီးနောက်၊ သူမအားကြိုဆိုသည့်အနေဖြင့် ချက်ချင်းကျင်းပ ပေးသည့် ပွဲဖြစ်သည်။
အန်းမိသားစု၏တကယ့် သခင်မလေး ပြန်ရောက်လာပြီဖြစ်ကြောင်း လူတိုင်းကို ဂုဏ်ယူစွာကြေညာချင်နေခြင်း ဖြစ်သည်။
လက်ရှိအန်းမိသားစု၏အာဏာပိုင်ဖြစ်သော သူ အန်းယွမ်သည်လည်း အန်းရန် တစ်ဦးတည်းကိုသာ ညီမအရင်းအဖြစ် အသိအမှတ်ပြုသည်။
ဒါက အန်းရန်၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးလိုက်ခြင်းဖြစ်သလို အန်းရန် (သမီးအတု) အား ပါးရိုက်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ယခင်က အန်းရန်ကို အနိုင်ကျင့်ခဲ့သူများကိုလည်း နောက်နောင် မနှောင့်ယှက်ရဲအောင် သတိပေးလိုက်ခြင်းပင်။
ဒါပေမဲ့...
"ဘာလို့ အဲ့ဒီလူတွေက သမီးနဲ့ အန်တီကူးရဲ့ ပတ်သက်မှုကို သိနေကြတာလဲ?"
အန်းရန် ဇဝေဇဝါဖြင့် မေးလိုက်သည်။
သူမနှင့် ဖူစစ်ချန်တို့ ချစ်သူဖြစ်ခဲ့သည်မှာ ပွင့်လင်းမြင်သာသဖြင့် စုံစမ်းကြည့်လျှင် သိနိုင်သော်လည်း၊ သူမနှင့် အန်တီကူး၏ ပတ်သက်မှုမှာ မည်သို့ ပေါက်ကြားသွားရသနည်း?
အန်တီကူး ပျောက်ကွယ်မသွားခင်အထိ၊ ထိုကိစ္စမှာ ကူးချင်ချင်၏သားအရင်းဖြစ်သော ဖူစစ်ချန်ပင် မသိခဲ့သည့် လျှို့ဝှက်ချက်ဖြစ်သည်။
အန်းယွမ် အတန်ကြာ စဉ်းစားပြီးနောက် "အစ်ကိုလည်း ဘယ်သူလဲဆိုတာ မသိဘူး၊ မင်း သိချင်တယ်ဆိုရင်တော့ အစ်ကို လူလွှတ်ပြီး စုံစမ်းပေးပါ့မယ်"
သတင်းဖြန့်သူမှာ ထိုလူအနည်းငယ်ထဲမှ တစ်ယောက်သာ ဖြစ်နိုင်သဖြင့် တစ်ဦးချင်းစုံစမ်းကြည့်လျှင် သဲလွန်စ ရနိုင်ပါသည်။
"မစုံစမ်းပါနဲ့တော့၊ ဘယ်သူလဲဆိုတာ သမီး ခန့်မှန်းလို့ ရပါတယ်"
အန်းရန် မျက်နှာလေးမှာ အေးစက်သွားသည်။
"ဘယ်သူလဲ? အန်းရန် (သမီးအတု) လား?"
၎င်းမှာ အန်းယွမ် ပထမဆုံး သံသယရှိသူ ဖြစ်သည်။
"မဖြစ်နိုင်ဘူး၊ အန်းရန် (သမီးအတု) က သမီးကို ကောင်း စားစေမှာ မဟုတ်ဘူး၊ ဒီလိုမျိုး သမီးအတွက် အခမဲ့ကြော် ငြာပေးမယ့် စေတနာ သူ့မှာ မရှိဘူး"
အန်းရန်သည် အန်းယွမ်ထက် အန်းရန် (သမီးအတု) အား ပိုသိသည်။ ထို့အတူ အန်းရန် (သမီးအတု) သည်လည်း ထိုသတင်းမှာ အန်းရန် ကိုယ်တိုင်ဖြန့်ခြင်း မဟုတ်မှန်း သိလိမ့်မည်။
အန်းရန်သည် ထိုကဲ့သို့သော သူမျိုးမဟုတ်သလို၊ သူမသာ အန်တီကူးကို အားကိုးချင်လျှင် ဟိုးကတည်းက လုပ်ခဲ့ပြီးသား ဖြစ်လိမ့်မည်။ အခုထိ စောင့်နေစရာမလိုပေ။
'ရန်သူကသာ ကိုယ့်ကို အသိဆုံး' ဟု ဆိုရမည်လား?
ကောင်းပြီ၊ ညီမလေးက အရင်အတိုင်း ထက်မြက်နေတုန်းပဲ။
အန်းရန်၏ ငယ်စဉ်ကအတိုင်း ချစ်စရာကောင်းသော မျက်နှာလေးအား ကြည့်ပြီး အန်းယွမ် ယခင်ကလို ခေါင်းလေးကို ပွတ်ပေးချင်သော်လည်း၊ သူမ အရွယ်ရောက်နေပြီဖြစ်၍ ထိုကဲ့သို့ မပြုမူသင့်တော့ကြောင်း သတိရကာ လက်လျှော့လိုက်ရသည်။
"မင်းနဲ့ ဖူစစ်ချန်က ဒီနေ့ တမင်တကာ ဒီပွဲကို လာတာ၊ တခြား ရည်ရွယ်ချက်လည်း ရှိတယ် မဟုတ်လား?"
အစ်ကိုဖြစ်သူ အန်းယွမ်၏ဉာဏ်ရည်မှာလည်း မနိမ့်လှပေ။
ဒါက ခန့်မှန်းရ လွယ်ကူလှသည်။
အန်းရန်သည် အန်းမိသားစုကို အလွန်မုန်းတီးသဖြင့်၊ အစပိုင်းတွင် အန်းယွမ် သူမအတွက် ပွဲလုပ်ပေးမည်ဟု ဆိုစဉ်က လုံးဝ မလာချင်ခဲ့ပေ။ အန်းယွမ်မျက်နှာအား ထောက် ထားသော်လည်း သူမ စိတ်မပါခဲ့ပေ။
သူမ ငြင်းဆိုမှုကြောင့် အန်းယွမ်မှာ ပွဲလုပ်ရန် လက်လျှော့ လုနီးပါးဖြစ်ခဲ့ရသည်။
သို့သော် ရက်အနည်းငယ်အကြာတွင် အန်းရန် သူ့ထံ ရုတ်တရက် ရောက်လာပြီး ပွဲလုပ်မည်ဟု ဆိုကာ လူများများ ဖိတ်ပေးရန်ပြောလာခဲ့သည်။
အထူးသဖြင့် မကြာသေးမီကမှ နိုင်ငံခြားက ပြန်ရောက် လာသည့် အသိုင်းအဝိုင်းမှလူများကို ဖိတ်ရန်အလေးပေး ပြောခဲ့သည်။
ထိုအကြောင်းပြချက်မှာ ထူးဆန်းလှသော်လည်း၊ ညီမဖြစ်သူ ပျော်ရွှင်စေရန်အတွက် အန်းယွမ် အစွမ်းကုန် စီစဉ်ပေးခဲ့သည်။
ဖိတ်စာများ အလွန်အကျွံ ဝေငှခဲ့သဖြင့် လက်ခံရရှိသူများမှာလည်း အန်းယွမ် ညီမဖြစ်သူကို ရှာတွေ့၍ အလွန်ပျော်နေပြီး ဂုဏ်တက်စေချင်၍ ဖိတ်သည်ဟုသာထင်ကြသည်။
ရလဒ်အနေဖြင့် လူများလာသည့်အခါတွင်တော့ အမျိုးမျိုးသော လူပေါင်းစုံ ရောက်လာကြတော့သည်။
ပုံမှန်ဆိုလျှင် ဥက္ကဋ္ဌကျန်းကဲ့သို့ အဆင့်အတန်းမရှိသော လူသစ်ကြွယ်ဝသူမျိုးမှာ အန်းမိသားစု၏ ဖိတ်ကြားစာကို ရရှိလိမ့်မည် မဟုတ်ပေ။ မည်မျှပင် စီးပွားရေး ကျဆင်းနေပါ စေ၊ အန်းမိသားစုသည် ဒုတိယတန်းစား အထက်တန်းလွှာ ဖြစ်သဖြင့် လူအများထက် သာလွန်နေဆဲဖြစ်သည်။
သူမ ရည်ရွယ်ချက်ကို ရိပ်မိသွားခြင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင်။
အန်းရန် ကမ္ဘာပေါ်တွင် သူမထက်တော်သူများစွာရှိကြောင်း အမြဲယုံကြည်သည်။ ထို့ပြင် ထိုစဉ်က ကိစ္စမှာ ရုတ်တရက်ဖြစ်ခဲ့သဖြင့် သဲလွန်စအချို့ ချန်ထားခဲ့မိသည်မှာ သဘာဝကျလှသည်။
သို့သော် ယခုအချိန်တွင် အန်းရန်သည် အစ်ကိုဖြစ်သူအား အကြောင်းအရင်း အသေးစိတ် မပြောနိုင်သေးပေ။ ဤသည်မှာ မွေးစားမိခင်၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။
"ညီမ အခု အစ်ကို့ကို အမှန်အတိုင်း မပြောနိုင်သေးဘူး ဒါပေမဲ့ ညီမလေး မကောင်းတာ ဘာမှ မလုပ်ဘူးဆိုတာကိုတော့ အစ်ကို ယုံပေးပါ"
"မင်းက ငါ့ညီမပဲ၊ မင်း မကောင်းတာ လုပ်ရင်တောင် ငါက မင်းဘက်ကနေ ကာကွယ်ပေးရမှာပေါ့"
အန်းယွမ် ပြုံးလိုက်ပြီး ယခုတစ်ခါတွင်တော့ မနေနိုင်ဘဲ အန်းရန်၏ ဆံပင်လေးအား အသာထိလိုက်သော်လည်း ပွတ်သပ်ရန်တော့ မဝံ့ရဲသေးပေ။
ညီမလေးမှာ သူ့အား အခုမှ လက်ခံစပြုနေပြီဖြစ်၍ သူမနှင့် မရင်းနှီးသေးပေ။ နောင်တွင် မောင်နှမနှစ်ယောက် ပို၍ ရင်းနှီးလာအောင် ဖြည်းဖြည်းချင်း ကြိုးစားသွားရမည်။
အန်းယွမ် လက်မှာ အလွန်ပေါ့ပါးသဖြင့် အန်းရန်မှာ ဘာမှ မခံစားရပေ။
သို့သော် သူ့သတိထားနေသော အမူအရာအား သူမ မြင်တွေ့လိုက်ရသည့်အခါ မျက်ဝန်းထဲတွင် အပြုံးရိပ်လေး ဖြတ်ပြေးသွားသည်။ အစ်ကိုဖြစ်သူ မျက်နှာကိုထောက် ထားသောအားဖြင့် သူမ တမင်တကာ ထုတ်မပြောခဲ့ပေ။
"မင်း ဘာလုပ်ချင်လဲ၊ ဘယ်သူ့ကို ရှာချင်လဲဆိုတာ အစ်ကို မမေးတော့ဘူး ဒါပေမဲ့ အကူအညီ လိုအပ်ရင်တော့ ပြောပါ၊ အစ်ကို အစွမ်းကုန်ကူညီပေးမယ်"
အန်းယွမ် အလေးအနက် ကတိပေးလိုက်သည်။
"ဟုတ်ကဲ့"
အန်းရန် ခေါင်းငြိမ့်ပြလိုက်သည်။
စကားပြောပြီးနောက် မောင်နှမနှစ်ဦး ပြတင်းပေါက်နောက်ကွယ်မှ ထွက်လာကြကာ၊ သင့်လျော်သော အပြုံးများကို ဆင်မြန်းလျက် ဧည့်သည်များအား ယဉ်ကျေးစွာ နှုတ်ဆက်ကြပြန်သည်။
အန်းယွမ်သည် သူ့ညီမအား အရေးကြီးသော လူအချို့နှင့် မိတ်ဆက်ပေးသည်။ ထိုအထဲတွင် အသိုင်းအဝိုင်း၌ ရိုသေလေးစားခံရသော လူကြီးသူမများ၊ သူ့ အရေးကြီးသော စီးပွားဖက်များနှင့် ရင်းနှီးသောသူငယ်ချင်းများပါဝင်သည်။
အန်းယွမ် သူငယ်ချင်းများမှာတော့ အန်းရန်အပေါ် အလွန်ပင် ဖော်ရွေကြသည်။
ထိုအထဲမှ တစ်ယောက်ဖြစ်သော 'ထျန်းချန်ယွီ' ကို အန်းရန် သိနေသည်။
သူသည် 'ထျန်းချန်ဖုန်း' ၏အစ်ကို ဖြစ်သည်။ ထျန်းချန်ဖုန်းမှာ အန်းရန်အထက်တန်းနှင့် တက္ကသိုလ်ကျောင်းနေ ဖက်ဖြစ်ပြီး၊ အလွန်တိုက်ဆိုင်စွာပင် အထက်တန်းတွင် အန်းရန်နှင့် တစ်ခန်းတည်း ဖြစ်ခဲ့ဖူးသည်။
အထက်တန်းကျောင်းတက်ခဲ့သည့် အချိန်မှာ လွန်ခဲ့သော လေးနှစ်ကပင်။
အန်းရန်သည် ထျန်းချန်ဖုန်းအား မှတ်မိနေခြင်းမှာ၊ ယခင်က သူမသည် အန်းရန် (သမီးအတု) နှင့် သူမ သူငယ်ချင်းများ၏ အနိုင်ကျင့်ခြင်းကို ခံရစဉ်က၊ ထိုကြင်နာတတ်သော လူငယ်မှာ သူမအား တစ်ကြိမ် ကူညီပေးခဲ့ဖူးသော ကြောင့် ဖြစ်သည်။
သူက မရည်ရွယ်ဘဲ ကူညီခဲ့ခြင်း ဖြစ်သော်လည်း အန်းရန်မှာတော့ စိတ်ထဲတွင် မှတ်ထားခဲ့သည်။
ထိုကိစ္စအား ဖူစစ်ချန်လည်း သိထားပြီး၊ ထိုကလေးဆန်သော အမျိုးသားမှာ ထိုအတွက်ကြောင့် အတော်လေး သဝန်တိုခဲ့ဖူးသေးသည်။
တကယ်တော့ သူမနှင့် ထျန်းချန်ဖုန်းမှာ သုံးခွန်းထက်ပို၍ စကားမပြောခဲ့ဖူးပေ။ ထိုစဉ်က သူကူညီပေးစဉ်ကသာ စကားပြောခဲ့ခြင်းဖြစ်သည်။
သူတို့စကားပြောခန်းမှာ အောက်ပါအတိုင်း ဖြစ်သည် -
"ကျေးဇူးတင်ပါတယ်"
"အင်း"
ဒါနဲ့တင် ပြီးသွားခဲ့သည်။
ထို့ကြောင့် သူမနှင့် ထျန်းချန်ဖုန်းမှာ တစ်ဦးနှင့်တစ်ဦး နာမည်သိရုံ၊ စကားပြောဖူးရုံမျှသာ ရှိသည့် သူစိမ်းများသာ ဖြစ်ကြသည်။
တစ်ဖက်လူမှာ သူမနာမည်ကို သိနေပါ့မလားတောင် မသေ ချာပေ။
"အန်းရန်"
အေးမြသော ရေစီးသံကဲ့သို့ အသံတစ်ခု အန်းရန် နားထဲသို့ ဝင်ရောက်လာသည်။ သူမ မသိမသာ လှည့်ကြည့်လိုက်ရာ၊ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး၏ ခန့်ညားထည်ဝါသော မျက်နှာနှင့် တိုးမိသွားတော့သည်။
အန်းရန် ခဏတာ မှင်သက်သွားပြီး "ထျန်းချန်ဖုန်း ?" ဟု ရေရွတ်လိုက်မိသည်။
"မင်းတို့ သိကြတာလား?"
ထျန်းချန်ယွီမှာ သူ့ညီနှင့် သူငယ်ချင်းညီမအား စပ်စုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
မိန်းကလေးတွေကို ဘယ်တော့မှ အရေးတယူမရှိတတ်တဲ့ သူ့ညီက ခုလိုမျိုးမိန်းကလေးတစ်ယောက်ကို အရင်ဦးဆုံး စတင်နှုတ်ဆက်လိမ့်မယ်လို့ သူ လုံးဝမထင်မှတ်ထားခဲ့မိပေ။