← Chapters

အခန်း (၇၉)

Vol. 9 Ch. 79

အခန်း (၇၉)

Vol. 9 Ch. 79

🍼 Chapter 79

အစ်ကိုဖြစ်သူ၏ စနောက်လိုသော အကြည့်များကို ထျန်းချန်ဖုန်း တည်ငြိမ်စွာပင် ပြန်လည်ကြည့်ရှုလိုက်ပြီး အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။

"ကျွန်တော်တို့က အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းနေ ဖက်တွေပါ"

"တစ်ခန်းတည်းလား?"

တကယ်တော့ ထိုမေးခွန်းမှာ အပိုပင်။ အကယ်၍ တစ်ခန်းတည်းသာ မဟုတ်လျှင် ကျောင်းနေဖက်ဖြစ်သော်လည်း တစ်ဦးကိုတစ်ဦး မှတ်မိနေရန်မှာ မလွယ်ကူပေ။ အန်းရန် တက်ခဲ့သည့် ထင်ရှားသော ထိုအထက်တန်းကျောင်းတွင် တစ်နှစ်လျှင် အတန်းပေါင်း နှစ်ဆယ်ခန့် ရှိသည် မဟုတ်လား?

"ကျွန်မတို့ အထက်တန်းမှာ တစ်ခန်းတည်းပါ၊ ဒါပေမဲ့ တက္ကသိုလ်မှာတော့ မတူတော့ဘူး၊ ကျွန်မက စီးပွားရေး ပညာကိုယူထားတာပါ"

အန်းရန် ပြုံးလျက် ရှင်းပြလိုက်သည်။

သူမ အမူအရာမှာလည်း ပုံမှန်ဖြစ်သည်။ ကျောင်းနေဖက် တစ်ယောက်ကို ဆက်ဆံသလိုမျိုးသိသော်လည်း မရင်းနှီးသည့် ပုံစံမျိုးပင်။

"ဒါဆိုရင်လည်း နောက်ပိုင်း ပိုပြီးသိကျွမ်းအောင် လုပ်ကြပေါ့၊ ကျောင်းနေဖက်တွေပဲဟာ၊ ပိုရင်းနှီးသင့်တာပေါ့"

ထျန်းချန်ယွီ ကြင်နာသော အပြုံးဖြင့် အန်းရန်နှင့် သူ့ညီအား အတင်းစပ်ပေးရန်ကြိုးစားနေတော့သည်။

သူ့သူငယ်ချင်း၏ ညီမလေးမှာ အတော်လေးတော်သည်ဟု သူ ထင်မိသည်။ ရုပ်ရည်လှပသလို ပညာအရည်အချင်းလည်း မြင့်မားကာ မိသားစုနောက်ခံကလည်း ကောင်းမွန်လှသည်။ လက်ရှိ အနေအထားအရ စိတ်နေစိတ်ထားမှာလည်း ဆိုးပုံမရဘဲ အနည်းဆုံးတော့ အသိဉာဏ်နှင့် လူမှုဆက်ဆံရေးမှာလည်း မနိမ့်ကျပေ။

အရေးအကြီးဆုံးအချက်မှာ သူမသည် သူ့ညီဖြစ်သူ မှတ်မိနေသည့် ရှားရှားပါးပါး မိန်းကလေးတစ်ယောက် ဖြစ်နေခြင်းပင်။

အကယ်၍သာ မိခင်သိသွားလျှင် သူ့ညီအတွက် အိမ် ထောင်ရေးကိစ္စကို ဤမျှ တက်ကြွစွာစဉ်းစားပေးနေမှုအပေါ် ဝမ်းသာလွန်း၍ မိကျောင်းမျက်ရည်များပင် ကျလာပေလိမ့်မည်။

"..."

အန်းရန်မှာတော့ အနေခက်စွာပြုံးနေရပြီး ထိုင်မရမတ်မရ ဖြစ်လာသည်။

တစ်စုံတစ်ယောက်၏သတ်ဖြတ်လိုသော အကြည့်များကို သူမ ခံစားနေရပြီ ဖြစ်သည်။

'ဖူစစ်ချန်... ဒီလူယုတ်မာ၊ ရှင့်ကို လူရှာခိုင်းထားတာလေ၊ ငါ့ကို ဘာလို့ လိုက်စိုက်ကြည့်နေတာလဲ'

အန်းရန် မသိမသာလှည့်ကြည့်လိုက်ပြီး ထိုလူအား စူးစူး ဝါးဝါး စိုက်ကြည့်လိုက်သည်။

ဖူစစ်ချန်မှာ လည်ပင်းလေး ပုသွားကာ ကောင်းကင်ကြည့်၊ မြေကြီးကြည့်ဖြင့် အန်းရန်ကို မကြည့်ရဲတော့ဘဲ ဟန် ဆောင်နေရသည်။

သူ လူရှာနေတာပါ၊ အရမ်းလိမ္မာနေတာပါနော်။

လျှောက်ကြည့်နေသော အကြည့်များမှာ သံသယဖြစ်ဖွယ် လူတစ်ယောက်ကို တွေ့ရှိသွားရာ ဖူစစ်ချန် ဘာမှမစဉ်းစားတော့ဘဲ ထိုလူ့နောက်သို့ ချက်ချင်း လိုက်သွားတော့သည်။

ထိုလူမှာ အမူအရာ မသင်္ကာဖွယ်ကောင်းလှပြီး လူအုပ်ကြားမှ တိတ်တဆိတ်ထွက်ခွာကာ လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ဦးတည်သွားနေသည်။

သူ ရှာနေသည့် ပစ်မှတ် ပေါ်လာပြီလား?

ဖူစစ်ချန်မှာ သံသယရှိနေသော်လည်း ထိုလူနောက်သို့ ခြေရာခံလိုက်ရန် မတားဆီးနိုင်ခဲ့ပေ။

ရှေ့မှ လူမှာ အနည်းငယ် ပျာယာခတ်နေပုံရပြီး ခြေလှမ်းများ မမှန်ကန်လှသလို ခဏခဏလည်း လှည့်ကြည့်နေတတ်သည်။

ဖူစစ်ချန် ခပ်လှမ်းလှမ်းမှ လိုက်ပါသွားပြီး တစ်ခါတစ်ရံတွင် ပန်းအိုးကြီးများ သို့မဟုတ် စင်များနောက်ကွယ်၌ ပုန်းကွယ်ကာ ကိုယ်ယောင်ဖျောက်လိုက်သည်။

မကြာမီမှာပင် ထိုလူသည် သန့်စင်ခန်း အနီးသို့ ရောက်ရှိလာသည်။

ဖူစစ်ချန် ထိုလူ ဖုန်းထုတ်ကာ တစ်စုံတစ်ယောက်အား ခေါ်ရန် ပြင်နေသည်ကို လှမ်းမြင်လိုက်ရသည်။

ဖုန်းထဲမှ စကားလုံးများကို ရှင်းရှင်းလင်းလင်း ကြားနိုင်ရန် သူ အံကြိတ်ကာ ဥယျာဉ်ထဲသို့ တိုးဝင်လိုက်ပြီး ချုံပုတ်များကို အကာအကွယ်ယူလျက် နံရံတစ်လျှောက် ကွေ့ပတ်ကာ သန့်စင်ခန်း ပြတင်းပေါက်အနီးသို့ ရောက်သွားတော့သည်။

အန်းအိမ်တော်၏ ဒီဇိုင်းကိုကျေးဇူးတင်ရမည်။

ဥယျာဉ်နှင့် ဆက်သွယ်ထားသော တစ်ဝက်ပွင့် ပွဲခင်းကြီးမှာ သူ့လှုပ်ရှားမှုကို များစွာအထောက်အကူပြုစေသည်။

ညဥ့်ဦးယံမှာ တိတ်ဆိတ်လှသဖြင့် အိမ်ထဲတွင် ဆူညံနေသော်လည်း သန့်စင်ခန်းထဲမှ အသံများ ထွက်ပေါ်လာမှုကို မတားဆီးနိုင်ပေ။

"ဟဲလို... မင်းပြောတဲ့အတိုင်း အန်းရန်ရဲ့ မွေးစားအမေက ဖူသခင်မကြီး ဖြစ်နေတဲ့ သတင်းကို ငါ ဖြန့်ပေးပြီးပြီ၊ ကျန်တဲ့ ပိုက်ဆံတွေကို အခုရှင်းပေးသင့်ပြီနော်"

တစ်ဖက်မှ ဘာပြောလိုက်သည်မသိ၊ စောစောက ကြောက် ရွံ့နေသည့် ထိုအမျိုးသားမှာ ယခုအခါ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလျက်ပြောနေသည်။

"စိတ်ချပါ၊ ငါ လုပ်တဲ့အလုပ်က ဘယ်တော့မှမမှားစေရဘူး"

"မယုံရင် ဧည့်သည်တွေ ပြောနေတာတွေကို ငါ အသံသွင်းထားတာ ရှိတယ်၊ အကုန် ပို့ပေးလိုက်မယ်"

"ပိုက်ဆံ လက်ခံရရှိပါပြီ၊ လက်တွဲရတာ ဝမ်းသာပါတယ်"

အခကြေးငွေရရှိသွားပြီဖြစ်၍ အမျိုးသား၏ အသံတွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။ သူသည် ပျော်ရွှင်စွာဖြင့် ဖုန်းကို သိမ်းလိုက်ကာ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် မမျှော်လင့်ထားသော လူတစ်ယောက်နှင့် တိုးမိသွားတော့သည်။

"အန်းရန်!"

ဖူစစ်ချန် 'အသံသွင်းခြင်း ရပ်ရန်' ပြင်နေသည့် လက် ချောင်းလေးမှာ တုံ့ဆိုင်းသွားပြီး၊ ဖုန်းထဲတွင် စကားပြောသံများ ဆက်လက် မှတ်တမ်းတင်နေတော့သည်။

"နင် ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ?"

နူးညံ့သော ထိုအသံမှာ အန်းရန်၏အသံ မဟုတ်သည်မှာ သေချာလှသည်။ ထို 'အန်းလေး' ဆိုသူမှာ အန်းရန် (သမီးအတု) ပင် ဖြစ်သည်။

ဤသံသယဖြစ်ဖွယ် လူမှာ ယနေ့ တကယ်ကို ကံဆိုးလှသည်။ မကောင်းတာလေး လုပ်ပြီးကာရှိသေး၊ သူ့ကို တွေ့ရုံတင်မက အန်းရန် (သမီးအတု) နှင့်လည်း ထိပ်တိုက် တိုးနေပြန်သည်။

ဖူစစ်ချန် အသံဆက်သွင်းနေသည်။ အခြား ရည်ရွယ်ချက် မရှိချေ၊ အန်းရန် (သမီးအတု) ဘာလုပ်ဦးမလဲဆိုတာကို သိချင်ရုံသာ။

"ဒါ... ဒါက..."

ထိုလူမှာ စကားမပြောနိုင်တော့ဘဲ မူလအတိုင်း ကြောက်ရွံ့နေသည့် ပုံစံသို့ပြန်ရောက်သွားသည်။

ကြည့်ရသည်မှာ သူသည် သတ္တိသိပ်မရှိပုံရသည်။ မဟုတ်လျှင် အန်းရန် (သမီးအတု) ကဲ့သို့ နုနယ်သော မိန်းကလေးတစ်ယောက်နှင့် တွေ့ချိန်တွင် အကောင်းဆုံး နည်းလမ်းမှာ သူမအား ဖမ်းဆီးပြီး ထွက်ပြေးရန်သာ။

မည်သို့ပင်ဖြစ်စေ အန်းရန် (သမီးအတု) သူ့အားမသိသဖြင့် ထွက်ပြေးသွားလျှင်လည်း ရှာတွေ့နိုင်မည် မဟုတ်ပေ။

အန်းရန် (သမီးအတု) ဘယ်လောက်အထိ ကြားလိုက်သည် မသိသော်လည်း၊ သူမသည် မူလက နူးညံ့သိမ်မွေ့သော ပုံစံကို ဖျောက်ပစ်ကာ စူးရှသော အကြည့်များဖြင့် စားပွဲထိုးဝတ်စုံ ဝတ်ထားသည့် ထိုအမျိုးသားအား စိုက်ကြည့်လိုက်သည်။

"နင် မပြောဘူးဆိုရင် ငါ နင့်ကို ရဲစခန်း ပို့လိုက်မယ်၊ တိုက် တိုက်ဆိုင်ဆိုင်ပဲ... နင် ပြောနေတာတွေကို ငါ အသံသွင်းထားတယ်"

သူ့ ဖုန်းကို မြှောက်ပြကာ ခြိမ်းခြောက်လိုက်သည်။

'မရနိုင်ပါဘူး'

ဖူစစ်ချန် စိတ်ထဲကနေ လှောင်လိုက်သည်။

စင်္ကြန်လမ်းမှ သန့်စင်ခန်းအထိမှာ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် ပုန်းစရာနေရာမရှိပေ။ အနီးဆုံး ပုန်းနိုင်သည့် နေရာမှာလည်း သန့်စင်ခန်းနှင့် ဆယ်မီတာခန့် ဝေးလှသဖြင့် ထိုအကွာအဝေးမှ အသံအား ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ရန်မှာ မဖြစ်နိုင်ပေ။

မဟုတ်လျှင် ဖူစစ်ချန်ခြင်အကိုက်ခံပြီး ဥယျာဉ်ထဲအထိ ထွက်ကာ ခိုးပြီးအသံသွင်းနေစရာမလိုပေ။

ထို့ကြောင့် အန်းရန် (သမီးအတု) မှာ တစ်ဖက်လူအား လှည့်စားနေခြင်းသာ။

သို့သော် ထိုလူမှာ ပျာယာခတ်နေသဖြင့် အမှန်တကယ်ပင် ယုံကြည်သွားတော့သည်။

သူသည် အန်းရန် (သမီးအတု) ရှေ့တွင် ဒူးထောက်ကာ ငိုယို တောင်းပန်တော့သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး၊ ဒီရက်ပိုင်း ပိုက်ဆံနည်းနည်း လိုနေလို့ပါ ပြီးတော့ အဲ့ဒီလူက ပွဲထဲမှာ သတင်းလေး ဖြန့်ခိုင်းရုံပဲမလို့ ကျွန်တော် ခဏတာ မှားသွားမိတာပါ၊ ကျွန်တော့်ကို လွှတ်ပေးပါ၊ ရဲစခန်းကိုတော့ မပို့ပါနဲ့ဗျာ"

ထိုကိစ္စအား လူတွေ သိသွားလျှင်ပင် ဘာမှမဖြစ်နိုင်ဘဲ၊ အများဆုံး ပွဲထဲမှနှင်ထုတ်ခံရုံသာ ရှိမည်ကို သူ မသိပေ။ မကောင်းမှု ပထမဆုံးအကြိမ် လုပ်ဖူးသူဖြစ်ရာ လူမိသွားသဖြင့် ရဲစခန်းအမည် ကြားသည်နှင့် စိတ်ဓာတ်ကျသွားခြင်း ဖြစ်သည်။

အန်းရန် (သမီးအတု) ထိုအခွင့်အရေးအား ဆုပ်ကိုင်ကာ ထူးဆန်းစွာ ပြုံးလိုက်သည်။

"ငါ နင့်ကို လွှတ်ပေးစေချင်တာလား?"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့"

တစ်ဖက်လူမှာ ခေါင်းကို အသည်းအသန် ငြိမ့်ပြသည်။

"ဒါဆိုရင် ငါ့အတွက် တစ်ခုခု လုပ်ပေး၊ အောင်မြင်သွားရင်တော့ ဒီကိစ္စကို ငါ မသိသလိုနေပေးမယ်၊ နင့်ကို မြင်ဖူးတယ်လို့တောင် မထင်တော့ဘူး၊ ဒါတင်မကဘူး၊ နင့်ကို အခကြေးငွေပါ ပေးဦးမယ်"

ခြိမ်းခြောက်ပြီးနောက် မြှူဆွယ်ကာ သူမ၏တကယ့် ရည် ရွယ်ချက်ကို စတင်ဖော်ထုတ်တော့သည်။

"ဘာလုပ်ပေးရမလဲဟင်?"

"လွယ်ပါတယ်၊ ဒီဆေးကို ဝိုင်ထဲရောပြီး အန်းမိသားစုရဲ့ သခင်မလေး အန်းရန်ကို သွားတိုက်လိုက်"

အန်းရန် (သမီးအတု) အဖြူရောင် ဆေးလုံးလေးတစ်လုံး ကမ်းပေးလိုက်သည်။

"ဒါ... မဖြစ်ဘူးလေ..."

ဘာဆေးမှန်း မသိသော်လည်း ဤသို့လုပ်ခြင်းမှာ လူအား တကယ် ဒုက္ခပေးခြင်း ဖြစ်သဖြင့် ထိုလူမှာ မယူချင်ပေ။

အန်းရန် (သမီးအတု) ပြတ်ပြတ်သားသား ပြောလိုက်သည်။

"တစ်သောင်း"

"စိတ်မရှိပါနဲ့..."

"သုံးသောင်း"

"ကျွန်တော်..."

"ငါးသောင်း၊ နင် မလုပ်ဘူးဆိုရင် ငါ ချက်ချင်း ရဲခေါ်လိုက်မယ်"

"လုပ်မယ်!"

'ပိုက်ဆံရှိလျှင် သရဲကိုပင် အခိုင်းခံနိုင်သည်' ဟု ဆိုသကဲ့ သို့၊ ငွေကြေးနှင့် ခြိမ်းခြောက်မှု ရှေ့မှောက်တွင် ထိုလူမှာ အသိဉာဏ်များ ပျောက်ကွယ်သွားတော့သည်။

ကျေနပ်စွာဖြင့် ဆေးကို စားပွဲထိုးထံ ပေးအပ်ပြီးနောက် အန်းရန် (သမီးအတု) လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက် ဥယျာဉ်ထဲမှ အသံတစ်ခု ကြားလိုက်ရသည်။

သူမ မျက်နှာ အမူအရာပြောင်းလဲသွားကာ ချက်ချင်းပင် ထွက်၍ စစ်ဆေးကြည့်သည်။

မီးအချို့သာ လင်းနေသည့် ဥယျာဉ်မှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ဘာမှမရှိပေ။

"ငါ့အထင်ပဲလား ?"

သံသယဖြစ်နေသော အန်းရန် (သမီးအတု) သည် လှည့်ထွက်ကာ အောက်ထပ်မှ ပြပွဲအား စောင့်ကြည့်ရန် သူမ အခန်းသို့ တိုက်ရိုက် ပြန်သွားတော့သည်။

ဖူစစ်ချန် မျက်နှာပျက်ပျက်ဖြင့် ပွဲထဲသို့ ပြန်ဝင်လာကာ၊ သူ့အား စကားလာပြောသည့် သူများကို ဂရုမစိုက်ဘဲ အန်းရန် ရှေ့သို့ အပြေးသွားပြီး ဧည့်သည်များစွာရှေ့မှာပင် သူမ လက်ကို ဆွဲ၍ထွက်လာခဲ့သည်။

"စစ်ချန်?"

အန်းရန် ဇဝေဇဝါဖြင့် ဖူစစ်ချန် ဆွဲခေါ်ရာ ထောင့်တစ်နေရာသို့ ရောက်လာသည်။ သူမ ဘာမှ မပြောရသေးမီမှာပင် သူမ ရှေ့သို့ အဖြူရောင် ဆေးလုံးလေး တစ်လုံး ရောက်လာသည်။

"ဒါက ဘာလဲ?"

"စိတ်ချောက်ခြားစေတဲ့ ဆေး"

ဖူစစ်ချန်အသံမှာ အေးစက်လွန်းသဖြင့် ရေခဲစိုင်များထွက်ပေါ်လာသလိုပင်။

"အန်းရန် (သမီးအတု) က စားပွဲထိုးတစ်ယောက်ကို ပေးပြီး မင်းရဲ့ ဝိုင်ထဲ ခိုးထည့်ခိုင်းတာ"

ထိုဆေးမှာ အန်းရန်အား အသိဉာဏ် ကင်းမဲ့စေရုံတင်မကဘဲ၊ စိတ်ယောင်မှားပြီး အရှက်ရစရာ ကိစ္စများစွာကို လုပ်မိစေလိမ့်မည်။

အရေးအကြီးဆုံးမှာ အန်းရန်သည် ထိုဆေးထဲမှ ပါဝင်ပစ္စည်း တစ်ခုနှင့် ဓာတ်မတည့်ခြင်းပင်။ အကယ်၍ ပြင်း ထန်လျှင် မေ့မြောသွားသည်အထိ ဖြစ်နိုင်ခြေရှိသည်။

ဒါကပင် ဖူစစ်ချန်အား အမျက်ထွက်စေသည့် အဓိက အချက်ဖြစ်သည်။

"ငါ အဲ့ဒီမိန်းမကို သွားသတ်ပစ်မယ်!"

သူ အန်းရန် (သမီးအတု) အား အပြစ်ပေးရန် ဒေါသတကြီးထွက်သွားရန် ပြင်သော်လည်း အန်းရန် တားဆီးလိုက်သည်။

ဤမျှအထိ ရက်စက်ယုတ်မာမှုမှာ ယခင်ကလို ကလေးကစားစရာ မဟုတ်တော့ဘဲ အန်းရန်အသက်ကိုပင် ရန်ရှာနေခြင်း ဖြစ်ရာ ဖူစစ်ချန် မည်သို့သည်းခံနိုင်ပါမည်နည်း?

"မသွားပါနဲ့"

အရေးကြီးသည့် အချိန်တွင် အန်းရန် ဖူစစ်ချန်အား တားဆီးထားဆဲပင်။

"ငါ့စကားကို နားထောင်၊ ဒီဆေးနဲ့ ရှင် အသံသွင်းထားတဲ့ သက်သေတွေကို ငါ့အစ်ကိုဆီ ပေးလိုက်မယ်၊ သူပဲ အန်းရန် (သမီးအတု) ကို ရှင်းပါစေ"

၎င်းမှာ အန်းမိသားစု၏ကိစ္စဖြစ်သဖြင့် ဖူစစ်ချန် ဝင်ပါရန် မသင့်တော်ပေ။

ထို့ပြင် အန်းရန် စိတ်ထဲတွင်လည်း ဖူစစ်ချန်အား အန်းရန် (သမီးအတု) နှင့် အလွန်အကျွံ ထိတွေ့ဆက်ဆံမှုကိုမလို လားပေ။

ထိုအမျိုးသမီးမှာ သူ့ အမျိုးသားအပေါ် ထားရှိသည့် စိတ်ကို မည်သူမှကန်းမနေသဖြင့် အန်းရန် မြင်နိုင်သည်။

သူမ ထိုမျှအထိ စိတ်သဘောထား ကြီးသူ မဟုတ်ပေ။

"မင်း သဝန်တိုနေတာလား?"

ဖူစစ်ချန် မျက်ဝန်းများ တောက်ပလျက် အန်းရန်အား စိုက်ကြည့်လိုက်သည်။

အန်းရန် စောစောက စိတ်ထဲမှစကားများ မတော်တဆ ထုတ်ပြောမိသွားသဖြင့် ဖူစစ်ချန် ကြားသွားခြင်းဖြစ် သည်။

အန်းရန် ခဏတာ တုံ့ဆိုင်းသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် အကြည့်လွှဲကာ ပြန်ပြောလိုက်သည်။

"ငါက ချဉ်တာ ကြိုက်လို့ မရဘူးလား?"

(မှတ်ချက် - တရုတ်စကားတွင် သဝန်တိုခြင်းကို ချဉ်သော ဗနီဂါရည်သောက်သည်ဟု သုံးနှုန်းလေ့ရှိသည်။)

၎င်းမှာ ဝန်ခံလိုက်ခြင်းပင်။

ဖူစစ်ချန်မှာ အရူးတစ်ယောက်လို တဟီးဟီး ရယ်မောနေတော့သည်။ သူ စိတ်လှုပ်ရှားစွာဖြင့် အန်းရန် အနားသို့ တိုးကပ်လာကာ၊ သခင်ကို ချဉ်းကပ်ချင်နေသည့် ခွေးလိမ္မာလေးတစ်ကောင်လို ဖြစ်နေပြီး အကယ်၍ အမြီးသာ ပါခဲ့လျှင် လှုပ်ယမ်းနေလောက်သည်။

"အန်းရန်... အန်းရန်၊ ငါတို့ ပြန်တွဲကြရအောင်လေ၊ ငါ့ကို စိတ်မဆိုးပါနဲ့တော့နော် ဟုတ်ပြီလား ? နောင်ကျရင် ငါ အကုန် နားထောင်ပါ့မယ်၊ မင်း ရှေ့သွားဆိုရင် ငါ နောက်ကပဲ လိုက်ပါ့မယ်!"

"တကယ်လား ?"

အန်းရန် မယုံသလို ကြည့်လိုက်သည်။

"တကယ်ပေါ့!"

ဖူစစ်ချန် ကျိန်ဆိုရန်ပင် အသင့်ဖြစ်နေသည်။

"ဒါဆိုရင် ငါနဲ့ အန်တီကူး နှစ်ယောက်စလုံး ရေထဲ ပြုတ်ကျရင် ရှင် ဘယ်သူ့ကို အရင်ကယ်မလဲ?"

မမျှော်လင့်ဘဲ အန်းရန် ခေတ်အဆက်ဆက် မေးလေ့ရှိသည့် 'အသက်အန္တရာယ်ရှိသော မေးခွန်း' အား မေးလိုက်သည်။

"ဟင်?"

ဖူစစ်ချန်မှာ အမေးခံရသဖြင့် ကြောင်သွားကာ မသိစိတ်မှ ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ငါရော ငါ့မားမားရောက ရေမကူးတတ်ဘူးလေ၊ အန်းရန်ပဲ ငါတို့ကို ကယ်ရမှာမဟုတ်လား..."

သွားပြီ၊ သူ စကားကျွံသွားပြီ။

ဖူစစ်ချန် မျက်နှာမှာ ဖြူလျော်သွားတော့သည်။

"တကယ်ပဲ..."

အန်းရန် အတည်ပြုလိုက်သည်။

အန်တီကူးက ချင်ချင်ပဲ။

သူမ စောစောကတည်းက သံသယရှိခဲ့သော်လည်း ယခုမှသာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ဖူစစ်ချန် သူမအား အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့ရသဖြင့်၊ အန်းရန် သူ့ အားငယ်နေသော ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်သည်။

"စိတ်ချပါ၊ ငါ ဘာမှ မသိဘူးနော်"

၎င်းမှာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမည်ဟု ကတိပေးလိုက်ခြင်းပင်။

ဖူစစ်ချန်မျက်နှာ အနည်းငယ် ပြေလျော့သွားကာ တိုးတိုးလေးမှာလိုက်သည်။

"နင်... ဒါကို ငါ့ပါးကို သွားမပြောနဲ့ဦးနော်"

အကယ်၍ သူ ဖော်လိုက်သည့် မားမား၏လျှို့ဝှက်ချက်အား ပါးပါး သိသွားလျှင်... ဖူစစ်ချန် သူ့သေနေ့ကို မြင်ယောင်နေမိသည်။

"ကောင်းပါပြီ"

အန်းရန် ချက်ချင်း သဘောတူလိုက်ပြီး စကားကို အဓိက အကြောင်းအရာသို့ ပြန်လှည့်လိုက်သည်။

"ငါ အဲ့ဒီလူကို တွေ့ပြီ"

"ဘယ်သူလဲ?"

ဖူစစ်ချန်၏ အတွေးများမှာ ခဏတာ ပြန်မရောက်သေးပေ။

"အန်တီကူးကို ခြိမ်းခြောက်နေတဲ့ အမျိုးသမီးလေ"

အန်းရန် မျက်နှာလေးမှာ အေးစက်သွားသည်။

"အဲ့ဒီလူက ဘယ်သူလဲ?"

ယခုတစ်ခါတွင်တော့ ဖူစစ်ချန် သတိဝင်လာပြီး တည်ငြိမ်သွားတော့သည်။

"သူပဲ"

အန်းရန် လက်ညှိုးညွှန်ပြလိုက်ရာ၊ ပွဲခင်းအလယ်တွင် အနီရောင်ဝတ်စုံဖြင့် ဆွဲဆောင်မှုရှိနေသော လှပသည့် အမျိုးသမီးတစ်ဦးထံသို့ တိုက်ရိုက်ကျရောက်သွားတော့ သည်။

All Chapters