အခန်း (၈၁)
Vol. 9 Ch. 81
🍼 Chapter 81
ဖူစစ်ချန်နှင့် အန်းရန်တို့ ပေးလိုက်သော သဲလွန်စများမှာ ဖူဟန်တို့အတွက် အချိန်ကိုက်ရွာချလိုက်သော မိုးပြေးလေးတစ်ပြေးနှယ်ပင်။
ယခင်က သူတို့ ဘာမှမလုပ်နိုင်ဘဲ အရှုံးပေးနေရသည့် အဓိကအကြောင်းရင်းမှာ ရန်သူကမည်သူမှန်း အတိအကျ မသိခြင်းကြောင့် ဖြစ်သည်။ အကယ်၍ မဆင်မခြင် လှုပ်ရှားလိုက်ပါက အပြစ်မဲ့သူများ ထိခိုက်မိနိုင်သလို၊ ဘာမှမလုပ်ဘဲ ငြိမ်နေပြန်လျှင်လည်း တစ်ဖက်လူ ပို၍ ရဲတင်းလာပေလိမ့်မည်။
ယခုမူ ပစ်မှတ်ကို အသေအချာ သတ်မှတ်ပြီးပြီဖြစ်ရာ အရာအားလုံး ပိုလွယ်ကူချောမွေ့သွားတော့မည်ဖြစ် သည်။
"တောက် တောက် တောက်..."
လှေကားထစ်များပေါ်မှ ကြားလိုက်ရသော မြည်ဟီးနေသည့် ဒေါက်ဖိနပ်သံကြောင့် ချင်ချင် မသိစိတ်မှ လှည့်ကြည့်လိုက်ရာ၊ မိမိကိုယ်ကိုယ် ခဏတာ ပြန်မြင်လိုက်ရသလိုပင်။ အရပ်အမောင်းမြင့်မားကာ လည်ပိုင်အနီရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားပြီး၊ ပုခုံးပေါ်သို့ ဝဲကျနေသော ဆံနွယ်ရှည်များနှင့်အတူ လှပကျော့ရှင်းစွာ လျှောက်လှမ်းလာသော 'မိမိ' ကို တွေ့လိုက်ရသည်။
"ဟင်?"
ကလေးမလေးမှာ နားမလည်နိုင်စွာဖြင့် "ဒါ ဘယ်သူကြီးလဲဟင်?"
ထို 'ချင်ချင်ကြီး' မှာ အသံကြားသဖြင့် မျက်လွှာကို အသာ အယာ ချလိုက်သည်။ သေသပ်လှပသော မျက်လုံးအလှ ပြင်ခြယ်မှုများအောက်တွင် ပိုလို့ဆွဲဆောင်မှုရှိနေသည့် မျက်ဝန်းအစုံမှာ ချစ်ရသူအား ငေးမောနေသည့်နှယ် နူးညံ့ပျော့ပျောင်းသော ခံစားချက်တို့ကို ဖော်ဆောင်နေသည်။
သို့သော် သူ ပါးစပ်ဟလိုက်သည်နှင့် အံကြိတ်ထားသော အမျိုးသားအသံ ထွက်ပေါ်လာတော့သည်။
"ငါက နင့်မောင်လေ"
—— ဒါ... ဒါက ကူးလန်လား?!
လက်ဖက်ရည် သောက်နေကြသော ဖူစစ်ချန်နှင့် အန်းရန်တို့မှာ တစ်ပြိုင်နက်တည်း ထွေးထုတ်မိကြပြီး၊ အသက်ရှူပင် မဝနိုင်တော့ဘဲ တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေကြတော့သည်။ ထိုမြင်ကွင်းမှာ သူတို့အတွက် မည်မျှအထိ ထိတ်လန့်စရာကောင်းသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ဒါက ကြောက်စရာကြီး မဟုတ်လား ? သူ့ဦးလေး၊ အန်တီချင်၏မောင်ဖြစ်သူက အမျိုးသမီးဝတ်စုံဝတ်ကာ သူ့မိခင်အဖြစ် ဟန်ဆောင်နေသည်မှာ ဘာလုပ်ဖို့ပါလိမ့်?
တကယ်တော့ အန်းရန် သူတို့ ဘာလုပ်ချင်နေမှန်း ရိပ်မိပြီးသားဖြစ်သည်။ သို့သော် ခန့်မှန်းချက်မှာ ခန့်မှန်းချက်သာ ဖြစ်ပြီး၊ ထိုစိတ်ကူးမှာ လက်တွေ့တွင် ပေါ်လာသည့်အခါတွင်တော့ သူမ အံ့အားသင့်ကာ မှင်သက်သွားရသည်။
အန်တီချင်၏မောင်ဖြစ်သူမှာ သူမအတွက် ဤမျှအထိ အနစ်နာခံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အန်းရန် ယခင်က အန်တီချင်နှင့် မောင်ဖြစ်သူတို့ ဆက်ဆံရေးမပြေလည်ကြဘူးဆိုသည့် သတင်းများမှာ အလိမ်အညာများသာဖြစ်မည်ဟု ရုတ်တရက် တွေးမိသွားသည်။ အကယ်၍ တကယ်သာ ဆက်ဆံရေး မကောင်းပါက ကူးလန် အန်တီချင်အား ကာကွယ်ရန်အတွက် ဤအဆင့်အထိ လုပ်လိမ့် မည် မဟုတ်ပေ။
အဖြစ်မှန်ကို သေချာမသိသော အန်းရန် ချင်ချင်နှင့် ကူးလန်တို့ ဆက်ဆံရေးမှာ ယခင်ကအတိုင်း တင်းမာနေဆဲဟု ထင်နေမိသည်။
"ဘယ်သူ ရယ်တာ ကြားရင် အဲ့ဒီလူ သေဖို့သာ ပြင်ထားလိုက်"
ဟန်ချက်ညီသော ဂုဏ်သရေရှိအမျိုးသမီးကြီးတစ်ဦး၏ အသွင်အပြင်၊ မျက်နှာပေါ်မှ အမူအရာမှာလည်း ပြည့်စုံလှသော ကျော့ရှင်းမှုတို့ဖြင့် ပြည့်နှက်နေသော်လည်း၊ ထို 'အမျိုးသမီးကြီး' ထံမှ ထွက်ပေါ်လာသော စကားလုံးများမှာတော့ တစ်ဖက်လူကို တုန်လှုပ်စေလောက်အောင် ရုန့်ရင်းကြမ်းတမ်းလှသည်။
ဖူစစ်ချန်နှင့် အန်းရန်တို့ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကြသည်။ လူကြီးတစ်ယောက်ကို အထူးသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် လှောင်ရယ်မိခြင်းက မကောင်းသည်မှာ အမှန်ပင်။
ရယ်ချင်ရင်တောင် အခန်းထဲသွားပြီး တိတ်တိတ်လေး ပုန်းရယ်ရမည်... ဟင်းဟင်း
အမှန်ပင် ကူးလန်သည် ကူးလန်ပင် ဖြစ်သည်။ သူ စကား ပြောလိုက်သည်နှင့် တစ်အိမ်လုံး တိတ်ဆိတ်သွားတော့ သည်။
ဖူဟန်နှင့် ပိုင်ချီယွီတို့မှာတော့ အဖြစ်မှန်ကို သိထားသူများ ဖြစ်သဖြင့် ကူးလန် အပေါ်ထပ်သို့ ဘာသွားလုပ်သည်ကို ကြိုသိနေကြသည်။ ယခု သူ ဆင်းလာသည့်အခါတွင်လည်း ဘာမှမထူးခြားသလို တည်ငြိမ်နေကြသည်။
အများဆုံးအနေဖြင့် 'ကူးလန် အမျိုးသမီးဝတ်စုံ ဝတ်ထားတာက တကယ်ပဲ ချင်ချင်နဲ့ တူတာပဲ၊ မောင်နှမတွေ ပီသပါပေတယ်' ဟု စိတ်ထဲကနေ ချီးကျူးမိရုံသာ ရှိသည်။
"ဦးလေး... ဒါက ဘာလုပ်မလို့လဲ?"
ရယ်ချင်စိတ်ကို အတင်းအောင့်ထားရသော ဖူစစ်ချန်မှာ သိလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
"ကူးချင်ချင် ပျောက်ကွယ်နေတာ တော်တော်ကြာနေပြီလေ"
ဖူဟန် ကူးလန်ကိုယ်စား သားဖြစ်သူကို ဖြေကြားပေးလိုက်သည်။
"ထပ်ပြီး ပေါ်မလာဘူးဆိုရင် လူတွေက သံသယဝင်ကုန်တော့မယ်"
လူတစ်ယောက်သည် ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားပါကမည်သို့ပင်ဖြစ်စေ သဲလွန်စအချို့ ကျန်ရစ်မြဲဖြစ်သည်။ သူတို့သည် ချင်ချင်၏သွားလာမှုကို လိမ်ညာပြီး ဖုံးကွယ်ထားသည်မှာ ကြာခဲ့ပြီဖြစ်ရာ လူအများအပြား သံသယဝင်စပြုနေပြီ ဖြစ်သည်။
ဥပမာအားဖြင့် ဟန်ဝေ့လန် နှင့် အန်းရန် တို့ကဲ့သို့... ချင်ချင်နှင့် ရင်းနှီးသူများစွာမှာ သူမအား ကာလရှည်ကြာ ဆက်သွယ်၍ မရသည့်အခါ စိုးရိမ်လာကြသည်။
ဖူဟန် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ရဲစခန်းမှ ဖုန်းလက်ခံရရှိခဲ့သည်။ ကူးချင်ချင်အား ဆက်သွယ်မရသည် မှာ ကြာပြီဖြစ်၍ တစ်စုံတစ်ခု ဖြစ်သွားပြီ သို့မဟုတ် ပျောက်ဆုံးနေပြီဟု ယူဆကာ လူပျောက်တိုင်ချက်ဖွင့်ထားသူ ရှိနေသောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုကိစ္စကို ဖူဟန် နည်းလမ်းမျိုးစုံဖြင့် လှည့်ဖြားကာဖြေရှင်းခဲ့ရသည်။ သို့သော် ဤသည်မှာ ရေရှည်အတွက် မဟုတ်ပေ။ ကူးချင်ချင် လူအများရှေ့တွင် ပေါ်ထွက်လာရန် လိုအပ်သည်။ အခြား ဘာမှလုပ်စရာ မလိုပါ
"ငါ အသက်ရှင်နေတယ်၊ ကျန်းကျန်းမာမာရှိတယ်၊ ဘာမှ မဖြစ်ဘူး" ဆိုသည့် သတင်းစကားကို လူတိုင်း သိအောင် လုပ်ရုံသာ ဖြစ်သည်။
ဤသို့ဖြင့် လူအများ၏သံသယများ ရှင်းလင်းနိုင်ရုံတင်မကဘဲ၊ မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသည့် လျှို့ဝှက်သော ထိုလူကိုလည်း ဆွဲထုတ်နိုင်မည်ဖြစ်သည်။
"ရုပ်ချင်းတူတယ် ဆိုပေမဲ့လည်း၊ ဦးလေးနဲ့ မားမားရဲ့ အရပ်အမောင်းက အရမ်းကွာတယ်လေ၊ ကိုယ်လုံးကိုယ် ပေါက်ကလည်း မတူတော့ လူတွေ ရိပ်မိကုန်မှာ မဟုတ်ဘူးလား"
သားအရင်းတစ်ယောက်အနေဖြင့်၊ ဤမျှ အရပ်အမောင်း မြင့်မားကာ သန်မာထွားကြိုင်းသော 'မိခင်' တစ်ဦးအား မြင်လိုက်ရသည့်အခါ ဖူစစ်ချန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာအရပါ အလိုအလျောက် နေမထိ ထိုင်မသာ ဖြစ်လာရသည်။
"အဲ့ဒီအချက်အတွက် စိုးရိမ်စရာ မလိုပါဘူး၊ ငါတို့တွေက ကူးလန်ကို ကားထဲမှာပဲ ထိုင်ခိုင်းပြီး ဘေးတိုက်မျက်နှာလေးပဲ ပြခိုင်းမှာပါ"
တိုက်ရိုက် ထိပ်တိုက်မတွေ့ဘဲ ကား၏အကူအညီဖြင့် ဖုံးကွယ်ထားမည်ဆိုလျှင် လှည့်ဖြားရန်မှာ လွယ်ကူလှသည်။
လက်တွေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်ခဲ့သည်။ 'ကူးချင်ချင်' ကိုယ်တိုင် ကားမောင်းကာ ဖူဟန်အား ကုမ္ပဏီ၌ သွားကြိုသည့် အကြိမ်ပေါင်း များစွာရှိလာသည့်အခါတွင်တော့ 'ဖူသခင်မ တကယ်ပဲ ပြန်ရောက်လာပြီ' ဆိုသည်ကို လူတိုင်း သိသွားကြတော့သည်။
သူမသည် နေ့တိုင်း ခင်ပွန်းဖြစ်သူအား အလုပ်ဆင်းချိန် သွားကြိုတတ်ပြီး၊ သူတို့နှစ်ဦး၏ချိုမြိန်သော အချစ်ဇာတ်လမ်းကြောင့် ကုမ္ပဏီရှိ ဝန်ထမ်းများမှာ မနာလိုဖြစ်ကာသွားကျိန်းနေကြရသည်။ သို့သော်လည်း အချို့သော စိတ်ပုပ်သူများနှင့် သတင်းနားစွင့်နေသူများမှာတော့ - သူမ ဤသို့ လုပ်နေခြင်းမှာ မိမိအခွင့်အရေးကိုကြေညာခြင်းဖြစ်ပြီး၊ မဆိုင်သည့် မြေခွေးမလေးများနှင့် မြေခွေးမအိုကြီးများ ဝင်မလာနိုင်အောင် တားဆီးနေခြင်း ဖြစ်သည်ဟု ခန့်မှန်းနေကြသည်။
မြေခွေးမလေးများမှာ လမ်းပေါ်တွင် အပြည့်ဖြစ်သော် လည်း... မြေခွေးမအိုကြီး ဆိုသည်မှာတော့ မည်သူ့ကို ဆိုလိုမှန်း လူတိုင်း သိကြပေလိမ့်မည်။
ချန်ရှောင်းရှောင်း ကော်ဖီဆိုင်တစ်ခုထဲတွင် တစ်ကိုယ် တည်း ထိုင်ကာ ကော်ဖီခါးခါးတစ်ခွက်ကို မျက်နှာသေဖြင့် သောက်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်မှ သူမအား သတိထားကြည့်မိပါက သူမ ထိုင်နေသော နေရာမှာ အလွန်ပါးနပ်လှကြောင်း တွေ့ရလိမ့်မည်။ ခေါင်း အနည်းငယ်စောင်းလိုက်ရုံဖြင့် အပြင်ဘက်မှ မြင်ကွင်းအားလုံးကို ရှင်းရှင်းလင်း လင်းမြင်နိုင်သော နေရာဖြစ်သည်။
ကော်ဖီဆိုင်၏မျက်စောင်းထိုးတွင်တော့ ဖူလုပ်ငန်းစု၏ ရုံးချုပ်တံခါးကြီး ရှိနေသည်။
တောက်ပပြီး ရဲတင်းသော အပြာရောင် ပြိုင်ကားလေးတစ်စီး ဖူလုပ်ငန်းစု တံခါးဝတွင် ရပ်တန့်သွားသည်။ ကားမှန်မှာ အနည်းငယ် ပွင့်သွားပြီး၊ ကျော့ရှင်းလှပသော ဘေးတိုက်မျက်နှာလေးတစ်ခု ပေါ်လာသည်။
ကားထဲမှ လူသည် ကားရပ်ပြီးနောက် ဖုန်းထုတ်ကာ တစ်စုံ တစ်ယောက်ထံသို့ ခေါ်လိုက်ပုံရသည်။ ဆယ်မိနစ်အကြာတွင်တော့ အဖြေ ပေါ်ထွက်လာသည်။
ဖူဟန်သည် သပ်ရပ်သော အနက်ရောင် ဝတ်စုံ ဆင်မြန်းလျက် ကုမ္ပဏီထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာသည်။
ယခုအချိန်မှာ နေဝင်ရီတရော အချိန်ဖြစ်သော်လည်း ပတ် ဝန်းကျင်မှာ လုံးဝမမှောင်သေးပေ။ ရွှေရောင်သန်းနေသော နေရောင်ခြည်မှာ ဖူဟန် ကိုယ်ပေါ်သို့ ကျရောက်နေပြီး၊ သူ၏ ခန့်ညားသော မျက်နှာပေါ်တွင် အလင်းနှင့် အမှောင်ကို ထင်ထင်ရှားရှား ပုံဖော်ပေးနေသည်။
အချိန်ကာလမှာ ထိုအမျိုးသားအပေါ်တွင် အထူးတလည် ညှာတာပေးထားသယောင် ရှိသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် အချိန်များမှာ သူ့ခန့်ညားမှုကို မဖျက်ဆီးနိုင်ရုံတင်မကဘဲ၊ ရင့်ကျက်တည်ငြိမ်သော အငွေ့အသက်များကိုပါ ပိုမို ပေးစွမ်းထားသဖြင့် ဤအေးစက်တည်ငြိမ်သော အမျိုးသားမှာ ပိုမိုဆွဲဆောင်မှု ရှိနေတော့သည်။
ချန်ရှောင်းရှောင်းမှာ ထိုအကြည့်ထဲတွင် နစ်မွန်းသွားရသည်။ သူမသည် မိမိ၏အပူဆုံး၊ အဖြူစင်ဆုံးသော နှလုံးသားကို လက်နှစ်ဖက်ဖြင့် ပင့်မကာ ပေးအပ်ချင်နေမိသည်။ လှပသော မျက်နှာလေးပေါ်တွင် စိတ်ကူးယဉ် အိမ်မက်ထဲ နစ်ဝင်နေသော အမူအရာများ ပေါ်ထွက်လာသည်။
သို့သော် သူမ ပျော်ရွှင်စွာဖြင့် ထရပ်ကာ သူမ ချစ်သူအား ကြိုဆိုရန်မပြင်ရသေးမီမှာပင်၊ ဖူဟန် သူ့အား လာကြိုသည့် ဇနီးဖြစ်သူကို တွေ့ရှိသွားသည်ကို မြင်လိုက်ရသည်။
သူ့ ပါးလွှာသော နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားကာ လူအားအရည်ပျော်စေလောက်သည့် ခန့်ညားသော အပြုံးတစ်ခုကို ပြလိုက်သည်။ သူသည် အလွန်ပျော်ရွှင်နေပုံရကာ ခြေလှမ်းအမြန်ဖြင့် သူမဆီသို့ သွား၍ကားတံခါးဖွင့်ကာ တက်သွားတော့သည်။
မိသားစုလေး တစ်ခုလိုမျိုးပင်...
ဟုတ်သည်လေ၊ သူတို့က တရားဝင်လင်မယားတွေပဲဟာ၊ မိသားစု ဖြစ်နေတာပေါ့။
ချန်ရှောင်းရှောင်း၏လှပသော မျက်နှာလေးမှာ ချက်ချင်းပင် ရုပ်ဆိုးစွာ ပျက်ယွင်းသွားတော့သည်။
'ကူး! ချင်! ချင်!'
လွန်ခဲ့တဲ့ ၂၆ နှစ်တုန်းက၊ နင်က ဗိုက်ထဲက ကလေးနဲ့ ကူးမိသားစုကို အသုံးချပြီး ဖူဟန်ကို အတင်းလက်ထပ်ယူခိုင်းပြီး ငါ့ရဲ့ အချစ်ကို ဖျက်ဆီးခဲ့တယ်။ ၂၆ နှစ်အကြာမှာတော့၊ ငါက နင့်ရဲ့ မျက်နှာဖုံးကို ခွာချပြီး နင့်ရဲ့ ဂုဏ်သိ က္ခာကို မြေလှန်ပစ်မယ်!
"တောက် တောက်"
ဖုန်းထဲသို့ အီးမေးလ် အသစ်တစ်စောင်ရောက်ရှိလာသည်။ ချန်ရှောင်းရှောင်း ချက်ချင်းပင် အမူအရာကိုထိန်းလိုက်ပြီး တည်ငြိမ်စွာဖြင့် ငုံ့ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် ကလေးငယ်တစ်ဦး၏ပုံစံအမျိုးမျိုးဖြင့် ရိုက်ထားသော ဓာတ်ပုံများ ရှင်းလင်းစွာ ပေါ်လာသည်။ တစ်ပါ တည်းတွင်လည်း DNA စစ်ဆေးချက် နှစ်စောင်ကို ပို့ပေးထားသည်။
အကယ်၍ ချင်ချင်အား သိသောသူသာ ထိုဓာတ်ပုံများကို မြင်လိုက်လျှင်၊ ပုံထဲမှ ကလေးမလေးမှာ ကလေးဘဝသို့ ပြန်ရောက်သွားသည့် ချင်ချင်ဖြစ်ကြောင်း ချက်ချင်း သိနိုင်ပေလိမ့်မည်။
ဖူဟန် ကားထဲသို့ ဝင်ထိုင်လိုက်ပြီး ကူးလန်အား ပြုံး၍ ပြောလိုက်သည်။
"ငါးစာကို ကိုက်လိုက်ပြီ"
"ပိုပြီး မြဲမြဲကိုက်အောင် လုပ်ဦးမယ်"
ကူးလန် မျက်နှာပေါ်တွင်လည်း ချိုမြိန်သောအပြုံးတစ်ခု ရှိနေသော်လည်း၊ အမှောင်ထဲတွင် ပုန်းအောင်းနေသည့် အဆိပ်ပြင်း မြွေတစ်ကောင်နှယ် သတိမထားမိသော သားကောင်အား စိုက်ကြည့်နေသည့်အကြည့်မျိုးဖြစ် သည်။
သူတို့ နှစ်ဦးမှာ တစ်စုံတစ်ယောက်ကို မည်သို့ နှိပ်စက်ရမလဲဟု တိုင်ပင်နေကြသော်လည်း၊ အပြင်ပန်းတွင်မူ ချစ်ခင်ရင်းနှီးဟန်ဆောင်နေရသဖြင့် တစ်ယောက်ကိုတစ်ယောက် မည်မျှ ရွံရှာနေကြမည်ကို သူတို့သာ သိပေလိမ့်မည်။
အိမ်ပြန်ရောက်လျှင် ချင်ချင်အား များများဖက်ပြီး မျက်စိဆေးကာ စိတ်ကို သန့်စင်ရမည်။
"ချင်ချင်က ငါ့ကို အချစ်ဆုံး၊ ပြန်ရောက်ရင် ငါ အရင်ဆုံး ဖက်မှာ၊ ငါနဲ့ လာမလုနဲ့"
ကူးလန် ဖူဟန်အား စူးစူးဝါးဝါး ကြည့်လိုက်သည်။
ဖူဟန် တည်ငြိမ်စွာပင် ပြန်လည်ကြည့်ရှုလိုက်ပြီး၊ ကူးလန် ၏ဝတ်စုံနှင့် ဆံပင်တုကို အထူးတလည် စူးစိုက်ကြည့်လိုက်သည်။
"မင်း အခု ဒီပုံစံနဲ့ဆိုရင် ကလေးကို ထိတ်လန့်သွားစေလိမ့်မယ်"
"ငါက ဘယ်သူ့အတွက်ကြောင့် ဒီလို2ဖြစ်နေရတာလဲ?"
ကူးလန် အံကြိတ်လိုက်သည်။
"ဒီလောက်အထိ အနစ်နာခံထားတာတောင်၊ အဲ့ဒီကလေးမလေးက ငါ့ကို ကျေးဇူးမတင်ဘူးဆိုရင်၊ ပြန်ရောက်တဲ့အခါ သူ့ကို ပေါင်ပေါ်တင်ပြီး ဖင်ရိုက်ပစ်မယ်!"
ဖူဟန် သူ့အား အဖက်မလုပ်တော့ပေ။ အခုအချိန်မှာ ချင်ချင်အား အချစ်ဆုံးမှာ ကူးလန်ပင်။ ကလေးကို ရိုက်မယ် ဟုတ်လား?
အိမ်ပြန်ရောက်ရောက်ချင်းမှာပင် ရင်ဆိုင်တိုးလိုက်ရသည့် ဒိုင်နိုဆော အရုပ်ကြီးမှာ ကူးလန်၏မျက်နှာတည့်တည့်သို့ ကျရောက်လာသည်။
"ဖတ်" ခနဲ အသံနှင့်အတူ အလွန်နူးညံ့သော အရုပ်ကြီးမှာ ကူးလန် မျက်နှာပေါ်တွင် ကပ်ငြိသွားပြီးမှ ဖြည်းဖြည်းချင်း အောက်သို့ လျောကျကာ မြေပြင်ပေါ်သို့ ဗိုက်ကလေး လန်လျက်ကျသွားတော့သည်။
ဒိုင်နိုဆောရုပ်၏ဗိုက်ပေါ်တွင် လှပစွာ ပြင်ဆင်ထားသော လူမျက်နှာတစ်ခု ပုံရိပ်မှာ အထင်းသား ကျန်ရစ်ခဲ့သည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသော အန်းရန်မှာ နှုတ်ခမ်းလေးတုန်သွားရသည်။
"..."
"ဟားဟားဟား... ဒိုင်နိုဆောကြီးလာပြီ၊ ဝေါင်း ဝေါင်း ~"
မိမိလူမှားရိုက်မိသွားသည်ကို မသိရှာသော ချင်ချင်လေးမှာ ဒိုင်နိုဆော အရုပ်လေးများကို ပိုက်ကာ ဟိုပြေးဒီပြေး လုပ်နေတော့သည်။ ဧည့်ခန်း ကြမ်းပြင်ပေါ်တွင် ဒိုင်နိုဆောနှင့် ပတ်သက်သည့် ပစ္စည်းများစွာပြန့်ကျဲနေသဖြင့် အနည်းငယ် သန့်ရှင်းမှု ကြိုက်တတ်သော ဖူဟန်မှာ မျက်စိစပါးမွှေး ထနေတော့သည်။
ဖူစစ်ချန် ချင်ချင်နောက်မှ လိုက်ဖမ်းနေပြီး၊ ချင်ချင်ကလည်း ဖမ်းမိတော့မည်ဟု ထင်ကာ ခြေတိုလေးများဖြင့် တဒုန်းဒုန်း ပြေးနေသည်။ သူမသည် ပြေးနေရင်းမှ လှည့်ကြည့်လိုက်ရာ ဖူစစ်ချန် မိတော့မည့်အခြေအနေ ဖြစ်နေသဖြင့် အော်ဟစ်ကာ ရယ်မောရင်း ဆက်ပြေးနေသည်။ တစ်ခါတစ်ရံတွင် မပြေးနိုင်တော့သည့်အခါ အနားရှိ အရုပ်များကို လှမ်းပစ်တတ်သည်။
သူမသည် လူအား မထိအောင် သတိထား ပစ်သော်လည်း ဖူစစ်ချန် လိုက်မလာနိုင်အောင် နှောင့်ယှက်ခြင်းသာဖြစ် သည်။ သို့သော် တံခါး ရုတ်တရက် ပွင့်လာပြီး အမြင့်သို့ ပစ်လိုက်သော အရုပ်တစ်ရုပ်မှာ ကူးလန်၏ခန့်ညားသော မျက်နှာပေါ်သို့ တည့်တည့် ကျရောက်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ထိုကလေးမလေးမှာ ဘာမှမသိဘဲ ဆက်လက်ကစားနေဆဲဖြစ်ရာ၊ ကူးလန် နဖူးပေါ်မှအကြောများမှာ တလှုပ်လှုပ် ဖြစ်လာတော့သည်။
ချင်ချင်မှာ မြန်မြန်ပြေးနေရင်းမှ စားပွဲပေါ်ရှိ ဖျော်ရည်ခွက်ကိုတိုက်မိသွားရာ ချိုမြိန်သောဖျော်ရည်များ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။ သူမ ကွေ့လိုက်စဉ်မှာလည်းမကြည့် မိဘဲ အမှိုက်ပုံးအားကန်မိသွားသဖြင့် အမှိုက်များ အပြင်သို့ ထွက်လာပြန်သည်။
ချင်ချင်...
ကူးလန်တင်မကဘဲ ဖူဟန်ပင်လျှင် မျက်နှာထားတင်းမာသွားရသည်။
"ကူးချင်ချင်!"
ဒေါသတကြီး အော်ဟစ်သံကြောင့် ချင်ချင်မှာ တစ်ကိုယ်လုံးတုန်သွားကာ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူမ ကြောက်ကြောက်လန့်လန့်ဖြင့် လှည့်ကြည့်လိုက်ရာ ဖူဟန်နှင့် ကူးလန်တို့၏တည်တင်းသော အကြည့်များနှင့် ပက် ပင်းတိုးမိသွားတော့သည်။