အခန်း (၈၂)
Vol. 10 Ch. 82
🍼 Chapter 82
'သွားပြီ!' ဟူသော အတွေးမှာ ချင်ချင်နှင့် ဖူစစ်ချန်တို့၏ ဦးနှောက်ထဲသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာသည်။
တစ်စက္ကန့်အတွင်းမှာပင် အသက်ရှင်လိုစိတ် ပြင်းထန်သော ချင်ချင်လေးမှာ ချက်ချင်းတုံ့ပြန်လိုက်သည်။
"ဦးလေး... တိတိ... ပြန်လာကြပြီလား!"
ကလေးမလေးမှာ ချိုမြိန်သော အပြုံးလေးဖြင့် အပြေးလေးသွားကာ ဖူဟန်နှင့် ကူးလန်တို့၏ခြေထောက်များကို တစ်ဖက်စီ ဖက်လိုက်ပြီး မော့ကြည့်ကာ ချွဲလိုက်သည်။ သူမ၏ကြည်လင်သော မျက်ဝန်းလေးများမှာ အပြစ်ကင်းစင်လှသလို စိုးရိမ်စိတ်လေးလည်း ပါဝင်နေသဖြင့် မည်သူမှ စိတ်ဆိုးရန် မစွမ်းသာတော့ပေ။
သို့သော်လည်း ဖူဟန်နှင့် ကူးလန်တို့မှာ သူမကို မဆူဘဲ နေပါ့မလား ? မဖြစ်နိုင်ချေ။
"မဖျက်ဆီးပါဘူး"
ချင်ချင် နောက်ကို လှည့်မကြည့်ရဲဘဲ မျက်စိမှိတ်ကာ လိမ်ပြောလိုက်သည်။
"မဖျက်ဆီးဘူး ဟုတ်လား?"
ဖူဟန် ထိုင်ချလိုက်ပြီး ချင်ချင့် လက်ကလေးကို ကိုင်ကာ ညင်သာသော်လည်း ပြတ်သားစွာဖြင့် သူမအား အနောက်သို့ လှည့်ခိုင်းလိုက်သည်။
"ချင်ချင်... ကလေးတွေက ဘာမလုပ်ရဘူးလဲ?"
"...လိမ်မပြောရဘူး"
ချင်ချင် စိတ်မကောင်းစွာဖြင့် ခေါင်းငုံ့ကာ တိုးတိုးလေး ဖြေရှာသည်။
"ဒါဆိုရင် ခုနက ဘာလုပ်လိုက်တာလဲ?"
"ချင်ချင်နဲ့ မဆိုင်ပါဘူး၊ ကျွန်တော်က သူမနဲ့ ဆော့ပေးရင်း သတိမထားမိလိုက်လို့ပါ"
သူမ အဆူခံရတော့မည့် ပုံစံလေးကို မကြည့်ရက်သဖြင့် ဖူစစ်ချန် ဝင်၍ကူပြောပေးသော်လည်း ဖူဟန်၏အေးစက်သော အကြည့်ကြောင့် နေရာမှာတင် ရပ်သွားရသည်။ ဖူဟန့် အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ ချင်ချင်က အဆူခံရမှာပဲ၊ မင်းလည်း လွတ်မှာမဟုတ်ဘူး။
ဖူစစ်ချန် နှာခေါင်းလေးပွတ်ကာ ပြန်ဆုတ်သွားရသည်။ ကောင်းပြီ၊ အခုတော့ သူငယ်ချင်း သေရုံတင်မကဘဲ ကိုယ်ပါ သေရတော့မည်၊ ဘယ်သူမှ မလွတ်တော့။
"သူမကို သိပ်ပြီး အရူးအမူးမဆော့ခိုင်းပါနဲ့လို့ ပြောသားပဲ၊ ရှင် နားမထောင်လို့ အခုတော့ နောင်တရပြီမလား"
အန်းရန် ဖူစစ်ချန်၏ကံဆိုးပုံကို ကြည့်ကာ လှောင်ပြောင်နေသည်။ သူမ သူ့အား သနားမနေဘဲ ထိုက်တန်သည်ဟုပင် ထင်နေသည်။ ဒါကတော့ တကယ့် ရည်းစားအစစ်ပင်။
"ချင်ချင်က လိမ်ပြောတယ်၊ ဒါဆိုရင် မလိမ္မာတော့ဘူးပေါ့ ပြီးတော့ ဧည့်ခန်းကိုလည်း ဒီလောက်အထိ ရှုပ်ပွအောင် လုပ်ထားတယ်၊ အိမ်တော်ထိန်းကြီးတို့ကို ဒုက္ခပေးသလို ဖြစ်မနေဘူးလား? အခု ဘာပြောသင့်လဲ?"
ဖူဟန် ကလေးကိုမရိုက်ပေ။ သူ စိတ်ရှည်လက်ရှည်ဖြင့် သူမ အမှားကို သိမြင်လာအောင်နှင့် ပြန်လည် စဉ်းစားတတ်အောင်သာ လမ်းညွှန်ပေးလေ့ရှိသည်။
"ချင်ချင် မှားသွားပါပြီ"
ချင်ချင့် မျက်ဝန်းလေးများထဲတွင် မျက်ရည်များ ဝဲတက်လာသဖြင့် ဘေးမှ ကြည့်နေသော အစေခံများမှာ စိတ်မကောင်းဖြစ်နေကြသည်။
ဧည့်ခန်းရှုပ်ရုံတင်ပါ၊ ခဏလေးသန့်ရှင်းလိုက်ရင် သန့်ရှင်း သွားမှာပဲကို။ ဒါက သူတို့ရဲ့ တာဝန်ပဲလေ၊ ဘာမှ မဖြစ်ပါဘူး။ ချင်ချင်လေး မငိုဘူးဆိုရင် အိမ်တော်ကြီး တစ်ခုလုံးကို ဆယ်ခါလောက် သန့်ရှင်းပေးရရင်တောင် သူတို့က အဆင်ပြေကြသည်။
"ဘာမှားတာလဲ ?"
ကံမကောင်းစွာဖြင့် ကူးလန်တို့မှာ လူတိုင်းစိတ်ထဲမှ စကားကို မကြားနိုင်ပေ။ သူ တံခါးဝတွင် မှီရပ်ကာ လက်ပိုက်ထားရင်း၊ ခံစားချက်တစ်ခု မမှန်သည်ကို သတိပြုမိသဖြင့် မျက်နှာပျက်ပျက်နှင့် လက်ကို ပြန်ချလိုက်သည်။ အပေါ် ထပ်ကို အမြန်သွားပြီး မျက်နှာသစ်၊ အဝတ်အစားလဲချင်လှပြီ၊ သို့သော် ချင်ချင်၏ပညာပေးရေးကိုတော့ အရင် ဖြေရှင်းရမည်။
"ချင်ချင်... ချင်ချင် အရုပ်တွေကို လျှောက်မပစ်သင့်ဘူး"
ချင်ချင် သူမ အမှားများကို အသည်းအသန် စဉ်းစားကာ ပြောပြနေသည်။
"ဦးလေး၊ အန်တီတို့ကို ဒုက္ခပေးမိတယ်၊ ပြီးတော့... ပစ္စည်းတွေကို တိုက်မိတယ်၊ ဧည့်ခန်းကိုလည်း ရှုပ်အောင် လုပ်မိတယ်..."
"နောက်ထပ်ကော?"
ကူးလန် ဆက်မေး၏။ ဤကလေးမလေးမှာ စောစောက သူ့မျက်နှာကို တည့်တည့်ပစ်လိုက်သည်ကို ဒီအတိုင်း လွှတ်မပေးနိုင်ပေ။ ယခု သူ့ကို ပစ်မိသည်မှာ ဘာမှမဖြစ်သော်လည်း၊ အကယ်၍ တခြားသူအား မှားပစ်မိလျှင်ကော? တခြားသူတွေက သူ့လိုမျိုး စိတ်ရှည်ပေးပါ့မလား?
"ပြီးတော့... ပြီးတော့ ချင်ချင် လိမ်ပြောမိပါတယ်..."
သူမမှာ အမေးခံရသဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသော် လည်း အဓိက အချက်ကို မမိသေးပေ။
"မရှိတော့ဘူး"
ချင်ချင် သူမ ဘာတွေ ဆက်လုပ်ခဲ့သေးလဲဆိုတာကို တကယ်ကို မမှတ်မိတော့ပေ။
"မင်း မသိဘူးလား?"
ကူးလန် သိလျက်နှင့် မေးလိုက်သည်။
"မသိပါဘူး"
ချင်ချင် ခေါင်းလေးကို ခါပြသည်။
"စောစောက"
ကြမ်းပြင်ပေါ်မှ ဒိုင်နိုဆောရုပ်လေးအား လက်ညှိုးထိုးပြလိုက်သည်။
"မင်း အရုပ်ပစ်လိုက်တာ ငါ့ကို ထိသွားတယ်၊ အရမ်းနာတယ်"
ကူးလန် မည်သို့ပြောလျှင် ချင်ချင်အား ပိုနောင်တရစေမည်ကို သိသည်။ အမှန်ပင် ထိုစကားကြားလျှင် ကလေးမလေး၏ မျက်ဝန်းထဲတွင် မျက်ရည်များ ပိုဝဲတက်လာတော့သည်။
"တိတိ... တောင်းပန်ပါတယ်၊ ချင်ချင် တမင်လုပ်တာ မဟုတ်ပါဘူး၊ မှုတ်ပေးမယ်နော်၊ မနာအောင် မှုတ်ပေးမယ်"
သူမ ကူးလန်အား ထိုင်ခိုင်းပြီးနောက်၊ အလှပြင်ထားသော သူ့မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ပါးဖောင်းဖောင်းလေးနှင့် တဟူးဟူး မှုတ်ပေးနေတော့သည်။ ပါးစပ်တွေ ညောင်းလာသော်လည်း မရပ်ရဲရှာပေ။
"ကဲ... တော်ပြီ၊ မမှုတ်နဲ့တော့၊ တကယ်ပဲ အပြစ်လျော့ချင်တယ်ဆိုရင် မင်း ရှုပ်ထားတဲ့ ဧည့်ခန်းကို ကိုယ့်ဘာသာကိုယ် ပြန်သိမ်း"
ကူးလန် ချင်ချင်အား သူမ၏နောက်ဆက်တွဲ ပြဿနာများကို ကိုယ်တိုင် ရှင်းလင်းတတ်စေရန် သင်ပေးလိုသည်။ ဆော့ချင်သလောက် ဆော့နိုင်သော်လည်း ဆော့ပြီးလျှင်တော့ ကိုယ်တိုင် ပြန်သိမ်းရမည်။
"ဟုတ်ကဲ့"
ချင်ချင် ထိုစကားကြားသည်နှင့် အပြေးလေး သွားတော့ သည်။
သူမ အရုပ်သေတ္တာကြီးကို အလယ်သို့ဆွဲလာပြီး၊ အလုပ်ကြိုးစားသော ပျားလေးတစ်ကောင်နှယ် ဟိုပြေးဒီပြေးဖြင့် ပြန့်ကျဲနေသော အရုပ်များကို ကောက်ယူကာ သေတ္တာထဲသို့ ထည့်နေတော့သည်။ သေတ္တာအဖုံး ပိတ်ပြီးနောက်တွင်လည်း အားစိုက်ကာ ထောင့်တစ်နေရာသို့ ပြန်တွန်းပို့လိုက်သည်။
ကျန်ရှိနေသော ဖျော်ရည်များနှင့် အမှိုက်ပုံးကိုတော့ အန်းရန် ကူညီ၍ရှင်းလင်းပေးလိုက်သည်။ ကလေးမလေး အလုပ်တွေ များပြီး မပင်ပန်းစေရန် ဖြစ်သည်။
"သိမ်းပြီးပါပြီ!"
အလုပ်ပြီးသွားသဖြင့် ချင်ချင် ကူးလန်ရှေ့သို့ ပျော်ရွှင်စွာ ပြေးလာသည်။
ထိုအချိန်တွင် အဝတ်အစားလဲပြီးမျက်နှာသစ်ကာသန့်ရှင်း သွားသော ကူးလန်မှာ သူမ ခေါင်းလေးကို ချီးကျူးသည့်အနေဖြင့် ပွတ်ပေးလိုက်သည်။ သူသည် ချင်ချင် ကိုယ်ပေါ်တွင် ချွေးများ စိုနေသည်ကို ဂရုမစိုက်ဘဲ သူမအား ပွေ့ချီကာ ဆိုဖာပေါ်တွင် အတူတူ ထိုင်လိုက်သည်။
"တိတိ... အားကျင်းကို ကြည့်ချင်တယ်"
ချင်ချင် ကူးလန်၏လက်ကြီးကို ဆွဲကာ ကလေးအသံလေးဖြင့် ပူဆာနေတော့သည်။ ဤရက်ပိုင်းအတွင်း သူမ ဖူစစ်ကျင်းအား လွမ်းနေသဖြင့်၊ မိသားစုဝင်များ ဖုန်းဖြင့် ဗီဒီယိုခေါ်ပေးလေ့ရှိသည်။ သမုဒ္ဒရာကြီးခြားနေသော်လည်း နည်းပညာများကြောင့် ဝေးကွာနေသော မိသားစုဝင်များမှာ ရင်းနှီးစွာ ဆက်သွယ်နိုင်ကြသည်။
"ဒီအချိန်ဆို အားကျင်းက အိပ်နေလောက်ပြီ၊ မနက်ဖြန်မှ ကြည့်တော့"
အချိန်ကို ကြည့်လိုက်ရာ ဖူစစ်ကျင်းရှိသည့်နေရာတွင် ည ၁၁ နာရီခန့် ရှိနေပြီဖြစ်၍ အိပ်နေလောက်ပြီဟု ယူဆကာ ကူးလန် ဖုန်းမခေါ်ချင်ပေ။ နောက်တစ်ချက်မှာ ချင်ချင့်အာရုံကို တခြားလူဆီ မရောက်စေချင်ခြင်းလည်း ပါဝင်သည်။
"ကြည့်ချင်တယ်... ကြည့်ချင်တယ်... အားကျင်းကိုကြည့်မှာ... အားကျင်း..."
ကူးလန် သိပ်မလိုလားသော်လည်း ချင်ချင်၏ ချွဲနွဲ့မှုကို မတွန်းလှန်နိုင်ဘဲ၊ နောက်ဆုံးတွင်တော့ ဖူစစ်ကျင်းထံသို့ ဗီဒီယို ဖုန်းခေါ်ပေးလိုက်ရသည်။
ဖုန်းထဲမှ ဖူစစ်ကျင်းသည် အိမ်နေဝတ်စုံကို ဝတ်ဆင်ထားပြီး ဧည့်ခန်းထဲတွင် ထိုင်နေပုံရသည်။ ရွှေရောင်မျက်မှန်လေး တပ်ထားသဖြင့် စာဖတ်နေရင်း ဖုန်းလက်ခံလိုက်ခြင်း ဖြစ်ပုံရသည်။ မျက်မှန်ကြောင့် သူသည် ပိုမိုလူတတ်လေးပုံစံ ပေါက်နေပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ပိုမို ကောင်းမွန်နေပုံရသည်။
ယခင်က ဖူစစ်ကျင်း ကိုယ်ပေါ်တွင် စိတ်ကျရောဂါနှင့် ဒေါသလှိုင်းအချို့ အမြဲ တွဲပါနေတတ်သော်လည်း၊ ယခုမူ ထိုစိတ်များ တည်ငြိမ်သွားကာ အေးချမ်းလာပုံရသည်။ တစ်ကိုယ်လုံးမှာလည်း ပို၍ ရင်းနှီးရလွယ်သော အငွေ့အ သက်များ ရှိနေသည်။
ဖူစစ်ကျင်း သူ့နားကြပ်ကို အသံလျှော့လိုက်သည်။ တစ် ဖက်မှ စိတ်လှုပ်ရှားနေသော ကလေးမလေး၏အသံကြောင့် နားနာမည် စိုးရိမ်သောကြောင့်ဖြစ်သည်။
"ချင်ချင်"
သူ ယဉ်ကျေးပျူငှာစွာ ပြုံးလိုက်သည်။
"အိမ်မှာ ဆိုးနေလား?"
"...မဆိုးပါဘူး"
စောစောကမှ အဆူခံထားရသော ကလေးမလေးမှာ အနည်းငယ် စိတ်မလုံဖြစ်သွားပြီး စကားပြန်ပြင်လိုက်သည်။
"ချင်ချင် အဆူခံလိုက်ရတယ်"
"ဘာမကောင်းတာ လုပ်လို့ အဆူခံရတာလဲ?"
ဖူစစ်ကျင်း မျက်ခုံးလေး ပင့်ကာ ရယ်ချင်စဖွယ်မေးလိုက် သည်။ သူ့မှတ်ဉာဏ်ထဲတွင် ချင်ချင် အမြဲ လိမ္မာသဖြင့်၊ သူမ ဆိုးလျှင် မည်သို့ရှိမည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။
"ဒါ... ချင်ချင် အရုပ်နဲ့ ပစ်လိုက်တာ တိတိကို ထိသွားတယ်၊ ပြီးတော့ အိမ်ကိုလည်း ရှုပ်အောင် လုပ်မိလို့"
ကြည့်ရသည်မှာ စောစောက ပညာပေးမှု အလုပ်ဖြစ်ပုံရသည်။ ချင်ချင် လိမ်မပြောဘဲ သူမ အမှားကို ဝန်ခံလိုက်သည်။
"ဪ... ဒါဆိုရင် ချင်ချင် မလိမ္မာတော့ဘူးပေါ့"
ဖူစစ်ကျင်း မျက်ခုံးကြုတ်ကာမပျော်သည့် ပုံစံဟန်ဆောင် လိုက်ရာ၊ ချင်ချင်မှာ ထိတ်လန့်သွားပြီး အလျင်အမြန် ရှင်းပြတော့သည်။
"ချင်ချင် လိမ္မာပါတယ်၊ နောက်ဆို လိမ္မာပါ့မယ်၊ ချင်ချင် နောက်ဆို မဆိုးတော့ပါဘူး"
"တကယ်လား?"
ဖူစစ်ကျင်း မယုံသလို ဟန်ဆောင်ပြန်သည်။
ချင်ချင် ခေါင်းလေးကို အဆက်မပြတ် ငြိမ့်ပြကာ အာမခံသည်။
"ချင်ချင် တကယ် လိမ္မာတာပါ၊ တိတိနဲ့ ဦးလေး စကားကို အမြဲ နားထောင်ပါတယ်၊ ဒီနေ့ အရုပ်တွေကိုတောင် ကိုယ့်ဘာသာကိုယ် သိမ်းလိုက်တာနော်"
"တကယ်လား၊ ဒါဆို ချင်ချင်က တော်တာပေါ့"
ဒါက ကလေးချော့သည့် လေယူလေသိမ်းသက်သက် ဖြစ်သော်လည်း ချင်ချင် သဘောကျလှသည်။ သူမသည် ချီးကျူးခံရသဖြင့် တဟီးဟီး ရယ်မောကာ အလွန် ပျော်သွားတော့သည်။
"ယိယိကျဲကော?"
ချင်ချင် ဖုန်းမျက်နှာပြင်ထဲသို့ တိုးကြည့်ကာ ယိယိအား ရှာနေသည်။
"သူက ထမင်းချက်နေတယ်"
ဖူစစ်ကျင်း ထိုင်ရာမှထကာ မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသော ယိယိပုံရိပ်အား ပြလိုက်သည်။
ယိယိ ဟင်းချက်နေရင်း အသံကြားသဖြင့် လှည့်ကြည့်ကာ ချင်ချင်အား နှုတ်ဆက်လိုက်ပြီးနောက် ချက်ပြုတ်ခြင်းကို ဆက်လုပ်နေသည်။ ဖူစစ်ကျင်းလည်း သူမအား မနှောင့် ယှက်တော့ဘဲ ဧည့်ခန်းသို့ ပြန်လာထိုင်ကာ ချင်ချင်နှင့် ကလေးစကားများ ပြောနေတော့သည်။
ချင်ချင် စကားပြောပြီးမှ ကူးလန် ဝင်မေးလိုက်သည်။
"မင်း ဒီရက်ပိုင်း ဘယ်လိုလဲ?"
သူ့ဖျားနာမှု အခြေအနေကို ဖခင်နှင့် ရည်းစားအပြင် ဦးလေးသာ သိရှိထားခြင်းဖြစ်သည်။ ညီဖြစ်သူ ရိပ်မိပုံရသော်လည်း သူ့ကိုယ်ရေးကိုယ်တာကို လေးစားသောအားဖြင့် အတင်းအကျပ် မမေးမြန်းခဲ့ပေ။
"အဆင်ပြေပါတယ်"
ဖူစစ်ကျင်း၏အခြေအနေမှာ တော်တော်လေး စိုးရိမ်ရသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသည်ကို ကူးလန် သိသော်လည်း၊ အကြောင်းရင်းကိုတော့ အတိအကျ မသိပေ။ သို့သော် ၎င်းမှာ တူဖြစ်သူအား ဂရုစိုက်ခြင်းအပေါ် အဟန့်အတား မဖြစ်စေပါ။
"အပြင်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး၊ အေးလာရင် အဝတ်အစား များများဝတ်၊ ထမင်းကိုလည်း ဖြစ်သလို မစားနဲ့၊ ပိုက်ဆံမလောက်ရင် ပြောနော်၊ ဦးလေး ပေးမယ်"
ဖူစစ်ကျင်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။
"ဒါနဲ့... ကျွန်တော် နောက်အပတ် ပြန်လာမလို့"
"အားကျင် အိမ်ပြန်လာတော့မှာလား!"
ထိုစကားမှာ ကူးလန် ပြောခြင်း မဟုတ်ဘဲ၊ သူ့ရင်ခွင်ထဲတွင် နားစွင့်နေသော ချင်ချင် ပြောလိုက်ခြင်း ဖြစ်သည်။
"အင်း၊ အရင်က ဒါရိုက်တာကောင်းနဲ့ သဘောတူထားတဲ့ ရုပ်ရှင်က ရိုက်ကူးတော့မယ်လေ၊ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ ကျွန်တော် သွားကြည့်သင့်တယ်လေ"
ထို့ပြင် ယိယိအားလပ်ရက်မှာ ကုန်ဆုံးတော့မည်ဖြစ် သည်။ သူမကဲ့သို့ မိန်းကလေးတစ်ဦးကို ခရီးဝေးကြီး တစ်ယောက်တည်း ပြန်ခိုင်းရန် စိတ်မချသဖြင့် သူ အတူ လိုက်ပါလာခြင်းဖြစ်သည်။
ချင်ချင် စိုးရိမ်နေသော အကြည့်အား မြင်လိုက်ရသည့်အခါ ဖူစစ်ကျင်း ပြုံး၍နှစ်သိမ့်ပေးလိုက်သည်။
"စိတ်ချပါ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီးပါပြီ၊ သူက ကျွန်တော့်အခြေအနေ တိုးတက်လာပြီလို့ ပြောပါတယ်၊ ခဏပြန်လာတာက ဘာမှ မဖြစ်နိုင်ပါဘူး"
မူလက ကုသမှု မစတင်မီမှာပင် သူ ပုံမှန်အတိုင်း နေထိုင်နိုင်ခဲ့သည်။ ရောဂါဖောက်သည့် အချိန်များကိုသာ သည်းခံကျော်ဖြတ်ခဲ့ရခြင်း ဖြစ်သည်။ ယခု အခြေအနေကောင်း မွန်လာပြီဖြစ်ရာ ခေတ္တပြန်လာခြင်းမှာ ခွင့်ပြုနိုင်သောကိစ္စဖြစ်သည်။
"ကောင်းပြီ၊ မင်းဘာသာ အစီအစဉ်ဆွဲထားတာ ရှိရင်လည်း ဖြစ်ပါတယ်၊ ပြန်လာမယ့် ရက်ကို ပြောလိုက်ဦး၊ ဦးလေး ချင်ချင်ကို ခေါ်ပြီးလာကြိုမယ်"
တူဖြစ်သူမှာ လူကြီးဖြစ်ပြီဖြစ်သဖြင့် ကူးလန် အလွယ်တ ကူ ဝင်မစွက်ဖက်ပေ။
"ချင်ချင်... အားကျင်းကို နှုတ်ဆက်လိုက်ဦး"
"အားကျင်း... တာ့တာနော်"
ချင်ချင် လက်လေးလွှဲကာ ဖူစစ်ကျင်အား နှုတ်ဆက်လိုက်သည်။
ဖုန်းချသွားပြီးနောက်၊ ဘေးမှ ဖူစစ်ချန် ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဦးလေး... ချင်ချင် ခဏတာ လူကြီးပြန်ဖြစ်သွားတဲ့ ကိစ္စကို အစ်ကို့ကို တကယ်ပဲ မပြောပြတော့ဘူးလား?"
ချင်ချင် အပြင်းဖျားစဉ်က ခဏတာ လူကြီး ပြန်ဖြစ်သွားခဲ့သည်မှာ သူတို့အတွင်းပိုင်းရှိ လူများအတွက်တော့ လျှို့ဝှက်ချက် မဟုတ်တော့ပေ။ ထို့ကြောင့် ချင်ချင်သည် ထာဝရ ကလေးအဖြစ် ရှိနေမည် မဟုတ်ကြောင်း ကူးလန် ယုံကြည်သွားကာ၊ ဖူဟန်၊ ပိုင်ချီယွီတို့နှင့်အတူ ချင်ချင်ကို ပြန်လည် လူကြီးဖြစ်စေမည့် နည်းလမ်းအား တက်ကြွစွာ ရှာဖွေနေကြခြင်း ဖြစ်သည်။
သူမ၏ပြောင်းလဲမှုတွင် တစ်စုံတစ်ရာသော လှို့ဝှက်ချက် ရှိနေမည်မှာ အသေအချာပင်။
ဖုန်းချလိုက်ပြီးနောက် ဘဏ်ကတ်ထဲသို့ ရုတ်တရက် ရောက်ရှိလာသော ငွေလွှဲစာတိုလေးကို ကြည့်ပြီး ဖူစစ်ကျင်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ ငွေပမာဏမှာ ၆၆၆ သိန်း (၆.၆၆ သန်း) တိတိ။
၎င်းမှာ သူ့အား အရာရာအဆင်ပြေချောမွေ့ပါစေ (၆၆၆) လို့ ဆုတောင်းပေးတာလား? ဒါပေမဲ့ ဘယ်လိုကြည့်ကြည့် တစ်မျိုးကြီးဖြစ်နေသည်။ သူက အရွယ်ရောက်ပြီးသား အမျိုးသားကြီး ဖြစ်နေပြီကို လူကြီးတွေဆီက ပိုက်ဆံတောင်းနေရတုန်းပဲလား?
ခဏအကြာတွင် နောက်ထပ် ငွေလွှဲစာတိုတစ်ခု ရောက်လာပြန်သည်။ ယခုတစ်ခေါက်မှာတော့ အွန်လိုင်းအနီရောင်အိတ်ပုံစံလေးဖြစ်သည်။
ပို့ပေးသူကို မြင်လိုက်ရသည့်အခါ ဖူစစ်ကျင်း၏ရင်ခုန်သံမှာ မြန်လာပြီး၊ ခဏမျှ အားယူပြီးမှ နှိပ်ကြည့်လိုက်သည်။
【 မားမား : [ချမ်းသာကြွယ်ဝပါစေ၊ ဘေးရန်ကင်းပါစေ (အနီရောင်အိတ်)] 】
【 မားမား : [အသံဖိုင်] 】
ဖူစစ်ကျင်း အနီရောင်အိတ်ကို မဖွင့်သေးဘဲ အသံဖိုင်အား အရင်နှိပ်လိုက်ရာ၊ နူးညံ့ပျော့ပျောင်းသော ကလေးအသံလေး ချက်ချင်း ထွက်ပေါ်လာသည်။
"အားကျင်း... မြန်မြန်နေကောင်းလာပါစေနော်၊ ဒီအနီရောင်အိတ်လေးကို မုန့်ဝယ်စားဖို့ ပေးတာနော်!"
အနီရောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာ - ၅၂၀ ယွမ် (ငါနင့်ကိုချစ်တယ်)။
ဖူစစ်ကျင်း ရင်ဘတ်တစ်ခုလုံးတုန်ခါသွားကာ အသံနိမ့်နိမ့်ဖြင့် လှိုက်လှိုက်လှဲလှဲရယ်မောလိုက်မိသည်။ ထိုအနီရောင်အိတ်လေးကို ချင်ချင် သူ့အားပို့ပေးခြင်းဖြစ်သည်။ ဘယ်လိုတောင် ချစ်ဖို့ကောင်းနေရတာလဲ?
"ဟီးဟီး... ချင်ချင် အနီရောင်အိတ် ပို့တတ်သွားပြီ"
ချင်ချင် သူမ ဖုန်းကိုကိုင်ကာ ကျေနပ်အားရစွာ ပြုံးနေသည်။
"တတ်သွားပြီဆိုပေမဲ့လည်း လျှောက်မပို့ရဘူးနော်၊ သိလား ?"