← Chapters

အခန်း (၈၄)

Vol. 10 Ch. 84

အခန်း (၈၄)

Vol. 10 Ch. 84

🍼 Chapter 84

သန်းခေါင်ယံအချိန်၌ ဖုန်းသံ ရုတ်တရက် မြည်လာသည်။ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ ဖြစ်နေသော ချန်ရှောင်ရှောင်သည် ဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်၏။ ဖုန်းတစ်ဖက်မှ ပြောကြားချက်များကြောင့် သူမ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပုံရှုံ့မဲ့သွားပြီး ဖုန်းချလိုက်သည်နှင့် အင်တာနက်စာမျက်နှာများကို အသည်းအသန် လိုက်ကြည့်တော့သည်။

“ခွမ်း!”

သနားစရာကောင်းသော ဖုန်းလေးမှာ နံရံထောင့်သို့ လွင့်စင်သွားကာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပျက်စီးသွားတော့သည်။ ချန်ရှောင်ရှောင် ဒေါသတကြီးဖြင့် ကုတင်ပေါ်မှဆင်းကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိပြီးမှ စားပွဲတင်ဖုန်းကို ကောက်ကိုင်ကာ နံပါတ်တစ်ခုသို့ ဆက်သွယ်လိုက်သည်။

“တူ... တူ...”

ခဏအကြာတွင် တစ်ဖက်မှ အေးအေးလူလူပင် ဖုန်းကိုင်လာသည်။

“ကိစ္စရှိလို့လား?”

၎င်းမှာ အက်ရှရှနှင့် ဩဇာရှိသော အမျိုးသားအသံ ဖြစ်သည်။ သေချာနားထောင်ကြည့်လျှင် ထိုအသံပိုင်ရှင်မှာ လူငယ်တစ်ယောက်မဟုတ်ဘဲ လောကဓံကို အဖုံဖုံဖြတ်သန်းခဲ့ရသည့် ရင့်ကျက်မှုများ အပြည့်ပါဝင်နေသည်။

“ကျွန်မ ကူးချင်ချင်ကို တိုက်ခိုက်တာ ရှုံးသွားပြီ၊ အခု အင်တာနက်ပေါ်က အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပြီ ပြီးတော့ ဖူမိသားစုနဲ့ ကူးမိသားစုက ကျွန်မကို တရားစွဲတော့မယ်”

ချန်ရှောင်ရှောင် အမြန်ပင် စိတ်ကို ပြန်လည်စုစည်းကာ တည်ငြိမ်အောင် ထိန်းလိုက်သော်လည်း ဤအခြေအနေမှ အမြန်ဆုံး လွတ်မြောက်လိုစိတ် ပြင်းပြနေသည်။

“ငါ မင်းကို သူ့ကို သွားတိုက်ခိုက်ဖို့ မပြောခဲ့ဘူးထင်တယ်နော်၊ မင်းရဲ့ လုပ်ရပ်က မင်းရှိနေတယ်ဆိုတာကို ပေါ်သွားအောင် လုပ်သလို ဖြစ်နေမှန်း မသိဘူးလား?”

တစ်ဖက်မှ အသံမှာ မကျေနပ်မှုများ ပါဝင်နေသည်။

ချန်ရှောင်ရှောင် အသက်ကို ပြင်းပြင်းရှူလိုက်ကာ အမှားဝန်ခံလိုက်သည်။

“ဟုတ်ကဲ့၊ ကျွန်မ ကိုယ့်သဘောနဲ့ကိုယ် လုပ်မိလို့ပါ၊ ဒါပေမဲ့ အဲ့ဒီမိန်းမကို မြင်တာနဲ့တင် ကျွန်မ မနေနိုင်ဘူး၊ အဲ့ဒါကြောင့် စိတ်မထိန်းနိုင်ဘဲ လုပ်မိသွားတာ... ရှင် ကျွန်မကို ကူညီပေးနိုင်မလား?”

သူမသည် တစ်ဖက်လူ၏ သဘာဝကို သိသဖြင့် အားနည်းချက်ပြပြီးနောက် ချက်ချင်းခြိမ်းခြောက်လိုက်ပြန်သည်။

“ရှင် ကျွန်မအကြောင်း သိပါတယ်၊ ကျွန်မသာ အဖမ်းခံရရင် ရှင့်ရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးလောက်အောင် ကျွန်မက စိတ်သဘောထား မကောင်းဘူးနော်”

“အိုး... မင်းက ငါ့ကို သစ္စာဖောက်ချင်တာလား?”

ထိုသူမှာ ချန်ရှောင်ရှောင်၏ ခြိမ်းခြောက်မှုကို ရယ်စရာတစ်ခုလို သဘောထားကာ စိတ်ဝင်တစား ပြန်မေးလိုက်သည်။

“ကျွန်မက ဘယ်လိုလုပ် ရဲပါ့မလဲ?”

ချန်ရှောင်ရှောင် လေသံကို ချက်ချင်းပြန်လျှော့ကာ ချိုသာစွာဖြင့် ချော့မော့လိုက်သည်။

“အစ်ကိုဟန်၊ ကျွန်မကို ကူညီပါနော်”

ချန်ရှောင်ရှောင်သည် အသုံးချရမည့် တန်ဖိုးရှိနေသေး၍ ဖြစ်နိုင်သည်၊ တစ်ဖက်လူမှ “မင်းက အသုံးဝင်နေသေးလို့ ကူညီပေးမယ် ဒါပေမဲ့ မှတ်ထား... နောက်တစ်ကြိမ်သာ ထပ်ဖြစ်ရင်တော့...”

ကတိကို ရရှိလိုက်သဖြင့် ချန်ရှောင်ရှောင် ဝမ်းသာအားရဖြင့် အမြန်ပင်အာမခံလိုက်သည်။

“စိတ်ချပါ အစ်ကို၊ နောက်ဆိုရင် ရှင့်စကားကိုပဲ နားထောင်ပါ့မယ်၊ နောက်တစ်ကြိမ် လုံးဝမရှိစေရဘူး!”

ထို့နောက် သူမ စိုးရိမ်တကြီးဖြင့် ဆက်မေးလိုက်သည်။

“အစ်ကိုဟန်၊ ဒီကိစ္စကို ဘယ်လိုကူညီပေးမှာလဲ?”

“ငါက ဘာလို့ ကူညီရမှာလဲ?”

တစ်ဖက်လူ တဟားဟား ရယ်မောလိုက်ပြီး “အခု တရားစွဲခံရတာက ကူးချင်ချင်ကို စော်ကားခဲ့တဲ့ အင်တာနက်ဆယ်လီတွေလေ၊ အဲ့ဒါက နာမည်ကြီးဒီဇိုင်နာ ချန်ရှောင်ရှောင်နဲ့ ဘာဆိုင်လို့လဲ?”

“ဟုတ်သားပဲ၊ သူတို့က ကျွန်မ ဘယ်သူလဲဆိုတာမှ မသိတာ၊ ကျွန်မ သူတို့နဲ့ ဆက်သွယ်တုန်းက ID အတုတွေကို သေချာသုံးခဲ့တာပဲ၊ သူတို့လုပ်တဲ့ကိစ္စက ကျွန်မနဲ့ ဘာမှမဆိုင်ဘူးပေါ့”

ချန်ရှောင်ရှောင် စိတ်သက်သာရာရစွာ ပြုံးလိုက်နိုင်သည်။

“ဘာမှမရှိတော့ရင် နောက်ဆို ငါ့ကို အဆက်အသွယ် လျှော့ပါ၊ ပြီးတော့ သေချာပုန်းနေဖို့ မမေ့နဲ့”

ထိုသူ ဖုန်းချလိုက်ပြီးနောက် လက်ထဲမှ ဖုန်းအဟောင်းလေးအား ပွတ်သပ်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။

“အဲ့ဒီအတိုင်းပဲ... မင်း ချန်ရှောင်ရှောင်လုပ်ခဲ့တဲ့ ကိစ္စတွေကလည်း ငါနဲ့ ဘာဆိုင်လို့လဲ?”

ဖူဟန်နှင့် ကူးလန်တို့သည်လည်း ဤတန်ပြန်တိုက်စစ်အတွက် အသင့်ပြင်ထားပြီးဖြစ်ရာ နောက်ကွယ်မှကြိုး ကိုင်သူအား လွှတ်ပေးရန် အစီအစဉ်မရှိပေ။ ဖိအားများလာသောအခါ အင်တာနက်ဆယ်လီများ ထိတ်လန့်သွားကြပြီး သူတို့အား ငွေပေးခိုင်းစေခဲ့သည့် သက်သေအထောက်အထားများအားလုံး ထုတ်ပေးကာ တောင်းပန်လိုက်ကြတော့သည်။

သူတို့ထံတွင် Screenshot များ၊ ငွေလွှဲမှတ်တမ်းများ ရှိနေပြီး တစ်စုံတစ်ယောက်မှ ကူးချင်ချင်အား တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိရှိ ငှားရမ်းခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဥပဒေအရာရှိများမှာ ထိုလမ်းစအတိုင်း လိုက်လံစုံစမ်းရာ အင်တာနက်ဆယ်လီများနှင့် ဆက်သွယ်ခဲ့သော အကောင့်များမှာ အချက်အလက်အတုများသာ ဖြစ်နေသဖြင့် မည်သူမှန်း ရှာမရခဲ့ပေ။

သို့သော်လည်း ငွေလွှဲမှုများကိုမူ ဖုံးကွယ်၍ မရနိုင်ချေ။ ဘဏ်အချက်အလက်များကို တိုက်ရိုက်စုံစမ်းလိုက်သော အခါ တစ်စုံတစ်ယောက်ကို ချက်ချင်း ဖော်ထုတ်နိုင်ခဲ့သည်— ၎င်းမှာ 'ချန်ကျောက်တိ' ဖြစ်သည်။

“ချန်ကျောက်တိ ? ဒါ ဘယ်သူလဲ?”

ထိုတွေ့ရှိမှုကြောင့် ဖူစစ်ချန် သံသယဖြင့် မေးလိုက်သည်။

ပိုင်ချီယွီက “ချန်ရှောင်ရှောင်ရဲ့ မွေးမိခင်လေ”

“တကယ်ကြီးလား? ဒီလိုကိစ္စမျိုးလုပ်ပြီး ကိုယ့်အမေအရင်းကိုပါ ဆွဲထည့်တယ်ပေါ့? ဒီမိန်းမ လူရော ဟုတ်ရဲ့ လား?”

ဖူစစ်ချန် မကျေမနပ် ပြောလိုက်သည်။

“မှတ်တမ်းတွေအရတော့ ချန်ရှောင်ရှောင်ကို ချန်ကျောက်တိက ပြုစုပျိုးထောင်ခဲ့တာ မဟုတ်ဘူး၊ အတိအကျပြောရရင် သူမကို ချန်ကျောက်တိကစွန့်ပစ်ခဲ့တာ၊ နောက်မှ အခု မွေးစားမိဘတွေက ယူပြီးမွေးစားခဲ့တာ၊ တိုက်ဆိုင်ချင်တော့ အဲ့ဒီမွေးစားမိဘတွေက သူမအမေရဲ့ ဝေးကွာတဲ့ ဆွေမျိုးတွေဖြစ်နေလို့ မျိုးရိုးအမည် 'ချန်' ပဲ ဖြစ်နေတာ”

ဖူဟန်သည် ချန်ရှောင်ရှောင်ကို ဖော်ထုတ်ပြီးကတည်းက သူမ နောက်ကြောင်းအား သေချာစုံစမ်းထားပြီး ဖြစ်သည်။

“ဒါဆို ပိုထူးဆန်းနေပြီ မဟုတ်လား? သူမကို စွန့်ပစ်ခဲ့တာဆိုရင် ချန်ကျောက်တိက ဘာလို့ ချန်ရှောင်ရှောင်ကို သူမရဲ့ ဘဏ်ကတ် သုံးခွင့်ပေးမှာလဲ? ဒါက လုံးဝ ယုတ္တိမရှိဘူး”

“အဲ့ဒါက အဓိကအချက်ပဲ၊ ချန်ကျောက်တိက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက လေဖြတ်ပြီး ဝေဒနာခံစားနေရတာ၊ သူမရဲ့ တစ်ဦးတည်းသောသမီး ချန်ရှောင်ရှောင်ရဲ့ ပြုစုမှုကိုပဲ အားကိုးနေရတာ၊ ဒါကြောင့် ချန်ကျောက်တိရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပစ္စည်းတွေအကုန်လုံးကို ချန်ရှောင်ရှောင်က လွှဲပြောင်းယူထားတာက သဘာဝကျပါတယ်”

ထို့ကြောင့် မိခင်ဖြစ်သူ၏ဘဏ်ကတ်မှာ သမီးဖြစ်သူလက်ထဲ ရောက်နေခြင်းမှာ ပုံမှန်ပင် ဖြစ်တော့သည်။

ဧည့်ခန်းထဲတွင်မူ ကူးလန် ကြောင်ချော့တံ (တုတ်လေးလေ)ကို ကိုင်ကာ ချင်ချင့် ရှေ့တွင် လှုပ်ယမ်းပြနေသည်။ ချင်ချင်မှာ ထိပ်ဖျားရှိ အရောင်စုံ အမွှေးလေးများကြောင့် စိတ်ဝင်စားသွားကာ ခေါင်းလေးကို ဘယ်ညာယိမ်းနွဲ့နေ၏။

ပစ်မှတ်ထားပြီ၊ လက်လေးကို အသင့်ပြင်၊ ဖမ်းပြီ!

ချင်ချင့် လက်တိုတိုလေးမှာ ခန့်မှန်းထားသည့်အတိုင်း ဘာမှမဖမ်းမိဘဲ လေထဲမှာတင် ဝေ့ယမ်းနေတော့သည်။ သူမ လက်မလျှော့ဘဲ တဆက်တည်း ထပ်ဖမ်းသော်လည်း အမွှေးလေးကို မထိရုံမက အနားတောင် မကပ်နိုင်ပေ။

ချင်ချင် စိတ်တိုသွားကာ ပါးဖောင်းဖောင်းလေးများမှာ ပိုမိုဖောင်းကားလာပြီး ဖြူဖြူဖွေးဖွေး ပေါက်စီလုံးကြီးနှင့် ပိုတူသွားတော့သည်။ ဘေးနားမှ တိုးတိုးလေး ရယ်မောသံ ကြားလိုက်ရသဖြင့် ချင်ချင့် မျက်လုံးများမှာ ချက်ချင်း ဝိုင်းစက်သွားကာ လိုက်ကြည့်သော်လည်း လူကြီးများမှာ သူမ နားမလည်သော ကိစ္စရပ်များကို အလေးအနက် ဆွေးနွေးနေကြပြီး မည်သူမျှ ရယ်မနေကြဟန် ဆောင်နေကြသည်။

ဘယ်သူမှ ချင်ချင်ကို ရယ်မနေကြဘူးလား?

သူမ ဇဝေဇဝါဖြစ်ကာ ခေါင်းလေးကုတ်နေပြီးမှ သူမ၏ အာရုံမှာ ကြောင်ချော့တံဆီသို့ ပြန်လည်ရောက်ရှိသွားပြန်သည်။ ကလေးငယ်များမှာ အရောင်အသွေးစုံကာ လှုပ်ရှားနေသည့် အရာများကို အလွယ်တကူ စိတ်ဝင်စားတတ်ကြသည် မဟုတ်လား? ထိုအရာ ယိမ်းနွဲ့နေသည်မှာ အလွန်ပျော်စရာကောင်းလှသည်။

ချင်ချင် အားယူကာ ထပ်မံဖမ်းရန် ပြင်လိုက်စဉ်မှာပင် ကူးလန်လက်ထဲမှ ကြောင်ချော့တံမှာ အိမ်တော်ထိန်းကြီး၏ သိမ်းဆည်းခြင်းကို ခံလိုက်ရသည်။

“သခင်မလေးက လူလေ၊ ကြောင်မဟုတ်ဘူး! သခင်လေးတို့ ဒီလိုကြီး လာမစရဘူး!”

ချင်ချင်လေးကို ကြောင်လေးတစ်ကောင်လို စနောက်နေခြင်းမှာ ချစ်စရာကောင်းလှသော်လည်း၊ ဤလူမိုက်လူကြီးများ ကလေးကို ကစားစရာလို လုပ်နေခြင်းအား အိမ်တော်ထိန်းကြီး ခွင့်မပြုနိုင်ပေ။

“အိမ်တော်ထိန်းကြီး!”

ချင်ချင် မကြာသေးမီကပင် အိမ်တော်ထိန်းကြီးအား တွေ့ရလျှင် အလွန်ပျော်နေတတ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ပေါ်လာတိုင်း အရသာရှိသော မုန့်များပါလာတတ်သောကြောင့် ဖြစ်သည်။

“သခင်မလေး လိမ္မာတယ်၊ အဘွားက ခုနကတင် 'ဖန်သားပန်းပွင့်မုန့်' လုပ်ထားတယ်၊ ဒီဘက်ကို လာစားနော်”

အိမ်တော်ထိန်းကြီး ဗန်းကိုချလိုက်သည်နှင့် ချင်ချင် ခြေလေးဖက်ထောက်ကာ တွားသွားလျက် ရောက်လာတော့ သည်။

မတ်တတ်ရပ်ရန်မှာ ချင်ချင့်အတွက် အလုပ်ရှုပ်လွန်းသဖြင့် သူမသည် လွယ်ကူသော တွားသွားနည်းကိုသာ သုံးလိုက်ခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာပင် ဧည့်ခန်းကြမ်းပြင်တစ်ခုလုံးကို နူးညံ့သော ကော်ဇောများ ခင်းထားသဖြင့် ထိုဖောင်းအိနေသော ကြမ်းပြင်ပေါ်တွင် ချင်ချင်လေး ချော်လဲလျှင်ပင် နာကျင်မည်မဟုတ်ပေ။

ရာသီဥတုမှာ အလွန်အေးနေသဖြင့် အိမ်တော်ထိန်းကြီးသည် ချင်ချင့်အတွက် အေးစက်သော မုန့်များ ပြုလုပ်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် 'ဖန်သားပန်းပွင့်မုန့်' မှာ အေးခဲနေပုံ ပေါက်သော်လည်း အမှန်တကယ်တွင်မူ မအေးပေ။ ဤမုန့်လေးများမှာ အာလူးမှုန့်ဖြင့် ပြုလုပ်ထားသော တစ်ပိုင်းတစ်စ စက်ဝိုင်းပုံစံ အချိုပွဲလေးများဖြစ်ပြီး ကြည်လင်နေသော မုန့်သားအတွင်း၌ အရောင်စုံ ပန်းပွင့်လေးများမှာ တကယ့်ပန်းအစစ်များအတိုင်း သက်ဝင်လှပနေသည်။

အိမ်တော်ထိန်းကြီးသည် ဗန်းနှစ်ဗန်းခွဲကာ တစ်ဗန်းမှာ လူကြီးများအတွက်ဖြစ်ပြီး အခြားဗန်းအသေးလေးမှာ ချင်ချင့်အတွက်ဖြစ်သည်။ အရသာ တစ်မျိုးစီကို တစ်ခုစီ စားရုံဖြင့် ချင်ချင်၏ မုန့်စားချင်စိတ်အား ပြည့်ဝစေသကဲ့သို့ သကြားစားသုံးမှုကိုလည်း ထိန်းညှိပေးရာရောက်သည်။ ဤမျှ ငယ်ရွယ်သောအရွယ်တွင် သကြားအလွန်အကျွံစားပါက သွားပိုးစားနိုင်သဖြင့် မကောင်းပေ။

သူမ၏ ချစ်စရာကောင်းသော သခင်မလေး စကားပြောသည့်အခါ မည်းနက်နေသော သွားကျိုးလေးများကို သူတပါးအား ပြမိမည်ကို အိမ်တော်ထိန်းကြီး လုံးဝအဖြစ်မခံနိုင်ပေ။ ထိုသို့ဖြစ်လျှင် အလွန်ကြည့်ရဆိုးမည် မဟုတ်လား?

“ကျွန်မ ဘာသာစားမယ်”

ချင်ချင် အိမ်တော်ထိန်းကြီး ခွံ့ကျွေးသည်ကို ငြင်းပယ်ကာ နှင်းဆီနီလေးပါသော မုန့်ကို ကောက်ယူလိုက်သည်။ သူမ တစ်ကိုက် ကိုက်လိုက်သည်နှင့် နှင်းဆီပွင့်လေး တစ်ဝက်မှာ ပျောက်ကွယ်သွားကာ ချက်ချင်းပင် ခွဲခြားသိမြင်သွားသည်။

“ပဲနီလေးပဲ!”

သူမ ချက်ချင်း သိသွားသည်ကို ကြည့်ပြီး အိမ်တော်ထိန်းကြီး “ဟားဟား... သခင်မလေးက တကယ့်ကို တော်တာပဲ၊ ဒါလေးလည်း ထပ်မြည်းကြည့်ဦးနော်” ဟု ဆိုကာ ခရမ်းရောင် ပီယိုနီပန်းပွင့်ပုံစံ မုန့်လေးအား ပေးလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ အတွင်း၌ ခရမ်းရောင် ကန်စွန်းဥအနှစ်များ ပါဝင်သည်။

ထိုမျှမကသေးဘဲ ကန်စွန်းဥအနှစ်၊ ပိန်းဥအနှစ်၊ ပဲနက်အနှစ်နှင့် ပဲစိမ်းအနှစ်များလည်း ရှိသေးသည်။ အိမ်တော်ထိန်းကြီး၏ ကျွမ်းကျင်သော လက်ရာများကြောင့် ရိုးရှင်းသော ပါဝင်ပစ္စည်းများသည် ချင်ချင့်အတွက် အလွန်အရသာရှိသော အံ့ဩစရာ မုန့်လေးများ ဖြစ်သွားတော့သည်။

ကလေးမလေး ပျော်ရွှင်စွာ မုန့်စားနေစဉ်မှာပင် လူကြီးများမှာ သူမနှင့်အတူ မုန့်စားနေကြသော်လည်း အမှန်တကယ်တွင်မူ လူတစ်ယောက်ကို ထောင်ထဲပို့ရန် စီစဉ်နေကြသည်ကို သူမ လုံးဝမသိရှိပေ။

ချန်ရှောင်ရှောင်၏ မိခင်နောက်ကြောင်းကို လိုက်ခြင်းမှာ အစပျိုးရုံသာ ရှိသေးသည်။

မကြာမီမှာပင် အမည်မသိ အကောင့်တစ်ခုမှ ချန်ရှောင်ရှောင်၏မိခင်သည် လွန်ခဲ့သော ကာလများအတွင်း ကူးချင်ချင်ထံသို့ ပစ္စည်းအချို့ပေးပို့ခဲ့ကြောင်း ဖွင့်ချလိုက်သည်။

ထိုပစ္စည်းများမှာ... ခြိမ်းခြောက်စာများ၊ ကျိန်စာတိုက်သည့် အရုပ်များနှင့် ဖူဟန်ကို အခြားအမျိုးသမီးများနှင့် တွဲနေသယောင် ပုံဖျက်ထားသော ဓာတ်ပုံများပင်ဖြစ် သည်။ တစ်ခါတစ်ရံ ဓာတ်ပုံအစစ် ရိုက်မရပါက Photoshop အသုံးပြု၍ ကြမ်းတမ်းစွာ ပြုပြင်ထားသော ပုံအတုများ ပို့လေ့ရှိသည်။

ထိုသတင်းအား နာမည်မရှိသော အကောင့်တစ်ခုမှ ချပြခဲ့ခြင်းဖြစ်သည်။ ထိုအကောင့်ပိုင်ရှင်မှာ ဖူမိသားစုတွင် အလုပ်လုပ်နေသော ကလေးထိန်းတစ်ဦးဖြစ်ပြီး အိမ်သန့်ရှင်းရေးလုပ်စဉ် ထိုပစ္စည်းများကို မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။ ထို့အပြင် ပစ္စည်းပို့သည့် ဗူးခွံအများစုမှာ လွန်ခဲ့သော ၃ နှစ် သို့မဟုတ် ၄ နှစ်ခန့်မှ ရက်စွဲများ ဖြစ်နေသည်။

၎င်းမှာ နှစ်ရှည်လများ ခြိမ်းခြောက်အနိုင်ကျင့်မှုပင် ဖြစ်သည်!

ထိုသတင်းကြောင့် အင်တာနက်ပေါ်တွင် ဆူညံသွားတော့သည်။ လူအများအပြားသည် ချန်ရှောင်ရှောင်၏ အကောင့်သို့ သွားရောက်ကာ အမှန်တကယ် ဟုတ်မဟုတ် မေးမြန်းကြပြီး အချို့မှာ သူမ မိခင်အား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြသလို၊ အချို့ကလည်း ဒါဟာ ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်နိုင်ကြောင်း အမျိုးမျိုး ခန့်မှန်းနေကြသည်။

[စိုစွတ်တဲ့ရာသီမှာ ငါ့အဝတ်တွေ ခြောက်ပါ့မလား : ဒီကိစ္စက တစ်ခုခုတော့ လွဲနေပြီလို့ ခံစားရတယ်၊ နောက်ကွယ်မှာ တစ်ခုခု ရှိနေရမယ်]

[အဲကွန်းအပြင်စက် အခြောက်ခံဝန်ဆောင်မှု : ငါသိတယ်၊ ငါသိတယ်၊ ချန်ရှောင်ရှောင်ရဲ့ အမေအရင်းက လေဖြတ်ပြီး အိပ်ရာထဲလဲနေတာ ၁၀ နှစ်ကျော်ပြီလို့ ကြားတယ်၊ ဒီလိုမျိုးလုပ်ဖို့ လုံးဝမဖြစ်နိုင်ဘူး၊ လုပ်ဖို့အကြောင်းရင်းလည်း မရှိသလို၊ ကျန်းမာရေးအခြေအနေကလည်း ခွင့်မပြုဘူး၊ ဒါကြောင့် တကယ့်တရားခံက တခြားသူပဲ ဖြစ်ရမယ်]

[အခြောက်ခံစက်က အားလုံးကို ဖြေရှင်းပေးတယ် : တခြားသူ ဟုတ်လား? အပေါ်ကလူက တရားခံက ချန်ရှောင်ရှောင်ပဲလို့ ဘာလို့ တိုက်ရိုက်မပြောတာလဲ?]

[အဝတ်မလျှော်ချင်သူ : ဟင်း... ချန်ရှောင်ရှောင်က ဖူဂရုရဲ့ ဥက္ကဋ္ဌကြီးရဲ့ ပထမဆုံးအချစ်မဟုတ်လား? မိသားစုတွင်း အရှုပ်တော်ပုံတွေပဲ၊ ဖျော်ဖြေရေးလောကက တကယ်ကို ရှုပ်ထွေးတာပဲ]

...

ချန်ရှောင်ရှောင်၊ ဖူဟန်နှင့် ကူးချင်ချင်တို့ကြားမှ ရန်ငြိုးရန်စများမှာ လျှို့ဝှက်ချက်တော့ မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာ ချန်ရှောင်ရှောင် ထွက်ခွာသွားစဉ်က အင်တာနက်ပေါ်တွင်သာမက သတင်းစာများမှာပါ အတော်လေး ဂယက်ထခဲ့ဖူးသည်။

လူအများစုမှာ ဤကဲ့သို့သော ချမ်းသာသော မိသားစုများ၏ အရှုပ်တော်ပုံကို စိတ်ဝင်တစား ကြည့်ရှုလိုကြသည်။ ထိုစဉ်က လူတိုင်းမှာ ချန်ရှောင်ရှောင်ကို သနားခဲ့ကြသော်လည်း သူဌေးများ၏ဘဝမှာ သာမန်လူတွေနှင့် ဝေးကွာလွန်းလှပြီး၊ သူတို့မှာ အနုပညာရှင်များလည်း မဟုတ်သဖြင့် ထိုဂယက်မှာ မကြာမီ ငြိမ်သက်သွားခဲ့သည်။

အခုတော့ နှစ်ပေါင်း ၂၀ ကျော်ကုန်လွန်ခဲ့ပြီး ဘာမှမကျန်တော့ပေ။ ထိုကိစ္စအား ပြန်တူးဆွလျှင်ပင် လူသစ်တွေအတွက် အတင်းအဖျင်း သတင်းဟောင်းတစ်ခုသာ ဖြစ်လိမ့်မည်။

ယခု အဓိက အာရုံစိုက်နေကြသည်မှာ ဖူဂရု ဥက္ကဋ္ဌကြီး၏ ဇနီးသည် နှစ်ရှည်လများ ခြိမ်းခြောက်ခံရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရခြင်းတို့အပေါ် ကုမ္ပဏီကြီးနှစ်ခု၏ အကြီးအကဲများ မည်သို့ တုံ့ပြန်မည်နည်း ဆိုသည်ကိုပင်။

ဖူဟန်နှင့် ကူးလန်တို့၏ လုပ်ဆောင်ချက်မှာ ရိုးရှင်းပါသည်— ၎င်းမှာ ရဲတိုင်လိုက်ခြင်းပင်။

ထိုကိစ္စမှာ ရာဇ၀တ်မှုမြောက်နေပြီဖြစ်သလို ဖြစ်စဉ်မှာလည်း အတော်လေး ကြီးကျယ်နေသဖြင့် ရဲတပ်ဖွဲ့၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သူတို့ ချက်ချင်းအသေးစိတ် စုံစမ်းစစ်ဆေးမှုများ စတင်တော့သည်။

ဖူဟန်က ထိုစုံစမ်းမှုသည် ချန်ရှောင်ရှောင်မှ ချင်ချင့်အား ခြိမ်းခြောက်ခဲ့သည့် အထောက်အထားများကိုသာ ဖော်ထုတ်နိုင်မည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ ရဲတပ်ဖွဲ့မှ ထူးခြားသော သတင်းတစ်ခု ယူဆောင်လာခဲ့သည်။

ချန်ရှောင်ရှောင်၏ မိခင်သည်... လွန်ခဲ့သော ၈ နှစ်ကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“သေသွားပြီ ဟုတ်လား?”

ထိုသတင်းကြောင့် ကူးလန်ပင်လျှင် အံ့ဩတုန်လှုပ်သွားရသည်။

“သူမ ဘယ်လိုသေတာလဲ?”

“ရဲတွေ ပြောတာတော့ ငတ်ပြတ်ပြီး သေသွားတာတဲ့”

ဤသတင်းကြောင့် ဖူဟန်မှာ မည်သို့သော မျက်နှာထားမျိုး ထားရမှန်းပင် မသိတော့ပေ။

“ချန်ရှောင်ရှောင်က သူမအမေကို ပြုစုတဲ့သူကို လစာမပေးဘဲ အကြွေးတင်ထားခဲ့တာ၊ အဲ့ဒါကြောင့် အဲ့ဒီလူက ဒေါသထွက်ပြီး ချန်ရှောင်ရှောင်ကို ဘာမှအကြောင်းမကြားဘဲ အလုပ်က ထွက်သွားခဲ့တယ်၊ အိမ်နီးနားချင်းတွေ တစ်ခုခုလွဲနေပြီဆိုတာ သတိထားမိတဲ့အချိန်မှာတော့ ချန်ရှောင်ရှောင်ရဲ့အမေက သေဆုံးနေပြီဖြစ်တယ်”

“ဒါကတော့...”

ပိုင်ချီယွီပင် ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရသည်။

“ဒါပေမဲ့ သူ့အမေက သေတာ ဒီလောက်တောင် ကြာနေပြီကို ဘာလို့ ဘဏ်ကတ်ကို သုံးလို့ရနေသေးတာလဲ? သေဆုံးသွားရင် သက်ဆိုင်ရာ အထောက်အထားတွေကို ပယ်ဖျက်ရမှာ မဟုတ်လား?”

ဖူစစ်ချန် ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ချန်ရှောင်ရှောင်က သေဆုံးကြောင်း သတင်းမပို့ခဲ့လို့ပဲ၊ အိမ်နီးနားချင်းတွေက သူမ သတင်းပို့ပြီးပြီထင်နေကြပေမဲ့ သူမက မပို့ခဲ့ဘူး၊ အဲ့ဒါကြောင့် ချန်ရှောင်ရှောင်ရဲ့အမေက လက်တွေ့မှာ သေဆုံးနေပေမဲ့ စာရွက်စာတမ်းတွေပေါ်မှာတော့ 'အသက်ရှင်' နေတုန်းပဲ ဖြစ်နေတာ”

“ဒီမိန်းမက တကယ်ကို ကြောက်စရာကောင်းတယ်လို့ ကျွန်တော် ရုတ်တရက် ခံစားလိုက်ရတယ်”

မထင်မှတ်ထားသော ထိုသတင်းမှာ ကူးချင်ချင်အား တစ်လျှောက်လုံး ခြိမ်းခြောက်ခဲ့သူမှာ အမှန်တကယ်တွင် ချန်ရှောင်ရှောင်သာဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သေဆုံးပြီးသားလူတစ်ယောက်မှ ထိုကဲ့သို့သော အမှုမျိုးကို ကျူးလွန်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။

ထို့အပြင် ဖူဟန်နှင့် ကူးလန်တို့သည် လွန်ခဲ့သော ခြောက်လအတွင်း စုဆောင်းထားသော သက်သေအထောက်အ ထားများအားလုံး တင်ပြလိုက်ရာ ချန်ရှောင်ရှောင်အနေ ဖြင့် ငြင်းချက်ထုတ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ ရဲတပ်ဖွဲ့မှ သူမအား အသရေဖျက်မှု၊ စော်ကားမှုတို့အပြင် သူ့မိခင်ကို ပစ်ပယ်ထားမှုကြောင့် ဖြစ်ပေါ်လာသည့် သွယ်ဝိုက်သောနည်းဖြင့် လူသတ်မှုတို့ဖြင့်ပါ ဖမ်းဆီးလိုက်တော့သည်။ သူမနှင့်အတူ မိခင်ဖြစ်သူကို ပစ်ထားခဲ့သည့် ပြုစုစောင့် ရှောက်သူကိုလည်း ဖမ်းဆီးလိုက်သည်။

ချန်ရှောင်ရှောင်မှ ကူးချင်ချင်အား ခြိမ်းခြောက်ခဲ့သည့် ကိစ္စမှာ ရှုပ်ထွေးသဖြင့် ပြစ်ဒဏ်မချမှတ်မီ တရားရုံးတွင် စစ်ဆေးရန် လိုအပ်သော်လည်း ယခုအခါ သူမ အဖမ်းခံလိုက်ရပြီဖြစ်၍ ချင်ချင့်လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုတော့ပေ။

ထို့အပြင် ဖူမိသားစုနှင့် ကူးမိသားစုတို့မှ အဖိုးအခ အမြောက်အမြားပေး၍ ငှားရမ်းထားသော ရှေ့နေအဖွဲ့သည်လည်း သူမအား အလွယ်တကူ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ချေ။ သူမသည် ကူးချင်ချင်အား အသရေဖျက်ရန်၊ ကောလာဟလများ ဖြန့်ရန်နှင့် ဆိုက်ဘာတိုက် ခိုက်မှုများ ပြုလုပ်ရန် တခြားသူများ ငှားရမ်းခဲ့ခြင်းမှာပင် ထောင်ဒဏ်ကျခံရန် လုံလောက်သော အကြောင်းပြချက် ဖြစ်နေသည်။

ကြည့်ရှုသူနှင့် မှတ်ချက်ပေးသူ အရေအတွက်မှာ ရာဇဝတ် မှုအဆင့်အထိ အလွန်အမင်း များပြားနေသဖြင့် ဖူမိသားစုနှင့် ကူးမိသားစုကသာ အပြတ်အသတ် တရားစွဲဆိုလျှင် ဤအမှုတစ်ခုတည်းဖြင့်ပင် သူမသည် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါသည်။

အမှန်စင်စစ် ရှေ့နေအဖွဲ့မှ ချင်ချင့်အား စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုလုပ်ရန် အကြံပြုခဲ့သေးသည်။ အကယ်၍ ဤဖြစ်ရပ်ကြောင့် ကာယကံရှင်နှင့် မိသားစုအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု ရှိကြောင်း သက်သေပြနိုင်လျှင် ပြစ်ဒဏ် ပိုမိုကြီးလေးမည် ဖြစ်သည်။

သို့သော်လည်း ထိုအကြံပြုချက်အား ဖူဟန်နှင့် ကူးလန်တို့ ချက်ချင်းငြင်းပယ်လိုက်ကြသည်။

သူတို့သည် ချင်ချင့်အား 'စိတ်မနှံ့သူ' ဟု တခြားသူများ ထင်မြင်သွားမည်ကို လုံးဝ အဖြစ်မခံနိုင်ပေ။ အမှန်တကယ် ထိခိုက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမ၏ လက်ရှိအခြေအနေအရ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုလုပ်ရန်မှာ မဖြစ်နိုင်သော ကိစ္စပင်။

မဟုတ်လျှင်... စစ်ဆေးပေးမည့် ဆရာဝန်မှ စစ်ဆေးမှုခံယူရမည့်သူမှာ ကလေးမဟုတ်ဘဲ သူတို့လူကြီးတွေ ဖြစ်နေသည်ဟု ထင်သွားပေလိမ့်မည်။

မဟုတ်ဘူး၊ 'ထင်မှာ' မဟုတ်ဘူး၊ 'သေချာပေါက် ထင်မှာ' ဖြစ်သည်!

ဘယ်သူကမှ ၃ နှစ်သမီးလေးကို တစ်ယောက်က 'မားမား' လို့ ခေါ်၊ တစ်ယောက်က 'ဇနီး' လို့ ခေါ်၊ နောက်တစ်ယောက်က 'ကျဲ' လို့ တစ်ယောက်တစ်မျိုး ဝိုင်းခေါ်နေကြမှာလဲ? သူတို့အားလုံး ဦးနှောက်မကောင်းတာပဲ ဖြစ်ရမယ်!

All Chapters