အခန်း (၈၅)
Vol. 10 Ch. 85
🍼 Chapter 85
ချန်ရှောင်ရှောင်၏ ကိစ္စမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ၎င်းမှာ ဓားစာခံတစ်ဦးကို ဖယ်ရှားလိုက်ရုံသာ ရှိသေးကြောင်း ဖူဟန်နှင့် အခြားသူများအားလုံး ရင်ထဲ၌ သိနေကြသည်။
သူမအား အလွယ်တကူ ဖယ်ရှားနိုင်ခဲ့ခြင်းကပင် လူတို့ကို လက်တွေ့မဆန်သကဲ့သို့ ခံစားရစေသည်။ နောက်ကွယ်မှ မမြင်ရသော လက်တစ်စုံက ကြိုးကိုင်နေပြီး ချန်ရှောင်ရှောင်ကဲ့သို့ အသုံးမဝင်တော့သည့် နယ်ရုပ်ကို အသုံးချကာ သူတို့အား ဖယ်ရှားခိုင်းလိုက်ခြင်းဖြင့် မိမိကိုယ်ကိုယ် ပိုမိုနက်ရှိုင်းစွာ ဖုံးကွယ်လိုက်သကဲ့သို့ပင်။
အန်းရန်သည် ဒေါ်လေးချင်အား နှစ်ရှည်လများ နှိပ်စက်ခဲ့သူမှာ ဤမျှလွယ်လွယ်ကူကူ အဖမ်းခံလိုက်ရကြောင်း သိလိုက်ရသောအခါ “ဒါတွေအားလုံးက အိပ်မက်တစ်ခုလိုပဲလို့ ကျွန်မ ခံစားနေရတယ်” ဟု တိုးတိုးလေး ရေရွတ်မိသည်။
နိုးထလာသောအခါ အရာအားလုံးမှာ အတုအယောင်များသာ ဖြစ်နေသကဲ့သို့ပင်။
“ငါလည်း အဲ့ဒီလိုပဲ ခံစားရတယ်”
ဖူစစ်ချန် ထောက်ခံလိုက်သည်။ သို့သော် ထိုအရာမှာ အစစ်အမှန်ဖြစ်နေခြင်းကပင် ပို၍ပင် ယုံရခက်စေတော့သည်။
“နောက်ဆိုရင် ငါတို့ ပိုပြီး ဂရုစိုက်ဖို့ လိုမယ်”
ပိုင်ချီယွီ တည်ကြည်စွာ ပြောလိုက်သည်။
“တကယ့်ရန်သူက ပိုပြီးနက်မှောင်တဲ့ အမှောင်ထုထဲမှာ ပုန်းအောင်းနေတုန်းပဲ ဖြစ်ရမယ်”
အမှန်စင်စစ် ပိုင်ချီယွီမှာ ချန်ရှောင်ရှောင်အား ကိုင်တွယ်ရာတွင် အားစိုက်ထုတ်ခဲ့သူ ဖြစ်သည်။ သူ တရားရုံးတွင် ခိုင်လုံသော သက်သေအဖြစ် တိုက်ရိုက်အသုံးပြုနိုင်မည့် အထောက်အထားများစွာကို စုံစမ်းပေးခဲ့သူ ဖြစ်သည်။
အပေါ်ယံတွင် သူသည် ချင်ချင့်၏ သူငယ်ချင်းတစ်ဦးသာ ဖြစ်သည်။ သူ့ မောင်ဖြစ်သူ ကူးလန်နှင့် ဥပဒေကြောင်းအရ လက်တွဲဖော်ဖြစ်သူ ဖူဟန်တို့ ရှိနေသဖြင့် သူသည် ချင်ချင့်အတွက် လူသိရှင်ကြား ရှေ့ထွက်ကာကွယ်ပေးခွင့် မရှိခဲ့ပေ။ သူသည် အမှောင်ရိပ်ထဲတွင်သာ ပုန်းအောင်းရင်း ဖူမိသားစုနှင့် ကူးမိသားစုတို့ သူတို့အာဏာကို အသုံးပြုနေသည်ကိုသာ ကြည့်နေခဲ့ရသည်။
ရိုးရိုးသားသား ပြောရလျှင် ၎င်းမှာ ပျော်စရာကောင်းသော ခံစားချက် မဟုတ်ပေ။
အကယ်၍သာ... အကယ်၍သာ သူသည် သူမ ဘေးနားတွင် လူသိရှင်ကြား ရပ်တည်နိုင်ပြီး သူမအား ကာကွယ်ပေးခွင့် ရှိခဲ့မည်ဆိုလျှင်...
အမှန်တကယ်တော့ ကူးချင်ချင်နှင့် ဖူဟန်တို့ လက်ထပ်သည့် သတင်းကို ကြားပြီးကတည်းက ပိုင်ချီယွီ အတိတ်နှင့် ကူးချင်ချင်အပေါ် ထားရှိသော သူ့ခံစားချက်များကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုခံစားချက်များကို သူ မေ့လျော့သွားနိုင်ကောင်းပြီး ပုံမှန်အတိုင်းပင် ဘဝအား ဆက်လျှောက်လှမ်းနိုင်မည်ဟု တွေးခဲ့သည်။ နောင်တစ်ချိန်တွင် သူချစ်ရမည့်သူ၊ သူ့ကို ပြန်ချစ်မည့်သူနှင့် တွေ့ဆုံကာ မိသားစုတစ်ခု တည်ထောင်နိုင်ကောင်းသည်။ သို့မဟုတ်လျှင်လည်း တစ်ယောက်တည်း လူပျိုကြီးဘဝဖြင့် အထီးကျန်စွာနေသွားမည် သို့မဟုတ် သူ့အိုဇာတာအတွက် ကလေးအချို့မွေးစားကာ နေသွားနိုင်ပေသည်။
သို့သော် အဆုံးသတ်မှာ မည်သို့ပင်ဖြစ်စေ၊ ဤဇာတ်လမ်းသည် နွေဦးပန်းလေးများကဲ့သို့ တောက်ပသောအပြုံးပိုင်ရှင် ထိုမိန်းကလေးနှင့် ဆုံစည်းရန်ကံမပါခဲ့ချေ။
ကူးချင်ချင်၏ကွာရှင်းစာချုပ်ကသာ သူ့အား မျှော်လင့် ချက် ရိပ်ရိပ်လေးပြန်လည်ပေးသနားခဲ့ပြီး ကူးချင်ချင်နှင့် ဖူဟန်တို့ လမ်းခွဲမည့် အနာဂတ်ကို မြင်ယောင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ပိုင်ချီယွီ ယုတ်မာသောစိတ်ဖြင့် ထိုဇနီးမောင်နှံ ကွာရှင်းရန် မျှော်လင့်နေခြင်း မဟုတ်ပေ။
၎င်းထက် သူသည် သူမအား နားလည်သည်။ ချင်ချင် ဖူဟန်အား ကွာရှင်းရန် ဆုံးဖြတ်ခဲ့ကတည်းက အခြေအနေများသည် ရှေ့ဆက်၍မရနိုင်သော အဆုံးစွန်သို့ရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် သူမသည် တစ်ကိုယ်တည်းဘဝဖြင့်သာနေလိုတော့ကြောင်း သူ သိရှိသည်။
အကယ်၍ ချင်ချင်သာ အောင်မြင်စွာ ကွာရှင်းနိုင်ခဲ့လျှင် လူတိုင်းတွင် သူမအား ဝန်းရံခွင့် ရှိလာပေလိမ့်မည်။ သူ့အနေဖြင့် မျှော်လင့်ချက် အနည်းငယ် ထားရှိခြင်းမှာ ကျိုးကြောင်းမဆီလျော်ဟု ဆိုနိုင်ပါသလား?
ပိုင်ချီယွီ သူ့ခံစားချက်များကို မဖုံးကွယ်တော့ဘဲ ချင်ချင့်ဘေးနားတွင် ပေါ်ပေါ်ထင်ထင်ရှိနေကာ သူမအား ဂရုစိုက်ပေးတော့သည်။ ဖူဟန်မှာ မျက်စိကန်းနေသူ မဟုတ်ရာ သူ့ရည်ရွယ်ချက်များကို မည်သို့မမြင်ဘဲရှိမည်နည်း?
ပိုင်ချီယွီ ချင်ချင့်အနားသို့ ချဉ်းကပ်လာတိုင်း သူ မသက်မသာခံစားရကြောင်း ဖူဟန် ဝန်ခံရပါလိမ့်မည်။ ချင်ချင်လေးမှာ လက်ရှိတွင် ကလေးငယ်လေးသာ ဖြစ်နေသော် လည်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ထိုအမျိုးသားအား သူမ အားနည်းချက်ကို အခွင့်ကောင်းယူရန် သူ လုံးဝခွင့်ပြုမည် မဟုတ်ပေ!
ချင်ချင်လေးကို ဖူအိမ်တော်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
သူမသည် ကူးအိမ်တော်တွင် နေထိုင်ခဲ့ခြင်းမှာ အိမ်တော်ထိန်းကြီးအား ခွဲမသွားချင်သောကြောင့်သာမက၊ ကူးလန်တို့မှာ ကူးမိသားစု၏ ဘိုးဘွားရိပ်သာမှာ ပို၍ လုံခြုံသည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ထို့အပြင် ဖူအိမ်တော်၌ လည်း လုံခြုံရေးများကို အဆင့်မြှင့်တင်နေသောကြောင့် ဖြစ်သည်။
ဖူအိမ်တော်အတွင်း အဖျက်သမားများ ခိုအောင်းနေခဲ့သည်ကို ဖူဟန် မေ့မထားပေ။ ထိုတစ်ကြိမ် ဖူမိသားစုကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရာတွင် သူသည် ဖြစ်လာနိုင်သမျှ ခြိမ်းခြောက်မှုအားလုံးကို ဖယ်ရှားလိုက်ရုံသာမက လုံခြုံ ရေးကိုလည်း သိသိသာသာ တိုးမြှင့်လိုက်သည်။
အဓိက လုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်သည့်အပြင် ဗီလာရှိ လုံခြုံရေးဝန်ထမ်း အရေအတွက်ကိုလည်း တိုးမြှင့်လိုက်ပြီး မိသားစုလုံခြုံရေးအတွက် ၂၄ နာရီပတ်လုံး တာဝန်ကျစနစ်ဖြင့် စောင့်ကြပ်စေသည်။ သေချာပေါက်ပင် အဓိက ဦးစားပေးမှာ ချင်ချင့် လုံခြုံရေးပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဖူဟန် အရေးကြီးသော လူတစ်ယောက်ကိုလည်း အိမ်သို့ ပြန်လည်ဖိတ်ခေါ်ခဲ့သည်။
ရင်းနှီးနေသော အိမ်ရှေ့တွင် ကားရပ်လိုက်သည်နှင့် ချင်ချင်မှာ ဘယ်သူမှ လာမချီပေးရဘဲ ကားတံခါးကို တွန်းဖွင့်ကာ အမြန်ပင် ဆင်းလိုက်တော့သည်။
သူမ စိတ်လှုပ်ရှားစွာဖြင့် သူမ၏ ခြေတိုတိုလေးများကို အားကိုးကာ အိမ်ထဲသို့ ပြေးဝင်သွားရာ... ပိန်ပိန်ပါးပါးနှင့် နွေးထွေးသော ရင်ခွင်တစ်ခုထဲသို့ တန်းတန်းမတ်မတ် တိုးဝင်မိသွားတော့သည်။
“အို... သခင်မလေးရယ်၊ သတိထားဦးလေ၊ ချော်လဲသွားဦးမယ်”
ရင်းနှီးနေသော အသံတစ်ခု ခေါင်းပေါ်မှ ထွက်ပေါ်လာသဖြင့် ချင်ချင် ချက်ချင်းပင် အံ့အားသင့်ကာ မော့ကြည့်လိုက်သည်။ ထိုသူအား မြင်လိုက်ရသည်နှင့် သူမ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့သည်။
“အန်တီထင်း!”
“ဟားဟား... မတွေ့ရတာ ကြာပြီနော်၊ သခင်မလေး လိမ္မာရဲ့လား?”
အဘွားထင်း၏ ထူးခြားသော အားရပါးရ ရယ်မောသံကြီး ထွက်ပေါ်လာသည်။ သူမသည် အိုမင်းသော်လည်း နွေးထွေးလှသော လက်ဖဝါးဖြင့် ချင်ချင့်ခေါင်းလေးကို ပွတ်သပ်ပေးရာ ချင်ချင်ကလည်း အလိုက်သင့်လေး ချွဲနွဲ့နေတော့သည်။
“အန်တီထင်း... အန်တီထင်း၊ ဘာလို့ ဒီကို ရောက်နေတာလဲဟင်?”
ချင်ချင်မှာ အဘွားထင်းလက်ကို ပျော်ရွှင်စွာဆွဲကိုင်ကာ ဆိုဖာဆီသို့ တစ်လှမ်းချင်းလိုက်သွားသည်။ သူမမှာ အဘွားထင်းနားမှ မခွာချင်သော ကလေးဆိုးလေးတစ်ဦးကဲ့သို့ပင်။
နောက်မှ ကပ်ပါလာသော ဖူဟန်သည် ပျော်လွန်း၍ ပျံတက်မတတ် ဖြစ်နေသော သူမအား ကြည့်ကာ ပြုံးနေမိသည်။ သူသည် အဘွားအိုနှင့် မြေးမလေးတို့ ပြန်လည်ဆုံတွေ့မှုကို မနှောင့်ယှက်ဘဲ ဘေးမှ ငြိမ်ကြည့်ပေးနေခဲ့သည်။
“အဘွားက သခင်မလေးကို ပြုစုဖို့ ဒီကို လာတာလေ”
“အခုကစပြီး အဘွားက သခင်မလေးနဲ့အတူ ဒီမှာပဲ နေတော့မှာ”
“တကယ်လား?”
ချင်ချင့် မျက်လုံးဝိုင်းကြီးများမှာ အရောင်တောက်သွားသည်။
“တကယ်ပေါ့၊ အဘွားက မြေးလေးကို ဘယ်တုန်းက လိမ်ဖူးလို့လဲ?”
“ပျော်စရာကြီး၊ ဟားဟားဟား...”
ချင်ချင် အလွန်ဝမ်းသာသွားသဖြင့် ခုန်ပေါက်နေတော့ရာ အဘွားထင်းမှာ ကလေး ပြုတ်ကျမှာစိုး၍ အမြန်ပင် လှမ်းဖမ်းလိုက်ရသည်။
အမှန်တကယ်တော့ အဘွားထင်းကို ခေါ်လာနိုင်ရန် ဖူဟန် တော်တော်လေး အားစိုက်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ထိုသို့ ကြိုးစားရကျိုး နပ်သည်ဟု သူ ယူဆသည်။ အကြောင်းရင်း နှစ်ချက် ရှိသည်။
ပထမအချက်မှာ အဘွားထင်းသည် သူတို့အပြင် ချင်ချင့်ကိုယ်ခန္ဓာ သေးငယ်သွားသည့် လျှို့ဝှက်ချက်ကို သိရှိထားသူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သဖြင့် သူမသည် ချင်ချင့်အား အကောင်းဆုံး ပြုစုနိုင်သောကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ သူတို့အားလုံးအလုပ်များလွန်းလှသဖြင့် ချင်ချင့်အတွက် အချိန်ပေးရန် ကြိုးစားသော်လည်း အနားမှာ မရှိနိုင်သည့် အချိန်များရှိနေတတ်သည်။ တခြားသူကိုလည်း စိတ်မချနိုင်ကြချေ။ အိမ်မှ အစေခံများပင်လျှင် သူတို့ရှိမှသာ ချင်ချင့်အား ပြုစုခွင့်ပေးထားခြင်းဖြစ်သည်။
ဤသို့သော အချိန်တွင် ချင်ချင့်အား ၂၄ နာရီပတ်လုံး ပြုစုပေးနိုင်ပြီး သူတို့ အပြည့်အဝ ယုံကြည်ရမည့်သူ ရှိနေခြင်းမှာ အလွန်အရေးကြီးပါသည်။
ထို့ကြောင့် ကူးလန်ထံမှ အဘွားထင်း ရှိနေကြောင်း သိလိုက်ရသည်နှင့် ဖူဟန် သူမကို ခေါ်ယူရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဘွားထင်းအား ငွေကြေး၊ စည်းစိမ်တို့ဖြင့် စည်းရုံး၍ ရမည်မဟုတ်ကြောင်း သိသဖြင့် ဖူဟန်ကိုယ် တိုင် သူမထံ သွားရောက်ကာ လက်ရှိ အခြေအနေများနှင့် ချင်ချင် ရင်ဆိုင်နေရသော အန္တရာယ်များကို ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့သည်။
အဘွားထင်းမှာ ငွေကြေးကို ဂရုမစိုက်သော်လည်း သူမ အလွန်ချစ်ရသော သခင်မလေး၏ ဘေးကင်းရေးကိုမူ လျစ်လျူမရှုနိုင်ခဲ့ချေ။ ရလဒ်အနေဖြင့် ဖူဟန်၏ အလောင်းအစားမှာ အောင်မြင်ခဲ့သည်။ အဘွားထင်း ရှိနေသဖြင့် သူတို့ ခဏတဖြုတ် အဝေးရောက်နေချိန်တွင်ပင် ချင်ချင့်အား စိတ်ချလက်ချ ထားရစ်ခဲ့နိုင်ပြီ ဖြစ်သည်။
သူမကို လေးစားသောအားဖြင့် ဖူဟန် အဘွားထင်းအား ကလေးထိန်းအဖြစ် မဟုတ်ဘဲ ဖူဟန်နှင့် ကူးချင်ချင်တို့၏ လူကြီးမိဘ တစ်ဦးကဲ့သို့ပင် အိမ်တော်သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ချင်ချင့်နို့ထိန်းဖြစ်သလို၊ ချင်ချင်ရော ဖူဟန်အတွက်ပါ လူကြီးတစ်ဦးပင် ဖြစ်တော့သည်။
ဖူဟန့် ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ အဘွားထင်း ရောက်လာပြီးနောက် ဖူဟန်တင်မကဘဲ ကူးလန်၊ ဖူစစ်ချန်နှင့် ပိုင်ချီယွီတို့ပင်လျှင် များစွာ စိတ်အေးသွားကြရသည်။
ကလေးတစ်ယောက်ကို ပြုစုရသည်မှာ တကယ်ပင် မလွယ်ကူလှချေ။ ချင်ချင်မှာ အခြားကလေးများထက် လိမ္မာသော်လည်း သူမအား ဂရုစိုက်ရသည်မှာ ခက်ခဲဆဲပင်။
ယခင်က ချင်ချင်၏ ကလေးဆိုး ဆန်မှုများကြောင့် သူတို့တစ်တွေ ရူးမတတ် ဖြစ်ခဲ့ရသော်လည်း အဘွားထင်း ရောက်လာပြီးနောက်တွင်မူ အရာအားလုံး အဆင်ပြေသွားတော့သည်။ အဘွားထင်းသည် ကလေးထိန်းကျောင်းရာတွင် အတွေ့အကြုံများစွာ ရှိသလို၊ ချင်ချင်အား ကိုယ် တိုင် ပြုစုပျိုးထောင်ခဲ့သူဖြစ်ရာ သူမ အကြောင်းကို အသိဆုံး ဖြစ်သည်။
အဘွားထင်း ဂရုစိုက်မှုအောက်တွင် ချင်ချင်၏ ကလေး ကလား ဆော့ကစားမှုများကို ထိန်းကျောင်းနိုင်ခဲ့ပြီး သူမသည် ယခင်ကထက် ပိုဝဖြိုးကျန်းမာလာခဲ့သည်။ ယခင်က အဘွားထင်း ဒဏ်ရာရပြီး ဖျားနာနေစဉ်တွင် လမစေ့ဘဲ မွေးထားသော ချင်ချင်လေးမှာ ကိုယ်အလေးချိန်များစွာ ကျဆင်းသွားခဲ့သဖြင့် ဖူဟန်တို့ တော်တော်လေး စိတ်မကောင်း ဖြစ်ခဲ့ကြရသည်။
ထို့ကြောင့် ချင်ချင် မုန့်စားချင်သည်ဟု ဆိုလျှင် အလွန်အ ကျွံ မဟုတ်ပါက သူတို့ တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့ကြသည်။ သို့သော်လည်း အချိန်အတန်ကြာသည်အထိ ချင်ချင် ကိုယ်အလေးချိန် သိပ်မတက်လာခဲ့ပေ။
သူမ ပါးဖောင်းဖောင်းလေးများကို ကြည့်ပြီး အထင်မမှားပါနှင့်။ ၎င်းမှာ ကလေးအဆီမျှသာ ဖြစ်ပြီး ချင်ချင်သည် အသက်တူ ကလေးများနှင့် ယှဉ်လျှင် အတော်လေး သေးပြီး ပိန်လှသည်။
ယခုမူ အဘွားထင်းနှင့် တစ်ပတ်ပင် မပြည့်သေးမီမှာပင် ချင်ချင်မှာ ယခင်ကထက် ပိုလေးလံလာကြောင်း ဖူဟန် သိသိသာသာ ခံစားလာရသည်။ ချင်ချင့် ကိုယ်အလေးချိန် တက်လာသည်မှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။
သေချာတာပေါ့၊ ချင်ချင် ကိုယ်အလေးချိန်တက်လာတယ်ဆိုတာကို သူမရှေ့မှာတော့ ပေါ်ပေါ်ထင်ထင် မပြောရဲပေ။ သူမက ငယ်သေးတယ်ဆိုပေမဲ့ အလှအပကြိုက်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်လား?
ယခုအခါ အဘွားထင်း ရှိနေပြီဖြစ်သော်လည်း ဖူဟန်တို့မှာ သူတို့၏ အလုပ်အလေ့အကျင့်ဟောင်းအတိုင်း အလုပ် များကို အမြန်ဆုံးအပြတ်ဖြတ်ကာ အိမ်သို့အပြေးအလွှား ပြန်လာတတ်ကြဆဲပင်။ သူတို့သည် ချင်ချင်လေးနှင့်အတူ အချိန်ပိုပေးနိုင်ရန် ရသမျှ အားလပ်ချိန်တိုင်းကို အချိန်လု၍အိမ်သို့ အရောက်ပြန်လာကြခြင်းဖြစ်သည်။
ထို့ကြောင့် ချင်ချင်မှာ အထီးကျန်သည်ဟု လုံးဝမခံစားရပေ။ အပြန်အလှန်အားဖြင့် အဘွားထင်း ရှိနေခြင်းက သူမအား အလိုလိုက်မည့်သူ နောက်တစ်ယောက် တိုးလာသလို ဖြစ်နေသဖြင့် သူမသည် နေ့စဉ်နေ့တိုင်း အလွန်ပျော်ရွှင်နေတော့သည်။
တစ်နေ့တွင် ချင်ချင် ဘောလုံးအသေးလေးတစ်လုံးကို ကိုင်ကာ အပြင်ထွက်ကစားရန် ပြင်နေစဉ် အိမ်တွင် ရှိနေသော ဖူစစ်ချန် သူမအားလှမ်းခေါ်လိုက်သည်။
"ချင်ချင်၊ ဘယ်သွားမလို့လဲ?"
“ချင်ချင် 'ဝတုတ်' နဲ့ သွားကစားမလို့”
သူမ လှည့်ကြည့်ကာ ပြန်ဖြေသည်။
'ဝတုတ်' ဆိုသည်မှာ အိမ်နီးနားချင်းမှ ကောင်လေးဖြစ်ပြီး ချင်ချင့်ထံမှ မုန့်များ ခဏခဏ ရဖူးသူဖြစ်သည်။ ဝတုတ် ၏မိဘများမှာလည်း မိမိတို့သားလေးမှာ ချင်ချင့်ဆီမှ မုန့်များစွာ ရထားသဖြင့် အားနာလှသောကြောင့် ချင်ချင့်အတွက် ကွတ်ကီးမုန့်များ အထူးတလည် လုပ်ပေးလေ့ရှိသည်။ ထိုကွတ်ကီးများမှာ အလွန်အရသာရှိလှသဖြင့် ချင်ချင်မှာ ချက်ချင်းပင် အကြိုက်တွေ့သွားတော့သည်။
သူတို့အိမ်နှစ်အိမ်မှာ နီးကပ်လှသဖြင့် သူမသည် မုန့်သွားကပ်စားရန် အကြောင်းအမျိုးမျိုးရှာကာ သွားလေ့ရှိသည်။ ဝတုတ်၏ မိခင်မှာလည်း ချစ်စရာကောင်းပြီး လိမ္မာသော ချင်ချင့်အား မြင်လျှင် အမြဲပင် နွေးထွေးစွာ ကြိုဆိုတတ် သည်။ အချိန်ကြာလာသည်နှင့်အမျှ ချင်ချင်နှင့် ထိုဝတုတ်လေးမှာ သူငယ်ချင်းကောင်းများ ဖြစ်သွားကြတော့သည်။
အမှန်စင်စစ် ဤဗီလာဝင်းအတွင်းရှိ အသက် ၃ နှစ်မှ ၁၀ နှစ်အောက် ကလေးအားလုံးမှာ ချင်ချင့်သူငယ်ချင်းများ ဖြစ်ကြသည်။ သူမက အသက်ကြီးသူ၊ ငယ်သူများနှင့် သူငယ်ချင်းမဖြစ်ချင်သည်တော့ မဟုတ်ပေ။ အသက်ကြီးသော ကလေးများမှာ ကျောင်းသွားရသဖြင့် အချိန်မရကြဘဲ၊ ငယ်လွန်းသော ကလေးများမှာမူ လမ်းပင်ကောင်း ကောင်းမလျှောက်နိုင်၊ စကားမပြောနိုင်ကြသေးသဖြင့် မိဘများ အပြင်ထွက်ကစားခွင့် မပေးကြသောကြောင့် ဖြစ်သည်။
ယနေ့တွင်မူ သူမသည် ဝတုတ်နှင့် အခြားသူငယ်ချင်းများဖြင့် ဘောလုံးကွင်း၌ ဆုံရန် ချိန်းထားခြင်း ဖြစ်သည်။ ဗီလာဝင်းအတွင်း၌ အပန်းဖြေစရာများစွာ တည်ဆောက်ထားပြီး ကလေးများအတွက် ကစားရင်း လေ့ကျင့်ခန်းလုပ်နိုင်မည့် အားကစားကွင်းနှင့် ကစားကွင်းငယ်လေးကိုပါ ထည့်သွင်းပေးထားသည်။ ကြားသိရသလောက် ထိုကစားကွင်းအား ဗီလာပိုင်ရှင်တစ်ဦးမှ မိမိကလေးအတွက် ကိုယ်ပိုင်ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးထားခြင်းဖြစ်ရာ ယခုအခါ အခြားကလေးများပါ အကျိုးခံစားနေရခြင်း ဖြစ်သည်။
“သွားလို့မရဘူး”
ချင်ချင် ထွက်သွားတော့မည့်အချိန်တွင် ဖူစစ်ချန် အမြန်ပင် တားလိုက်သည်။
“ဘာလို့လဲဟင်?”
နှစ်ခါတိုင်တိုင် အတားခံရသဖြင့် ချင်ချင်မှာ စိတ်မဆိုးသော်လည်း ထူးဆန်းသလို ခံစားလိုက်ရသည်။
ဘာမှမသိနားမလည်သော သူမ မျက်နှာကို ကြည့်ပြီး ဖူစစ်ချန် သက်ပြင်းချကာ သတိပေးလိုက်သည်။
“မေ့သွားပြီလား၊ ဒီနေ့က အစ်ကိုနဲ့ မရီးတို့ ပြန်လာမယ့်နေ့လေ၊ လေဆိပ်ကို အတူတူသွားကြိုကြမယ်လို့ မင်းပဲ ပြော ထားတာ မဟုတ်လား? အဲ့ဒါကြောင့် မင်းကို ခေါ်သွားဖို့ ငါ့ကို သေချာ မှာထားတာလေ”
မဟုတ်လျှင် သူလည်း ဤမျှ စိတ်ထက်သန်နေမည် မဟုတ်ပေ။