← Chapters

အခန်း (၈၆)

Vol. 10 Ch. 86

အခန်း (၈၆)

Vol. 10 Ch. 86

🍼 Chapter 86

သူ့အစ်ကိုက လူကြီးဖြစ်နေပြီပဲ၊ တက္ကစီစီးပြီး အိမ်ပြန်လာလည်း ရတာပဲကို။ ဘာလို့ အထူးတလည် သွားကြိုနေရမှာလဲ? နှစ်ရှည်လများ သူတို့တစ်တွေ အလုပ်ကိစ္စဖြင့် ဟိုဒီပျံသန်းနေကြသည်မှာ အသားကျနေပြီဖြစ်ရာ အကြိမ်တိုင်း သွားကြိုနေခြင်းက အလုပ်ရှုပ်သလို အလုပ်ကိုလည်း အနှောင့်အယှက် ဖြစ်စေသည်။

သူ့ဖခင်ပင်လျှင် အစ်ကိုဖြစ်သူအား သွားကြိုရန် အစီအစဉ်မရှိချေ။ ချင်ချင် အစကတည်းက အလေးအနက် မှာထားခဲ့သဖြင့်သာ ဖူစစ်ချန် ထိုကိစ္စအား အလေးထားကာ လုပ်ပေးနေခြင်း ဖြစ်သည်။

“သွားမယ်၊ သွားမယ်! ချင်ချင် 'အားကျင်း' နဲ့ 'ယိယိကျဲကျဲ' ကို သွားကြိုမယ်!”

ဖူစစ်ကျင်း ပြန်လာတော့မည်ဟု ကြားလိုက်ရသည်နှင့် ချင်ချင်မှာ ကစားမည့်ကိစ္စနှင့် သူငယ်ချင်းများကို အကုန်မေ့သွားပြီး ကြိုဆိုရန်ကိစ္စတစ်ခုတည်းကိုသာ အာရုံရောက်သွားတော့သည်။

“အချိန်ကြည့်ရသလောက်တော့ အစ်ကိုကြီးရဲ့ လေယာဉ်က မကြာခင် ဆိုက်တော့မယ်၊ သွား... အဝတ်အစားသွားလဲလိုက်ဦး၊ ပြီးရင် ငါ ကားမောင်းပြီး ခေါ်သွားပေးမယ်။”

“ဟုတ်!”

ချင်ချင် အသံကျယ်ကြီးဖြင့် ထူးလိုက်ပြီးအဝတ်အစား လှလှလေးလဲရန် အဘွားထင်းထံသို့ အပြေးသွားတော့ သည်။

အသက် ၃ နှစ်သမီးလေးကို ကိုယ့်ဘာကိုယ် အဝတ်အစား ဝတ်တတ်ရန်တော့ မမျှော်လင့်ပါနှင့်၊ ၎င်းမှာ မဖြစ်နိုင်သော ကိစ္စပင်။

အဘွားထင်း ချင်ချင်ကို အဝတ်အစား အမြန်လဲပေးလိုက်ပြီး သူမအတွက် ကျောပိုးအိတ်လေးတစ်လုံးကိုပါ ပြင်ဆင်ပေးလိုက်သည်။ ထိုအိတ်လေးထဲတွင် လိုအပ်သော မုန့်များ၊ ရေသန့်ဗူးနှင့် ကလေးသုံး တစ်ခါသုံး သားရေခံနှစ်ခု ပါဝင်သည်။ ၎င်းမှာ ချင်ချင် အပြင်၌ မုန့်စားဖြစ်ခဲ့လျှင် အသုံးပြုနိုင်ရန် ဖြစ်သည်။

ချင်ချင်သည် အရင်ကလို စားသောက်ရာတွင် ရှုပ်ပွအောင် မလုပ်တော့သော်လည်း သူမ လက်သေးသေးလေးများကြောင့် ဇွန်း၊ ခက်ရင်းများ လွတ်ကျလွယ်ပြီး တစ်ခါတစ်ရံ အစားအစာများ ဖိတ်စင်တတ်သည်။ ဤနေရာတွင် အဘွားထင်း ပြင်ပေးလိုက်သော သားရေခံလေးမှာ အသုံးဝင်လာတော့သည်။ ၎င်းမှာ ချင်ချင် စားသောက်စဉ် သူမကိုယ်တိုင်ရော အခြားသူများကိုပါ အစားအစာများ မပေကျံအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သော ကြောင့် ဖြစ်သည်။ သားရေခံ နှစ်ခုယူလာခြင်းမှာလည်း ကောင်းမွန်သော အကြံဉာဏ်ပင် ဖြစ်သည်၊ တစ်ခုခုဖြစ်သွားလျှင် အပိုတစ်ခု အဆင်သင့်ရှိနေမည် မဟုတ်လား?

ဖူစစ်ကျင်းတို့ လေယာဉ်မှာ ညနေ ၄ နာရီခွဲတွင် ဆိုက် ရောက်မည်ဖြစ်သည်။ ဆိုက်ရောက်ပြီးနောက် ခရီးဆောင်အိတ်များ ပြန်ယူရဦးမည်ဖြစ်ရာ ချက်ချင်း ထွက်လာနိုင်မည်မဟုတ်ချေ။ အခု ၄ နာရီ ထိုးပြီဖြစ်၍ လေဆိပ်သို့ သွားရန် အချိန်ကွက်တိပင်။

သူမ သူငယ်ချင်းများ စောင့်နေမည်ကို စိုးရိမ်သဖြင့် ချင်ချင် ဘောလုံးလေးကိုကိုင်ကာ ဖူစစ်ချန်အား ကလေးကစားကွင်းဘက်သို့ ခေတ္တဝင်ခိုင်းလိုက်သည်။ သူမ ကစားကွင်းထဲတွင် ကစားနေသော ကလေးများကို လှမ်းအော်ပြောလိုက်၏။

“ဝတုတ်၊ ဟွားဟွား... ချင်ချင် 'အားကျင်း' ကို သွားကြိုရမှာမို့လို့ ဒီနေ့ မကစားနိုင်တော့ဘူးနော်”

အမည်ခေါ်ခံရသော ကောင်လေးမှာ ချင်ချင့်ဆီသို့ ချက် ချင်းပြေးလာပြီး ကားမှန်မှတစ်ဆင့် သူမကိုစိတ်ပျက်လက်ပျက် ကြည့်ကာ မေးလိုက်သည်။

“ချင်ချင် မလာနိုင်ဘူးလား?”

“ဟုတ်တယ်၊ ဟုတ်တယ်၊ မလာနိုင်ဘူး၊ ရော့... ဒါလေးနဲ့ ကစားနေကြနော်၊ ကစားပြီးရင် ဝတုတ်က ငါ့ခြံထဲကို ပြန်ထည့်ပေးထားလိုက်”

ချင်ချင် ကားမှန်ချကာ သူမ ဘောလုံးလေးကို ကမ်းပေး လိုက်သည်။

ဗီလာဝင်းအတွင်းရှိ အိမ်များမှာ တစ်အိမ်နှင့်တစ်အိမ် အတော်လေး ဝေးသဖြင့် ဝတုတ်အနေဖြင့် သူ့အိမ်မှနေ၍ ဘောလုံးလှမ်းပစ်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ဖူအိမ်တော်၏ပန်းတော့လက်ရာပါသော သံပန်းတံခါးကြီးတွင် သံပန်းကြားဟနေသော နေရာလေးများ ရှိသဖြင့် ဝတုတ်အနေဖြင့် ထိုကြားထဲမှ ဘောလုံးကို ထည့်ပေးထားရုံသာ ဖြစ်သည်။ တစ်စုံတစ်ယောက်မှ တွေ့လျှင် အိမ်ထဲသို့ ယူသွားပေးလိမ့်မည်ဖြစ်ပြီး မည်သူမျှ မတွေ့လျှင်လည်း ကိစ္စမရှိပေ၊ ချင်ချင် ကိုယ်တိုင် ပြန်ရှာနိုင်သောကြောင့် ဖြစ်သည်။

“ကောင်းပြီလေ၊ ဒါဆို နောက်မှ အတူတူ ပြန်ကစားကြမယ်၊ တာ့တာ ချင်ချင်”

ဝတုတ်နှင့် ဟွားဟွားတို့ လက်ပြကာ နှုတ်ဆက်လိုက်ကြသည်။

“အင်း၊ တာ့တာ ဝတုတ်နဲ့ ဟွားဟွား၊ အားလုံးပဲ တာ့တာနော်။”

ကားလေး ဗီလာဝင်းအပြင်သို့ ထွက်လာသည်အထိ ချင်ချင် ကားမှန်ကို မှီကာ လူတိုင်းအား လက်ပြနှုတ်ဆက်နေဆဲပင်။ ဖူစစ်ချန် ရယ်မောရင်း ပြောလိုက်သည်။

“အချိန်မီပါသေးတယ်၊ သူတို့နဲ့ သွားကစားဖို့ ပြန်ပို့ပေးရမလား?”

“ဟင့်အင်း၊ အားကျင်းကို သွားကြိုရမယ်”

ချင်ချင် ထိုအချက်ကို အထူးအလေးထား၍ ငြင်းလိုက်သည်။

“အိုကေပါ၊ သဘောအတိုင်းပါပဲ”

ဖူစစ်ချန် တစ်ခုတော့ မှားသွားသည်။ ၎င်းမှာ ဖခင်ဖြစ်သူသည်လည်း သားကြီးကို သွားကြိုရန် လေဆိပ်သို့ ရောက်ရှိနေခြင်းပင်။ သူတို့ နှစ်ဖွဲ့စလုံး လေဆိပ်အဝင်ဝတွင် ဆုံကြတော့သည်။

“ဦးဦး!”

ချင်ချင် ဖူဟန်အား မြင်သည်နှင့် အလိုလို ပြေးဖက်လိုက်ရာ ဖူဟန်ကလည်း သူမကို ပွေ့ချီလိုက်သည်။ ချင်ချင်မှာ ဖူဟန် ရင်ခွင်ထဲတွင် ခိုကပ်ရင်း သူမ လက်သေးသေးလေးများဖြင့် ဖူဟန်၏ချောမောသော မျက်နှာအား ချစ်စနိုး ပွတ်သပ်နေကာ မျက်နှာလေးမှာလည်း ပြုံးဖြဖြဖြင့်။ ချင်ချင်သည် ဖူဟန်အား မနက်ကမှ တွေ့ခဲ့ရသော်လည်း အခုလို ပြန်တွေ့ရသည့်အတွက် အလွန်ပျော်နေပုံရသည်။ သူမအား အလိုလိုက်သူများစွာထဲတွင် ဖူဟန်ကို အတွယ်တာဆုံးပင် ဖြစ်သည်။

“ချင်ချင်က 'အားကျင်း' ကို လာကြိုတာလား?”

ဖူဟန် ပြုံးလျက် မေးလိုက်သည်။

“အင်းဟင်း”

ချင်ချင် ခေါင်းလေး ငြိမ့်ပြရာ “ချင်ချင်လေးက တကယ်ကို လိမ္မာတဲ့ ကလေးလေးပဲ” ဟု ဆိုကာ ဆုအဖြစ် ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

“ဟိဟိဟိ...”

ချင်ချင် မျက်နှာလေးကို လက်ဖြင့်အုပ်ကာ ရှက်ပြုံးလေး ပြုံးနေတော့သည်။ သူတို့ စကားပြောနေစဉ်မှာပင် လေဆိပ်အသံချဲ့စက်မှ သားကြီးဖူစစ်ကျင်းတို့ လေယာဉ်ဆိုက်ရောက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ ထို့ကြောင့် မိသားစု သုံးယောက်စလုံး လူထွက်ပေါက်ဆီသို့ အမြန်သွားကြတော့သည်။

လူထွက်ပေါက်တွင် လူများ အလွန်ရှုပ်ထွေးနေသဖြင့် ချင်ချင်အား လူတိုးမခံစေရန် ဖူဟန်တို့ လူအုပ်ထဲသို့ မဝင်ဘဲ ဖူစစ်ကျင်းနှင့် ယိယိ တို့ ထွက်လာလျှင် အလွယ်တကူ မြင်နိုင်မည့် နေရာလွတ်တစ်ခုတွင် စောင့်နေကြသည်။ ၁၀ မိနစ်ခန့်အကြာတွင် ယိယိ နှင့် ဖူစစ်ကျင်းတို့ ခရီးဆောင်အိတ် နှစ်လုံးကို ဆွဲလျက် ထွက်လာကြသည်။

ဖူစစ်ကျင်းမှာ အရပ်ရှည်သဖြင့် လူအုပ်နောက်ကွယ်မှ ဖူဟန်တို့အား ချက်ချင်း မြင်လိုက်ရသည်။ အထူးသဖြင့် ဖူဟန် ချင်ချင့်အား အမြင့်မှာ ချီထားသဖြင့် သူမကို အဝေးကပင် တွေ့လိုက်ရခြင်းဖြစ်သည်။ သူ ယိယိ ကို အမြန်ဆွဲကာ လျှောက်လာခဲ့သော်လည်း အနားမရောက်ခင်မှာပင် စိတ်မရှည်သော ချင်ချင်မှာ သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်တော့သည်။

“အားကျင်း!” ဟု အော်ဟစ်လိုက်သော အသံလေးကြောင့် ဖူစစ်ကျင်း၏ မျက်နှာမှာ ချက်ချင်း နူးညံ့သွားရသည်။

“ပါး၊ စစ်ချန်”

သူ အဖေနှင့် ညီဖြစ်သူကို အရင် နှုတ်ဆက်လိုက်ပြီးမှ ချင်ချင့်အား ပြောလိုက်သည်။

“မတွေ့ရတာ ကြာပြီနော် ချင်ချင်၊ ငါ့ကို သတိရရဲ့လား?”

“ရတယ်!”

“ဘယ်လောက်တောင် သတိရလဲ?”

“အများကြီးပဲ”

ကလေးမလေးမှာ လက်နှစ်ဖက်ကို အကျယ်ကြီး ဖြန့်ပြကာ သူမ ဘယ်လောက်တောင် သတိရကြောင်း ပြသလိုက်သည်။ ချင်ချင် တစ်ကိုယ်လုံးထက်ပင် ပိုကြီးနေသေးသည်။

“ဟားဟားဟား... ငါလည်း မင်းကို သတိရပါတယ်”

ဖူစစ်ကျင်း ချင်ချင်ကြောင့် သဘောကျကာ အားရပါးရ ရယ်မောလိုက်ရာ ဘေးနားရှိ ဖူဟန်တို့ပါ လိုက်လံ ပြုံးပျော်ကြရသည်။ ချင်ချင်နှင့် ဖူစစ်ချန်တို့မှာတော့ သားကြီး ပြန်လာရလို့ ပျော်နေတာပဲဟု ရိုးရိုးလေး တွေးကြသော် လည်း ဖူဟန်ကမူ သားဖြစ်သူ၏အပြောင်းအလဲကို သတိထားမိလိုက်သည်။ ဖူစစ်ကျင်းသည် ယခင်ကလို အရာအားလုံးကို ရင်ထဲမှာ မြိုသိပ်ထားပြီး အေးစက်နေသူ မဟုတ်တော့ဘဲ လူငယ်တစ်ဦး၏တက်ကြွမှုနှင့် ရွှင်လန်းမှုများ ရှိနေပြီဖြစ်သည်။ ဤမျှ တောက်ပစွာ ပြုံးနေသော ဖူစစ်ကျင်းအား ဖူဟန် တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဖူဟန် စိတ်သက်သာရာရသွားကာ ဖူစစ်ကျင်းဘေးမှ ယိယိ ကိုလည်း နူးညံ့စွာ ကြည့်လိုက်သည်။ သူသည် သားသမီးများ၏အချစ်ရေးကို ဝင်ရောက်စွက်ဖက်သူ မဟုတ်ဘဲ သူတို့ ပျော်ရွှင်လျှင် ကျေနပ်သူ ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ဇနီးဖြစ်သူ ပြုစုပျိုးထောင်ခဲ့သော အန်းရန်ကို ယိယိထက် ပိုခင်မင်တွယ်တာသော်လည်း၊ ယခုအခါ ယိယိမှာ သူ့သားကြီးကို အကောင်းဆုံး ဂရုစိုက်ပေးနိုင်သည်ကို မြင်ရသဖြင့် ဤမိန်းကလေးအပေါ် အလွန်ကျေနပ်သွားမိသည်။

လေဆိပ်မှအထွက်တွင် အဘွားထင်း ခန့်မှန်းထားသည့်အတိုင်း သူတို့ အိမ်ပြန်မစားဘဲ အပြင်မှာပဲ ညစာ စားခဲ့ကြသည်။ လမ်းတွင် ဖူစစ်ကျင်း အန်းရန်ကိုပါ ဖုန်းဆက်ခေါ်လိုက်သဖြင့် မိသားစု စုံစုံလင်လင်ဖြင့် ပျော်စရာကောင်း သော ညစာစားပွဲလေး ဖြစ်သွားတော့သည်။

ထမင်းစားပွဲတွင် လူငယ်များမှာ သူတို့ဘာသာ စားသောက်နေကြသော်လည်း ဖူဟန်ကမူ ချင်ချင့်အား အရင် ခွံ့ကျွေးနေခဲ့သည်။ ချင်ချင်မှာ သားရေခံလေး ဝတ်ထားသော် လည်း ဇွန်းကို ကိုင်ပင်မကိုင်ဘဲ ပါးစပ်လေးဟကာ အခွံ့ခံရန်သာ စောင့်နေတော့သည်။ သူမ အသားများပဲ ထည့်ပေးရန် ဖူဟန်အား ညွှန်ကြားနေသော်လည်း ဖူဟန် ချော့တလှည့် ခြောက်တလှည့်ဖြင့် ဟင်းသီးဟင်းရွက်များကိုပါ တော်တော်များများ ကျွေးနိုင်ခဲ့သည်။

ချင်ချင့်အား ကျွေးပြီးမှ ဖူဟန် ကိုယ်တိုင် စားသောက်နေစဉ် ဖုန်းမြည်လာသဖြင့် ဖူစစ်ကျင်း ချင်ချင့်ကို ကြည့်ထားရန် မှာကြားကာ ဖုန်းထွက်ကိုင်လိုက်သည်။ ဖုန်းဆက်လာသူမှာ ဆရာဝန် မုန့်ကျယ်ဖြစ်သည်။

“စစ်ဆေးချက် ရလဒ်တွေ ထွက်လာပြီ၊ နည်းနည်းတော့ ရှုပ်ထွေးနေတယ်၊ အားတဲ့အချိန် တစ်ချက် လာခဲ့ပါဦး” ဟု တိကျပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

ဖူဟန်က “ကောင်းပါပြီ၊ ဘယ်အချိန် အားမလဲ?”

“မနက်ဖြန် နေ့လယ်ပိုင်းပေါ့၊ ဟိုတစ်ယောက်ကိုလည်း တစ်ခါတည်း ခေါ်လာခဲ့ပါ”

မုန့်ကျယ် မနက်ဖြန် အလုပ်ပိတ်သဖြင့် ဖူဟန်တို့အား တွေ့နိုင်မည်ဖြစ်ကြောင်း ပြောကာ ဖုန်းချလိုက်သည်။

ဖူဟန် ချက်ချင်းပင် အခြားနံပါတ်တစ်ခုသို့ ထပ်မံခေါ်ဆိုလိုက်သည်။

“ဟယ်လို...”

တစ်ဖက်မှ ပျင်းရိပျင်းတွဲ ဗလုံးဗထွေးအသံတစ်ခု ထွက်လာသည်။ ၎င်းမှာ ကူးလန်ပင်။

“မနေ့က မနက် ၁၁ နာရီအထိ အလုပ်လုပ်ထားရတာမို့လို့ ပြောစရာရှိတာ မြန်မြန်ပြော၊ ငါ့အိပ်ရေးကို မနှောင့်ယှက်နဲ့တော့”

“မုန့်ကျယ်က ချင်ချင့်စစ်ဆေးချက်ရလဒ် ထွက်ပြီတဲ့၊ မနက်ဖြန် နေ့လယ် လာခဲ့ဖို့ ပြောတယ်”

“မုန့်ကျယ်? ဘယ်သူလဲ?”

ကူးလန် အိပ်ချင်မူးတူးဖြင့် ချက်ချင်း မမှတ်မိသေးပေ။

“ပိုင်ချီယွီ မိတ်ဆက်ပေးတဲ့ ဆရာဝန်လေ”

ထိုစကားကြားမှ ကူးလန် သတိဝင်လာကာ အိပ်ရာပေါ်တွင် ဝုန်းခနဲ ထထိုင်လိုက်သည်။ သူ ချင်ချင့်ကျန်းမာရေးအတွက် အမြဲတမ်း စိုးရိမ်နေသူ ဖြစ်သည်။

“စစ်ဆေးချက်က တစ်ပတ်အတွင်း ထွက်မယ်ဆိုပြီး အခုဆို လဝက်နီးပါး ရှိနေပြီ မဟုတ်လား?”

“ဟုတ်တယ်၊ ဒီနေ့ဆို ၁၂ ရက်ရှိပြီ”

ဖူဟန်၏တွက်ချက်မှုမှာ အတိအကျပင် ဖြစ်သည်။

“လူနာတွေ အရမ်းများနေတာကြောင့် ချင်ချင့်စစ်ဆေးချက်တစ်ခုက အလှည့်စောင့်ရမယ်၊ အဲ့ဒါကြောင့် ရလဒ်ထွက်ဖို့ ၁၂ ရက် ကြာမယ်လို့ မုန့်ကျဲ့က အထူးတလည် ပြောထားတာ”

သူတို့အနေဖြင့် အလှည့်ကျော်ပြီး အခွင့်ထူးခံရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ၊ သို့သော် ထိုသို့လုပ်ရန် မလိုအပ်ဟု ယူဆခဲ့ကြသည်။

ချင်ချင်၏ဆေးစစ်မှုမှာ အလွန်အမင်း အရေးပေါ်နေသည်မျိုး မဟုတ်သလို၊ သူမထက် ပို၍ အရေးတကြီး လိုအပ်နေသော လူနာများလည်းရှိနေနိုင်ရာ ခဏတဖြုတ် စောင့်ဆိုင်း ရခြင်းမှာ ပြဿနာမရှိပေ။ သူတို့တစ်တွေ ခြောက်လလောက်တောင် စောင့်ခဲ့ပြီးပြီ မဟုတ်ပါလား? နောက်ထပ် ရက်အနည်းငယ် စောင့်ရုံဖြင့် ဘာမှ မထူးခြားတော့ချေ။

“နားလည်ပြီ၊ မနက်ဖြန် ချင်ချင်နဲ့အတူ လိုက်ခဲ့ဖို့ အချိန်ဖယ်ထားလိုက်မယ်”

ကူးလန် လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။ ပိုင်ချီယွီအား အကြောင်းကြားရန် လို၊ မလိုကိုမူ သူတို့ နှစ်ယောက်စလုံး မပြောဖြစ်ကြပေ။ အဘယ်ကြောင့်ဆိုသော် ပိုင်ချီယွီ၏ သူငယ်ချင်းဖြစ်သူ မုန့်ကျယ် ပိုင်ချီယွီအား အရင်ဆုံး အကြောင်းကြားထားပြီးသား ဖြစ်မည်ကို သူတို့ ရိပ်မိနေသောကြောင့် ဖြစ်သည်။

ထင်သည့်အတိုင်းပင်၊ နောက်တစ်နေ့ နေ့လယ်ပိုင်း၌ ဖူဟန်နှင့် အခြားသူများ မုန့်ကျယ် ရုံးခန်းသို့ ရောက်ရှိသွားသော အခါ ပိုင်ချီယွီမှာ အထဲတွင် ရောက်နှင့်နေပြီး ကိုယ့်အိမ်ကိုယ်ရာလိုပင် သဘာဝကျကျ လက်ဖက်ရည်ဖျော်သောက်နေသည်ကို တွေ့လိုက်ရသည်။

“ချင်ချင် လာပြီလား?”

တံခါးဝမှ အသံကြားသည်နှင့် ပိုင်ချီယွီ ချက်ချင်း ထရပ်လိုက်ကာ ဖူဟန် ရင်ခွင်ထဲမှ ချင်ချင့်အား လှမ်းယူရန် ပြင်လိုက်သည်။

သို့သော် ဖူဟန် ချင်ချင့်ကို ပွေ့ချီထားလျက်ပင် ကိုယ်ကို အသာအယာ တိမ်းလိုက်ကာ ပိုင်ချီယွီ၏ လက်ကို ရှောင်လိုက်ပြီး မုန့်ကျယ် ရုံးခန်းအတွင်းသို့ တိုက်ရိုက် လျှောက်ဝင်သွားတော့သည်။

“ချင်ချင့်ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ?”

“အရင်ဆုံး တံခါးပိတ်လိုက်ဦး”

မုန့်ကျယ် တံခါးနှင့် အနီးဆုံးရှိနေသော ကူးလန်အား အချက်ပြကာ တံခါးပိတ်ခိုင်းလိုက်သည်။

သူတို့ ဆက်လက်ဆွေးနွေးမည့် ကိစ္စမှာ အလွန်လျှို့ဝှက်သဖြင့် တခြားသူများ ကြားသွားရန် မသင့်တော်သော ကြောင့် ဖြစ်သည်။

မုန့်ကျယ် ဆေးစစ်ချက် မှတ်တမ်းအထပ်လိုက်ကို ကောက်ကိုင်လိုက်ပြီး၊ သူ့အား ဝိုင်းကြည့်နေသော အမျိုးသား သုံးဦးနှင့် ကလေးမလေး တစ်ဦးကို ကြည့်ကာပြောလိုက်သည်။

“ချင်ချင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာတွေအားလုံးကတော့ ပုံမှန်ပါပဲ၊ ဒါပေမဲ့ တစ်ခုလောက် မေးချင်လို့”

“မေးပါ ”

အခုအချိန်တွင် ဆရာဝန်ကသာ အဓိကဖြစ်သဖြင့် သူတို့ ဘာပြောပြော ဖူဟန်တို့တစ်တွေ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

“ချင်ချင့်အသက်က အခု ဘယ်လောက်ရှိပြီလဲ? မွေးလကိုပါ အတိအကျ သိချင်ပါတယ်”

၎င်းမှာ ထူးဆန်းသော မေးခွန်းတစ်ခုဖြစ်သော်လည်း မည်သူမျှ ပေါ့ပေါ့တန်တန် ပြန်မဖြေဝံ့ကြချေ။

“ချင်ချင်က နှစ်ကုန်ပိုင်းမှာ မွေးတာဆိုတော့၊ အတိအကျ ပြောရရင်…”

All Chapters