← Chapters

အခန်း (၈၇)

Vol. 10 Ch. 87

အခန်း (၈၇)

Vol. 10 Ch. 87

🍼 Chapter 87

“သုံးနှစ်နဲ့ ဆယ့်တစ်လ ချင်ချင့်မွေးနေ့က နောက်လဆို ပြည့်ပြီ”

ချင်ချင့် မွေးနေ့မှာ ဒီဇင်ဘာလ၊ နှစ်ကုန်ပိုင်းမှာဖြစ်တာကြောင့် ကူးလန် အသေအချာ မှတ်မိနေခြင်း ဖြစ်သည်။

“သုံးနှစ်နဲ့ ဆယ့်တစ်လ? သေချာရဲ့လား?”

ဒေါက်တာမုန့်ကျယ်မှာ ကူးလန် နောက်ပြောင်နေသည်ဟု ထင်မှတ်နေပုံရသည်။

“သေချာတာပေါ့၊ ဒီလောက်ရိုးရှင်းတဲ့ ကိစ္စမျိုးကို ငါက ဘာလို့ မှားရမှာလဲ?”

ကူးလန် တစ်ခုခု မှားယွင်းနေပြီဟု ခံစားမိကာ မျက်မှောင် ကြုတ်လျက် ပြန်ပြောလိုက်သည်။

မှားနေသည်မှာ သူမဟုတ်ဘဲ မုန့်ကျယ်၏မျက်နှာအမူ အရာ ဖြစ်သည်။ ထိုအမူအရာကို မြင်လိုက်ရသည်နှင့် အားလုံး စိုးရိမ်တကြီး ဖြစ်သွားကြတော့သည်။

“မုန့်ကျယ်၊ ချင်ချင့်ကျန်းမာရေးမှာ တစ်ခုခု ပြဿနာရှိလို့လား?”

ဖူဟန်နှင့် ကူးလန်တို့မှာ မမေးရဲသဖြင့် ပိုင်ချီယွီကပဲ ကြားထဲမှ ဝင်မေးလိုက်ရသည်။

“ပြဿနာရှိတယ်လို့တော့ အတိအကျ ပြောလို့မရသေးဘူး”

မုန့်ကျယ် မရေမရာ ပြန်ဖြေရင်း ချင်ချင့်တစ်ကိုယ်လုံး အရိုးဓာတ်မှန် (X-ray) ကို ဆွဲထုတ်လိုက်သည်။

အဖြူအမဲ ဓာတ်မှန်ကားချပ်ထဲတွင် ချင်ချင့်၏ အရိုးစုမှာ ပို၍ပင် သေးငယ်နေသယောင် ရှိသည်။ လူပြိန်းများဖြစ်သော ဖူဟန်တို့မှာ ဓာတ်မှန်ထဲမှ ပုံရိပ်အား နားမလည်သဖြင့် မုန့်ကျယ် ရှင်းပြမှာကိုသာ စောင့်နေကြရသည်။

“ဒီဓာတ်မှန်ကို ကြည့်လိုက်ပါ၊ ဒါအရ ချင်ချင့်ရဲ့ အရိုးဖွံ့ဖြိုးမှုသက်တမ်းက သုံးနှစ်နဲ့ ငါးလ ကနေ ခုနစ်လကြားမှာပဲ ရှိသေးတယ် ပြီးတော့ လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမသွားဘူး၊ မဟုတ်ဘူး... ဘာမှကို မပြောင်းလဲသွားတာလို့ ပြောရမယ်၊ အရှိန်အဟုန်နဲ့ ကြီးထွားဖွံ့ဖြိုးရမယ့် ကလေးတစ်ယောက်အတွက် ဒါဟာ အတော်လေးကို ပုံမှန်မဟုတ်တဲ့ အခြေအနေပဲ”

မုန့်ကျယ် စာရွက်စာတမ်းအထပ်ထဲမှ အခြားဓာတ်မှန်တစ်ခုကိုပါ ထပ်မံဆွဲထုတ်လိုက်သည်။ ထိုဓာတ်မှန်မှာ လွန်ခဲ့ သော ခြောက်လခန့်က ချင်ချင့်အား ပြန်လည်ကယ်တင်လာနိုင်စဉ် ဆေးရုံ၌ စစ်ဆေးခဲ့ဖူးသော မှတ်တမ်းဟောင်း ဖြစ်သည်။ ဓာတ်မှန်နှစ်ခုကို ထပ်ကြည့်လိုက်သောအခါ တစ်ပုံစံတည်း တူညီနေသည်ကို တွေ့ရသည်။

ပုံမှန်အားဖြင့် သုံးနှစ်အရွယ် ကလေးတစ်ယောက်သည် ခြောက်လအတွင်း အနည်းဆုံး တစ်စင်တီမီတာ သို့မဟုတ် နှစ်စင်တီမီတာခန့် အရပ်ရှည်လာရမည် ဖြစ်သည်။ ဖွံ့ဖြိုးမှုမြန်သော ကလေးဆိုလျှင် လေးစင်တီမီတာအထိပင် ရှည်လာတတ်သည်။

သို့သော် ချင်ချင်မှာမူ တစ်မီလီမီတာပင် ပြောင်းလဲမသွားခဲ့ချေ!

ပြဿနာမှာ လူတိုင်းရှေ့တွင် ထင်ရှားနေပြီဖြစ်ရာ ဖူဟန်တို့ လျစ်လျူရှု၍ မရတော့ပေ။ သူတို့ အစကတည်းက စိုးရိမ်ခဲ့ကြသော အဆိုးဆုံး အခြေအနေ တကယ်ပင် ဖြစ်လာခဲ့ချေပြီ။

'ချင်ချင် ဘယ်တော့မှ ကြီးလာမှာ မဟုတ်တော့ဘူး!'

မိဘများ၏စိုးရိမ်မှုကို နားလည်သော်လည်း ဆရာဝန်ဖြစ်သူ မုန့်ကျယ်မှာ အခြေအနေအား အမှန်အတိုင်းရှင်းပြရတော့သည်။

“ချင်ချင့်ရဲ့ အခြေအနေက ကြီးထွားဟော်မုန်း မလုံ လောက်မှုကြောင့် ဖြစ်တတ်တဲ့ ရှားပါး 'သက်ကြီးပု' ရောဂါလက္ခဏာ တစ်မျိုးဖြစ်လာဖို့ များပါတယ်၊ ဒါကြောင့် သူမရဲ့ခန္ဓာကိုယ်က လက်ရှိအရွယ်မှာပဲ ထာဝရ ရပ်တန့်နေလိမ့်မယ် ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကတော့ ထိခိုက်မှာ မဟုတ်ပါဘူး၊ ငါ အရင်က ဒီလိုမျိုး ဖြစ်ရပ် တစ်ခုနှစ်ခုလောက် တွေ့ဖူးပေမဲ့ ဒီဘက်မှာတော့ ငါက ကျွမ်းကျင်သူ မဟုတ်ဘူး၊ တကယ်လို့ မင်းတို့ အကူအညီ လိုတယ်ဆိုရင် ဒီနယ်ပယ်မှာ နာမည်ကြီးတဲ့ ပညာရှင်တစ်ယောက်နဲ့ ငါ မိတ်ဆက်ပေးနိုင်ပါတယ်...”

မုန့်ကျယ်၏ စကားအား နားထောင်ရင်း ကူးလန် သူ့နှုတ်ခမ်းကို တွန့်လိုက်မိကာ ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ပြုံး ပြုံးလိုက်မိသည်။

ဘာကို မိတ်ဆက်ပေးမှာလဲ?

ချင်ချင့် အခြေအနေကို သူတို့ထက် ပိုသိမယ့်သူ ရှိဦးမလား?

ဒါက ကြီးထွားဟော်မုန်းတွေနဲ့ ဘာမှမဆိုင်ဘဲ မည်သူမျှ နားမလည်နိုင်သည့် နက်နဲဆန်းကြယ်သော နယ်ပယ်တစ်ခုနှင့်သာ သက်ဆိုင်နေသည် မဟုတ်ပါလား?

ချင်ချင့်အနေဖြင့် မူလအခြေအနေသို့ ပြန်မပြောင်းနိုင်တော့ပါက ခန္ဓာကိုယ်သာမက သူမ၏ စိတ်ကပါ သုံးနှစ်အရွယ်မှာပဲ ထာဝရ ရပ်တန့်သွားမည်လားဟု ကူးလန် သံသယဝင်လာမိသည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်သနည်း?

ကူးလန်နှင့် အခြားသူများမှာ ချင်ချင့်အား တစ်သက်လုံး ပြုစုစောင့်ရှောက်ရန် ဝန်လေးနေကြခြင်း မဟုတ်ပါ။ သူကိုယ်တိုင်အပြင် ဖူဟန်၊ ပိုင်ချီယွီနှင့် တူဖြစ်သူ နှစ်ယောက်စလုံးကပါ ချင်ချင့်အား အိုမင်းသည်အထိ စောင့်ရှောက်ရန် အသင့်ရှိနေကြသည်ဟု သူ ယုံကြည်သည်။

ပြဿနာမှာ... သူတို့တစ်တွေ တစ်သက်လုံး မစောင့်ရှောက်နိုင်တော့သည့် တစ်နေ့ ရောက်လာခဲ့လျှင်ကော?

သူကား ချင်ချင့်ထက် အသက်အများကြီးကြီးသည်။ အကယ်၍ တစ်နေ့တွင် သူ ချင်ချင့်ထက် တစ်ရက်စောပြီး သေဆုံးသွားခဲ့လျှင် ချင်ချင့်အား မည်သူက စောင့်ရှောက်မည်နည်း? ဖူစစ်ကျင်းလား? ဖူစစ်ချန်လား? သူတို့လည်း မရှိတော့သည့်နောက်တွင်ကော ဘာဆက်ဖြစ်မည်နည်း?

တစ်ညတည်းနှင့် ချင်ချင့်ကိုယ်ခန္ဓာ သေးငယ်သွားခြင်းကပင် ကူးလန်၏လောကအမြင်အား ရိုက်ချိုးပစ်ခဲ့ပြီဖြစ် သည်။ ချင်ချင် ဤအခြေအနေမှာပင် ထာဝရရပ်တန့်နေမည်လားဆိုသည်ကို သူ တကယ်ပင် မသေချာတော့ချေ။

အမှန်စင်စစ် ဤကမ္ဘာလောကကြီးမှာ သာမန်အသိဥာဏ်နှင့် သိပ္ပံပညာတို့ဖြင့် ရှင်းပြ၍မရနိုင်တော့သည့် အခြေအ နေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကူးလန်အပြင် အခြားသူနှစ်ဦးမှာလည်း ထိုအတိုင်းပင် တွေးတောနေကြပုံရသည်။ ၎င်းမှာ လွန်ကဲစွာ တွေးတောနေခြင်း ဖြစ်နိုင်သော်လည်း ချင်ချင့်နှင့် ပတ်သက်လာလျှင်မူ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားကြခြင်းကသာ သူမအား ပိုမိုကာကွယ်ပေးနိုင်မည် ဖြစ်သည်။

“မင်းတို့ ဘာဖြစ်နေကြတာလဲ?”

အရွယ်ရောက်ပြီးသား အမျိုးသားကြီး သုံးယောက်စလုံး ကမ္ဘာပျက်သလို မျက်နှာပျက်နေကြသည်ကို ဒေါက်တာမုန့်ကျယ် နားမလည်နိုင်အောင် ဖြစ်နေသည်။

“ဟော်မုန်းကြီးထွားမှု ချို့ယွင်းတာဆိုရင်တောင် ဆေးပညာအရ ကုသပြီး ပြုပြင်လို့ ရပါသေးတယ်၊ ဒါက ကုလို့မရတဲ့ ရောဂါဆိုးကြီးမှ မဟုတ်တာ၊ မျှော်လင့်ချက် အနည်းငယ်တော့ ရှိပါသေးတယ်”

သူငယ်ချင်းဖြစ်သူကို အားနာသဖြင့် သူခဲခဲယဉ်ယဉ် နှစ်သိမ့်စကား ပြောလိုက်ခြင်း ဖြစ်သော်လည်း ထိုနှစ်သိမ့်မှုမှာ အလုပ်မဖြစ်သည့်အပြင် သူတို့အား ပိုစိတ်ဓာတ်ကျသွားစေပုံရသည်။

မုန့်ကျယ် : “???”

(ဒီလူနာရှင် မိသားစုတွေရဲ့ စိတ်ဓာတ်က တော်တော်လေး နုနယ်ပုံရတယ်) ဟု သူတွေးလိုက်မိသည်။ သူတို့အတွက် စိတ်ပညာရှင်တစ်ယောက်ယောက်ကိုများ မိတ်ဆက်ပေးရမလားဟုပင် သူဝေခွဲမရ ဖြစ်သွားသည်။

သို့သော် ထိုသို့လုပ်ရန် မလိုအပ်ခဲ့ပေ။ လောကဓံလှိုင်းတံ ပိုးများစွာကို ဖြတ်သန်းခဲ့ဖူးသော ဖူဟန်နှင့် အခြားနှစ်ဦးမှာ ချက်ချင်းပင် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၌ နောက်ထပ်မျှော်လင့် ချက် ရောင်ခြည်တစ်ခု ရှိနေသေးသောကြောင့် ဖြစ်သည်။

ချင်ချင် မူလအတိုင်း ပြန်ဖြစ်နိုင်ပါသေးတယ်!

အပြင်းအထန် ဖျားနေစဉ်အတွင်း သူမ ခန္ဓာကိုယ်ပြောင်း လဲသွားခဲ့ဖူးခြင်းမှာ သူတို့ သုံးယောက်အတွက် တစ်ခုတည်းသော အသက်ကယ်ကြိုးဖြစ်လာခဲ့သည်။ မှန်ကန်သော နည်းလမ်းကိုသာ ရှာတွေ့ခဲ့လျှင် ချင်ချင် သေးငယ် သွားရသည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး သူမအား ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်နိုင်မည်ဟု သူတို့ ယုံကြည်နေကြသည်။

“ဦးဦး... ဝမ်းမနည်းနဲ့နော်၊ ချင်ချင် နေမကောင်းရင် ဆေးသောက်လိုက်ရင် ပြန်ကောင်းသွားမှာပေါ့”

လူကြီးတွေ ဘာတွေပြောနေမှန်း သေချာနားမလည်သော ချင်ချင်မှာ သူမ လက်သေးသေးလေးများဖြင့် ဖူဟန်၏ မျက်မှောင်ကြုတ်ထားသော နဖူးပြင်ကို အသာအယာ ပွတ်သပ်ပေးရင်း ကလေးသံလေးဖြင့် နှစ်သိမ့်ပေးနေသည်။

သူမကိုယ်တိုင်၌ မည်မျှ ထူးဆန်းသောအဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကို ဘာမှမသိနားမလည်ဘဲ လူကြီးများ ၏လေးလံသော လေထုအား ရိပ်မိသဖြင့်သာ သူမတတ် နိုင်သည့်နည်းဖြင့် ချော့မြှူနေခြင်း ဖြစ်သည်။ အလွန်ချိုသာပြီး လိမ္မာလှသော ချင်ချင်အား ဤအတိုင်းပင် ထာဝရမကြီးထွားဘဲ နေသွားစေရန် ဖူဟန်တို့ မည်သို့မှ စိတ်မရက်နိုင်ကြပေ။

သူမသည် သူ့ဇနီးဟောင်း မဟုတ်တော့လျှင်ပင်၊ ကလေးနှစ်ယောက်၏မိခင် မဟုတ်တော့လျှင်ပင်၊ မည်သည့် မည်သူအဖြစ်နှင့်ပင် ဘဝသစ်စရပါစေ... ချင်ချင့်အား လူထူးလူဆန်းတစ်ယောက်အဖြစ် မဟုတ်ဘဲ ပုံမှန်အတိုင်း ကြီးပြင်းစေချင်သည့် ဆန္ဒက ဖူဟန်၌ပြင်းပြနေသည်။ ၎င်းမှာ ရေရှည်တွင် ချင်ချင့်အတွက်လည်း အကောင်းဆုံး မဟုတ်လား?

ဆေးရုံမှ ထွက်လာချိန်တွင် အခန်းတွင်း၌ လေထုမှာလေး လံနေသဖြင့် ချင်ချင်ပင် တစ်ခုခု မှားယွင်းနေပြီဟု ရိပ်မိသွားပုံရသည်။ သူမ စကားမပြောဝံ့ဘဲ ဖူဟန် ရင်ခွင်ထဲ၌ ငြိမ်ငြိမ်လေး ခိုကပ်ရင်း ဖူဟန်၏ လက်ဖဝါးကြီးကိုသာ ကစားနေတော့သည်။

လက်ပေါ်မှ အထိအတွေ့ကြောင့် ဖူဟန် ငုံ့ကြည့်လိုက်ရာ ချင်ချင် သူမ၏ လက်ဖဝါးသေးသေးလေးကို သူ့လက်ဖ ဝါးကြီးပေါ်တွင် တင်ကာ လက်ချောင်းလေးများအား တစ်ချောင်းချင်းယှက်သွယ်နေသည်ကို တွေ့လိုက်ရသည်။

ချင်ချင်မှာ အားမရှိသဖြင့် သူ့လက်အား ခပ်ဖွဖွလေးသာ ဆုပ်ကိုင်ထားနိုင်သည်။ ဖူဟန် ချက်ချင်းပင် ချင်ချင့် လက်ကလေးကို တင်းတင်းကြပ်ကြပ် ပြန်လည် ဆုပ်ကိုင်ပေး လိုက်သည်။ ဖူဟန့် ရုတ်တရက်အပြုအမူကြောင့် ချင်ချင် အံ့သြသွားသော်လည်း ချက်ချင်းသဘောပေါက်သွားကာ သဘောကျသလိုဖြင့် သူမ လက်ချောင်းလေးများကို ကမာကောင်ခွံလေး ပွင့်လိုက်ပိတ်လိုက်လုပ်သလို လှုပ်ရှားရင်း ဖူဟန် လက်အား ဆက်လက်ဆုပ်ကိုင်ထားလေသည်။

“ချင်ချင်ကော ဘယ်လိုလဲ?”

ကားအတွင်း၌ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ခန်းတွင် ဖူဟန်နှင့် ချင်ချင်တို့ ဆော့ကစားနေသည်ကို မမြင်ရသော ကူးလန်ကမူ ထူးဆန်းသော ဝမ်းနည်းရိပ်များ ပါဝင်နေသည့် လေသံဖြင့် မေးလိုက်သည်။

“ငါကြားဖူးတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်၊ သူက အရမ်းတော်တယ်လို့ ပြောကြတယ်၊ ချင်ချင်ကို သူနဲ့ သွားပြကြည့်ကြမလား?”

“ဒီကိစ္စကို လူသိရှင်ကြား မလုပ်တာပိုကောင်းမယ်လို့ ထင်တယ် ပြီးတော့ မင်းပြောတဲ့ ဆရာကြီးက တကယ်ပဲ တော်၊ မတော် ငါတို့ မသေချာဘူး၊ တစ်ခုပဲ သေချာတာက ချင်ချင့်ကို ထိခိုက်စေမယ့် ဘယ်အရာကိုမဆို ငါတို့ ခွင့်မပြုနိုင်ဘူး”

ပိုင်ချီယွီ၏ တည်ငြိမ်သော လေသံကြောင့် စိတ်လွတ်နေသော ကူးလန် ပြန်လည်သတိဝင်လာသည်။ မိမိ အလျင်စ လို ဖြစ်သွားသည်ကို သူသိလိုက်သည်။ ချင်ချင် တစ်သက်လုံး မကြီးထွားတော့ဘူးဆိုသည့် သတင်းဆိုးကြောင့် သူ ခဏတာမျှ စိတ်လွတ်သွားကာ အဆင်မခြင် ဆုံးဖြတ်မိတော့မည့် အခြေအနေ ဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အချိန်မီ သတိပေးခံရသဖြင့် သူ ချက်ချင်း စိတ်ပြန်ထိန်းနိုင်ခဲ့သည်။

“ဟိဟိဟိ...”

နောက်ခန်းမှ ရုတ်တရက် ထွက်လာသော ရယ်သံလေးကြောင့် ရှေ့ခန်းမှ လူနှစ်ယောက်စလုံး၏ အာရုံမှာနောက် သို့ ရောက်သွားသည်။

ကားနောက်ကြည့်မှန်မှတစ်ဆင့် လှမ်းကြည့်လိုက်သော ကူးလန်မှာ စိတ်တိုလုနီးပါး ဖြစ်သွားရသည်။ သူတို့မှာ ချင်ချင့်အတွက် စိုးရိမ်ပြီး သေမတတ် ဖြစ်နေသော်လည်း၊ သူမကတော့ ဘာမှမသိသလို ဖူဟန်နှင့် လက်ချင်းယှက်တမ်း ကစားရင်း ပျော်မြူးနေလေသည်။

သူမ ဘာကိုမျှ ဂရုမစိုက်ဘဲ တခိခိ ရယ်မောနေသည်။ ကလေးဆိုသည်မှာ တကယ် ပူပင်စရာကင်းဝေးလှသဖြင့် အားကျစရာကောင်းလှသည်။

“ချင်ချင်...”

ကူးလန် လက်မလျှော့ချင်သဖြင့် လှမ်းခေါ်လိုက်သည်။

“ဟင်?”

ချင်ချင် ကူးလန် ဘာကြောင့် သူမအား ရုတ်တရက် လှမ်းခေါ်ရသလဲဆိုသည်ကို ဘာမှမသိနားမလည်စွာဖြင့် မော့ကြည့်လိုက်သည်။

“ကစားကွင်း သွားကြမလား? ငါ မင်းကို ကတိပေးထားပေမဲ့ အခုထိ မသွားရသေးဘူးလေ၊ အခုပဲ သွားကြမလား?”

အနာဂတ်ကိစ္စတွေကို ခေတ္တဘေးဖယ်ထားလိုက်ပါဦး၊ လက်ရှိပေးထားတဲ့ ကတိကို တည်အောင်လုပ်ပြီး အရင်ဆုံး စိတ်အပန်းဖြေလိုက်ကြစို့။

“သွားမယ်!”

ကစားကွင်းသွားရခြင်းမှာ အမြဲတမ်း အပျော်ဆုံးကိစ္စဖြစ်ရာ ချင်ချင် ဘယ်လိုမှ ငြင်းဆန်မည်မဟုတ်ပေ။

ထို့အပြင် ချင်ချင် အားတက်သရော တောင်းဆိုလိုက်သေးသည်။

“အားကျင်း၊ ယိယိကျဲကျဲတို့ရော၊ စစ်ချန်နဲ့ အန်းရန်တို့ရော ခေါ်သွားမယ်၊ ပြီးတော့... နျန်ကောင်းကိုလည်း ခေါ်မယ်!”

“မင်းကတော့ ဘယ်သူ့ကိုမှ ချန်မထားချင်ဘူးပဲ”

ဖူဟန် သဘောကျစွာ ရယ်မောရင်း ချင်ချင့် ခေါင်းလေးအား ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူတို့မိသားစုဝင်များ၊ ကူးလန်နှင့် ပိုင်ချီယွီတို့ ပါဝင်သော ဂရုချက်ထဲသို့ မက်ဆေ့ချ် တစ်စောင် ပို့လိုက်သည်။ မကြာသေးမီကမှ အန်းရန်ပါ ထိုဂရုထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယိယိမှာမူ ထိုဂရုထဲတွင် မပါဝင်ချေ။ ၎င်းမှာ သူမအား မနှစ်သက်၍ မဟုတ်ဘဲ ချင်ချင့် လျှို့ဝှက်ချက်ကို ဘာမှမသိအောင် ဖုံးကွယ်ထားရန်အတွက် ဖြစ်သည်။ ထို့အပြင် သူမ၏ အဆင့်အတန်းမှာ အန်းရန်နှင့် မတူသလို၊ ချင်ချင့် ကိစ္စများမှာလည်း သူမနှင့် မသက်ဆိုင်သဖြင့် ဤကဲ့သို့ ရှုပ်ထွေးသော ကိစ္စများထဲသို့ သူမအား ဆွဲမသွင်းချင်ခြင်းကြောင့်လည်း ဖြစ်သည်။

[ဖူဟန်: @အားကျင်း @စစ်ချန်... ငါတို့ ချင်ချင့်ကို ကစား ကွင်း ခေါ်သွားမလို့၊ မင်းတို့ လိုက်ဦးမလား? မင်းတို့ ကောင်မလေးတွေကိုပါ တစ်ခါတည်း ခေါ်လာခဲ့ကြ]

[စစ်ချန်: ဘယ်ကို သွားမှာလဲ? ကျနော့ကို လိပ်စာပို့လိုက်၊ အခုပဲ အန်းရန်ကို ခေါ်ပြီး လိုက်လာခဲ့မယ်]

[အားကျင်း: @ဖူဟန်... ဟုတ်ကဲ့ပါ ပါး၊ ဒါပေမဲ့ ယိယိက အလုပ်ရှိလို့ လိုက်လို့မရဘူး]

ဖူစစ်ကျင်းနှင့် ဖူစစ်ချန်တို့ ချက်ချင်းလိုက်မည်ဟု အတည် ပြုသော်လည်း ပိုင်ချီယွီဘက်တွင်မူ အခက်အခဲအနည်း ငယ် ရှိနေသည်။

“နျန်ကောင်းက ကျူရှင်ရှိလို့ လိုက်လို့မရဘူး”

မူကြိုကျောင်းလည်း မကြာခင်ပြန်ဖွင့်တော့မည်ဖြစ်သလို၊ လာမည့်နှစ်တွင် နျန်ကောင်း မူလတန်းတက်ရတော့မည်ဖြစ်ရာ သူ့မိဘများမှာ ပညာရေးအတွက် အတော်လေး စိုးရိမ်နေကြပုံရသည်။

ယခုခေတ်တွင် ကလေးများအနေဖြင့် အစကတည်းက အခြေခံကောင်းကောင်း မရှိထားပါက အနာဂတ်တွင် အခြားသူများကို ကျော်တက်နိုင်မည် မဟုတ်ချေ။ ၎င်းမှာ နျန်ကောင်း၏ မိဘများအမြင်ဖြစ်ပြီး ပိုင်ချီယွီအနေဖြင့် သဘောမတူသော်လည်း ဘာမှဝင်မပြောနိုင်ပေ။ အဘယ့် ကြောင့်ဆိုသော် သူသည် ဦးလေးသာဖြစ်ပြီး နျန်ကောင်း ၏အရင်းအချာ ဖခင်မဟုတ်သဖြင့် ကလေးပညာရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဖူမိသားစု၊ အန်းရန်၊ ကူးလန်၊ ပိုင်ချီယွီနှင့် အရေးအကြီးဆုံးဖြစ်သော ချင်ချင်တို့သာ သွားရန် အတည်ပြုလိုက်ကြသည်။ သို့သော် သွားမည့်နေရာကို ဆုံးဖြတ်ရန်မှာမူ အနည်းငယ် ခက်ခဲနေပြန်သည်။

[စစ်ချန်: ဘယ်ကို သွားကြမှာလဲ? မြို့ထဲက ကစားကွင်း တော်တော်များများကို ချင်ချင့်ကို ခေါ်သွားဖူးပြီးပြီ၊ အကုန်လုံးက ရိုးရိုးပါပဲ၊ တစ်ခါသွားပြီးရင် ဘာမှ စိတ်ဝင်စားစရာ မရှိတော့ဘူး]

[အားကျင်း: ပင်လယ်ကမ်းခြေ သွားကြမလား?]

[ကူးလန်: ဒီလို ဆောင်းတွင်းကြီးမှာ ပင်လယ် သွားမလို့လား? အေးလွန်းတယ်၊ ပင်လယ်လေကြောင့် ချင်ချင် အအေးမိသွားလိမ့်မယ်]

[ပိုင်ချီယွီ: တောဓလေ့ အပန်းဖြေစခန်း Experience တစ်ခုခု သွားကြည့်မလား? ငါ့သူငယ်ချင်းတစ်ယောက်က ရှောက်ချောင်ရှီး နားမှာ အပန်းဖြေစခန်းတစ်ခု ဖွင့်ထားတယ်၊ အရမ်းကောင်းတယ်၊ ချင်ချင့်ကို ဝါးဖောင်စီးခိုင်းတာ၊ ငါးဖမ်းတာ၊ စတော်ဘယ်ရီခူးတာတွေ လုပ်ပေးလို့ရတယ်၊ ကလေးတွေ ကြိုက်မှာပါ]

[ဖူဟန်: ချင်ချင့်ရဲ့ သဘောကို အရင်မေးကြည့်လိုက်ဦးမယ်]

ချင်ချင်မှာတော့ ဘာမှကန့်ကွက်စရာ မရှိပေ။ ကစားကွင်း မသွားရသဖြင့် အနည်းငယ် နှမြောသော်လည်း အခြားနေရာသွားရလျှင်လည်း ကိစ္စမရှိ၊ အဓိကမှာ သူမနှင့်အတူ ကစားပေးမည့်သူများ ရှိနေဖို့သာ ဖြစ်သည်။ မိသားစုတွေ အားလုံး စုံစုံလင်လင် ရှိနေဖို့က ပိုအရေးကြီးသည် မဟုတ်ပါလား?

ခရီးစဉ် ဆုံးဖြတ်ပြီးသည်နှင့် ပိုင်ချီယွီ တည်နေရာကို ဂရုထဲသို့ ပို့လိုက်ပြီး ကားမှာ ဖူအိမ်တော်သို့ ဦးတည်လိုက်သည်။ လတ်တလောမှ ဆုံးဖြတ်လိုက်သည့် ခရီးဖြစ်သော်လည်း လိုအပ်သည့် ခရီးဆောင်အိတ်များကိုမူ ယူသွားရဦးမည် ဖြစ်သည်။ ထိုခရီးဆောင်အိတ်ဆိုသည်မှာလည်း ချင်ချင့်အတွက် လိုအပ်သည့် ပစ္စည်းများကိုသာ ရည်ရွယ်ခြင်းဖြစ်ပြီး လူကြီးများမှာ ရှိတာနှင့်သာ ဖြစ်သလို နေကြမည်ဖြစ်သည်။ တစ်ခုခု လိုအပ်ပါကလည်း ထိုနေရာရောက်မှ ဝယ်ယူနိုင်သည် မဟုတ်လား?

ပိုင်ချီယွီ သူငယ်ချင်း၏ အပန်းဖြေစခန်းမှာ သာယာလှပသော လယ်ကွင်းပြင်ကြီးဘေးတွင် တည်ရှိသည်။ ကြည့်လိုက်သည်နှင့် လှပဆန်းသစ်သော အိမ်ရာဝန်းလေးများအပြင်၊ ချိုချိုချဉ်ချဉ် သီးနှံများဖြင့် ပြည့်နှက်နေသော မှန်လုံအိမ်စိုက်ခင်းကြီးများကိုလည်းမြင်တွေ့ရသည်။ စိုက် ခင်းများ၏အလွန်တွင်မူ တောင်တန်းကြီးတစ်ခု ရှိနေပြီး တောင်ခြေတွင် သီးပင်စားပင်များ စိုက်ပျိုးထားသည်။ အချို့အပင်များမှာ အသီးများဝေဆာနေသော်လည်း အချို့မှာမူ အရွက်များကြွေလျက်ရှိနေသည်။

All Chapters