← Chapters

အခန်း (၈၉)

Vol. 10 Ch. 89

အခန်း (၈၉)

Vol. 10 Ch. 89

🍼 Chapter 89

“သွားကြစို့!”

ပိုင်ချီယွီ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီးနောက် အမျိုးသားကြီး နှစ်ဦးမှာ ဝါးဖောင်ပေါ်သို့ တက်လိုက်ကြသည်။

သူတို့နှစ်ဦးမှာ ဝသူများ မဟုတ်ကြသော်လည်း အရပ်အ မောင်း မြင့်မားကြသဖြင့် ကိုယ်အလေးချိန်မှာ မနည်းလှပေ။ ဖောင်ပေါ်တက်လိုက်သည်နှင့် ရေမျက်နှာပြင် သိသိသာသာ နိမ့်ဆင်းသွားပြီး သူတို့ဖိနပ်များမှာ ရေနှင့် ထိလုနီးပါး ဖြစ်သွားသည်။

ဝါးဖောင်မှာ ယိမ်းထိုးနေသဖြင့် စိတ်လှုပ်ရှားစရာ အနည်း ငယ်ကောင်းလှသည်။

ဖောင်သမားမှာ ကိုယ်အလေးချိန် ပိုပေါ့သော ဖူဟန်ဘေးတွင် နေရာယူကာ ဝါးလုံးဖြင့် ကမ်းကိုတွန်းထုတ်ရင်း “ဧည့်သည်တို့... မြဲမြဲထိုင်ကြပါ၊ စထွက်ပြီနော်!” ဟု အော်ပြောလိုက်သည်။ ဝါးဖောင်မှာ ရေပြင်ပေါ်သို့ လုံးလုံး လျားလျား ရောက်ရှိသွားပြီးနောက် လှိုင်းကြက်ခွပ်လေးများ ဖြစ်ပေါ်ကာ တဖြည်းဖြည်းတည်ငြိမ်သွားတော့သည်။

သူတို့ ထင်ထားသည့်အတိုင်းပင် ဝါးဖောင်မှာ မြေပြင်လိုပင် တည်ငြိမ်လှသည်။ ကမ်းစပ်တွင် လမ်းလျှောက်နေသော လမ်းသွားလမ်းလာများမှာ သူတို့ဖောင်ထက်ပိုမြန်နေသည်ကို ဖူဟန် သတိထားမိလိုက်သည်။

၎င်းမှာ ပုံမှန်အရှိန်ဟု သူတို့ ယူဆထားသော်လည်း ဖောင်သမားမှ နောက်ဘက်မှနေ၍ ဗြောင်ပြောချလိုက်သည်။

“ဧည့်သည်တို့က နည်းနည်းလေးတယ်နော်? တခြားသူတွေထက် ပိုတွန်းရတာ ခက်တယ်”

ဖူဟန် : “...”

ပိုင်ချီယွီ : “...”

အကယ်၍သာ သူတို့သိက္ခာအား မငဲ့ကွက်လျှင် မျက်နှာကို လက်နှင့်အုပ်ကာ ရှက်မိမှာ သေချာသည်။ တကယ်ကို အရှက်ရစရာ ကောင်းလှသည် မဟုတ်ပါလား?

ဤကဲ့သို့ အခြေအနေမျိုးတွင် စကားစမြည် ပြောဆိုခြင်းမှာ အကောင်းဆုံးဖြစ်သော်လည်း ဖူဟန်အနေဖြင့် သူ့ပြိုင်ဘက်နှင့် ဘာစကားပြောရမှန်း မသိဖြစ်နေသည်။

“ချင်ချင့် ကိစ္စ...”

“ချင်ချင့်...”

နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း စကားစလိုက်ကြပြီးမှ ပြန်ငြိမ်သွားကြသည်။ နောက်ဆုံးတွင် ပိုင်ချီယွီကပဲ ပြန်စလိုက်သည်။

“ချင်ချင် သေးသွားပြီးနောက်ပိုင်း မင်းအပေါ် ထားတဲ့ သူမရဲ့ ပုံစံက အတော်လေး အံ့သြစရာကောင်းတယ် မဟုတ်လား?”

ဘာကြောင့်မှန်း မသိသော်လည်း သူ ထိုအကြောင်းကိုသာ ပြောချင်နေမိသည်။

“ဟုတ်တယ်”

ဖူဟန် မငြင်းချေ။

“သူ အရင်က ငါသိခဲ့တဲ့ လူနဲ့ မတူတော့ဘူး”

“ဘယ်လိုမျိုး မတူတာလဲ?”

“အရင်က ချင်ချင်က အရမ်းအေးစက်ပြီးပြုံးခဲတယ်၊ သူမ ပြုံးရင်တောင် အပေါ်ယံ ဟန်ပြလိုပဲ၊ ရင်ထဲကလာတဲ့ အပြုံးမျိုး မဟုတ်ဘူး၊ မျက်နှာဖုံးတစ်ခု စွပ်ထားသလိုပဲ... ကြည့်ရတာ နီးစပ်သလိုရှိပေမဲ့ တကယ်တမ်းကျတော့ အရမ်းကို ဝေးကွာလွန်းတယ်၊ ကလေးနှစ်ယောက်လည်း သူ့အပေါ် ငါ့လိုပဲ ခံစားရမှာပါ”

“နတ်သမီးလေးလို မြင့်မြတ်ပေမဲ့ အေးစက်လွန်းတဲ့ လူကုံထံသမီးပျို ပုံစံမျိုးပေါ့ ဟုတ်လား?”

ပိုင်ချီယွီ၏အနှစ်ချုပ်ချက်မှာ ကွက်တိပင်။ ဖူဟန် ဘာမှပြန်မပြောခြင်းမှာ ဝန်ခံလိုက်ခြင်းသာ။

အမှန်စင်စစ် သူတို့အသိုင်းအဝိုင်းတွင် ထိုကဲ့သို့ အမျိုး သမီးများစွာ ရှိပါသည်။ အများစုမှာ ခင်ပွန်းနှင့် နာမည်ခံသာဖြစ်ပြီး မိသားစုနှင့် အိမ်ထောင်ရေးကို လက်လွှတ်ကာ တရားဝင်ဇနီးဆိုသည့် ဂုဏ်ပုဒ်ကိုသာ ထိန်းသိမ်းလိုကြသူများ ဖြစ်သည်။ သူတို့အတွက် "ဇနီး" ဆိုသည့် တာဝန်မှာ အလုပ်တစ်ခုလိုပင်။ ထိုနေရာတွင် နေထိုင်ရသရွေ့ အလုပ်နှင့် ထိုက်တန်သည့် အရည်အချင်းကိုသာ ပြသရန် လိုအပ်ပြီး "အချစ်" ဆိုသည့် အရာမှာ သူတို့အတွက် လက်လှမ်းမမီသော ပစ္စည်းတစ်ခုဖြစ်နေသည်။

အချို့ဆိုလျှင် ခင်ပွန်းဖြစ်သူ အပြင်မှာအပျော်အပါး ရှုပ်နေသဖြင့် ဇနီးသည်ကလည်း တိတ်တဆိတ် ရည်းစားထားကာ နှစ်ဦးနှစ်ဖက်လက်ခံပြီး ဘဝကို ဝေဝါးစွာ ဖြတ်သန်းနေကြခြင်းဖြစ်သည်။

သို့သော် ဖူဟန်ကမူ သူနှင့် ချင်ချင့်ကြားမှ ဆက်ဆံရေးမှာ ထိုသို့ မဟုတ်ဟု အမြဲယုံကြည်ခဲ့သည်။ သူတို့သည် ချစ်သူဘဝကတည်းက လက်တွဲခဲ့ကြခြင်းဖြစ်ပြီး သူတို့အိမ် ထောင်ရေးမှာ စီးပွားရေးအရ စီစဉ်မှုတစ်ခုပါဝင်နေလျှင်ပင်၊ အကယ်၍ သူသာ ချင်ချင့်အားတကယ်မချစ်ခဲ့ပါက မည်သူမျှ သူ့ကို ဖျောင်းဖျနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူတို့ကြားတွင် ကလေးနှစ်ယောက်ပင် ထွန်းကားခဲ့သည် မဟုတ်ပါလား?

“ချင်ချင် ဘာကြောင့် အခုလို ပြောင်းလဲသွားရလဲဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး”

အချိန်တွေက လူတစ်ယောက်ကို တကယ်ပဲ ပြောင်းလဲစေခဲ့တာလား၊ ဒါမှမဟုတ် သူမ ပြောင်းလဲသွားပြီးမှပဲ သူက သူမကို ဆုံတွေ့ခဲ့တာလား?

“မင်း မှားနေပြီ”

ပိုင်ချီယွီ အေးစက်စွာ ပြောလိုက်သည်။

“ချင်ချင်က ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး”

“ငါ့မှတ်ဉာဏ်ထဲမှာတော့ သူက တက်ကြွပြီး ပျော်ရွှင်တတ်တဲ့မိန်းကလေးတစ်ယောက်ပဲ၊ သူငယ်ချင်းတွေ အကူအညီလိုရင်လည်း ဘာမှတွန့်ဆုတ်မနေဘဲ အစွမ်းကုန်ကူညီတတ်သူမျိုးပေါ့၊ သူမမှာ တရားမျှတမှု စိတ်ဓာတ် အပြည့်ရှိပြီး ဒုက္ခရောက်နေသူတွေကို အမြဲကူညီလေ့ရှိတယ် ကြင်နာတတ်ပြီး အမွေးပွ တိရိစ္ဆာန်လေးတွေကို ချစ်တတ်သလို၊ ခန့်ညားတဲ့ ဒိုင်နိုဆောရုပ်ကြီးတွေကိုလည်း ပိုပြီး မြတ်နိုးသေးတယ် ဒါပေမဲ့ ချင်ချင်က တစ်ခါတလေကျရင် ထူးထူးဆန်းဆန်းလေးတွေလုပ်တတ်တဲ့ ကလေးတစ်ယောက်လိုပဲ”

ထိုသို့ပြောရင်း ပိုင်ချီယွီမှာ ကြည်နူးစရာ တစ်ခုခုကို သတိ ရသွားသလို တခိခိ ရယ်မောလိုက်သည်။

“သူ့ရဲ့ မိသားစုနောက်ခံကြောင့် ချင်ချင့်မှာ အချစ်တွေ လိုအပ်နေခဲ့တယ်၊ ဒါကြောင့် သူမ ချစ်ခင်ရတဲ့သူတွေ လက်လွှတ်မခံရအောင် အမြဲတမ်း သူတပါးအလိုကို လိုက်ပြီး သတိကြီးကြီးနဲ့ နေတတ်တယ် ဒါပေမဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာ သူမ မသိတော့ သူ့လုပ်ရပ်တွေက တစ်ခါတလေမှာ ပိုပြီးအခြေအနေ ဆိုးသွားစေတတ်တယ်၊ သူက အရမ်းလည်းမာနကြီးတယ်၊ တစ်ခုခု အထင်လွဲခံရရင်လည်း ဘယ်တော့မှ အလျှော့မပေးသလို ရှင်းပြဖို့လည်း ငြင်းဆန်တတ်ပြန်ရော”

“သူက ကြည့်ရတာ ဖြူကောင်လိုပဲ အပြင်ပန်းမှာ ဆူးတွေနဲ့ မာကျောနေပေမဲ့ တကယ်တမ်းကျတော့ အရမ်းကို နုနယ်ပြီး ထိခိုက်လွယ်တဲ့ နှလုံးသားပိုင်ရှင်လေး”

ပိုင်ချီယွီ ခေါင်းလှည့်ကာ ဖူဟန်အား စိုက်ကြည့်ရင်း “ဒီလို ချင်ချင်မျိုးက တစ်ယောက်ယောက်ကသာ သူ့ရဲ့ အပေါ်ယံ မျက်နှာဖုံးကို ဖောက်ထွင်းမြင်ပြီး နွေးထွေးမှုအနည်းငယ်လောက် ပေးလိုက်မယ်ဆိုရင်၊ သူမက မီးလျှံထဲကို အသေခံ တိုးဝင်မယ့် ပိုးဖလံလေးလိုမျိုး... သူမကို သေစေနိုင်တဲ့ မီးထဲကိုတောင် လှိုက်လှိုက်လှဲလှဲ ပြေးဝင်သွားမယ့်သူမျိုးပါ”

ဖူဟန်၏ မျက်နှာမှာ တင်းမာသွားပြီး တိတ်ဆိတ်သွားတော့သည်။

သူ့မှတ်ဉာဏ်ထဲမှ ဇနီးဖြစ်သူအား ရုတ်တရက် သတိရလိုက်မိသည်။ နှစ်ပေါင်းများစွာအတွင်း အေးစက်မာ ကျောသော မျက်နှာဖုံးအောက်တွင် သူမသည် တစ်ချိန်က သူ့အနားမှာ တက်ကြွရွှင်လန်းခဲ့ဖူးသည် မဟုတ်လား?

အိပ်တဲ့အခါ သူမက အအေးဒဏ်ကို ကြောက်သဖြင့် အမြဲ တမ်း လက်ခြေများကို ကွေးပြီး အိပ်တတ်သည်။ ၎င်းမှာ လုံခြုံမှု အလွန်အမင်း ကင်းမဲ့သူတို့၏အိပ်စက်သည့် ပုံစံဖြစ်ကြောင်း ဖူဟန် ဖတ်ဖူးခဲ့သည်။

သို့သော် သူတို့ လက်ထပ်ပြီးနောက်တွင်မူ သူမ၏ အကာ အကွယ်ယူသော အိပ်စက်သည့်ပုံစံမှာ သူ့ရင်ခွင်ထဲသို့ တိုးဝင်ကွေးဝပ်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ ကိုယ်အပူချိန် မြင့်မားခြင်းမှာ သူမအတွက် အပူပေးစက်လေးတစ်ခုလို ဖြစ်နေသောကြောင့်ဖြစ်သည်။

ချင်ချင်သည် သားအိမ်အားနည်းပြီး သွေးအားနည်းရောဂါလည်း ရှိသဖြင့် ရာသီလာချိန်တိုင်း အပြင်းအထန်နာကျင်မှုကို ခံစားရလေ့ရှိသည်။ တစ်ခါတလေ သတိပင်မေ့သွားတတ်သည်။ ထိုအချိန်မျိုးတွင် သူမ အရမ်းစိတ်တိုတတ်ပြီး လူတိုင်းအား ငေါက်ငမ်းတတ်သလို လေထဲကိုပင် အော်ဟစ်တတ်ပြန်သည်။

တကယ်တော့ သူမသည် ချော့ရ အလွန်လွယ်ကူ၏။ ချင်ချင် အချိုကြိုက်တတ်သူဖြစ်၍ စိတ်ညစ်နေချိန်တွင် နို့လက်ဖက်ရည်တစ်ခွက် ဝယ်တိုက်ရုံမျှဖြင့် စိတ်ကျေနပ်သွားတတ်သည်။

သို့သော် နို့လက်ဖက်ရည်မှာ ကျန်းမာရေးအတွက် မသင့် တော်ဟု ဖူဟန် ယူဆသဖြင့် သူမ သောက်သုံးသည်ကို မနှစ်သက်ခဲ့ပေ။ ထိုအချိန်မှစ၍ သူမ နို့လက်ဖက်ရည်အား လုံးဝ မသောက်တော့ချေ။ အနည်းဆုံးတော့ မကြာသေးမီနှစ်များအတွင်း သူမ ထိုအရာကို ထိတွေ့သည်ကိုပင် ဖူဟန် မမြင်ဖူးခဲ့သလို၊ အချိုစာများကိုလည်း သိသိသာသာ လျှော့စားလာခဲ့သည်။

အကြောင်းရင်းမှာ အိမ်ရှိ အမျိုးသားများ အချိုအား မနှစ်သက်ကြသောကြောင့်ဖြစ်သည်။ သူမ တစ်ယောက်တည်းအတွက် မီးဖိုချောင်တွင် သီးသန့် ပြင်ဆင်ခိုင်းရမည်ကို အလုပ်ရှုပ်မည်စိုးသဖြင့် သူမကပင် စားလိုစိတ်ကိုဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

နောက်ထပ် ဘာများ ပြောင်းလဲသွားသေးသနည်း ?

ချင်ချင့် ကိုယ်လုံးသေးသဖြင့် ကြည့်ရသည်မှာ ပိန်လှသော် လည်း၊ တကယ်တမ်း၌ အသားစိုင်လေးများဖြင့် ပြည့်ဖြိုးသူဖြစ်သည်။ အသက် ၁၈ နှစ်အရွယ်တွင် အရပ် ၁.၆၆ မီတာရှိပြီး ကိုယ်အလေးချိန်မှာ ပေါင် ၁၀၀ ကျော် ရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပေါင် ၉၀ လောက်အထိ ကျဆင်းသွားပြီး ထိုထက်ပင် ပိုပိန်ချုံးသွားခဲ့သလား မသိနိုင်တော့ပေ။

ထိုအပြောင်းအလဲများမှာ မည်သည့်အချိန်က စတင်ခဲ့သနည်း?

ဖူဟန် တကယ် မမှတ်မိတော့ချေ။ သူတို့ အတူရှိနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အပြောင်းအလဲများ သိမ်မွေ့လွန်းလှသဖြင့် သူ သတိမထားမိခဲ့ခြင်း ဖြစ်သည်။ သူသည် အလုပ်ထဲ၌သာ အချိန်ကုန်လွန်စေခဲ့ပြီး တစ်လလျှင် တစ်ဝက်ခန့်သာ အိမ်ပြန်ရောက်လေ့ရှိသည်။ အိမ်ပြန်သည့် ရက်များတွင်လည်း မိုးမလင်းမီ အလုပ်သွားပြီး ညဉ့်နက်မှ ပြန်လာတတ်သဖြင့် သူပြန်လာချိန်တွင် ချင်ချင် အိပ်မောကျနေပြီဖြစ်သလို၊ သူ အလုပ်သွားချိန်တွင်လည်း သူမ မနိုးသေးချေ။ ထို့ကြောင့် သူ အိမ်ပြန်လာသည်ဖြစ်စေ၊ မပြန်လာသည်ဖြစ်စေ တစ်ယောက်နှင့်တစ်ယောက် မဆုံဖြစ်ကြသဖြင့် ဘာမှ မထူးခြားသလို ဖြစ်နေခဲ့သည်။

ချင်ချင် အစပိုင်းတွင် သူ့အား အမြဲစောင့်ကြိုတတ်သော် လည်း၊ နောက်ပိုင်းတွင်မူ သူမကပင် အရင်အိပ်နှင့်တော့ သည်။

ဖူဟန်လည်း ထိုအချက်အပေါ် တစ်ခွန်းမျှမဟခဲ့ပေ။ အမှန် စင်စစ် သူနှင့် ဇနီးဖြစ်သူ၏ အချိန်ဇယားများ မကိုက်ညီခြင်းမှာ သူ့ကြောင့်သာ ဖြစ်သဖြင့် မည်သူ့ကိုမှ အပြစ်တင် ၍မရနိုင်ချေ။ သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် သူကိုယ်တိုင်ကသာ အဓိကတရားခံ ဖြစ်နေသည်။

“ငါ ကိုယ်တိုင်ကပဲ ချင်ချင့်ကို အခုလို ဖြစ်အောင်လုပ်ခဲ့မိတာပဲ"

သူ ခေါင်းငုံ့ကာ မိမိလက်ဖဝါးကို ကြည့်လိုက်မိပြီး၊ ဝေဝါးသော အတွေးထဲတွင် သွေးအိုင်တစ်ခုကို မြင်ယောင်လာသည်။ တစ်ချိန်က တက်ကြွပြီး ချစ်စရာကောင်းခဲ့သော ချင်ချင့်အား သူကိုယ်တိုင်ပင် သတ်ခဲ့မိခြင်းဖြစ်သည်။

“ငါ တကယ်တော့ အတော်လေးနောင်တရမိတယ်”

ပိုင်ချီယွီ ဖူဟန်၏နောင်တကို ဂရုမစိုက်သလို ဆက်ပြောလိုက်သည်။

“အကယ်၍ အဲ့ဒီတုန်းက ငါသာ သူ့ကို ထားမသွားခဲ့ရင် အခု အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲနေလောက်ပြီ”

“ကံဆိုးတာက ‘အကယ်၍’ ဆိုတာ မရှိဘူး၊ ချင်ချင်က အခု ငါ့ဇနီး ဖြစ်နေပြီ”

ပိုင်ချီယွီ၏ဗြောင်ကျကျ စိန်ခေါ်မှုကို ကြားလိုက်ရချိန်တွင် ဖူဟန် ချက်ချင်း တင်းမာသွားပြီး တုံ့ပြန်ရန်အဆင်သင့် ဖြစ်သွားသည်။

“ငါ သိပါတယ်”

ပိုင်ချီယွီ ခါးသီးသော အပြုံးဖြင့် ရေထဲမှ မိမိပုံရိပ်အား ကြည့်ရင်း ပြောလိုက်သည်။ သူသည် မိမိပြိုင်ဘက်ကို ကူညီပေးနေမိသလို ခံစားနေရသည်။

“ငါ မင်းကို လွန်ခဲ့တဲ့ အချိန်ကတည်းက ပြောခဲ့သားပဲ၊ ငါ ချင်ချင့်ကို မင်းထက် ပိုနားလည်တယ်လို့၊ သူမရဲ့ ထူးဆန်းတဲ့ မိဘတွေကြောင့် ချင်ချင်ဟာ တခြားသူတွေ နားမလည်နိုင်တဲ့ ‘အိမ်ထောင်ရေးအပေါ် ကြောက်ရွံ့မှု’ တွေ ရှိနေခဲ့တာ၊ ဒါတောင်မှ သူမက မင်းကို ဘာမှတွန့်ဆုတ်မနေဘဲ လက်ထပ်ဖို့ ရွေးချယ်ခဲ့တာပဲ...”

ပိုင်ချီယွီ စကားကို ဆုံးအောင် မပြောသော်လည်း ဖူဟန် အကုန်လုံးကို သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ ချင်ချင် ဖူဟန်အား အလွန်ချစ်မြတ်နိုးခဲ့သဖြင့် သူမအတွက် ငရဲနှင့်တူသော အိမ်ထောင်ရေးထဲသို့ ပြတ်ပြတ်သားသားခြေစုံပစ် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ဖူဟန်သည် သူမ မိဘများနှင့် မတူဘဲ သူမအားပျော်ရွှင်မှုပေးနိုင်မည့်သူဟု မျှော်လင့်ခဲ့သော်လည်း၊ နောက်ဆုံးတွင် ဖူဟန်သည်လည်း သူမမိဘများကဲ့သို့သော လူတစ်ယောက်သာဖြစ်လာခဲ့သည်။

မဟုတ်သေး... ထိုထက်ပင် ဆိုးရွားသေးသည်။

အနည်းဆုံးတော့ ချင်ချင့်မိဘများမှာ သားသမီးအပေါ် မကောင်းလျှင်ပင် သူတို့အချင်းချင်းကြားတွင်တော့ အမှန်တကယ် ချစ်ကြသည်။ သို့သော် ချင်ချင်မှာမူ ဖူဟန်ထံမှ မည်သည့်အချစ်ကိုမျှ မရရှိခဲ့ချေ။ သူမသည် မိသားစုအား အစွမ်းကုန် ထောက်ပံ့ပေးခဲ့သော်လည်း နောက်ဆုံးတွင် အရာအားလုံး စိတ်ပျက်အားလျော့စရာများသာ ဖြစ်လာခဲ့သည်။ မည်သူကမျှ သူမအား ဇနီးတစ်ယောက်၊ မိခင်တစ်ယောက် သို့မဟုတ် အစ်မတစ်ယောက်အဖြစ် အမှန်တကယ် အသိအမှတ်မပြုခဲ့ကြပေ။ အစွမ်းကုန် ပေးဆပ်ခဲ့သူမှာ နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်ကာ စိတ်ပျက်သွားသဖြင့် ထွက်ခွာသွားချင်စိတ် ပေါ်လာခြင်းမှာ ဓမ္မတာပင်။

အရာအားလုံးကို စွန့်လွှတ်ပြီး တစ်ယောက်တည်း နေရလျှင်ကော သူမ ပိုပျော်ပါ့မလား?

သားဖြစ်သူများမှာလည်း အရွယ်ရောက်ကုန်ပြီ၊ ခင်ပွန်းဖြစ်သူမှာလည်း အလုပ်နှင့်သာ အချိန်ကုန်နေသလို၊ မောင်ဖြစ်သူကလည်း သူမနှင့် ဝေးကွာနေသည်။ မွေးစားသမီးဖြစ်သူကလည်း နိုင်ငံခြားတွင် ပညာသင်နေသည်။ ဤမိသားစုအတွင်း၌ ချင်ချင့်အား အမှန်တကယ် လိုအပ်နေသူ မရှိသဖြင့် သူ့ဖြစ်တည်မှုမှာ အဓိပ္ပာယ်မဲ့နေသလိုပင်။

“ကျိကျိ... တကျိကျိ...”

ကြည်လင်လှသော ငှက်ကလေး၏အသံမှာ ဝမ်းနည်းရိပ်များ လွှမ်းနေသလိုပင်။ ငှက်ကလေးတစ်ကောင် ချင်ချင့် ဝါးဖောင်လက်ကိုင်ပေါ်သို့ နွမ်းနယ်စွာ လာနားလေသည်။

“နင် ဝမ်းနည်းနေတာလား?”

ချင်ချင် ငှက်ကလေး၏ခေါင်းလေးအား သူမ လက်ချောင်းလေးများဖြင့် အသာအယာတို့ထိလိုက်သည်။ သူမ၏ နူးညံ့သော လက်ချောင်းလေးများမှာ ငှက်မွှေးနုနုလေးများပေါ်တွင် ကြင်နာစွာ ပွတ်သပ်ပေးနေမိသည်။

“ကျိ...”

ငှက်ကလေးမှာ ခေါင်းလေးကို မော့ကာ ချင်ချင့် လက် ချောင်းလေးများကို ပြန်လည် ပွတ်သပ်နေသည်မှာ သူမ၏ နှစ်သိမ့်မှုအား အသည်းအသန် လိုလားနေသယောင် ရှိသည်။

ချင်ချင် ထိုမျှနှင့် အားမရဘဲ ငှက်ကလေးကို သူမ လက်နှစ်ဖက်ဖြင့် ပွေ့ချီလိုက်သည်။ ထို့နောက် သူမ အပေါ်အင်္ကျီကို ဟ၍ ငှက်ကလေး အအေးဒဏ်မှ ကင်းဝေးစေရန် ရင်ခွင်ထဲသို့ ထည့်လိုက်တော့သည်။ ဆရာမ ပြောဖူးသည်မှာ ဆောင်းတွင်း၌ ငှက်ကလေးများ အေးဒဏ်ကို ကြောက်တတ်သည်ဟူ၍ ဖြစ်သည်။ ဤငှက်ကလေး ဝမ်းနည်းနေခြင်းမှာ ချမ်းနေ၍ ဖြစ်မှာပါဟု ချင်ချင် တွေးနေမိသည်။

ဖောင်သမားမှာ ဖောင်စီးရန်သာ အာရုံစိုက်နေပြီး၊ ဖူစစ်ကျင်းမှာလည်း ဖုန်းထဲမှ မက်ဆေ့ချ်များ ပြန်နေသဖြင့် ချင်ချင့်အပြုအမူများကို သတိမထားမိပေ။ သူ ခေါင်းမော့ ကြည့်လိုက်ချိန်တွင် ချင်ချင်မှာ အင်္ကျီကိုဟကာ ရင်ခွင်ထဲတွင် တစ်ခုခုအား ပွေ့ပိုက်ထားသလို လုပ်နေသည်ကို တွေ့သဖြင့် အံ့သြစွာ မေးလိုက်သည်။

“ချင်ချင်... အင်္ကျီထဲမှာ ဘာတွေ ထည့်ထားတာလဲ?”

“ငှက်ကလေး!”

ချင်ချင် ဝမ်းသာအားရဖြင့် အင်္ကျီကိုဟကာ ဖူစစ်ကျင်းအား ပြလိုက်သည်။

“ဘယ်မှာလဲ ငှက်ကလေး?”

ဖူစစ်ကျင်း ဘာမှမမြင်ရပေ။

“ဒီမှာလေ...”

ချင်ချင် ခေါင်းငုံ့ကြည့်လိုက်ရာ သူမ ရင်ခွင်ထဲတွင် ဘာမှမရှိတော့သဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားကာ

“ငှက်ကလေး ပျောက်သွားပြီလား?”

သူမ ကိုယ်ပေါ်တွင် အနှံ့အပြား ရှာဖွေရင်း

“ထူးဆန်းလိုက်တာ၊ အခုနတင် ဒီမှာ ရှိနေတာကို”

“ပျံသွားပြီ ထင်တယ်”

ဖူစစ်ကျင်း မည်သည့်ငှက်ကိုမျှ မမြင်လိုက်ရသဖြင့် ချင်ချင့်အား ထိုသို့သာ ချော့ပြောလိုက်ရသည်။

“ချင်ချင် ငှက်ကလေးကို နှုတ်တောင် ကောင်းကောင်းမဆက်ရသေးဘူး”

ချင်ချင်မှာ အတော်လေး စိတ်မကောင်းဖြစ်သွားရတော့ သည်။

All Chapters