← Chapters

အခန်း (၉၀)

Vol. 10 Ch. 90

အခန်း (၉၀)

Vol. 10 Ch. 90

🍼 Chapter 90

“ရပါတယ်... နောက်တစ်ခါ ငှက်ကလေးနဲ့ ထပ်ဆုံတဲ့အခါမှ သေချာနှုတ်ဆက်လိုက်ပေါ့”

ထိုစကားမှာ ကလေးတစ်ယောက်အား ချော့သည့် စကားဖြစ်ကြောင်း ထင်ရှားလှသည်။ အမှတ်မထင် ဆုံတွေ့ခဲ့ရသည့် ငှက်ကလေးတစ်ကောင်နှင့် ဒုတိယအကြိမ် ပြန်ဆုံဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သည့်ကိစ္စပင်။

သို့သော် ထိုစကားမှာ အလွန်ပင် အစွမ်းထက်လှသည်။ ချင်ချင် ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။

“အင်းအင်း... နောက်ကျရင် ချင်ချင်က ငှက်ကလေးကို သေချာ နှုတ်ဆက်ပါ့မယ်”

ဖူစစ်ကျင်းမှာ ဘာမှမပြောတော့ဘဲ ပြုံးလျက် ချင်ချင့်ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်မိသည်။

နှစ်နာရီကျော် ကြာမြင့်သော ဖောင်စီးခရီးစဉ်အတွင်း ရှုခင်းကြည့်ခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းမှလွဲ၍ ထူးထူးခြားခြား ပျော်စရာမရှိပေ။ ယခုအချိန်မှာ ရေနည်းသည့်ကာလ ဖြစ်သဖြင့် မြစ်ရေမှာ ယခင်ကကဲ့သို့ အရှိန်အဟုန်ဖြင့် စီးဆင်းခြင်းမရှိဘဲ ခရီးစဉ်၏ရင်ခုန်လှုပ်ရှားမှုအား အပြည့် အဝ မခံစားရကြောင်း ဖောင်သမားပြောစကားအရ သိရသည်။

တစ်ခါတစ်ရံ ရေစီးသန်သည့် ရေတံခွန်ငယ်လေးများနှင့် ဆုံသည့်အခါတွင်လည်း ဝါးဖောင်ကို ဖောင်သမားမှ ဆွဲယူသွားနိုင်ရန်အတွက် သူတို့မှာ ဖောင်ပေါ်မှ ဆင်းပေးကြရသေးသည်။ ရေမျက်နှာပြင် နိမ့်လွန်းသဖြင့် ရေတံခွန်ငယ်လေးများ၏ ရေစီးကြောင်းအချို့မှာ ပြတ်တောက်နေပြီး နှစ်ပေါင်းများစွာ ရေတိုက်စားမှုကြောင့် လုံးဝန်းချောမွေ့နေသည့် ကျောက်တုံးများမှာ ပေါ်ထွက်နေလေသည်။ အချို့နေရာများတွင်မူ ရေပမာဏမှာ ဝါးဖောင်မျောပါရန်ပင် မလုံလောက်ချေ။

သို့သော်လည်း အချို့နေရာများတွင် ရေစီးသန်သဖြင့် အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေသေးရာ ခရီးစဉ်တစ်ခုလုံး ပျင်းရိစရာတော့ မဖြစ်ခဲ့ပေ။

ခရီးအလယ်တွင် ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ နောက်ကွယ်မှ လိုက်ပါလာသော ဖူဟန်နှင့် ပိုင်ချီယွီတို့ နှစ်ယောက်မှာ ကိုယ်အလေးချိန် စုစုပေါင်း များလွန်းနေသဖြင့် ရေတံခွန်ငယ်တစ်ခုမှ အဆင်းတွင် ဝါးဖောင်မှာ ကျောက်တုံးများကြား ညပ်သွားတော့သည်။

ထိုသတင်းအား သူတို့နှင့် နီးကပ်စွာရှိနေသော ကူးလန် ဗီဒီယိုရိုက်ကာ အားလုံးလှောင်ပြောင်နိုင်ရန် ဂရုထဲသို့ ရည်ရွယ်ချက်ရှိရှိ ပို့လိုက်သည်။ ထင်သည့်အတိုင်းပင် ဂရုထဲတွင် အကျယ်လောင်ဆုံး ရယ်မောနေသူမှာ ဖူစစ်ချန်ပင် ဖြစ်သည်။

【နတ်သားဖခင်ကြီး- သွားပြီ... ဟားဟားဟား... ရယ်ရလွန်းလို့ သေတော့မယ်!】

ထိုသူမှာ စာပို့ရုံဖြင့် အားမရနိုင်ဘဲ သူ့ပျော်ရွှင်မှုအား အပြည့်အဝ ဖော်ပြနိုင်ရန်အတွက် အသံဖိုင်ပါ ထပ်ပို့ကာ သူ့ဖခင်အရင်းကို အားရပါးရ လှောင်ပြောင်လိုက်သေးသည်။

ဖူစစ်ကျင်း ညီဖြစ်သူ ပို့လိုက်သော အသံဖိုင်အား ဖွင့်လိုက်ရာ တစ်ဆက်တည်း ထွက်ပေါ်လာသော ရယ်သံနှောနေသည့် အသံများအပြင် အန်းရန်၏ စိတ်ပျက်လက်ပျက် ရေရွတ်သံကိုပါ ကြားလိုက်ရသည်။

“နင်ကတော့ ဦးလေးဖူ လက်ချက်နဲ့ အသတ်ခံရမှာကို တကယ်မကြောက်ဘူးလား?”

ဤလူမှာ အသက်ဘေးကို မမှုဘဲ ချောက်ကမ်းပါး အစွန်းတွင် ပျော်ပျော်ပါးပါး ကခုန်စမ်းသပ်နေသူပင်။

ဖူစစ်ချန် : “...”

တကယ်တော့ သူကိုယ်တိုင်လည်း သူ့ညီဖြစ်သူမှာသေတွင်းထဲ ခြေတစ်ဖက် လှမ်းထားသလို ဖြစ်နေပြီဟု တွေးနေမိသည်။

“စစ်ချန်လေးက အရမ်းပျော်နေတာလား?”

ဘာတွေဖြစ်နေမှန်း မသိသော ချင်ချင်မှာ ဖူစစ်ချန်၏ ရယ်သံကို ကြားလိုက်ရသဖြင့် စပ်စုချင်စိတ်ဖြင့် ခေါင်းလေးပြူကာ မေးလိုက်သည်။

“ဒါက သေခါနီးမှာ နောက်ဆုံး ကခုန်တဲ့ပွဲတော်ပဲလေ”

ဖူစစ်ကျင်း တည်ငြိမ်စွာပင် ဖုန်းကို ပြန်သိမ်းလိုက်ပြီး အိတ်ထဲမှ Lollipop တစ်ခုကို ထုတ်ကာ အခွံခွာပြီး ချင်ချင့်ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ စားစရာနှင့် ပါးစပ်ပိတ်သွားသော ချင်ချင်မှာ ဘာမှ ထပ်မမေးတော့ဘဲ သကြားလုံးကိုသာ အာရုံစိုက် စားနေတော့သည်။

ထိုအခွင့်အရေးကို အသုံးချကာ ဖူစစ်ကျင်း ချင်ချင်၏ ချစ်စရာကောင်းသော ဓာတ်ပုံများစွာကို ရိုက်ယူပြီး ဂရုထဲသို့ ပို့လိုက်သည်။ ဤသည်မှာ သူ့အပြစ်အား လျှော့ပေါ့ပေးရန် တောင်းပန်သည့် သဘောပင် ဖြစ်သည်။ အကြောင်းမှာ သူကိုယ်တိုင်လည်း ခုနက ချင်ချင့်အား အတင်းအကျပ် ခေါ်ဆောင်လာခဲ့သည့် လုပ်ရပ်အတွက် ဖခင်ဖြစ်သူ၏ အပြစ်ပေးမှုကို ကြောက်လန့်နေမိသော ကြောင့် ဖြစ်သည်။

ဖူဟန် သားဖြစ်သူကို လူရှေ့တွင် ရိုက်နှက်မည် မဟုတ်သော်လည်း၊ ကျားရှေ့မှ အမဲအား လုယူသွားရဲသည့် အစွမ်းထက်သော သားနှစ်ယောက်အတွက် လုပ်ငန်းခွင်မှ အလုပ်ပုံကြီးကို ရင်ထဲတွင် ကြိုတင် စာရင်းပြုစုထားပြီး ဖြစ်သည်။ သူတို့ အချိန်ပိုနေသဖြင့် အခုလို နောက်ပြောင်နေကြခြင်းဟု သူ ယူဆထားသည်။

ညနေပိုင်း လည်ပတ်မှုအပြီး ပြန်ရောက်သောအခါ ချင်ချင် မျှော်လင့်ထားသည့်အတိုင်း အကင်ပါတီ ကျင်းပလေသည်။ စိုက်ပျိုးရေးအပန်းဖြေစခန်း၏ အလယ်ရှိ ဝင်းအလယ်တွင် မီးပုံကြီး ထွန်းညှိထားပြီး အရောင်အသွေးစုံလင်သော ကချေသည်များမှာ မီးပုံအား ပတ်ကာ ကခုန်သီဆိုရင်း ဧည့်သည်များအတွက် ဖျော်ဖြေမှုများပေးနေကြသည်။

စင်္ကြံအောက်တွင်လည်း အကင်ဖိုများဘေး၌ လူများဖြင့် ပြည့်နှက်နေသည်။ အခြားသော ဧည့်သည်များမှာမူ ဖျော်ဖြေပွဲများကို စိတ်ဝင်တစား ကြည့်ရှုနေကြပြီး ပွဲ၏ အရှိန်အဟုန်မှာ အလွန်ပင် မြိုင်ဆိုင်လှသည်။ တက်ကြွလှသော ဖူစစ်ချန်နှင့် အန်းရန်တို့ပင် လူအုပ်ထဲသို့ ဝင်ရောက်ကာ ပျော်ပျော်ပါးပါး ကခုန်နေကြလေပြီ။

လူကြီးများမှာမူ အတူတူ လိုက်မကကြသော်လည်း သူတို့၏ ပြေလျော့နေသော မျက်နှာထားများကို ကြည့်ခြင်းဖြင့် ဤညနေခင်း၏ ထူးခြားသော အငွေ့အသက်အား နှစ်သက်နေကြကြောင်း သိသာသည်။

ချင်ချင် အကင်ဖိုနှင့် ဝေးရာထောင့်တစ်နေရာတွင် ပျော်ရွှင်စွာ ထိုင်နေသည်။ သူမ ဘယ်ဘက်တွင် ဖူဟန် ထိုင်နေပြီး၊ ညာဘက်တွင် ကူးလန် ရှိသည်။ ပိုင်ချီယွီမှာမူ ချန်ဖုန်း၏ ခေါ်ယူခြင်းကို ခံလိုက်ရသဖြင့် ဤနေရာတွင် လာရောက် နေရာလုခွင့် မရတော့ပေ။

ဖူဟန် ချင်ချင့်အတွက် သီးသန့် အကင်များ ကင်ပေးနေပြီး၊ ဖူစစ်ကျင်းမှာ လူအားလုံးအတွက် အစားအသောက်များကို တာဝန်ယူထားရသည်။ အကြောင်းမှာ ဤနေရာတွင် သူတို့ သားအဖနှစ်ယောက်၏လက်ရာကသာ စားလောက်စရာ ရှိသောကြောင့် ဖြစ်သည်။

ကူးလန် ကူညီပေးချင်သော်လည်း သူကင်ထားသည်ကို အခြားသူများ စားရဲ၊ မစားရဲဆိုသည်မှာ စဉ်းစားစရာပင်။

“ချင်ချင်... ဒါလေး မြည်းကြည့်ဦး”

ကစား၍ ဝသွားသော အန်းရန် တစ်ယောက်တည်း ပြန်ရောက်လာပြီး Marshmallow အထုပ်တစ်ထုပ်ကို နှိုက်ကာ တံစို့လေးနှင့် ထိုးလိုက်သည်။ ထို့နောက် ဘာမှမသုတ်ဘဲ မီးအရှိန်အနည်းငယ်ဖြင့် ကင်လိုက်ပြီးနောက် ချင်ချင့်အား ပေးလိုက်သည်။

ချင်ချင် စပ်စုချင်စိတ်ဖြင့် ပါးစပ်လေးဟကာ အသာအယာ ကိုက်လိုက်သည်။ အပူရှိန် သိပ်မပြင်းဘဲ Marshmallow ၏ အပေါ်ယံလွှာမှာ ကျွတ်ကျွတ်လေးဖြစ်သွားကာ အတွင်းပိုင်းမှာမူ နူးညံ့ပျော့ပြောင်းသော သကြားရည်များအဖြစ် အရည်ပျော်နေသည်။ တစ်ချက်ကိုက်လိုက်ရုံဖြင့် ပါးစပ်ထဲတွင် စိမ့်ထွက်လာသော အရသာမှာ အလွန်ပင် ကောင်းမွန်လှသည်။

ထိုအခါ ချင်ချင်မှာ Marshmallow ကို ချက်ချင်းပင် စွဲလန်းသွားတော့သည်။ သူမ အနှစ်သက်ဆုံး ဖြစ်သော အသားကင်များကိုပင် လျစ်လျူရှုကာ အန်းရန်အား ထပ်မံကင်ပေးရန် တတွတ်တွတ် ပူဆာနေတော့သည်။

Marshmallow အထုပ်ငယ်လေးမှာ ချင်ချင်တစ်ယောက် တည်းနှင့်တင် ကုန်လုနီးပါး ဖြစ်သွားသည်။ အထုပ်မှာ သိပ်မကြီးဘဲ တံစို့နှစ်ချောင်း၊ သုံးချောင်းစာလောက်သာ ရှိသဖြင့် ဖူဟန် ခွင့်ပြုထားခြင်းဖြစ်သည်။

“ဟီးဟီး... အရမ်းစားလို့ကောင်းတယ်”

စားသောက်ရသည်ကို နှစ်သက်သော ချင်ချင်မှာ အလွန်ပင် ကျေနပ်သွားပြီး မျက်နှာထက်တွင် တောက်ပသော အပြုံးများ လွှမ်းနေသည်။ မီးပုံမှ ထွက်ပေါ်လာသော အလင်းရောင်မှာ သူမ၏ နုနယ်သော ဘေးတိုက်မျက်နှာလေးပေါ်သို့ ကျရောက်နေပြီး ထိုတောက်ပသော အပြုံးလေးမှာ ဖူဟန်၏ ဖုန်းကင်မရာထဲ၌ အမှတ်တရအဖြစ် သိမ်းဆည်းခြင်း ခံလိုက်ရသည်။

“ကူးလန်?”

ပျော်ရွှင်နေကြစဉ်အတွင်း သူတို့ဘေးနားမှ တုံ့ဆိုင်းနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ လူအားလုံးအလို အလျောက် လှည့်ကြည့်လိုက်ရာ အနားတွင် ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဟန်ဝေ့လန်အား တွေ့လိုက်ရသည်။

သူမသည်လည်း ခရီးထွက်လာပုံရပြီး ပြင်ဆင်မှုမရှိဘဲ ရိုးရိုးရှင်းရှင်းပင် ရှိနေသည်။ မျက်နှာပေါ်တွင်လည်း မိတ်ကပ်များ မရှိသဖြင့် သူမ၏ ယခင်က ရှိခဲ့သော ဆွဲဆောင်မှုရှိသည့် အငွေ့အသက်များမှာ ပျောက်ကွယ်နေပြီး ပို၍ တည်ငြိမ်နူးညံ့သော ပုံစံပေါက်နေသည်။

“ဟန်ဝေ့လန်?”

ကူးလန်မှာ အတော်လေး အံ့သြသွားမိသည်။ သူမနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ?”

“ငါ့မိသားစုကို ဒီအနီးအနား ခရီးထွက်ဖို့ ခေါ်လာတာ၊ နင်တို့ကို မြင်တော့ ရင်းနှီးနေသလို ထင်လို့လာကြည့်တာ၊ တကယ်ကြီး နင်တို့ ဖြစ်နေမယ်လို့ မထင်ထားဘူး”

ဟန်ဝေ့လန် လေတိုက်၍ ဖရိုဖရဲဖြစ်နေသော ဆံနွယ်အချို့အား သပ်တင်လိုက်ရင်း မလှမ်းမကမ်းရှိ စားပွဲတစ်ခုကို ညွှန်ပြလိုက်သည်။ ကူးလန်တို့ လှည့်ကြည့်လိုက်ရာ ဆံပင်ဖြူဖြူနှင့် အဘွားအိုတစ်ဦးနှင့်ကောင်လေးတစ်ဦးမှ သူတို့ဘက်သို့ လှည့်ကြည့်နေသည်ကို တွေ့ရသည်။

အဘွားအိုနှင့် အကြည့်ချင်းဆုံမိသောအခါ ကူးလန် လူကြီးအား ရိုသေသောအားဖြင့် ယဉ်ကျေးစွာပြုံးပြလိုက်သော် လည်း တစ်ဖက်မှရရှိလိုက်သည့် အကြည့်မှာမူ အေးစက် စက်ပင်။

ကူးလန် : “...”

ငါ့ရုပ်က အဲ့ဒီလောက်တောင် လူမုန်းများစရာ ကောင်းနေလို့လား ?

စိတ်ပျက်လက်ပျက်ဖြင့် အကြည့်အားပြန်လွှဲလိုက်စဉ် ဟန်ဝေ့လန်မှာ ချင်ချင့် အပြစ်ကင်းစင်သော မျက်နှာလေးကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သွားပြီ! ဟန်ဝေ့လန်က ကူးချင်ချင့်ရဲ့ သူငယ်ချင်းအရင်းပဲ၊ သူမက ချင်ချင့်အကြောင်းကို အကုန်သိမှာပဲ!

ကူးလန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ဘာမှ မပြောရသေးခင်မှာပင် ဟန်ဝေ့လန်သံသယဖြင့် ရေရွတ်လိုက်သည်။

“ဒီကလေးက...”

“သူမက ချင်ချင်ရဲ့ ဝမ်းကွဲညီမလေးပါ၊ နာမည်ပြောင်က ‘ချင်ချင့်’ (ပေါ့ပါးခြင်းလို့ အဓိပ္ပာယ်ရတဲ့ ချင်) လို့ ခေါ်တယ်”

ဖူဟန် တည်ငြိမ်စွာပင် ကြားဖြတ်ရှင်းပြလိုက်သည်။

ကူးချင်ချင့်သည် ဟန်ဝေ့လန်အား သူ့မိသားစုအကြောင်း အနည်းငယ် ပြောပြခဲ့ဖူးလျှင်ပင် ဆွေမျိုးတိုင်းအား အသေးစိတ် ရှင်းပြထားလိမ့်မည် မဟုတ်ကြောင်း ဖူဟန် တွက်ဆထားပြီး ဖြစ်သည်။

ထင်သည့်အတိုင်းပင် ထိုအဖြေကို ကြားရသောအခါ ဟန်ဝေ့လန်မျက်နှာမှာ နားလည်သွားသည့် ပုံစံမျိုး ဖြစ်သွားသည်။

“အော်... ဒါကြောင့်ကိုး၊ ဒီကလေးလေးက ချင်ချင်နဲ့တော် တော်လေး ဆင်တာပဲ၊ နာမည် အသံထွက်ကလည်း အတူတူပဲ”

ဟန်ဝေ့လန် ယခင်ကလည်း ချင်ချင်အား အနည်းငယ်ဆုံတွေ့ဖူးသော်လည်း သူမ မျက်နှာကို သေချာမမြင်ဖူးခဲ့ချေ။ ဤသည်မှာ ပထမဆုံးအကြိမ် အနီးကပ် မြင်ဖူးခြင်း ဖြစ်သည်။ သူမ သူငယ်ချင်းနှင့် ဆင်နေခြင်းမှာအနည်း ငယ် အံ့သြစရာ ကောင်းသော်လည်း ကူးမိသားစုဝင် အားလုံးမှာ ရုပ်ချင်းဆင်ကြသဖြင့် ထူးဆန်းသည်ဟု မယူဆတော့ပေ။

“ချင်ချင်... အစ်မက မင်းကျဲရဲ့ သူငယ်ချင်းအရင်းကြီးလေ၊ ကျဲလို့ ခေါ်ကြည့်ပါဦး”

ဟန်ဝေ့လန် ချင်ချင့်အား စနောက်နေသော်လည်း ထိုမြင် ကွင်းကို ကြည့်နေရသော အမျိုးသားများမှာမူ ချွေးစေးများ ထွက်နေကြသည်။ ချင်ချင်မှ “ကျွန်မမှာ အစ်မ မရှိပါဘူး” ဟု ပြောလိုက်မည်ကို အလွန်ပင် စိုးရိမ်နေကြသည်။

ကံကောင်းထောက်မစွာဖြင့် ချင်ချင့် ပါးစပ်ထဲတွင် Marshmallow များ ပြည့်နေသဖြင့် သူမ အာရုံမှာ ဟန်ဝေ့လန်စကားပေါ်တွင် မရှိပေ။ တစ်ဖက်လူမှ သူမအား ခေါ်ခိုင်းနေသည်ကိုသာ သိသဖြင့် လိမ္မာစွာ ခေါ်လိုက်သည်။

“ကျဲ”

“အေးအေး... လိမ္မာလိုက်တာ”

ဟန်ဝေ့လန် ချင်ချင့် ပါးလေးကို အသာအယာ ဆွဲလိုက်ပြီး သူတို့အား မနှောင့်ယှက်တော့ရန် နှုတ်ဆက်လိုက်သည်။

“ငါ့အမေနဲ့ မောင်လေးက စောင့်နေကြတာမို့ သွားလိုက်ဦးမယ်၊ အားမနာတမ်း စားကြနော်”

“ကောင်းပါပြီ”

ကူးလန်မှာ ဟန်ဝေ့လန် ထွက်သွားသည်အထိ ဝမ်းသာအားရဖြင့် လိုက်လံ ပို့ဆောင်နေမိသည်။

သူမ ထွက်သွားသည်နှင့် လူအားလုံးမှာ ပြိုင်တူပင် သက် ပြင်းချလိုက်ကြသည်။ ကူးလန် ဖူဟန်အားစနောက်ရန် အချိန်ရသွားသည်။

“ကြည့်ရတာ ဒီအမျိုးသမီးက ခင်ဗျားကိုအရင်အတိုင်းပဲ မုန်းတုန်းပဲနော်”

သူမ သူငယ်ချင်းအတွက်ကြောင့် ဟန်ဝေ့လန်သည် ဖူဟန်အပေါ် ထားရှိသော မုန်းတီးမှုအား မျက်နှာပေါ်တွင် အမြဲ ဖော်ပြတတ်သည်။ ယခုလည်း ဖူဟန်ကို လေတစ်ခုလို သဘောထားကာ တစ်ခွန်းမျှပင် မနှုတ်ဆက်ဘဲ လျစ်လျူ ရှုသွားခဲ့ခြင်း ဖြစ်သည်။ ဖူဟန် ထိုအချက်အား ဂရုမစိုက်ပေ။ သူသည် ဇနီးဖြစ်သူသူငယ်ချင်းနှင့် ရင်းနှီးသူ မဟုတ်သောကြောင့် ဖြစ်သည်။

“ဒီနေ့ လည်ပတ်တာ ပြီးရင် မနက်ဖြန် စောစော ပြန်ကြရအောင်”

ဖူစစ်ကျင်း စိုးရိမ်တကြီး ပြောလိုက်သည်။

“ချင်ချင့်ကို တစ်ယောက်ယောက်က မှတ်မိသွားမှာ စိုးလို့”

ယခင်က အန်းရန်ရှိခဲ့ပြီး ယခု ဟန်ဝေ့လန်နှင့် ထပ်မံဆုံတွေ့ရခြင်းမှာ ချင်ချင့် လျှို့ဝှက်ချက် တစ်နေ့တွင် ပေါက်ကြားသွားစေနိုင်သော အန္တရာယ်ပင် ဖြစ်သည်။

“မလိုပါဘူး”

ဖူဟန့် အမြင်မှာ သားဖြစ်သူနှင့် ဆန့်ကျင်ဘက်ဖြစ်နေ သည်။

“အခုချက်ချင်း ထွက်သွားတာက ငါတို့ကို ပိုပြီး သံသယဖြစ်စရာ ကောင်းသွားစေလိမ့်မယ်၊ ဟန်ဝေ့လန်က ထက် မြက်တဲ့ မိန်းမတစ်ယောက်ပဲ၊ သူမရဲ့ သံသယကို ဒီအတိုင်း ဖျောက်ဖျက်ဖို့က မလွယ်ဘူး”

သားကြီး စိုးရိမ်သကဲ့သို့ပင် ဟန်ဝေ့လန်မှာ ကူးချင်ချင်အား အလွန်သိသူ ဖြစ်သည်။ သူငယ်ချင်းဖြစ်သူနှင့် အလွန်တူသော ကလေးတစ်ယောက်ကို မြင်လိုက်ရခြင်းမှာ သူမ စိတ်ထဲတွင် သံသယအရိပ်အယောင်များ ကျန်ရှိနေမည်သာ ဖြစ်သည်။ သို့သော် သာမန်လူတစ်ယောက်အနေ ဖြင့် နတ်ဘုရားနှင့် ဝိညာဉ်ရေးရာဘက်သို့ တွေးတောမိရန် မလွယ်ကူသဖြင့် သူတို့သာ တည်တည်ငြိမ်ငြိမ် နေနိုင်ပါက အထောက်အထား မရှိဘဲ ဘာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ဟန်ဝေ့လန် သူမ စားပွဲသို့ ပြန်ရောက်သောအခါ ဟန်မားမားမှာ အသားကင်များကို မောင်ဖြစ်သူအား ခွံ့ကျွေးရင်း အေးစက်စက် မေးလိုက်သည်။

“သိတဲ့လူတွေလား?”

“ဟုတ်တယ်... သမီးသူငယ်ချင်းရဲ့ မိသားစုဝင်တွေ”

ဟန်ဝေ့လန် အလွယ်တကူ ပြန်ဖြေရင်း မောင်ဖြစ်သူအတွက် အသီးအရွက်ကင်ကို ပေးလိုက်သည်။

“အသားတွေချည်းပဲ မစားနဲ့၊ အသီးအရွက်လည်း စားဦး”

ဟန်တိတိမှာ တိတ်ဆိတ်စွာပင် အသီးအရွက်များ စားလိုက်ပြီး မိခင်ပေးသော အသားကို လျစ်လျူရှုလိုက်သည်။

“သူတို့ထဲမှာ လူပျိုတွေ ပါလား? အခြေအနေ ကောင်းတယ်ဆိုရင်တော့...”

“မေမေ...”

ဟန်ဝေ့လန် မိခင်စကားကို စိတ်ပျက်စွာဖြင့် ဖြတ်လိုက်သည်။

“သမီး အခု အဲ့ဒီကိစ္စတွေကို မစဉ်းစားချင်ဘူးလို့ ပြောပြီးပြီပဲ၊ အမြဲတမ်း ဒါကိုပဲ မပြောပါနဲ့တော့”

“မစဉ်းစားဘူး၊ မစဉ်းစားဘူးနဲ့ပဲ... ညည်း အသက်က ၄၀ ရှိပြီ၊ တကယ်ပဲ တစ်သက်လုံး တစ်ယောက်တည်း နေသွားတော့မှာလား!”

ဟန်မားမား မျက်နှာပျက်သွားပြီး သူ့ ခက်ထန်သောမျက် နှာထားမှာ ပိုအေးစက်သွားသည်။ ဟန်တိတိမှာ ကြောက် လန့်သွားသဖြင့် အသံမထွက်ရဲဘဲ ခေါင်းငုံ့နေတော့သည်။

ဟန်ဝေ့လန် သူမ မိခင်အား မကြောက်သော်လည်း မိခင်ဖြစ်သူ စိတ်အနှောင့်အယှက် ဖြစ်မည်ကို မလိုလားပေ။

“မားရယ်...”

သူမ ချော့မော့သောလေသံဖြင့် ပြောလိုက်သည်။

“သမီးကို အတင်း မတိုက်တွန်းပါနဲ့တော့၊ တကယ်လို့ အဆင်မပြေရင်လည်း သမီးမှာ မောင်လေး ရှိသေးတာပဲလေ၊ နောက်ကျရင် သူ့ကို သမီးရဲ့သားအရင်းလို ပြုစုစောင့်ရှောက်မှာပေါ့၊ သူ ကြီးလာရင် သမီးကိုပြန်လုပ်ကျွေးမှာပါ”

“ဘာ သားအရင်းလဲ... သူက တကယ်တော့ ညည်းရဲ့...”

ဟန်မားမား တစ်ခုခုကို သတိရသွားသဖြင့် စကားကိုချက် ချင်း ရပ်လိုက်ပြီး စိတ်မသက်မသာဖြင့် ခေါင်းငုံ့သွားသည်။

“ညည်း သဘောပဲလေ... ညည်းလည်း အရွယ်ရောက်နေပြီဆိုတော့ ငါလည်း မပြောတော့ဘူး”

“ကျေးဇူးပါ မား”

ဟန်ဝေ့လန် မိခင်၏ရေရွတ်သံကို မကြားချင်ယောင်ဆောင်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် အကင်များထပ်မံ ပေးလိုက်သည်။

သားအမိနှစ်ယောက် ပြန်လည် အဆင်ပြေသွားသော်လည်း ဟန်တိတိမှာမူ ဟန်ဝေ့လန်အား တမ်းတသောအကြည့်ဖြင့် မော့ကြည့်လိုက်ပြီးမှ ဝမ်းနည်းရိပ်များဖြင့် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။

မဟုတ်ဘူး... ဟန်ဝေ့လန်ကတော့ သတိထားမိလိုက်သည်။

သူမ မောင်ဖြစ်သူအတွက် ဖျော်ရည်တစ်ခွက် ငှဲ့ပေးရင်း သူ့ခေါင်းလေးကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။

“ဆောရီးနော်... တိတိ၊ ကျဲက မားနဲ့ စကားပြောနေတာနဲ့ တိတိကို ပစ်ထားသလို ဖြစ်သွားတယ် ဟုတ်လား?”

“ရပါတယ်"

ဟန်တိတိမှာ တောက်ပသောအပြုံးလေးဖြင့် အစ်မဖြစ်သူ၏ကြင်နာမှုကို ဝမ်းသာအားရ လက်ခံလိုက်လေသည်။

All Chapters