← Chapters

အခန်း (၈၈)

Vol. 10 Ch. 88

အခန်း (၈၈)

Vol. 10 Ch. 88

🍼 Chapter 88

ကားမောင်းလာရင်း ဟာလာဟင်းလင်း ဖြစ်နေသော သစ်ပင်များကို ကြည့်ကာ ပိုင်ချီယွီ အနည်းငယ် နှမြောသလိုဖြင့် ရှင်းပြလိုက်သည်။

“ငါတို့လာတဲ့ ရာသီက သိပ်မကောင်းဘူး၊ အကယ်၍ နွေရာသီ ဒါမှမဟုတ် ဆောင်းဦးပေါက်မှာ လာမယ်ဆိုရင် ဒီနေရာက ပန်းတွေဝေဆာပြီး သစ်ပင်တွေမှာလည်း အသီးတွေ အပြည့်ရှိနေမှာ၊ အခုလိုမျိုး အရွက်တွေ ကြွေနေမှာ မဟုတ်ဘူး”

“ဒါက ရုတ်တရက် ဆုံးဖြတ်လိုက်တာပဲလေ၊ ဆောင်းသီးနှံလေးတွေ မြင်ရတာလည်း မဆိုးပါဘူး”

ဖူဟန် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သဖြင့် သိပ်ပြီး စိတ်ပျက်မနေပေ။

“ဝိုး! အကျင့်... ဟိုမှာကြည့်! နွားကြီး တစ်ကောင်!”

ဤကဲ့သို့ မြင်ကွင်းမျိုးနှင့် မရင်းနှီးသော ချင်ချင်မှာ ကားပြတင်းပေါက်အပြင်ဘက်တွင် အေးအေးလူလူ မြက်စားနေသော နွားညိုကြီးကို အံ့သြတကြီး လက်ညှိုးထိုးပြရင်း “ဟိုမှာ... သိုးတွေလည်း ရှိသေးတယ်!” ဟု အထပ်ထပ် ရေရွတ်နေတော့သည်။

နွားနှင့် သိုးကဲ့သို့သော တိရိစ္ဆာန်များမှာ မြို့ပြတွင် တွေ့ရခဲလှသည်။ ချင်ချင့်အတွက်တော့ ထိုတိရိစ္ဆာန်များအား ထမင်းစားပွဲပေါ်ရှိ ဟင်းပွဲများအနေဖြင့်သာ သိထားခြင်း ဖြစ်သည်။ ပန်းကန်ပေါ်ရှိ အသားများကို ကြည့်ပြီး ၎င်းတို့၏ အပြင်မှ ပုံစံအစစ်အမှန်ကို သူမ သိလိမ့်မည် မဟုတ်ပေ။

“အင်း... တွေ့တယ်၊ တွေ့တယ်”

ချင်ချင် လှမ်းဆွဲနေသဖြင့် ဖူစစ်ကျင်းလည်း မတတ်နိုင်သလို ပြန်ထူးလိုက်ရသည်။

ပြန်ထူးသံ ကြားသည်နှင့် ချင်ချင်မှာ ပိုမိုစိတ်လှုပ်ရှားသွားကာ နွားညိုကြီးကို မျှော်လင့်တကြီး လက်ညှိုးထိုးရင်း မေးလိုက်သည်။

“ချင်ချင့် ခဏနေရင် အဲ့ဒီနွားကြီးဆီကနေ နွားနို့ သွားညှစ်လို့ ရမလားဟင်?”

ကလေးအတွေးထဲမှာ နွားနို့ဆိုတာ နွားဆီကလာတာ၊ နွားနို့ရဖို့ နွားကို ညှစ်ရမယ်၊ ပြီးရင် သောက်လို့ရပြီဆိုတဲ့ အတွေးက တကယ်ကို ယုတ္တိတန်လှသည်။

“မရဘူး”

ကံဆိုးစွာပင် လက်တွေ့ကျလှသော လူကြီးများမှာ သူမ၏ စိတ်ကူးယဉ်မှုအား ဖျက်ဆီးပစ်လိုက်သည်။

“အဲ့ဒါတွေက နို့စားနွားတွေ မဟုတ်ဘူး၊ နို့မထွက်ဘူး ပြီးတော့ အခုလေးတင် ညှစ်ထားတဲ့ နွားနို့ကိုလည်း တိုက်ရိုက်သောက်လို့ မရဘူး”

“နွားဆိုတာ နွားပဲလေ၊ ဘာလို့ နို့ထွက်တဲ့နွားနဲ့ နို့မထွက်တဲ့နွားဆိုပြီး ကွဲနေတာလဲ?”

ထိုမေးခွန်းမှာ ချင်ချင့် ဥာဏ်ဖြင့် နားမလည်နိုင်အောင် ဖြစ်နေသည်။

ဖူစစ်ကျင်းလည်း ဘယ်လိုရှင်းပြရမှန်း မသိသဖြင့် “အဖြူအမဲကြား နွားတွေပဲ နို့ထွက်တာ၊ ဒီနွားညိုကြီးတွေက နို့မထွက်ဘူး” ဟုသာ အလွယ်ပြောလိုက်တော့သည်။

(အမှန်စင်စစ် ၎င်းတို့မှာလည်း နို့ထွက်သော်လည်း လူသောက်ရန်အတွက် ရည်ရွယ်သည့် နို့စားနွားမျိုး မဟုတ်ပေ။)

ချင်ချင်မှာ နားလည်သလိုလို ရှိသော်လည်း မကြာခင်မှာပင် “ဗျပ်ဗျပ်” ဟု မြည်နေသော ဘဲလေးတစ်အုပ်ဆီသို့ အာရုံရောက်သွားပြန်သည်။

“ဝိုး... ဘဲပေါက်လေးတွေ!”

သူ့အတွက်တော့ အရာအားလုံး အသစ်အဆန်းများ ဖြစ်နေသည်။

အန်းရန် ချင်ချင် ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ မိခင်ဘဲမကြီး နောက်မှနေ၍ ကန်ရေပြင်ပေါ်တွင် တန်းစီကူးခတ်နေသော အဝါရောင် ဘဲပေါက်လေးများကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းမှာ တကယ်ပင် ကြည်နူးစရာကောင်းပြီး ချစ်စရာကောင်းလှသဖြင့် ကလေးတွေ ကြိုက်နှစ်သက်ကြသည်မှာ မဆန်းပေ။

ချင်ချင် ထိုဘဲလေးများကို စိုက်ကြည့်ရင်း ရုတ်တရက် ပြောလိုက်၏။

“ချင်ချင် ဘဲဥငန် စားချင်တယ်”

အန်းရန် : “...”

(ငါမှားသွားတယ်၊ ဒီအစားကြူးတဲ့ ပုစိလေးအပေါ်မှာ ဒီထက်ပိုပြီး မြင့်မားတဲ့ မျှော်လင့်ချက်တွေမထားသင့်ခဲ့ဘူး။)

ထိုမျှတင်မကသေးဘဲ ချင်ချင်မှာ နောက်ပိုင်းတွင် တွေ့ရသည့် အခြားတိရိစ္ဆာန်လေးများကိုလည်း ထိုအတိုင်းပင် တုံ့ပြန်လေသည်။

“ဝိုး... ကြက်သား မှိုဟင်း!”

“ဝိုး... ငါးသံပုရာ ပေါင်း!”

“ဝိုး... ယုန်သား ဆီပြန်ဟင်း!”

“ဝိုး... ဝက်ကလေး ကင်!”

အခုဆိုလျှင် အန်းရန် တစ်ယောက်တည်းတင်မကဘဲ ကားပေါ်ရှိ အခြားသူများပါ ထူးဆန်းစွာတိတ်ဆိတ်သွားကြရတော့သည်။

“ဝိုး” လို့ အော်နေတာကို ခဏလောက် ရပ်ပေးပါဦးလား? အပြင်က တိရိစ္ဆာန်လေးတွေက အန္တရာယ်ကိုရိပ်မိပြီး တုန်လှုပ်နေကြတာ မမြင်ဘူးလား?

ချင်ချင်မှာ ဘာမှသတိထားမိပုံမပေါ်ပေ။ ထို့အပြင် သူမသည် ဒီညအတွက် မီနူးကိုပါ ချက်ချင်း ဆုံးဖြတ်လိုက်သည်။

“ဦးဦး... ဒီည ငါတို့ ဘာဘီကျူး စားကြမလား?”

သူမ ဘာဘီကျူး တစ်ခါမှ မစားဖူးပေ၊ တီဗွီထဲမှာပဲ မြင်ဖူးခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် လူများမှာ ဒီလိုနေရာမျိုး လာလျှင် မီးပုံကြီးတွေ ဖိုကြသည်၊ လူတစ်စုက မီးပုံဘေးမှာ ကခုန်သီဆိုရင်း ဘာဘီကျူးစားကာ အအေးသောက်ကြသည် မဟုတ်လား? တီဗွီထဲမှာ မြင်ဖူးသည့်အတိုင်း အသစ်အဆန်းကို စမ်းသပ်ချင်နေသော ကလေးမလေးမှာလည်း ထိုသို့လုပ်ချင်နေခြင်း ဖြစ်သည်။

“ရတာပေါ့”

ချင်ချင်အား အပြင်ခေါ်လာပြီး ကစားခိုင်းတာဖြစ်ရာ ဖူဟန်အနေဖြင့် သူမ တောင်းဆိုမှုမှန်သမျှကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ကလေးများမှာ "အပူစာ" တွေ အများကြီးစားလျှင် လည်ချောင်းနာတတ်သော်လည်း ကိစ္စမရှိပေ။ ဖူဟန် ဂျင်းလက်ဖက်ရည်နှင့် တရုတ်တိုင်းရင်းဆေး ကဲ့သို့သော ဆေးအိတ်များကိုပါ ကြိုတင်ပြင်ဆင်လာခဲ့သည်။

အကယ်၍ သူမ အားရပါးရ စားချင်တယ်ဆိုလျှင်တော့ နောက်ဆက်တွဲအနေနဲ့ ဆေးခါးကြီးများ သောက်ရမည့်ဒဏ်ကို ခံနိုင်ရည်ရှိဖို့ လိုလိမ့်မည်။ ချင်ချင်မှာ သူမကိုယ်သူမ မသိလိုက်ဘဲ ကျော့ကွင်းထဲ ဆင်းမိသွားပြီဖြစ်သော် လည်း တီဗွီထဲကလို မီးပုံပွဲလေးကိုသာ မျှော်လင့်နေတော့ သည်။ သို့သော် ၎င်းမှာ ညပိုင်းလှုပ်ရှားမှုဖြစ်ပြီး အခုမှ နေ့လယ်ရှိသေးသဖြင့် စဉ်းစားရန် စောလွန်းနေသေးသည်။ ပိုင်ချီယွီ သူငယ်ချင်း ဖွင့်ထားသော အပန်းဖြေစခန်းမှာ ရှေးဟောင်းမြို့လေးတစ်ခုလုံးအတွင်း တည်ရှိခြင်း ဖြစ်သည်။

ထိုနေရာရှိ အဆောက်အဦးများမှာ ရှေးဆန်ပြီး ခန့်ညားလှသည်။ အထဲသို့ ခြေချလိုက်သည်နှင့် ရှေးဟောင်းခေတ် ကာလတစ်ခုဆီသို့ အချိန်ခရီးနှင်လိုက်ရသလို ခံစားရစေသည်။ အပန်းဖြေစခန်းမှာ မြို့စွန်တွင် တည်ရှိပြီး ခံ့ညားလှပသော ဝင်းခြံကြီးမှာ အဝေးမှကြည့်လျှင် ရှေးဟောင်းတည်းခိုဆောင်ကြီးတစ်ခုနှင့် ဆင်တူလှသည်။ ဝင်ပေါက်တွင် ချိတ်ဆွဲထားသော အနီရောင် မီးအိမ်တွဲကြီးနှစ်ခုကပွဲတော်ရက်တစ်ခုလို ထူးခြားမှုကိုပေးစွမ်းနေသည်။ ဝင်းခြံရှေ့တွင် ကားရပ်ရန် ကျယ်ဝန်းသော မြေကွက်လပ်ကြီးတစ်ခုလည်း ရှိနေသည်။

ကူးလန် ကားပါကင်ထိုးပြီးနောက် အားလုံးကို ကားပေါ်မှဆင်း၍ ပစ္စည်းများယူရန် လှမ်းခေါ်လိုက်သည်။ မူလက သီးခြားစီလာရန် စီစဉ်ထားသော်လည်း ချင်ချင့်အတွက် ပစ္စည်းယူရန် ဖူအိမ်တော်သို့ ဝင်လိုက်စဉ် ဖူစစ်ကျင်း နှင့် ဖူစစ်ချန်တို့နှင့် ဆုံခဲ့သဖြင့် ပစ္စည်းများ အပိုထည့်ကာ အတူတူ လာခဲ့ကြခြင်းဖြစ်သည်။ ပိုင်ချီယွီပင်လျှင် ပစ္စည်းများ ချနေစဉ်အတွင်း သူ့လက်ထောက်အား ဖုန်းဆက်ကာ အဝတ်အစား နှစ်စုံနှင့် နေ့စဉ်သုံးပစ္စည်းအချို့ လာပို့ခိုင်း လိုက်သေးသည်။

ကူးလန် ထိုသို့ ဒုက္ခခံနေရန်မလိုပေ။ ဖူအိမ်တော်တွင် သူ့အတွက် သီးသန့်အခန်းနှင့် အဝတ်အစားများ အမြဲတမ်း အဆင်သင့်ရှိနေသောကြောင့် ဖြစ်သည်။ ထိုအခန်းမှာ ချင်ချင် သူ့မောင်လေးဖြစ်သူ အချိန်မရွေး လာရောက်နေထိုင်နိုင်ရန်အတွက် အမြဲပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

အမှန်စင်စစ် ချင်ချင့်က ထိုသို့တိုက်ရိုက်ပြောခဲ့ခြင်း မဟုတ်သော်လည်း ကူးလန် သူ့ဘာသာ ထိုသို့သာ အဓိပ္ပာယ်ဖွင့်ဆိုပြီး စိတ်ကူးယဉ်နေခြင်းဖြစ်သည်။ သူ့အစ်မဖြစ်သူမှာ ကြီးပြင်းလာသည်နှင့်အမျှ နားလည်ရခက်သူတစ်ဦး ဖြစ်လာခဲ့သည် မဟုတ်လား?

သူကိုယ်တိုင်လည်း Tsundere (စိတ်ရင်းကောင်းပေမဲ့ မျက်နှာထားတင်းသူ) တစ်ယောက်ဖြစ်နေသည်ကိုတော့ သူသတိထားမိပုံမပေါ်ပေ။ မောင်နှမနှစ်ယောက်စလုံး တစ် ဖက်နှင့်တစ်ဖက် အလျှော့မပေးဘဲ အားပြိုင်နေကြခြင်း ဖြစ်သည်။ အပန်းဖြေစခန်းပိုင်ရှင်မှာ ပိုင်ချီယွီ၏စစ်ဖက်မှ ရဲဘော်ဟောင်း ချန်ဖုန်းဖြစ်သည်။ စစ်တပ်မှ အနားယူပြီးနောက် ဇာတိမြေသို့ပြန်ကာ အိမ်ထောင်ကျပြီး ဇနီးဖြစ်သူနှင့်အတူ ဤလုပ်ငန်းကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ ကနဦးအရင်းအနှီး မလုံလောက်သဖြင့် ပိုင်ချီယွီထံမှ ငွေချေးခဲ့ဖူးရာ၊ အခုလို သူငယ်ချင်းဖြစ်သူမှ ဧည့်သည်များ ခေါ်လာသည်ကို မြင်သောအခါ ဇနီးမောင်နှံနှစ်ဦး နွေးထွေးစွာ ကြိုဆိုကြတော့သည်။

“အစ်ကိုကြီးပိုင်... မတွေ့ရတာ ကြာပြီနော်!”

ချန်ဖုန်း ပိုင်ချီယွီကို ဝမ်းသာအားရ ပြေးဖက်လိုက်သည်။ သူက ၁.၉ မီတာခန့် အရပ်ရှိသော လူကောင်ကြီးဖြစ်ပြီး ၁.၈၈ မီတာရှိသော ပိုင်ချီယွီအား ဝက်ဝံကြီးတစ်ကောင်လို ပွေ့ဖက်လိုက်ခြင်းဖြစ်သည်။ ပိုင်ချီယွီ အရပ်အနည်းငယ် ပိုပုသော်လည်း သူတို့ကြားမှ အရှိန်အဝါမှာတော့ အရပ်အ မောင်းနှင့် မသက်ဆိုင်ပေ။ ချင်ချင့်အမြင်မှာတော့ ဝက်ဝံကြီးတစ်ကောင်က ကျားသစ်တစ်ကောင်ကို ဖက်ထားသလိုပင်။ ဝက်ဝံကြီးမှာ ထုံထိုင်းသော်လည်း ကျားသစ်ကတော့ ဖျတ်လတ်ထက်မြက်လှသည်။ သို့သော် ထုံထိုင်းသောဝက်ဝံကြီးမှာ ကျားသစ်အားဖက်ရဲသည်ဆိုကတည်း ကကျားသစ်မှ သူ့အား ပြန်မကိုက်မှာကို သေချာနေသလိုမျိုးပင်။

ပိုင်ချီယွီ ချန်ဖုန်းကို မနှစ်မြို့သလိုဖြင့် တွန်းထုတ်လိုက်ကာ “ဖယ်စမ်းပါ၊ ယောက်ျားကြီးတွေ ဖြစ်ပြီး ဘာတွေ လာဖက်နေတာလဲ”

“ဟဲဟဲ... အစ်ကိုကြီးပိုင်နဲ့ မတွေ့ရတာကြာလို့ ဝမ်းသာသွားလို့ပါ”

ချန်ဖုန်း ခေါင်းနောက်ဘက်ကိုကုတ်ရင်း ရိုးသားစွာ ပြုံးပြလိုက်သည်။

“အော်... မိတ်ဆက်ပေးဖို့ မေ့နေတာ၊ ဒါ ငါ့မိန်းမ ကျန်းလီ၊ အားလီ... ဒါက ငါ စစ်တပ်မှာတုန်းက အခင်ဆုံး သူငယ် ချင်း ပိုင်ချီယွီပဲ၊ အစ်ကိုကြီးပိုင်လို့ပဲ ခေါ်လိုက်”

ချန်ဖုန်းဘေးတွင် ရိုးရိုးယဉ်ယဉ် ဝတ်ဆင်ထားသော အမျိုး သမီးတစ်ဦး ရှိနေသည်။ သူမသည် ရုပ်ရည်အားဖြင့် သာမန်ပင် ဖြစ်သော်လည်း သိမ်မွေ့နူးညံ့သော အရှိန်အဝါ ရှိသည်။

“ခယ်မလေး”

ပိုင်ချီယွီ ကျန်းလီအား ယဉ်ကျေးစွာနှုတ်ဆက်လိုက်ရာ၊ ကျန်းလီကလည်း အနည်းငယ် အားနာသလိုဖြင့် “အစ်ကိုကြီးပိုင်” ဟု ပြန်ခေါ်လိုက်သည်။ ပိုင်ချီယွီလို ဖိအားပေးနိုင်သော အရှိန်အဝါမျိုး ရှိသူနှင့် သူမတစ်ခါမှ မဆုံဖူးသလို၊ အခုလို ခန့်ညားသော လူအုပ်ကြီးကိုလည်း တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမ တစ်ဦးတည်းသော သမီးလေး ယွီရွှယ်ပင်လျှင် သူတို့ကြားတွင်အတော်လေးအားငယ်သွားပုံရသည်။ ကျန်းလီမှာ အနည်းငယ် စိတ်လှုပ်ရှားနေသဖြင့် ခဏမျှ စကားပြောပြီးနောက် မီးဖိုချောင်သို့ သွား၍ အစားအ သောက် ပြင်ဆင်ရန် အကြောင်းပြကာ ထွက်သွားတော့သည်။

“နေ့လယ်စာကို ကျွန်တော် တည်ခင်းပါရစေ”

ချန်ဖုန်း ရက်ရောစွာ ပြောသော်လည်း ပိုင်ချီယွီ တားလိုက်သည်။

“မလိုပါဘူး၊ ကျသင့်တာကိုသာ ယူပါ၊ မင်းတို့ စီးပွားရေး လုပ်နေတာပဲ၊ သိတဲ့သူတိုင်းကို အခမဲ့ပေးနေရင် လုပ်ငန်းက ရှုပ်ထွေးသွားလိမ့်မယ်”

ချန်ဖုန်း ထပ်မံ ပြောဆိုသော်လည်း ပိုင်ချီယွီ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ချန်ဖုန်းလည်း မတတ်နိုင်ဘဲ မီးဖိုချောင်သို့သွား၍ ဧည့်သည်များအတွက် အကောင်းဆုံးနှင့် အများဆုံး ပြင်ဆင်ပေးရန် ဇနီးဖြစ်သူအား မှာကြားလိုက်တော့ သည်။ ချန်ဖုန်း၏တည်းခိုဆောင်တွင် ရှေ့ဆောင်နှင့် နောက်ဆောင်ဟူ၍ အဆောက်အဦး နှစ်ခုရှိသည်။ ရှေ့မှ အဆောက်အဦးလေးမှာ စားသောက်ဆိုင် ဖြစ်သည်။

ပထမထပ်တွင် ဒေသထွက် တောဓလေ့ ဟင်းလျာများကို ဘူဖေးစနစ်ဖြင့် ရရှိနိုင်ပြီး၊ ဒုတိယနှင့် တတိယထပ်တွင်မူ သီးသန့်စားလိုသူများအတွက် အခန်းများ ရှိသည်။ နောက်ဘက်ရှိ ပိုကြီးသော အဆောက်အဦးမှာ ငါးထပ်ရှိသော တည်းခိုဆောင် ဖြစ်သည်။ အခန်းတိုင်းကို ရှေးဟောင်းစတိုင်လ် ပြင်ဆင်ထားပြီး ကုတင်များမှာပင် ပန်းတော့လက်ရာများ ပါဝင်သော Canopy ကုတင်များ ဖြစ်သည်။ သို့သော် မွေ့ရာနှင့် အခင်းများမှာ ခေတ်မီသဖြင့် အိပ်စက်ရာတွင် သက်သောင့်သက်သာရှိလှသည်။

အဆောက်အဦး နှစ်ခုကြားတွင် ဟင်းသီးဟင်းရွက် စိုက် ခင်းလေး တစ်ခုရှိပြီး အလှပင်များဖြင့်ပါ ဝေဆာနေသည်။ နံရံဘေးတစ်လျှောက်တွင် ရှေးဟောင်းစတိုင်လ် စင်္ကြံလမ်းရှည်ကြီး ရှိကာ ကျောက်သား ဘာဘီကျူး မီးဖိုများနှင့် ကျောက်သား ထိုင်ခုံများ စီထားသည်။ ၎င်းမှာ အပြင်ဘက်တွင် ဘာဘီကျူးလုပ်စားလိုသူများအတွက် ဖြစ်ပြီး စိုက်ခင်းထဲမှ ဟင်းသီးဟင်းရွက်များကိုပါ မိမိဘာသာ ခူးယူနိုင်သဖြင့် ဧည့်သည်များအတွက် တကယ်ကို ပျော်စရာကောင်းလှသည်။

ဤအပန်းဖြေစခန်းမှာ ရှုခင်းလှပပြီး လေကောင်းလေသန့် ရရှိသည့်အပြင် လှုပ်ရှားမှုများစွာလည်း ရှိသဖြင့် တကယ်ပင် ကောင်းမွန်လှသည်။ ဖူဟန်တို့မှာ ကြိုတင်ပြင်ဆင်မှု မရှိဘဲ လာခဲ့ခြင်းဖြစ်သဖြင့် တည်းခိုဆောင်မှ အကြံပြုသော ခရီးစဉ်အတိုင်းသာ လိုက်လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ပထမဆုံး လှုပ်ရှားမှုမှာ ဝါးဖောင်စီးခြင်း ဖြစ်သည်။ ကယက်လှေစီးခြင်းမှာ အန္တရာယ်ရှိသဖြင့် ချင်ချင့်လို ကလေးလေးအတွက် အကြံမပြုပေ။ ဝါးဖောင်စီးခြင်းမှာမူ ရေစီးမသန်သော နေရာတွင် ပြုလုပ်ခြင်းဖြစ်ရာ ပိုစိတ်ချရသည်။

ဖူဟန်နှင့် အခြားသူများ ချင်ချင့်အား ခေါ်လာခဲ့သော် လည်း ပြဿနာတစ်ခုနှင့် ကြုံရပြန်သည်၊ ၎င်းမှာ "ဘယ်သူက ချင်ချင့်နဲ့ အတူစီးမလဲ" ဆိုသည့် ကိစ္စပင်။

ဝါးဖောင်တစ်ခုလျှင် လူနှစ်ယောက်သာ စီးနိုင်ခြင်း ဖြစ်သည်။ ဖူစစ်ချန်နှင့် အန်းရန်တို့ အတွဲလိုက်ဖြစ်သွားပြီဖြစ်ရာ၊ ကျန်ရှိသော အမျိုးသားလေးဦးထဲမှ တစ်ယောက်သာ ချင်ချင်နှင့် အတူစီးခွင့် ရမည်ဖြစ်သည်။ ကျန်တဲ့သူတွေကတော့... တစ်ယောက်နဲ့တစ်ယောက် အတူတူ မစီးချင်ကြပေ။

“ဒီလိုလုပ်၊ ငါက ချင်ချင်နဲ့ စီးမယ်၊ စစ်ချန်က အန်းရန်နဲ့၊ စစ်ကျင်းက မင်းအဖေနဲ့စီး၊ ပိုင်ချီယွီကတော့ အဖော်တစ်ယောက်ယောက် ရှာစီးလိုက်ပေါ့”

ကူးလန် အကြံပြုလိုက်သည်။

ပိုင်ချီယွီ မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားကာပြန် ပြောလိုက်သည်။

"ငါက ချင်ချင်နဲ့ စီးမယ်၊ မင်းကသာ အဖော်ရှာစီး ဒါမှမဟုတ် တစ်ယောက်တည်း စီးလိုက်”

“ဘာလို့ ငါက ဖယ်ပေးရမှာလဲ ? ငါက သူ့မောင်လေးပဲ၊ မောင်နှမတွေ အတူတူစီးတာက ပိုကောင်းတာပေါ့”

“ငါက သူ့ခင်ပွန်းလေ၊ လင်မယားနှစ်ယောက် အတူစီးတာက ပိုမသင့်တော်ဘူးလား?”

ဖူဟန်ကလည်း အရှုံးမပေးဘဲ ပါဝင်ငြင်းခုံလိုက်ပြန်သည်။

လူကြီး သုံးယောက်မှာ အပြင်းအထန် ငြင်းခုံနေကြစဉ်မှာပင် လူငယ်များမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

မည်သူမျှ သတိမထားမိခင်မှာပင် ဖူစစ်ကျင်း ချင်ချင့်အား ချီကာလက်မှတ်ဝယ်၍ ဝါးဖောင်ပေါ်သို့ အမြန်တက်သွားတော့သည်။ ၎င်းကို မြင်လိုက်ရသော အန်းရန်ကလည်း စစ်ချန်အား ဆွဲကာ နောက်မှ လိုက်သွားသည်။

“ဘာလို့ အဲ့လောက် အလျင်စလိုဖြစ်နေတာလဲ?”

စစ်ချန် ဘာမှနားမလည်သေးသဖြင့် အန်းရန် သူ့လက် မောင်းကို ရိုက်လိုက်ကာ

“နုံလိုက်တာ၊ ချင်ချင့်ကို ရှင့်အစ်ကိုက ပြန်ပေးဆွဲသွားပြီလေ! ငါတို့က ဒီမှာနေပြီး လူကြီးတွေရဲ့ ဒေါသပုံချတာကို ခံမလို့လား?”

“အော်... အဲ့ဒါဆိုလည်း ပြေးကြစို့၊ ပြေးကြစို့!”

အခြေအနေအား သဘောပေါက်သွားသော စစ်ချန်မှာ အန်းရန်ကိုဆွဲကာ ဝါးဖောင်ပေါ်သို့ အမြန်တက်လိုက်တော့ သည်။ လူငယ်စုံတွဲလေးမှာ လူကြီးများကို ကျော်ဖြတ်နိုင်သွားသဖြင့် ပါးစပ်လေးပိတ်ကာ တခိခိ ရယ်မောနေကြသည်မှာ ခရင်မ်ခိုးစားထားသော ကြောင်ကလေးနှစ်ကောင်နှင့် တူလှသည်။

အန်းရန် ခန့်မှန်းထားသည့်အတိုင်းပင်၊ လူကြီး သုံးယောက်စလုံး ချင်ချင်ပျောက်သွားသည်ကို သိလိုက်ရချိန်တွင် မျက်နှာများမှာ မှိုင်ညှို့သွားကြတော့သည်။ သူတို့ နောက်မှ လိုက်ချင်သော်လည်း ချင်ချင်တို့ဖောင်မှာ အဝေးသို့ ရောက်နေပြီဖြစ်ရာ လိုက်ရန်မဖြစ်နိုင်တော့ပေ။

ကူးလန် အတော်လေး စိတ်တိုသွားရသည်။

All Chapters