အခန်း (၉၁)
Vol. 11 Ch. 91
🍼 Chapter 91
ပါတီပွဲလေးမှာ ပျော်ရွှင်ကြည်နူးဖွယ်ရာ အတိပြီးနေ၏။ တစ်နေ့တာလုံး အားပါးတရ ဆော့ကစားထားသော ချင်ချင်မှာမူ ပွဲအလယ်၌အိပ်စက်ချင်စိတ်ကို မအောင့်အီးနိုင်တော့ဘဲ ခေါင်းလေးတညိတ်ညိတ်ဖြင့် ငိုက်မြည်းလာတော့သည်။
ဖူဟန်သည် သူမ၏ အိပ်ငိုက်နေသော အမူအရာအား သတိထားမိသဖြင့် ပွေ့ချီလိုက်ပြီး ကျန်သူများကို အချက် ပြကာ “ငါ ချင်ချင်ကို အရင်သွားသိပ်လိုက်ဦးမယ်”
“အင်း”
ချင်ချင် ဖူဟန်နှင့်မှ အိပ်ပျော်တတ်သည်မှာ သူတို့ကြားတွင် နားလည်မှုရပြီးသားဖြစ်သဖြင့် ကူးလန်လည်း ကန့်ကွက်ခြင်း မပြုခဲ့ပေ။
ပိုင်ချီယွီမှာမူ ဘာမှပြောပိုင်ခွင့်မရှိချေ။ အမှန်စင်စစ် သူသည် ကူးချင်ချင်၏ သူငယ်ချင်းဟောင်းတစ်ယောက်သာ ဖြစ်သဖြင့် သူမနှင့် ထိုမျှအထိ နီးကပ်ခွင့်မရှိပေ။ ပိုင်ချီယွီ မျက်နှာပေါ်မှ ဖုံးမရသော စိတ်ပျက်မှုကိုမြင်သောအခါ ကူးလန်သည် သူ့ပုခုံးအား ပုတ်ပေးလိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။
ကလေးမရှိတော့သည့်နောက်တွင် လူစုမှာ ဆက်လက်ဆင်နွှဲကြရာ လူတိုင်း အရက်သောက်ဖြစ်ကြ၏။ ပိုင်ချီယွီ အများဆုံးသောက်သော်လည်း အရှိန်အဟုန်ဖြင့် သောက်နေပါလျက်နှင့် မူးမသွားသည့် သူ့အရက်သောက်နိုင်စွမ်းကို လူတိုင်း အံ့ဩနေကြသည်။ အတော်ကြာအောင် သောက်စားပြီးကြသည့်အခါ လူတိုင်း အတော်လေး မူးနေကြပြီဖြစ်၍ ကိုယ့်အခန်းကိုယ်ပြန်ကာ အနားယူကြတော့ သည်။
“ရှင်... ရှင်က အရမ်းလေးတာပဲ!”
အန်းရန် မူးနေသော ဖူစစ်ချန်အား တွဲလျက်ဓာတ်လှေကားထဲသို့ အနိုင်နိုင်ခေါ်ဆောင်လာရ၏။ သူတို့နှစ်ဦးမှာယိုင်တိယိုင်တိုင်နှင့် လဲကျမတတ် ဖြစ်နေသော်လည်းအန်းရန် တောင့်ခံထားနိုင်ဆဲပင်။
“ဘာလို့ ဒီလောက်တောင် သောက်ရတာလဲ? အရက်အဆိပ်တက်မှာ မကြောက်ဘူးလား?”
ဖူစစ်ချန်ထံမှ ထွက်နေသော အရက်နံ့များကြောင့် အန်းရန်မှာ ခေါင်းမူးလာပြီး ဤလူယုတ်မာကြီးအားဒေါသတကြီးနှင့် ပစ်ချထားခဲ့ချင်စိတ် ပေါက်လာ၏။ သူမသည် အရက်နံ့ကို အလွန်မုန်းတီးသည်။ အင်မတန် နံစော်လှပေသည်။
ဓာတ်လှေကားမှာ ထိုအလွှာသို့ ရောက်၍ ‘ဒင်’ ခနဲ ပွင့်သွား၏။ အန်းရန် ဖူစစ်ချန်အား တွဲလျက်အမြန်ထွက်လိုက်ရာ ဓာတ်လှေကားထဲသို့ ဝင်ရန် ပြင်နေသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို တိုက်မိမလိုဖြစ်သွားသည်။ ထိုလူ ဘေးသို့ အမြန်ဖယ်ပေးလိုက်သဖြင့် အန်းရန်လည်း တောင်းပန်သည့်အနေဖြင့် ခေါင်းငြိမ့်ပြကာ
“အားနာပါတယ်ရှင်”
“ရပါတယ်”
မီးလောင်ကျွမ်းထားသည့်နှယ် အက်ရှရှအသံကြီးမှာနားမ ခံသာစရာ မဟုတ်သော်လည်း တစ်မျိုးကြီးချောက်ချားဖွယ်ကောင်းလှသည်။ အန်းရန်မှာ ခေတ္တမျှကြောင်အသွားပြီး ဗီဇအရ နောက်လှည့်ကြည့်လိုက်ရာ ထိုလူသည် ဓာတ်လှေကားထဲသို့ ဝင်သွားပြီဖြစ်ကာ တံခါးမှာလည်း သူမရှေ့တွင် ဖြည်းညှင်းစွာပိတ်သွားတော့သည်။
“ထူးဆန်းတဲ့လူပဲ”
သူမ ပုခုံးတစ်ချက်တွန့်လိုက်ပြီး အလွန်အမင်း မူးနေသော ဖူစစ်ချန်ကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်၏။ ထို့နောက် အလျှော့ပေးလိုက်ရသည့်အလား သူ့ကို ပြန်တွဲကာ ဝက်ဝံကြီးတစ်ကောင်အား ဆွဲလာသကဲ့သို့ အခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။
“တကယ်ပါပဲ၊ ကြည့်တော့သာ ပိန်ပိန်လေး၊ ဘာလို့ ဒီလောက် လေးနေရတာလဲ!”
သူမ ဒေါသတကြီးဖြင့် ကြိတ်မနိုင်ခဲမရရေရွတ်နေမိသည်။
နောက်ဆုံးတွင် သူ့အား အခန်းထဲသို့ ခေါ်ဆောင်လာနိုင်ခဲ့သဖြင့် အန်းရန်မှာ အတော်လေး ပင်ပန်းသွားချေပြီ။ သူမ ဖူစစ်ချန်ကို ဆိုဖာပေါ်သို့ လွှတ်ချလိုက်ပြီး နဖူးမှ ချွေးများကို သုတ်ကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်ခဲ့၏။
အရာအားလုံး ပြီးစီးသွားချိန်တွင် သူမထံမှ အသားကင်နံ့များ၊ ချွေးနံ့နှင့် အရက်နံ့များ ရောပြွမ်းနေသဖြင့် အလွန်ပင် စိတ်မသက်မသာ ဖြစ်ရသည်။ အညစ်အကြေး ကြောက်တတ်သောရောဂါ အနည်းငယ်ရှိသည့် သူမအဖို့တော့ သည်းခံနိုင်စရာ မရှိပေ။
သူမ ကိုယ်တိုင် သန့်ရှင်းရေးလုပ်ပြီးနောက် ဖူစစ်ချန်ကိုလည်း သန့်ရှင်းရေး လုပ်ပေးရပြန်သည်။ အလုပ်ရှုပ်နေသဖြင့် အန်းရန်မှာ တစ်ကိုယ်လုံး ချွေးပြန်သွားပြန်ရာ ထိုလူယုတ်မာကြီးအား နေရာတကျ ထားပြီးနောက် နောက်တစ်ကြိမ် ထပ်မံ ရေချိုးလိုက်ရပြန်သည်။
တကယ့်ကို မျှော်လင့်ချက်မဲ့စရာပင်။
အချိန်မှာ အတော်နောက်ကျနေပြီဖြစ်သလို သူမလည်း အလွန်ပင် ပင်ပန်းနေချေပြီ။ သူမ အခန်းမှာ အောက်ထပ်တွင် ဖြစ်သော်လည်း အန်းရန်တစ်ယောက် ပြန်ရန် ပျင်းနေသဖြင့် ဖူစစ်ချန်၏ တီရှပ်တစ်ထည်ကိုသာ ညဝတ်အင်္ကျီအဖြစ် ယူဝတ်လိုက်ပြီး သူ့ကုတင်ကြီးပေါ်တွင် သက်သောင့်သက်သာ နေရာယူလိုက်တော့သည်။
ဖူစစ်ချန်မှာမူ... သနားစရာကောင်းသော ထိုလူသားမှာ သူ့အရပ်အမောင်းနှင့် မလိုက်အောင် ဆိုဖာပေါ်တွင် ကွေးကွေးလေး ဖြစ်နေကာ ဟိုတယ်စောင်အပိုတစ်ခုကို လွှမ်းထားရ၏။
သန်းခေါင်ယံအချိန်တွင် ဖူစစ်ချန် ဆိုဖာပေါ်၌ သက်သောင့် သက်သာ မရှိသဖြင့် ဝေဝေဝါးဝါး နိုးလာပြီး ကုတင်ပေါ်သို့ စမ်းတဝါးဝါး တက်ကာ ချက်ချင်းပင်ပြန်လည် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက်တွင် စူးရှသော အော်ဟစ်သံကြီး ပေါ်ထွက်လာသဖြင့် အန်းရန်မှာ အိပ်မက်ကောင်းနေစဉ် လန့်နိုးသွား၏။
“ရှင် ဘာလုပ်တာလဲ!”
အန်းရန် သူမ၏ နာမည်ကြီးလှသော ဒေါသအတိုင်း ဖူစစ်ချန်အား ကုတင်ပေါ်မှ ကန်ချလိုက်တော့သည်။
ဖူစစ်ချန်မှာ ပက်လက်လန် လဲကျသွားပြီး စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ထိတ်လန့်တကြား အမူအရာဖြင့် အန်းရန်ကို တစ်လှည့် မိမိကိုယ်ကို တစ်လှည့် လက်ညှိုးထိုးပြကာ
“မင်း... မင်း... ငါ... ငါ... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”
သူ၏ ရှက်ရွံ့ပြီး မခံမရပ်နိုင်ဖြစ်နေသော ပုံစံမှာ လူမိုက်မလေးတစ်ဦး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသောအပြစ်ကင်းစင်သည့် ကောင်လေးတစ်ယောက်နှင့်ပင် တူနေတော့သည်။
အန်းရန် : “...”
နိုးလိုက်စမ်းပါ သူငယ်ချင်း၊ ငါတို့ ဇာတ်ညွှန်းတွေ မှားနေပြီ။
အန်းရန်မှာ ဘာမှမတတ်နိုင်ဘဲ နဖူးကို လက်နှင့်အုပ်ကာ ဝန်ခံလိုက်ရသည်မှာ... နှစ်အတော်ကြာ အတူရှိခဲ့သော် လည်း ဖူစစ်ချန်မှာ အခုထိတော့ အပြစ်ကင်းစင်သည့် လူပျိုလေး ဖြစ်နေဆဲပင်။
ဟုတ်ပါသည်၊ သူမကိုယ်တိုင်လည်း အပျိုစင်လေး ဖြစ်နေပါသေးသည်။
ခေတ်သစ်လူ့အဖွဲ့အစည်းမှာ လက်တွေ့အတွေ့အကြုံ မရှိရင်တောင် လူတိုင်း သီအိုရီအရတော့ အကုန်နားလည်ပြီးသားဖြစ်ကာ အရှိန်ပြင်းပြင်း မောင်းနှင်ဖို့ အသင့်ဖြစ်နေကြလိမ့်မည်ဟု သူမ ထင်မှတ်ခဲ့မိ၏။
သို့သော် သူမ မှားသွားခဲ့သည်။ အကြီးအကျယ်ကို မှားသွားခဲ့ခြင်းပင်။
ဤယုန်ဖြူလေးမှာ လူတိုင်းသိထားကြသည့် အေးစက်စက်နိုင်လှပြီး အာဏာရှင်ဆန်ကာ မောက်မာလှသော CEO အစစ်အမှန်မှ ဟုတ်ပါလေစွ။ အကယ်၍ လူတွေသာ သိသွားကြလျှင် သူတို့၏ စိတ်ကူးယဉ် အိမ်မက်များမှာ ခဏချင်းပင် ရိုက်ခွဲခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။
အန်းရန် ခဏတာ ယောက်ယက်ခတ်သွားသော သူမ အတွေးများကို အတင်းအဓမ္မရပ်တန့်လိုက်၏။ ယခုအချိန်သည် ထိုအကြောင်းများ တွေးနေရမည့်အချိန် မဟုတ်ပေ။ ထိတ်လန့်တုန်လှုပ်နေသော ယုန်ဖြူလေးအား သူတို့နှစ်ဦးကြားတွင် ဘာမှမဖြစ်ခဲ့ကြောင်း မည်သို့ရှင်းပြရမည်ကိုသာ စဉ်းစားရမည်ဖြစ်သည်။
“ကျွန်မ ရှင့်ကို ဘာမှမလုပ်ရပါဘူး”
သူမ အားကိုးရာမဲ့သော လေသံဖြင့် ပြောလိုက်၏။
“မနေ့ညက ကျွန်မ အရမ်းပင်ပန်းနေလို့ အောက်ထပ်ကို ပြန်ဖို့ ပျင်းနေတာနဲ့ ဒီမှာပဲ တစ်ညအိပ်လိုက်တာပါ”
“မင်း လိမ်နေတာ! ငါက အဝတ်အစား တစ်ထည်မှ မပါဘူး၊ မင်းကျတော့ ငါ့အင်္ကျီကို ဝတ်ထားတယ်!”
ဖူစစ်ချန် မယုံကြည်နိုင်သော မျက်နှာပေးဖြင့် ကြည့်နေ၏။ အန်းရန် နဖူးပေါ်မှ ထောင်တက်လာသော အကြောများကို အတင်းထိန်းထားသော်လည်း နောက်ဆုံးတွင်တော့ ဒေါသပေါက်ကွဲသွားတော့သည်။
“ရှင့်ကို မလိမ်ပါဘူး! မနေ့ညက ရှင်က မူးနေပြီး အနံ့ကလည်း တော်တော်ဆိုးတာ၊ ကျွန်မက စေတနာနဲ့ သန့်ရှင်းရေး လုပ်ပေးတာကို ရှင်က အပြစ်တင်နေသေးတယ်! နောက်ပြီး ရှင်က ဘောင်းဘီ ဝတ်ထားသေးတယ် မဟုတ်လား၊ အကုန်လုံး ဗလာကျင်းနေတာမှ မဟုတ်တာ! ဒါထက်... ကျွန်မက ရှင့်ရဲ့ ရည်းစားပဲလေ၊ ကျွန်မ ရှင့်ကို တစ်ခုခု လုပ်လိုက်ရင်တောင် ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား”
သူမ ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်ရာ စောင်မှာ လျောကျသွားပြီး ဖူစစ်ချန်၏ ပွပွယယ တီရှပ်ကြီးကို ဝတ်ထားသော အန်းရန် ကိုယ်လုံးလေး ပေါ်ထွက်လာသည်။ ပွယောင်းသော အင်္ကျီအောက်တွင် အန်းရန်၏သေးငယ်သော ကိုယ်လုံးလေးမှာ မြုပ်နေပြီး သူ့ ကောက် ကြောင်းအလှများ ခပ်ရေးရေး ပေါ်လွင်နေသဖြင့် ထူးခြားသော ဆွဲဆောင်မှုတစ်မျိုး ဖြစ်နေတော့သည်။
ဖူစစ်ချန် တစ်ယောက် ဆွံ့အသွား၏။ သူ ကုတင်ပေါ်သို့ အမြန်တက်လာပြီး အန်းရန်အနားသို့ ချော့မော့သော အမူအ ရာဖြင့် ကပ်လာကာ “ရန်ရန်... မင်း ငါနဲ့ ပြန်တွဲဖို့ သဘော တူလိုက်ပြီပေါ့ ဟုတ်လား”
“ကျွန်မတို့ ပြန်တွဲနေတာ ကြာပြီလို့ထင်နေတာပဲ”
အန်းရန် ဖူစစ်ချန်အား မျက်စောင်းထိုးလိုက်သည်။ အကယ်၍ သူမသာ ပြန်တွဲဖို့ အစီအစဉ်မရှိခဲ့လျှင် သူ့အတွက် အချိန်ကုန်ခံပြီး အဖက်လုပ်နေမည် မဟုတ်ပေ။ ထိုအချိန်ကို လေ့ကျင့်ခန်း ပုစ္ဆာအချို့ တွက်ရင်းသာ ကုန်ဆုံးစေမည် ဖြစ်သည်။ သူမ နောက်လတွင် ကျောင်းပြန်တက်ရတော့မည် မဟုတ်လား?
“ဟဲဟဲ...”
အတည်ပြုချက် ရသွားသည့်အတွက် ဖူစစ်ချန်မှာ လူအသေလေးလို ဖြီးဖြန်းပြီးရယ်မောနေတော့သည်။ အန်းရန် ထွက်သွားရန် ပြင်သောအခါ သူ အမြန်ဆွဲထားပြန်သည်။
“ဘာလုပ်တာလဲ”
အန်းရန် ထူးဆန်းသလို လှည့်ကြည့်ရာ ဖူစစ်ချန်မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“မနေ့ညက မင်း...”
“ရှင့်ကို ဘာမှမလုပ်ပါဘူးဆို”
အန်းရန် ချက်ချင်း ရှင်းပြလိုက်၏။
ဖူစစ်ချန်ကတော့ မကျေနပ်ပေ။
“ဒါပေမဲ့ ငါတို့က အတူတူအိပ်ခဲ့ကြတာလေ”
“ပြီးတော့ရော?”
အတူတူအိပ်တာက ကိစ္စမရှိပါဘူး၊ ဘာပြဿနာရှိလို့လဲ?
“မင်း ငါ့ကို တာဝန်ယူသင့်တယ် မဟုတ်လား”
ဖူစစ်ချန် အန်းရန်အား တစ်ဖက်သားကို အသုံးချပြီး ပစ်ပယ်သွားသော လူယုတ်မာတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေတော့သည်။
အန်းရန်မှာ နဖူးကို လက်နှင့်ပွတ်ရင်း ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။ ဤလူအပေါ် ဘာမှတတ်နိုင်စရာ မရှိတော့ပေ။
“ကဲ... ဒါဆို ရှင်က ဘာဖြစ်ချင်တာလဲ”
“မင်း ငါ့ကို လက်ထပ်... အဲ၊ ငါက မင်းကို လက်ထပ်မယ်!”
ဖူစစ်ချန် မျက်လုံးများမှာ တောက်ပသွားပြီး စိတ်အားထက်သန်စွာဖြင့် “ဒီခရီးက ပြန်ရောက်တာနဲ့ ငါတို့ လက်မှတ်သွားထိုးကြမယ်”
သူ လည်ပင်းမှ ဆွဲကြိုးလေးကို ချွတ်လိုက်သည်။ ထိုဆွဲကြိုးမှာ ပလက်တီနမ်ဖြင့် ဝန်းရံထားသော ကျောက်စိမ်း ဝိုင်းဝိုင်းလေးတစ်ခု ဖြစ်သည်။ အန်းရန်ကတော့ အလှဆင်ပစ္စည်း သို့မဟုတ် လူကြီးများမှ ကံကောင်းစေရန် ပေးထားသော လက်ဆောင်ဟုသာ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုကျောက်စိမ်းတုံးလေးကို ဖွင့်လိုက်၍ ရမည်ဟု သူမ တစ်ခါမှ မတွေးထားခဲ့မိဘဲ အတွင်း၌ တောက်ပသော စိန်လက်စွပ်လေး တစ်ကွင်း ပါရှိနေသည်။
ဖူစစ်ချန် ဒူးတစ်ဖက်ထောက်လိုက်ပြီး အန်းရန်၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ -
“ရန်ရန်... ငါ့ကို လက်ထပ်မလား? ငါက မရင့်ကျက်သေးဘူးဆိုတာ သိပါတယ်၊ အမြဲတမ်းလည်း ရင့်ကျက်တဲ့လူတစ်ယောက်လို မနေတတ်ဘူး.. ဒါပေမဲ့ ငါ မင်းကို တကယ်ချစ်တယ်၊ မင်းနဲ့ ထာဝရ အတူရှိချင်တယ်၊ မင်းအတွက် ငါ ပိုပြီးရင့်ကျက်လာအောင် ကြိုးစားပါ့မယ်၊ မင်းအတွက် အားကိုးရာ ဖြစ်စေရမယ်၊ တကယ့် အိမ်ကလေးတစ်လုံး ပေးပါ့မယ်၊ သဘောတူမလားဟင်”
အန်းရန် မျက်ရည်များ ဝဲလာချေပြီ။
ဤလက်ထပ်ခွင့်တောင်းမှုမှာ မမျှော်လင့်ဘဲ ရောက်လာခြင်းဖြစ်သော်လည်း ဖူစစ်ချန်၏ စကားတစ်လုံးချင်းစီမှာ သူမ နှလုံးသားထဲမှ အနူးညံ့ဆုံးနေရာကို ထိမိသွားစေသည်။ ငယ်စဉ်ကတည်းက သူမ အလိုချင်ဆုံးအရာမှာ ကိုယ်ပိုင်အိမ်ကလေးတစ်လုံး ရှိဖို့ပင်။
အန်းမိသားစုမှ သူမအတွက် ဘာမှထူးခြားမှု မရှိခဲ့ပေ။ အန်တီချင် သူမကို ချစ်ပြီး နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့သော်လည်း ထိုသို့ ပြုစုပျိုးထောင်ခြင်းမှာ ပညာသင်ဆုတစ်ခုနှင့်သာ တူနေခဲ့ပြီး အန်တီချင်မှာလည်း သူမ၏ ကိုယ်ပိုင်မိသားစု ရှိနေခဲ့သည် မဟုတ်လား?
ထို့ကြောင့် အန်းရန် ဤကမ္ဘာလောကကြီးထဲတွင် အခြေမရှိ လွင့်မျောနေရသလို ခံစားခဲ့ရပြီး ဘယ်နေရာကိုမှ မိမိပိုင်ဆိုင်သည်ဟု မယူဆနိုင်ခဲ့ပေ။ သူမတွင် တကယ့်အိမ်စစ်စစ် မရှိခဲ့သောကြောင့်ပင် ဖြစ်တော့သည်။
ယခုမူ သူမရှေ့၌ ဒူးထောက်နေသော အမျိုးသားမှာ သူတို့နှစ်ဦးပိုင်ဆိုင်မည့် အိမ်ကလေးတစ်လုံး ပေးပါမည်ဟု အလေးအနက် ကတိပြုနေချေပြီ။ အန်းရန်၏ ရင်ခုန်သံများ မြန်ဆန်နေသည်ကိုတော့ သူမ ကိုယ်တိုင် ငြင်းဆန်၍ မရခဲ့ပေ။
အန်းရန်ထံမှ အဖြေကို အတော်ကြာအောင် စောင့်နေသော်လည်း ထွက်မလာသဖြင့် ဖူစစ်ချန်မှာ စိတ်မရှည်တော့ဘဲ အတင်းအကျပ်ပြောတော့သည်။
“မင်း ငြင်းလို့မရဘူးနော်! မင်း ငါနဲ့ အတူအိပ်ခဲ့ပြီးပြီပဲ တာဝန်ယူရမယ်!”
အန်းရန် : “...”
သူမ မျက်ရည်များမှာ ချက်ချင်းအရှိန်သတ်သွားရ၏။ ဤလူမှာ တစ်ဖက်လူကို စိတ်ကူးယဉ်ဆန်ဆန် ခံစားခွင့်လေးတောင် တစ်စက္ကန့်မျှ ပိုမပေးနိုင်ပါလား?
သူမ လက်ကလေးကို ကမ်းပေးလိုက်ပြီး လက်စွပ်စွပ်ပေးရန် အချက်ပြလိုက်၏။ ဤသည်မှာ လက်ထပ်ခွင့်အား လက်ခံလိုက်ပြီဟူသော သဘောပင်။ ဖူစစ်ချန် ချက်ချင်းပင် နားလည်သွားပြီး လက်စွပ်လေးကို အန်းရန်လက် ချောင်းလေးထဲသို့ အမြန်စွပ်ပေးလိုက်တော့သည်။
အန်းရန် လက်စွပ်ပေါ်မှ တန်ဖိုးကြီးလှသော စိန်ကို ဂရုမပြုမိဘဲ လက်စွပ်လေးအား သေချာကြည့်နေမိ၏။ လက်စွပ်မှာ သူမ လက်ချောင်းလေးနှင့် အံကိုက်ဖြစ်နေရုံသာမက သေချာကြည့်လျှင် ဖူစစ်ချန်နှင့် သူမ နာမည်များ ကမ္ပည်းထိုးထားသည်ကို တွေ့ရသည်။
Shen & Ran's
ထိုမျှအထိ သေချာပြင်ဆင်ထားခြင်းမှာ တစ်ရက်နှစ်ရက်နှင့် မဖြစ်နိုင်ပေ။ ဖူစစ်ချန် သူမအား လက်ထပ်ခွင့်တောင်းရန် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက စီစဉ်ထားပုံရသည်။
အန်းရန် သူ့ ပါးစပ်ကို လက်နှင့်အုပ်ထားမိသည်။ အဘယ့် ကြောင့် ဤမျှအထိ စိတ်လှုပ်ရှားနေမိသည်ကို သူမကိုယ်တိုင် မသိသော်လည်း တဟုန်ထိုး တက်လာသော ခံစားချက်များကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။
“ဒီလက်စွပ်ကို ဘယ်တုန်းက ဝယ်ထားတာလဲ”
“လွန်ခဲ့တဲ့နှစ်ကတည်းက အော်ဒါမှာထားတာ၊ မင်း တက္က သိုလ်ဘွဲ့ရပြီးရင် လက်ထပ်ခွင့်တောင်းမယ်လို့ အစက ရည်ရွယ်ထားတာလေ”
သို့သော် ယခုမှသာ သူမအား ပြသခွင့် ရတော့သည်။ ဖူစစ်ချန် အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း သူချစ်ရသူကို လက်စွပ်လေး ပေးလိုက်ရပြီဖြစ်၍ ဤလက် ထပ်ခွင့်တောင်းမှုမှာ နောက်ကျသည်ဟု မဆိုနိုင်တော့ပေ။
ဖူစစ်ချန်၏ ပြောမထွက်သော စကားလုံးများကို အန်းရန် နားလည်လိုက်သည်။ သူမ သူ့ရင်ခွင်ထဲသို့ ဝုန်းခနဲ တိုးဝင်လိုက်ပြီး တဖွဖွတောင်းပန်နေမိတော့သည်။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်...”
သူမ တောင်းပန်နေမိသည်မှာ... အကယ်၍သာ သူမသာ ဖူစစ်ချန်အပေါ် မယုံကြည်မှုများ မရှိခဲ့လျှင် သူတို့နှစ်ဦး ဤမျှအထိ အချိန်တွေ ကြာမြင့်အောင် လွဲချော်နေကြမည် မဟုတ်ပေ။ သူမ၏ အသိပေးခြင်းမရှိဘဲ ထွက်ခွာသွားမှုမှာ သူ့အား အလွန်အမင်း နာကျင်စေခဲ့သည်ကိုလည်း အားနာမိသည်။ ထိုစဉ်က မရင့်ကျက်သေးသော ကောင်လေးမှာ သူမအား ဤမျှအထိ ချစ်ခဲ့မှန်း မသိခဲ့မိသည့် အတွက်လည်း တောင်းပန်နေမိခြင်း ဖြစ်သည်။
ဖူစစ်ချန် အန်းရန်အား ပြန်လည်ပွေ့ဖက်ထားပြီး ရှည်လျားလှပသော လက်ချောင်းလေးများဖြင့် သူမ၏ ရှုပ်ထွေးနေသော ဆံပင်လေးများကို သပ်ပေးနေသည်။ သူ့လေသံမှာ ထူးထူးခြားခြား နူးညံ့ယုယနေလျက်
“ဘာလို့ တောင်းပန်နေတာလဲ? မင်း ဘာပဲလုပ်ခဲ့လုပ် ငါ မင်းကို ဘယ်တုန်းကမှ မနာလို မတွန့်တိုခဲ့ပါဘူး”
သူတို့နှစ်ဦး အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ ပွေ့ဖက်ထားကြရာ အခြေအနေမှာ အလွန်ပင် ကြည်နူးစရာ ကောင်းလှသည်။ သို့သော် ဖူစစ်ချန်၏ ရုတ်တရက် ထွက်ပေါ်လာသော စကားမှာ ထိုတိတ်ဆိတ်မှုအား ဖြိုခွဲလိုက်ပြန်သည်။
“ဘယ်တော့ လက်မှတ်သွားထိုးကြမလဲ? ငါက တရားဝင် လက်ထပ်နိုင်တဲ့ အသက်ထက် နှစ်နှစ်တောင် ကျော်နေပြီနော်”
အန်းရန် : “...”
ရှင့်ကို စကားမပြောဘဲနေရင်လည်း ဘယ်သူမှ လူအလို့ မထင်ပါဘူး၊ တကယ်ပါပဲ!
သူမ ဖူစစ်ချန်ကို အသာအယာ တွန်းထုတ်လိုက်ပြီး ကုတင်ပေါ်မှ ဆင်းကာ ဖိနပ်စီးလျက် အေးအေးဆေးဆေးပင် တံခါးဖွင့်ရန် ထွက်လာခဲ့သည်။ မထွက်သွားမီ အန်းရန် လှည့်ကြည့်ပြီး
“အန်တီချင် ပြန်ကောင်းလာမှ လက်ထပ်တဲ့အကြောင်း ဆွေးနွေးကြမယ်”
သူမသည် သူတို့အိမ်ထောင်ရေးအား သူမ အလေးစားဆုံး လူကြီးတစ်ယောက်၏ ကောင်းချီးပေးမှုနှင့်အတူ စတင်လိုခြင်း ဖြစ်သည်။ ဖူစစ်ချန် အန်းရန်၏ဆိုလိုရင်းကို ရှင်းရှင်း လင်းလင်း နားလည်သွားသဖြင့် ထပ်ပြီး အတင်းအကျပ်မလုပ်တော့ပေ။
“ကောင်းပါပြီ၊ ဒီလောက်တောင် စောင့်လာတာပဲ၊ နောက် ထပ် နည်းနည်းလောက် ထပ်စောင့်နိုင်ပါသေးတယ်”
သူသည် ချစ်ခင်မြတ်နိုးဟန်၊ သဘောထားကြီးဟန်များဖြင့် အန်းရန်အား ချော့လိုက်ရာ သူမ စိတ်မကောင်းဖြစ်သွားပြီး ခဏနေလျှင် ချစ်သူများ လုပ်လေ့ရှိသည့် အစီအစဉ်လေးတွေ လုပ်ဖို့ သဘောတူလိုက်ရတော့သည်။
အားလုံး ထွက်သွားပြီးနောက်မှာတော့ ဖူစစ်ချန် အင်မတန် ပျော်ရွှင်သွားကာ ကုတင်ပေါ်တွင် ခုန်ပေါက်နေတော့သည်။ ထို့နောက် ဖုန်းကို ကောက်ကိုင်ကာ သူ့အရင်းနှီးဆုံး သူငယ် ချင်း လုရန်ကျားဆီသို့ မက်ဆေ့ခ်ျ ပို့လိုက်၏။
“သူငယ်ချင်းကြီးရေ... မင်းက တကယ့်ကို အလန်းပဲဟေ့! မူးပြီး အားနည်းချင်ယောင်ဆောင်တာ တကယ်အလုပ်ဖြစ်တယ်! အန်းရန်က ငါ့ရဲ့ လက်ထပ်ခွင့်ကို လက်ခံလိုက်ပြီကွ!”
“ဂုဏ်ယူပါတယ်”
အတော်ကြာမှ လုရန်ကျား၏ အေးစက်စက် အဖြေပြန်တက်လာသည်။ ထို့နောက် နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ရောက်လာပြန်၏။
“ဒါဆို ငါ့ကို ဘယ်တော့ ခွင့်ပေးမှာလဲ? မင်းလည်း လက် ထပ်ခွင့် တောင်းတာ အောင်မြင်သွားပြီဆိုတော့ ငါ့ကိုလည်း ငါ့ရည်းစားနဲ့ ခရီးထွက်ဖို့ အချိန်ပေးသင့်ပြီ မဟုတ်လား?”
“မင်းက ဘယ်တုန်းက လူလွတ်ဘဝက ကျွတ်သွားတာလဲ? ဘယ်သူက မျက်စိမှောက်ပြီး မင်းကို ပြန်ကြည့်တာလဲ [ထိတ်လန့်သွားတဲ့ ရုပ်ပြောင်]”
“...မင်း ငါ့ရည်းစားဆီက အထိုးခံရတာမျိုး မကြုံဖူးသေးလို့ ဖြစ်မှာပါ [ဓားမကြီး မြှောက်ပြနေတဲ့ပုံ]”
“မဟုတ်ပါဘူး၊ နောက်တာပါ၊ လူလွတ်ဘဝက ကျွတ်သွားတာ ဂုဏ်ယူပါတယ်ကွာ! တစ်နေ့ကျရင် မင်းရည်းစားကို ထမင်းကျွေးဖို့ ခေါ်လာခဲ့ဦး”
“ငါက လူလွတ်ပါ၊ ဘာလို့ ငါ့ရည်းစားက ပိုက်ဆံပေးရမှာလဲ”
“သူမက ကျွေးတာ၊ မင်းက ပိုက်ဆံရှင်းတာပေါ့”
ဖူစစ်ချန် ပုံမှန်အတိုင်းပင် ပြန်ဖြေလိုက်၏။
“...”
လုရန်ကျားမှာ သူ့အား ပြန်မပြောနိုင်တော့သဖြင့် စကားလမ်းကြောင်းကို ပြန်လှည့်လိုက်ရသည်။
“ငါ့ကို ဘယ်တော့ ခွင့်ပေးမှာလဲလို့”
“ဒါရိုက်တာလုရာ... ကုမ္ပဏီက မင်းမရှိရင် မဖြစ်ဘူးလေ၊ မင်းက ငါ့ကို ပစ်ထားခဲ့ဖို့ ရက်စက်နိုင်လို့လား [သနားစရာမျက်နှာလေး]”
“ရက်စက်နိုင်လား ဟုတ်လား? ငါ့ရည်းစားအတွက်ဆိုရင် ကိုယ့်ကိုယ်ကိုယ် နှစ်ချက်လောက် ပြန်ထိုးဖို့တောင် ဝန်မလေးဘူးဆိုတာ ယုံလိုက်စမ်းပါ။ [အေးအေးဆေးဆေးပဲ]”
ဒီတစ်ခါတော့ ဖူစစ်ချန် တစ်ယောက် ဆွံ့အသွားရမည့် အလှည့်ဖြစ်သွားကာ “...”
ဒါ နောက်ပြောင်နေမှန်း သိသော်လည်း သူ အတော်လေးတော့ စိတ်ထိခိုက်သွားရ၏။
“ဒီခရီးက ပြန်ရောက်ရင် ငါ အလုပ်ကို သေသေချာချာ ပြန်လုပ်ပါ့မယ်၊ မင်းလည်း မင်းရဲ့ အလုပ်ဇယားတွေကို အမြန်စီစဉ်ထားလိုက်တော့၊ ကျန်တဲ့အလုပ်တွေကို ငါ တာဝန်ယူပေးမယ်၊ မင်းကို တစ်လ ခွင့်ပေးမယ်၊ အပြင်မှာ သွားပျော်လိုက်ဦး၊ ပြီးရင် မင်းရဲ့ ဇနီးလောင်းလေးကို တစ်ခါတည်း အရယူပြီး ဘဝရဲ့ အရေးကြီးတဲ့ ကိစ္စကို အပြတ်ရှင်းခဲ့တော့”
“ဟုတ်ကဲ့ပါ ဘော့စ်၊ ကျေးဇူးအများကြီးတင်ပါတယ် ဘော့စ် ခင်ဗျားက တကယ့်ကို ရုပ်ဖြောင့်ပြီး သဘောကောင်းတဲ့လူကြီးပါပဲ”
လုရန်ကျား၏ သဘောထားမှာ ရုတ်ခြည်းပင် ၁၈၀ ဒီဂရီ ပြောင်းလဲသွားသဖြင့် ဖူစစ်ချန် တစ်ယောက် ဘာပြန်ပြောရမှန်းပင် မသိတော့ဘဲ ဆွံ့အသွားရရှာသည်။
ဟင်း... ဒါမှ တကယ့် ညီအစ်ကိုအရင်းအချာတွေပေါ့။
ယနေ့တွင် ဖူဟန်နှင့် အဖွဲ့သားများမှာ ချင်ချင်အား ခေါ်ဆောင်၍ ကျေးလက်တောရွာ၏ နေထိုင်မှုဓလေ့နှင့် ပျော်ရွှင်ဖွယ်ရာများကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားစေရန် စီစဉ်ကြသည်။
အမှန်စင်စစ် ၎င်းတို့ ဆောင်ရွက်မည့် အစီအစဉ်များမှာ အလွန်ပင် ရိုးရှင်းလှပေသည်။ ခြံစည်းရိုးခတ်ထားသော မြေကွက်လပ်တစ်ခုအတွင်း၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းကို ဦးစွာလေ့လာရမည်ဖြစ်ပြီး၊ ထို့နောက် စတော်ဘယ်ရီစိုက်ခင်းအတွင်း၌ အသီးများ ခူးဆွတ်ခြင်း၊ ဟင်းသီးဟင်းရွက် ဖန်လုံအိမ်များအတွင်း၌ အသီးအနှံများ ရွေးချယ်ဆွတ်ခူးခြင်းတို့ ပြုလုပ်ကြမည်ဖြစ်သည်။ အကယ်၍ အချိန်ပိုရရှိပါက ငါးကန်အတွင်း၌ ငါးဖမ်းခြင်းကိုလည်း ဆောင်ရွက်နိုင်သေး၏။