← Chapters

အခန်း (၉၃)

Vol. 11 Ch. 93

အခန်း (၉၃)

Vol. 11 Ch. 93

🍼 Chapter 93

မနေ့ညက ဖူစစ်ချန်မှာ အတော်လေး မူးနေခဲ့သဖြင့် တစ်စုံတစ်ဦးနှင့် တိုက်မိလုနီးပါး ဖြစ်ခဲ့သည်ကို မှတ်မိနေခြင်းမှာပင် အံ့ဩစရာ ကောင်းလှပေသည်။ ထိုသူ့ရုပ်ရည်အား မြင်တွေ့ရန်ဆိုသည်မှာမူ ပိုလို့မဖြစ်နိုင်ချေ။

“ဒါပေမဲ့ အဲဒီလူကို နောက်တစ်ခါ ပြန်တွေ့ရင်တော့ သူ့အသံကို ကျွန်တော် မှတ်မိနိုင်မယ် ထင်တယ်၊ ဘာလို့လဲဆိုတော့ သူ့အသံက တော်တော်လေး ထူးခြားလို့ပဲ”

ထူးခြားသောအသံများမှာ စိတ်ထဲ၌ အမြဲတစေ စွဲထင်ကျန်ရစ်တတ်စမြဲ ဖြစ်သည်။

မနေ့က ထိုသူ အန်းရန်နှင့် ခေတ္တမျှသာ စကားပြောခဲ့ခြင်း ဖြစ်သော်လည်း ဖူစစ်ချန် စိတ်ထဲတွင်မူ ထိုအသံမှာ နက်နက်ရှိုင်းရှိုင်း မှတ်မိနေခဲ့သည်။

“ဒါပေမဲ့ ပြဿနာက အသံကို သေချာကြားရဖို့အတွက် ဒီက ဧည့်သည်တွေအားလုံးကို လိုက်ပြီး စစ်ဆေးနေဖို့က မဖြစ်နိုင်ဘူးလေ”

ဖူစစ်ချန် ခေါင်းကိုက်လာသဖြင့် နားထင်ကို ဖိခြေရင်း ညည်းတွားလိုက်သည်။

“ပြီးတော့ အဲဒီလူက ထွက်ပြေးသွားပြီလား၊ မပြေးသေးဘူးလားဆိုတာတောင် ကျွန်တော်တို့ မသိရဘူး”

အမှန်စင်စစ် သူတို့ စောင့်ကြည့်ခံနေရသည်ကို သိရှိပြီးနောက် အသံဖမ်းစက်အား ချက်ချင်းပင် ဖျက်ဆီးလိုက်ကြသဖြင့် တစ်ဖက်လူအနေဖြင့်လည်း သူတို့ ရိပ်မိသွားပြီဖြစ်ကြောင်း သေချာပေါက် သိရှိသွားပေလိမ့်မည်။

သို့သော် ပိုင်ချီယွီကမူ သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်အပေါ် နောင်တရခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် အခြားသော အစီအစဉ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

“မင်းတို့ မေ့နေကြပြီလား၊ ဒါက ငါ့သူငယ်ချင်းရဲ့ ဆိုင်လေ”

“ဒါဆိုရင် မင်းပြောချင်တာက...”

ကူးလန် ချက်ချင်းပင် သဘောပေါက်သွားသည်။

“ဆိုင်ရှင်ကို အကူအညီတောင်းပြီး CCTV မှတ်တမ်းတွေကို စစ်ကြည့်လို့ ရတာပဲ”

ဖူဟန်ကလည်း လျင်မြန်စွာပင် ရိပ်မိလိုက်တော့သည်။

ထိုအခါမှ လူတိုင်း စိတ်အားတက်ကြွလာကြပြီး အကျိုးမရှိသော ခန့်မှန်းချက်များကို ရပ်တန့်လိုက်ကြတော့သည်။ ဖူညီအစ်ကိုများမှာ ချင်ချင်နှင့် အန်းရန်တို့အား သွားရောက်ခေါ်ဆောင်ရန် ထွက်ခွာသွားကြပြီး ဖူဟန်ကမူ ပိုင်ချီယွီနှင့်အတူ ဆိုင်ရှင် ချန်ဖုန်းကို ရှာဖွေရန် ထွက်လာခဲ့သည်။

ကူးလန်ကမူ...

ကူးလန်တစ်ယောက်တည်းသာ ဟင်းမှာရန် ကျန်ရစ်ခဲ့တော့သည်။

လူတိုင်းမှာ မည်မျှပင် အလုပ်များနေပါစေ၊ ဗိုက်ဝအောင် အရင်စားထားရန် လိုအပ်သည် မဟုတ်လား? ထို့ထက် ပို၍အရေးကြီးသည်မှာ ချင်ချင့်အား ဗိုက်ဆာအောင် မထားနိုင်ခြင်းပင်။

စားသောက်ဆိုင်နှင့် ဟိုတယ်မှာ သီးခြား အဆောက်အအုံများ ဖြစ်ကြပြီး အတန်ငယ် အလှမ်းဝေးလှသည်။

ဖူဟန်တို့ စကားပြောနေကြစဉ်အတွင်း အန်းရန် ချင်ချင့်အား ဟိုတယ်အခန်းသို့ ခေါ်ဆောင်သွားပြီး အဝတ်အစားလဲကာ ရေချိုးပေးရန် ပြင်ဆင်နေနှင့်ပြီ ဖြစ်သည်။

ဖူဟန် မထွက်ခွာမီ အခန်းသော့ကို ပေးအပ်ခဲ့သဖြင့် အန်းရန်မှာ အခန်းထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့ပြီး ချင်ချင်၏ ချစ်စရာကောင်းသော ပန်းရောင် ခရီးဆောင်အိတ်ကလေးကို ရှာဖွေတွေ့ရှိခဲ့သည်။

အန်းရန် အဝတ်အစား ရှာဖွေပေးနေသည်ကို ချင်ချင် ဘေးမှ ရပ်စောင့်နေရင်း ဟိုဟိုဒီဒီ ကြည့်မိရာမှ တံခါးမှာ မတော်တဆပွင့်နေသည်ကို သတိပြုမိသွားသည်။

“ဟင်?”

မိန်းကလေးငယ်လေးမှာ တံခါးပိတ်ရန် အမှတ်ဖြင့် အနားသို့ သွားလိုက်စဉ် အပြင်ဘက်၌ တစ်ယောက်တည်း ရပ်နေသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

“ကိုကို... ဒီမှာ ဘာရပ်လုပ်နေတာလဲဟင်”

ကလေးငယ်၏ အသံလေး ရုတ်တရက် ထွက်ပေါ်လာသဖြင့် ကောင်လေးမှာ လန့်ဖျတ်သွားသည်။

သူ အနောက်သို့ ဆုတ်လိုက်ပြီး ထိတ်လန့်တကြား လှည့်ကြည့်လိုက်ရာ တံခါးအကျယ်ကြီး ပွင့်နေသော အခန်းတစ်ခုအတွင်း၌ သူ့အား ပြုံးကြည့်နေသည့် ချစ်စရာကောင်း သော မိန်းကလေးငယ်လေးတစ်ဦးကို တွေ့လိုက်ရတော့ သည်။

ကောင်လေးမှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အမူအရာ တောင့်တောင့်ကြီးဖြင့် “ငါ့အစ်မကို စောင့်နေတာ” ဟု ပြောလိုက်သည်။

“ကိုကို့အစ်မက ဘယ်သူလဲဟင်”

ချင်ချင် လိုက်ကြည့်သော်လည်း ထိုကောင်လေးနှင့် ဆင်တူသော မည်သူ့ကိုမျှ မတွေ့ရပေ။

“အစ်မက ပစ္စည်းသွားယူတာ၊ ခဏနေရင် ပြန်လာတော့မှာ”

ချင်ချင်၏ ရိုးသားဖြူစင်သော အသွင်အပြင်ကြောင့် ကောင်လေးမှာ အနည်းငယ် စိတ်လျှော့သွားပြီး စင်္ကြံလမ်းအဆုံးရှိ တံခါးဆီသို့ လက်ညှိုးလေးထိုးကာ “ငါ့အစ်မက အဲဒီထဲမှာ”

သူပြောပြီးသည်နှင့် တစ်ပြိုင်နက် ပိတ်ထားသော တံခါးမှာ ရုတ်တရက် ပွင့်လာပြီး လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။

ထိုသူမှာ ဟန်ဝေ့လန် ပင် ဖြစ်တော့သည်။

“အစ်မက အရမ်းလှတာပဲနော်”

ဟန်ဝေ့လန်၏ မျက်နှာကို မြင်လိုက်ရကတည်းက ချင်ချင် ထိုစကားအား ပြောချင်နေခဲ့ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ ချင်ချင်၏ ချီးမွမ်းစကားကို ကြားလိုက်ရသောအခါ ကောင်လေးမှာ မျက်နှာဆူပုပ်သွားပြီး ရန်တွေ့တော့သည်။

“အဲဒီကျားမက စိတ်လည်းတိုတတ်တယ်၊ လှလည်းမလှပါဘူး”

ထိုစကားကို အနားမှ ဖြတ်လျှောက်လာစဉ် ကြားသွားသော ဟန်ဝေ့လန်မှာ မျက်လုံးလေး စွေကြည့်လိုက်ကာ ကောင်လေး၏ ပါးကို ဆွဲညှစ်လိုက်ပြီး “ဒီကလေးစုတ်... အရိုက်ခံချင်နေပြီလား” ဟု မေးလိုက်သည်။

“အား... အား... နာတယ်! အခုချက်ချင်းလွှတ်နော်၊ မဟုတ်ရင် မေမေ့ကို တိုင်မှာ!”

အမှန်တော့ ဟန်ဝေ့လန်၏ လက်မှာ နာကျင်စေရန် ဆွဲခြင်းမဟုတ်သော်လည်း ကောင်လေးမှာမူ ဝက်တစ်ကောင် အော်ဟစ်နေသည့်အလား အသံကုန် အော်တော့သည်။

ဖြူစင်လှသော ချင်ချင်လေးမှာမူ ကောင်လေး တကယ်နာနေသည်ဟု ထင်မှတ်ကာ စိုးရိမ်တကြီးဖြင့် ဝင်ရောက် တောင်းပန်ပေးရှာသည်။

“ကျဲကျဲလှလှလေး... ကိုကို့ကို မနှိပ်စက်ပါနဲ့၊ သူက တမင်ပြောတာ မဟုတ်ပါဘူး”

“ဟင်?”

ကြားဝင်ဖြန်ဖြေသူ ရှိနေသဖြင့် ဟန်ဝေ့လန် လှည့်ကြည့်လိုက်ရာ ချင်ချင့်မျက်နှာကို မြင်သည်နှင့် တစ်ပြိုင်နက် သူမလေးပါ ဤနေရာသို့ ရောက်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားပုံရသည်။

ချင်ချင်မှာမူ ဗီဇစိတ်အရ အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

သူမ၏ ဖြူစင်သော မျက်နှာထက်တွင် ကြောက်ရွံ့မှု အရိပ်အယောင်အချို့ ဖြတ်ပြေးသွားတော့သည်။

ခုနကတင် ဟန်ဝေ့လန်၏ အမှတ်မထင် စိုက်ကြည့်လိုက်သော အကြည့်အေးစက်စက်မှာ သူမထံ ကျရောက်သွားပြီးနောက် ချင်ချင့်စိတ်ဝိညာဉ်အတွင်း၌ ဖုံးကွယ်ထားသော ကြောက်ရွံ့မှုများကို ချက်ချင်းပင် နိုးထလာစေတော့သည်။

မိန်းကလေးငယ်လေးမှာ မထိန်းချုပ်နိုင်ဘဲ တစ်ကိုယ်လုံး တုန်ယင်လာကာ မျက်နှာကလေးမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူလျော့သွားတော့၏။ ဟန်ဝေ့လန်မှာ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ဗီဇအရ ခံစားမိလိုက်သည်။

“ဟေ့... နေလို့ကောင်းရဲ့လား?”

“ဝါး... အီး... အီး...”

ရုတ်တရက် ပေါက်ကွဲထွက်လာသော ငိုသံကြောင့် အန်းရန်မှာ လန့်ဖျတ်သွားကာ အခန်းထဲမှပြေးထွက်လာတော့ သည်။ ထိုအချိန်မှာပင် ဓာတ်လှေကားထဲမှ ထွက်လာသော ဖူညီအစ်ကိုများနှင့် အခန်းသန့်ရှင်းရေးဝန်ထမ်း အမျိုး သမီးတစ်ဦးတို့လည်း အချိန်ကိုက် ရောက်ရှိလာကြသည်။

“ဘာဖြစ်တာလဲ? ဘာဖြစ်လို့လဲ? ချင်ချင် ဘာလို့ ငိုနေတာလဲ?”

အန်းရန် ချင်ချင့်ကိုယ်လုံးလေးကို စိုးရိမ်တကြီး ဖက်ထားလိုက်ပြီး ဟန်ဝေ့လန်နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေစေရန် တမင်တကာပင် ခြားလိုက်သည်။ ၎င်းတို့နှင့်အတူ ရောက်ရှိလာသော ဖူညီအစ်ကိုများမှာလည်း မိန်းကလေးနှစ်ဦး၏ ရှေ့တွင် အကာအကွယ်ပေးသည့်အနေဖြင့် ရပ်လိုက်ကြပြီး ဟန်ဝေ့လန်အား အနားမကပ်ရန် သတိထား၍ တားဆီးထားလိုက်ကြသည်။

“ကလေးက ဘာလို့ ငိုနေတာလဲ? လူကြီးတွေက မြန်မြန်ချော့ကြပါဦး၊ တခြားဧည့်သည်တွေကို အနှောင့်အယှက် ဖြစ်ကုန်မယ်”

ဒေသစကားသံ ဝဲဝဲဖြင့် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးမှာ ဖူစစ်ကျင်းနှင့် သူ့ညီဖြစ်သူတို့ကို ချင်ချင့်အား မြန်မြန်ချော့ရန် ကြမ်းတမ်းစွာပင် ပြောဆိုလေသည်။

“အားနာပါတယ်ခင်ဗျာ၊ ကလေးက လန့်သွားလို့ပါ၊ ကျွန်တော်တို့ အခုပဲ ချော့လိုက်ပါ့မယ်”

ဖူစစ်ကျင်း သန့်ရှင်းရေးဝန်ထမ်းကို အားနာစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အန်းရန်နှင့် သူ့ညီကို ချင်ချင်အား အခန်းထဲသို့ အမြန်ခေါ်သွားရန် ပြောလိုက်သည်။

တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်ချင့်ငိုသံမှာ တိတ်ဆိတ်သွားတော့သည်။ သန့်ရှင်းရေးဝန်ထမ်းမှာလည်း စကားအချို့ တတွတ်တွတ် ပြောဆိုရင်း ထွက်ခွာသွားသဖြင့် ဖူစစ်ကျင်းနှင့် ဟန်ဝေ့လန်တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

“စိတ်မရှိပါနဲ့၊ ခုနက ကျွန်မ မောင်လေးကို ဆူလိုက်တာ အသံနည်းနည်း ကျယ်သွားလို့ ချင်ချင်လေး လန့်သွားတာ ဖြစ်မှာပါ”

ဖူစစ်ကျင်း ဘာမှမမေးရသေးခင်မှာပင် ဟန်ဝေ့လန် အရင်ဦးအောင် တောင်းပန်စကား ဆိုလာသည်။

တစ်ဖက်လူက မိမိအမှားကို ဝန်ခံတောင်းပန်လာသဖြင့် ဖူစစ်ကျင်းကဲ့သို့ တည်ငြိမ်သူတစ်ဦးအနေဖြင့် ဤကိစ္စအား ဆက်လက်ဆုပ်ကိုင်ထားရန် မဖြစ်နိုင်တော့ချေ။

“ရပါတယ်၊ ချင်ချင်က အမြဲတမ်း အသည်းငယ်တတ်တာမို့ပါ၊ ဒါနဲ့ ပြောရဦးမယ်... အန်တီက ကျွန်တော့်အမေရဲ့ သူငယ်ချင်းကောင်းတစ်ယောက်လို့ သိရတယ်၊ ကျွန်တော်နဲ့တော့ တစ်ခါမှ မဆုံဖူးသေးပေမဲ့...”

“ဆုံဖူးတာပေါ့”

ဟန်ဝေ့လန် သူ့ နားထင်မှ ဆံနွယ်အချို့ကို သပ်တင်လိုက်ရင်း ပြုံးလိုက်သည်။

“မင်း အသက် ၃ နှစ်သားတုန်းကတောင် ငါ မင်းကို ချီဖူးသေးတယ်”

ဟန်ဝေ့လန်နှင့် ကူးချင်ချင်တို့မှာ အသက်အရွယ် တူညီကြသည်မဟုတ်ပေ။ သူမသည် ကူးချင်ချင်ထက် ၅ နှစ်ခန့် ငယ်ရွယ်သည်။ ထိုစဉ်က ဟန်မိသားစုမှာ အတော်အတန် ချမ်းသာကြွယ်ဝခဲ့ပြီး သူတို့မှာ အိမ်နီးချင်းများဖြစ်ကြသဖြင့် ငယ်သူငယ်ချင်းများ ဖြစ်ခဲ့ကြခြင်း ဖြစ်၏။

သို့သော် နောက်ပိုင်းတွင် ဟန်မိသားစုမှာ ကံဆိုးမိုးမှောင် ကျကာ လျင်မြန်စွာဆုတ်ယုတ်ပျက်စီးသွားခဲ့သဖြင့် မိသားစုနှစ်ခုမှာ ဝေးကွာသွားခဲ့ရသည်။ သို့သော်လည်း ဟန်ဝေ့လန်မှာ ကူးချင်ချင်နှင့် အဆက်အသွယ်မပြတ်ဘဲ ခင်မင်ရင်းနှီးမှုမှာ ယနေ့တိုင် တည်မြဲနေခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့် ဖူစစ်ကျင်း ငယ်စဉ်က သူမ ချီဖူးသည်ဆိုသည်မှာလည်း အမှန်တကယ်ပင် ဖြစ်ပေလိမ့်မည်။

ထိုစဉ်က ဖူစစ်ကျင်းမှာ သူ့အမေနှင့် စိတ်မဆိုးကြသေးသဖြင့် အမေဖြစ်သူ၏ သူငယ်ချင်းများရှိရာသို့ လိုက်ပါသွားခြင်းမှာ သဘာဝကျလှသည်။ ထို့ကြောင့် ဤ “လူကြီး သူမ” နှင့် ရင်ဆိုင်ရသောအခါ ဖူစစ်ကျင်းမှာ ဘာပြန်ပြောရမှန်းမသိဘဲ ခေတ္တမျှ ကြောင်အသွားတော့သည်။ အမှန်တကယ်တွင် သူတို့မှာ သူမသည် ချင်ချင်အား ဒုက္ခပေးရန် ကြံစည်နေသူဟုပင် သံသယဝင်ခဲ့ကြသေးသည် မဟုတ်လား?

ဖူစစ်ကျင်း၏အနေရခက်နေမှုကို သတိထားမိသောအခါ ဟန်ဝေ့လန် ခပ်ဖွဖွရယ်လိုက်ပြီး သူမ မောင်လေးကို လက်ဆွဲကာ “ကားလည်း လာတော့မှာဆိုတော့ အန်တီ ပြန်တော့မယ်၊ မင်းတို့လည်း ပျော်ပျော်ပါးပါး ဆော့ခဲ့ကြဦးနော်”

ထိုအခါမှ ဟန်ဝေ့လန်၏ အခြားတစ်ဖက်တွင် ခရီးဆောင်အိတ်ကို ဆွဲထားပြီး ပြန်ရန် ပြင်ဆင်နေသည်ကို ဖူစစ်ကျင်း သတိပြုမိတော့သည်။

“အန်တီ... ပြန်တော့မလို့လား?”

သူ အနည်းငယ် အံ့အားသင့်သွားသည်။

“အင်း... ငါတို့က မင်းတို့ထက် နှစ်ရက်စောရောက်နေတာလေ၊ အခုတော့ ပျော်သလောက် ရှိသွားပါပြီ၊ အိမ်ပြန်ဖို့ အချိန်တန်ပြီ၊ ဆိုင်ကိုလည်း အကြာကြီး ပိတ်ထားလို့ မဖြစ်ဘူးလေ”

သူမသည် သူမ၏ကိုယ်ပိုင်စားသောက်ဆိုင်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“ဟုတ်ကဲ့ပါ၊ ဒါဆိုရင် လမ်းခရီး ချောမွေ့ပါစေ”

ဖူစစ်ကျင်း ယဉ်ကျေးစွာပင် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ဓာတ်လှေကားထဲသို့ မဝင်မီလေးမှာပင် ဟန်ဝေ့လန် ရုတ်တရက် လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဒါနဲ့... ဒီတစ်ဝိုက်မှာ လူရမ်းကားတွေ သောင်းကျန်းနေတယ်လို့ ကြားတယ်နော်၊ အပြင်ထွက်ရင် သတိထားကြဦး”

“ဟုတ်ကဲ့၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဖူစစ်ကျင်း ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။ ဟန်ဝေ့လန် ဘာမှထပ်မပြောတော့ဘဲ သူမ မောင်လေးကို ဦးဆောင်ကာ ဓာတ်လှေကားထဲသို့ ဝင်သွားတော့သည်။

ဓာတ်လှေကားတံခါးများ ဖြည်းညှင်းစွာ ပိတ်သွားချိန်၌ တစ်စုံတစ်ခုကို ခံစားမိသည့်အလား အထဲရှိလူနှင့် အပြင်ရှိလူတို့မှာ တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်မိကြသည်။ ကူးချင်ချင်နှင့် အလွန်တူလှသော ဟန်ဝေ့လန်၏ စွဲမက်ဖွယ်ကောင်းသည့် မျက်လုံးအစုံနှင့် ဖူစစ်ကျင်း ဆုံတွေ့သွားကြရာ သူမ မျက်လုံးများအတွင်းရှိ အေးစက်လှသော အရိပ်အယောင်များကို သူ မြင်တွေ့လိုက်ရသည်။

ရုတ်တရက်ဆိုသလို သူ့စိတ်အစဉ်အတွင်း၌ မှောင်မိုက် သော အတိတ်မှတ်ဉာဏ်အချို့ ရုတ်ချည်း ပေါ်ပေါက်လာကာ ဖူစစ်ကျင်းအား ဝါးမြိုသွားတော့သည်။ သူ နာကျင်မှုကြောင့် ခေါင်းကို အုပ်ထားရင်း ဒူးတစ်ဖက် ထောက်ကျသွားကာ ကုန်းပေါ်သို့ ပစ်တင်ခံထားရသော ငါးတစ်ကောင်အလား အသက်ကို လုရှူရင်း မျှော်လင့်ချက်မဲ့စွာ ရုန်းကန်နေရတော့သည်။

“မင်း... မင်းက ဘယ်သူလဲ?”

သူ ယိမ်းယိုင်စွာ ထရပ်လိုက်ပြီး ဓာတ်လှေကားခလုတ်များကို အသည်းအသန် နှိပ်လိုက်သော်လည်း အောက်ထပ်သို့ ရောက်နှင့်နေပြီဖြစ်သော ဓာတ်လှေကားမှာ ပြန်တက်မလာတော့ချေ။ သူသည်ရူးသွပ်သူတစ်ယောက်အလား လှေကား လမ်းအတိုင်း အောက်သို့ အပြေးဆင်းသွားကာ သူ့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သော ထိုမျက်လုံးအစုံအား အမှီလိုက်ရန် ကြိုးစားတော့သည်။

သို့သော် လူ့ခြေထောက်မှာ စက်ပစ္စည်းကို မယှဉ်နိုင်ချေ။ ချွေးများ ရွှဲနစ်နေသော ဖူစစ်ကျင်း ဟိုတယ်ရှေ့သို့ ရောက်သွားချိန်တွင် ဟန်ဝေ့လန်မှာ ကားပေါ်သို့ ကျော့ကျော့မော့မော့ တက်ကာ သူမ မိသားစုနှင့်အတူ မောင်းနှင်ထွက်ခွာသွားသည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။

“ခဏ... ခဏနေဦး—!”

အနောက်တွင် ကျန်ရစ်ခဲ့သော အော်ဟစ်သံများမှာ လေထဲ၌ ပျောက်ကွယ်သွားသဖြင့် ကားအတွင်းရှိ ဟန်ဝေ့လန်မှာ သတိမထားမိခဲ့ပေ။ သူမ ဖုန်းကို ထုတ်လိုက်ပြီး ခြောက်လခန့် အဆက်အသွယ် ပြတ်နေခဲ့သော သူမ သူငယ်ချင်းကောင်းထံသို့ စာတစ်စောင် ပို့လိုက်သည်။

[လန်လန်လေးက ချမ်းသာချင်တယ်: နင် ခရီးက ပြန်ရောက်နေပြီလို့ ကြားတယ်၊ ငါတို့ ဆုံကြဦးမလား? ငါ တော်တော်ကောင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင် တွေ့ထားတယ်လေ]

“ဘိဘိ... ဘိဘိ...”

ဖူဟန်အခန်းအတွင်းရှိ အဝတ်တန်းပေါ်တွင် ချိတ်ထားသော ဂျာကင်အိတ်အတွင်းမှ ဖုန်းမှာ ရုတ်တရက် တုန်ခါလာသည်။ အကြားအာရုံ စူးရှသော အန်းရန်မှာ ထိုအသံအား ကြားလိုက်ရသဖြင့် အိတ်အတွင်းသို့ နှိုက်ကြည့်လိုက်ရာ ရင်းနှီးနေသော ဖုန်းတစ်လုံးကို တွေ့လိုက်ရသည်။

“ဟင်... အန်တီချင်ရဲ့ ဖုန်းက ဘာလို့ ဦးလေးဖူရဲ့ ဂျာကင်အိတ်ထဲ ရောက်နေတာလဲ မသိဘူး”

“မနေ့က ငါတို့ ပြန်ပေးလိုက်တဲ့ ဖုန်းကို အဖေက အိမ်ပြန်မထားဘဲ အိတ်ထဲ ထည့်ထားမိတာ ဖြစ်မှာပါ”

ဖူစစ်ချန် ပေါ့ပေါ့ပါးပါးပင် ခန့်မှန်းလိုက်သည်။

ထို့နောက် သူ စပ်စုလိုစိတ်ဖြင့် အနားသို့ ကပ်လာကာ မေးလေသည်။

“ဘယ်သူက ငါ့အမေဆီ စာပို့တာလဲ”

ယခင်က ချင်ချင်အား ခြိမ်းခြောက်ဖုန်းဆက်ခဲ့သော ချန်ရှောင်ရှောင်မှာ ဖမ်းဆီးခံထားရပြီး ဖြစ်သဖြင့် သူမ မဖြစ်နိုင်ချေ။ သို့ဆိုလျှင် ဤကဲ့သို့သော အချိန်မျိုး၌ မည်သူက စာပို့ရသနည်း။

ဖူစစ်ချန်၏ ချောမောသော မျက်နှာကြီး တိုးကပ်လာသည်ကို အန်းရန် တားဆီးလိုက်ရင်း “ငါတို့ အန်တီချင်ရဲ့ ဖုန်းကို တစ်ခါ ခိုးကြည့်ပြီးပြီလေ၊ အခု နောက်တစ်ခါ ထပ်ကြည့်ဖို့က မသင့်တော်ဘူး ထင်တယ်နော်”

“ရပါတယ်၊ တစ်ခါကြည့်ကြည့်၊ နှစ်ခါကြည့်ကြည့် အတူ တူပါပဲ၊ အမေက ငါတို့ကို အပြစ်မတင်ပါဘူး၊ မယုံရင် သူ့ကို မေးကြည့်လိုက်လေ”

အန်းရန်၏ တားဆီးမှုကို ဂရုမစိုက်ဘဲ ဖူစစ်ချန် လှည့်ကာ “ချင်ချင်” ဟု ခေါ်လိုက်သည်။

“ရှင်!”

ရေချိုးပြီးခါစဖြစ်၍ ဆံပင်များ စိုစွတ်နေကာ ဒိုင်နိုဆောဝတ်စုံလေး ဝတ်ထားသော ချင်ချင်မှာ ပြေးထွက်လာသည်။

“ကိုကို့ကို လက်ကလေး ခဏလောက် ငှားပါဦး”

မြေခွေးဆိုးကြီး အမြီးနန့်ကာ ချော့မော့လိုက်ရာ ရိုးသားလှသော ဒိုင်နိုဆောလေးမှာ ယုံကြည်သွားတော့သည်။

All Chapters