အခန်း (၉၄)
Vol. 11 Ch. 94
🍼 Chapter 94
သူမ လက်ကလေးကို မြေခွေးကြီးထံသို့ ရက်ရက်ရောရော ကမ်းပေးလိုက်ရင်း “ရော့... ဒီမှာ”
ဖူစစ်ချန် ချင်ချင့်လက်ညှိုးကို လက်ဗွေရာ သော့ဖွင့်သည့်နေရာ၌ ဖိလိုက်ရာ ဖုန်းမှာ ပွင့်သွားတော့သည်။ သူ နောက် ဆုံးဝင်လာသော စာကို ချက်ချင်းပင် ဖွင့်ဖတ်လိုက်သည်။ စာပို့ထားသူမှာ ‘လန်လန်’ ဟု မှတ်ထားသော သူဖြစ်၏။ သူမက ချင်ချင်အား ထမင်းစားဖိတ်နေခြင်းဖြစ်ပြီး ကူးချင်ချင် ပြန်ရောက်လာပြီဆိုသည့် သတင်းကို ကြားထားပုံရသည်။
“ဒီအတိုင်း ကြည့်ရုံနဲ့တော့ သူက ဘယ်သူလဲဆိုတာ မသိနိုင်ဘူး”
“သူ့ရဲ့ Profile ကို ဝင်ကြည့်လိုက်လေ”
အန်းရန် စိတ်လှုပ်ရှားစွာ သတိပေးလိုက်ရာ သူမကိုယ်တိုင်လည်း သိလိုစိတ်ဖြင့် ပါဝင်ပတ်သက်မိသွားပြီ ဖြစ်သည်။
ဖူစစ်ချန် Profile ကို ဖွင့်ကြည့်လိုက်ရာ အမည်ကို ရှင်းရှင်း လင်းလင်း မြင်တွေ့လိုက်ရသည်။
“ဟန်ဝေလန်!”
သူတို့နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီးနောက် အချင်းချင်း ပါးစပ်ကို အလျင်အမြန်ပင် ပြန်လည်ပိတ်လိုက်ကြသည်။
“ရှူး...”
အပြစ်ရှိသကဲ့သို့ ခံစားနေရသော ဖူစစ်ချန်မှာ ထောင့်တစ်နေရာသို့ ကပ်သွားကာ ဟန်ဝေ့လန် ပို့ထားသော စာကို လေ့လာနေတော့သည်။ ချင်ချင်လေးမှာမူ သူတို့အပြုအမူကို ကြည့်ကာ ကြောင်အအဖြင့် ကျန်ရစ်ခဲ့တော့သည်။
“ကိုကိုစစ်ချန်နဲ့ ရန်ရန် ဘာလုပ်နေကြတာလဲဟင်”
မိန်းကလေးငယ်လေးမှာ သိလိုစိတ်များဖြင့် မေးမြန်းလိုက်သည်။
“ဘယ်လိုလုပ်ကြမလဲ? ပြန်စာ ပို့လိုက်ရမလား?”
ဖူစစ်ချန်မှာ စိတ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။
“ဘာတွေ ပြန်ပို့မှာလဲ? ဒါက အန်တီချင်ရဲ့ ဖုန်းလေ၊ နင့်ဖုန်းမှ မဟုတ်တာ”
အန်းရန် ဖူစစ်ချန်အား ရိုက်လိုက်ကာ အပြစ်မပေါ်မီ ဖုန်းကို အမြန်ပိတ်ထားရန် အချက်ပြလိုက်သည်။
“ဒါပေမဲ့ ဟန်ဝေ့လန်က ငါ့အမေရဲ့ သူငယ်ချင်းကောင်းလေ၊ အမေက သူမနဲ့ အဆက်အသွယ် ပြတ်နေတာ ခြောက်လလောက် ရှိပြီဆိုတော့ သူက သံသယဝင်နေတာ ဖြစ်မှာပေါ့၊ အဖေနဲ့ ဦးလေးတို့က အမေ နေကောင်းပါတယ်လို့ ခဏခဏ အာမခံမထားရင် သူက ရဲတိုင်တော့မှာ၊ အခု အမေပြန်ရောက်လာပြီဆိုတာ သိတော့ သူက စာပို့ပြီး စုံစမ်းတာပဲ၊ ဒါကို အမေက ပြန်စာမပို့ရင် သူက ဘယ်လို ထင်သွားမလဲ”
“အန်တီချင်က သူ့ကို အဆက်အသွယ် ဖြတ်ချင်နေတယ်လို့ ထင်မှာပေါ့၊ ဒါက သဘာဝပဲ မဟုတ်ဘူးလား?”
“မဟုတ်ဘူး!”
ဖူစစ်ချန် သူ့ရည်းစား၏ ဉာဏ်ရည်ကို စိတ်ပူသွားဟန်ဖြင့် ငြင်းဆိုလိုက်သည်။
“အဆက်အသွယ် ပြတ်နေတာ ကြာပြီဆိုတော့ အမေ့ဆီမှာ တစ်ခုခုဖြစ်နေပြီလို့ သူက ထပ်ပြီး သံသယဝင်သွားလိမ့်မယ်”
အကယ်၍ ရဲများ ရောက်လာပြီး အသက်ရှိထင်ရှားရှိနေသော ကူးချင်ချင်အား မပြနိုင်ပါက သူတို့မှာ ဒုက္ခပေးသူများဟု စွပ်စွဲခံရနိုင်ပေသည်။ အချို့ကမူ သူတို့က ကူးချင်ချင်အား သတ်ပြီး အလောင်းဖျောက်ထားသည်ဟုပင် ထင်မြင်ယူဆသွားနိုင်သဖြင့် ဤသည်မှာ နောက်ပြောင်ရမည့် ကိစ္စမဟုတ်ချေ။
“ဒါဆိုရင်တော့...”
အန်းရန် မျက်လုံးများ ဝင်းလက်သွားကာ “ငါတို့က အန်တီချင့်ပုံစံမျိုး ဟန်ဆောင်ပြီး စာပြန်လိုက်ကြမလား၊ အခုလောလောဆယ်တော့ ဖုံးဖိထားရမှာပေါ့”
“ကောင်းပြီလေ”
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဖူစစ်ချန်မှာ ဖုန်းပေါ်တွင် အသည်းအသန် စာရိုက်တော့သည်။
[ချင်ချင်က သူဌေးမလေး: ဆောရီးပဲနော်၊ ငါ အခုတလော အလုပ်ရှုပ်နေလို့ မလာနိုင်သေးဘူး]
[လန်လန်လေးက ချမ်းသာချင်တယ်: ဘာတွေ အလုပ်ရှုပ်နေတာလဲ? အားတဲ့အချိန်ကျရင် ငါ ချိန်းလိုက်မယ်လေ]
[ချင်ချင်က သူဌေးမလေး: ဘာမှမဟုတ်ပါဘူး၊ ဒီလိုပဲ...]
“ဘယ်လို ဆက်ပြောရမလဲဟ”
ဖူစစ်ချန်မှာ အကြံအိုက်သွားသဖြင့် အန်းရန်အား အကူအညီတောင်းရတော့သည်။ အန်းရန် ချက်ချင်းပင် “ဒီလိုပြောလိုက်... နင့်အစ်ကိုနဲ့ ငါတို့ မိသားစုတွေ မင်္ဂလာဆောင်ကြတော့မယ်၊ အဲဒါကြောင့် အန်တီချင်က မင်္ဂလာဆောင်ပစ္စည်းတွေ ဝယ်ဖို့ ကမ္ဘာပတ်ပြီး အလုပ်ရှုပ်နေတယ်လို့ ပြောလိုက်”
[ချင်ချင်က သူဌေးမလေး: ငါ့ရဲ့ ချောမောခန့်ညားတဲ့ သားကြီးနှစ်ယောက်အတွက် အလုပ်ရှုပ်နေရတာပေါ့၊ ထူးချွန်တဲ့ သားသမီးတွေ အများကြီးရှိတာကလည်း ဝန်ထုပ်ဝန်ပိုးတစ်ခုပဲလို့ အခုမှ သိတော့တယ်၊ ကြည့်ဦး... အခုလည်း သူတို့တွေ မင်္ဂလာဆောင်ကြတော့မယ်ဆိုတော့ ငါကပဲ လိုက်ပြီး ပြင်ဆင်ပေးနေရတာပေါ့]
အန်းရန်မှာ ဖူစစ်ချန် ရိုက်နေသော စာရှည်ကြီးကို ကြည့်ကာ စကားပင် မဆိုနိုင်တော့ချေ။ ဤမျှအထိ အရှက်မရှိသောသူမျိုးကို သူမ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ တစ်ဖက်မှ ဟန်ဝေ့လန်မှာလည်း ဆွံ့အသွားပုံရကာ စာကြောင်းအရှည်ကြီးအစား အစက်ကလေးများသာ ပြန်ပို့လာသည်။ ခဏအကြာတွင်မူ ပြန်စာ ရောက်လာတော့သည်။
[အေးပါ... သည်းခံပြီး လုပ်ပေးလိုက်ပါဦး၊ ဒီကာလကျော်သွားရင် အဆင်ပြေသွားမှာပါ]
စကားဝိုင်း ပြီးဆုံးသွားသောအခါ ဖူစစ်ချန်နှင့် အန်းရန်တို့မှာ ကြီးကျယ်သော အလုပ်တစ်ခုကို ပြီးမြောက်သွားသည့်အလား သက်ပြင်းချလိုက်ကြသည်။ သူတို့နှစ်ဦး အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားကြသည်။
“ဂျောက်... ဂျောက်... ဂျောက်...”
သက်တမ်းရင့် စက်ပစ္စည်းအိုကြီးများအလား သူတို့လည်ပင်းများမှာ တောင့်တင်းစွာဖြင့် လည်ပတ်သွားကြသည်။ ဖူစစ်ချန်နှင့် အန်းရန်တို့မှာ မျက်နှာပျက်ပျက်ဖြင့် သူတို့အား ဝိုင်းကြည့်နေသော လူများကို ကြည့်လိုက်မိကြသည်။
ဖူဟန်၊ ကူးလန်၊ ပိုင်ချီယွီ၊ ချင်ချင်နှင့် မျက်နှာဖြူလျော့နေဆဲဖြစ်သော ဖူစစ်ကျင်း— လူစုံတက်စုံပင် ရှိနေကြတော့သည်။
“ပါး...”
ဖူစစ်ချန် ချော့မော့သော အပြုံးဖြင့် ဖုန်းအား လက်နှစ်ဖက်ဖြင့် မြှောက်ကာ ဖူဟန်ထံသို့ တရိုတသေ ဆက်သလိုက်သည်။
ဖူဟန် ဖုန်းကို ယူလိုက်သောအခါ ဖူစစ်ချန်မှာ အပြစ်လုပ်ထားသော ကလေးတစ်ဦးအလား ခေါင်းငုံ့ကာ သူ့ကံကြမ္မာအား စောင့်မျှော်နေတော့သည်။ အတော်ကြာသည်အထိ မည်သူကမျှ အရေးမလုပ်သဖြင့် သူ မော့ကြည့်လိုက်ရာ လူကြီးသုံးဦးမှာ စုဝေးကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်ကို တွေ့ရသည်။
ချင်ချင် သူ့အား မျက်စိမှိတ်ပြလိုက်ရာ ဖူစစ်ချန် ချက်ချင်းပင် သဘောပေါက်သွားသည်။ လူကြီးများ အာရုံလွဲနေခိုက် သူ ချင်ချင့်ကို ချီကာ အခန်းပြင်သို့ အပြေးထွက်သွားတော့သည်။
ဖူဟန်တို့ သတိဝင်လာပြီး လိုက်သွားချိန်တွင် သူ့သားငယ်နှင့် သူငယ်ချင်းများမှာ ချင်ချင်နှင့်အတူ ထမင်းစားနေကြပြီ ဖြစ်သည်။ ထမင်းစားချိန်တွင် ကလေးအား ဆူပူရန် မသင့်တော်သဖြင့် ဖူဟန် စိတ်ကို ထိန်းထားလိုက်သည်။ မမျှော်လင့်ဘဲ ထိုသို့ စိတ်ရှည်လိုက်ခြင်းမှာ သူ့ဒေါသများကို ပြေပျောက်သွားစေသည်။ သူ့သားငယ်မှာ နောက်ပြောင်တတ်ပြီး အခွင့်အရေးရတိုင်း တောင်းပန်တတ်သူဖြစ်သည့်အပြင် ချင်ချင်ကလည်း ကလေးသံလေးဖြင့် ဝင်ကူပြောပေးသဖြင့် နောက်ဆုံးတွင် ဖူဟန်မှာ ထိုကလေးဆိုးအား လွှတ်ပေးလိုက်ရတော့သည်။
သို့သော်လည်း သူ့ကျေးဇူးကြောင့် ဟန်ဝေ့လန်၏ သံသယများကို ခေတ္တမျှ ဖုံးကွယ်ထားနိုင်ခဲ့သည်။
သူ့သားကြီးနှင့် ပတ်သက်၍မူ... ဖူဟန် ဖူစစ်ကျင်း၏ မျက်နှာကို ခိုးကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ နောက်မှသာ သေသေချာချာ စကားပြောရန် ဆုံးဖြတ်လိုက်သည်။ သုံးရက်တာ ပျော်ရွှင်စရာ ခရီးစဉ်အပြီးတွင် ချင်ချင်တို့ အိမ်ပြန်လာခဲ့ကြသည်။
ဤခရီးစဉ်အတွင်း မမျှော်လင့်သော ဖြစ်ရပ်များစွာ ကြောင့် လူအများမှာ စိတ်လေးလံနေကြသော်လည်း ချင်ချင်မှာမူ ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်နေဆဲပင် ဖြစ်သည်။ သူမတစ်ဦးတည်းသာလျှင် ဤခရီးတိုလေးအား အမှန်တကယ် ပျော်ရွှင်ခဲ့သူ ဖြစ်ပေလိမ့်မည်။
“ချင်ချင်... ငါတို့ ရေပူစမ်းသွားကြမလား? နင်နင်လည်း လိုက်ခဲ့မှာတဲ့”
အိမ်တွင် သူနှင့် ချင်ချင် နှစ်ဦးတည်းသာ ရှိနေသည်။ ကျန်ရှိနေသူများမှာ အလုပ်ကိစ္စများဖြင့် ခရီးထွက်နေကြပြီး အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သော သူ့ညီငယ်ပင်လျှင် အခုတလော အလွန်ပင် အလုပ်များနေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အဖွားတင်းမှာလည်း သူမ၏ မြေးကြီးမှာ မြစ်ရတနာလေး ရထားသဖြင့် သွားကြည့်ရန် ရက်အနည်းငယ် ခွင့်ယူထားသည်။ ထို့ကြောင့် ချင်ချင့်အား စောင့်ရှောက်ရန် တာဝန်မှာ ဖူစစ်ကျင်းထံသို့ ထပ်မံကျရောက်လာတော့သည်။
သူ ယနေ့တွင် ဒါရိုက်တာကောင်းနှင့် ရုပ်ရှင်ရိုက်ကွင်း၌ ဆုံတွေ့ရန် ချိန်းဆိုထားပြီး ထိုအနီးအနား၌ ရေပူစမ်းအပန်း ဖြေစခန်းတစ်ခု ရှိသဖြင့် ဒါရိုက်တာကောင်းမှ အတူတူ အပန်းဖြေရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
ဒါရိုက်တာကောင်းတွင်လည်း အခက်အခဲ ရှိနေသည်။ သူ့ဇနီးမှာ ကိုယ်ဝန်ရှိနေသော်လည်း အခြေအနေ မတည်ငြိမ်သဖြင့် ဆေးရုံတက်နေရသည်။ သူ ရုပ်ရှင်ရိုက်ကွင်းသို့ မသွားဘဲ မနေနိုင်သလို၊ အိမ်မှ လူကြီးများကလည်း ဇနီးဖြစ်သူအား ပြုစုနေကြသဖြင့် ကလေးကို ကြည့်မည့်သူမရှိဖြစ်နေခြင်း ဖြစ်သည်။
နင်နင်မှာလည်း ရိုးရိုးကလေးမဟုတ်ဘဲ အလွန်ပင် ဆော့ကစားတတ်သူဖြစ်ရာ ဒါရိုက်တာကောင်းမှ လူကြီးအားလုံးပေါင်းလျှင်ပင် ထိုကလေးမလေးကို ထိန်းနိုင်ပါ့မလားဟု သံသယရှိနေသည်။ ပိုဆိုးသည်မှာ သူငယ်တန်းကျောင်း ပိတ်ရက် ဖြစ်နေသဖြင့် သူကိုယ်တိုင်ပင် ထိန်းရတော့မည်ဟု တွေးထားသည်။
တစ်ဦးတည်း ထိန်းရမည့်အစား သူငယ်ချင်းများပါခေါ်ကာ အတူတူထိန်းရန် ဒါရိုက်တာကောင်း စဉ်းစားလိုက်သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူ ဖူစစ်ကျင်းနှင့် နင်နင့်သူငယ် ချင်းဖြစ်သူ ချင်ချင်တို့အား အတူတူဆော့ကစားနိုင်ရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။
ချင်ချင်မှာလည်း အိမ်တွင် ပျင်းနေသဖြင့် အခြားကလေးများနှင့် ဆော့ကစားရန် စိတ်အားထက်သန်နေသည်။ အထူးသဖြင့် နင်နင်မှာ သူမကဲ့သို့ပင် ဒိုင်နိုဆောများကို နှစ်သက်သူဖြစ်ရာ သူတို့နှစ်ဦး ပြောစရာ စကားများစွာ ရှိနေကြသည်။
မိန်းကလေးငယ်လေးမှာ ချက်ချင်းပင် သဘောတူလိုက်ပြီး ဖူစစ်ကျင်းအား အဝတ်အစားများ ပြင်ဆင်ရန် အသည်း အသန် တိုက်တွန်းတော့သည်။ သူတို့ နှစ်ရက်မျှသာ သွားမည်ဖြစ်သဖြင့် အဝတ်အစား တစ်စုံသာ လိုအပ်သည်။ ဖူစစ်ကျင်း ချင်ချင့်အတွက် ဒိုင်နိုဆော ကျောပိုးအိတ်လေးကိုသာ ပေးလိုက်ပြီး ကျန်ရှိသော ပစ္စည်းများကို သူ့ခရီးဆောင်အိတ်အတွင်း ထည့်ယူလိုက်သည်။
သူတို့နှစ်ဦး အဖွဲ့ဝင်များရှိသော ဂရု၌ “သတိထားသွားကြပါ” ဟူသော မှာကြားချက်ကိုသာ လက်ခံရရှိပြီးနောက် ချက်ချင်းပင် ထွက်ခွာလာခဲ့ကြသည်။ ဖူဟန်ကမူ စိတ်အေးလက်အေး ရှိလှသည်။ ဖူစစ်ကျင်း ရုပ်ရှင်ရိုက်ကွင်းသို့ သွားခြင်းမှာ စစ်ဆေးရေးသွားခြင်းဖြစ်သဖြင့် လူအများအပြား ဝန်းရံစောင့်ရှောက်ပေးကြမည်မှာ သေချာသည်။ ထို့အပြင် ဖူမိသားစု သက်တော်စောင့်များမှာလည်း သာမန်လူများ မဟုတ်ကြချေ။
ယခုဆိုလျှင် ချင်ချင့်အတွက် ကိုယ်ရံတော်မှာ ၂ ဦးမှ ၆ ဦးအထိ တိုးမြှင့်ထားပြီး ဖြစ်သည်။ အားတနှင့် အားဟတို့မှာ ဖူဟန် ငှားရမ်းထားသူများဖြစ်ကြပြီး အားဟွာနှင့် အားမင် တို့မှာ ကူးလန် ပို့လိုက်သူများဖြစ်သည်။ ကျန် ၂ ဦးမှာမူ ပိုင်ချီယွီ လူများဖြစ်ကြသည်။
ဖူဟန်နှင့် ကူးလန်တို့ ငှားရမ်းထားသော သန်မာထွားကြိုင်းသည့် ကိုယ်ရံတော်များနှင့် နှိုင်းယှဉ်လျှင် ပိုင်ချီယွီ၏ လူများမှာ မမြင်နိုင်လောက်အောင်ပင်သိုသိပ်လှသည်။ သူတို့သည် ချင်ချင့်အနောက်မှ အသံမထွက်ဘဲ တိတ်တ ဆိတ် လိုက်ပါစောင့်ရှောက်နေကြခြင်းဖြစ်သည်။ လူအများမှာ သူတို့ရှိနေသည်ကိုပင် မေ့လျော့နေတတ်ကြသော် လည်း အားတတို့ကဲ့သို့ ကျွမ်းကျင်သူများကမူ ထိုသူနှစ်ဦးမှာ အလွန်ပင် စွမ်းအားကြီးသူများဖြစ်ကြောင်းသိရှိကြသည်။
ဤမျှ တင်းကျပ်သော လုံခြုံရေးအောက်တွင် ချင်ချင် တစ်စုံတစ်ခုဖြစ်ခဲ့ပါက ဖူဟန်တို့အနေဖြင့် ကံကြမ္မာကိုသာ လက်ခံရတော့မည် ဖြစ်ပေသည်။
ရုပ်ရှင်ရိုက်ကွင်းသို့ သွားရာလမ်းမှာ အတန်ငယ်ဝေးကွာလှသဖြင့် ကားဖြင့်သွားလျှင် အချိန်အတော်ကြာမည် ဖြစ်သဖြင့် သူတို့ အမြန်ရထား စီးရန် ဆုံးဖြတ်လိုက်ကြသည်။ ချင်ချင့်အတွက် ရထားဘူတာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ လူအုပ်ကြီးကို ကြည့်ပြီး အံ့အားသင့်နေတော့သည်။ သူမ ဖူစစ်ကျင်း ဘောင်းဘီနားကို မြဲမြံစွာ ဆွဲထားရင်းအနားမှ မခွာဘဲနေတော့သည်။
“ချင်ချင်... အဲဒီလောက်ကြီး တင်းတင်းကြပ်ကြပ် ဆွဲမထားပါနဲ့”
ဖူစစ်ကျင်း ဘောင်းဘီ ကျွတ်ကျလုနီးပါး ဖြစ်နေသဖြင့် သက်ပြင်းချရင်း ပြောလိုက်သည်။
“မရဘူး! ချင်ချင်က အရမ်းချစ်ဖို့ကောင်းလို့ တစ်ယောက် ယောက်က လာခေါ်သွားရင် ဘယ်လိုလုပ်မလဲ”
ချင်ချင့် ပါးဖောင်းဖောင်းလေးမှာ တည်ကြည်လေးနက်နေတော့သည်။
သူတို့နှစ်ဦး ဂိတ်ပေါက်မှ ဝင်ရန် တန်းစီနေစဉ် အနောက်မှ အမျိုးသမီးငယ်တစ်ဦးမှာ ချင်ချင့်စကားကို ကြားပြီး ပါးစပ်ပိတ်ကာ တခိခိ ရယ်မောလေသည်။
“ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ ကလေးလေးလဲ!”
သူမ သူငယ်ချင်းမှ ဓာတ်ပုံရိုက်ရန် ဖုန်းထုတ်လိုက်သော် လည်း အမျိုးသမီးငယ်က “ဓာတ်ပုံမရိုက်ပါနဲ့၊ သူတို့ခွင့်ပြုချက်မရဘဲ ရိုက်တာ မကောင်းဘူးလေ” ဟု တားမြစ်လိုက်သဖြင့် ဖုန်းကို ပြန်သိမ်းလိုက်သည်။ ထိုအခါမှ ဝင်ရောက်တားဆီးရန် ပြင်နေသော အားတမှာလည်း ခေါင်းငုံ့ကာ သာမန်ခရီးသည်အလား ဟန်ဆောင်နေလိုက်တော့သည်။
အမြန်ရထားဖြင့် သွားလျှင် တစ်နာရီခန့်သာကြာမြင့်သဖြင့် ချင်ချင်မှာ ရထားပေါ်တွင် ကြာကြာပင် မနေလိုက်ရဘဲ ဆင်းလာခဲ့ရသည်။ ဒါရိုက်တာကောင်းကလည်း သူတို့အား စောင့်ကြိုရန် ဘူတာရုံသို့ စောစောစီးစီး ရောက်ရှိနေခဲ့သည်။
ကားအတွင်း၌မူ နင်နင် တတွတ်တွတ် စကားပြောနေသဖြင့် ဒါရိုက်တာကောင်းမှာ ခေါင်းပင် ကိုက်နေချေပြီ။
“ဖေဖေ... ကြာဦးမှာလား?”
“ဖေဖေ... ချင်ချင်လေးကို တွေ့ရင် ရေခဲမုန့် အတူတူစားလို့ ရမလား?”
ဒါရိုက်တာကောင်းမှာ ဖူစစ်ကျင်းတို့အား မြင်လိုက်ရသော အခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား ဝမ်းသာအားရဖြင့် နှုတ်ဆက်လိုက်တော့သည်။
“ဟားဟား... စစ်ကျင်း၊ မင်းတို့ ရောက်လာပြီကိုး!”