အခန်း (၉၅)
Vol. 11 Ch. 95
🍼 Chapter 95
"နင်နင်ကျဲ!"
"ချင်ချင်!"
ခွဲခွာနေရသည်မှာ ကြာပြီဖြစ်သည့် ကလေးငယ်နှစ်ယောက်သည် ပြန်လည်ဆုံတွေ့လိုက်ရချိန်တွင် ပျော်ရွှင်စွာဖြင့် တစ်ဦးကိုတစ်ဦး ဖက်လိုက်ကြသည်။ ကြည့်ရသည်မှာ အလွန်ပင် ချစ်စရာကောင်းလှသည့် မြင်ကွင်းလေးပင်။
ထူးခြားသည်မှာ ကလေးနှစ်ယောက်သည် ယနေ့အတွက် ကြိုတင်တိုင်ပင်ထားသည့်အလား အဖြူရောင်ဂါဝန်လေးများကို ဆင်တူဝတ်ဆင်ထားကြသည်။ ကျောပိုးအိတ်လေးများကလည်း ဒိုင်နိုဆောရုပ်လေးများဖြင့်။ ပြေးလွှားလိုက်တိုင်း လှုပ်ခါသွားသည့် ဆံပင်ကောက်ကောက်လေးများမှာ သူတို့၏ ပျော်ရွှင်မှုအား အစွမ်းကုန်ဖော်ပြနေသကဲ့သို့ ရှိသည်။
အသားအရေအရောင် သိသိသာသာကွဲပြားမနေလျှင် ဘေးမှဖြတ်သွားသူများမှ သူတို့အား ညီအစ်မအရင်းများဟုပင် ထင်မှတ်သွားကြလိမ့်မည်။
"ညီမလေး ချင်ချင်၊ ကျဲကျဲပြောပြမယ်..."
နင်နင်မှာ သူ့ပင်ကိုယ်ဗီဇအတိုင်း စကားတပြောပြောနှင့် ချင်ချင်အား လမ်းတစ်လျှောက်လုံး အဖော်ပြုလာသည်။ ယခုတစ်ကြိမ်တွင်တော့ ဒါရိုက်တာကောင်းသည် သမီးဖြစ်သူ၏ စကားများမှုကို စိတ်မရှုပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဖူစစ်ကျင်း သူ့ဘေးတွင်ရှိနေပြီး စကားဝိုင်းကို ကူညီထိန်းကျောင်းပေးနေသောကြောင့်ဖြစ်သည်။
အဆင်ပြေစေရန်အတွက် ရိုက်ကူးရေးအဖွဲ့မှာ ဟိုတယ်တစ်ခုလုံးကို ငှားရမ်းထားသည်။ ဒါရိုက်တာကောင်းမှာ ဖူစစ်ကျင်းနှင့် ချင်ချင်တို့ သက်တောင့်သက်သာရှိစေရန် အကောင်းဆုံးအခန်းကို ကြိုတင်ဖယ်ထားပေးသည်။
"အရင်ဆုံး ပစ္စည်းတွေထားဖို့ ဟိုတယ်ကို လိုက်ပို့ပေးမယ်၊ ပြီးရင် ထမင်းသွားစားကြတာပေါ့၊ အဲဒါပြီးမှ ရိုက်ကွင်းကို သွားကြည့်ကြမယ်၊ ဒီနေ့ နေ့လယ်မှာ စိတ်ခံစားမှု ပြောင်း လဲသွားတဲ့ အရေးကြီးတဲ့ အခန်းတစ်ခု ရိုက်ဖို့ရှိတယ်၊ မင်းလည်း လာလေ့လာလို့ရတယ်"
ဒါရိုက်တာကောင်းမှာ ရင်းနှီးမြှုပ်နှံသူကို လေးစားသောအားဖြင့် အလုပ်ချိန်အတွင်း ကိုယ်ရေးကိုယ်တာကိစ္စများ မပြောဘဲ အလုပ်ကိစ္စကိုသာ အာရုံစိုက်သည်။
သူတို့နှစ်ဦးသည် ရုပ်ရှင်တိုးတက်မှုနှင့် ဘတ်ဂျက်ကိစ္စကဲ့သို့သော အဓိကအချက်များကို တစ်လမ်းလုံး ဆွေးနွေးလာကြသည်။ သူတို့၏ ငြင်းခုံဆွေးနွေးမှုများမှာ ချင်ချင်နှင့် နင်နင်တို့၏ စကားပြောသံများထက်ပင် ပို၍ပြင်းထန်နေသေးသည်။ တစ်ယောက်တစ်ပေါက်နှင့် ကိုယ့်အကြောင်းကိုယ် ပြောနေကြသည့် မြင်ကွင်းမှာ တကယ့်ကို ထူးခြားလှသည်။
ဤရုပ်ရှင်အတွက် ဖူစစ်ကျင်းသည် သူ့ကနဦးကတိအတိုင်း ငွေကြေးသာ ထောက်ပံ့ပြီး အလုပ်ထဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
သူသည် လူရွေးပွဲလုပ်စဉ်ကပင် ပေါ်မလာခဲ့ပေ။ အဓိကမှာ သူ နိုင်ငံခြားတွင် ဆေးကုသမှုခံယူနေရသဖြင့် မပြန်လာနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ဒါရိုက်တာကောင်းမှာ ရင်းနှီးမြှုပ်နှံသူ၏ ယုံကြည်မှုကို မဖောက်ဖျက်လိုသဖြင့် ရုပ်ရှင်အား ပိုစိတ်နှစ်ပြီး လုပ်ကိုင်ခဲ့သည်။
ရုပ်ရှင်ထဲတွင် စိတ်ကူးယဉ်ဆန်သည့် အစိတ်အပိုင်းများ ပါဝင်သော်လည်း အဓိကမှာ မိသားစုဆက်ဆံရေးကို အလေးပေးထားသည်။ သိမ်မွေ့လှသည့် စိတ်ခံစားမှု အပြောင်းအလဲများကို သရုပ်ဆောင်သစ်များ ပုံဖော်ရန်မှာ ခက်ခဲလှသည်။
ထို့ကြောင့် ဒါရိုက်တာကောင်းမှာ သရုပ်ဆောင်ပီပြင်သည့် ဝါရင့်သရုပ်ဆောင်များအား ရွေးချယ်ခဲ့သည်။ ဖူစစ်ကျင်း၏ ကုမ္ပဏီမှ သရုပ်ဆောင်အချို့လည်း ရွေးချယ်ခံခဲ့ရသည်။
သူတို့ထဲမှ တစ်ဦးမှာ အရေးကြီးသည့် ဇာတ်ပို့နေရာကို ရရှိခဲ့သည်။ သူမသည် ဖူစစ်ကျင်း အကူအညီမပါဘဲ မိမိအရည်အချင်းဖြင့်သာ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ နောက် ထပ်မင်းသမီးတစ်ဦးမှာမူ ဇာတ်ရံနေရာလေးတစ်ခုရခဲ့သည်။
သူမသည် ထိုနေရာအတွက် ပြိုင်ဆိုင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ အခြားသူများနှင့် အရည်အချင်းတူညီနေသဖြင့် ဒါရိုက် တာကောင်းမှ ရင်းနှီးမြှုပ်နှံသူကို မျက်နှာထောက်သောအားဖြင့် သူမအား ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။
"အဲဒါက အလှပြတဲ့ အခန်းကဏ္ဍလောက်ပါပဲ၊ အရည် အချင်း သိပ်မလိုဘူး၊ မင်းကုမ္ပဏီက လူဖြစ်နေတာနဲ့ ငါလည်း သူ့ကိုပဲ ရွေးလိုက်တာ"
ဒါရိုက်တာကောင်း ကြွားဝါခြင်းမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ပြောပြသည်။ ဖူစစ်ကျင်း ဘာတုံ့ပြန်မှုမှမပြဘဲ အေးအေးဆေးဆေးပင် ရှိနေသည်။
"ချင်ချင်၊ အရုပ်တွေကို လျှောက်မပစ်နဲ့လေ"
စကားပြောနေရင်းနှင့်ပင် နောက်ခန်းတွင် ကလေးနှစ်ယောက် ဆော့ကစားလွန်းနေသည်ကို ဖူစစ်ကျင်း သတိ ထားမိသွားသည်။ သူ အခြေအနေ မလွန်ခင် ချက်ချင်းပင် တားမြစ်လိုက်သည်။
"မမကို ထိမိရင် ဘယ်လိုလုပ်မလဲ?"
"ဟုတ်"
ချင်ချင် ချက်ချင်းပင် ငြိမ်ကျသွားပြီး သူ့ဒိုင်နိုဆောရုပ်လေးကို ပြန်သိမ်းလိုက်သည်။
ထိုအရုပ်မှာ ဖူစစ်ကျင်း မကြာသေးမီက ဝယ်ပေးထားသည့် အရုပ်သစ်ဖြစ်သည်။ ဥလေးအဖြစ် စတင်ပြီး ရေထဲတွင် ရက်အနည်းငယ် စိမ်ထားလျှင် ဒိုင်နိုဆောလေးအဖြစ် ပြောင်းလဲသွားသည့် အလွန်ပင် ထူးဆန်းသည့် ကစားစရာဖြစ်သည်။ ၎င်းအား ပြန်အခြောက်ခံပြီး မော်ဒယ်ရုပ်လေးအဖြစ် အသုံးပြုနိုင်သည်။ ချင်ချင်သည် နင်နင်နှင့်အတူ ဆော့ရန် ၎င်းတို့အား ယူလာခြင်းဖြစ်သည်။
လူကြီးများ မသိလိုက်ခင်မှာပင် ကလေးနှစ်ယောက်မှာ ဒိုင်နိုဆော တိုက်ပွဲများ ဆော့နေကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံ လက်ချော်ပြီး အရုပ်များ လွင့်ထွက်ကုန်သည်။ ဖူစစ်ကျင်းသာ အချိန်မီမတားခဲ့လျှင် တစ်ယောက် ယောက်ကို ထိမိပြီး ငိုပွဲဆင်နေကြလောက်ပြီဖြစ်သည်။
နေ့လယ်စာ စားပြီးနောက် သူတို့ ရိုက်ကွင်းသို့ ရောက်ရှိလာကြသည်။ ဖူစစ်ကျင်း ဩဇာအပြည့်ရှိသည့် လူအုပ်စုကြီးနှင့်အတူ ဝင်လာသည့်အတွက် လူတိုင်းအကြည့်မှာ သူတို့ဆီသို့ ရောက်သွားသည်။
မည်သူမဆို ထိုလူမှာ အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ သို့သော် အာရုံအဖမ်းစားနိုင်ဆုံးမှာ အဖွဲ့၏ ရှေ့ဆုံးမှ လက်ချင်းချိတ်ကာ ရေခဲမုန့်စားနေသည့် ကလေးမလေးနှစ်ယောက်ပင်။
"နောက်တာလား! တစ်ယောက်က ဒါရိုက်တာ့သမီး၊ နောက်တစ်ယောက်က ရင်းနှီးမြှုပ်နှံသူရဲ့ကလေး၊ ဘယ်သူက သူတို့ကို ထိရဲမှာလဲ? လူတိုင်းက သူတို့ကို ဝိုင်းပြီး အလိုလိုက်နေကြမှာပေါ့"
"ဟိုက ဘယ်သူလဲ?"
အခြေအနေအား မသိသေးသူတစ်ဦးမှ ခပ်တိုးတိုးမေးသည်။
ဘေးမှလူက အံ့သြသွားဟန်ဖြင့် ရှင်းပြလိုက်သည်။
"မင်း မသိဘူးလား? သူက ဖူဂရုရဲ့သားကြီးလေ၊ ဖူအင်တာတိန်းမန့်ရဲ့ ဥက္ကဋ္ဌပေါ့၊ ငါတို့ကားရဲ့ ရင်းနှီးမြှုပ်နှံသူလည်း ဟုတ်တယ်"
"တကယ့်ကို အားကျစရာပဲ! ကြည့်ရတာ အရမ်းငယ်သေးတာပဲ၊ အသက်ဘယ်လောက်ရှိပြီလဲ?"
မိန်းကလေးများ၏အသံများ ထွက်ပေါ်လာသည်။
"အင်တာနက်မှာတော့ ၂၆ နှစ်လို့ ပြောတာပဲ၊ ၃၀ မကျော်တာတော့ သေချာတယ်"
"ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တယ်၊ ရုပ်ကလည်း ချောသေးတယ်။ ဘယ်လိုများ ကံကောင်းတာပါလိမ့်"
"သက်ပြင်းပဲ ချမိတယ်၊ ငါသာ သူ့ကို လက်ထပ်ရရင်တော့..."
"အိပ်မက်ယောင်မနေနဲ့၊ သူ့မှာ ရည်းစားရှိပြီးသား"
လူရှိသည့်နေရာတွင် အတင်းအဖျင်းဆိုသည်မှာ မကင်းနိုင်ပေ။ သူ ပေါ်လာသည်နှင့် ဖူစစ်ကျင်းအချက်အလက်များမှာ အကုန်ဖော်ထုတ်ခံလိုက်ရသည်။ ဤသည်မှာ လူတိုင်းအား ပို၍ပင် အားကျစေသည်။ သူတို့နှင့် ဖူစစ်ကျင်းမှာ ကွာခြားချက် ကြီးမားလွန်းသဖြင့် မနာလိုပင် မဖြစ်နိုင်တော့ပေ။
ဖူစစ်ကျင်း ရိုက်ကွင်း၏ စနစ်တကျရှိမှုကို တွေ့ရှိသွားပြီး သဘောကျသွားသည်။
"ဒါရိုက်တာကောင်းရဲ့ အဖွဲ့က တကယ့်ကို ထူးချွန်တာပဲ"
ဒါရိုက်တာကောင်းမှာ ထိုစကားကြောင့် အလွန်ပင် ဝမ်းသာသွားသည်။ သူကိုယ်တိုင်ပင် ဖူစစ်ကျင်းအား ရိုက်ကွင်းပတ်ပြပြီး မော်နီတာရှေ့တွင် ထိုင်ခုံတစ်ခု အထူးစီစဉ်ပေးကာ သရုပ်ဆောင်များ၏ အလုပ်ကို စစ်ဆေးနိုင်ရန် ပြင်ဆင်ပေးသည်။
ဥက္ကဋ္ဌကိုယ်တိုင် လာရောက်စစ်ဆေးနေသဖြင့် ဖူအင်တာတိန်းမန့်မှ သရုပ်ဆောင်များမှာ ပို၍ပင် တုန်လှုပ်နေကြသည်။ သူတို့သည် စာသားအမှားမှာ သို့မဟုတ် အမှားအယွင်းတစ်ခုခု လုပ်မိမှာကို အလွန်ပင် စိုးရိမ်နေကြသည်။
ထိုအချိန်တွင် ချင်ချင်နှင့် နင်နင်တို့မှာ အပျော်ဆုံးပင်။ သူတို့သည် အကူတစ်ယောက်နှင့်အတူ ပျော်ပျော်ပါးပါး ဆော့ကစားကာ ဗိုက်ဆာလျှင် မုန့်စားလိုက်၊ ရေငတ်လျှင် သစ်သီးစားလိုက်နှင့် နန်းတော်ထဲတွင် နေနေရသကဲ့သို့ ရှိသည်။
ယနေ့ရိုက်ကွင်းမှာ မင်းသမီး၏သားဖြစ်သူမှ သူ့မိခင်အား တစ်ချိန်လုံး အထင်လွဲခဲ့သည်ကို သိသွားသည့် အခန်းဖြစ်သည်။ သူ စိတ်ဆိုးမာန်ဆိုးဖြင့် သူ့မိခင်အား မီးရထားဘူတာရုံတွင် ပစ်ထားခဲ့မိသည်။
သည်းထန်စွာ ရွာသွန်းနေသည့် မိုးထဲတွင် နောင်တရနေသော သားဖြစ်သူမှာ ဘူတာရုံသို့ အသည်းအသန် ပြေးသွားသော်လည်း သူ့မိခင်မှာ ထိုနေရာတွင် မရှိတော့ပေ။ သူ ပျာပျာသလဲ လိုက်ရှာရာ နောက်ဆုံးတွင် လုံခြုံရေးဂိတ်လေးထဲတွင် ထိုင်နေသည့် မိခင်အား တွေ့သွားသည်။
သူ့အခြေအနေကိုပင် ဂရုမစိုက်ဘဲ ပြေးသွားကာ မိခင်အား တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ကလေးတစ်ယောက်လို ငိုကြွေးတော့သည်။ မိခင်အား ပစ်ထားခဲ့သည့်အတွက် ဆူပူရန် ပြင်နေသည့် လုံခြုံရေးဝန်ထမ်းပင် ထိုမြင်ကွင်းအား ကြည့်ပြီး ဘာမှမပြောနိုင်တော့ပေ။
ထိုအခန်းမှာ အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းသော် လည်း သရုပ်ဆောင်ရန်မှာ မလွယ်ကူပေ။
ဒါရိုက်တာကောင်း၏ အမိန့်ပေးသံနှင့်အတူ မိုးစက်မိုး ပေါက်များ ကျဆင်းလာသည်။ မင်းသမီး၏သားအဖြစ် သရုပ်ဆောင်သည့် ဒုတိယမင်းသားမှာ ကင်မရာနောက်မှ အသည်းအသန် ပြေးလိုက်ရင်း မိခင်အား ရှာဖွေနေသည်။
တစ်ဖက်တွင်လည်း အပစ်ခံလိုက်ရသည့် မင်းသမီးမှာ စိတ်ဓာတ်ကျမသွားပေ။ သူမသည် ဆရာမ သင်ပေးထားသည့်အတိုင်း လုံခြုံရေးဂိတ်သို့ သွားကာ ရဲများမှဖြစ်စေ၊ မိသားစုဝင်များမှဖြစ်စေ လာခေါ်မည်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။
ဤဇာတ်လမ်း၏ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ အရွယ်ရောက်ပြီးသူနှင့် ကလေးဘဝ မင်းသမီးတို့၏ စရိုက်လက္ခဏာ ပြောင်းပြန်ဖြစ်နေခြင်းပင် ဖြစ်သည်။
အရွယ်ရောက်ပြီးသူ မင်းသမီးမှာ ဘဝကို ငြီးငွေ့နေပြီး အသက်မဲ့နေသည့် လူတစ်ယောက်ကဲ့သို့ ရှင်သန်နေသည်။ ကလေးဘဝ မင်းသမီးလေးမှာမူ ထက်မြက်သည်၊ ပျော်ပျော်နေတတ်သည်၊ စန္ဒယားတီးတတ်ပြီး ပန်းချီလည်း ဆွဲတတ်သည့် ကျောင်းတွင် နာမည်ကြီးသည့် ကလေးမလေး ဖြစ်သည်။
ဤရုပ်ရှင်မှာ ဘဝ၏ ကြမ်းတမ်းမှုကို ဖော်ပြနေသော် လည်း မည်သို့ပင် ခက်ခဲပါစေ နောက်ဆုံးတွင် ကြံ့ကြံ့ခံကာ ပန်းများပွင့်လန်းလာစေရန် ကြိုးစားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မိသားစုဆိုသည်မှာ ထိုအချက်အား ထောက်ပံ့ပေးသည့် အရာသာ ဖြစ်သည်။
ဒါရိုက်တာကောင်း၏ လက်ရာဖြစ်သဖြင့် ဤရုပ်ရှင်မှာ အမြတ်ရမည်မှာ သေချာသော်လည်း ဖူစစ်ကျင်း ရည်မှန်း ချက်မှာ ထိုမျှမကပေ။ သူသည် ဆုများကို မျှော်လင့်နေခြင်းဖြစ်သည်။
ဖူအင်တာတိန်းမန့် တည်ထောင်ခဲ့သည်မှာ သုံးနှစ်သာ ရှိသေးသဖြင့် လုပ်ငန်းနယ်ပယ်တွင် နေရာခိုင်ခိုင်မာမာ ရရန်အတွက် ခိုင်မာသည့် ရလဒ်များ လိုအပ်သည်။ မဟုတ်လျှင် ရေထဲတွင် ခဏတဖြုတ်ပေါ်လာသည့် လှိုင်းလုံးလေးတစ်ခုကဲ့သို့ ပျောက်ကွယ်သွားပေလိမ့်မည်။
ရုတ်တရက် ရွာချလိုက်သည့် မိုးကြောင့် ချင်ချင် ဆော့ကစားနေရာမှ ရပ်တန့်သွားပြီး သရုပ်ဆောင်များ၏ ဖျော်ဖြေမှုအား စိတ်ဝင်တစား ကြည့်နေမိသည်။
မင်းသမီးလေးအဖြစ် သရုပ်ဆောင်သည့် ကလေးမှာ အတွေ့အကြုံရှိသည့် ကလေးသရုပ်ဆောင်ဖြစ်သဖြင့် အလွန်ပင် ပီပြင်သည်။ လုံခြုံရေးဝန်ထမ်းအဖြစ် သရုပ် ဆောင်သည့် ဝါရင့်သရုပ်ဆောင်မှာလည်း အလွန်ပင် ကောင်းမွန်လှသည်။ သားအဖြစ် သရုပ်ဆောင်သည့် လူသစ်မှာလည်း ဒါရိုက်တာကောင်း ရွေးချယ်ထားသူဖြစ်သဖြင့် သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ရှိလှသည်။
သူ့အနေနှင့် သရုပ်ဆောင်နေခြင်းထက် မိမိကိုယ်ကိုယ် ပုံဖော်နေခြင်းနှင့် ပိုတူသည်။ ထို့ကြောင့်ပင် သူ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည်။
အခက်ခဲဆုံးဟု ထင်ရသည့် အခန်းမှာ တစ်ခါတည်းနှင့် အိုကေသွားသဖြင့် ဒါရိုက်တာကောင်းပင် ပြုံးမိသွားသည်။
"ကတ်! ဒီအခန်း အိုကေတယ်၊ အားလုံးပဲ ဆက်ကြိုးစားကြဦး၊ ဒီနေ့ မြန်မြန်ပြီးရင် ညစာကိုကြက်ပေါင်ထည့်ကျွေးမယ်!"
"ဟုတ်ကဲ့ပါ!"