← Chapters

အခန်း (၉၆)

Vol. 11 Ch. 96

အခန်း (၉၆)

Vol. 11 Ch. 96

🍼 Chapter 96

"ကောင်းပြီ!"

လူအုပ်ကြီးမှ စိတ်လှုပ်ရှားတက်ကြွစွာ ပြိုင်တူထူးလိုက်ကြသည့်အသံကြားတွင် ကလေးငယ်နှစ်ယောက်၏ အသံလေးများလည်း ရောနှောပါဝင်နေသည်။

လူကြီးများ လက်ထောင်ပြီး အားပေးနေကြသည်ကို မြင်တော့ အူကြောင်ကြောင်လေး ဖြစ်နေသည့် ချင်ချင်ကလည်း သူမ လက်ကလေးကို လိုက်ထောင်ရှာသည်။ နင်နင်မှာ ပျော်စရာကောင်းမည်ဟု ထင်မှတ်ပြီး အပျော်သဘောဖြင့် လိုက်ပါဝင်နေခြင်းသာ ဖြစ်သည်။

ဖူစစ်ကျင်း တဟားဟားရယ်မောရင်း ချင်ချင့်ခေါင်းလုံးလုံးလေးကို ပွတ်သပ်ကာ စနောက်လိုက်သည်။

"သူတို့ အသရုပ်ဆောင်ကောင်းတာနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ၊ မင်းက ကြက်ပေါင်းတောင် ရမှာမဟုတ်ဘူး"

"ရတယ်၊ ရတယ်!"

ချင်ချင် သူမ ခေါင်းလေးကို အပြစ်ကင်းစင်စွာဖြင့် တဆတ်ဆတ်ညိတ်ပြနေသည်။ သူမ၏ တည်ကြည်လေးနက်နေသော အမူအရာလေးကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ရယ်မောကုန်ကြတော့သည်။

"နင်နင်ကတော့ အကြီးဆုံး ကြက်ပေါင်းကို လိုချင်တာ!"

ပါးနပ်လှသည့် နင်နင်မှာ လူကြီးများ သူတို့အား ကြက်ပေါင်းမကျွေးဘဲ နေမည်ဟု မယုံကြည်ပေ။ ထို့ကြောင့် သူမ အကြီးဆုံးတစ်ခုကို ရမှဖြစ်မည်ဟု အသံကျယ်ကျယ်ဖြင့် အခိုင်အမာ ပြောဆိုနေတော့သည်။

"မင်းကြည့်ရတာကိုက ကြက်ပေါင်းကြီးနဲ့ တူနေတာ"

ဒါရိုက်တာကောင်း ခနဲ့လိုက်ရာ ကလေးမလေးထံမှ မျက်စောင်းအကြီးကြီး ပြန်လည်လက်ဆောင်ရလိုက်လေသည်။

ညစာစားပြီးလျှင် ရိုက်ကူးရေးတစ်ခန်း ကျန်သေးသဖြင့် ဒါရိုက်တာကောင်းမှာ ပြန်၍မရသေးပေ။ ဖူစစ်ကျင်းမှာလည်း လက်ထောက်ဒါရိုက်တာ၊ ထုတ်လုပ်ရေးအဖွဲ့ဝင်များနှင့် ဆွေးနွေးစရာအချို့ ရှိနေသေးသောကြောင့် အားလုံးပင် ရိုက်ကူးရေးကွင်း၌သာ ညစာ အတူစားရန် ဆုံးဖြတ်လိုက်ကြသည်။

ဒါရိုက်တာကောင်း၏ ရိုက်ကူးရေးအဖွဲ့မှ ကျွေးမွေးသည့် အစားအသောက်များမှာ တော်တော်လေး ကောင်းမွန်လှသည်။

အခြားသော ရိုက်ကူးရေးကွင်းများကဲ့သို့ ထမင်းဘူးကို ကိုယ့်ဘာသာ ရွေးချယ်ရခြင်းမျိုးမဟုတ်ဘဲ ကျောင်းထမင်းစားဆောင်ကဲ့သို့ ဘူေဖးစားရသည့် စတိုင်မျိုးဖြစ်သည်။ ဟင်းလျာအမျိုးပေါင်း တစ်ဆယ်ကျော်အပြင် သစ်သီးလန်းများနှင့် စွပ်ပြုတ်ပါ ပါဝင်သည်။ အစားအ သောက် မလေလွင့်စေရန်သာ ဂရုစိုက်ရပြီး မိမိနှစ်သက်သလောက် စိတ်ကြိုက်ယူဆောင်စားသုံးနိုင်သည်။

ချင်ချင် ထိုကဲ့သို့ အစားအသောက် ကျွေးမွေးသည့်စနစ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သဖြင့် အလွန်ပင် စပ်စုချင်နေသည်။ သူမ နင်နင်အား စိတ်လှုပ်ရှားစွာဖြင့် ဆွဲခေါ်ကာ တန်းစီသည့်လူအုပ်ထဲသို့ ဝင်ရောက်သွားတော့သည်။

ကံမကောင်းစွာဖြင့်ပင် တန်းစီပြီး သိပ်မကြာသေးမီမှာပင် အစားအသောက် ဝေငှပေးသူမှ သူတို့အား မောင်းထုတ်လိုက်သည်။

အကြောင်းရင်းမှာ သူတို့တွင် ကိုယ်ပိုင်ထမင်းဘူးများ ပါမလာခြင်းကြောင့် ဖြစ်သည်။ အဖွဲ့သားများအတွက် ပန်းကန်များကို သတ်မှတ်ချက်အတိုင်း ခွဲတမ်းချထားသဖြင့် သူတို့အား ထည့်ပေး၍မရနိုင်ခြင်းပင်။

စိတ်ပျက်လက်ပျက်ဖြစ်သွားသော ကလေးငယ်နှစ်ယောက်မှာ ချက်ချင်လှည့်ပြေးကြတော့သည်။ နင်နင် သူမဖခင်အား သွားရှာပြီး ချင်ချင် သက်တော်စောင့် အားတကို သွားရှာလေသည်။

သူမ အားတ၏ဝတ်စုံအင်္ကျီကို လက်ကလေးဖြင့် ဆွဲလိုက်ပြီး ခေါင်းလေးမော့ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဦးဦးအားတ... ဟင်းခပ်ပေးတဲ့ အန်တီက ပြောတယ်၊ ချင်ချင် ထမင်းစားချင်ရင် ကိုယ်ပိုင်ထမင်းဘူး ယူလာရမယ်တဲ့"

သူမ မှတ်ဉာဏ်ကောင်းသူ ဖြစ်သည်။ အထိန်းတော်ကြီး အိတ်ထဲတွင် သူမ၏ အထူးသီးသန့် ကလေးစားပန်းကန် လုံးလေး ရှိနေသည်ကို မှတ်မိနေသည်။

ပန်းကန်လုံးရှိလျှင် သူမ စားရတော့မည်။

"ကောင်းပါပြီ"

အားတ အိတ်ထဲမှ ချင်ချင့်ပန်းကန်လုံးလေးနှင့် ဇွန်းလေးအား ထုတ်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးဦးအားတ"

ပန်းကန်လုံးအား ရရချင်း ချင်ချင် အားတကို ချိုသာစွာ ပြုံးပြလိုက်ပြီးနောက် တန်းစီနေသည့် လူအုပ်နောက်ဆုံးသို့ ပျော်ရွှင်စွာ ပြေးသွားကာ လိမ်လိမ်မာမာဖြင့် ပြန်တန်းစီနေလေသည်။

ကလေးမလေးမှာ သေးသေးလေးဖြစ်ရာ မတ်တပ်ရပ်နေလျှင် လူကြီးတစ်ယောက်၏ ပေါင်လောက်သာ ရှိသည်။ သူမ၏ ဝိုင်းစက်တောက်ပနေသော မျက်လုံးလေးများမှာ အစားအသောက်များကို စိုက်ကြည့်နေသည်မှာ အလွန်ပင် ဆာလောင်နေသည့်ပုံ ပေါက်နေသည်။

ချင်ချင့်ရှေ့တွင်ရှိနေသော ဝန်ထမ်းတစ်ယောက်မှာ ရုတ်တရက် အသိတရားဝင်သွားသလို ခံစားလိုက်ရသည်။

သူ ဘာမှမပြောဘဲ တိတ်တဆိတ် ဘေးသို့တိုးပေးကာ ချင်ချင်အား ရှေ့သို့အရင်ပေးသွားစေသည်။

တန်းစီနေစဉ် ကြားဖြတ်ခြင်းမှာ စည်းကမ်းဖောက်ဖျက်ရာရောက်သည်ကို ချင်ချင် မသိသေးပေ၊ လူကြီးများကလည်း သူမအား ထိုအကြောင်း မသင်ပေးရသေးချေ။

ထို့ကြောင့် ရှေ့တွင် နေရာလွတ်တစ်ခု မြင်သည်နှင့် သူမ သဘာဝအတိုင်း တိုးဝင်သွားတော့သည်။

၎င်းမှာ အချက်ပြတစ်ခု ဖြစ်သွားပုံရသည်။

ပထမဆုံးလူ လမ်းဖယ်ပေးပြီးနောက် ချင်ချင့်ရှေ့တွင်ရှိနေသော လူတိုင်းကလည်း ဆာလောင်နေသည့် ကလေးငယ်လေးအား အရင်စားစေချင်သဖြင့် စေတနာရှေ့ထားကာ လမ်းဖယ်ပေးလိုက်ကြသည်။

တန်းစီသည့်နေရာတွင် ကြားဖြတ်ဝင်မိသည့် အမှားကို ချင်ချင် နားမလည်သော်လည်း သူမ ယဉ်ကျေးတတ်သူလေး ဖြစ်သည်။

လူတိုင်း သူမအား လမ်းဖယ်ပေးနေသည်ကို မြင်တော့ သူမ ဖြတ်သွားတိုင်း "ကျေးဇူးတင်ပါတယ်" ဟု ချိုချိုသာသာလေး ပြောသွားရှာသည်။

ထိုအမူအရာလေးမှာ ချစ်စဖွယ်ကောင်းလွန်းသဖြင့် လူအများ၏နှလုံးသားများ အရည်ပျော်ကုန်ကြရသည်။ အချို့ဆိုလျှင် ထိုချစ်စရာကောင်းသည့် ကလေးမလေး လိုချင်နေသော အစားအသောက်များကိုမြန်မြန်စားနိုင်ရန်အတွက် အရှေ့ဆုံးတွင် တန်းစီနေသူကိုတောင် အမြန်ပြေးတွန်းထုတ်ချင်စိတ် ပေါက်သွားကြသည်။

"ဘာစားချင်လဲ ကလေးလေး"

အစားအသောက် ဝေငှပေးသူ အန်တီကြီးကလည်း ချင်ချင်မှာ ကိုယ်ပိုင်ပန်းကန်လုံးလေး ပါလာသည်ကို မြင်သောအခါ အသာအယာ ကိုင်းညွတ်ပြီး ဘာစားချင်သလဲဟု မေးလိုက်သည်။

"ချင်ချင် အသားစားချင်တယ်!"

ချင်ချင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ရာ လူအများမှာ ရယ်မောကုန်ကြပြန်သည်။

ထမင်းစားဆောင်မှ အန်တီကြီးလည်း ပြုံးရွှင်သွားကာ ချင်ချင့်ပန်းကန်လုံးလေးထဲသို့ အသားနှင့် ဟင်းသီးဟင်း ရွက်များ အပြည့်ထည့်ပေးလိုက်သည့်အပြင် အပေါ်မှ ကြက်ပေါင်ကြီး တစ်ခုပါ တင်ပေးလိုက်သည်။

"ရော့... အများကြီး စားနော်"

"ကျေးဇူးတင်ပါတယ် အန်တီ"

ချင်ချင် ပန်းကန်လုံးကို ယူကာ ဖူစစ်ကျင်းထံသို့ ပျော်ရွှင်စွာ ပြေးသွားပြီး သူမ ရလာသည်ကိုမြှောက်ပြလိုက်သည်။

"အသားတွေ... ကြက်ပေါင်ကြီးလည်း ပါတယ်"

"အသားချည်းပဲ စားလို့မရဘူး၊ ဟင်းသီးဟင်းရွက်တွေလည်း စားရမယ်"

ဖူစစ်ကျင်း သက်ပြင်းတစ်ချက်ချကာ ချင်ချင့်အား ပွေ့ချီ ၍ သူ့ပေါင်ပေါ်တွင်ထိုင်စေလိုက်သည်။ ထို့နောက် သူမ ပန်းကန်လုံးလေးကို အနားသို့ တိုးပေးလိုက်ပြီး သူ့ပန်းကန်ထဲမှ ဟင်းရွက်နှစ်ဖတ်ကို ခူးခပ်ကာ ထည့်ပေးလိုက်လေသည်။

"ချင်ချင် ဟင်းရွက်တွေ မစားချင်ဘူး"

ချင်ချင် နှုတ်ခမ်းလေးဆူကာ မကျေမနပ်ဖြစ်နေသည့် အမူအရာလေး လုပ်ပြသည်။

"မစားချင်လို့ မရဘူးလေ၊ ဟင်းရွက်တွေ မစားရင် မင်းရဲ့ ကြက်ပေါင်ကြီးကို ပြန်သိမ်းလိုက်မှာနော်"

ထပ်တူကျနေသည့် ထိုစကားလုံးများကြောင့် ဖူစစ်ကျင်း အံ့အားသင့်သွားရသည်။ သူ မော့ကြည့်လိုက်တော့ မျက် နှာချင်းဆိုင်တွင် ထိုင်နေသည့် ဒါရိုက်တာကောင်းမှ အစားရွေးလွန်းသည့် နင်နင်အား ပြတ်ပြတ်သားသား ဆူပူနေသည်ကို တွေ့လိုက်ရသည်။

ကလေးတွေဆိုတာ အစားရွေးတတ်ကြသည်မှာ အမှန်ပင်။

နင်နင် ပန်းကန်လုံး ပါမလာသော်လည်း ကိစ္စမရှိပေ၊ သူမဖခင်၏ ထမင်းပန်းကန်ထဲမှပင် ခွဲဝေစားသောက်နိုင်သည်။

ဒါရိုက်တာကောင်း ဟင်းများ ပိုယူထားပြီး သမီးဖြစ်သူအား အရင်ကျွေးကာ ကျန်သည်များကို သူကိုယ်တိုင် စားလေသည်။ ကိုယ့်ရင်သွေးလေးမို့ သူ ဘာမှမဖြစ်ပေ။

သို့သော်ငြားလည်း နင်နင် စစ်သားတစ်ယောက် စားသောက်သလို ကြမ်းတမ်းလှသော်လည်း ချင်ချင်မှာ သူမနှင့်ယှဉ်လျှင် အများကြီး ပို၍ လိမ်မာအေးဆေးလှသည်။

နင်နင် အသံမြည်အောင် စားနေချိန်တွင် သူမ တိတ်တ ဆိတ်လေး စားနေသည်မှာ ကောင်းကင်နှင့် မြေကြီးလို ကွာခြားလွန်းလှသည်။

ပြောစမှတ်ရှိသကဲ့သို့ပင် နှိုင်းယှဉ်မှုမှာ ပျော်ရွှင်မှုကို ခိုးယူတတ်သည် မဟုတ်လား?

ဒါရိုက်တာကောင်းမှာ အားကျလွန်းသဖြင့် မနေနိုင်ဘဲ ပြောလိုက်မိသည်။

"ဒါနဲ့ စစ်ကျင်း... ငါ့ရဲ့ အငြိမ်မနေတဲ့ မျောက်လောင်းလေးကို မင်းယူပြီး မင်းရဲ့ ချင်ချင်လေးကို ငါ့သမီးအဖြစ် ပေးမလား"

"ကောင်းသားပဲ!"

ဖူစစ်ကျင်း အဖြေမပေးနိုင်ခင်မှာပင် နင်နင် စိတ်အားထက်သန်စွာဖြင့် ဝင်ဖြေလေသည်။

ဒါရိုက်တာကောင်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး

"ကောင်းတယ်ဟုတ်လား ? အိပ်မက်တောင် မမက်နဲ့!"

နင်နင်မှာ ဆွံ့အသွားပြီးမှ ပြန်ပက်လိုက်သည်။

"အခုတင်ပဲ သမီးတို့ကိုလဲချင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား"

သူမသည် ချင်ချင်တွင် ဤမျှ ခန့်ညားသည့် အစ်ကိုကြီးတစ်ယောက်ရှိနေသည်ကို အားကျနေသည်မှာ ကြာပြီဖြစ်သည်။ အလဲအလှယ်လုပ်ခံရဖို့ ဆိုသည်မှာ သူမအတွက်တော့ တောင်းဆုပြည့်သလိုပင်။

"မဟုတ်ပါဘူး၊ အဲ့ဒါ မင်းဘာသာ စိတ်ကူးယဉ်နေတာ"

ကိုယ့်ကလေးကို ကိုယ်က အမြင်မကြည်တာက တစ်ပိုင်း၊ ကိုယ့်ကလေးမှ ကိုယ့်အား ပြန်အမြင်မကြည်တာကိုတော့ ဒါရိုက်တာကောင်း လုံးဝသည်းမခံနိုင်ပေ။

ဖူစစ်ကျင်း : "..."

ချင်ချင် : "..."

သူတို့ ချင်ချင်ကို (သို့မဟုတ်) သူ့ကိုယ်သူ လဲဖို့ သဘောတူလိုက်တာမှ မဟုတ်တာပဲလေ။

သို့သော် ထိုသားအဖနှစ်ယောက် အချေအတင် စကားများနေသည်ကို ကြည့်ရသည်မှာလည်း တော်တော်လေး ပျော်စရာကောင်းလှသည်။

ဖူစစ်ကျင်း တဟားဟား ရယ်မောရင်း ချင်ချင့်အတွက် ကြက်ပေါင်ကို အသားနွှင်ကာ အပိုင်းလေးများဖြစ်အောင် ဖဲ့ပေးပြီး ဖြည်းဖြည်းချင်း ကျွေးနေသည်။

ချင်ချင့်ပန်းကန်လုံးလေးမှာ သေးသော်လည်း ကြက်ပေါင်က ကြီးလွန်းလှသည်။

ထို့ကြောင့် သူမ တစ်ခုလုံးတောင် မကုန်သေးခင်မှာပင် ဗိုက်ပြည့်သွားပြီဟု ညည်းတွားတော့သည်။

"တစ်ဝက်တောင် ကျန်သေးတယ်လေ၊ တကယ်ပဲ ထပ်မစားတော့ဘူးလား"

ဖူစစ်ကျင်း တိုးတိုးလေး မေးလိုက်သည်။ ကြက်ပေါင်တစ်ဝက်ဆိုသည်မှာ ချင်ချင် ပုံမှန်စားနေကျ ပမာဏအောက် အများကြီး နည်းနေသေးသည်။

"နို့သောက်ချင်လို့"

ချင်ချင် ခေါင်းခါပြပြီးမှ သူမ ဗိုက်ထဲတွင် နေရာချန်ထားရသည့် အကြောင်းရင်းကို ဖွင့်ပြောတော့သည်။

"ကောင်းပါပြီ၊ သွားဖျော်ပေးမယ်နော်"

ဖူစစ်ကျင်း ချင်ချင့်အပေါ်တွင် ဘာအလိုရှိရှိ အလိုလိုက်သူ ဖြစ်သည်။ ထိုစကားအား ကြားသည်နှင့် သူ့ထမင်းဝိုင်းကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ သူမအတွက် နို့ဖျော်ပေးရန် ချက်ချင်း ထရပ်လိုက်တော့သည်။

ဤအချိန်မှာ ထမင်းစားချိန်ဖြစ်သဖြင့် အလုပ်အရှုပ်ဆုံးသူများပင်လျှင် အလုပ်ကို ခေတ္တချထားပြီး စားသောက်နေကြရသည်။

ယနေ့သည် ထူးခြားနေသည်မှာ ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ကွင်းဆင်းစစ်ဆေးရုံတင်မကဘဲ အောက်ခြေဝန်ထမ်းများနှင့်ပါ ရောနှောကာ ရိုက်ကူးရေးအဖွဲ့၏ ထမင်းဟင်းကို နှိမ့်ချစားသောက်နေခြင်းကြောင့် လူအများမှာ အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်နေကြရသည်။

ဖူစစ်ကျင်း ရုတ်တရက် ထရပ်လိုက်သည်ကို မြင်တော့ လူတိုင်း ချက်ချင်းပင် ခေါင်းလှည့်ကြည့်ကြသည်။ အချို့က အထင်းသား၊ အချို့မှာ တိတ်တဆိတ် စူးစမ်းနေကြပြီး လျှို့ဝှက်ဆန်းကြယ်လှသည့် ဤရင်းနှီးမြှုပ်နှံသူကြီး ဘာလုပ်မလဲဆိုသည်ကို သိချင်နေကြသည်။

တစ်ချို့မှာတော့ သူသည် ရိုက်ကူးရေးကွင်းမှ အစားအ သောက် ညံ့ဖျင်းသည်ကို မကျေမနပ် ဖြစ်သွားသည်ဟု ထင်ကြပြီး တစ်ချို့ကလည်း သူ ဒုက္ခမခံနိုင်တော့ဘဲ လက်လျှော့သွားပြီဟု ထင်ကြသည်။

မထင်မှတ်ထားဘဲ သူ တည်ငြိမ်စွာဖြင့် ထရပ်လိုက်ပြီး ကိုယ်လုံးကိုယ်ထည် ကြီးမားသည့် သက်တော်စောင့်ထံသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်သွားကာ သူ့လက်ထဲမှ ကလေးအသုံးအဆောင်အိတ်ကို ယူလိုက်သည်?! သူသည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အိတ်ကို ဖွင့်ကာ နို့မှုန့်ဗူး၊ နို့သီးခေါင်းပါသော နို့ဘူးနှင့် ရေနွေးဗူးတို့အား ထုတ်ယူပြီး နို့ဖျော်ပေးနေတော့သည်?!

ကြည့်နေသူအားလုံး : "???"

သူဌေးကြီး... ခင်ဗျား ရိုက်ကူးရေးကွင်း မှားလာတာများလား?

အာဏာပြတတ်တဲ့ CEO ကြီးက ဘယ်ရောက်သွားပြီး အိမ်တွင်းမှုနိုင်တဲ့ ဖေဖေကြီး ဖြစ်သွားရတာလဲ!

နို့တိုက်ရမယ့် "Baby" အဓိပ္ပာယ်ခြင်းမှာ အတူတူဆိုပေမဲ့ အခြေအနေကတော့ တခြားစီပဲလေ!

ဒါပေမဲ့ တကယ်တမ်းကျတော့ သူဌေးဆိုတာ သူဌေးပါပဲ၊ နို့ဖျော်နေတာတောင် ကြည့်ကောင်းလွန်းပြီး စတိုင်ကျနေတာကတော့ မယုံနိုင်စရာပဲ။

"နင်နင်လည်း နို့သောက်ချင်တယ်!"

နင်နင် သူမ လက်ကလေးကို အမြင့်ကြီး မြှောက်လိုက်သော်လည်း ဖခင်ဖြစ်သူမှာ ချက်ချင်းပင် ပြန်ဖိချလိုက်သည်။ ဒါရိုက်တာကောင်း ဖူစစ်ကျင်းကို ကြည့်ကာ အားနာသလို ပြုံးပြရင်း

"ကလေးတွေကတော့ ဒီလိုပါပဲ၊ သူများဆီမှာ ရှိတာဆိုရင် လိုချင်ကြတာ... စိတ်ထဲမထားပါနဲ့၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်ဗျာ"

သူ့ ကျွမ်းကျင်နေသည့် တောင်းပန်ပုံကို ကြည့်ခြင်းအား ဖြင့် ဤသို့သော အခြေအနေမျိုးအား ရင်ဆိုင်နေရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာလှသည်။

"ရပါတယ်"

ဖူစစ်ကျင်း ဖော်ရွေစွာ ပြုံးပြလိုက်ပြီး "ချင်ချင့်မှာ အပိုနို့ဘူး တစ်ဗူးပါသေးတယ်၊ ကျွန်တော် နင်နင်အတွက်ပါ တစ်ခါတည်း ဖျော်ပေးလိုက်မယ်လေ"

ဒါရိုက်တာကောင်း ငြင်းဆိုရန် အခွင့်မသာခင်မှာပင် ဖူစစ်ကျင်း နောက်ထပ် နို့တစ်ဗူးအမြန်ဖျော်လိုက်သည်။ နို့ဘူးနှစ်ဗူးလုံးတွင် နို့ပမာဏကိုအတူတူပင် ထည့်ထားသဖြင့် ကလေးမလေးနှစ်ယောက်လုံး ဘယ်သူက ပိုရသည်၊ လျော့သည်ဟူ၍ ငြင်းခုန်စရာမလိုတော့ပေ။

နို့ဘူးလေးတွေ ရသွားတော့မှ ချင်ချင်နှင့် နင်နင်တို့ ငြိမ်ကျသွားတော့သည်။

ထိုအခါမှ ဖူစစ်ကျင်းလည်း ဒါရိုက်တာကောင်းနှင့်အတူ စိတ်အေးလက်အေး ထိုင်စားနိုင်ပြီး မနက်ဖြန်အတွက် အစီအစဉ်များကို ဆွေးနွေးဖြစ်ကြသည်။

မနက်ဖြန်တွင် ရိုက်ကူးရေးပစ္စည်းအဖွဲ့မှ ရှုပ်ထွေးလှသည့် ဇာတ်ဝင်ခန်းတစ်ခုအတွက် ပြင်ဆင်ရမည်ဖြစ်ရာ အချိန်တိုအတွင်း မပြီးစီးနိုင်သဖြင့် ရိုက်ကူးရေးအဖွဲ့သားများ အားလုံး တစ်ရက် အနားပေးမည်ဖြစ်သည်။

ဒါရိုက်တာကောင်း ထိုအခွင့်အရေးအား အသုံးချကာ ဖူစစ်ကျင်းတို့ကို အနီးအနားရှိ ရေပူစမ်း အပန်းဖြေစခန်းတစ်ခုသို့ ခေါ်သွားပြီး အလုပ်များကြားမှ ခေတ္တအနားယူရန်စီစဉ်လိုက်သည်။

၎င်းမှာ ကြိုတင်စီစဉ်ထားသည့် ခရီးစဉ်ဖြစ်သဖြင့် ဖူဟန်ကလည်း ကန့်ကွက်ခြင်း မရှိပေ။

စကားကောင်းနေကြသည့် ထိုနှစ်ယောက်မှာ လူအုပ်ထဲမှ ချောမောလှပသည့် မိန်းကလေးတစ်ယောက်၏ မျက်လုံးများ လှုပ်ရှားသွားသည်ကို သတိမထားမိလိုက်ကြပေ။ ထိုမိန်းကလေးမှာ သူမ၏ အရိပ်အယောင်အား ဖုံးကွယ်ရန်အတွက် ချက်ချင်းခေါင်းငုံ့လိုက်လေသည်။

တစ်နေ့တာ လှုပ်ရှားမှုများအပြီးတွင် ဖူစစ်ကျင်း ချင်ချင့်အား ဟိုတယ်သို့ ပြန်ခေါ်လာခဲ့သည်။

ဖူစစ်ကျင်း ရေချိုးခန်းထဲတွင် ရေချိုးနေစဉ် ချင်ချင် သူ့ဖုန်းကို ကိုင်ကာ ကုတင်ကြီးပေါ်တွင် ထိုင်လျက် ဖူဟန်နှင့် ဗီဒီယိုကော ပြောနေသည်။ ရေချိုးခန်းထဲမှ ရေကျသံမှာ မိုးရွာနေသကဲ့သို့ တဖွဲဖွဲ ကြားနေရသည်။

"ချင်ချင်လေး အဲ့မှာ လိမ်လိမ်မာမာ နေရဲ့လား"

ဖူဟန်၏ နောက်ခံမြင်ကွင်းအား ကြည့်ရသည်မှာ သူသည် ဤမျှ ညဉ့်နက်သည်အထိ ကုမ္ပဏီမှာ ရှိနေဆဲဖြစ်သည်။ ချင်ချင်မှာ ဟိုတယ်ကုတင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းနေလေပြီ။

သူမ တကယ်ကို ပက်လက်လှန် လဲလျောင်းနေခြင်းဖြစ် သည်။ ကလေးမလေးမှာ ဖုန်းအား သူမ ခေါင်းပေါ်တွင် လက်တစ်ဖက်တည်းဖြင့် မြှောက်ကိုင်ထားရာ လက်လွတ်ကျသွားမည်ကိုပင် မကြောက်ပုံရ...

"အား!"

ရုတ်တရက် ဖုန်းမျက်နှာပြင် ချာချာလည်သွားပြီး ချင်ချင့် နာကျင်စွာ အော်ဟစ်လိုက်သံ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ဖူဟန်မှာ ချက်ချင်းပင် စိုးရိမ်တကြီး တုန်လှုပ်သွားပြီး "ချင်ချင်... ချင်ချင်... ဘာဖြစ်တာလဲ? သတိရှိသေးရင် ဦးဦးကို ပြန်ထူးဦးလေ... ချင်ချင်..."

"နာတယ်... အီးဟီး..."

ကလေးမလေး၏ ငိုရှိုက်သံစွက်နေသော အသံလေး ထွက်ပေါ်လာသည်။ သူမ အလွန်ပင် မကျေမနပ်ဖြစ်နေကာ "ဖုန်းစုတ်ကြီးက ချင်ချင်ရဲ့မျက်နှာကို ရိုက်လိုက်တာ"

ဖုန်းအား မြဲမြဲမကိုင်ထားနိုင်ဘဲ မျက်နှာပေါ်သို့ ပြုတ်ကျသွားခြင်းသာ ဖြစ်သည်။

ဖူဟန်မှာ စိတ်အေးသွားရသလို ရယ်လည်း ရယ်ချင်သွားသည်။

ထိုအထင်မှားမှုကြောင့် သူ့အသည်းနှလုံးပင် ပြုတ်ထွက်မတတ် ထိတ်လန့်သွားရသည် မဟုတ်လား?

ကံကောင်းထောက်မစွာဖြင့် ချင်ချင် ဘာမှမဖြစ်သည်ကပင် သူ့အတွက် အကြီးမားဆုံးသော စိတ်သက်သာရာရမှု ဖြစ်သည်။

"နောက်တစ်ခါကျရင် ဂရုစိုက်ဦး၊ ဖုန်းကို မြဲမြဲကိုင်နော်"

ဖူဟန်၏ အားမလိုအားမရ ဖြစ်နေသော အသံ ဖုန်းထဲမှ ထွက်ပေါ်လာသည်။ ချင်ချင် ဖုန်းအား ပြန်လှန်ကြည့်လိုက်တော့ ဖူဟန် ဖုန်းထဲမှာ ရှိနေဆဲပင်။

ဖုန်းကျသွားသော်လည်း ဗီဒီယိုကော ပိတ်မသွားခဲ့ပေ။

"ချင်ချင် သိပါတယ်"

ချင်ချင် အသံလေးဆွဲကာ ချိုသာစွာ ပြန်ထူးလိုက်သည်။ သူမ ဖူဟန်နှင့် ဆက်ပြီး စကားပြောချင်နေစဉ်မှာပင် ရုတ်တရက် လူခေါ်ဘဲလ်သံ မြည်လာသည်။

"ဒင်ဒေါင်... ဒင်ဒေါင်..."

ဘယ်သူပါလိမ့်? ချင်ချင် အလိုအလျောက်ပင် အပြင်ဘက်ကို ချောင်းကြည့်ချင်သော်လည်း ဖူဟန် လှမ်းတားလိုက်သည်။

"ချင်ချင်... တံခါးကို ကိုယ်တိုင် သွားမဖွင့်နဲ့နော်၊ အပြင်မှာ လူဆိုး ရှိနေနိုင်တယ်၊ စစ်ကျင်းကိုပဲ သွားဖွင့်ခိုင်းလိုက်"

ရေချိုးပြီးကာစ ထိုစကားကို ကြားလိုက်ရသည့် ဖူစစ်ကျင်းမှာတော့ ဆွံ့အသွားရသည်။

ထားပါလေ၊ သူလည်း နေသားကျနေပါပြီ။

ဖူစစ်ကျင်း ရေချိုးဝတ်စုံကို ခပ်ပွပွ ဝတ်ဆင်ကာ တံခါးဖွင့်ပေးရန် လျှောက်သွားလိုက်သည်။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် အဝတ်အစား ခပ်ဟော့ဟော့ ဝတ်ဆင်ထားသည့် အလှလေးတစ်ယောက် အခန်းထဲသို့ ဇွတ်အတင်း တိုးဝင်လာတော့သည်။

"မစ္စတာဖူ... မတွေ့ရတာ ကြာပြီနော်၊ ကျွန်မကို မှတ်မိသေးရဲ့လား"

သူမသည် သူမ၏ ဆွဲဆောင်မှုအရှိဆုံး အမူအရာကို လုပ်ပြရင်း ဖူစစ်ကျင်းအား မြူစွယ်ကာ စနောက်နေသည်။ သူမ ဆိုလိုရင်းမှာ အထူးပြောနေစရာပင် မလိုတော့ပေ။

တကယ်လို့ အမျိုးသားတစ်ယောက်ကသာ အလားတူ စိတ်ဆန္ဒမျိုး ရှိနေခဲ့လျှင် ဤအခွင့်အရေးအား အမိအရဆုပ် ကိုင်ထားမည်မှာ သေချာသည်။ အလိုအလျောက်ရောက် လာသည့် အခွင့်အရေးကို ဘာကြောင့် လက်လွှတ်ခံမည်နည်း။

သို့သော် ဖူစစ်ကျင်းမှာမူ ထိုကဲ့သို့သော အတွေးမျိုး လုံးဝမရှိဘဲ မိမိကိုယ်ကို စော်ကားခံလိုက်ရသလို ခံစားချက်ကြောင့် ဒေါသတရားများသာ ဟုန်းဟုန်းတောက်သွားရသည်။

"ထွက်သွား!"

သူ တံခါးအား ကျယ်ကျယ်ဖွင့်ထားရင်း အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

"မစ္စတာဖူရယ်..."

ထိုအလှလေး၏အသံမှာ ဆွဲဆောင်မှု ရှိလွန်းလှပြီး သာမန်ယောင်္ကျားတစ်ယောက်ဆိုလျှင် အရိုးတွေပါ ပျော့ခွေသွားနိုင်စရာပင်။

သို့သော် ဖူစစ်ကျင်း၏ မျက်နှာမှာ ပိုတင်းမာခက်ထန်လာကာ "ထွက်သွားလို့ ပြောနေတယ်!"

ဘေးခန်းတွင် ခိုအောင်းနေသော အားတနှင့် အားပုတို့မှာ သူတို့အလုပ်ရှင်၏ အခန်းထဲမှ ရုန်းရင်းဆန်ခတ် အသံများ ကြားလိုက်ရသဖြင့် ချက်ချင်းပင် ရောက်ရှိလာကြသည်။ ဖူစစ်ကျင်း၏ ကရုဏာမဲ့စွာ နှင်ထုတ်လိုက်သည့် အမိန့်သံကိုလည်း အချိန်ကိုက်ပင် ကြားလိုက်ရသည်။

ရက်စက်လှသော သက်တော်စောင့်နှစ်ယောက်မှာ ညှာတာထောက်ထားရန် စိတ်ကူးမရှိပေ။ သူတို့ကိုယ်သူတို့ အသား လွတ် လာဆက်သနေသည့် ဤမိုက်မဲသော မိန်းမအား လက်မောင်းတစ်ဖက်စီမှ ဆွဲကိုင်ကာအပြင်သို့ ဆွဲထုတ်သွားပြီး ကြမ်းတမ်းစွာပင် ပစ်ချလိုက်တော့သည်။

"လွှတ်! လွှတ်စမ်း! ကျွန်မကို လွှတ်! ကျွန်မ ဘယ်သူလဲဆိုတာ သိရဲ့လား! ကျွန်မက..."

"ဒုန်း!"

တံခါးမှာ ဝုန်းခနဲ ပိတ်သွားတော့သည်။ အားတနှင့် အားပုတို့သည် တံခါး၏ တစ်ဖက်တစ်ချက်တွင် အစောင့်အကြပ်အဖြစ် ရပ်နေကြသဖြင့် ဘယ်သူမှ ထပ်မံ ချဉ်းကပ်ရန် အခွင့်အရေး မရှိတော့ပေ။

အပြင်ဘက်တွင်တော့ ထိုအလှပဂေးမလေးမှာ ဆံပင်ဖရိုဖရဲ၊ အဝတ်အစားမလုံမလဲဖြင့် ကျန်ရစ်ခဲ့သည်။ သူမ ဒေါသအလိပ်လိပ် ထွက်နေသည့်ပုံစံဖြင့် ခုန်ပေါက်ဆဲဆိုနေပြီး သူမ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။

သူမ ဒေါသတကြီး အော်ဟစ်ဆဲဆိုနေမိသဖြင့် မိမိကိုယ်မိမိ မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် မေ့လျော့နေပုံရသည်။ ဒုတိယမင်းသမီးနေရာမှ သရုပ်ဆောင်သည့် လီလီနာမှာ ထိုလမ်းအတိုင်း အမှတ်မထင်ဖြတ်လာရာမှ သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ CEO အခန်းရှေ့တွင် ဆဲရေး တိုင်းထွာနေသည်ကို မြင်လိုက်ရသည်။ ထိုမိန်းကလေး ဝတ်ထားသည့် ပုံစံကို ကြည့်ရုံဖြင့် ဘာလုပ်ရန် ကြံစည်နေသည်မှာ အထင်းသားပင်။

သူမ ငြင်းပယ်ခံရပြီး အခန်းထဲမှအကန်ထုတ်ခံလိုက်ရသဖြင့် ဤသို့ သောင်းကျန်းနေခြင်း ဖြစ်မည်ဟု လီလီနာ ခန့်မှန်းလိုက်သည်။

လီလီနာ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ် အယောင်များ ဖြတ်ပြေးသွားသည်။ သူမ အရှုပ်အထွေးထဲ မပါဝင်ချင်သဖြင့် ရှောင်ထွက်သွားရန် ကြံရွယ်လိုက်သော် လည်း ရုတ်တရက် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်ကို တွေ့လိုက်ရသည်။ ပါပါရာဇီသတင်းထောက်များ ခိုးရိုက်နေကြပြီဆိုသည်ကို သူမ ချက်ချင်းရိပ်မိလိုက်သည်။

All Chapters